မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“နည်းနည်း နာလိမ့်မယ်”

“နည်းနည်း နာလိမ့်မယ်”

“နည်းနည်း နာ​လိမ့်မယ်”

ထိုစကား​များ​ကို သင်ကြား​ဖူး​ပါသလော။ ကုသ​နည်း​တစ်ခု​ကို မ​ဆောင်ရွက်​မီ ဆရာဝန် သို့​မဟုတ် သူနာပြု​တစ်ဦးဦး​က ထိုသို့​ပြောဆို​ပေမည်။

နာကျင်​မည်​ကို ကြိုတင်​သိ​သည့်​အတွက် ကုသ​မခံ​ဘဲ​မနေ​ခဲ့​ပေ။ ယင်းအစား ကျန်းမာ​လာဖို့​အတွက် နာကျင်မှု​ဒဏ်​ကို သင်​ခံရပ်​ခဲ့​သည်။ ရောဂါ​ပြင်းထန်သော​အခါ​များ​တွင် နာကျင်​မည့် ရောဂါ​ကုသ​နည်းကို​လက်ခံခြင်း၊ သို့​မဟုတ် ငြင်းဆန်​ခြင်း​သည် သေရေးရှင်ရေး​ကိစ္စ​တစ်ရပ်​ပင်​ဖြစ်​နိုင်​သည်။

ကျွန်ုပ်​တို့သည် ဆရာဝန်​တစ်ဦးထံ အမြဲ​သွား​စ​ရာ​လို​မည်​မဟုတ်သော်လည်း မစုံလင်​သော​လူသားများ​အနေ​နှင့် ကျွန်ုပ်​တို့အားလုံး​သည် နာကျင်စေ​မည့် ဆုံးမ​သွန်သင်၊ ပဲ့ပြင်​မှု​ကို ရံဖန်ရံခါ​ခံရ​ဖို့​လို​ပေမည်။ (ယေရမိ ၁၀:၂၃) ကလေးငယ်​များ​အနေ​နှင့် ၎င်းကို​လိုအပ်ကြောင်း သမ္မာကျမ်းစာ​က ဤသို့​အလေးပေး​ဖော်ပြ​ထား​သည်– “မိုက်​သော​သဘော​သည် သူငယ်​၏​စိတ်နှလုံး​ထဲမှာ ထုပ်​ထား​လျက်​ရှိ၏။ သို့သော်လည်း ဆုံးမ​သော​ကြိမ်လုံး​သည် ထို​သဘောကို​ဝေး​စွာ​နှင်​တတ်၏။”—သု. ၂၂:၁၅

ဤ​ကျမ်းချက်​တွင်​ဖော်ပြ​သော​ကြိမ်လုံး​သည် မိဘ​အခွင့်အာဏာကို​တင်စား​သည်။ ဆုံးမခြင်း​ကို​နှစ်သက်​သည့်​ကလေး မရှိသလောက်​ပင်​ဖြစ်သည်​မှာ​မှန်​၏။ အပြစ်ပေး​ခံရ​လျှင် သူတို့​သာ၍​စိတ်နာ​ကြ​ပေမည်။ သို့ရာတွင် မေတ္တာ​ရှိသော အမြော်အမြင်​ရှိ​မိဘများသည် ကလေး​၏ နာကြည်းမှု​များ​ထက် နောက်ပိုင်း​တွင် သူတို့​ရရှိ​မည့်​ကောင်းကျိုး​များ​ကို ကြိုမြင်​ကြ​၏။ ခရစ်ယာန်​မိဘများသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ပါ ဤ​စကား​များ​မှန်ကန်ကြောင်း​သိ​ကြ​၏– “ဆုံးမခြင်း​မည်​သည်​ကား၊ ခံရ​စဉ်​အခါ ဝမ်းမြောက်စရာ​မထင်၊ ဝမ်းနည်းစရာ​ထင်​တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်း​ကို​ခံရ​သော​သူတို့သည်၊ နောက်​မှ ငြိမ်သက်ခြင်း​နှင့်​စပ်ဆိုင်​သော ဖြောင့်မတ်ခြင်း​အကျိုးကို ခံရ​ကြ​၏။”—ဟေဗြဲ ၁၂:၁၁; သု. ၁၃:၂၄

ကလေး​များ​သာ ဆုံးမ​သွန်သင်မှု​လိုအပ်​သည် မဟုတ်ပါ။ လူကြီး​များလည်း ဆုံးမ​ခံရ​ဖို့​လို​၏။ သမ္မာကျမ်းစာ​က လူကြီး​များ​ကို ဤသို့​ဆို​သည်– “ဆုံးမ​သွန်သင်ခြင်း​ကို ကိုင်ဆွဲ​လော့။ မလွှတ်​နှင့်။ စောင့်ထိန်း​လော့။ သင့်​အသက်ရှင်ခြင်း​အကြောင်း​ဖြစ်၏။” (သု. ၄:၁၃သမ္မာ) မှန်ပါသည်၊ ပညာရှိ​သော​သူ—ပျို​ပျို​အို​အို—တို့သည် သမ္မာကျမ်းစာ​အခြေပြု ဆုံးမ​သွန်သင်မှု​ကို လက်ခံ​ကြ​မည်​ဖြစ်သည်၊ အကြောင်း​မှာ ယင်း​သို့ ပြုခြင်း​သည် အဆုံး​၌ အသက်ကို​ကာကွယ်​ပေး​လိမ့်​မည်​ဖြစ်သည်။