ဆေးနှင့်ပြုပြင်ခြင်း ခရစ်ယာန်များအတွက် သင့်လျော်သလော
ဆေးနှင့်ပြုပြင်ခြင်း ခရစ်ယာန်များအတွက် သင့်လျော်သလော
တည်ကြည်သောဘိုးဘေးယာကုပ်သည် အသက်ထွက်ခါနီးတွင် “ခါနာန်ပြည်၊ မံရေမြို့ရှေ့ ဟိတ္တိလူဧဖရုန်ပိုင်သော မပ္ပေလခေါ် မြေကွက် . . . ဂူတွင် ဘိုးဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြလော့” ဟူ၍ နောက်ဆုံးတောင်းဆိုခဲ့သည်။ —ကမ္ဘာဦး ၄၉:၂၉-၃၁၊ သမ။
ထိုအချိန်က အီဂျစ်ပြည်တွင် ခေတ်စားနေသော ထုံးစံကိုအသုံးပြု၍ ဖခင်၏တောင်းဆိုချက်အတိုင်း ယောသပ်လုပ်ဆောင်ပေးခဲ့၏။ သူသည် “အဘ . . . အလောင်းကိုခံအောင် ဆေးနှင့်ပြုပြင်စေရန် . . . ကျွန်ဆေးသမားတို့” အားအမိန့်ပေးလိုက်သည်။ ကမ္ဘာဦးကျမ်းအခန်းကြီး ၅၀ တွင်တွေ့ရသည့် မှတ်တမ်းအရ ဆေးသမားများသည် အလောင်းကိုပြင်ဆင်ရန် ထုံးစံအတိုင်းရက် ၄၀ ကြာ၏။ ယာကုပ်၏ရုပ်ကလာပ်ကို ဆေးနှင့်ပြုပြင်ထားသောကြောင့် သူ၏မိသားစုနှင့် အီဂျစ်အရာရှိများလိုက်ပါသည့် တရွေ့ရွေ့မောင်းနှင်သော လှည်းရထားကြီးဖြင့် ယာကုပ်၏အလောင်းကို ဟေဗြုန်မြို့တွင် သင်္ဂြိုဟ်ရန် မိုင် ၂၅၀ ခန့်ခရီးကို သွားနိုင်ခဲ့သည်။—ကမ္ဘာဦး ၅၀:၁-၁၄၊ သမ။
ဆေးနှင့်ပြုပြင်ထားသော ယာကုပ်၏ရုပ်ကလာပ်ကို တစ်နေ့သောအခါ တွေ့နိုင်မည်လော။ တွေ့ဖို့ အလွန်ခဲယဉ်းပေမည်။ ဣသရေလနိုင်ငံသည် ရေပေါများသောဒေသတစ်ခုဖြစ်ရာ ထိုဒေသတွင် ရှေးဟောင်းလက်ရာအမျိုးအစားတိုင်းကို တွေ့ရှိရန် မလွယ်ချေ။ (ထွက်မြောက်ရာ ၃:၈) ရှေးကျသောသတ္တုနှင့် ကျောက်တုံးများ ပေါများသော်လည်း အဝတ်အထည်၊ သားရေနှင့် ဆေးနှင့်ပြုပြင်ထားသော ရုပ်ကလာပ်များ အစရှိသည့် ခိုင်ခံ့မှုမရှိသောပစ္စည်းများမှာမူ စိုထိုင်းမှုဒဏ်နှင့် အချိန်ကာလပြောင်းလဲမှုဒဏ်ကို မခံနိုင်ကြချေ။
ရုပ်ကလာပ်ကို ဆေးနှင့်ပြုပြင်ခြင်းကား အဘယ်နည်း။ ၎င်းကို အဘယ်ကြောင့်ပြုလုပ်ကြသနည်း။ ယင်းကို ခရစ်ယာန်များပြုလုပ်နိုင်သလော။
အဘယ်နေရာတွင် ထိုထုံးစံ အစပြုခဲ့သနည်း
ဆေးနှင့်ပြုပြင်ခြင်းဟူသည် လူ သို့မဟုတ် တိရစ္ဆာန်ရုပ်ကလာပ်ကို မပုပ်ပျက်စေရန် ကြာရှည်ထားရှိခြင်းဟု ဖော်ပြနိုင်ပေ၏။ ဆေးနှင့်ပြုပြင်ခြင်းသည် အီဂျစ်ပြည်မှစတင်ခဲ့သည်ဟု သမိုင်းပညာရှင်များ လက်ခံကြသော်လည်း ယင်းထုံးစံကို ရှေးအာရှုရိ၊ ပါရှန်းနှင့် ဆစ်သီယန်းတို့လည်း လိုက်ခဲ့ကြ၏။ သဲကန္တာရတွင် မြုပ်နေသော သဘာဝအလျောက် မပုပ်မသိုးသည့် ရုပ်ကလာပ်များကို တွေ့ရှိခဲ့ကြရာ ဆေးနှင့်ပြုပြင်ခြင်းကို စတင်စိတ်ဝင်စားလာ၍ စမ်းသပ်ခဲ့ကြလေသည်။ ဤသို့မြေမြုပ်နေခြင်းက ရုပ်ကလာပ်ကို စိုထိုင်းမှုနှင့်လေ သက်ရောက်မှုမရှိသောကြောင့် တော်ရုံနှင့်မပုပ်ပျက်နိုင်တော့ချေ။ ရုပ်ကလာပ်များကို အီဂျစ်ပြည်နှင့် ၎င်းအနီးတစ်ဝိုက်ရှိ ဆားဓာတ်ပါသော နေထရွန် (ဆိုဒီယမ်ကာဗွန်နိတ်) ၌မပုပ်မပျက်တွေ့ရှိချိန်မှစ၍ ဆေးနှင့်ပြုပြင်ခြင်းထုံးစံ စတင်ခဲ့သည်ဟု အချို့ကယူဆကြ၏။
ဆေးနှင့်ပြုပြင်သူ၏ ရည်ရွယ်ချက်ကား သေဆုံးပြီးနာရီပိုင်းအတွင်း ရုပ်ကလာပ်ကို ပုပ်ပျက်စေသည့် သဘာဝဗက်တီးရီးယားပိုးကို တိုက်ဖျက်ရန်မျှသာဖြစ်သည်။ ယင်းဖြစ်စဉ်ကို ရှောင်ဖယ်နိုင်လျှင် ပုပ်ပျက်တော့မည်မဟုတ်၊ သို့မဟုတ် အနည်းဆုံးတော့ ပုပ်ပျက်နှုန်းကို နှေးသွားစေမည်။ ဆေးနှင့်ပြုပြင်ရခြင်း၏ အချက်သုံးချက်မှာ– အသက်ရှင်နေသည့်အလား ရုပ်ကလာပ်ကို ကြာရှည်ခံစေလိုခြင်း၊ မပုပ်မပျက်ရန် ကာကွယ်ပေးခြင်းနှင့် ရုပ်ကလာပ်ကို အင်းဆက်ပိုးများ၏ရန်မှ ကာကွယ်ပေးခြင်းတို့ဖြစ်၏။
ရှေးအီဂျစ်လူများသည် အဓိကအားဖြင့် ဘာသာရေးအကြောင်းများကြောင့် လူသေများကို ဆေးနှင့်ပြုပြင်ခဲ့ကြခြင်းဖြစ်သည်။ တမလွန်ဘဝနှင့်ပတ်သက်သည့် သူတို့၏ယူဆချက်သည် ရုပ်လောကနှင့် အဆက်အသွယ်မဖြတ်လိုခြင်းနှင့် ဆက်စပ်သည်။ သူတို့၏ရုပ်ခန္ဓာများကို ထာဝစဉ်အသုံးပြုသွားမည်ဖြစ်ပြီး အသက်ပြန်ရှင်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြ၏။ ရုပ်ကလာပ်ကို ဆေးနှင့်ပြုပြင်လေ့ရှိခဲ့ကြသော်လည်း ယင်းကို မည်သို့မည်ပုံပြုလုပ်ကြောင်း အဘယ်အီဂျစ်မှတ်တမ်းကိုမျှ ယနေ့အထိ မတွေ့ရသေးချေ။ အကောင်းဆုံးမှတ်တမ်းမှာ ဘီ.စီ.အီး. ပဉ္စမရာစုမှ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်၏မှတ်တမ်းဖြစ်၏။ သို့ရာတွင် ဟဲရိုဒိုတပ်စ်၏ညွှန်ကြားချက်များအတိုင်း ပြန်ကြိုးစားပြုလုပ်သော်လည်း မအောင်မြင်လှချေဟု သိရှိရ၏။
ခရစ်ယာန်များအတွက်လော
ယာကုပ်အား ဆေးနှင့်ပြုပြင်ပေးခဲ့သူတို့သည် သူနှင့် ဘာသာရေးယုံကြည်ခြင်းမတူသူများ ဖြစ်ကြသည်။ သို့တိုင် ယောသပ်သည် ဖခင်၏ရုပ်ကလာပ်ကို ဆေးလိမ်းပေးသူများလက်ထဲ အပ်သောအခါ ထိုအချိန်က အီဂျစ်ပြည်တွင် ဆေးနှင့်ပြုပြင်ခြင်းထုံးစံအတိုင်း ဆုတောင်းဝတ်ပြုမှုအစီအစဉ်ကို ယောသပ်တောင်းဆိုခဲ့မည်မဟုတ်ချေ။ ယာကုပ်ရော၊ ယောသပ်ပါ ယုံကြည်သူများဖြစ်ကြ၏။ (ဟေဗြဲ ၁၁:၂၁၊ ၂၂) ယေဟောဝါ၏မိန့်မှာချက်အတိုင်းမဟုတ်သော်လည်း ယာကုပ်၏ရုပ်ကလာပ်ကို ဆေးနှင့်ပြုပြင်ခြင်းကို မသင့်တော်ဟု သမ္မာကျမ်းစာတွင် မဖော်ပြထားချေ။ ယာကုပ်၏ရုပ်ကလာပ်ကို ဆေးနှင့်ပြုပြင်ခြင်းသည် ဣသရေလလူမျိုးအတွက် သို့မဟုတ် ခရစ်ယာန်အသင်းတော်အတွက် ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည်ဟု မဆိုလိုချေ။ အမှန်မှာ ထိုအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် အတိအကျညွှန်ကြားချက်များ မပါချေ။ အီဂျစ်ပြည်တွင် ယောသပ်ကိုပင် ဆေးနှင့်ပြုပြင်ပြီးနောက် ကျမ်းစာတွင် ဆေးနှင့်ပြုပြင်ခြင်းအကြောင်း နောက်ထပ်မဖော်ပြတော့ပေ။—ကမ္ဘာဦး ၅၀:၂၆။
သေဆုံးသူကြာရှည်ခံရန် ဆေးနှင့်ပြုပြင်ခြင်းသည် ဟေဗြဲထုံးစံမဟုတ်ကြောင်း ပါလက်စတိုင်းရှိ သင်္ချိုင်းများမှတွေ့ရသော ပုပ်ပျက်နေသည့် လူသေအလောင်းများက ဖော်ပြ၏။ ဥပမာ၊ လာဇရုသည် ဆေးနှင့်ပြုပြင်ခြင်းမခံခဲ့ရချေ။ သူ့ကို အဝတ်နှင့်ကျပ်စည်းခဲ့သော်လည်း သင်္ချိုင်းကိုပိတ်ထားသော ကျောက်တုံးကို ရွှေ့တော့မည့်အခါ စိုးရိမ်ခဲ့ကြ၏။ လာဇရုသေဆုံးခဲ့သည်မှာ လေးရက်ကြာပြီဖြစ်သောကြောင့် သင်္ချိုင်းကိုဖွင့်သောအခါ နံနေမည်ဟု သူ၏အစ်မက ပြောခဲ့သည်။—ယောဟန် ၁၁:၃၈-၄၄။
ယေရှုခရစ်ကို ဆေးနှင့်ပြုပြင်ခဲ့သလော။ ခရစ်ဝင်ကျမ်းများက ထိုသို့ပြုခဲ့သည်ဟု မဖော်ပြထားချေ။ ထိုအချိန်က မသင်္ဂြိုဟ်မီ အမွှေးနံ့သာနှင့် ဆီမွှေးတို့ဖြင့် ရုပ်ခန္ဓာကိုပြင်ပေးရန် ဂျူးထုံးစံရှိခဲ့၏။ ဥပမာ၊ ယေရှု၏ရုပ်ခန္ဓာကိုပြင်ပေးရန် နိကောဒင်သည် အမွှေးနံ့သာအမြောက်အမြား အသုံးပြုခဲ့သည်။ (ယောဟန် ၁၉:၃၈-၄၂) အဘယ်ကြောင့် အမွှေးနံ့သာ ဤမျှအသုံးပြုခဲ့ရသနည်း။ ယေရှုကို နှစ်နှစ်ကာကာချစ်ပြီး ရိုသေလေးစားသောကြောင့် ဤမျှရက်ရောရန် လှုံ့ဆော်ပေးခံခဲ့ရပေမည်။ ရုပ်ခန္ဓာမပုပ်မသိုးရန် ရည်ရွယ်ချက်ဖြင့် အမွှေးနံ့သာများ ဤမျှအသုံးပြုခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ကောက်ချက်ချစရာမလိုပေ။
ခရစ်ယာန်တစ်ဦးသည် ဆေးနှင့်ပြုပြင်ခြင်းထုံးစံကို ကန့်ကွက်မည်လော။ လက်တွေ့ကျကျကြည့်မည်ဆိုလျှင် ဆေးနှင့်ပြုပြင်ခြင်းသည် ဖြစ်ပျက်မည့်အရာကို နှောင့်နှေးကြန့်ကြာစေရုံမျှဖြစ်သည်။ ကျွန်ုပ်တို့သည် မြေမှုန့်မှလာ၍ သေလျှင် မြေမှုန့်သို့ပြန်သွားရသည်။ (ကမ္ဘာဦး ၃:၁၉) သို့သော် သေဆုံးသည့်အချိန်မှ သင်္ဂြိုဟ်သည့်အထိ မည်မျှကြာမည်နည်း။ မိသားစုမှအချို့သူများနှင့် မိတ်ဆွေများသည် ရပ်ဝေးမှရောက်လာကြပြီး ရုပ်ခန္ဓာကိုကြည့်ရှုလိုလျှင် ရုပ်ကလာပ်ကို အနည်းနှင့်အများ ဆေးနှင့်ပြုပြင်ထားဖို့လိုပေမည်။
သို့ဖြစ်၍ ရုပ်ခန္ဓာကို ဆေးနှင့်ပြုပြင်ရန် ဒေသခံထုံးစံရှိမည်ဒေ. ၉:၅) ဘုရားသခင်၏အမှတ်သညာတွင် သူတို့ရှိမည်ဆိုလျှင် ကိုယ်တော်ကတိထားရာ ကမ္ဘာသစ်တွင် အသက်ပြန်ရှင်ထမြောက်လာကြလိမ့်မည်။—ယောဘ ၁၄:၁၃-၁၅; တမန်တော် ၂၄:၁၅; ၂ ပေတရု ၃:၁၃။
ဖြစ်စေ၊ မိသားစုမှအချို့သူများက ထိုသို့ပြုလုပ်လိုလျှင်ဖြစ်စေ ကျမ်းစာအရ ကန့်ကွက်စရာမရှိချေ။ သေသောသူမူကား “အဘယ်အရာကိုမျှမသိ။” ([စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဆေးနှင့်ပြုပြင်ခြင်း—အတိတ်နှင့်ယခု
ရှေးအီဂျစ်ပြည်တွင် ရုပ်ကလာပ်တစ်ခုကို မိသားစု၏အခြေအနေအပေါ်မူတည်၍ ဆေးနှင့်ပြုပြင်ပေးလေ့ရှိသည်။ ချမ်းသာကြွယ်ဝသောမိသားစုသည် အောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းကို ရွေးချယ်ပြုလုပ်ပေမည်–
သတ္တုချောင်းတစ်ချောင်းဖြင့် နှာခေါင်းပေါက်များမှတစ်ဆင့် ဦးနှောက်ကိုထုတ်ယူပေလိမ့်မည်။ ထိုနောက် ဦးခေါင်းခွံထဲ သင့်လျော်သောဆေးဝါးများ ထည့်သွင်းလိမ့်မည်။ နောက်တစ်ဆင့်တွင် နှလုံးနှင့် ကျောက်ကပ်များမှလွဲ၍ အတွင်းကလီစာအားလုံးကို ထုတ်ပစ်ကြ၏။ အတွင်းကလီစာကို ထုတ်ပစ်ရန် ကိုယ်ခန္ဓာကို ခွဲစိတ်ရမည်ဖြစ်သော်လည်း ယင်းကို အပြစ်ရှိသည်ဟု ယူဆကြ၏။ ဤပြဿနာကိုရှောင်ကွင်းရန် အီဂျစ်ဆေးပြုပြင်သူများသည် လှီးဖြတ်သူဟုခေါ်ဆိုသူအား ဝမ်းဗိုက်ကို ခွဲစိတ်ခိုင်းသည်။ သူသည် ဝမ်းဗိုက်ကို ခွဲပြီးသည်နှင့်တစ်ပြိုင်နက် ထွက်ပြေးလေသည်၊ အကြောင်းမှာ ယင်းအမှုကို ရာဇဝတ်မှုဟုယူမှတ်ကြရာ ကျိန်ဆဲ၍ ခဲနှင့်ပစ်ပေါက်ခြင်းဒဏ် သင့်မည်ဖြစ်သောကြောင့်ဖြစ်သည်။
ကလီစာထုတ်ထားသော ဝမ်းဗိုက်အခေါင်းကို အသေအချာဆေးကြောကြသည်။ “ထိုဝမ်းဗိုက်အခေါင်းထဲသို့ လော်ဗန်နံ့သာခဲမျိုးမှလွဲ၍ ကြိတ်ထားသောမုရန်စေးအစစ်၊ ပွေးကိုင်းမျိုးနှင့် အခြားအမွှေးအကြိုင်အမျိုးမျိုးကို ထည့်ပြီး အပေါက်ကိုချုပ်လိုက်ကြသည်” ဟု သမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်က ရေးသားဖော်ပြခဲ့၏။
ထို့နောက် ရုပ်ခန္ဓာမှရေကင်းစင်စေရန် နေထရွန်ဆေးရည်တွင် ရက်ပေါင်း ၇၀ စိမ်ထားကြရသည်။ ပြီးနောက် ရုပ်ကလာပ်ကို ဆေးကြော၍ လင်နင်ပိတ်ကြမ်းဖြင့် ကျွမ်းကျင်စွာကျပ်စည်းလိုက်ကြလေသည်။ သို့ ပြီးလျှင် လင်နင်ထည်ကို ကော်အဖြစ်အသုံးပြုသည့် ထင်းရှူးဆီ သို့မဟုတ် သစ်စေးကဲ့သို့ပစ္စည်းတစ်မျိုးမျိုးနှင့် သုတ်လိမ်း၍ မမ်မီရုပ်ကလာပ်ကို လူ့ခန္ဓာကိုယ်ပုံစံရှိ လှပစွာရေးခြယ်ထွင်းထုထားသော သစ်သားသေတ္တာထဲ ထည့်လိုက်ကြသည်။
ယနေ့ ဆေးနှင့်ပြုပြင်ခြင်းကို နာရီပိုင်းအတွင်း ပြုလုပ်နိုင်သည်။ သွေးပြန်ကြော၊ သွေးလွှတ်ကြောတို့နှင့် ဝမ်းခေါင်း၊ ရင်ခေါင်းထဲ မပုပ်မသိုးစေသည့်ဆေးရည်ကို တော်သင့်စွာထည့်သွင်းပေးခြင်းဖြင့် ပြုလုပ်လေ့ရှိ၏။ နှစ်များတစ်လျှောက် ဆေးရည်အမျိုးမျိုးကို တီထွင်အသုံးပြုခဲ့ကြပြီ။ သို့သော် အဖိုးနည်းပြီး အန္တရာယ်ကင်းသောကြောင့် ဖော်မယ်ဒီဟိုက်ကို မပုပ်မသိုးစေသည့် ဆေးရည်အဖြစ် အများဆုံးအသုံးပြုတတ်ကြ၏။
[ရုပ်ပုံ]
တူတန်ခါမန်ဘုရင်၏ ရွှေတလား