ခေါင်းဆောင်မှုကောင်း ကမ္ဘာချီ စိန်ခေါ်ချက်တစ်ရပ်
ခေါင်းဆောင်မှုကောင်း ကမ္ဘာချီ စိန်ခေါ်ချက်တစ်ရပ်
သူသည် စာရေးဆရာလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်သည်။ သူ့ရင်ထဲတွင် အနာဂတ်မျှော်လင့်ချက်များနှင့် ပြည့်လျက်ရှိ၏။ “ကြောက်စရာအကြောင်း မရှိဘဲ မော်ကြွားနိုင်သည့်နေရာ; အသိပညာအခမဲ့ရသည့်နေရာ; အမြင်ကျဉ်းသော လူမျိုးရေးအတားအဆီးများကြောင့် ကမ္ဘာလောကသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခြင်းမရှိသောနေရာ; အမှန်ကိုပြောသောနေရာ; [နှင့်] အပတ်တကုတ် ကြိုးစားအားထုတ်မှုကြောင့် လူတို့သည် စုံလင်ခြင်းနှင့် ပို၍နီးစပ်နိုင်သောနေရာ” တစ်ခုကို လွန်ခဲ့သောနှစ် ၉၀ ခန့်က သူစိတ်ကူးဖြင့်မြင်ယောင်ခဲ့သည်။
၎င်းနောက် ထိုစာရေးဆရာသည် တစ်နေ့နေ့တွင် မိမိ၏နိုင်ငံရော ကျန်အခြားနိုင်ငံများပါ ထိုသို့သောနေရာတစ်ခု တွေ့ရမည်ဟူသောမျှော်လင့်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ နိုဘယ်လ်ဆုရှင် ထိုကဗျာဆရာသာ ယနေ့သက်ရှိထင်ရှားရှိနေပါမူ အကြီးအကျယ်စိတ်ပျက်အားလျော့သွားမည် အမှန်။ ကမ္ဘာကြီးသည် တိုးတက်မှုနှင့် အောင်မြင်ပေါက်ရောက်မှုများရှိငြား ယခင်ကထက်ပင် ပို၍အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလျက်ရှိသည်။ လူတို့၏အနာဂတ်ကို ခြုံငုံကြည့်လိုက်လျှင် စိတ်ပျက်ဖွယ်သာတွေ့ရသည်။
လယ်သမားတစ်ဦးကို သူ၏နိုင်ငံရှိ ပါတီအချို့အတွင်း အဘယ်ကြောင့် အကြမ်းဖက်မှု ရုတ်တရက်ဖြစ်ပွားရကြောင်း မေးမြန်းသောအခါ အကြောင်းရင်းတစ်ခုဟု သူယူဆရာကို ထောက်ပြခဲ့သည်။ “ခေါင်းဆောင်တွေမကောင်းလို့ပေါ့ဗျာ” ဟုသူဆို၏။ ဂျော်နသန် ဂလိုဗာက လူသားချင်းစာနာမှု—နှစ်ဆယ်ရာစု၏ ကိုယ်ကျင့်တရားသမိုင်း စာအုပ်တွင် ထပ်တူရှုမြင်ပုံကို ဤသို့ဖော်ပြထားသည်– “[နိုင်ငံထဲတွင်ပင်] အမျိုးဖြုတ်သတ်ဖြတ်မှုသည် လူမျိုးစုမုန်းတီးမှုကြောင့် အလိုအလျောက် ပေါ်ပေါက်လာခြင်းမဟုတ်ပေ၊ အာဏာရလိုသူများ၏ ကြိုတင်ကြံစည်မှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။”
၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ယခင်ယူဂိုစလားဗီးယားနိုင်ငံ၏ သမ္မတနိုင်ငံနှစ်ခုအကြား စစ်ပွဲဖြစ်ပွားသောအခါ သတင်းထောက်တစ်ဦးက ဤသို့ရေးခဲ့သည်– “ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာကြာ
အတူတကွပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြသည်၊ ယခုမူ တစ်ယောက်၏ကလေးကို တစ်ယောက်ကသတ်ဖြတ်သည်အထိ ဖြစ်လာသည်။ ဘာကြောင့်များ ဤသို့ဖြစ်နေရပါသနည်း။”ဥရောပတိုက်မှ မိုင်ပေါင်းထောင်ချီကွာဝေးသောအရပ်တွင် အစ၌ဖော်ပြခဲ့သော ကဗျာဆရာ၏မွေးရပ်မြေ အိန္ဒိယနိုင်ငံရှိသည်။ “နိုင်ငံတစ်ခုအနေနှင့် အိန္ဒိယနိုင်ငံ ဆက်တည်ရှိနိုင်မည်လော” ခေါင်းစဉ်ရှိ စာပေဟောပြောချက်တစ်ခုတွင် စာရေးဆရာ ပရာနိုက် ဂုပ်တေ့စ်က ဤသို့ရေးသားခဲ့သည်– ‘အိန္ဒိယနိုင်ငံရှိ များပြားလှသောလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် အသက် ၃၀ အောက်ဖြစ်ကြသည်၊ သို့သော် သူတို့အတွက် စံနမူနာယူထိုက်သည့် ခေါင်းဆောင်များမရှိကြပေ။’
နိုင်ငံအချို့တွင် ခေါင်းဆောင်များသည် အဂတိလိုက်စားမှု စွဲချက်များကြောင့် မိမိတို့၏ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ဤလောကသည် ခေါင်းဆောင်မှု အကျပ်အတည်းကို တွေ့ကြုံနေရကြောင်းထင်ရှား၏။ လွန်ခဲ့သောနှစ်ပေါင်း ၂,၆၀၀ ခန့်ကအသက်ရှင်ခဲ့သည့် ပရောဖက်တစ်ဦး၏စကားများ မှန်ကန်ကြောင်း အခြေအနေများက သက်သေခံသည်။ သူဤသို့ဆိုသည်– “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။”—ယေရမိ ၁၀:၂၃။
လက်ရှိလောက၏ ခက်ခဲဆင်းရဲမှုများမှ ထွက်ရပ်လမ်းရှိပါသလော။ လူ့အဖွဲအစည်းသည် ပဋိပက္ခဖြစ်ခြင်းမရှိ၊ ကြောက်စိတ်ဖြင့်ဝန်ပိနေခြင်းလည်းမရှိရာ၊ စစ်မှန်သောအသိပညာကို အခမဲ့ဖောဖောသီသီရရှိရာနှင့် လူသားတို့သည် စုံလင်ခြင်းသို့တက်လှမ်းနေရာ ကမ္ဘာတွင်းသို့ လူသားတို့ကို မည်သူခေါင်းဆောင်သွားနိုင်မည်နည်း။
[Picture Credit Line on page 3]
Fatmir Boshnjaku