မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အလင်းတော်က မှောင်မိုက်ကိုပျောက်လွင့်စေ!

ဘုရားသခင့်အလင်းတော်က မှောင်မိုက်ကိုပျောက်လွင့်စေ!

ဘုရားသခင့်​အလင်းတော်​က မှောင်မိုက်​ကို​ပျောက်လွင့်​စေ!

[ယေဟောဝါ] သည် အကျွန်ုပ်၏​မှောင်မိုက်​ကို လင်း​စေတော်မူ​၏။”—၂ ဓမ္မ​ရာဇဝင် ၂၂:၂၉

၁။ အလင်း​သည် အသက်​နှင့်​မည်သို့ ဆက်စပ်​သနည်း။

“ဘုရားသခင်​က​လည်း ‘အလင်း​ဖြစ်စေ’ ဟု​အမိန့်တော်​ရှိ၍ အလင်း​ဖြစ်​လေ​၏။” (ကမ္ဘာဦး ၁:၃) ထို​အရေးပါသော​စကား​များ​ဖြင့် ကမ္ဘာဦးကျမ်း​ဖန်ဆင်း​ခြင်း​မှတ်တမ်းက ယေဟောဝါ​ကို အလင်း​၏​ရင်းမြစ်​အဖြစ်​ဖော်ပြ​သည်၊ အလင်း​မ​ရှိလျှင် မြေကြီးပေါ်​အသက်​ဟူသည် မရှိ​နိုင်​ပေ။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဘဝ​လမ်းညွှန်​အတွက် အရေးပါသော ဝိညာဉ်​ရေး​အလင်း​၏​ရင်းမြစ်​လည်း​ဖြစ်​တော်​မူ​၏။ (ဆာလံ ၄၃:၃) “ကိုယ်တော်​ထံ​မှာ အသက်​စမ်းရေ​တွင်း​ရှိပါ၏။ အလင်းတော်​ထဲမှာ အကျွန်ုပ်​တို့သည် အလင်း​ကို​ရ​ကြ​ပါ​၏” ဟု​ရေးသားသော​အခါ ဝိညာဉ်​ရေး​အလင်း​နှင့် အသက်​တို့​အကြား​ရှိ အနီးကပ်​ဆက်စပ်မှု​ကို ဘုရင်​ဒါဝိဒ်​တင်ပြ​ခဲ့​သည်။—ဆာလံ ၃၆:၉

၂။ ပေါလု​တင်ပြ​ခဲ့​သကဲ့သို့ အလင်း​သည် အဘယ်အရာ​နှင့် အနီးကပ်​ဆက်စပ်​နေသနည်း။

ဒါဝိဒ်​လက်ထက်​မှ အနှစ် ၁,၀၀၀ ခန့်အကြာ​တွင် တမန်​တော်​ပေါလု​သည် ဖန်ဆင်း​ခြင်း​မှတ်တမ်း​ကို ရည်ညွှန်းခဲ့​သည်။ ကောရိန္သု​မြို့ရှိ ခရစ်ယာန်​အသင်းတော်​ထံ​ရေးသား​ရာ​၌ “‘မှောင်မိုက်​ထဲ​က အလင်းထွန်းလင်း​ရမည်’ ဟု မိန့်တော်မူသော​ဘုရားသခင်” ဟု​သူ​ဆို​ခဲ့​သည်။ ထို့နောက် ဝိညာဉ်​ရေး​အလင်း​သည် ယေဟောဝါ​ထံ​မှ​အသိပညာနှင့် အနီးကပ်​ဆက်စပ်​နေကြောင်း ဤသို့​ထပ်ဆင့်​တင်ပြ​ခဲ့​သည်– “ယေရှု​ခရစ်​၏​မျက်နှာတော်​၌​ထွန်းလင်း​သော ဘုရားသခင်​၏​ဘုန်းတော်​ကို​သိ​သော ဉာဏ်​၏​အလင်း​ကို​ပေး​လို​သော​ငှာ ငါ​တို့​စိတ်နှလုံး​ထဲ​၌ ထွန်းလင်း​စေတော်မူ​၏။” (၂ ကောရိန္သု ၄:၆သမ္မာ) ကျွန်ုပ်​တို့​အပေါ်​သို့ ဤ​အလင်း မည်သို့​သက်ရောက်​သနည်း။

သမ္မာကျမ်းစာ—အလင်း​ထုတ်​ကိရိယာ

၃။ ယေဟောဝါ​သည် သမ္မာကျမ်းစာ​မှ​တစ်ဆင့် အဘယ်​အလင်း​ကို ပေးသနား​တော်​မူ​သနည်း။

ယေဟောဝါ​သည် ဝိညာဉ်​ရေး​အလင်း​ကို အဓိက​အားဖြင့် မိမိ၏​မှုတ်သွင်းခံ​သမ္မာကျမ်းစာ​မှ​တစ်ဆင့် သက်ရောက်​စေတော်မူ​၏။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို​လေ့လာ​ပြီး ဘုရားသခင့်​ထံ​တော်​မှ​အသိပညာကို နှလုံး​သွင်း​ကြသောအခါ မိမိတို့​အပေါ် အလင်းထွန်းလင်း​နေ​စေ​ရာ​ရောက်​သည်။ သမ္မာကျမ်းစာ​မှ​တစ်ဆင့် မိမိ၏​ရည်ရွယ်တော်မူချက်​များ​အပေါ် ယေဟောဝါ​အလင်းထွန်းလင်း​တော်​မူ​ပြီး ကိုယ်တော်​၏​အလိုတော်ကို ကျွန်ုပ်​တို့​မည်သို့​ထမ်းဆောင်​နိုင်​ကြောင်း ဖော်ပြ​တော်​မူ​၏။ ယင်းက ကျွန်ုပ်​တို့၏​ဘဝကို​ရည်ရွယ်ချက်​ရှိစေပြီး ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို ဖြည့်ဆည်း​ပေး​ရန် ထောက်ကူ​သည်။ (ဒေ. ၁၂:၁; မဿဲ ၅:၃) ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​အား ဂရုစိုက်​ရမည်​ဖြစ်​ကြောင်း မောရှေ​ပညတ်​ကိုကိုး​ကား​၍ ဤသို့​အလေးပေး​ဖော်ပြ​ခဲ့​သည်– “‘လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်’ ကျမ်းစာ​လာ​သည်။”—မဿဲ ၄:၄; တရားဟောရာ ၈:၃

၄။ ယေရှုသည် အဘယ်​နည်းဖြင့် “ဤ​လောက​၏​အလင်း” ဖြစ်​တော်​မူ​သနည်း။

ယေရှုသည် ဝိညာဉ်​ရေး​အလင်း​နှင့် အနီးကပ်​ဆက်စပ်​နေသည်။ အမှန်​မှာ၊ မိမိ​ကိုယ်တိုင်​ကို “ဤ​လောက​၏​အလင်း” အဖြစ်​ဖော်ပြ​ပြီး “ငါ့​နောက်သို့​လိုက်​သော​သူသည် မှောင်မိုက်​၌​မသွား​မလာ၊ အသက်​၏​အလင်း​ကို​ရလိမ့်​မည်” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၁၂) ဤ​အသုံးအနှုန်း​က ယေဟောဝါ​၏​အမှန်တရားကို လူ​တို့အား​သိစေ​ရေး​တွင် ယေရှုသည် အဓိက​အခန်းကဏ္ဍ​မှ​ပါဝင်​သည်ကို ကျွန်ုပ်​တို့အား​နားလည်စေ​သည်။ မှောင်မိုက်​ကို​ရှောင်​၍ ဘုရားသခင့်​အလင်းတော်​၌ ကျွန်ုပ်​တို့​လျှောက်လှမ်းဖို့​ဆိုလျှင် ယေရှု​မိန့်တော်မူ​သမျှ​ကို​နားထောင်​၍ သမ္မာ​ကျမ်းစာ​ပါ ကိုယ်တော်​၏​ပုံသက်သေ​နှင့် သွန်သင်ချက်​များ​ကို အနီးကပ်​လိုက်လျှောက်​ကြ​ရမည်။

၅။ ယေရှု​သေဆုံး​ပြီး​နောက် ကိုယ်တော့်​နောက်လိုက်​များသည် အဘယ်​တာဝန်​ရှိခဲ့​ကြ​သနည်း။

ယေရှု​မသေဆုံးမီ ရက်​အနည်းငယ်​အလို​တွင် မိမိကိုယ်ကို အလင်း​အဖြစ် ထပ်မံ​ရည်ညွှန်း​ပြီး တပည့်တော်​များ​ကို ဤသို့​မိန့်ဆိုခဲ့သည်– “အလင်း​သည် သင်တို့တွင်​ခဏ​သာ​ရှိ၏။ အလင်း​ရှိ​စဉ်​အခါ သွားလာ​ကြလော့။ သို့​မဟုတ်လျှင် မှောင်မိုက်​သည် သင်တို့ကို​မီ​လိမ့်​မည်။ မှောင်မိုက်​၌​သွားသော​သူသည် အဘယ်​ဆီ​သို့​မိမိ​သွား​သည်ကို မိမိ​မသိ။ အလင်း​ရှိ​စဉ်​အခါ အလင်း​၏​သား​ဖြစ်​အံ့​သော​ငှာ အလင်း​ကို​ယုံကြည်​ကြလော့။” (ယောဟန် ၁၂:၃၅၊ ၃၆) အလင်း​၏​သားများ​ဖြစ်လာ​သူတို့သည် သမ္မာကျမ်းစာ​၏ “ကျန်း​ခံ့​ရေး​တရား​ပုံစံ​ကို” သင်ယူ​ခဲ့​ကြသည်။ (၂ တိမောသေ ၁:၁၃၊ ၁၄သ​မ) ထို့နောက် သူတို့သည် ဤ​ကျန်း​ခံ့​ရေး​တရား​စကား​ကို အသုံးပြုလျက် အခြား​စိတ်နှလုံး​ရိုး​ဖြောင့်​သူများကို မှောင်မိုက်​မှ ဘုရားသခင့်​အလင်းတော်​ထဲ​သို့ ခေါ်ဆောင်​လာ​ကြသည်။

၆။ ၁ ယောဟန် ၁:၅ တွင် အလင်း​နှင့် မှောင်မိုက်​ဆိုင်ရာ အဘယ်​အခြေခံ​အမှန်တရားကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသနည်း။

တမန်​တော်​ယောဟန်​က “ဘုရားသခင်​သည် အလင်း​ဖြစ်​တော်​မူ​၏။ ဘုရားသခင်​၌ မှောင်မိုက်​အလျှင်း​မရှိ” ဟု​ရေးသားခဲ့​သည်။ (၁ ယောဟန် ၁:၅) ဤ​တွင် အလင်း​နှင့် မှောင်မိုက်​၏​ကွဲပြား​ခြားနား​မှု​ကို သတိပြုပါ။ ဝိညာဉ်​ရေး​အလင်း​သည် ယေဟောဝါ​ထံ​မှ စတင်​ပေါ်ပေါက်​လာပြီး ကိုယ်တော်​နှင့် ဝိညာဉ်​ရေး​မှောင်မိုက် မပူးပေါင်း​နိုင်​ချေ။ သို့​ဖြစ်၍ မှောင်မိုက်​၏​ရင်းမြစ်​မှာ အဘယ်သူ​နည်း။

ဝိညာဉ်​ရေး​မှောင်မိုက်—ရင်းမြစ်

၇။ လောက​၏​ဝိညာဉ်​ရေး​မှောင်မိုက်​နောက်​တွင် အဘယ်သူ​ရှိ​သနည်း၊ သူ၌ အဘယ်​သြဇာ​အာဏာ​ရှိ​သနည်း။

တမန်​တော်​ပေါလု​သည် “ဤ​လောကကို​အစိုးရ​သော​ဘုရား[သခင်]” အကြောင်း​ပြော​ခဲ့​သည်။ စာတန်​ကို ထို​အသုံးအနှုန်း​ဖြင့် သူ​ရည်ညွှန်းခဲ့​သည်။ ထို​ပုဂ္ဂိုလ်​နှင့်​ပတ်သက်​၍ ဤသို့​လည်း​သူ​ဆို​ခဲ့​သည်– “ထိုသို့​မယုံကြည်​သော​သူတို့​ကား၊ ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​တည်း​ဟူသော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံသော ဧဝံဂေလိတရား​၏​အရောင်​သည် အလင်း​ကို​မပေး​စေခြင်း​ငှာ . . . သူတို့၏​ဉာဏ်​မျက်စိ​ကို​ကွယ်​စေ​၏။” (၂ ကောရိန္သု ၄:၄) ဘုရားသခင်​ကို​ယုံကြည်​သည်​ဟု​ဆို​သူများစွာ​ရှိ၏; သို့​တိုင် ထို​သူတို့​အနက် စာတန်​ကို​မယုံကြည်​သူ တိုးများ​လာ​သည်။ အဘယ်ကြောင့်​နည်း။ အချို့​သောမ​ကောင်း​ဆိုးဝါး၊ လူ​ထက်​တန်ခိုး​ကြီးမားသူ​များ​ရှိ​နေနိုင်​ပြီး မိမိတို့၏​တွေးခေါ်ပုံ​ကို ဩဇာ​လွှမ်း​နိုင်​ကြောင်း သူတို့​လက်မခံ​လို​ကြ​ချေ။ သို့သော် ပေါလု​တင်ပြ​သကဲ့သို့ စာတန်​အမှန်​တည်ရှိ​ပြီး အမှန်တရား​၏​အလင်း​ကို​မမြင်နိုင်​စေဖို့ လူ​တို့ကို​တကယ်​ပင် ဩဇာ​လွှမ်းမိုး​ထား​သည်။ “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား . . . သူ” အဖြစ် သူ့​အကြောင်း​ပရောဖက်ပြု​ဖော်ပြ​ရာ​၌ လူ့​အတွေးအခေါ်ကို​လွှမ်းမိုး​လို​သော စာတန်​၏​တန်ခိုး​ကို တွေ့မြင်​ရသည်။ (ဗျာဒိတ် ၁၂:၉) စာတန်​၏​လုပ်ဆောင်မှုများ​ကြောင့် “ကြည့်ရှု​လော့။ မှောင်မိုက်​သည် မြေကြီးကို​ဖုံးလွှမ်း​လိမ့်​မည်။ ထူထပ်​သော​မှောင်မိုက်​သည် လူများ​ကို​ဖုံးလွှမ်း​လိမ့်​မည်” ဟူသော ပရောဖက်​ဟေရှာယ​ကြို​ဟောခဲ့​သည့်​အခြေအနေ​သည် ယေဟောဝါ​အား​ဝတ်ပြုသူ​တို့​မှ​လွဲ​၍ လူသား​အားလုံး​နှင့် ယခု​သက်ဆိုင်​လျက်​ရှိသည်။—ဟေရှာယ ၆၀:၂

၈။ ဝိညာဉ်​ရေး​မှောင်မိုက်​၌​ရှိသူတို့​သည် မိမိတို့​မျက်စိလည်​နေကြောင်း အဘယ်​နည်းများဖြင့် တင်ပြ​ကြ​သနည်း။

ထူထပ်​သော​မှောင်မိုက်​ထဲ​တွင် အဘယ်အရာကို​မျှ​မတွေ့မြင်​နိုင်​ချေ။ မျက်စိလည်​လမ်းပျောက်​သွားဖို့​လွယ်​သည်။ အလားတူ ဝိညာဉ်​ရေး​မှောင်မိုက်​၌​ရှိသူတို့​သည် အမြော်အမြင်​မရှိဘဲ မကြာမီ ဝိညာဉ်​ရေး​သဘော​အရ မျက်စိလည်​လာ​ကြသည်။ အမှန်​နှင့်​အမှား၊ အကောင်း​နှင့်​အဆိုးကို ခွဲခြား​နိုင်စွမ်း ပျောက်​သွား​နိုင်​သည်။ အဆိုပါ​မှောင်မိုက်​ထဲ​ရှိသူတို့​နှင့်​စပ်လျဉ်း၍ ပရောဖက်​ဟေရှာယ​ဤသို့​ရေးသားခဲ့​သည်– “မကောင်း​ကို​အကောင်း၊ အကောင်း​ကို​မကောင်း​ဟု​ခေါ်​တတ်သော​သူ၊ အလင်း​အရာ​၌​အ​မိုက်၊ အ​မိုက်​အရာ​၌​အလင်း​ကိုလည်း​ကောင်း၊ အချို​အရာ​၌​အ​ခါး၊ အ​ခါး​အရာ​၌​အချို​ကိုလည်း​ကောင်း အ​လွဲ​ယူ​တတ်သော​သူတို့သည် အမင်္ဂလာ​ရှိကြ​၏။” (ဟေရှာယ ၅:၂၀) ဝိညာဉ်​ရေး​မှောင်မိုက်​၌​ရှိသူတို့​သည် မှောင်မိုက်​၏​ဘုရားသခင်​စာတန်​၏ ဩဇာ​လွှမ်း​မှု​ကို​ခံရ​ကြသည်​ဖြစ်၍ အလင်း​နှင့်​အသက်​၏​ရင်းမြစ်​မှ ကင်းကွာ​နေကြ​သည်။—ဧဖက် ၄:၁၇-၁၉

အမှောင်ထု​မှ အလင်း​သို့—အခက်အခဲ​များ

၉။ အမှား​ပြုသူ​တို့သည် ပကတိ​အရ​ရော ဝိညာဉ်​သဘော​အရ​ပါ မှောင်မိုက်​ကို မည်သို့​စွဲလမ်း​နှစ်သက်​ကြောင်း ရှင်းပြပါ။

တည်ကြည်သူ​ယောဘ​က အမှား​ပြုသူ​များသည် ပကတိ​အမှောင်ထု​ကို​စွဲလမ်း​နှစ်သက်​ကြောင်း ဤသို့​ရေးသား​ထောက်ပြ​ခဲ့​သည်– “သူ့​မယား​ကို​ခိုး​သော​သူသည် ညဦးယံ​အချိန်ကို​မျှော်လင့်​၍ မိမိ​မျက်နှာကို​ဖုံး​လျက် အဘယ်သူမျှ​မမြင်​ရ​ဟု ဆို​တတ်၏။” (ယောဘ ၂၄:၁၅) ထို့​ပြင် အမှား​ပြုသူ​တို့သည် ဝိညာဉ်​ရေး​အမှောင်ထု​၌​ရှိကြ​ပြီး ၎င်း​မှောင်မိုက်​သည် ကိုယ့်​ကိုယ်ကို​အစိုးမရ​အောင် ပြုလုပ်​နိုင်​သည်။ တမန်​တော်​ပေါလု​က ထို​အမှောင်ထု​အောက် ရောက်နေ​သူတို့၌ လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းခြင်း၊ ခိုးခြင်း၊ လောဘ​လွန်ကျူးခြင်း၊ သောက်ကြူး​ခြင်း၊ ဆဲရေး​ကဲ့ရဲ့​ခြင်းနှင့် အနိုင်အထက်​လုယူခြင်း​တို့​မှာ ဖြစ်နေ​ကျ​အရာများ​ဖြစ်သည်ဟု​ဆို​၏။ သို့သော် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏​အလင်း​သို့ ရောက်လာ​သူ​မည်သူ​မဆို ပြောင်းလဲ​နိုင်​ပါ​သည်။ ထိုသို့​ပြောင်းလဲ​နိုင်​ကြောင်းကို ကောရိန္သု​မြို့သား​များ​ထံ​ရေး​သော​စာ​၌ ပေါလု​ရှင်းလင်း​ဖော်ပြ​သည်။ ကောရိန္သု​မြို့သား​ခရစ်ယာန်​များစွာ​သည် မှောင်မိုက်​အကျင့်​များ​ကို ပြုကျင့်​ခဲ့​ကြသော်လည်း သူတို့ကို​ပေါလု​ဤသို့​ပြော​ခဲ့​သည်– “အထက်​က​သင်တို့တွင် အချို့​သော​သူတို့သည် ထိုသို့​သော​သူ​ဖြစ်​ကြသော်လည်း၊ ယခု​တွင် သခင်​ယေရှု၏​နာမတော်​အားဖြင့်လည်း​ကောင်း၊ ငါ​တို့​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်လည်း​ကောင်း ဆေးကြော​သန့်ရှင်း၍ ဖြောင့်မတ်​ရာ​သို့​ရောက်​ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁

၁၀၊ ၁၁။ (က) ယေရှုသည် လူတစ်ဦးကို မျက်စိ​အလင်းပြန်​ရစေ​ရာ​တွင် မည်သို့​ထောက်ထား​စာနာမှု​ပြ​ခဲ့​သနည်း။ (ခ) များစွာသော​သူတို့သည် အဘယ်ကြောင့် အလင်း​ကို မရွေးချယ်​ကြ​သနည်း။

၁၀ အမှောင်ထု​ထဲ​မှ လူတစ်ဦး အလင်း​သို့​ရောက်လာသော​အခါ မျက်စိ​ကျင့်​သား​ရဖို့ အချိန်​အနည်းငယ်​လို​ကောင်း​လို​ပေမည်။ ဗက်ဇဲဒ​မြို့တွင် ယေရှုသည် မျက်မမြင်​တစ်ဦး​ကို ကုသ​ပေး​ခဲ့​သည်၊ သို့သော် ယင်းကို ကြင်နာ​စွာ​ဖြင့် တစ်ဆင့်​ပြီး တစ်ဆင့်​ကုသ​ပေး​ခဲ့​သည်။ “ကိုယ်တော်​သည် လူ​ကန်း​ကို​လက်ဆွဲ​၍ မြို့ပြင်​သို့​ထွက်​ပြီး​မှ၊ သူ၏​မျက်စိ​ကို​တံတွေး​နှင့်​ထွေး​၍ သူ့​အပေါ်မှာ​လက်တော်ကို​တင်​လျက်၊ ‘သင်သည်​တစ်စုံတစ်ခု​ကို​မြင်​သလော’ ဟု မေး​တော်​မူ​၏။ ထို​သူသည်​ကြည့်မျှော်​လျှင်၊ ‘လူတို့သည် သစ်ပင်​ကဲ့သို့​ဖြစ်၍ လှမ်း​သွား​သည်ကို အကျွန်ုပ်​မြင်​ပါ​သည်’ ဟု​လျှောက်​၏။ နောက်​တစ်ဖန် သူ၏​မျက်စိ​ပေါ်မှာ​လက်တော်ကို​တင်၍ ကြည့်မျှော်​စေတော်မူ​လျှင်၊ သူသည်​ပကတိ​အဖြစ်သို့​ရောက်​၍ အလုံးစုံ​တို့ကို​ရှင်းလင်းစွာ​မြင်​လေ​၏။” (မာကု ၈:၂၃-၂၅) ယေရှုသည် တောက်ပ​သော​နေရောင်​ကို ထို​သူ ကျင့်​သား​ရနိုင်ဖို့ တဖြည်းဖြည်း​အလင်းပြန်​ရအောင် ပြုလုပ်​ပေး​ခဲ့​ခြင်း​ဖြစ်​ဟန်​တူ​သည်။ မျက်စိ​မြင်နိုင်​သောအခါ ထို​သူ​ဝမ်းမြောက်​ဝမ်းသာ​ဖြစ်နေ​ပုံ​ကို ကျွန်ုပ်​တို့​မြင်ယောင်​ကြည့်​နိုင်​သည်။

၁၁ သို့ရာတွင် ဝိညာဉ်​ရေး​အမှောင်ထု​မှ အမှန်တရား​အလင်း​သို့ တစ်ဆင့်​ပြီး​တစ်ဆင့် ထွက်​လာစေဖို့ ကူညီ​ခံ​ခဲ့​ရသူ​တို့၏ ရွှင်လန်းမှု​သည် ထို​သူ၏​ရွှင်လန်းမှု​ထက် သာလွန်​သည်။ သူတို့၏​ပျော်ရွှင်မှု​ကို ကျွန်ုပ်​တို့​တွေ့မြင်​ရသောအခါ အခြားသူများ​မူ အဘယ်ကြောင့် အလင်း​သို့​ဆွဲဆောင်​မခံရ​သနည်း​ဟု စဉ်းစားမိ​ပေမည်။ အကြောင်းရင်းကို ယေရှု​ဤသို့​ဖော်ပြ​သည်– “အပြစ်စီရင်​ခြင်း​ကို​ခံရ​ကြောင်း​ကား၊ အလင်း​သည်​ဤ​လောက​သို့​ဝင်၍၊ လူတို့သည် မကောင်းသော​အကျင့်ကို​ကျင့်​သောကြောင့်၊ အလင်း​ထက် မှောင်မိုက်​ကို​သာ၍​နှစ်သက်​ကြ​၏။ ဆိုးယုတ်​သော​အကျင့်ကို​ကျင့်​သော​သူအပေါင်း​တို့သည် အလင်း​ကို​မြင်​ပြင်း​၍ မိမိတို့​အကျင့်​၌​အပြစ်​ပါ​သည်ကို မထင်ရှား​စေခြင်း​ငှာ အလင်း​သို့​မ​ချဉ်းကပ်​ကြ။” (ယောဟန် ၃:၁၉၊ ၂၀) မှန်​ပါ​၏၊ “ဆိုးယုတ်​သော​အကျင့်” များ—အကျင့်​ယိုယွင်းခြင်း၊ နိုင်ထက်စီးနင်း​ပြုမူခြင်း၊ လိမ်လည်​ခြင်း၊ ဖြတ်စားလျှပ်စား​လုပ်ခြင်း​နှင့် ခိုးခြင်း​စ​သည်​တို့—ကို ပြုကျင့်​လို​ကြ​သူများစွာ​ရှိပြီး စာတန်​၏​ဝိညာဉ်​ရေး​အမှောင်ထု​က သူတို့​အလို​ရှိသည်​အတိုင်း​ပြု​နိုင်​ဖို့ အလွန်​ကောင်းသော​ဝန်းကျင်​တစ်ခု​ဖြစ်သည်။

အလင်း​၌​တိုးတက်​နေ​စေခြင်း

၁၂။ အလင်း​သို့​ရောက်ရှိ​လာ​ခြင်း​ကြောင့် ကျွန်ုပ်​တို့​အဘယ်​နည်းများဖြင့် အကျိုး​ရရှိခဲ့​ပြီ​နည်း။

၁၂ အလင်း​နှင့်​ဆိုင်သော​အသိပညာကို ကျွန်ုပ်​တို့​သိထားကြ​ရာ ကျွန်ုပ်​တို့​ကိုယ်နှိုက်​တွင် အဘယ်​ပြောင်းလဲမှု​များ​ပြု​လိုက်​သည်ကို တွေ့ရ​သနည်း။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့​ပြုလုပ်​ခဲ့​သော ဝိညာဉ်​ရေး​တိုးတက်မှု​ကို ပြန်ပြောင်း​စဉ်းစား​သုံးသပ်ကြည့်​သင့်​သည်။ အဘယ်​အကျင့်ဆိုး​များ​ကို ကျွန်ုပ်​တို့​စွန့်ပယ်​လိုက်ပြီ​နည်း။ အဘယ်​ဘဝ​ပြဿနာ​များ​ကို ကျွန်ုပ်​တို့​ပြုပြင်​တည့်မတ်​နိုင်​ခဲ့ပြီ​နည်း။ အနာဂတ်​အတွက် ကျွန်ုပ်​တို့၏​စီမံကိန်း​များ မည်သို့​ပြောင်းလဲ​သွားပြီ​နည်း။ ယေဟောဝါ​၏​ခွန်အား​နှင့် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​ဖြင့် ကျွန်ုပ်​တို့သည် အလင်း​ကို​တုံ့ပြန်​နေကြောင်း​တင်ပြ​မည့် ဥပဓိရုပ်​နှင့် စဉ်းစား​တွေးခေါ်ပုံ​တို့ကို ဆက်၍​ပြောင်းလဲ​နိုင်​ကြသည်။ (ဧဖက် ၄:၂၃၊ ၂၄) ယင်းကို​ပေါလု​ဤသို့​ဆို​၏– “အထက်​ကာလ​၌ သင်တို့သည် မှောင်မိုက်​အတိ​ဖြစ်​ကြ​၏။ ယခု​မူ​ကား သခင်​ဘုရား​၌​အလင်း​ဖြစ်​ကြ​၏။ သို့​ဖြစ်၍ အလင်း​၏​သား​ကဲ့သို့​ကျင့်​နေကြ​လော့။ အလင်းတော်​၏​အကျိုး​မူ​ကား၊ အလုံးစုံသော​ကောင်းမွန်​ခြင်း၊ ဖြောင့်မတ်ခြင်း၊ [တည်ကြည်] ခြင်း​ဖြစ်​သတည်း။” (ဧဖက် ၅:၈၊ ၉) ကျွန်ုပ်​တို့​ကိုယ်ကို ယေဟောဝါ​၏​အလင်းတော် လမ်းညွှန်​ရန် ခွင့်​ပေးခြင်း​က မျှော်လင့်ချက်​နှင့် ရည်ရွယ်ချက်​ရှိစေသည်​သာမက ကျွန်ုပ်တို့​ဝန်းကျင်ရှိ​သူတို့၏​အသက်တာ​များ​ကိုလည်း တိုးတက်စေ​သည်။ ဤသို့​သော​ပြောင်းလဲမှု​များ​ပြုခြင်း​က ယေဟောဝါ​၏​နှလုံးတော်​ကို ရွှင်ပြုံး​စေ​လိုက်​မည်​ဖြစ်​ခြင်း!—သု. ၂၇:၁၁

၁၃။ ယေဟောဝါ​၏​အလင်းတော်​အတွက် ကျေးဇူး​တင်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​တင်ပြ​နိုင်​သနည်း၊ ယင်း​သို့​သော​လမ်းစဉ်​အတွက် အဘယ်အရာ​လို​သနည်း။

၁၃ ယေဟောဝါ​၏​အလင်းတော်​ကို ထင်ရှားစေ​ခြင်း​ဖြင့် ကျွန်ုပ်​တို့​ရရှိ​ထားသော ပို​၍​ပျော်ရွှင်​သည့်​အသက်တာ​အတွက် ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​ကြသည်၊ သမ္မာကျမ်းစာ​မှ ကျွန်ုပ်​တို့​သင်ယူခဲ့ရာ​များ​ကို မိသားစုဝင်​များ၊ မိတ်ဆွေများ​နှင့် အိမ်နီးနားချင်း​များ​ကို​ဝေမျှခြင်း​ဖြင့် ထို​အလင်း​ကို ထင်ရှားစေ​ကြသည်။ (မဿဲ ၅:၁၂-၁၆; ၂၄:၁၄) ကျွန်ုပ်​တို့၏​ဟောပြောခြင်း​နှင့်အတူ စံ​ထား​လောက်​သော ခရစ်ယာန်​ဘဝ​လမ်းစဉ်သည် နားမထောင်​လို​သူတို့​အတွက် ပြစ်တင်​ဆုံးမချက်​ဖြစ်လာ​သည်။ ပေါလု​ဤသို့​ရှင်းပြသည်– “သခင်​ဘုရား​နှစ်သက်​တော်​မူ​သော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​ကြလော့။ အကျိုးမဲ့​သော​မှောင်မိုက်​အမှုတို့​နှင့် မဆက်ဆံ​သည်​သာမက၊ ထို​အမှုတို့​၏​အပြစ်ကို​ပြ​ကြလော့။” (ဧဖက် ၅:၁၀၊ ၁၁) မှောင်မိုက်​ကို​စွန့်​စေ​၍ အလင်း​ကို​ရွေးချယ်​စေဖို့ သူတစ်ပါးကို​ကူညီပေး​ရန် ကျွန်ုပ်​တို့​ဘက်​မှ​သတ္တိ​ရှိဖို့ လိုအပ်​သည်။ ထို့​ထက်​ကား၊ သူတစ်ပါးကို သနား​ကြင်နာ​၍ အရေးထား​ဖို့​နှင့် သူတို့၏​ထာဝရ​အကျိုးအတွက် အမှန်တရား​အလင်း​ကို တလိုတလား​ဝေမျှပေး​လို​စိတ်​ရှိဖို့လို​သည်။—မဿဲ ၂၈:၁၉၊ ၂၀

ထောင်ချောက်​အလင်း​များ​ကို သတိထား!

၁၄။ အလင်း​နှင့်​ပတ်သက်​၍ အဘယ်​သတိပေး​ချက်​ကို ကျွန်ုပ်​တို့​လိုက်နာသင့်​သနည်း။

၁၄ မှောင်​မည်း​နေချိန်​တွင် ပင်လယ်​ထဲ​ရှိနေ​သူတို့​အတွက် မည်သည့်​အလင်းရောင်​မဆို​သည် အားရ​ဝမ်းသာ​လက်ခံ​စ​ရာ​ဖြစ်သည်။ ရှေး​အခါ​က မုန်တိုင်း​ခို​သည့်​နေရာ​တွေ့​နိုင်​ဖို့ အင်္ဂလန်​နိုင်ငံ​ရှိ​ကျောက်ဆောင်​များ​ထက်​၌ မီးထွန်း​ထား​ကြသည်။ ဤ​အလင်းရောင်​များ​က ဘေးကင်း​လုံခြုံ​သော​ဆိပ်ကမ်း​များ​သို့ လမ်းညွှန်​ပေး​သည့်​အတွက် သင်္ဘောသား​များ​ကျေးဇူး​တင်​ခဲ့​ကြသည်။ သို့သော် အချို့​မီးရောင်​များ​မှာ ထောင်ချောက်​မီး​များ​ဖြစ်​ကြသည်။ ဆိပ်ကမ်း​တစ်ခု​တွေ့​မည့်​အစား ရေ​ယာဉ်များ​စွာ​မှာ လမ်းလွဲ​ခဲ့​ကြ​ပြီး ကျောက်ဆောင်​ကမ်းပါး​များနှင့်​တိုက်မိ​ကာ သင်္ဘော​ပျက်​၍ သူတို့၏​ကုန်စည်​များ အခိုးခံ​ရ​ကြသည်။ ဤ​လှည့်စား​တတ်သော​လောကကြီး​တွင် ဝိညာဉ်​ရေး​သင်္ဘော​ပျက်​စေရန် ကျွန်ုပ်​တို့အား သွေးဆောင်​ဖြားယောင်း​နိုင်​သည့် ထောင်ချောက်​အလင်း​များ​ကို သတိပြု​ရ​ကြ​မည်။ “စာတန်​ပင်​လျှင် လင်း​သော​ကောင်းကင်တမန်​ဖြစ်ယောင်ဆောင်​တတ်၏” ဟု​ကျွန်ုပ်​တို့အား မိန့်မှာ​ထား​၏။ ထို​နည်းတူ အယူဖောက်ပြန်သူ​များ​ပါဝင်သော သူ၏​ကျေးကျွန်​များသည်​လည်း “ဖြောင့်မတ်ခြင်း​တရားကို​ဟော​သော​ဆရာ​ဖြစ်ယောင်ဆောင်” ကြ​သည့် “လှည့်ဖြား​တတ်သော​အမှုစောင့်” များ​ဖြစ်​ကြ​၏။ ထို​သူတို့၏​မှားယွင်းသော ဆင်ခြင်မှု​များ​ကို ကျွန်ုပ်​တို့​လက်ခံ​သုံးသပ်​မည်​ဆိုလျှင် ယေဟောဝါ​၏​နှုတ်မြွက်တော်​အမှန်တရား​ဖြစ်သော သမ္မာကျမ်းစာ​ကို​ယုံကြည်​စိတ်ချမှု အားပျော့​သွားပြီး ယုံကြည်ခြင်း​ပျောက်ဆုံး​သွား​နိုင်​သည်။—၂ ကောရိန္သု ၁၁:၁၃-၁၅; ၁ တိမောသေ ၁:၁၉

၁၅။ အသက်ရှင်ခြင်း​သို့​ရောက်​သော​လမ်းပေါ် ကျွန်ုပ်​တို့​ဆက်လျှောက်​ရန် အဘယ်အရာက​ကူညီပေး​မည်​နည်း။

၁၅ “နှုတ်[မြွက်]တော်​သည် အကျွန်ုပ်​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ အကျွန်ုပ်​လမ်းခရီး​ကို​လင်း​စေပါ​၏” ဟု​ဆာလံဆရာ​ရေးသားခဲ့​သည်။ (ဆာလံ ၁၁၉:၁၀၅) မှန်ပါသည်၊ “လူအပေါင်း​တို့သည် ကယ်တင်ခြင်းသို့​ရောက်​၍ [အမှန်]တရားကို​သိစေ​ခြင်း​ငှာ . . . အလိုတော်​ရှိ” သော ကျွန်ုပ်​တို့၏​မေတ္တာရှင်​ဘုရားသခင်၊ ယေဟောဝါ​သည် ‘အသက်ရှင်ခြင်း​သို့​ရောက်​သော ကျဉ်း​မြောင်း​သည့်​လမ်း’ ကို တောက်ပ​ထွန်းလင်း​စေတော်မူ​ခဲ့ပြီ။ (မဿဲ ၇:၁၄; ၁ တိမောသေ ၂:၄) ကျမ်းစာ​သွန်သင်ချက်​များ​ကို​ကျင့်သုံး​ခြင်း​က ထို​ကျဉ်းမြောင်းသော​လမ်း​မှ​ပြောင်း​၍ အမှောင်​လမ်းများ​သို့ သွေဖည်​ထွက်​မသွား​မိ​စေရန် ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​ပါ​လိမ့်​မည်။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ကျမ်းစာ​ရှိသမျှသည် ဘုရားရှင်​ဝိညာဉ်​တော်​မှုတ်သွင်း​ထား​၍ သင်ကြားခြင်း၊ အပြစ်​ဖော်ပြခြင်း၊ ပဲ့ပြင်​ခြင်း၊ ဖြောင့်မတ်​အောင်​ဆုံးမခြင်း​များ​၌ အကျိုး​ရှိ၏။” (၂ တိမောသေ ၃:၁၆က​ဘ) ဝိညာဉ်​ရေး​၌ တိုးတက်​ကြီးထွား​လာ​ကြ​စဉ် ဘုရားသခင့်​နှုတ်မြွက်တော်​ဖြင့် ကျွန်ုပ်​တို့​သွန်သင်ခံ​ရ​ကြသည်။ ဘုရားသခင့်​နှုတ်မြွက်တော်​အလင်းတွင် မိမိတို့​ကိုယ်ကို အပြစ်​ဖော်ပြ​ဆုံးမ​နိုင်​ကြသည်၊ သို့​မဟုတ် လိုအပ်​မည်​ဆိုလျှင် အသင်းတော်​မှ မေတ္တာ​ရှိ​သိုးထိန်း​များ​အားဖြင့် အပြစ်​ဖော်ပြ​ဆုံးမခံ​ရနိုင်​သည်။ ထို​နည်းတူ ကိစ္စရပ်​များ​ကို​တည့်မတ်​ပြီး အသက်​လမ်းပေါ်​ဆက်လျှောက်​နေနိုင်​ဖို့ ဖြောင့်မတ်ခြင်း​၌ ဆုံးမမှု​ကို နှိမ့်ချစွာ​လက်ခံ​နိုင်​ကြသည်။

ကျေးဇူး​တင်​လေးမြတ်​စွာ​ဖြင့် အလင်း​၌​လျှောက်လှမ်း​လော့

၁၆။ ယေဟောဝါ​၏ ထူးမြတ်​လှ​သော အလင်း​ဆုကျေးဇူး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

၁၆ ယေဟောဝါ​၏ ထူးမြတ်​လှ​သော အလင်း​ဆုကျေးဇူး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။ ယောဟန်​အခန်းကြီး ၉ က မွေးရာပါ​မျက်မမြင်​တစ်ဦး​ကို ယေရှု​ကုသ​ပေး​သောအခါ ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​ရန် ထို​သူ​လှုံ့ဆော်​ခံ​ခဲ့​ရ​ကြောင်း ကျွန်ုပ်​တို့ကို​ဖော်ပြ​သည်။ မည်သို့​အားဖြင့်​နည်း။ ယေရှုကို ဘုရားသခင်​၏​သားတော်​အဖြစ် သူ​ယုံကြည်ခဲ့​ပြီး လူအများရှေ့ ကိုယ်တော်​အား “ပရောဖက်” တစ်ပါး​အဖြစ်​ဖော်ပြ​ခဲ့​သည်။ ထို့​အပြင် ယေရှု၏​အံ့ဖွယ်​အမှုကို ပြစ်တင်​ရှုတ်ချ​ဖို့​ကြိုးပမ်း​သူတို့အား သူသည် ရဲရင့်စွာ​အန်တု​ပြောဆို​ခဲ့​သည်။ (ယောဟန် ၉:၁၇၊ ၃၀-၃၄) တမန်​တော်​ပေတရု​သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အသင်းသားများ​ကို “ပိုင်ဆိုင်​တော်​မူ​သော​လူမျိုး” ဟု​ခေါ်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ မွေးရာပါ​မျက်မမြင်​ဖြစ်​ပြီး ကုသ​ပျောက်ကင်း​ခံ​ခဲ့​ရသူ​ကဲ့သို့ ကျေးဇူး​သိတတ်သော​စိတ် သူတို့၌​ရှိသောကြောင့်​ဖြစ်သည်။ ‘မှောင်မိုက်​ထဲ​မှ အံ့ဖွယ်သော​အလင်းတော်​သို့ ခေါ်သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေးဇူးများ​ကို ဖော်ပြ’ ခြင်း​အားဖြင့် သူတို့၏​ကျေးဇူးရှင် ယေဟောဝါ​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း​ပြ​ကြသည်။ (၁ ပေတရု ၂:၉; ကောလောသဲ ၁:၁၃) မြေကြီး​မျှော်လင့်ချက်​ရှိသူ​များလည်း အလားတူ​ကျေးဇူး​တင်​စိတ်​ရှိပြီး ယေဟောဝါ​၏ “ဂုဏ်​ကျေးဇူးများ” ကို လူသိရှင်ကြား​ကြေညာ​ရာ​၌ သူတို့၏​ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​ကို ထောက်ကူ​ပေး​ကြသည်။ မစုံလင်​သော​လူသားများ​ကို ဘုရားသခင်​ပေးသနား​တော်​မူ​သည့် တန်ဖိုး​ဖြတ်​မရ​သော​အခွင့်ထူး​ပင်​တည်း!

၁၇၊ ၁၈။ (က) ယောက်စီ​ယောက်​တိုင်း​၌ အဘယ်​တာဝန်​ရှိ​သနည်း။ (ခ) တိမောသေ​ကို​တုပ​ရာ​၌ ခရစ်ယာန်​ယောက်​တိုင်း အဘယ်အရာကို​ရှောင်ရန် တိုက်တွန်း​ခံရ​သနည်း။

၁၇ အမှန်တရား​အလင်း​အတွက် လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​စိတ်​ရှိဖို့ အရေးကြီး​၏။ ကျွန်ုပ်​တို့​တစ်ဦးမျှ အမှန်တရား​သိ​လျက်​မွေးလာ​သူများ​မဟုတ်​ကြောင်း သတိရပါ။ အချို့​မှာ လူကြီး​ဖြစ်​မှ သင်ယူ​ကြ​ပြီး အလင်း​သည် မှောင်မိုက်​ထက်သာ​လွန်​ကောင်းမွန်​ကြောင်း အလျင်အမြန်​သိလာ​ကြသည်။ အခြားသူများ​မူ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​မိဘများ​၏ ပြုစု​ပျိုးထောင်​ပေးခြင်း​ခံရ​သည့် အခွင့်ထူး​ကို ရရှိခဲ့​ကြသည်။ ထို​သူတို့သည် အလင်း​ကို အရေးမထား​ဖို့​လွယ်​ပေမည်။ သူ့ကို​မမွေးခင်​ကတည်းက ယေဟောဝါ​အား​ဝတ်ပြု​နေကြ​သော​မိဘများ​ရှိသူ သက်သေခံ​တစ်ဦး​က နို့စို့အရွယ်​မှ​သွန်သင်ခံ​ခဲ့​ရသော​အမှန်တရား​၏ အဓိပ္ပာယ်​နှင့် အရေးပါမှု​ကို အပြည့်အဝ​နားလည်​ဖို့ သူ​အချိန်​အတော်​ယူ ကြိုးပမ်း​ခဲ့​ရ​ကြောင်း​ဝန်ခံ​သည်။ (၂ တိမောသေ ၃:၁၅) ကြီး​သည်​ဖြစ်စေ၊ ငယ်​သည်​ဖြစ်စေ ကျွန်ုပ်​တို့​ယောက်​တိုင်း ယေဟောဝါ​ဖော်ပြ​ထားသော​အမှန်တရားကို အလွန်​ကျေးဇူး​တင်​လေးမြတ်စိတ်​ရှိလာ​စေရန် ပြုစု​ပျိုးထောင်​ပေးဖို့​လို​သည်။

၁၈ လူငယ်​တိမောသေ​သည် “ဓမ္မ​ကျမ်းစာ” ကို​နို့စို့အရွယ်​မှ​စ၍ သွန်သင်ခံ​ခဲ့​ရ​သော်လည်း ခရစ်ယာန်​တစ်ဦး​အဖြစ် သူ​ရင့်ကျက်​လာ​ခြင်း​သည် ဓမ္မ​အမှု​တွင် ကိုယ်တိုင်​ကြိုးစား​အားထုတ်​ခဲ့​ခြင်း​ကြောင့်​သာ​ဖြစ်သည်။ (၂ တိမောသေ ၃:၁၅) ထို​အချိန်တွင် “သင်​မူ​ကား၊ ဝန်ခံ​တော်​မူ​သော​သူ၊ ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ သမ္မာတရား​ကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော ဆရာသမား​ဖြစ်​လျက်၊ ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့” ဟု​သူ့ကို​တိုက်တွန်း​ခဲ့​သူ တမန်​တော်​ပေါလု​ကို ထောက်ကူ​ပေးဖို့ သူ့မှာ​အရည်အချင်း​ပြည့်မီ​နေပြီ​ဖြစ်သည်။ ကျွန်ုပ်​တို့အားလုံး တိမောသေ​ကဲ့သို့မိမိတို့ကို​အရှက်ရ​စေသော—သို့​မဟုတ် ကျွန်ုပ်​တို့​ကြောင့် ယေဟောဝါ​အရှက်ရ​စေ​မည့် မည်သည့်​အရာ​ကို​မဆို ရှောင်ကြပါ​စို့!—၂ တိမောသေ ၂:၁၅

၁၉။ (က) ဒါဝိဒ်​ကဲ့သို့ ကျွန်ုပ်​တို့အားလုံး အဘယ်​သို့​ပြောဆို​ဖို့ အကြောင်းရင်း​ရှိ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း​ဆွေးနွေး​မည်​နည်း။

၁၉ အမှန်တရား​အလင်း​ကို​ပေးသနား​တော်​မူ​သော ယေဟောဝါ​အား​ချီးမွမ်း​ဖို့ ကျွန်ုပ်​တို့​၌ ခိုင်လုံ​သော​အကြောင်း​ရှိသည်။ ဘုရင်​ဒါဝိဒ်​ကဲ့သို့ ကျွန်ုပ်​တို့​ဤသို့​ဆို​ကြသည်– “အို​ထာဝရ​ဘုရား ကိုယ်တော်​သည် အကျွန်ုပ်၏​မီးခွက်​ဖြစ်​တော်​မူ​၏။ ထာဝရ​ဘုရား​သည် အကျွန်ုပ်၏​မှောင်မိုက်​ကို လင်း​စေတော်မူ​၏။” (၂ ဓမ္မ​ရာဇဝင် ၂၂:၂၉) သို့သော် ကျွန်ုပ်​တို့​ကိုယ်ကို​ကျေနပ်​ပြီး​မနေ​ဝံ့​ကြ​ပါ၊ ယင်းက ကျွန်ုပ်​တို့​ကယ်နုတ်​ခံ​ခဲ့​ရာ​ဖြစ်သော မှောင်မိုက်​ထဲ​သို့ တဖြည်းဖြည်း​ပြန်​လျှော​ကျ​သွား​စေနိုင်​သောကြောင့်​ဖြစ်သည်။ ထို့​ကြောင့် နောက်​ဆောင်းပါး​က မိမိတို့​ဘဝတွင် ဘုရားသခင့်​အမှန်တရား​အား အရေးထား​ပုံ​ကို ချိန်ဆ​ရန် ကျွန်ုပ်​တို့ကို​ကူညီပေး​ပါ​လိမ့်​မည်။

သင်​အဘယ်အရာ​သင်ယူ​ခဲ့ပြီ​နည်း

• ယေဟောဝါ​သည် ဝိညာဉ်​ရေး​ထွန်းလင်း​မှု​ကို မည်သို့​ပေး​တော်​မူ သနည်း။

• ယခု ကျွန်ုပ်​တို့ကို​ဝိုင်းရံ​နေသော ဝိညာဉ်​ရေး​မှောင်မိုက်​က အဘယ်​အခက်အခဲ​များ​ကို​ဖြစ်စေ​သနည်း။

• အဘယ်​အန္တရာယ်များ​ကို ကျွန်ုပ်​တို့​ရှောင်​ရမည်​နည်း။

• အမှန်တရား​အလင်း​အတွက် ကျေးဇူး​တင်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ပကတိ​နှင့် ဝိညာဉ်​ရေး​အလင်း​၏ ရင်းမြစ်​ဖြစ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှုသည် မျက်မမြင်​တစ်ဦး​ကို တဖြည်းဖြည်း​ကုသ​ပေး​ခဲ့​သကဲ့သို့ ဝိညာဉ်​ရေး​အမှောင်ထု​မှ​ထွက်​လာရန် ကျွန်ုပ်​တို့ကို​ကူညီပေး​တော်​မူ​၏

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

စာတန်​၏ ထောင်ချောက်​အလင်း​များ​ကြောင့် လမ်းလွဲ​သွားခြင်းက ဝိညာဉ်​ရေး​သင်္ဘော​ပျက်​စေ