မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်၏ခေါင်းဆောင်မှုသည် သင့်အတွက် အမှန်တကယ်ဖြစ်သလော

ခရစ်တော်၏ခေါင်းဆောင်မှုသည် သင့်အတွက် အမှန်တကယ်ဖြစ်သလော

ခရစ်တော်​၏​ခေါင်းဆောင်မှု​သည် သင့်အတွက် အမှန်တကယ်​ဖြစ်သလော

“သင်တို့သည် ခေါင်းဆောင်​ဟူ၍လည်း အခေါ်​မခံကြ​နှင့်။ သင်တို့တွင် မေရှိယ [“ခရစ်တော်၊” က​ဘ] တည်း​ဟူသော ခေါင်းဆောင်​တစ်ပါး​တည်း​သာ​ရှိ၏။”—မဿဲ ၂၃:၁၀၊ သတင်းကောင်း။

၁။ မည်သူ​သာ​လျှင် ခရစ်ယာန်စစ်​များ​၏​ခေါင်းဆောင်​ဖြစ်သနည်း။

နိသန်လ ၁၁ ရက်၊ အင်္ဂါ​နေ့​ဖြစ်သည်။ နောက်​သုံးရက်​အကြာတွင် ယေရှု​ခရစ် အသတ်ခံရ​တော့​မည်။ ဤ​ကား ဝတ်ပြုရာ​အိမ်တော်​သို့ ကိုယ်တော်​နောက်ဆုံး​ရောက်ရှိခြင်း​တည်း။ ထို​နေ့ရက်​တွင် စုဝေး​လာ​ခဲ့​ကြသော လူအုပ်​နှင့် တပည့်တော်​များ​အား အရေးကြီးသော သွန်သင်ချက်​တစ်ရပ်​ကို ယေရှု​ကြားသိ​စေ​ခဲ့​သည်။ ကိုယ်တော်​က ဤသို့​မိန့်တော်မူသည်– “သင်တို့​အားလုံး​သည် ညီအစ်ကို​များ​ဖြစ်​လျက် သင်တို့မှာ ဆရာတော်​တစ်ပါး​တည်း​သာ​ရှိသည်​ဖြစ်၍ ဆရာတော်​ဟု​အခေါ်​မခံကြ​နှင့်။ ဤ​လောကတွင် အဘယ်သူကိုမျှ ‘အဘ’ ဟု​မ​ခေါ်​ကြ​နှင့်။ သင်တို့တွင် ကောင်းကင်ဘုံ​ရှင် အဘ​တစ်ပါး​တည်း​သာ​ရှိ၏။ သင်တို့သည် ခေါင်းဆောင်​ဟူ၍လည်း အခေါ်​မခံကြ​နှင့်။ သင်တို့တွင် မေရှိယ [“ခရစ်တော်၊” က​ဘ] တည်း​ဟူသော ခေါင်းဆောင်​တစ်ပါး​တည်း​သာ​ရှိ၏။” (မဿဲ ၂၃:၈-၁၀သတင်းကောင်း) ရှင်း​နေသည်​ကား ခရစ်ယာန်စစ်​များ​၏​ခေါင်းဆောင်​သည် ယေရှု​ခရစ်​ဖြစ်သည်။

၂၊ ၃။ ယေဟောဝါ​၏​စကား​ကို​နားထောင်​လျက် ကိုယ်တော်​ခန့်အပ်​ထားသော ခေါင်းဆောင်​ကို လက်ခံ​နေခြင်း​က ကျွန်ုပ်​တို့၏​ဘဝ​အပေါ် အဘယ်​အကျိုး​သက်ရောက်​သနည်း။

ယေရှု၏​ခေါင်းဆောင်မှု​ကို ကျွန်ုပ်​တို့​လက်ခံသော​အခါ ကျွန်ုပ်​တို့၏​ဘဝတွင် အကျိုး​ဖြစ်ထွန်း​လိုက်​လေ​ခြင်း! ဤ​ခေါင်းဆောင် ကြွလာ​တော်​မူ​မည့်​အကြောင်း တင်ကူး​ဟောပြော​ရာ​၌ ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ​ဘုရားသခင် ဤသို့​ကြေညာ​ခဲ့​သည်– “အို​ရေငတ်​သော​သူအပေါင်း​တို့ ရေ​ရှိရာသို့​လာ​ကြလော့။ ငွေ​မရှိသော​သူတို့ လာ​ကြ။ ဝယ်​၍​စားသောက်​ကြလော့။ ငွေ​မပါဘဲ အဖိုးကို​မပေး​ဘဲ​လာ၍ စပျစ်​ရည်​နှင့်​နို့​ကို​ဝယ်​ကြလော့။ . . . ငါ့​စကား​ကို စေ့စေ့​နားထောင်​လျက် ကောင်းသော​အစာကို​စား​ကြလော့။ သင်တို့၏​ဝိညာဉ်​သည် ချို​သော​အရာ​တို့​၌ မိမိကို​မိမိ မွေ့လျော်​စေ​လိမ့်​မည်။ . . . ကြည့်ရှု​လော့။ ထို​သူကို . . . ဆရာ [“ခေါင်းဆောင်၊” က​ဘ] ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ စီရင်​အုပ်စိုး​သော​အရှင် ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း လူမျိုး​တို့အား​ငါ​ပေး​ပြီ။”—ဟေရှာယ ၅၅:၁-၄

ယေဟောဝါ​၏​စကား​ကို​နားထောင်​၍ ကျွန်ုပ်​တို့အား ကိုယ်တော်​ပေး​တော်​မူ​သော ခေါင်းဆောင်​နှင့် အုပ်စိုးရှင်​၏​နောက်သို့ လိုက်​ကြ​သည့်​အခါ ကျွန်ုပ်​တို့​ဘဝ​အပေါ် မည်မျှ​အကျိုး​သက်ရောက်​ကြောင်း​ဖော်ပြ​ရန် ဟေရှာယ​က ရိုးရိုး​အရည်များ​ဖြစ်သည့် ရေ၊ နို့​နှင့် စပျစ်​ရည်​တို့ကို တင်စားချက်​အဖြစ် အသုံးပြု​ခဲ့​သည်။ အကျိုးကျေးဇူး​ကား လန်းဆန်း​အားတက်စရာ၊ ပူပြင်း​သော​နေ့​တစ်နေ့​တွင် ရေ​အေး​တစ်ခွက်​သောက်​လိုက်ရ​သကဲ့သို့ပင်​ဖြစ်သည်။ အမှန်တရား​နှင့် ဖြောင့်မတ်ခြင်း​တရားကို ကျွန်ုပ်​တို့​မွတ်သိပ်ခြင်း​သည် အာသာပြေ​သွား​သည်။ နို့​ရည်​သည် ကလေးငယ်​များ​ကို ခွန်အား​ပေး​၍ ကြီးထွား​စေ​သကဲ့သို့ ‘နှုတ်မြွက်​တရားတော်​၏​နို့’ သည် ကျွန်ုပ်​တို့ကို​အားရှိ​စေပြီး ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​တွင် ဝိညာဉ်​ရေး​ကြီးထွားမှု​ရှိစေ​၏။ (၁ ပေတရု ၂:၁-၃) ပွဲခံ​သည့်​အခါ စပျစ်​ရည်​သည် လူ့​နှလုံးကို​ရွှင်လန်း​စေ​ကြောင်း မည်သူ​ငြင်းဆို​မည်​နည်း။ ထို​နည်းတူ စစ်မှန်သော​ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​၍ ကိုယ်တော်​ခန့်အပ်​ထားသော ခေါင်းဆောင်​၏​ခြေရာ​ကို လိုက်လျှောက်ခြင်းက ‘အမှန်​ရွှင်လန်းမှု​ရှိစေ​၏။’ (တရားဟောရာ ၁၆:၁၅) သို့​ဖြစ်၍ ကြီးငယ်မဟူ၊ ကျား/မ မရွေး ကျွန်ုပ်​တို့အားလုံး​သည် ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို အမှန်တကယ်​လက်ခံ​ကြောင်း ဖော်ပြ​ကြ​ရမည်။ သို့သော် မေရှိယ​သည် ကျွန်ုပ်​တို့၏​ခေါင်းဆောင်​ဖြစ်​ကြောင်းကို ကျွန်ုပ်​တို့၏​နေ့စဉ်​ဘဝ​အသက်တာ​၌ မည်သို့​ဖော်ပြ​ကြ​မည်​နည်း။

လူငယ်တို့—“ပညာ​တိုးပွားလျက်” နေလော့

၄။ (က) ပသခါပွဲ​အချိန်၌ ၁၂ နှစ်အရွယ်​ရှိ​ယေရှုသည် ယေရုရှလင်​မြို့​သို့ ရောက်ရှိ​ခဲ့​သောအခါ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။ (ခ) အသက် ၁၂ နှစ်အရွယ်​၌​ပင် ယေရှုသည် မည်သို့​အသိပညာ​ကြွယ်​သနည်း။

လူငယ်တို့​ရှေ့ ကျွန်ုပ်​တို့၏​ခေါင်းဆောင်​ချမှတ်​ခဲ့​သော စံနမူနာ​ကို​သုံးသပ်ကြည့်​ပါ။ ယေရှု၏​ငယ်​စဉ်​ဘဝ​အကြောင်း အနည်းငယ်​သာ​သိရှိ​ရ​သော်လည်း ဖြစ်ရပ်​တစ်ခု​က အတော်အတန်​ဖော်ပြ​ပေး​၏။ ယေရှု အသက် ၁၂ နှစ်​ရှိ​စဉ် ကိုယ်တော်​၏​မိဘများသည် နှစ်စဉ်​ပသခါပွဲ​အတွက် ယေရုရှလင်​မြို့​သို့ သူ့ကို​ခေါ်သွား​ကြသည်။ ထို​အခါသမယ​တွင် ဝိညာဉ်​ရေးရာ​ဆွေးနွေးပွဲ​တစ်ရပ်​၌ ကိုယ်တော်​အလွန်​စိတ်ဝင်စားခဲ့​ရာ မိသားစု​သည် ကိုယ်တော်​မပါဘဲ အမှတ်တမဲ့​ပြန်သွား​ကြသည်။ သုံးရက်​ကြာသော် စိတ်ပူ​နေသော​မိဘများ​ဖြစ်သည့် ယောသပ်​နှင့် မာရိ​တို့သည် ကိုယ်တော့်​အား ဝတ်ပြုရာ​အိမ်တော်တွင် “ဆရာ​တို့​အလယ်မှာ​ထိုင်၍ သူတို့​စကား​ကြားနာ​လျက်၊ သူတို့ကို​မေးမြန်း​လျက်​နေကြောင်း” တွေ့မြင်​ခဲ့​ကြသည်။ ထို​ထက်​ကား “သူ၏​စကား​ကို​ကြား​သော​သူအပေါင်း​တို့သည် သူ၏​ဉာဏ်ပညာ​ကိုလည်း​ကောင်း၊ စကား​အဖြေကို​လည်းကောင်း အံ့သြ​ကြ​၏။” စဉ်းစား​ကြည့်​ပါ၊ အသက် ၁၂ နှစ်​သာ​ရှိ​စဉ် ယေရှုသည် အလေးအနက်​ထား​စဉ်းစားစရာ ဝိညာဉ်​ရေးရာ​အမေး​များ​ကို မေးမြန်း​နိုင်​ရုံ​မ​က ပညာ​သားပါ​သော​အဖြေ​များ​ကိုလည်း ပြန်ဖြေ​ဆိုနိုင်​ခဲ့​သည်​တကား! မိဘတို့​၏​လေ့ကျင့်ပေး​မှု​က ကိုယ်တော်​အတွက် အထောက်အကူ​ဖြစ်​ခဲ့​မည်​မှာ မလွဲဧကန်​ပင်။—လုကာ ၂:၄၁-၅၀

၅။ လူငယ်တို့​သည် မိသားစု​ကျမ်းစာ​လေ့လာမှု​အစီအစဉ်​အပေါ် မိမိတို့၏​သဘောထားကို မည်သို့​အကဲဖြတ်​နိုင်​မည်​နည်း။

သင်သည် လူငယ်​တစ်ဦး​ဖြစ်​ပေမည်။ သင့်​မိဘများသည် ဘုရားသခင်​ကို​ချစ်သော​ကျေးကျွန်​များ ဖြစ်​ကြ​မည်​ဆိုလျှင် သင့်​အိမ်​တွင် မိသားစု​လေ့လာမှု​အစီအစဉ်ကို ပုံမှန်​ပြုလုပ်​ပေမည်။ မိသားစု​လေ့လာမှု​နှင့်​ပတ်သက်​၍ သင်၏​သဘောထား​ကား အသို့နည်း။ ဤ​မေးခွန်းများကို စဉ်းစား​ဆင်ခြင်​ကြည့်​ပါ– ‘ငါ့​မိသားစု​ကျမ်းစာ​လေ့လာမှု​အစီအစဉ်ကို ငါ စိတ်နှလုံး​အပြည့်​နဲ့​ထောက်ခံ​အားပေး​သလား။ ပုံမှန်​ပြုလုပ်​သော​အစီအစဉ်ကို မပျက်ကွက်​စေ​ရလေ​အောင် ငါ​ပူးပေါင်း​ဆောင်ရွက်​သလား။’ (ဖိလိပ္ပိ ၃:၁၆) ‘လေ့လာမှု​မှာ ငါ​တက်တက်ကြွကြွ​ပါဝင်​ရဲ့​လား။ သင့်လျော်​တဲ့​အခါ လေ့လာ​နေတဲ့​အကြောင်း​နဲ့​ပတ်သက်​လို့ မေးခွန်းတွေကို​မေး​ပြီး သက်ဆိုင်ပုံ​ကို ငါ​တင်ပြ​သလား။ ဝိညာဉ်​ရေး​ဘက်​တိုးတက်​နေရင်း “စုံလင်သော​အရွယ်​ရှိ [“ရင့်ကျက်သော၊” က​ဘ] သူတို့​အတွက် ကြေ​ခဲ​သော​အစာ” ကို ငါ​ခံတွင်း​တွေ့​နေ​သလား။’—ဟေဗြဲ ၅:၁၃၊ ၁၄

၆၊ ၇။ နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်သည် လူငယ်များ​အတွက် မည်သို့​တန်ဖိုး​ရှိ​နိုင်​သနည်း။

နေ့စဉ် ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်သည်​လည်း အလွန်​တန်ဖိုး​ရှိ၏။ ဆာလံဆရာ​က ဤသို့​သီဆို​ခဲ့​သည်– “မတရားသော​သူတို့၏​တိုက်တွန်းခြင်း​သို့​မလိုက် . . . ထာဝရ​ဘုရား​၏​တရားတော်​ကို​မွေ့လျော်​၍ တရားတော်​ကို နေ့​ည​မပြတ် [“ဖတ်ရှု၊” က​ဘ] ဆင်ခြင်​အောက်မေ့​သော​သူသည် မင်္ဂလာ​ရှိ၏။” (ဆာလံ ၁:၁၊ ၂) မောရှေ၏​အရိုက်အရာကို​ဆက်ခံသူ ယောရှု​သည် ‘ပညတ်တရား​တော်​ကို နေ့​ည​မပြတ် ဖတ်ရှု​သော​သူ​ဖြစ်သည်။’ ယင်းက သူ့​အား ပညာရှိ​စွာ​ပြုမူ​စေ​၍ သူ၏ ဘုရားသခင်​ပေး​တာဝန်​ကို​ထမ်းဆောင်​ရာ​တွင် အောင်မြင်မှု​ရရှိစေ​ခဲ့​သည်။ (ယောရှု ၁:၈) ကျွန်ုပ်​တို့၏​ခေါင်းဆောင်​ယေရှု​ခရစ်​က ဤသို့​မိန့်တော်မူသည်– “ ‘လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်’ ကျမ်းစာ​လာ​သည်။” (မဿဲ ၄:၄) ကာယ​အစာကို ကျွန်ုပ်​တို့​နေ့စဉ်​စားသုံး​ဖို့​လိုလျှင် ဝိညာဉ်​အစာကို မှန်မှန်​စားသုံး​ရန် မည်မျှ​လိုအပ်​မည်​ဖြစ်​ခြင်း!

မိမိ၏​ဝိညာဉ်​ရေး​လိုအပ်ရာ​ကို အသိအမှတ်​ပြုလျက် ၁၃ နှစ်အရွယ် နီ​ကိုးလ်​သည် သမ္မာကျမ်းစာ​ကို နေ့စဉ် စ​တင်၍​ဖတ်ရှု​ခဲ့​၏။ * ယခု အသက် ၁၆ နှစ်အရွယ်​တွင် သူသည် ကျမ်းစာ​တစ်အုပ်လုံး​ကို တစ်ကြိမ်​ဖတ်​ပြီးသွား​၍ ဒုတိယ​အကြိမ်​ဖတ်ရှု​ရာ​တွင် တစ်ဝက်​ခန့်​ရှိပြီ။ သူ၏​လုပ်ကိုင်​နည်း​မှာ​ရိုးရိုးလေး​ပင်။ “ကျွန်မ တစ်နေ့​ကို​အနည်းဆုံး တစ်ခန်း​ဖတ်​ပြီး​ဖို့ စိတ်ပိုင်းဖြတ်​ထား​တယ်” ဟု​သူ​ပြောပြ​သည်။ နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​က သူ့​အတွက်​မည်သို့​အထောက်အကူ​ဖြစ်သနည်း။ ဤသို့​သူ​ဖြေဆို​သည်– “အခု မကောင်းတဲ့​သြဇာတွေ များတယ်။ ကျောင်း​မှာ​ရော၊ အခြား​နေရာတွေမှာ​ပါ ကျွန်မ​ရဲ့​ယုံကြည်ခြင်းကို စိန်ခေါ်ချက်ဖြစ်စေ​တဲ့ ဖိစီးမှုတွေ နေ့တိုင်း​ရင်ဆိုင်​ရတယ်။ အဲ့ဒီ​ဖိစီးမှုတွေကို​တွန်းလှန်​စေ​တဲ့ ကျမ်းစာ​မိန့်မှာချက်​တွေ​နဲ့ မူတွေကို ကျမ်းစာ နေ့တိုင်း​ဖတ်​တဲ့​အတွက် ချက်ချင်း​မှတ်မိ​စေတယ်။ အကျိုး​က​တော့ ယေဟောဝါ၊ ယေရှု​တို့​နဲ့ ကျွန်မ​ပို​ပို​ပြီး​ရင်းနှီး​လာတယ်လို့​ခံစား​ရတယ်။”

၈။ တရား​ဇရပ်​နှင့်​ပတ်သက်​၍ ယေရှု၏​အလေ့အထ​ကား အဘယ်နည်း၊ ကိုယ်တော့်​ကို လူငယ်များ မည်သို့​တုပ​နိုင်​ကြ​သနည်း။

ယေရှုသည် တရား​ဇရပ်​တွင် သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​နှင့် နားထောင်ခြင်း အလေ့အထ​ရှိခဲ့​၏။ (လုကာ ၄:၁၆; တမန်​တော် ၁၅:၂၁) ကျမ်းစာ​ဖတ်ရှု​လေ့လာ​သည့် ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်ခြင်း​ဖြင့် ထို​စံနမူနာ​ကို လူငယ်တို့ လိုက်လျှောက်ခြင်းက မည်မျှ​ကောင်း​လေ​စွ​တကား! ထို​အစည်းအဝေး​များ​ကို တန်ဖိုး​ထား​လေးမြတ်​သော ၁၄ နှစ်အရွယ် ရစ်ချက်​ဒ်​က ဤသို့​ပြောဆို​သည်– “အစည်းအဝေးတွေဟာ ကျွန်တော့်​အတွက် သိပ်​တန်ဖိုး​ရှိတယ်။ အဲဒီမှာ ဘယ်အရာ​က ကောင်းတယ်၊ ဘယ်အရာ​မကောင်း​ဘူး၊ ကျင့်ဝတ်​နဲ့ ဘယ်အရာ​ညီတယ် မညီ​ဘူး၊ ဘာက ခရစ်တော်​ကဲ့သို့​ဖြစ်တယ်၊ မဖြစ်​ဘူး ဆိုတာ​တွေ​ကို ကျွန်တော်​အမြဲ​ပဲ သတိပေး​ခံရ​တယ်။ ကိုယ်တိုင်​ခက်ခက်ခဲခဲ​တွေ့ကြုံ​ခံစား​ရပြီး​မှ တတ်သိလာ​ရ​စ​ရာ​မလိုဘူး။” မှန်​ပါ​၏၊ “ယေဟောဝါ​၏​သတိပေး​ချက်​သည် ယုံကြည်​စိတ်ချ​ထိုက်​ပြီး အတွေ့အကြုံ​နည်း​သူများကို ဉာဏ်ပညာ​ရှိစေသည်။” (ဆာလံ ၁၉:၇က​ဘ) နီ​ကိုးလ်​သည်လည်း ပတ်စဉ်​အသင်းတော်​အစည်းအဝေး ငါး​ခု​စ​လုံး​ကို မပျက်​မ​ကွက်​တက်ရောက်​သည်။ ထို့​အပြင် စည်းဝေးများ​အတွက် နှစ်နာရီ​မှ သုံးနာရီ​ကြာ သူ​ကြိုတင်​ပြင်ဆင်​တတ်၏။—ဧဖက် ၅:၁၅၊ ၁၆

၉။ လူငယ်တို့​သည် မည်သို့ “ပညာ​ဆက်​တိုးပွား” နိုင်​သနည်း။

ငယ်ရွယ်ချိန်​သည် ‘မှန်သော​ဘုရားသခင်​တစ်ဆူတည်း​နှင့် စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​၏​အသိပညာကို’ ဆည်းပူး​ရန်​အချိန်​ကောင်း​ဖြစ်၏။ (ယောဟန် ၁၇:၃) ကာတွန်း​စာအုပ်​များ​ဖတ်ရှုခြင်း၊ ရုပ်မြင်သံကြား​ကြည့်ရှု​ခြင်း၊ ဗီဒီယို​ဂိမ်း​ကစား​ခြင်း သို့​မဟုတ် အင်တာနက်​ကို​စူးစမ်းခြင်း​တို့​ဖြင့် အချိန်ဖြုန်း​တတ်​သည့် လူငယ်တို့​ကို သင်​သိ​ကောင်း​သိ​ပေမည်။ ကျွန်ုပ်​တို့​ခေါင်းဆောင်​၏ စုံလင်သော​စံနမူနာ​ကို သင်​လိုက်လျှောက်​နိုင်​လျက်​နှင့် သူတို့ကို အဘယ်ကြောင့်​တုပ​ကြ​ရမည်​နည်း။ ကိုယ်တော်​သည် သူငယ်​ဘဝက​တည်း​က ယေဟောဝါ​အကြောင်း​သင်ယူခြင်း​မှ ပျော်ရွှင်မှု​များစွာ​ရရှိခဲ့သည်။ ရလဒ်​ကား အဘယ်နည်း။ ဝိညာဉ်​ရေးရာ​များ​ကို ကိုယ်တော်မြတ်​နိုး​သောကြောင့် ‘ယေရှုသည် အစဉ်​အတိုင်း ပညာ​တိုးပွားလျက်​ရှိ၏။’ (လုကာ ၂:၅၂) သင်လည်း ထိုသို့​ဖြစ်​နိုင်​သည်။

‘အချင်းချင်း ကိုယ်ကို​နှိမ့်ချလျက်​နေကြ​လော့’

၁၀။ မိသားစု​ဘဝကို ငြိမ်သက်မှု​နှင့် ပျော်ရွှင်မှု​၏​ရင်းမြစ်​ဖြစ်စေ​ရန် အဘယ်အရာက ကူညီပေး​လိမ့်​မည်​နည်း။

၁၀ အိမ်​တစ်အိမ်​သည် ငြိမ်​သက်လုံ​ခြုံ​၍ ရောင့်ရဲ​တင်းတိမ်​ရာ​နေရာ​ဖြစ်​နိုင်၏၊ သို့​မဟုတ် ခိုက်ရန်​ဒေါသ​နှင့် ငြင်းခုံ​ရာ​စစ်​တ​လင်း​လည်း​ဖြစ်​နိုင်​သည်။ (သု. ၂၁:၁၉; ၂၆:၂၁) ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို ကျွန်ုပ်​တို့​လက်ခံခြင်း​က မိသားစုတွင် ငြိမ်သက်မှု​နှင့် ပျော်ရွှင်မှု​ကို​ဖြစ်ပွား​စေ​၏။ အမှန်​မှာ ယေရှု၏​ပုံသက်သေ​သည် မိသားစု​ဆက်ဆံ​ရေး​အတွက် စံနမူနာ​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ခရစ်တော်​ကို​ခန့်ညား​သော​အားဖြင့်၊ အချင်းချင်း​တစ်ယောက်​အောက်​တစ်ယောက် ကိုယ်ကို​နှိမ့်ချလျက်​နေကြ​လော့။ အချင်း​မိန်းမ​တို့ သခင်​ဘုရား​၏​အုပ်စိုးတော်မူခြင်း​ကို​ဝန်ခံ​သကဲ့သို့၊ ကိုယ်​ခင်ပွန်း​၏​အုပ်စိုးခြင်း​ကို ဝန်ခံ​ကြလော့။ အကြောင်း​မူ​ကား၊ ခရစ်တော်​သည် အသင်းတော်​၏​အပေါ်မှာ ခေါင်း​ဖြစ်​တော်​မူ​သကဲ့သို့၊ ယောက်ျား​သည် မိမိ​ခင်ပွန်း​၏​အပေါ်မှာ ခေါင်း​ဖြစ်၏။ ခရစ်တော်​သည်လည်း မိမိကိုယ်ကို ကယ်တင်​သော​သူ​ဖြစ်​တော်​မူ​၏။ . . . အချင်း​ယောက်ျား​တို့၊ ခရစ်တော်​သည် အသင်းတော်ကို​ချစ်တော်မူ​သကဲ့သို့၊ သင်တို့လည်း ကိုယ်​ခင်ပွန်း​ကို​ချစ်​ကြလော့။” (ဧဖက် ၅:၂၁-၂၅) ကောလောသဲ​အသင်းတော်​ထံ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “သားသမီးတို့၊ မိဘ​စကား​ကို အရာရာ၌​နားထောင်​ကြလော့။ မိဘ​စကား​ကို​နားထောင်ခြင်း​အမှုသည် သခင်​ဘုရား​နှစ်သက်​တော်​မူ​သော​အမှု​ဖြစ်၏။”—ကောလောသဲ ၃:၁၈-၂၀

၁၁။ ခရစ်တော်​၏​ခေါင်းဆောင်မှု​သည် သူ့​အတွက် အမှန်တကယ်​ဖြစ်​ကြောင်း ခင်ပွန်း​တစ်ဦး မည်သို့​ပြသ​နိုင်​သနည်း။

၁၁ ဤ​ဆုံးမ​စကား​ကို လိုက်နာ​လျှင် ခင်ပွန်း​သည် မိသားစုတွင်​ဦးစီး​လိမ့်​မည်၊ သူ၏​ဇနီးသည် သူ့​အား သစ္စာရှိ​ရှိ​ထောက်မ​ပေး​မည်၊ သားသမီး​များ​က​လည်း မိဘ​စကား​ကို​နားထောင်​လိမ့်​မည်။ သို့သော် ယောက်ျား​သည် လျောက်ပတ်​စွာ​ဦးစီး​မှ​သာ​လျှင် ပျော်ရွှင်မှု​ရရှိစေမည်။ ပညာ​ရှိသော​ခင်ပွန်း​သည် သူ၏​ဦးခေါင်း​နှင့် ခေါင်းဆောင်​ဖြစ်သူ ခရစ်တော်​ယေရှုကို တုပခြင်း​အားဖြင့် မည်သို့​ဦးစီး​ရမည်ကို သင်ယူ​ရမည်။ (၁ ကောရိန္သု ၁၁:၃) ယေရှုသည် နောက်ပိုင်း​တွင် ‘အသင်းတော်​၏​အချုပ်အခြာ​ဦးခေါင်း’ ဖြစ်လာ​သော်လည်း ကိုယ်တော်​သည် ကမ္ဘာ​မြေပေါ်​သို့ “စေ​စားခြင်း​ငှာ​မလာ၊ သူတစ်ပါး​အစေ​ကို​ခံ​ခြင်း​ငှာ” ကြွလာ​တော်​မူ​ခဲ့​သည်။ (ဧဖက် ၁:၂၂; မဿဲ ၂၀:၂၈သမ္မာ) အလားတူ ခရစ်ယာန်​ခင်ပွန်း​တစ်ဦး​သည် မိမိ၏​ဦးခေါင်း​ဖြစ်မှု​ကို ကိုယ်ကျိုး​စီးပွား​အတွက်​မဟုတ်ဘဲ ဇနီးသည်​နှင့် သားသမီး​များ​ဖြစ်သည့် မိသားစု​တစ်ရပ်လုံး​၏​အကျိုး​စီးပွား​ကို ဂရုစိုက် ကျင့်သုံး​ရ၏။ (၁ ကောရိန္သု ၁၃:၄၊ ၅) သူသည် သူ၏​ဦးခေါင်း၊ ယေရှု​ခရစ်​၏ ဘုရားသခင့်​ရေးရာ​အရည်အသွေးများ​ကို ကြိုးစား​တုပ​ရသည်။ ယေရှု​နည်းတူ သူသည် နူးညံ့​သိမ်မွေ့ နှိမ့်ချသော​သဘော​ရှိ၏။ (မဿဲ ၁၁:၂၈-၃၀) “တောင်းပန်​ပါ​တယ်” သို့​မဟုတ် “မင်း​မှန်တယ်” စ​သည့်​စကား​များ​ကို သူ​မှားသွား​သောအခါ​ပြောဆို​ရန် ဝန်မလေး​ပါ။ သူ၏​စံနမူနာ​ကောင်း​က ဇနီး​အတွက် “အထောက်အမ၊” “ဖြည့်ဖက်၊” နှင့် “အဆွေ​ခင်ပွန်း” တစ်ဦး​ဖြစ်​ရန်​လွယ်ကူ​စေပြီး သူ့​ထံ​မှ​သင်ယူ​ကာ သူနှင့်​အတူ တွဲဖက်​လုပ်ဆောင်​စေ​၏။—ကမ္ဘာဦး ၂:၂၀; မာလခိ ၂:၁၄

၁၂။ ဦးစီးမှု​မူဝါဒ​ကို ဇနီး​တစ်ဦး​လိုက်နာ​နိုင်​ရန် အဘယ်အရာက အကူအညီ​ဖြစ်စေ​မည်​နည်း။

၁၂ ဇနီးသည်​အနေ​ဖြင့်​လည်း မိမိ၏​ခင်ပွန်း​ကို လက်အောက်ခံ​ရမည်​ဖြစ်သည်။ သို့သော် ဇနီးသည် လောက​စိတ်​ဝိညာဉ်​၏​လွှမ်းမိုးမှု​ခံရ​မည်​ဆိုလျှင် ဦးစီးမှု​မူဝါဒ​အပေါ်​ရှုမြင်ပုံ စတင်​တိမ်းစောင်း​လာ​မည်​ဖြစ်​ပြီး ယောက်ျား​တစ်ဦး၏ လက်အောက်ခံ​ဖြစ်​ရခြင်း​ကို သူ​နှစ်သက်​မည်​မဟုတ်​ချေ။ သမ္မာကျမ်းစာ​က ယောက်ျား​တစ်ဦး​အား ပိုင်စိုးပိုင်နင်း​ပြု​ရမည်ဟု မဆို​ပါ၊ သို့သော် ဇနီးသည်​များသည် မိမိတို့၏​ခင်ပွန်း​များ​ကို လက်အောက်ခံ​ရမည်ဟု​ဆို​သည်။ (ဧဖက် ၅:၂၄) သမ္မာကျမ်းစာ​က ခင်ပွန်း သို့​မဟုတ် ဖခင်​အား တာဝန်ခံ​လည်း​ဖြစ်စေ​သည်၊ ကျမ်းစာ​၏​ဆုံးမ​စကား​ကို လိုက်နာ​ကျင့်သုံး​သောအခါ မိသားစုတွင် ငြိမ်သက်ခြင်း​နှင့် စည်းစနစ်ကျ​န​မှု​ရှိစေ​၏။—ဖိလိပ္ပိ ၂:၅

၁၃။ ကလေး​များ​အတွက် အဘယ်​လက်အောက်ခံမှု​ပုံသက်သေ​ကို ယေရှု​ချမှတ်​ခဲ့​သနည်း။

၁၃ မိဘ​စကား​ကို သားသမီး​များ နားထောင်​ကြ​ရမည်​ဖြစ်သည်။ ယင်း​နှင့်​စပ်လျဉ်း၍ ယေရှုသည် အထူး​ကောင်းမွန်သော​စံနမူနာ​တစ်ရပ် ချမှတ်​ပေး​ခဲ့​၏။ အသက် ၁၂ နှစ်​တွင် ဝတ်ပြုရာ​အိမ်တော်၌ သုံးရက်​ကျန်ရစ်​ခဲ့​သည့်​ဖြစ်ရပ်​နောက်ပိုင်း​တွင် သူသည် “မိဘတို့​နှင့်အတူ​သွား​သဖြင့် နာဇရက်​မြို့​သို့​ရောက်​၍ သူတို့​စကား​ကို​နားထောင်​လျက်​နေ​လေ​၏။” (လုကာ ၂:၅၁) မိဘ​အား သားသမီး​များ လက်အောက်ခံခြင်း​က မိသားစု​ငြိမ်သက်မှု​နှင့် ညီညွတ်မှု​တိုးပွား​စေ​သည်။ ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို မိသားစု​တစ်စုလုံး လက်အောက်ခံ​ကြသောအခါ ပျော်ရွှင်သော​မိသားစု​ဖြစ်လာ​သည်။

၁၄၊ ၁၅။ အိမ်​တွင် အခက်အခဲ​တစ်ခု ကြုံတွေ့​နေလျှင် ၎င်းကို​အောင်မြင်စွာ​ကိုင်တွယ်​ဖြေရှင်းရန် အဘယ်အရာက ကျွန်ုပ်​တို့ကို​ကူညီပေး​မည်​နည်း။ ဥပမာ​ပေး​ပါ။

၁၄ နေအိမ်​တွင် ခက်ခဲ​သော​အခြေအနေ​များ ပေါ်ပေါက်​လာ​သည့်​တိုင် အောင်မြင်မှု​၏​သော့ချက်​မှာ ယေရှုကို​တုပခြင်း​နှင့် ကိုယ်တော်​၏​လမ်းညွှန်မှုကို လက်ခံခြင်း​ဖြစ်သည်။ ဥပမာ၊ ဆယ်ကျော်သက်​သမီး​တစ်ဦး​ရှိသူ လာ​နာ​ကို အသက် ၃၅ နှစ်အရွယ် ဂျယ်ရီ​လက်ထပ်​ပြီး​နောက် သူတို့​နှစ်ဦးစလုံး မမျှော်လင့်​သော ပြဿနာ​တစ်ခု​ဖြစ်ပေါ်​ခဲ့​၏။ ဂျယ်ရီ​က ဤသို့​ရှင်းပြသည်– “ဦးဆောင်​သူ​ကောင်း​တစ်ဦး​ဖြစ်​ဖို့ အောင်မြင်​တဲ့​တခြား​မိသားစု​တွေ​လို​ပဲ ထပ်တူ​ကျမ်းစာ​မူတွေကို ကျင့်သုံး​ဖို့​လိုတယ်​ဆိုတာ ကျွန်တော်​သိထားပါ​တယ်။ ဒါပေမဲ့ အဲ့ဒီ​မူတွေကို ဉာဏ်ပညာ​နဲ့ ပိုင်းခြား​သိမြင်မှု​ရှိ​ရှိ ကျင့်သုံး​ဖို့​လိုတယ်​ဆိုတာ​ကို ကျွန်တော် မကြာမီ​မှာ​နားလည်​လာတယ်။” သူ၏​မယားပါ​သမီး​သည် သူ့ကို မိမိ​နှင့် မိမိ၏​မိခင်​စပ်ကြား သွေးကွဲ​စေ​သူ​အဖြစ်​ယူမှတ်​ထား​ရာ သူ့​အား အကြီးအကျယ်​စိတ်ခု​ခဲ့​သည်။ ထို​သူငယ်မ​၏​ပြောဆို​လုပ်ကိုင်ပုံ​က ဤ​သဘောထား လွှမ်းမိုး​နေကြောင်း​ကို သိရှိနားလည်​ဖို့ ဂျယ်ရီ​မှာ ပိုင်းခြား​သိမြင်မှု လိုအပ်​ခဲ့​၏။ ထို​အခြေအနေ​ကို သူ​မည်သို့​ကိုင်တွယ်​ခဲ့​သနည်း။ ဂျယ်ရီ​က ဤသို့​ဖြေ​သည်– “အနည်းဆုံး​အခု​တ​လော​မှာ​တော့ မိဘ​ဝတ်​ကျေပွန်ခြင်း​ရဲ့ ဆုံးမ​ပဲ့ပြင်​မှု​အပိုင်း​ကို လာ​နာ​ပဲ ဆောင်ရွက်​သင့်တယ်လို့ လာ​နာ​နဲ့ ကျွန်တော်​သဘောတူခဲ့​ကြတယ်။ ကျွန်တော်​ကျ​တော့ ကျွန်တော့်​မယားပါ​သမီးနဲ့ ဆက်ဆံ​ရေး​ကောင်း​လာဖို့ အာရုံစိုက်​ကြိုးစား​ရဦးမယ်။ အချိန်​အတန်ကြာ​တော့ အဲဒီလို​ချဉ်းကပ်​ကိုင်တွယ်​ပုံ​ကနေ ရလဒ်ကောင်းတွေ​ရလာ​ခဲ့​ပါ​တယ်။”

၁၅ အိမ်​တွင် ခဲယဉ်း​သော​အခြေအနေ​များ ပေါ်လာ​လျှင် မိသားစု​မှ အချို့​သူတို့သည် သူတို့​ပြောဆို​ပြုမူ​သည့်​အတိုင်း အဘယ်ကြောင့် ပြု​ရ​ကြောင်း​အဖြေ​ရ​ရန် ပိုင်းခြား​သိမြင်မှု​ကို အသုံးချ​ဖို့​လို​မည်။ ဘုရားသခင့်​မူများ​ကို သင့်လျော်​စွာ ကျင့်သုံး​ရန် ဉာဏ်ပညာ​လည်း​လို​ပေမည်။ ဥပမာ၊ သွေးသွန်နာ​စွဲ​သော​အမျိုးသမီး​တစ်ဦး​သည် မိမိ​အား အဘယ်ကြောင့်​တို့​ထိ​ရ​ကြောင်းကို ယေရှု​ရှင်းရှင်း​သဘောပေါက်ခဲ့​၍ ထို​အမျိုးသမီးနှင့် ပညာရှိရှိ ထောက်ထား​စာနာ​စွာ ဆက်ဆံ​တော်​မူ​ခဲ့​၏။ (ဝတ်ပြုရာ ၁၅:၂၅-၂၇; မာကု ၅:၃၀-၃၄) ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​သည် ကျွန်ုပ်​တို့​ခေါင်းဆောင်​၏ ထူးခြားသော​ဂုဏ်ရည်တော်​များ​ဖြစ်သည်။ (သု. ၈:၁၂) ကိုယ်တော့်​နည်းတူ ကျွန်ုပ်​တို့​ပြုမူ​လျှင် ပျော်ရွှင်​ကြ​ပါ​လိမ့်​မည်။

‘နိုင်ငံတော်​ကို ဆက်၍​ရှေးဦး​ရှာ​ကြလော့’

၁၆။ ကျွန်ုပ်​တို့၏​ဘဝတွင် အဘယ်အရာ​သည် အဓိကကျ​သင့်​သနည်း၊ ယေရှုသည် ယင်းကို စံနမူနာ​ဖြင့် မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၆ ကိုယ်တော်​၏​ခေါင်းဆောင်မှု​ကို လက်ခံသူ​တို့၏​ဘဝ​၌ အဘယ်အရာ အဓိကကျ​သင့်​ကြောင်း ယေရှု အထင်အရှား​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော် ဤသို့​မိန့်တော်မူ၏– “ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ​ကြလော့။”(မဿဲ ၆:၃၃) ယင်းကို မည်သို့​ပြုလုပ်​နိုင်​ကြောင်း ကိုယ်တော်​၏​စံနမူနာ​အားဖြင့် ဖော်ပြ​တော်​မူ​ခဲ့​၏။ ယေရှု​နှစ်ခြင်း​ခံ​ပြီး​နောက် ရက်ပေါင်း ၄၀ အစာ​ရှောင်ခြင်း၊ ပြန်ပြောင်း​စဉ်းစားခြင်း၊ ဆုတောင်းခြင်း​ကာလ​အဆုံး​တွင် ကိုယ်တော်​သည် သွေးဆောင်​ခံ​ခဲ့​ရ၏။ စာတန်​သည် ကိုယ်တော့်​အား “ဤ​လောက​၌​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့ကို” အုပ်စိုးခြင်း​အခွင့် ကမ်း​လှမ်း​ခဲ့​သည်။ စာတန်​၏​ကမ်း​လှမ်း​မှု​ကို ကိုယ်တော်​လက်ခံခဲ့​ပါ​က ယေရှု​ရရှိနိုင်​မည့်​ဘဝကို စဉ်းစား​ကြည့်​ပါ! သို့သော် ခရစ်တော်​သည် ခမည်းတော်​၏​အလိုတော်​ဆောင်ခြင်း​ကို အာရုံစိုက်​တော်​မူ​ခဲ့​သည်။ ထို့​ပြင် စာတန့်​လောက​၌ ထိုသို့​သော​ဘဝ​အသက်တာသည် တိုတောင်း​လိမ့်​မည်​ကို ကိုယ်တော်​သိတော်မူ၏။ ထို​အခါ ဤသို့​မိန့်မြွက်​၍ စာတန်​၏​ကမ်း​လှမ်း​မှု​ကို ကိုယ်တော်​ချက်ချင်း​ငြင်းပယ်​ခဲ့​သည်– “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို ကိုးကွယ်​ရမည်။ ထို​ဘုရားသခင်​ကို​သာ ဝတ်ပြု​ရမည် ကျမ်းစာ​လာ​သည်။” ထို့နောက် များ​မကြာမီ ယေရှုသည် “ ‘နောင်တ​ရ​ကြလော့။ ကောင်းကင်​နိုင်ငံတော်​သည် တည်​လု​နီးပြီ’ ဟူသော​တရားကို ဟော​စ​ပြု​တော်​မူ​၏။” (မဿဲ ၄:၂၊ ၈-၁၀၊ ၁၇) ထို​အချိန်​မှ​စ၍ ခရစ်တော်​၏​မြေကြီး​အသက်တာ​ဘဝ​တစ်လျှောက်​တွင် ဘုရားသခင်​နိုင်ငံတော်​ကို အချိန်ပြည့်​ကြွေးကြော်​သူ​တစ်ဦး ဖြစ်လာ​လေ​သည်။

၁၇။ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ကျွန်ုပ်​တို့​ဘဝ​၌​ဦးစားပေး​ကြောင်း မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။

၁၇ ကျွန်ုပ်​တို့၏​ခေါင်းဆောင်​ကို ကျွန်ုပ်​တို့​အတုယူ​ကာ ကျွန်ုပ်​တို့၏​ဘဝတွင် လစာ​မြင့်​သည့်​လုပ်ငန်း​တစ်ခု​ကို အဓိက​ထား​ရန် စာတန့်​လောက​၏​သွေးဆောင်မှု​ကို​မခံ​သင့်​ချေ။ (မာကု ၁:၁၇-၂၁) လောက​ရေးရာ​များ​တွင် ကျော့မိ​လုံးပန်း​နေ​လွန်း​၍ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဒုတိယ​နေရာ​ထားခြင်း​က မည်မျှ​မိုက်မဲ​လိုက်​လေ​ခြင်း! ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို ကျွန်ုပ်​တို့အား ယေရှု​ပေးအပ်​ထား​သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကျွန်ုပ်​တို့​မှာ မိသားစု သို့​မဟုတ် ဆောင်ရွက်စရာ​အခြား​တာဝန်​များ ရှိ​ပေမည်၊ သို့သော် ဟောပြော​သွန်သင်ခြင်း ခရစ်ယာန်​တာဝန်​ကို ညနေပိုင်း​တွင်၊ သို့​မဟုတ် ရက်သတ္တပတ်​အဆုံးပိုင်း​တွင် ပြုလုပ်​ဆောင်ရွက်ရန် ကျွန်ုပ်​တို့​ဝမ်း​မ​မြောက်​ကြ​ပေ​လော။ ၂၀၀၁ လုပ်ငန်းတော်နှစ်​အတွင်း ၇၈၀,၀၀၀ ခန့်​သည် အချိန်ပြည့်​အမှုတော်​ဆောင်​များ သို့​မဟုတ် ရှေ့ဆောင်​များ​အဖြစ် အမှုထမ်းဆောင်​နိုင်​ခဲ့​ခြင်း​က မည်မျှ​အားရှိစရာ​ပါ​တကား!

၁၈။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အဘယ်အရာက ကျွန်ုပ်​တို့အား ပျော်ရွှင်မှု​ရရှိစေ​သနည်း။

၁၈ ခရစ်ဝင်​မှတ်တမ်းများ​က ယေရှု​အား လက်တွေ့​သ​မား​အဖြစ်​ပုံဖော်​ရုံ​မ​က နူးညံ့​သိမ်မွေ့​သော ခံစားချက်​ရှိ​ပုဂ္ဂိုလ်​တစ်ဦး​အဖြစ်​လည်း ပုံဖော်​ထား​သည်။ ကိုယ်တော့်​ဝန်းကျင်ရှိ ဝိညာဉ်​ရေး​လိုအပ်​နေ​သူများကို ကိုယ်တော်​တွေ့မြင်​သောအခါ ကိုယ်တော်​သည် သူတို့ကို​သနားတော်မူ​ပြီး စိတ်အား​ထက်သန်​စွာ ကူညီပေး​တော်​မူ​ခဲ့​၏။ (မာကု ၆:၃၁-၃၄) အခြား​သူတို့ကို​ချစ်သော​မေတ္တာ​ရှိ၍ သူတို့အား အမှန်တကယ်​ကူညီ​လို​စိတ်ဖြင့် ခရစ်ယာန်​ဓမ္မ​အမှုကို ကျွန်ုပ်​တို့​ဆောင်ရွက်​ကြသောအခါ အမှုတော်​ဆောင်ခြင်း​သည် ပျော်ရွှင်ဖွယ်​ရာ​ဖြစ်လာ​လေ​သည်။ သို့သော် ထို​စိတ်ဆန္ဒ​ကို ကျွန်ုပ်​တို့ မည်သို့​ရရှိနိုင်​မည်​နည်း။ ဂျေ​ဆင်​အမည်​ရှိ​လူငယ်​တစ်ဦး​က “ကျွန်တော်​ဆယ်ကျော်သက်​အရွယ်မှာ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​ရတာ မပျော်​ခဲ့​ဘူး” ဟု​ပြောပြ​သည်။ အဘယ်အရာက သူ့​အား ဤ​လုပ်ငန်း​ကို​မြတ်နိုး​တတ်လာ​စေ​ခဲ့​သနည်း။ ဂျေ​ဆင်​က ဤသို့​အဖြေပေး​သည်– “ကျွန်တော်​တို့​မိသားစုဟာ စနေနေ့​နံနက်​တိုင်း လယ်ကွင်း​လုပ်ငန်းမှာပါ​ဝင်​ကြရတယ်။ ဒါက ကျွန်တော့်​အတွက်အကျိုး​ဖြစ်​ခဲ့တယ်၊ အကြောင်းကတော့ အမှုဆောင်ထွက်​လေ​လေ ဖြစ်မြောက်အောင်​မြင်​မှု​တွေ​ကို တွေ့မြင်​လေ​လေ ကျွန်တော်​ပျော်ရွှင်မှု​ပို​ရလာ​လေ​လေ​ပဲ။” ကျွန်ုပ်​တို့​လည်း ခရစ်ယာန်​ဓမ္မ​အမှု​တွင် ဇွဲ​လုံ့လ​ရှိ​ရှိ ပုံမှန်​ပါဝင်​သင့်​သည်။

၁၉။ ခရစ်တော်​၏​ခေါင်းဆောင်မှု​နှင့်​ပတ်သက်​၍ အဘယ်​သန္နိ​ဋ္ဌာန်​ကို ကျွန်ုပ်​တို့​ချ​သင့်​သနည်း။

၁၉ ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို လက်ခံခြင်း​သည် အမှန်ပင် လန်းဆန်းမှု​နှင့် အကျိုး​ရရှိစေ​၏။ ထိုသို့​လက်ခံ​ကြသောအခါ လူငယ်​ဘဝ​သည် အသိဉာဏ်​ပညာ တိုးပွား​များပြား​လာ​သည့်​အချိန် ဖြစ်လာ​စေ​သည်။ မိသားစု​ဘဝတွင် ငြိမ်သက်မှု​နှင့် ပျော်ရွှင်မှု​ရှိပြီး ခရစ်ယာန်​ဓမ္မ​အမှု​မှ​လည်း ရွှင်လန်းမှု​နှင့် စိတ်​ကျေနပ်မှု​ရရှိ​လာ​၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​နေ့စဉ်​ဘဝ​အသက်တာ​နှင့် ကျွန်ုပ်​တို့​ချ​သော​ဆုံးဖြတ်ချက်​များ​တွင် ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို ကျွန်ုပ်​တို့​အမှန်တကယ် တန်ဖိုး​ထား​လေးမြတ်​ကြောင်း​ဖော်ပြ​ရန် သန္နိ​ဋ္ဌာန်​ချ​ကြ​စို့​လေ။ (ကောလောသဲ ၃:၂၃၊ ၂၄) သို့သော် ယေရှု​ခရစ်​သည် အခြား​လမ်းကြောင်း​တစ်ခု​ဖြစ်သည့် ခရစ်ယာန်​အသင်းတော်​မှ​တစ်ဆင့် ခေါင်းဆောင်မှု​ကို​ပေး​တော်​မူ​သည်။ ဤ​ပြင်ဆင်​ပေး​ချက်​မှ ကျွန်ုပ်​တို့ အဘယ်​အကျိုးကျေးဇူး​ရနိုင်​ကြောင်း နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ကြ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အမည်​အချို့​ကို ပြောင်းလဲ​ထား​ပါ​သည်။

သင်​မှတ်မိ​သလော

• ဘုရားသခင်​ခန့်အပ်​ထားသော ခေါင်းဆောင်​နောက်လိုက်ခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​အကျိုးပေး​သနည်း။

• ယေရှု၏​ခေါင်းဆောင်မှု​ကို လိုက်​လို​ကြောင်း လူငယ်များ မည်သို့​ဖော်ပြ​နိုင်​သနည်း။

• ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို လက်အောက်ခံ​သော​မိသားစု​အပေါ် ယင်းက အဘယ်​အကျိုး​သက်ရောက်​စေ​သနည်း။

• ခရစ်တော်​၏​ခေါင်းဆောင်မှု​သည် ကျွန်ုပ်​တို့အတွက် အမှန်တကယ်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုသည် မည်သို့​ဖော်ပြ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လူငယ့်​ဘဝ​သည် ဘုရားသခင်​နှင့် ကိုယ်တော်​ခန့်အပ်​ထား​တော်​မူ​သော ခေါင်းဆောင်​အကြောင်း အသိပညာ​တိုးပွား​စေရန် အချိန်​ကောင်း​ဖြစ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို လက်အောက်ခံခြင်း​က မိသားစု​ပျော်ရွှင်မှု တိုးပွား​စေ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေရှုသည် ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထားခဲ့​သည်။ အသင်​ကော