မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေါင်းဆောင်မှုကောင်း အဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း

ခေါင်းဆောင်မှုကောင်း အဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း

ခေါင်းဆောင်မှု​ကောင်း အဘယ်​နေရာတွင် ရှာတွေ့နိုင်​မည်​နည်း

“အိမ်​မည်​သည်​ကား၊ တစ်စုံ​တစ်ယောက်​သော​သူ ဆောက်​သောကြောင့်​ဖြစ်၏။ အလုံးစုံ​တို့ကို​တည်ဆောက်​သော​သူ​ကား ဘုရားသခင်​ပေ​တည်း” ဟု​သမ္မာကျမ်းစာ​ဆို​၏။ (ဟေဗြဲ ၃:၄; ဗျာဒိတ် ၄:၁၁) စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ ဖန်ဆင်း​ရှင်​ဖြစ်​တော်​မူ​သောကြောင့် ကိုယ်တော်​သည် “ငါ​တို့​ကိုယ်ခန္ဓာ​ကို သိတော်မူ၏။” (ဆာလံ ၁၀၃:၁၄) ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​အကန့်အသတ်​ဖြစ်မှု​များနှင့် လိုအပ်ချက်​များ​ကို သိကျွမ်း​တော်​မူ​၏။ ကိုယ်တော်​သည် မေတ္တာရှင်​ဘုရားသခင်​ဖြစ်သော​ကြောင့် ထို​လိုအပ်ချက်​များ​ကို ဖြည့်ဆည်း​ပေး​လို​စိတ် ရှိ​တော်​မူ​၏။ (ဆာလံ ၁၄၅:၁၆; ၁ ယောဟန် ၄:၈) ကျွန်ုပ်​တို့သည် ခေါင်းဆောင်မှု​ကောင်း မလွဲမသွေ​လိုအပ်​သည်။

ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ ဤသို့​ကြေညာ​တော်​မူ​၏– “ကြည့်ရှု​လော့။ ထို​သူကို လူအမျိုးမျိုး​ရှေ့ သက်သေ​အဖြစ် ခေါင်းဆောင်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ တပ်မှူး​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ငါ​ခန့်​ထားပြီ။” (ဟေရှာယ ၅၅:၄က​ဘ) မျက်မှောက်ခေတ်​၏ ခေါင်းဆောင်မှု​အကျပ်အတည်း​ကို ဖြေရှင်း​ရာ​တွင် တန်ခိုး​နှင့်​ပြည့်စုံသော ဘုရားသခင်​ကိုယ်တော်တိုင် ခန့်​ထား​သည့် ထို​ခေါင်းဆောင်​သည် မည်သူ​ဖြစ်​ကြောင်း ခွဲခြား​သိမြင်ခြင်း​နှင့် သူ၏​ဦးဆောင်မှု​ကို​လက်ခံခြင်း​တို့ ပါဝင်​ပတ်သက်​သည်။ သို့​ဖြစ်​လျှင် တင်ကြိုဟော​ထားသော ထို​ခေါင်းဆောင်​နှင့် တပ်မှူး​သည် မည်သူ​နည်း။ ခေါင်းဆောင်​တစ်ဦး​ဖြစ်​ကြောင်း အထောက်အထား​များ​ကား အဘယ်နည်း။ အဘယ်​နေရာ​မှ ကျွန်ုပ်​တို့ကို ဦးဆောင်​ပေး​မည်​နည်း။ သူ၏​ဦးဆောင်မှု​မှ အကျိုး​ခံစားရ​ရန် ကျွန်ုပ်​တို့ ဘာလုပ်​ရမည်​နည်း။

ကတိထားရာ​ခေါင်းဆောင် ပေါ်လာ​ခြင်း

ကောင်းကင်တမန် ဂါဗြေလ​သည် လွန်ခဲ့သော​နှစ်ပေါင်း ၂,၅၀၀ ခန့်​က ပရောဖက်​ဒံယေလ​ရှေ့ ပေါ်​လာ၍ ဤသို့​ဆို​၏– “ယေရုရှလင်​မြို့ကို တစ်ဖန်​ထူထောင်​၍ ပြန်လည်​တည်ဆောက်​စေခြင်း​ငှာ အမိန့်တော် ထုတ်ဆင့်​သည့်​နေ့​မှ​စ၍ ဦးစီး​ခေါင်းဆောင် မေရှိယ ပေါ်ထွန်း​သည့်​တိုင်အောင်၊ ခု​နစ်​သီတင်း​အပြင် ခြောက်​ဆယ့်နှစ်​သီတင်း ကြာ​လိမ့်​မည်​အကြောင်း သိ​မှတ်၍ ထိုးထွင်း​သိမြင်​လော့။ ထို​မြို့တော်​သည် ပြည်​သူ့​ရင်ပြင်၊ ကျုံး​နှင့်​တကွ တစ်ဖန် တည်ထောင်​လိမ့်​မည်​ဖြစ်သော်လည်း အကျပ်အတည်း​ကာလ​၌ ဖြစ်​လိမ့်​မည်။”—ဒံယေလ ၉:၂၅က​ဘ။

ရှင်း​နေသည်​မှာ ကောင်းကင်တမန်​က ယေဟောဝါ ရွေးချယ်သော​ခေါင်းဆောင် ကြွလာ​မည့်​အချိန်​အတိအကျ​ကို ဒံယေလ​အား အသိပေး​နေခြင်း​ဖြစ်သည်။ ယေရုရှလင်​မြို့​ပြန်လည်​တည်ဆောက်​ရန် အမိန့်ထုတ်​ပြန်​ခဲ့​ချိန် ဘီ.စီ.အီး. ၄၅၅ မှ​စ၍​ရေတွက်​သော် ၆၉ သီတင်း သို့​မဟုတ် ၄၈၃ နှစ်​ကုန်ဆုံး​ချိန်​၌ “ဦးစီး​ခေါင်းဆောင်​မေရှိယ” ပေါ်ထွန်း​လိမ့်​မည်​ဖြစ်သည်။ * (နေဟမိ ၂:၁-၈) ထို​ကာလ​အဆုံးပိုင်း​၌ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။ ခရစ်ဝင်​ကျမ်း​ရေးသူ လုကာ​က ဤသို့​ဖော်ပြ​သည်– “ကဲသာ​ဘုရင်​တိဗေရိ​နန်းစံ တစ်ဆယ့်​ငါး​နှစ်​တွင်၊ ယုဒပြည်​၌ ပုန္တိပိလတ်​သည်​မြို့ဝန်​အရာ၊ ဂါလိလဲ​ပြည်​၌ ဟေရုဒ်သည်​စော်ဘွား​အရာ [စီ.အီး. ၂၉]၊ . . . အသီးအသီး​ရှိကြ​သောအခါ တော​၌​ရှိသော ဇာခရိ​၏​သား​ယောဟန်​သည် ဘုရားသခင်​၏​ဗျာဒိတ်တော်​ကို​ခံရ​၏။ . . . ယောဟန်​သည် ယော်ဒန်​မြစ်​နား​၌ အနှံ့အပြား​လှည့်လည်​၍ အပြစ်လွှတ်ခြင်း​အဖို့​အလို​ငှာ နောင်တ​နှင့်​စပ်ဆိုင်​သော ဗတ္တိဇံ​တရားကို ဟော​လေ​၏။” ထို​အချိန်တွင် ခေါင်းဆောင်​မေရှိယကို “လူများ​တို့သည်​မျှော်လင့်” နေကြ​သည်။ (လုကာ ၃:၁-၃၊ ၆၊ ၁၅) ယောဟန်ထံ​သို့ လူအုပ်စု​များ လာရောက်​ခဲ့​ကြသော်လည်း သူသည် ခေါင်းဆောင်​မဟုတ်​ချေ။

စီ.အီး. ၂၉၊ အောက်တိုဘာ​လ​ခန့်​တွင် နာဇရက်​မြို့သား​ယေရှုသည် နှစ်ခြင်း​ခံရန် ယောဟန်ထံ ရောက်လာ​ခဲ့​သည်။ “ဝိညာဉ်တော်သည် ကောင်းကင်​မှ​ချိုးငှက်​ကဲ့သို့​ဆင်းသက်​၍ ထို​သူ၏​အပေါ်​၌​နား​တော်​မူ​သည်ကို ငါ​မြင်ရ​ပြီ။ အစ​က ထို​သူကို​ငါ​မသိ။ ရေ​၌​ဗတ္တိဇံ​ကို​ပေး​စေခြင်း​ငှာ ငါ့ကို​စေလွှတ်​တော်​မူ​သော​သူက၊ ‘အ​ကြင်​သူ၏​အပေါ်​၌ ဝိညာဉ်​တော်​ဆင်းသက်​၍ နား​တော်​မူ​သည်ကို သင်သည်​မြင်လျှင်၊ ထို​သူ​ကား၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ကို​ပေး​သော​သူ​ပေ​တည်း’ ဟု​မိန့်တော်မူသည်​နှင့်​အညီ၊ ငါသည်​မြင်​၍ ဤ​သူသည် ဘုရားသခင်​၏​သားတော်​ဖြစ်​တော်​မူ​ကြောင်းကို သက်သေခံ​သည်” ဟု ယောဟန်​ဆို​လေ​၏။ (ယောဟန် ၁:၃၂-၃၄) နှစ်ခြင်း​ယူ​ချိန်​တွင် ယေရှုသည် ဘိသိက်ခံ​ခေါင်းဆောင်—မေရှိယ သို့​မဟုတ် ခရစ်တော်—ဖြစ်လာ​သည်။

မှန်ပါသည်၊ ‘လူအမျိုးမျိုး​ရှေ့ ခေါင်းဆောင်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ တပ်မှူး​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း’ ကတိပြု​ထား​သူသည် ယေရှု​ခရစ်​ဖြစ်​ကြောင်း သက်သေထူ​ခဲ့​သည်။ ခေါင်းဆောင်​တစ်ဦး​အနေ​နှင့် ကိုယ်တော်​၏​အရည်အသွေးများ​ကို ဆန်းစစ်​ကြည့်​သောအခါ ကိုယ်တော့်​ခေါင်းဆောင်မှု​အရည်အသွေး​သည် မျက်မှောက်ခေတ် စံပြ​ခေါင်းဆောင်​တစ်ဦး​ကို တောင်းဆို​ထား​ချက်​များ​ထက် များစွာ​သာလွန်​ကြောင်း ကျွန်ုပ်​တို့ အလွယ်တကူ​သိမြင်​နိုင်​သည်။

မေရှိယ—စံ​ထား​အပ်သော​ခေါင်းဆောင်

ခေါင်းဆောင်​ကောင်း​တစ်ဦး​သည် ရှင်းလင်း​သော ညွှန်ကြားချက်​ကို​ပေး​ကာ မိမိ​အုပ်ထိန်းမှု​အောက်​ရှိ​လူ​တို့ကို ကိုယ်ပိုင်​အစွမ်း​ခွန်အား​များ​ရရှိစေရန် ထောက်မ​ပေးခြင်း​ဖြင့် သူတို့သည် ပြဿနာ​များ​ကို အောင်မြင်စွာ​ဖြေရှင်း​နိုင်​ပေမည်။ ၂၁ ရာစု​ခေါင်းဆောင်မှု– ထိပ်သီး​ခေါင်းဆောင် ၁၀၀ နှင့်​စကားပြော​ဆို​ခြင်း စာအုပ်​က ‘ယင်းသည် အောင်မြင်​သော ၂၁ ရာစု​ခေါင်းဆောင်​တစ်ဦး မဖြစ်​မနေ​လိုအပ်​သည်’ ဟု​ဆို​သည်။ ယေရှုသည် မိမိ၏​တရား​နာ​သူများ​အား နေ့စဉ်​အခြေအနေ​များ​ကို ကိုင်တွယ်​ဖြေရှင်းရန် ကောင်းစွာ​စီမံ​ပေး​ခဲ့​ပါ​သည်​တကား! ကိုယ်တော်​၏​အကျော်ကြားဆုံး ဟောပြောချက်​ဖြစ်သော တောင်ပေါ်​တရားတော်​ကို​သာ သုံးသပ်ကြည့်​ပါ။ လက်တွေ့ကျ​သော​အကြံပြုချက် အမြောက်အမြား​ကို မဿဲ​အခန်းကြီး ၅ မှ ၇ တစ်လျှောက်​တွင် မှတ်တမ်း​တင်ထား​သည်။

ဥပမာ၊ ပုဂ္ဂိုလ်ရေး​သဘောထား​ကွဲလွဲ​မှုများ​ကို ဖြေရှင်းခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် ယေရှု​အကြံပြုချက်ကို သုံးသပ်ပါ။ ကိုယ်တော်​ဤသို့​မိန့်ဆို​သည်– “ထို့​ကြောင့် သင်သည် ပူဇော်​သကာ​ကို ယဇ်​ပလ္လင်​သို့​ဆောင်ယူ​ခဲ့​လျက် သင်၏​ညီအစ်ကို​သည် သင်၌​အပြစ်တင်​ခွင့်​တစ်စုံတစ်ခု​ရှိသည်​ဟု အောက်မေ့​သတိရ​လျှင်၊ ယဇ်​ပလ္လင်​ရှေ့မှာ ပူဇော်​သကာ​ကို​ထား​၍​သွားလော့။ ညီအစ်ကို​နှင့်​သင့်တင့်​ပြီး​မှ ပြန်၍​ပူဇော်​သကာ​ကို​တင်​လော့။” (မဿဲ ၅:၂၃၊ ၂၄) အခြား​သူများ​နှင့်​အသင့်အတင့်​ဖြစ်စေ​ဖို့ အစပြု​လုပ်ဆောင်ခြင်း​သည် ပထမ​ဦးစားထားရာ​ဖြစ်သည်၊ ယင်းသည် မောရှေ​ပညတ်​က တောင်းဆို​ထား​သည့်​အတိုင်း ယေရုရှလင်​မြို့ရှိ ဗိမာန်တော်​ယဇ်​ပလ္လင်​တွင် ပူဇော်​သကာ​ဆက်သခြင်း​ကဲ့သို့​သော ဘာသာရေး​ဝတ္တရား​တစ်ခု​ကို ဆောင်ရွက်ခြင်း​ထက်​ပင် သာ၍​အရေးပါ​သည်။ ထိုသို့​မပြုလျှင် ဝတ်ပြု​ကိုးကွယ်​မှု​ကို ဘုရားသခင်​လက်ခံ​မည်​မဟုတ်ပေ။ ယေရှု၏​အကြံပြုချက်​သည် ရာစုနှစ်များစွာ​လွန်​ခဲ့​သည့်​တိုင် ယနေ့​ထက်​ထိ လက်တွေ့ကျ​ဆဲ​ဖြစ်သည်။

ယေရှုသည် မိမိ၏​တရား​နာ​သူများ​အား အကျင့်​ယိုယွင်းခြင်း​ကျော့ကွင်း​ကို ရှောင်ရန်​လည်း ကူညီပေး​ခဲ့​သည်။ “‘သူ့​မယား​ကို​မ​ပြစ်မှား​ရ​ဟူသော ရှေး​ပညတ်စကား​ကို သင်တို့​ကြား​ရပြီ။’ ငါ​ပညတ်​သည်​ကား [တပ်မက်သော]စိတ်​နှင့် သူ့​မယား​ကို​ကြည့်​သော​သူသည်စိတ်နှလုံး​ထဲ​၌ ထို​မိန်းမ​နှင့်​ပြစ်မှား​ပြီ” ဟု​သူတို့အား ကိုယ်တော်​သတိပေး​ဆုံးမ​ခဲ့​သည်။ (မဿဲ ၅:၂၇၊ ၂၈) သင့်မြတ်​လျော်​ကန်​လှ​သည့် သတိပေး​ချက်​ပင်! သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​အကြောင်း တွေးတောခြင်း​ဖြင့် ယင်းကို​ကျူးလွန်​မည့်​လမ်းကို အဘယ်​အကြောင်းကြောင့် စ​လျှောက်​မည်​နည်း။ မတရားမေထုန်​ပြုခြင်း​နှင့် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​သည် နှလုံး​ထဲ​မှ​ထွက်​လာ​သည်​ဟု ယေရှု​ဆို​၏။ (မဿဲ ၁၅:၁၈၊ ၁၉) ကျွန်ုပ်​တို့၏​နှလုံးကို​စောင့်ရှောက်ခြင်း​သည် ပညာရှိရာ​ရောက်​၏။—သု. ၄:၂၃

တောင်ပေါ်​တရားတော်​တွင် ရန်သူများ​ကို​ချစ်ခြင်း၊ ရက်ရောမှု​တင်ပြခြင်း၊ ရုပ်ပစ္စည်း​နှင့် ဝိညာဉ်​ရေးရာ​များ​အပေါ် သဘောထား​မှန်​ရှိ​ခြင်း စ​သည်​တို့​နှင့်​စပ်​လျ​ဉ်း​သည့် အကောင်းဆုံး​အကြံပြုချက်များ​လည်း ပါဝင်​သည်။ (မဿဲ ၅:၄၃-၄၇; ၆:၁-၄၊ ၁၉-၂၁၊ ၂၄-၃၄) ယေရှုသည် မိမိ၏​ပရိသတ်​များ​ကို မည်သို့​ဆုတောင်း​ရမည်ကို​သင်ပေးခြင်း​ဖြင့် ဘုရားသခင်​၏​ကူညီ​မစမှု ရှာယူ​နိုင်​ပုံ​ကို​ပင် ပြသ​ပေး​ခဲ့​သည်။ (မဿဲ ၆:၉-၁၃) ခေါင်းဆောင်​မေရှိယ​သည် လူသား​တို့​ကြုံ​ရလေ့​ရှိသော ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်း​တတ်​ရန် မိမိ​နောက်တော်လိုက်​များ​ကို ခွန်အား​ပေး​ကာ ပြင်ဆင်​ပေး​ခဲ့​သည်။

ယေရှုသည် တောင်ပေါ်​တရားတော်​တွင် ခြောက်​ကြိမ်​တိုင်အောင် “သင်တို့​ကြား​ရပြီ၊” သို့​မဟုတ် “ပညတ်စကား​ရှိပြီ” ဟူသော​အသုံးအနှုန်း​ဖြင့် မြွက်ဆို​ချက်​ကို အစပြု​ခဲ့​သည်၊ သို့သော် “ငါ​ပညတ်​သည်​ကား” ဟု​ဆို​ကာ အခြား​အယူအဆကို တင်ပြ​ခဲ့​သည်။ (မဿဲ ၅:၂၁၊ ၂၂၊ ၂၇၊ ၂၈၊ ၃၁-၃၄၊ ၃၈၊ ၃၉၊ ၄၃၊ ၄၄) ယင်းက ကိုယ်တော်​၏​ပရိသတ်​သည် နှုတ်​တိုက်​ပို့ချ​သော ဖာရိရှဲ​ထုံးတမ်း​စဉ်​လာ​အရ လမ်းစဉ်​အချို့​ကို ပြုမူ​ကျင့်ကြံ​လေ့​ရှိကြောင်း ညွှန်ပြ​သည်။ သို့သော် ယေရှုသည် မောရှေ​ပညတ်​၏​ဆိုလိုရင်း​ကို ထင်ဟပ်ပြ​သည့် ခြားနား​သော​လမ်းစဉ်​ကို ပြသ​ခဲ့​သည်။ ယင်းကြောင့် ယေရှုသည် အပြောင်းအလဲ​တစ်ခု​ကို စတင်​သင်ကြား​ပေး​ကာ ၎င်းကို​မိမိ၏​နောက်တော်လိုက်​များ လက်ခံဖို့ လွယ်ကူ​မည့်​နည်းဖြင့် မိန့်တော်မူ​ခဲ့​သည်။ မှန်ပါသည်၊ ယေရှုသည် လူအများ မိမိတို့​အသက်တာကို ဝိညာဉ်​ရေး​အရ​ရော ကျင့်ဝတ်​ပိုင်း​အရ​ပါ သိသိသာသာ​ပြောင်းလဲ​ပစ်​ရန် လှုံ့ဆော်ပေး​ခဲ့​သည်။ ယင်းသည် ခေါင်းဆောင်​ကောင်း​တစ်ဦး၏ အမှတ်လက္ခဏာ​ပင်။

ထိုသို့​သော​ပြောင်းလဲမှု​ကို ဖြစ်မြောက်​စေခြင်း​သည် မည်မျှ​ခက်ခဲ​ကြောင်း အုပ်ချုပ်မှု​ပြဋ္ဌာန်း​စာအုပ်​က ထောက်ပြ​သည်။ ၎င်း​က​ဤသို့​ဆို​သည်– “ပြောင်းလဲမှု​ဖြစ်ပေါ်​စေသည့် စွမ်းဆောင်​သူ[ခေါင်းဆောင်] တစ်ဦး​သည် လူမှု​ဝန်ထမ်း​တစ်ဦး၏ နားလည်​ခံစားမှု၊ စိတ်​ပညာရှင်​တစ်ဦး၏ ထိုးထွင်း​သိမြင်​တတ်​မှု၊ မာရသွန်​အပြေးသမား​တစ်ဦး၏ သက်လုံ​ကောင်းမှု၊ ခွေး​ဘီလူး​တစ်ကောင်​၏ ဇွဲကောင်း​မှု၊ ရ​သေ့​တစ်ဦး၏ ကိုယ့်​အား​ကိုယ်​ကိုး​ရပ်တည်မှု​နှင့် သူတော်စင်​တစ်ဦး၏ သည်းခံ​နိုင်​မှု​အစွမ်း​တို့ ရှိဖို့လို​သည်။ ထို​အရည်အသွေး​အားလုံး​ရှိသည့်​တိုင် အောင်မြင်မှု​အတွက် အာမခံချက်​မရှိ​ချေ။”

“နောက်လိုက်​နောက်​ပါ​များ​ကို ပြုမူ​ကျင့်ကြံ​စေ​လို​သည့်​အတိုင်း ခေါင်းဆောင်​များသည် ပြုမူ​ရမည်” ဟု “ခေါင်းဆောင်မှု– ပင်ကိုစရိုက်​သည် အကြောင်း​လော” ခေါင်းစဉ်​ရှိ​ဆောင်းပါး​တစ်ခု​၌ ရေးထားသည်။ အမှန်​သော် ခေါင်းဆောင်​ကောင်း​တစ်ဦး​သည် သူ​ဟောပြော​ရာ​များ​ကို လက်တွေ့​လုပ်ဆောင်​သည်။ ယေရှု​ခရစ်​နှင့် အလွန်​ကိုက်ညီ​လှ​သည်​တကား! မှန်​၏၊ ကိုယ်တော်​သည် မိမိ​နှင့်အတူ​ရှိသူ​များ​ကို နှိမ့်ချ​ရန်​သင်ကြား​ပေး​ခဲ့​သည်၊ သို့သော် သူတို့၏​ခြေ​ကို​ဆေး​ပေးခြင်း​ဖြင့် လက်တွေ့ကျ​သင်ခန်းစာ​တစ်ခု​ကိုလည်း ပေး​ခဲ့​သည်။ (ယောဟန် ၁၃:၅-၁၅) ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော သတင်းကောင်းကို​ဟော​ရန် တမန်​တော်​များ​ကို​သာ စေလွှတ်ခဲ့​ခြင်း​မဟုတ်ဘဲ ထို​လုပ်ငန်း​တွင် ကိုယ်တော်တိုင် အားသွန်ခွန်စိုက်​ပါဝင်​ခဲ့​သည်။ (မဿဲ ၄:၁၈-၂၅; လုကာ ၈:၁-၃; ၉:၁-၆; ၁၀:၁-၂၄; ယောဟန် ၁၀:၄၀-၄၂) ခေါင်းဆောင်မှု​ကို တုံ့ပြန်​သည့်​ကိစ္စရပ်​တွင် ယေရှုသည် စံနမူနာ​ချမှတ်​ပေး​ခဲ့​သည်။ မိမိ​ကိုယ်တိုင်​အကြောင်း ဤသို့​ဆို​သည်– “ခမည်းတော်​ပြု​တော်​မူ​သော​အမှုကို သားတော်​သည် မြင်​၍​သာ​ပြု​၏။ မိမိ​အလိုအလျောက် အဘယ်​အမှုကို​မျှ​မပြု​နိုင်။”—ယောဟန် ၅:၁၉

အထက်​ဆို​ခဲ့​ပြီး​သော ယေရှု​မိန့်တော်မူရာ​နှင့် ပြု​တော်​မူ​ခဲ့​ရာ​များ​ကို ထည့်သွင်း​စဉ်းစား​သော် ကိုယ်တော်​သည် စံ​ထား​အပ်သော ခေါင်းဆောင်​ဖြစ်​ကြောင်း ထင်ရှား​သည်။ ကိုယ်တော်​သည် ခေါင်းဆောင်​ကောင်း​များ​အတွက် လူ့​စံနှုန်း​ရှိသမျှ​ထက် သာလွန်​သည်။ ယေရှုသည် စုံလင်​တော်​မူ​၏။ သေဆုံး​၍ ရှင်ပြန်ထမြောက်​ပြီး​နောက် ကိုယ်တော်​သည် မသေ​နိုင်သော​အဖြစ်ကို​ရရှိ​ကာ ထာဝရ​အသက်​နှင့်​ပြည့်စုံ​၏။ (၁ ပေတရု ၃:၁၈; ဗျာဒိတ် ၁:၁၃-၁၈) အဘယ်​လူသား​ခေါင်းဆောင်​သည် ထို​အရည်အချင်းများ​ကို မီနိုင်​မည်​နည်း။

ကျွန်ုပ်​တို့ ဘာလုပ်​ရမည်​နည်း

စိုးစံ​လျက်​ရှိသော ဘုရားသခင့် နိုင်ငံတော်​ဘုရင် “ခေါင်းဆောင်​မေရှိယ” သည် နာခံမှု​ရှိသော​လူသားများ​အပေါ် ကောင်းချီး​မင်္ဂလာ သွန်းလောင်း​မည်​ဖြစ်သည်။ ဤ​အချက်​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​၌ ကတိပြု​သည်– “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့ မြေကြီး​သည် ထာဝရ​ဘုရား​ကို​သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ​လိမ့်​မည်။” (ဟေရှာယ ၁၁:၉) “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁) “လူအပေါင်း​တို့သည် ကိုယ်ပိုင်​သော စပျစ်​ပင်၊ ကိုယ်ပိုင်​သော​သင်္ဘောသဖန်း​ပင်​အောက်မှာ ထိုင်​ကြလိမ့်မည်။ ကြောက်​စေသော​သူ တစ်ယောက်မျှ​မရှိ​ရ။” (မိက္ခာ ၄:၄) “ဘုရားသခင်​သည် ကိုယ်တော်တိုင်​သူတို့နှင့်​အတူ​ရှိနေ . . . တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄

ယနေ့ ကမ္ဘာ​လောကသည် ခေါင်းဆောင်မှု အကျပ်အတည်း​နှင့် တွေ့ကြုံ​နေကြ​ရသည်။ သို့သော် ယေရှု​ခရစ်​သည် စိတ်​နှိမ့်ချ​သူများကို ငြိမ်းချမ်း​သော​ကမ္ဘာသစ်​သို့ ဦးဆောင်​နေသည်၊ ထို​တွင် နာခံ​သော​လူသား​တို့သည် ယေဟောဝါ​ဘုရားသခင်​အား​ဝတ်ပြုရေးတွင် ပေါင်းစည်း​လာ​ကြ​မည်​ဖြစ်​ကာ စုံလင်ခြင်း​အဖြစ်သို့ တက်လှမ်း​ကြ​မည်​ဖြစ်သည်။ စစ်မှန်သော​ဘုရားသခင်​နှင့် ကိုယ်တော်​ခန့်အပ်​ထားသော ခေါင်းဆောင်​ကို​သိကျွမ်း​ရန် အချိန်​ယူ​ကာ ထို​အသိပညာနှင့်​အညီ ပြုမူ​နေထိုင်ခြင်း​သည် မည်မျှ​အရေးကြီး​လှ​သည်​တကား!—ယောဟန် ၁၇:၃

လူတစ်ဦးကို ကျွန်ုပ်​တို့​ချီးမွမ်း​ဂုဏ်ပြု​နိုင်​သည့် အကောင်းဆုံးနည်း​တစ်နည်း​ကား သူ့​အား​တုပခြင်း​ဖြစ်သည်။ ထို့​ကြောင့် လူ့​သမိုင်း​တွင် အကြီးမြတ်ဆုံး​ခေါင်းဆောင် ယေရှု​ခရစ်​ကို တုပ​ရန် မကြိုးစား​သင့်​ပေ​လော။ ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​မည်​နည်း။ ကိုယ်တော်​၏​အုပ်ချုပ်မှု​ကို လက်ခံခြင်း​က ကျွန်ုပ်​တို့​အသက်တာအပေါ် အဘယ်​အကျိုး​သက်ရောက်မှု​ရှိ​မည်​နည်း။ ထို​မေးခွန်းများ​နှင့် အခြား​မေးခွန်းများကို နောက်​ဆောင်းပါး​နှစ်ခု​တွင် ဆွေးနွေး​တင်ပြ​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည့် ဒံယေလ​၏​ပရောဖက်ပြုချက်​ကို ဂရုပြု​လော့! စာအုပ်၊ စာမျက်နှာ ၁၈၆-၉၂ ကို​ရှု။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဘုရားသခင်​ရွေးချယ်သော​ခေါင်းဆောင် ကြွလာ​မည်​ကို ဒံယေလ​တင်ကြို​ပရောဖက်ပြု​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှု၏​သွန်သင်ချက်​များ​က ဘဝ​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်းရန် လူ​တို့ကို ပြင်ဆင်​ပေး

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုသည် နာခံ​သော​လူသားများ​ကို ငြိမ်းချမ်း​သော​ကမ္ဘာသစ်​သို့ ဦးဆောင်​တော်​မူ​မည်