မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးလောကဓာတ် အဘယ်ကြောင့် ပျက်စီးခဲ့ရသနည်း

ရှေးလောကဓာတ် အဘယ်ကြောင့် ပျက်စီးခဲ့ရသနည်း

ရှေး​လောကဓာတ် အဘယ်ကြောင့် ပျက်စီး​ခဲ့​ရသနည်း

ကမ္ဘာချီ​ရေလွှမ်းမိုး​ဘေးသည် သဘာဝဘေးဒဏ်​တစ်ခု မဟုတ်​ချေ။ ဘုရားသခင်​ထံ​တော်​မှ တရား​စီရင်ချက်​ဖြစ်၏။ သတိပေး​ခဲ့​သော်လည်း အများအားဖြင့် လျစ်လျူရှု​ခဲ့​ကြသည်။ အဘယ်ကြောင့်​နည်း။ ယေရှု​ဤသို့​ရှင်းပြသည်– “ရေလွှမ်းမိုးခြင်း​မဖြစ်မီ​ကာလ​၌ နောဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော​နေ့​တိုင်အောင် လူများ​တို့သည် စားသောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်​နေ၍၊ ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့ကို သုတ်သင်​ပယ်ရှင်း​သည့်​တိုင်အောင် သတိမဲ့​နေကြ​သည်။”—မဿဲ ၂၄:၃၈၊ ၃၉

ဖွံ့ဖြိုး​တိုးတက်သော​ယဉ်ကျေးမှု

ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က ယဉ်ကျေးမှု​သည် ယနေ့​ကျွန်ုပ်​တို့​တွင်​မရှိသည့် အခွင့်အရေး​အချို့​ရှိခဲ့​သည်။ ဥပမာ၊ လူ​ခပ်သိမ်း​သည် ဘာသာ​စကား​တစ်မျိုးတည်း​ကို​သာ ပြောဆို​ခဲ့​ကြ​၏။ (ကမ္ဘာဦး ၁၁:၁) ယင်းက စွမ်းရည်​အမျိုးမျိုး​ရှိကြ​သော လူအများ​၏​စုပေါင်း​အားထုတ်မှု​လို​သည့် အနုပညာ​နှင့် သိပ္ပံ​ပညာရပ်​များ​တွင် အောင်မြင်မှု​များ​ရရှိစေ​မည်​ဖြစ်သည်။ ထို့​ပြင် ထို​အချိန်​က လူအများစု​၏​ရှည်လျားသော​သက်တမ်း​က ရာစုနှစ်များ​တစ်လျှောက် သူတို့​လေ့လာ​သင်ယူခဲ့ရာ​များ​ကို ဆက်လက်​ဆည်းပူး​စွမ်းဆောင်​နိုင်​စေ​သည်။

ထို​အချိန်​က လူ့​သက်တမ်း​သည် အမှန်တကယ် ထင်​သလော​က်​ရှည်လျား​သည်မဟုတ်​ကြောင်း​နှင့် ကျမ်းစာ​မှတ်တမ်း​တွင် ဖော်ပြ​ထားသော​နှစ်များ​သည် အမှန်​တွင် လ​များ​သာ​ဖြစ်သည်ဟု အချို့​က​ဆို​သည်။ ယင်းသည် မှန်ကန်​သလော။ မဟာ​လေ​လ​အကြောင်းကို သုံးသပ်ကြည့်​ပါ။ ကျမ်းစာ​ဤသို့​ဆို​သည်– “မဟာ​လေ​လ​သည် အသက်​ခြောက်​ဆယ့်ငါး​နှစ်​ရှိ​သော် သား​ယာ​ရက်ကို​မြင်​လေ​၏။ . . . မဟာ​လေ​လ​သည် အသက်​နှစ်ပေါင်း ရှစ်​ရာ​ကိုး​ဆယ့်ငါး​နှစ်​စေ့​သော် သေ​လေ​၏။” (ကမ္ဘာဦး ၅:၁၅-၁၇) တစ်နှစ်​သည် တစ်လ​ကို​ဆိုလိုခြင်း​ဖြစ်​လျှင် မဟာ​လေ​လ​သည် ငါး​နှစ်​သာ​ရှိ​စဉ် ဖခင်​ဖြစ်လာ​ခဲ့​သည်! ထိုသို့​မဟုတ်ပါ၊ ထို​စဉ်​ကလူ​တို့သည် ပထမ​လူသား​အာဒံ၏ စုံလင်သော​အသက်ရှင်​နိုင်စွမ်း​နှင့် ပို​၍​နီးစပ်​ခဲ့​သည်။ သူတို့သည် ရာစုနှစ်များစွာ အမှန်​အသက်ရှည်​ခဲ့​ကြသည်။ သူတို့ အဘယ်အရာ ပြီးမြောက်​အောင်မြင်​ခဲ့​ကြ​သနည်း။

ရေ​မလွှမ်းမိုး​မီ ရာစုနှစ်များ​၌ အာဒံ​၏​သား ကာဣန​သည် ဧနောက်​ဟု​သမုတ်​ခဲ့​သည့် မြို့​တစ်မြို့​ကို တည်ထောင်​နိုင်​ခဲ့​သည်​အထိ ကမ္ဘာ့​လူဦးရေ​တိုးများ​လာ​ခဲ့​၏။ (ကမ္ဘာဦး ၄:၁၇) ရေလွှမ်းမိုး​ဘေး​မတိုင်မီ ခေတ်​များ​တစ်လျှောက် စက်​မှု​လုပ်ငန်း​အမျိုးမျိုး တိုးတက်​ထွန်းကား​ခဲ့​သည်။ “ပန်း​တ​ဉ်းသ​မား၊ ပန်း​ပဲ​သ​မား​အပေါင်း​တို့” အတွက် ပန်း​ပဲ​ဖို​များ​ရှိသည်။ (ကမ္ဘာဦး ၄:၂၂) ယင်း​ကိရိယာ​များ​ကို ဆောက်လုပ်ရေး​လုပ်ငန်း၊ လက်သမား​လုပ်ငန်း၊ အထည်​ချုပ်လုပ်​ငန်း​နှင့် စိုက်ပျိုးရေး​လုပ်ငန်း​တို့​တွင် အသုံးပြု​ခဲ့​မည်​မှာ​မလွဲ​ပေ။ ဤ​လုပ်ငန်း​အားလုံး​ကို ကမ္ဘာ့​ရှေးအကျဆုံး လူသားများ​၏​မှတ်တမ်းများ​၌ ဖော်ပြ​ထား​သည်။

စုဆောင်း​ထားသော​အသိပညာ​ကြောင့် အမွေဆက်ခံ​သော လူမျိုးဆက်​သည် သတ္တု​ဗေဒ၊ စိုက်​ပျိုး​မှု​ပညာ၊ သိုး​နွား​မွေးမြူခြင်း၊ စာပေ​ရေးသား​စီ​ကုံး​ခြင်း​နှင့် အနုပညာ​ကဲ့သို့​သော ဘာသာရပ်​များ​ကို တိုးတက်​ဖွံ့ဖြိုး​စေနိုင်​ခဲ့​မည်။ ဥပမာ၊ ယု​ဗလ​သည် “စောင်း​မျိုး၊ နှဲ​ခရာ​မျိုး​တို့ကို တီးမှုတ်​တတ်သော​သူအပေါင်း​တို့၏ အဘ​ဆရာ​ဖြစ်” သတည်း။ (ကမ္ဘာဦး ၄:၂၁) ယဉ်ကျေးမှု​သည် ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုး​တိုးတက်​ခဲ့​၏။ သို့​တိုင် အရာခပ်သိမ်း ရုတ်တရက်​ဆုံးခန်းတိုင်​ခဲ့​ရသည်။ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

အဘယ်အရာ​လွဲချော်​ခဲ့​သနည်း

ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က လူ့​အဖွဲ့အစည်း​သည် အားသာချက်​များ​ရှိသော်လည်း အစ​မကောင်း​ခဲ့​ချေ။ ၎င်းကို​တည်ထောင်သူ အာဒံသည် ဘုရားသခင်​ကို ဆန့်ကျင်​ပုန်ကန်​ခဲ့​သည်။ ပထမ​ဆုံးသော မှတ်တမ်းတင်​မြို့​တစ်မြို့​ကို​တည်ထောင်သူ ကာဣန​သည် မိမိ​ညီ​ကို​သတ်ခဲ့​သည်။ မကောင်းမှု​များ အလျင်အမြန်​ကြီးထွား​ခဲ့​ခြင်း​ကို မအံ့သြ​သင့်​ပေ! အာဒံသည် သူ၏​သားစဉ်မြေးဆက်​များ​အား ပေး​ခဲ့​သည့်​အမွေ၊ အပြစ်​၏​အကျိုးဆက်များ​သည် တစ်ဆင့်​တစ်ဆင့်​တိုးများ​လာ​ခဲ့​သည်။—ရောမ ၅:၁၂

အခြေအနေ​ကို နောက်ထပ်​နှစ်ပေါင်း ၁၂၀ သာ​ခွင့်ပြု​ထား​တော့​မည်​ဟု ယေဟောဝါ သတ်မှတ်​ခဲ့​ချိန်​တွင် အရာ​ရာ​သည် အထွတ်အထိပ်​သို့​ဦးတည်​နေကြောင်း ထင်ရှား​သည်။ (ကမ္ဘာဦး ၆:၃) သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “မြေကြီး​ပေါ်မှာ​လူ​အပြစ်ကြီး​၍ သူ၏​စိတ်နှလုံး​အကြံအစည်​ရှိသမျှ​တို့သည် အစဉ်မပြတ်​ဆိုးညစ်ခြင်း​သက်​သက်ရှိ​ကြောင်းကို ဘုရားသခင်​သိမြင်​တော်​မူ . . . ၏။ မြေကြီး​သည် အဓမ္မအမှု​နှင့်​ပြည့်စုံ​လေ​၏။”—ကမ္ဘာဦး ၆:၅၊ ၁၁

နောက်ဆုံး​သော် ဘုရားသခင်​သည် ရေလွှမ်းမိုး​ဘေး​ဖြင့် သတ္တဝါ​အပေါင်း​ကို​ဖျက်ဆီး​မည်​ဟု နောဧ​အား တိတိကျကျ​မိန့်တော်မူ​ခဲ့​သည်။ (ကမ္ဘာဦး ၆:၁၃၊ ၁၇) နောဧ​သည် “ဖြောင့်မတ်ခြင်း​တရားကို​ဟော​သော” သူ​ဖြစ်လာ​ခဲ့​သော်လည်း လူ​တို့​အနေ​နှင့် မိမိတို့​ဝန်းကျင်ရှိ အရာခပ်သိမ်း ပျက်စီး​သွား​မည်​ကို​ယုံကြည်​ရန် ခက်ခဲ​ကြောင်း​ထင်ရှား​၏။ (၂ ပေတရု ၂:၅) လူ​ရှစ်ယောက်​သာ သတိပေး​ချက်​ကို​ဂရုပြု​ပြီး ကယ်တင်​ခံ​ခဲ့​ရသည်။ (၁ ပေတရု ၃:၂၀) ယင်းသည် ယနေ့ ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့်​အရေးပါ​သနည်း။

ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း

ကျွန်ုပ်​တို့သည် နောဧ​လက်ထက်​နှင့် အလားတူ​သည့်​အချိန်တွင် အသက်​ရှင်​နေကြ​ရသည်။ ထိတ်လန့်​တုန်လှုပ်​ဖွယ် အကြမ်းဖက်မှု​များ၊ အမျိုး​ဖြုတ်​သတ်ဖြတ်မှု စစ်ဆင်ရေး​များ၊ အကြောင်းရင်း​မည်မည်ရရ​မရှိဘဲ လက်နက်ကိုင်​များ​၏ အစုလိုက်​အပြုံလိုက်​သတ်ဖြတ်​ခြင်း​များနှင့် ထိတ်လန့်​ကြောက်မက်​ဖွယ်​ကောင်း​လောက်​သည့် အိမ်တွင်း​အကြမ်းဖက်မှု​များ​ကို အမြဲတစေ​ကြားနေ​ကြ​ရသည်။ ကမ္ဘာကြီး​သည် အကြမ်းဖက်မှု​များနှင့် ပြည့်​လာ​ပြန်​၏၊ ယခင်​က​ကဲ့သို့​ပင် ယခု​လည်း တရား​စီရင်ခံ​ရမည်​အကြောင်း ဤ​လောက အသိပေး​ခံ​ခဲ့​ရပြီ။ ယေရှု​ကိုယ်တော်တိုင်​သည် ဘုရားသခင်​၏​ခန့်အပ်​ခံ​တရားသူကြီး​အဖြစ် ကြွ​လာ၍ သိုးထိန်း​သည် သိုး​နှင့်​ဆိတ်​များ​ကို တခြား​စီ​ခွဲထား​သကဲ့သို့ လူအပေါင်း​တို့ကို အသီးအခြား​ခွဲ​မည်​ဟု မိန့်တော်မူ​ခဲ့​သည်။ မထိုက်တန်သူ​များသည် ‘ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လတ္တံ့’ ဟု​ယေရှု​မိန့်တော်မူ၏။ (မဿဲ ၂၅:၃၁-၃၃၊ ၄၆) သို့သော် ထို​အချိန်တွင် ကပ်ကျော်​သူ သန်းပေါင်း​များစွာ—တစ်ဆူတည်း​သော ဘုရားသခင်​မှန်​ကို​ဝတ်ပြုသူ လူအုပ်ကြီး—ရှိ​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​ဆို​၏။ ထို​သူတို့သည် လာ​မည့်​ကမ္ဘာ​တွင် တစ်ခါမျှ​မရရှိ​ခဲ့​ဖူး​သော ထာဝရ​ငြိမ်းချမ်းရေး​နှင့် လုံခြုံမှု​ကို မွေ့လျော်​ကြ​ရမည်။—မိက္ခာ ၄:၃၊ ၄; ဗျာဒိတ် ၇:၉-၁၇

ထိုသို့​သော ကျမ်းစာ​ဖော်ပြချက်များ​နှင့် တရား​စီရင်ချက်​နှင့်​စပ်​လျ​ဉ်း​သည့် သတိပေး​ချက်​များ​ကို အများ​သည် မထီမဲ့မြင်​ပြု​ကြသည်၊ ထို​ဖော်ပြချက်များ​မှန်ကန်ကြောင်း သူတို့အား​ပြသ​ပါ​လိမ့်​မည်။ သို့သော် ထိုသို့​အပြစ်​ချည်း​ရှာ​သူများ​သည် အဖြစ်မှန်​များ​ကို လျစ်လျူရှု​ကြ​ကြောင်း တမန်​တော်​ပေတရု ရှင်းပြ​၏။ သူ​ဤသို့​ရေးခဲ့​သည်– “နောက်ဆုံးသော​ကာလ​၌ ပြက်ရယ်ပြု​တတ်သော​သူတို့သည်၊ . . . သခင်​ဘုရား​ကြွလာ​မည်​ဟူသော​ကတိတော်​သည် အဘယ်​မှာ​ရှိ​သနည်း . . . ဟု​ဆို​လျက် ကဲ့ရဲ့​ခြင်း​နှင့်​တကွ​ပေါ်လာ​ကြလိမ့်မည်။ ရှေး​ကာလ​၌ မိုးကောင်းကင်ကို​လည်းကောင်း၊ ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော​မြေကြီးကို​လည်းကောင်း ဘုရားသခင်​၏​နှုတ်[မြွက်​စကား]တော်​သည် ဖြစ်စေ​တော်​မူ​ကြောင်း​နှင့် ဖြစ်​ဖူး​သော​လောကဓာတ်​ကို ထိုသို့​အားဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်​၍​ဖျက်ဆီး​ကြောင်းကို ထို​သူတို့သည် မှတ်မိ​ချင်​သော​စိတ်​မရှိကြ။ ယခု​ရှိသော​မိုးကောင်းကင်​နှင့်​မြေကြီး​မူ​ကား၊ တရား​ဆုံး​ဖြတ်၍ . . . လူ[ဆိုး]တို့ကို​ဖျက်ဆီး​သော​နေ့ရက်​တိုင်အောင် ထို​နှုတ်[မြွက်​စကား]အားဖြင့် သိုထား​လျက်​ရှိ၍ မီးရှို့ခြင်း​အဖို့​အလို​ငှာ နေရစ်​သတည်း။”—၂ ပေတရု ၃:၃-၇

ယေရှု၏​ပရောဖက်ပြု​မိန့်မှာချက်ကို နာခံ​သည့်​အနေ​နှင့် လာ​လတ္တံ့​သော တရား​ဆုံးဖြတ်​ရာ​နေ့​နှင့်​စပ်​လျ​ဉ်း​သည့် ကမ္ဘာချီ​သတိပေး​ချက်​နှင့် နောက်ဆက်တွဲ​လိုက်ပါ​လာ​မည့် ငြိမ်းချမ်းရေး သတင်းကောင်းကို ယနေ့ ဇွဲရှိ​ရှိ​ဟောပြောနေကြ​သည်။ (မဿဲ ၂၄:၁၄) ဤ​သတိပေး​ချက်​ကို ပေါ့ပေါ့တန်တန် သဘော​မထားသင့်​ပေ။ တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​သည် ကတိတည်​တော်​မူ​၏။

လာ​လတ္တံ့​သော​ကမ္ဘာ

ကျရောက်​လု​ဆဲ အရေးပါသော​ပြောင်းလဲမှု​ကို ထောက်ရှု​သော် လူသား​တို့၏​အနာဂတ်​ကား အဘယ်နည်း။ ယေရှု၏​ကျော်ကြား​သော တောင်ပေါ်​တရားတော်​၏​နိဒါန်း​တွင် ကိုယ်တော်​ဤသို့​ကတိပြု​သည်– “စိတ်​နူးညံ့​သိမ်မွေ့​သော​သူတို့သည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ပြည်တော်​ကို အမွေခံ​ရ​ကြ​လတ္တံ့။” ထို့နောက် ကိုယ်တော်​သည် တပည့်တော်​များ​အား ဘုရားသခင်​ထံ ဆုတောင်းနည်း​ကို ဆက်၍​သင်ပေးခဲ့​သည်– “အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော။” (မဿဲ ၅:၅; ၆:၁၀) မှန်ပါသည်၊ ဤ​ကမ္ဘာ​ပေါ်​တွင်​ပင် တည်ကြည်သော​လူသားများ​အတွက် အံ့ချီးဖွယ်​အနာဂတ် သက်ရောက်​မည်​အကြောင်း ယေရှု​ကိုယ်တော်တိုင် ညွှန်ပြ​ပေး​ခဲ့​သည်။ ၎င်းကို “အသစ်​ပြုပြင်​သော​ကာလ” အဖြစ်​ကိုယ်တော်​ဖော်ပြ​တော်​မူ​၏။—မဿဲ ၁၉:၂၈

ထို့​ကြောင့် အနာဂတ်​ကို သင်​စေ့စေ့​စဉ်းစား​ဆင်ခြင်​လျက်​နေစဉ် ပြက်ရယ်ပြု​သူများ​ကြောင့် ဘုရားသခင့်​သတိပေး​ချက်​ကို သံသယ​မဝင်​စေ​နှင့်။ ကျွန်ုပ်​တို့၏​ဝန်းကျင်​သည် တည်မြဲ​ဟန်​ရှိပြီး လက်ရှိ​လောကသည် ကြာမြင့်စွာ​တည်​ရှိခဲ့​ပြီး​ဖြစ်သည်​မှာ မှန်​၏။ သို့​တိုင် ဤ​လောကကို ကျွန်ုပ်​တို့​မယုံကြည်​သင့်။ လူ့​လောကသည် ပြစ်ဒဏ်​စီရင်ခံ​ရပြီ။ ထို့​ကြောင့် တမန်​တော်​ပေတရု​၏​စာပါ နိဂုံး​ချုပ်​စကား​များ​မှ အားယူပါ–

“ဤ​အရာအလုံးစုံ​တို့သည် ကုန်စင်​မည်​မှန်သော​ကြောင့် . . . ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်​ဟု သင်တို့သည် မျှော်လင့်​တောင့်တ​လျက် သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​အားဖြင့် အဘယ်​သို့​သော​သူ​ဖြစ်​အပ်​ကြ​သနည်း။ ထိုသို့​မျှော်လင့်ခြင်း​ရှိသောကြောင့် . . . သင်တို့သည် အညစ်အကြေး​နှင့်​ကင်းစင်​၍ အဘယ်​အပြစ်​မျှ​မပါဘဲ၊ ရှေ့တော်​သို့​ငြိမ်​ဝပ်​စွာ​ရောက်မည်​အကြောင်း ကြိုးစား​အားထုတ်​ကြလော့။ ကျေးဇူးတော်​၌​လည်းကောင်း၊ ငါ​တို့ကို​ကယ်တင်​တော်​မူ​သော အရှင်သခင်​ယေ​ရ​ခရစ်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း ကြီးပွား​ကြလော့။” (၂ ပေတရု ၃:၁၁၊ ၁၂၊ ၁၄၊ ၁၈) ထို့​ကြောင့် နောဧ​လက်ထက်​တွင် ဖြစ်ပျက်​ခဲ့​ရာ​များ​မှ သင်ယူပါ။ ဘုရားသခင်​ထံ​ချဉ်းကပ်​ပါ။ ယေရှု​ခရစ်​ကို​သိကျွမ်းခြင်း တိုးပွား​စေပါ။ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို ပြုစု​ပျိုးထောင်​၍ ဤ​လောက​၏​အဆုံးကို​ကပ်ကျော်​ပြီး လာ​လတ္တံ့​သော ငြိမ်းချမ်း​သည့်​ကမ္ဘာ​ထဲ​ဝင်ရန် ရွေးချယ်​ကြ​သူ သန်းပေါင်း​များစွာ​တွင် ပါဝင်​နိုင်​ပါ​လေ​စေ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သတ္တု​လုပ်ငန်း​သည် ရေလွှမ်းမိုးခြင်း​မတိုင်မီ​က​ပင်​ရှိခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အံ့ချီးဖွယ်​အနာဂတ် သက်ရောက်​တော့​မည်