မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

အပျိုကညာ​မာရိ​၏​မစုံလင်မှု​က ယေရှု​အား ပဋိသန္ဓေ​တည်​ခြင်း​အပေါ် ဆိုးကျိုး သက်ရောက်​ခဲ့​သလော။

‘ယေရှု၏​ဖွားမြင်ခြင်း’ နှင့်​ပတ်သက်​၍ မှုတ်သွင်းခံ​မှတ်တမ်းက ဤသို့​ဆို​သည်– “မယ်တော်​မာရိသည် ယောသပ်​နှင့်​ထိမ်းမြား​ပြီး​၍ မဆက်ဆံ​မီ​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​ကြောင့် ပဋိသန္ဓေ​ရှိ​နေသည်​ကို​သိမြင်ရ၏။” (မဿဲ ၁:၁၈သမ္မာ) မာရိ​၏​ပဋိသန္ဓေ​စွဲကပ်​မှု​တွင် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် ပဓာန​ကျ​သော​အပိုင်းကဏ္ဍ​မှ အမှန်ပင်​ပါဝင်​ခဲ့​သည်။

သို့သော် မာရိနှင့်​ပတ်သက်​၍ အသို့နည်း။ သူ၏​မ​မျိုး​ဥ သို့​မဟုတ် သား​ဥ​သည် ပဋိသန္ဓေ​တည်​ခြင်း​နှင့်​စပ်လျဉ်း၍ ပံ့ပိုး​ကူညီပေး​သလော။ မာရိ​၏​ဘိုးဘေး​များ​ဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ယုဒ​နှင့် ဘုရင်​ဒါဝိဒ်​တို့အား ပြု​ခဲ့​သော ဘုရားသခင့်​ကတိတော်​များ​ကို ထောက်​ချ​င့်​ရာ​တွင် မွေးလာ​သောက​လေးမှာ သူတို့​ထံ​မှ အမှန်တကယ်​ဆင်းသက်လာ​သူ​ဖြစ်​ရ​လိမ့်​မည်။ (ကမ္ဘာဦး ၂၂:၁၈; ၂၆:၂၄; ၂၈:၁၀-၁၄; ၄၉:၁၀; ၂ ဓမ္မ​ရာဇဝင် ၇:၁၆) အခြား​အဘယ်​နည်းဖြင့် မာရိ​မွေးဖွား​ခဲ့​သော ထို​ကလေး​သည် ဘုရားသခင့်​ဤ​ကတိတော်​များ​ကို​အမွေခံထိုက်သူ ဖြစ်​နိုင်​သနည်း။ ကိုယ်တော်​သည် မာရိ​၏​သား​စစ်စစ်​ဖြစ်​ရ​လိမ့်​မည်။—လုကာ ၃:၂၃-၃၄

အပျိုကညာ​မာရိ​ထံ ယေဟောဝါ​၏​ကောင်းကင်တမန် ပေါ်လာ​ပြီး ဤသို့​ပြောဆို​ခဲ့​သည်– “မာရိ၊ ကြောက်ရွံ့ ခြင်း​မရှိ​နှင့်။ သင်သည် ဘုရားသခင့်​ရှေ့တော်၌ မျက်နှာ​ရပြီ။ သင်သည် ပဋိသန္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်​မည်။ ထို​သားကို ယေရှု​အမည်​ဖြင့်​မှည့်​ရမည်။” (လုကာ ၁:၃၀၊ ၃၁) ပဋိသန္ဓေ​တည်ရာ​တွင် သား​ဥ​တစ်​ဥ​မှာ သန္ဓေ​အောင်​လာဖို့​လိုအပ်​သည်။ ထင်ရှား​နေသည်​ကား ယေဟောဝါ​ဘုရားသခင်​သည် ကိုယ်တော့်​တစ်ပါး​တည်း​သော​သားတော်​၏​အသက်ကို နာမ်ဝိညာဉ်​လောက​မှ ကမ္ဘာ​မြေပေါ်​သို့ ပြောင်းရွှေ့​ပေးခြင်း​ဖြင့် မာရိ​၏​သား​အိမ်တွင်း​ရှိ မျိုး​ဥ​တစ်​ဥ​ကို သန္ဓေ​အောင်​စေ​ခဲ့​သည်။—ဂလာတိ ၄:၄

ဤနည်းဖြင့် မစုံလင်သူ​အမျိုးသမီး​တစ်ဦး ပဋိသန္ဓေ​လွယ်​ခဲ့​သော ကလေး​တစ်ဦး​သည် စုံလင်​၍ ကိုယ်ခန္ဓာ အပြစ်ကင်း​စင်​နိုင်​ပါ​မည်​လော။ စုံလင်မှု​သည် မစုံလင်မှု​နှင့် ပေါင်းစပ်​လျှင် အမွေဆက်ခံ​ခြင်း​ဥပဒေသ​က မည်သို့ ရှိ​သနည်း။ သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင့်​သားတော်​၏ စုံလင်သော​အသက်စွမ်းအား​ကို ပြောင်းရွှေ့​ပေး​ခဲ့​ပြီး ပဋိသန္ဓေ​စွဲ​စေ​ခဲ့​ကြောင်း သတိရပါ။ ယင်းက မာရိ​၏​သား​ဥ​တွင် တည်ရှိ​နေသော မည်သည့်​မစုံလင်မှုကို​မဆို ပျက်ပြား​သွား​စေပြီး ထိုသို့​အားဖြင့် ယင်း​၏​အစ​မူလ​မှ​စ၍ စုံလင်​သည့် မျိုးရိုး​ဗီဇ​ပုံစံ​ကို ဖြစ်ပေါ်​စေ​သည်။

မည်သို့​ပင်​ဖြစ်စေ ထို​အချိန်၌ ဘုရားသခင့်​သန်​ရှင်း​သော​ဝိညာဉ်​တော်​လုပ်ဆောင်မှု​က ဘုရားသခင့်​ရည်ရွယ်တော်မူချက် အောင်မြင်​စေ​လိမ့်​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ကောင်းကင်တမန်​ဂါဗြေလ​က မာရိ​ကို ဤသို့ ရှင်းပြ​ခဲ့​သည်– “သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်၏​အပေါ်မှာ​သက်ရောက်​တော်​မူ​၍၊ အမြင့်ဆုံး​သော​ဘုရား[သခင်]၏​တန်ခိုး​အာနုဘော်​တော်​သည် သင့်ကို​လွှမ်းမိုး​လိမ့်​မည်။ ထို​အကြောင်းကြောင့် ထို​သန့်ရှင်းသော​သား​သည်လည်း ဘုရားသခင်​၏​သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံရ​လိမ့်​မည်။” (လုကာ ၁:၃၅) မှန်ပါသည်၊ ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် သန္ဓေ​လွယ်​စဉ်​ကာလ​တစ်လျှောက်​၌ ကာကွယ်​မှု​ပေး​ပြီး ကြီးထွား​လာ​နေသော​သန္ဓေသား​ကို မည်သည့်​မစုံလင်မှု၊ မည်သည့်​ဆိုးကျိုး​မျှ ခံရ​စေမည်​မဟုတ်​ချေ။

ရှင်း​နေသည်​ကား စုံလင်သော​လူ့​အသက်ကို ယေရှု​ရရှိ​ခြင်း​မှာ မည်သည့်​လူသား​ကြောင့်​မျှ​မဟုတ်ဘဲ ကိုယ်တော်​၏​ကောင်းကင်​ခမည်းတော်​ကြောင့်​သာ​ဖြစ်သည်။ ယေဟောဝါ​သည် ကိုယ်တော့်​အတွက် “ကိုယ်ခန္ဓာ​ကို​ပြင်ဆင်​တော်​မူ​ပြီ၊” ထို့​အပြင် ယေရှုသည် သန္ဓေတည်​ချိန်​မှ​စ၍ အမှန်ပင် “အညစ်အကြေး​နှင့်​ကင်းလွတ်​လျက် အပြစ်ရှိ​သော​သူတို့ နှင့်​မဆက်ဆံ” ခဲ့​ချေ။—ဟေဗြဲ ၇:၂၆; ၁၀:၅

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

“သင်သည် ပဋိသန္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွားမြင်​လိမ့်​မည်”