မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိမိ၏အသင်းတော်ကို ခရစ်တော်ဦးဆောင်

မိမိ၏အသင်းတော်ကို ခရစ်တော်ဦးဆောင်

မိမိ၏​အသင်းတော်ကို ခရစ်တော်​ဦးဆောင်

“ငါသည်​လည်း ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် သင်တို့​နှင့်အတူ​အစဉ်မပြတ်​ရှိသည်။”—မဿဲ ၂၈:၂၀

၁၊ ၂။ (က) ရှင်ပြန်ထမြောက်​ခဲ့​ပြီး​သော​ယေရှုသည် တပည့်​ဖြစ်စေ​ခြင်း​ပညတ်​ကို ပေး​သောအခါ မိမိ၏​နောက်လိုက်​များ​အား အဘယ်က​တိ​ပေး​သနည်း။ (ခ) ယေရှုသည် အစောပိုင်း​ခရစ်ယာန်​အသင်းတော်ကို မည်သို့​တက်တက်ကြွကြွ​ဦးဆောင်​ခဲ့​သနည်း။

ကောင်းကင်​သို့​မတက်ကြွမီ ရှင်ပြန်ထမြောက်​ခဲ့​သော ယေရှု​ခရစ်​သည် မိမိ၏​တပည့်​များ​ရှေ့ ထင်ရှား​တော်​မူ​ပြီး ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ကောင်းကင်ဘုံ​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း စီရင်ပိုင်​သော​အခွင့်တန်ခိုး​ရှိသမျှ​တို့ကို ငါ​ခံရ​ပြီ။ သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို​ငါ့​တပည့်​ဖြစ်စေ​လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ ဗတ္တိဇံ​ကို​ပေး​ကြလော့။ ငါသည် သင်တို့အား​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ကြလော့။ ငါသည်​လည်း ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်။”—မဿဲ ၂၃:၁၀; ၂၈:၁၈-၂၀

ယေရှုသည် မိမိ​တပည့်တော်​များ​အား တပည့်​များ​တိုးများ​လာ​စေပြီး အသက်ကယ်​ဆယ်​ရေး​လုပ်ငန်း​ကို​ထမ်းဆောင်​ဖို့ တာဝန်​ပေး​ရုံ​မ​က သူတို့နှင့်​အတူ ရှိ​တော်​မူ​မည်​ဟူ၍လည်း ကတိပေး​တော်​မူ​ခဲ့​၏။ ခရစ်တော်​သည် တည်ထောင်​စ​အသင်းတော်ကို​ဦးဆောင်​ရန် ကိုယ်တော်​အား ပေးအပ်​ထားသော​တန်ခိုး​အာဏာကို အသုံးပြု​ခဲ့​ကြောင်း တမန်တော်ဝတ္ထု​တွင် မှတ်တမ်း​တင်ထား​သည့် အစောပိုင်း​ခရစ်ယာန်​များ​၏​သမိုင်းက သက်သေထူ​၏။ ကိုယ်တော်​သည် မိမိ၏​နောက်လိုက်​များ​ကို ခွန်အား​ရှိစေပြီး သူတို့၏​ကြိုးပမ်းမှု​များ​ကို​ညွှန်ကြား​ရန် ကတိ​ထား​တော်​မူ​ခဲ့​သည့် “အကူအညီ၊” [က​ဘ] တည်း​ဟူသော သန့်ရှင်းသော​ဝိညာဉ်​တော်​ကို စေလွှတ်​တော်​မူ​ခဲ့​သည်။ (ယောဟန် ၁၆:၇; တမန်​တော် ၂:၄၊ ၃၃; ၁၃:၂-၄; ၁၆:၆-၁၀) ရှင်ပြန်ထမြောက်​ပြီး​သော ယေရှုသည် တပည့်တော်​များ​ကို ထောက်ပံ့​ကူညီပေး​ရန် မိမိ၏​ကွပ်ကဲမှု​အောက်​ရှိ ကောင်းကင်တမန်​များ​ကို အသုံးပြု​တော်​မူ​ခဲ့​သည်။ (တမန်​တော် ၅:၁၉; ၈:၂၆; ၁၀:၃-၈၊ ၂၂; ၁၂:၇-၁၁; ၂၇:၂၃၊ ၂၄; ၁ ပေတရု ၃:၂၂) ထို​ထက်​ကား အရည်အချင်း​ရှိ​အမျိုးသားများ​ကို အုပ်ချုပ်ရေး​အဖွဲ့​အဖြစ် ဆောင်ရွက်ရန်​စီစဉ်​ပေးခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​ခေါင်းဆောင်​သည် အသင်းတော်ကို ညွှန်ကြား​တော်​မူ​၏။—တမန်​တော် ၁:၂၀၊ ၂၄-၂၆; ၆:၁-၆; ၈:၅၊ ၁၄-၁၇

၃။ ဤ​ဆောင်းပါး​တွင် အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​ဆွေးနွေး​ကြ​မည်​နည်း။

သို့သော် ကျွန်ုပ်​တို့၏​အချိန် “အစီအစဉ်​စနစ်​ဆုံးခန်း၊” [က​ဘ] နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ယနေ့ ခရစ်ယာန်​အသင်းတော်ကို ယေရှု​ခရစ် မည်သို့​ဦးဆောင်​နေသနည်း။ ထို့​ပြင် ဤ​ခေါင်းဆောင်မှု​ကို ကျွန်ုပ်​တို့​လက်ခံ​ကြောင်း မည်သို့​ပြသ​နိုင်​ကြ​သနည်း။

သခင်၌ သစ္စာရှိ​ကျေးကျွန်​တစ်ဦး​ရှိ

၄။ (က) ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ တွင်​မည်သူ​တို့​ပါဝင်​သနည်း။ (ခ) သခင်သည် အဆိုပါ​ကျေးကျွန်​အား အဘယ်အရာကို​ဂရုစိုက်​ရန် လွှဲအပ်​ထား​တော်​မူ​သနည်း။

ကိုယ်တော်​ရောက်ရှိခြင်း​နိမိတ်​နှင့်​ပတ်သက်​၍ ပရောဖက်ပြုချက်​ပေး​ရာ​တွင် ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​သည်– “အရှင်​သည် မိမိ​အိမ်သူအိမ်သား​အပေါင်း​တို့အား အချိန်တန်လျှင် အစားအသောက်​တို့ကို​ဝေဖန်​စေခြင်း​ငှာ အ​အုပ်​အချုပ်​ခန့်​ထား​၍ သစ္စာ​နှင့်​လည်းကောင်း၊ သတိပညာ​နှင့်​လည်းကောင်း ပြည့်စုံသော​ကျွန်​ကား​အဘယ်သူ​နည်း။ အ​ကြင်​ကျွန်​သည် ဤသို့​ပြုလျက်​နေသည်​ကို အရှင်​သည်​ပြန်​လာ၍​တွေ့​၏။ ထို​ကျွန်​သည် မင်္ဂလာ​ရှိ၏။ ငါ​အမှန်​ဆိုသည်ကား၊ အရှင်​သည် မိမိ​ဥစ္စာ​ရှိသမျှ​တို့ကို ထို​ကျွန်​၌​အပ်​လိမ့်​မည်။” (မဿဲ ၂၄:၄၅-၄၇) ထို “သခင်” ကား ကျွန်ုပ်​တို့၏​ခေါင်းဆောင် ယေရှု​ခရစ်​ဖြစ်​ပြီး ကိုယ်တော်​၏​မြေကြီးဆိုင်ရာ အကျိုး​စီးပွား​မှန်သမျှကို ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ ဖြစ်သည့် ကမ္ဘာ​ပေါ်​ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အဖွဲ့​အား အပ်​ထား​တော်​မူ​ပြီ။

၅၊ ၆။ (က) တမန်​တော်​ယောဟန်​ရရှိသော အဆင်းအာရုံ​တစ်ခု​တွင် “ရွှေ​မီး​ခုံ​ခု​နစ်​ခုံ” နှင့် “ကြယ်​ခု​နစ်​လုံး” က အဘယ်အရာကို​ပုံဖော်​သနည်း။ (ခ) ယေရှု၏​လက်ယာလက်​တော်​၌ “ကြယ်​ခု​နစ်​လုံး” ရှိ​ခြင်း​ကား အဘယ်အရာကို ရည်ညွှန်း​သနည်း။

သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​သည် ယေရှု​ခရစ်​၏ တိုက်ရိုက်​ချုပ်ကိုင်​လမ်းညွှန်မှု​အောက်​ရှိကြောင်း ဗျာဒိတ်ကျမ်း​က​ဖော်ပြ​သည်။ “သခင့်​နေ့​တော်” နှင့်​ပတ်သက်သော​အဆင်းအာရုံ​တွင် တမန်​တော်​ယောဟန်​သည် “ရွှေ​မီး​ခုံ​ခု​နစ်​ခုံ​ကိုလည်း​ကောင်း၊ ထို​မီး​ခုံ​များ​အလယ်​၌ လူသား​နှင့်​တူသော​သူ​တစ်ဦး” သည် “လက်ယာလက်​တော်​၌ ကြယ်​ခု​နစ်​လုံး​ကို ကိုင်​လျက်​ရှိ” ကြောင်း မြင်တွေ့ခဲ့​သည်။ ယောဟန်​အား အဆိုပါ​အဆင်းအာရုံ​ကို​ရှင်းပြ​ရာ​၌ ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်​မြင်ရသော ငါ့​လက်ယာလက်​ပေါ်​မှ​ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခုံ​ခု​နစ်​ခုံ​တို့၏ မြင့်မြတ်​သော​လျှို့ဝှက်ချက်​ဟူ​မူ​ကား ကြယ်​ခု​နစ်​လုံး​သည် အသင်းတော်​ခု​နစ်​ပါး​၏ ကောင်းကင်တမန်​များ​ကို​ဆိုလို​ပြီး မီး​ခုံ​ခု​နစ်​ခုံ​မှာ အသင်းတော်​ခု​နစ်​ပါး​ကို​ဆိုလို​သည်။”—ဗျာဒိတ် ၁:၁၊ ၁၀-၂၀က​ဘ။

“ရွှေ​မီး​ခုံ​ခု​နစ်​ခုံ” မှာ ၁၉၁၄ ခုနှစ်​၌ စတင်​ခဲ့​သည့် “သခင့်​နေ့​တော်” အတွင်း​တည်ရှိ​နေသော စစ်မှန်သော​ခရစ်ယာန်​အသင်းတော်​အားလုံး​ကို ပုံဖော်​သည်။ သို့သော် “ကြယ်​ခု​နစ်​လုံး” ကား အဘယ်နည်း။ ဦးဆုံး​အနေ​ဖြင့် ၎င်းတို့သည် ပထမ​ရာစု​ရှိ​အသင်းတော်များ​ကို ကြည့်ရှု​စောင့်ရှောက်​ရသည့် ဝိညာဉ်​တော်​ဖွား၊ ခန့်အပ်​ခံ​ကြီးကြပ်မှူး​အားလုံး​ကို ပုံဆောင်​၏။ * ဤ​ကြီးကြပ်မှူး​များသည် ယေရှု၏​လက်ယာလက်​တော်၊ ကိုယ်တော်​၏ ချုပ်ကိုင်​လမ်းညွှန်မှု​အောက်​၌​ရှိကြသည်။ မှန်ပါသည်၊ ခရစ်တော်​ယေရှုသည် အဆိုပါ စုပေါင်း​ကျေးကျွန်​အတန်းအစား​ကို ဦးဆောင်​သည်။ သို့သော် ယခု ဝိညာဉ်​တော်​ဖွား​ကြီးကြပ်မှူး​များ​၏ အရေအတွက်​သည် အနည်းငယ်​သာ​ဖြစ်သည်။ ထို့​ကြောင့် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏​အသင်းတော်​ပေါင်း ၉၃,၀၀၀ ကျော်​သည် ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို မည်သို့​ခံ​ကြ​ရသနည်း။

၇။ (က) ကမ္ဘာ​တစ်ဝန်း​ရှိ​အသင်းတော်များ​ကို​ဦးဆောင်​ရန် အုပ်ချုပ်ရေးအဖွဲ့ကို ယေရှု​မည်သို့​အသုံးပြု​သနည်း။ (ခ) ခရစ်ယာန်​ကြီးကြပ်မှူး​များသည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ခန့်အပ်​ခံရ​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ပထမ​ရာစု​၌​ကဲ့သို့​ပင် ဝိညာဉ်​တော်​ဖွား​ကြီးကြပ်မှူး​များ​ထဲ​မှ အရည်အချင်း​ပြည့်မီ​သော​အမျိုးသား​အနည်းစု​သည် ယခု အုပ်ချုပ်ရေး​အဖွဲ့​အဖြစ် တာဝန်​ထမ်းဆောင်​နေပြီး ၎င်း​သည် သစ္စာ​နှင့်​သတိ​ပညာရှိ​စုပေါင်း​ကျေးကျွန်​ကို ကိုယ်စား​ပြု​၏။ ကျွန်ုပ်​တို့၏​ခေါင်းဆောင်​သည် ဤ​အုပ်ချုပ်ရေးအဖွဲ့ကို အသုံးပြု၍ ဒေသခံ​အသင်းတော်များ​တွင် ဝိညာဉ်​တော်​ဖွား​ဖြစ်စေ၊ မဖြစ်စေ အရည်အချင်း​ပြည့်မီ​သော အမျိုးသားများ​ကို အကြီးအကဲ​များ​အဖြစ် ခန့်အပ်​လေ​သည်။ ယင်း​နှင့်​ပတ်သက်​၍ ယေရှု​အား ယေဟောဝါ​အသုံးပြုခွင့်​ပေး​ထား​တော်​မူ​သည့် သန့်ရှင်းသော​ဝိညာဉ်တော်သည် အရေးပါသော​အခန်းကဏ္ဍ​မှ​ပါဝင်​သည်။ (တမန်​တော် ၂:၃၂၊ ၃၃) ဦးဆုံး​အနေ​နှင့် ဤ​ကြီးကြပ်မှူး​များသည် သန့်ရှင်းသော​ဝိညာဉ်​တော် မှုတ်သွင်းခြင်း​ကြောင့်​ပေါ်ထွက်​လာ​သည့် သမ္မာကျမ်းစာ​၌ ချမှတ်​ထားသော​တောင်းဆိုချက်​များ​ကို ပြည့်မီ​ကြ​ရမည်​ဖြစ်၏။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉; ၂ ပေတရု ၁:၂၀၊ ၂၁) အဆိုပါ​ထောက်ခံချက်​များနှင့် ခန့်အပ်​ချက်​များ​ကို ဆုတောင်း၍ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ညွှန်ကြားမှု​အတိုင်း ပြုလုပ်​ကြသည်။ ထို့​အပြင် ခန့်အပ်​ခံရ​သူများ​သည် အဆိုပါ​ဝိညာဉ်​တော်​၏​အသီးများ သီးပွင့်​ဖြစ်ထွန်း​ကြောင်း သက်သေထူ​ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထို​အခါ ပေါလု​၏ ဤ​ဆုံးမ​စကား​သည် ဝိညာဉ်​တော်​ဖွား​ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အကြီးအကဲ​အားလုံး​နှင့် သက်ဆိုင်​လေ​သည်– “သင်တို့သည် ကိုယ်ကို​သတိ​နှင့်​ကြည့်​ရ​ကြလော့။ . . . သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့ကို​အ​အုပ်​အချုပ်​ခန့်​ထား​တော်​မူ​သော သိုးစု​တစ်စုလုံး​ကိုလည်း သတိ​နှင့်​ကြည့်​ရ​ကြလော့။” (တမန်​တော် ၂၀:၂၈) ဤ​ခန့်အပ်​ခံ​အမျိုးသားများသည် အုပ်ချုပ်ရေး​အဖွဲ့​ထံ​မှ ညွှန်ကြားချက်​ရရှိကြ​ပြီး အသင်းတော်ကို​စေတနာ​စိတ်ဖြင့် ထိန်းကျောင်း​ပေး​ကြသည်။ ဤနည်းဖြင့် ခရစ်တော်​သည် ယခု ကျွန်ုပ်​တို့​နှင့်အတူ​ရှိ​တော်​မူ​ပြီး အသင်းတော်ကို တက်တက်ကြွကြွ​ဦးဆောင်​လျက်​ရှိ၏။

၈။ ခရစ်တော်​သည် မိမိ၏​နောက်လိုက်​များ​ကို ဦးဆောင်​ရန် ကောင်းကင်တမန်​များ​ကို မည်သို့​အသုံးပြု​တော်​မူ​သနည်း။

ယေရှုသည် ယနေ့ မိမိ၏​နောက်လိုက်​များ​ကို​ဦးဆောင်​ရန် စင်စစ်​ကောင်းကင်တမန်​များ​ကိုလည်း အသုံးပြု​တော်​မူ​၏။ ဂျုံ​စပါး​နှင့် တောပင် ပုံ​ဥပမာ​အရ ရိတ်သိမ်းချိန်​သည် “ဤ​ကမ္ဘာ​အဆုံး​၌” ရောက်ရှိ​လာ​လိမ့်​မည်။ သခင်သည် မည်​သူ့ကို​ရိတ်သိမ်း​စေတော်မူ​မည်​နည်း။“စပါး​ရိတ်​သော​သူ​ကား ကောင်းကင်တမန်​ဖြစ်၏” ဟု​ယေရှု​မိန့်တော်မူ​ပြီး ဤသို့​ထပ်ဆင့်​ဆို​သည်– “လူသား​သည် မိမိ​ကောင်းကင်တမန်​တို့ကို စေလွှတ်​ပြီး​လျှင်၊ မှားယွင်း​စေသော​သူတို့နှင့် မတရားသော​အမှုကိုပြု​သော​သူ ရှိသမျှ​တို့ကို နိုင်ငံတော်​ထဲ​က ရွေးနုတ်” လေ​သည်။ (မဿဲ ၁၃:၃၇-၄၁) ထို့​ပြင် အဲသယောပိ​အမတ်​ကို​ရှာတွေ့​ရန် ဖိလိပ္ပု​အား ကောင်းကင်တမန်​တစ်ပါး​က ညွှန်ကြား​ခဲ့​သကဲ့သို့ ယနေ့ စိတ်နှလုံး​ရိုး​ဖြောင့်​သူများကို ရှာဖွေ​ရာ​၌ စစ်မှန်သော​ခရစ်ယာန်​များ​၏​လုပ်ငန်း​ကို ညွှန်ကြား​ပေး​ရန် ကောင်းကင်တမန်​များ​အား ခရစ်တော်​အသုံးပြု​ကြောင်း သက်သေ​သာဓက​မြောက်မြားစွာ​ရှိ၏။—တမန်​တော် ၈:၂၆၊ ၂၇; ဗျာဒိတ် ၁၄:၆

၉။ (က) ခရစ်တော်​သည် ယနေ့ ခရစ်ယာန်​အသင်းတော်ကို အဘယ်​နည်းဖြင့်​ဦးဆောင်​သနည်း။ (ခ) ခရစ်တော်​၏​ဦးဆောင်မှု​မှ ကျွန်ုပ်​တို့​အကျိုးကျေးဇူး​ခံစားရ​လိုလျှင် အဘယ်​မေးခွန်း​ကို သုံးသပ်​သင့်​သနည်း။

ယနေ့ ယေရှု​ခရစ်​သည် အုပ်ချုပ်ရေး​အဖွဲ့၊ သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့် ကောင်းကင်တမန်​များ​မှ​တစ်ဆင့် မိမိ​တပည့်တော်​များ​ကို ခေါင်းဆောင်​နေကြောင်း သိထားရ​ခြင်း​က မည်မျှ​စိတ်​လန်းဆန်းမှု ဖြစ်စေ​သည်​တကား! ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ​အချို့​သည် နှိပ်စက်​ညှဉ်းပန်းမှု သို့​မဟုတ် ထို​ကဲ့သို့​သော​အကြောင်း​များ​ကြောင့် အုပ်ချုပ်ရေး​အဖွဲ့​နှင့် အခိုက်အတန့်​အဆက်ပြတ်​သွား​သည့်​တိုင် ခရစ်တော်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်လည်း​ကောင်း၊ ကောင်းကင်တမန်​များ​၏ ထောက်ပံ့​ကူညီ​မှု​အားဖြင့်လည်း​ကောင်း ဆက်​ဦးဆောင်​ပေး​ပေ​လိမ့်​မည်။ သို့သော် ကိုယ်တော်​၏​ခေါင်းဆောင်မှု​ကို ကျွန်ုပ်​တို့​လက်ခံ​မှ​သာ​လျှင် ယင်း​၏​အကျိုးကျေးဇူး​ကို ခံစားရ​မည်​ဖြစ်သည်။ ခရစ်တော်​၏​ဦးဆောင်မှု​ကို ကျွန်ုပ်​တို့​လက်ခံ​ကြောင်း မည်သို့​ဖော်ပြ​ကြ​မည်​နည်း။

“နာခံ​၍ လက်အောက်ခံ​လျက်​နေကြ​လော့”

၁၀။ အသင်းတော်တွင် ခန့်အပ်​ခံရ​သော​အကြီးအကဲ​များ​ကို လေးစားကြောင်း မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။

၁၀ ကျွန်ုပ်​တို့၏​ခေါင်းဆောင်​သည် အသင်းတော်ကို “လူ့​အသွင်​ဆုလာဘ်များ၊” [က​ဘ] ပေးသနား​တော်​မူ​ပြီး “အချို့​တို့ကို သာသနာပြု​အရာ​၌​လည်းကောင်း၊ အချို့​တို့ကို သင်း​အုပ်​အရာ၊ ဆရာ​အရာ​၌​လည်းကောင်း ခန့်​ထား​တော်​မူ​၏။” (ဧဖက် ၄:၈၊ ၁၁၊ ၁၂) ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို ကျွန်ုပ်​တို့​လက်ခံ၊ လက်မခံ​ကြောင်း ကျွန်ုပ်​တို့၏​သဘောထား​နှင့် အပြု​အမူ​တို့​က များစွာ​ထင်ရှားစေ​သည်။ ထို့​ကြောင့် ခရစ်တော်​ပေးအပ်​ထား​တော်​မူ​သော ဝိညာဉ်​ရေးရာ​အရည်အချင်း​ပြည့်မီ​သူတို့​အတွက် ကျွန်ုပ်​တို့ ‘ကျေးဇူး​တင်’ သင့်​ပေ​၏။ (ကောလောသဲ ၃:၁၅) ကျွန်ုပ်​တို့၏​လေးစားမှုကိုလည်း သူတို့​ခံထိုက်​သည်။ “ကောင်းမွန်​စွာ​အုပ်​သော​သင်း​အုပ် . . . တို့သည် နှစ်ဆ​သော​ရိုသေသမှု​ကို​ခံထိုက်သော​သူ​ဖြစ်သည်” ဟု တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ (၁ တိမောသေ ၅:၁၇သမ္မာ) အသင်းတော်​ရှိ အသက်ကြီးသူ​များ၊ အကြီးအကဲ​များ သို့​မဟုတ် ကြီးကြပ်မှူး​များ​ကို ကျွန်ုပ်​တို့​ကျေးဇူး​တင်၍ လေးမြတ်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။ ပေါလု​က ဤသို့​အဖြေပေး​သည်– “သင်တို့ကို​ဦးဆောင်​သော​သူတို့ကို​နာခံ​၍ လက်အောက်ခံ​လျက်​နေကြ​လော့။” (ဟေဗြဲ ၁၃:၁၇က​ဘ) မှန်ပါသည်၊ သူတို့ကို ကျွန်ုပ်​တို့​စိတ်လို​ကိုယ်​လျောက်​နာခံမှု​ပြပြီး လက်အောက်ခံ​ကြ​ရမည်​ဖြစ်သည်။

၁၁။ အကြီးအကဲ​အစီအစဉ်ကို လေးစားခြင်း​သည် ကျွန်ုပ်​တို့၏​နှစ်ခြင်း​နှင့်​အညီ နေထိုင်ခြင်း​ကိစ္စ အဘယ်ကြောင့်​ဖြစ်သနည်း။

၁၁ ကျွန်ုပ်​တို့၏​ခေါင်းဆောင်​သည် စုံလင်​၏။ ဆုလာဘ်များ​အဖြစ် ကိုယ်တော်​ပေး​ထား​တော်​မူ​သော​သူတို့မူကား မစုံလင်​ကြ​ချေ။ သို့​ဖြစ်၍ တစ်ခါတစ်ရံ မှား​ကြ​ပေမည်။ သို့​တိုင် ခရစ်တော်​၏​အစီအစဉ်ကို ကျွန်ုပ်​တို့​ဆက်​သစ္စာ​ရှိနေဖို့ အရေးကြီး​သည်။ အမှန်​မှာ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံခြင်း​နှင့် နှစ်ခြင်း​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် အသင်းတော်တွင် ဝိညာဉ်တော်ဖြင့် တရားဝင်​ခန့်အပ်​ခံရ​သော အခွင့်အာဏာကို အသိအမှတ်ပြု​ကာ ယင်းကို တလိုတလား​လက်အောက်ခံ​ရမည်​ဖြစ်၏။ “သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” ကျွန်ုပ်​တို့​နှစ်ခြင်း​ခံ​ခဲ့​ခြင်း​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကိုလည်း​ကောင်း၊ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​များ​တွင် ၎င်း​၏​အခန်းကဏ္ဍကို​လည်းကောင်း အသိအမှတ်ပြု​ဝန်ခံ​ကြောင်း လူသိရှင်ကြား​ကြေညာ​ခြင်း​ဖြစ်သည်။ (မဿဲ ၂၈:၁၉) ထိုသို့​နှစ်ခြင်း​ခံ​ခဲ့​သောကြောင့် ကျွန်ုပ်​တို့သည် ဝိညာဉ်​တော်​နှင့် ပူးပေါင်း​ဆောင်ရွက်​ပြီး ခရစ်တော်​၏​နောက်လိုက်​များ​အတွင်း ယင်း​၏​လုပ်ဆောင်မှုကို အဘယ်​နည်းဖြင့်​မျှ မတားဆီး​မိ​ရန်လို​သည်။ သန့်ရှင်းသော​ဝိညာဉ်တော်သည် အကြီးအကဲ​များ​ကို ထောက်ခံ​ခြင်း၊ ခန့်အပ်​ခြင်း​နှင့်​ပတ်သက်​၍ အရေးပါသည့်​အခန်းကဏ္ဍ​တွင် ပါဝင်​ဆောင်ရွက်​သောကြောင့် အကြီးအကဲ​အစီအစဉ်​နှင့်​စပ်လျဉ်း၍ အသင်းတော်တွင် ပူးပေါင်း​ဆောင်ရွက်ရန်​ပျက်ကွက်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံခြင်း​ကို အမှန်ပင်​သစ္စာစောင့်သိ​ရာ​ကျ​နိုင်​မည်​လော။

၁၂။ အခွင့်အာဏာ​ရှိသူတို့​ကို မလေးစား​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​ပုံ​နမူနာ​များ​ကို ယုဒ​ကိုးကား​ဖော်ပြ​ခဲ့​သနည်း၊ ၎င်း​တို့​က ကျွန်ုပ်​တို့အား အဘယ်အရာ​သွန်သင်ပေး​သနည်း။

၁၂ ကျမ်းစာ​တွင် နာခံခြင်း​နှင့် လက်အောက်ခံခြင်း​၏​တန်ဖိုး​ကို သွန်သင်ပေး​သည့်​ပုံ​နမူနာ​များစွာ​ပါရှိ​သည်။ အသင်းတော်တွင်​ရှိသော ခန့်အပ်​ခံ​အကြီးအကဲ​များ​ကို ရင့်သီး​စွာ​ပြောဆို​ခဲ့​ကြ​သူများ​နှင့်​စပ်လျဉ်း၍ တပည့်တော်​ယုဒ​က သတိပေး​ချက်​သုံးခု​ကို ဤသို့​ထောက်ပြ​ခဲ့​သည်– “သူတို့သည် အမင်္ဂလာ​ရှိကြ​၏။ အကြောင်း​မူ​ကား၊ ကာဣန​နောက်သို့​လိုက်​ကြ​၏။ အ​ခ​ကို​ရခြင်း​ငှာ ဗာလမ်​မှားယွင်း​သကဲ့သို့ အလွန်​မှားယွင်း​ခြင်း​ရှိကြ​၏။ ကောရ​၏​ငြင်းခုံခြင်း​အပြစ်​နှင့် ဖျက်ဆီးခြင်း​သို့​ရောက်​ကြ​၏။” (ယုဒ ၁၁) ကာဣန​သည် ယေဟောဝါ​၏​မေတ္တာပါ​သော​ဆုံးမ​စကား​ကို လျစ်လျူရှု​ကာ မုန်းတီး​စွာ​သတ်ဖြတ်​သည့်​လမ်းစဉ်​ကို တမင်တကာ​လိုက်လျှောက်​ခဲ့​သည်။ (ကမ္ဘာဦး ၄:၄-၈) ဘုရားသခင့်​သတိပေး​ချက်​များ​ကို ထပ်ခါထပ်ခါ​ရရှိ​သည့်​ကြား​မှ ဗာလမ်​သည် ဆု​ငွေ​ရ​ရန် ဘုရားသခင့်​လူ​တို့ကို ကျိန်စာ​တိုက်​ဖို့​ကြိုးစား​ခဲ့​၏။ (တောလည်ရာ ၂၂:၅-၂၈၊ ၃၂-၃၄; တရားဟောရာ ၂၃:၅) ကောရ​သည်လည်း ဣသရေလလူ​မျိုး​အလယ်တွင် အလွန်​ကောင်းသော​တာဝန်​ကို ရရှိ​ထား​သော်လည်း သူ့​အတွက် ၎င်း​သည် ကျေနပ်​တင်းတိမ်​ခြင်း​မရှိခဲ့​ပေ။ သူသည် ကမ္ဘာ​ပေါ်​တွင် အနူးညံ့ဆုံး​သော​လူသား​ဖြစ်သူ မောရှေ​ကို ပုန်ကန်​ဖို့​နှိုးဆော်​ပေး​ခဲ့​သည်။ (တောလည်ရာ ၁၂:၃; ၁၆:၁-၃၊ ၃၂၊ ၃၃) ကာဣန၊ ဗာလမ်​နှင့် ကောရ​တို့​အပေါ် ဘေးဆိုး​ဆိုက်ရောက်​ခဲ့​၏။ ဤ​ပုံ​နမူနာ​များ​က ယေဟောဝါ​အသုံးပြု​တော်​မူ​သော တာဝန်ရ​ရှိ​ထား​သူများ​၏​သွန်သင်ချက်​ကို နားထောင်​ရန်​နှင့် သူတို့ကို​လေးစားရန် ကျွန်ုပ်​တို့အား ကွက်ကွက်ကွင်းကွင်း သင်ကြား​ပေး​သည်​တကား!

၁၃။ အကြီးအကဲ​အစီအစဉ်ကို လက်အောက်ခံ​သူတို့ အဘယ်​ကောင်းချီး​များ​ခံစားရ​မည်​အကြောင်း ပရောဖက်​ဟေရှာယ တင်ကူး​မိန့်တော်မူ​ခဲ့​သနည်း။

၁၃ ခရစ်ယာန်​အသင်းတော်တွင် ကျွန်ုပ်​တို့၏​ခေါင်းဆောင် တည်ထောင်​ထား​သည့် ကြီးကြပ်ခြင်း​အစီအစဉ်​မြတ်​၏ အကျိုးကျေးဇူး​ကို မခံစား​လို​သူ မည်သူ​ရှိ​မည်​နည်း။ ပရောဖက်​ဟေရှာယ​က ယင်း​၏​ကောင်းချီး​များ​ကို ဤသို့​တင်ကူး​ပြောဆို​ခဲ့​သည်– “ကြည့်ရှု​လော့။ တရား​သဖြင့်​အုပ်စိုး​သော​ရှင်ဘုရင်​တစ်ပါး ပေါ်ထွန်း​တော်​မူ​လိမ့်​မည်။ မင်းသား​မှူးမတ်​တို့သည် တရား​သဖြင့်​စီရင်​ကြလိမ့်မည်။ ထို​မင်းတို့​သည် လေ​လုံ၍ မိုးသက်မုန်တိုင်း​ကွယ်ရာ​အရပ်​ကဲ့သို့​လည်းကောင်း၊ သွေ့ခြောက်​သော​မြေ​၌​စီး​သော ချောင်းရေ​ကဲ့သို့​လည်းကောင်း၊ နေ​ပူ​သော​အရပ်၌ ကျောက်လုံး​ကြီး​အရိပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​လိမ့်မည်။” (ဟေရှာယ ၃၂:၁၊ ၂) အကြီးအကဲ​တစ်ဦးချင်း​စီ​သည် ဤ​ကဲ့သို့​သော​ကာကွယ်​မှု​နှင့် လုံခြုံ​ရာ “အရပ်” ဖြစ်​ရ​ပေမည်။ ကျွန်ုပ်​တို့သည် အခွင့်အာဏာကို လက်အောက်ခံ​ရန် ခက်ခဲ​လျှင် အသင်းတော်တွင် ဘုရားသခင်​ခန့်အပ်​ထားသော အခွင့်အာဏာ​ရရှိ​သူများ​၏​စကား​ကို​နာခံ​ပြီး လက်အောက်ခံ​နိုင်​ကြဖို့ ဆုတောင်း​ကြပါစို့။

ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို အကြီးအကဲ​များ လက်အောက်ခံ​ပုံ

၁၄၊ ၁၅။ အသင်းတော်တွင် ဦးဆောင်​သူတို့သည် ခရစ်တော်​၏​ခေါင်းဆောင်မှု​ကို လက်အောက်ခံ​ကြောင်း မည်သို့​ပြသ​ကြ​သနည်း။

၁၄ ခရစ်ယာန်​တိုင်း​သည် ခရစ်တော်​၏​ခေါင်းဆောင်မှု၊ အထူးသဖြင့် အကြီးအကဲ​များ​၏​ခေါင်းဆောင်မှု​ကို လက်အောက်ခံ​ကြ​ရမည်။ ကြီးကြပ်မှူး​များ သို့​မဟုတ် အကြီးအကဲ​များသည် အသင်းတော်တွင် အထိုက်အလျောက် အခွင့်အာဏာ​ရှိကြ​၏။ သို့သော် သူတို့သည် ယုံကြည်သူချင်း​တို့၏​ဘဝ​အသက်တာကို ထိန်းချုပ်​ရန်​ကြိုးပမ်း​ခြင်း​အားဖြင့် ‘သူတို့၏​ယုံကြည်ခြင်းကို အစိုးရ’ ဖို့ အားထုတ်​ကြ​မည်​မဟုတ်​ချေ။ (၂ ကောရိန္သု ၁:၂၄) အကြီးအကဲ​တို့သည် ယေရှု၏ ဤ​မိန့်တော်မူချက်​ကို နှလုံး​သွင်း​ကြသည်– “သင်တို့​သိ​သည်​အတိုင်း လော[က]မင်းတို့​သည် အစိုးတရ​ပြု​တတ်ကြ​၏။ အကဲအမှူး​တို့သည် အာဏာ​ထား​တတ်ကြ​၏။ သင်တို့​မူ​ကား ထိုသို့​မပြု​ကြ​နှင့်။” (မဿဲ ၂၀:၂၅-၂၇) အကြီးအကဲ​တို့သည် တာဝန်​ကျေပွန်​ဖို့​ကြိုးစား​ကြ​စဉ် စိတ်ရင်းမှန်​ဖြင့် သူတစ်ပါး​အစေ​ကို​ခံ​ကြ​၏။

၁၅ ခရစ်ယာန်​များသည် ဤသို့​တိုက်တွန်း​ခံရ​၏– “သင်တို့ကို​အုပ်​သော​သူတို့ကို အောက်မေ့​ကြလော့။ သူတို့သည် အဘယ်​သို့​ကျင့်ကြံ​ပြုမူ . . . သည်ကို စေ့စေ့​ဆင်ခြင်​လျက်၊ သူတို့၏​ယုံကြည်ခြင်းကို မီအောင်လိုက်​ကြလော့။” (ဟေဗြဲ ၁၃:၇) အကြီးအကဲ​များသည် ဦးစီး​ဦးဆောင်​သူများ​ဖြစ်သော​ကြောင့် ဤသို့​တောင်းဆို​ခံရ​ခြင်း​မဟုတ်ပေ။ ယေရှု​က “သင်တို့တွင် မေရှိယ [“ခရစ်တော်၊” က​ဘ] တည်း​ဟူသော​ခေါင်းဆောင်​တစ်ပါး​တည်း​ရှိ၏” ဟု​မိန့်တော်မူ၏။ (မဿဲ ၂၃:၁၀သတင်းကောင်း) အကြီးအကဲ​များသည် ကျွန်ုပ်​တို့၏​ခေါင်းဆောင်​အစစ်အမှန်၊ ခရစ်တော်​ကို တုပသူ​များ​ဖြစ်သော​ကြောင့် သူတို့၏​ယုံကြည်ခြင်းကို ကျွန်ုပ်​တို့​တုပ​ကြ​ရမည်​ဖြစ်သည်။ (၁ ကောရိန္သု ၁၁:၁) အသင်းတော်​ရှိ အခြားသူ​တို့​နှင့် သူတို့​ဆက်ဆံ​ရာ​တွင် ခရစ်တော်​ကဲ့သို့ အကြီးအကဲ​များ ကြိုးစား​ပြုမူ​ကြ​သည့် နည်းလမ်း​အချို့​ကို သုံးသပ်ကြည့်​ကြပါစို့။

၁၆။ ယေရှုသည် အခွင့်အာဏာ​ရရှိ​ထား​သော်လည်း မိမိ၏​နောက်လိုက်​များ​ကို မည်သို့​ဆက်ဆံ​တော်​မူ​ခဲ့​သနည်း။

၁၆ ယေရှုသည် မစုံလင်​သော​လူသားများ​ထက် အ​ဘက်​ဘက်တွင် သာလွန်​တော်​မူ​ပြီး ကိုယ်တော်​၏​ခမည်းတော်​ထံ​မှ ပြိုင်ဘက်​ကင်း​သော အခွင့်အာဏာကို ရရှိ​ထား​သော်လည်း တပည့်တော်​များနှင့် ဆက်ဆံ​ရာ​တွင် ကျိုးနွံ​မှု​ရှိခဲ့​သည်။ ကိုယ်တော်​သည် မိမိ၏​အသိပညာကို အထင်ကြီး​စေရန် တရားတော်​ကြားနာသူ​တို့ကို လွှမ်းမိုး​ဖို့​မကြိုးစား​ခဲ့​ပါ။ ယေရှုသည် တပည့်​များ​အပေါ် အထူး​သိနားလည်မှု​ပြ​၍ စာနာ​ထောက်​ထားခဲ့​ပြီး သူတို့၏​လိုအပ်ရာ​များ​ကို ထည့်တွက်​စဉ်းစား​ပေး​တော်​မူ​ခဲ့​သည်။ (မဿဲ ၁၅:၃၂; ၂၆:၄၀၊ ၄၁; မာကု ၆:၃၁) တပည့်တော်​များ ပေးဆက်​နိုင်​သည်ထက် တောင်းဆိုခြင်း တစ်ခါမျှ​မရှိခဲ့​ပါ၊ သူတို့​ခံယူ​နိုင်​သည်ထက်​ပို​၍​လည်း တစ်ခါမျှ​ဝန်​မတင်​ခဲ့​ချေ။ (ယောဟန် ၁၆:၁၂) ယေရှု​တွင် “နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။” ထို့​ကြောင့် ကိုယ်တော်​နှင့်​ပေါင်းသင်း​ရခြင်း​သည် အားတက်စေ​၏​ဟု လူအများ​ခံစား​ကြ​ရသည်မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ!—မဿဲ ၁၁:၂၈-၃၀က​ဘ။

၁၇။ အသင်းတော်​ရှိ အခြားသူ​တို့​နှင့်​ပေါင်းသင်း​ဆက်ဆံ​ရာ​တွင် ခရစ်တော်​နည်းတူ ကျိုးနွံ​မှု​ကို အကြီးအကဲ​များ​မည်သို့​တင်ပြ​သင့်​သနည်း။

၁၇ ခေါင်းဆောင်​ဖြစ်သူ ခရစ်တော်​သည် ကျိုးနွံ​မှု​တင်ပြ​ခဲ့​သည်​ဆိုလျှင် အသင်းတော်တွင် ဦးဆောင်​ခွင့်​ရသူ​တို့သည် သာ၍​ပင်​ကျိုးနွံ​မှု တင်ပြ​သင့်​သည်​တကား! မှန်ပါသည်၊ သူတို့အား အပ်နှင်း​ထား​သည့် မည်သည့်​အခွင့်အာဏာကို​မဆို တလွဲ​အသုံးမပြု​မိ​စေရန် သူတို့​ဂရုစိုက်​ကြသည်။ ထို့​အပြင် အထင်ကြီး​ခံရ​ရန် သူတို့သည် ‘စကား​ကြီး​စကား​ကျယ်​နှင့် မလာ’ ကြ​ပါ။ (၁ ကောရိန္သု ၂:၁၊ ၂က​ဘ) ယင်းအစား သူတို့သည် သမ္မာကျမ်းစာ​မှ​အမှန်တရားကို ရိုးရိုးရှင်းရှင်း၊ စိတ်ရင်း​သဘော​မှန်​နှင့်​ပြောဆို​ရန် ကြိုးစား​အားထုတ်​ကြသည်။ ထို​မျှ​မ​က အကြီးအကဲ​များသည် လူ​တို့​ထံ​မှ တော်ရုံ​သင့်​ရုံ​မျှော်လင့်​၍ သူတို့​လိုအပ်ရာ​များ​ကို ထည့်တွက်​စာနာ​ပေး​ရန် ကြိုးစား​ကြသည်။ (ဖိလိပ္ပိ ၄:၅) လူတိုင်း ကန့်သတ်ချက်​များ​ရှိကြောင်းကို အသိအမှတ်​ပြုပြီး ညီအစ်ကို​များ​အပေါ် မေတ္တာ​ရှိ​ရှိ ခွင့်လွှတ်​တန်​ခွင့်လွှတ်​ပေ​လိမ့်​မည်။ (၁ ပေတရု ၄:၈) ထို့​ပြင် နှိမ့်ချ၍ နူးညံ့​သိမ်မွေ့​သော​သဘောထား​ရှိသူ အကြီးအကဲ​များသည် အမှန်တကယ်​ပင် အားတက်စေ​သည်မဟုတ်​ပေ​လော။ အမှန်ပင်​ဖြစ်သည်။

၁၈။ ကလေး​များနှင့် ယေရှု​ဆက်ဆံပုံ​မှ အကြီးအကဲ​များ အဘယ်အရာကို​သင်ယူ​နိုင်​သနည်း။

၁၈ ယေရှုသည် ချဉ်းကပ်​ရလွယ်​ကူ​သူ​ဖြစ်၏၊ သိမ်ငယ်​သူတို့​ပင်ကိုယ်တော့်​ထံ​ချဉ်းကပ်​ဝံ့​ကြသည်။ လူတို့သည် ‘သူငယ်​တို့ကို အထံတော်​သို့​ဆောင်​ခဲ့’ ကြ​ရာ တပည့်တော်​များ​က ဆီးတား​သောအခါ ကိုယ်တော်​၏​တုံ့ပြန်​ပုံ​ကို သုံးသပ်ကြည့်​ပါ။ “ထို​သူငယ်​တို့ကို ငါ့​ထံ​သို့ လာ​ပါ​လေ​စေ။ မ​ဆီးတား​ကြ​နှင့်။” ထို့နောက် “သူငယ်​တို့ကို​ချီပိုက်​၍ သူတို့​အပေါ်မှာ​လက်တော်ကို​တင်​လျက် ကောင်းချီး​ပေး​တော်​မူ​၏။” (မာကု ၁၀:၁၃-၁၆) ယေရှုသည် အလွန်​ချစ်ခင်​ကြင်နာ​တတ်​သူ​ဖြစ်​ရာ လူတို့သည် ကိုယ်တော့်​ထံ ချဉ်းကပ်​လို​ကြသည်။ ကိုယ်တော်​ကို လူ​တို့​မကြောက်​ကြ​ပါ။ ကလေး​သူငယ်​များ​ပင် ကိုယ်တော်​နှင့်​အနေ​ရ​မ​ကျပ်​ချေ။ အကြီးအကဲ​များသည်​လည်း ချဉ်းကပ်​ရလွယ်​ကူ​သူများ​ဖြစ်​ကြ​ပြီး သူတို့သည် ချစ်ခင်​စုံမက်​သော​သဘော၊ သနား​ကြင်နာ​မှု တင်ပြ​ကြ​စဉ် ကလေး​များ​သာမက အခြားသူ​တို့​ပင် အကြီးအကဲ​တို့​နှင့်​အနေ​ရ​မ​ကျပ်​ကြ​ပါ။

၁၉။ “ခရစ်တော်​၏​စိတ်” ရှိ​ခြင်း​တွင် အဘယ်အရာ​အကျုံးဝင်​သနည်း၊ ဤ​တွင် အဘယ်​ကြိုးပမ်း​အားထုတ်မှု​လို​သနည်း။

၁၉ ခရစ်တော်​ယေရှုကို အကြီးအကဲ​များ တုပ​နိုင်​သည့်​အတိုင်းအတာ​မှာ ကိုယ်တော်​အား သူတို့ မည်မျှ​အကျွမ်းဝင်​သိထားခြင်း​အပေါ်​မူတည်​သည်။ “ထို​လူကို​သွန်သင်​နိုင်​မည်​အကြောင်း အဘယ်သူ​သည် ထာဝရ​ဘုရား​၏​စိတ်တော်​ကို​သိ​သနည်း” ဟု​တမန်​တော်​ပေါလု​မေးခဲ့သည်။ ထို့နောက် ဆက်၍ “ငါ​တို့​မူ​ကား ခရစ်တော်​၏​စိတ်​ကို​ခံရ​ကြ​၏” ဟု​သူ​ပြော​ခဲ့​သည်။ (၁ ကောရိန္သု ၂:၁၆) ခရစ်တော်​၏​စိတ်ထား​ရှိသည်​ဟု​ဆို​ရာ​တွင် ကိုယ်တော်​စဉ်းစား​တွေးခေါ်ပုံ​နှင့် ကိုယ်တော်​၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို အပြည့်အစုံ​သိရှိ​ထား​ရာ အခြေအနေ​တစ်မျိုး​တစ်​မည်​၌ ကိုယ်တော် မည်သို့​ပြုလုပ်​မည်​ကို ကျွန်ုပ်​တို့​သိထားခြင်း​ပါဝင်​သည်။ ကျွန်ုပ်​တို့၏​ခေါင်းဆောင်​အား ထို​မျှ​ကောင်းစွာ​သိကျွမ်း​နိုင်​သည်​တကား! မှန်ပါသည်၊ ယင်း​သို့​သိကျွမ်း​နိုင်​ဖို့ ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​ကို အာရုံ​စူးစိုက်​၍ ကျွန်ုပ်​တို့၏​စိတ်ထဲ​တွင် ယေရှု၏​ဘဝ​နှင့် စံနမူနာ​ကို နားလည်​သဘောပေါက်​စွာ​ဖြင့် ပုံမှန် ဖြည့်​ထား​ရန်လို​သည်။ အကြီးအကဲ​များသည် ထို​အတိုင်းအတာ​အထိ ခရစ်တော်​၏​ခေါင်းဆောင်မှု​နောက် ကြိုးစား​အားထုတ်​ကြ​လျှင် အသင်းတော်တွင်​ရှိသူတို့​သည် သူတို့၏​ယုံကြည်ခြင်းကို​တုပ​ရန် ပိုမို​တလိုတလား​ရှိလာ​ကြ​ပေမည်။ ထို့​အပြင် အကြီးအကဲ​များသည် ခေါင်းဆောင်​၏​ခြေရာ​ကို အခြားသူ​တို့ ရွှင်လန်း​အားရ​စွာ လိုက်လျှောက်​ကြ​ခြင်း​ကို တွေ့ မြင်ကြ​ရသည့်​ကျေနပ်မှု​ရရှိကြ​၏။

ခရစ်တော်​၏​ခေါင်းဆောင်မှု​အောက် ဆက်နေ​ပါ

၂၀၊ ၂၁။ ကတိထားရာ​ကမ္ဘာသစ်​သို့ မျှော်ကြည့်​စဉ် ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကား အဘယ်​သို့​ဖြစ်​သင့်​သနည်း။

၂၀ ခရစ်တော်​၏​ခေါင်းဆောင်မှု​အောက် ကျွန်ုပ်​တို့အားလုံး ဆက်​ရှိနေကြ​ရန် အရေးကြီး​သည်။ ဤ​အစီအစဉ်​စနစ်​၏​ဆုံးခန်း နီးလာသည်နှင့်​အမျှ ကျွန်ုပ်​တို့၏​အခြေအနေ​သည် ဘီ.စီ.အီး. ၁၄၇၃ တွင် မောဘ​လွင်ပြင်​၌​ရှိသော ဣသရေလလူ​တို့၏​အခြေအနေ​နှင့်​တူညီ​သည်။ သူတို့သည် ကတိထားရာ​ပြည်တော်​၏​အဝင်ဝ​တွင် ရောက်ရှိ​နေကြ​ပြီး ပရောဖက်​မောရှေ​မှ​တစ်ဆင့် ဘုရားသခင် ဤသို့​ကြွေးကြော်​ခဲ့​သည်– “ဤ​လူ​တို့အား​ပေးခြင်း​ငှာ ဘိုးဘေး​တို့အား​ကျိန်ဆို​တော်​မူ​သော​ပြည်​သို့ သင် [ယောရှု] သည် သူတို့နှင့်​အတူ​သွား​၍ အမွေခံ​စေ​ရမည်။” (တရားဟောရာ ၃၁:၇၊ ၈) ယောရှု​သည် ခန့်အပ်​ခံ​ခေါင်းဆောင်​ဖြစ်လာ​ခဲ့​သည်။ ကတိထားရာ​ပြည်တော်​ထဲ​ဝင်​ကြ​ရန် ဣသရေလလူ​တို့သည် ယောရှု​၏​ခေါင်းဆောင်မှု​ကို လက်အောက်ခံ​ခဲ့​ကြ​ရသည်။

၂၁ ကျွန်ုပ်​တို့အား သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သင်တို့တွင် မေရှိယ [“ခရစ်တော်၊” က​ဘ] တည်း​ဟူသော​ခေါင်းဆောင်​တစ်ပါး​တည်း​ရှိ၏။” ဖြောင့်မတ်ခြင်း​တရား​တည်နေရာ ကတိထားရာ ကမ္ဘာသစ်​ထဲ ခရစ်တော်​တစ်ပါး​တည်း​သာ​လျှင် ကျွန်ုပ်​တို့ကို ဦးဆောင်​သွားပေ​လိမ့်​မည်။ (၂ ပေတရု ၃:၁၃) သို့​ဖြစ်၍ ဘဝ​ကဏ္ဍအသီးသီး​တွင် ကိုယ်တော်​၏​ခေါင်းဆောင်မှု​ကို လက်အောက်ခံ​ရန် ကျွန်ုပ်​တို့​သန္နိ​ဋ္ဌာန်​ချထား​ကြပါစို့​လေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဤ​တွင် ‘ကြယ်​များ’ သည် တကယ့်​ကောင်းကင်တမန်​များ​ကို ပုံ​မ​ဆောင်​ပါ။ ယေရှုသည် မျက်မြင်မရ​နာမ်ဝိညာဉ်​သတ္တဝါများ သိရ​မည့်​အချက်အလက်​များ​ကို လူသား​တစ်ဦး​အား မှတ်တမ်းတင်​စေ​လိမ့်​မည်​မဟုတ်​ချေ။ သို့​ဖြစ်၍ ‘ကြယ်​များ’ သည် ယေရှု၏​စေတမန်​များ​အဖြစ် ယူမှတ်​ခံရ​သည့် အသင်းတော်များ​ရှိ လူသား​ကြီးကြပ်မှူး​များ သို့​မဟုတ် အကြီးအကဲ​များ​ကို ကိုယ်စား​ပြု​ရမည်။ ၎င်းတို့၏​အရေအတွက်​သည် ခု​နစ်​ဖြစ်​ရ​ကား ဘုရားသခင့်​စံနှုန်း​အရ ပြည့်စုံခြင်း​အဓိပ္ပာယ်​သက်ရောက်​သည်။

သင်​မှတ်မိ​သလော

• အစောပိုင်း​အသင်းတော်ကို ခရစ်တော် မည်သို့​ဦးဆောင်​ခဲ့​သနည်း။

• ခရစ်တော်​သည် ယနေ့ မိမိ၏​အသင်းတော်ကို မည်သို့ ဦးဆောင်​သနည်း။

• အသင်းတော်တွင် ဦးဆောင်နေသူ​များ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​လက်အောက်ခံ​သင့်​သနည်း။

• ခရစ်တော်​သည် မိမိတို့၏​ခေါင်းဆောင်​ဖြစ်​ကြောင်း အကြီးအကဲ​များ အဘယ်​နည်းဖြင့် ဖော်ပြ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ခရစ်တော်​သည် မိမိ​အသင်းတော်ကို​ဦးဆောင်​ကာ လက်ယာလက်​တွင် ကြီးကြပ်မှူး​များ​ကို​ကိုင်ထား

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

“သင်တို့ကို​ဦးဆောင်​သော​သူတို့ကို​နာခံ​၍ လက်အောက်ခံ​လျက်​နေကြ​လော့”

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေရှုသည် တရင်းတနှီး​ရှိပြီး ချဉ်းကပ်​ရလွယ်​ကူ​သူ​ဖြစ်၏။ ခရစ်ယာန် အကြီးအကဲ​များသည် ကိုယ်တော်​နှင့်​တူ​ရန် ကြိုးစား​ကြ​၏