မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာစိတ်ရှိစေပြီး အကျင့်ကောင်းများကျင့်စေသည့် အစည်းအဝေးများ

မေတ္တာစိတ်ရှိစေပြီး အကျင့်ကောင်းများကျင့်စေသည့် အစည်းအဝေးများ

“ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်”

မေတ္တာ​စိတ်​ရှိစေပြီး အကျင့်ကောင်း​များ​ကျင့်​စေသည့် အစည်းအဝေး​များ

တိုရွန်တို​မြို့မှ တို​ကျို​မြို့၊ မော်​စ​ကို​မြို့မှ မွန်​တီဗွီ​ဒီ​ယို​မြို့ရှိ သန်းနှင့်ချီ​ယေဟောဝါသက်သေ​များနှင့် သူတို့၏​မိတ်ဆွေများ​သည် အပတ်စဉ် ကြိမ်ဖန်​များစွာ ဝတ်ပြုရာ​နေရာများ​သို့ တဖွဲဖွဲ​သွား​ကြသည်။ ထို​သူတို့​အထဲ​တွင် တစ်​နေ​ကုန်​အလုပ်​လုပ်ပြီးနောက် မောပန်း​နေကြ​သော ဝီရိယ​ရှိသည့် အိမ်ထောင်သည်​ဖခင်​များ; ကလေး​များ​ကို​ချီပိုး​လာ​ကြသော ကြိုးစား​မှု​ရှိသည့် ဇနီးသည်​များနှင့် မိခင်များ; တစ်​နေ​ကုန် ကျောင်းတက်​ကြသော ဖျတ်လတ်​တက်ကြွ​သည့် လူငယ်များ; နာကျင်​ကိုက်ခဲ​ဝေဒနာ​များ​ကြောင့် တစ်​လှမ်း​ချင်း​လျှောက်လာ​ကြသော ချည့်နဲ့​နေသည့် သက်ကြီးရွယ်အို​များ; သတ္တိ​ရှိသည့်​မုဆိုးမများနှင့် မိဘမဲ့​များ; နှစ်သိမ့်မှု​လိုအပ်သော စိတ်ဓာတ်ကျ​နေ​သူများ ပါဝင်​၏။

အဆိုပါ​ယေဟောဝါသက်သေ​များသည် အမြန်​ခုတ်မောင်း​သော ကျ​ည်ဆံ​ရထားများ​မှ​အစ မြည်း​များ​အဆုံး; မြေအောက်​ရထားများ​အစ ကုန်တင်ကား​များ​အဆုံး ပို့ဆောင်​ရေးနည်း​အသွယ်သွယ်​ကို အသုံးပြု​ကြ​၏။ အချို့​သည် မိကျောင်းများ ကျက်စား​နေသော​မြစ်များ​ကို ဖြတ်ကူး​ခဲ့​ကြ​ရပြီး အခြားသူများ​မှာ​မူ မြို့ကြီးပြကြီး​များ​၏ ဆူညံ​သော​ကား​သံ​များ​ကို အောင့်​အီး​သည်းခံ၍​လာ​ကြ​၏။ ဤသူတို့​အားလုံး​သည် အဘယ်ကြောင့် ဤမျှ​ကြိုးစား​အားထုတ်​ကြ​သနည်း။

ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ပါဝင်ခြင်း​၏ အဓိက​အကြောင်းရင်း​မှာ ယေဟောဝါ​ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​ရန် အရေးပါသော​နည်းလမ်း​ဖြစ်သည်။ (ဟေဗြဲ ၁၃:၁၅) တမန်​တော်​ပေါလု​က “မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို ကျင့်​စေခြင်း​ငှာ​လည်းကောင်း တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ​ကုန်​အံ့။ . . . အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ​ကြ​နှင့်။ အချင်းချင်း​တို့ကို တိုက်တွန်း​နှိုးဆော်​ကြလော့။ ကာလ​အချိန်​ရောက်လု​နီး​သည်ကို​ထောက်​သဖြင့် သာ၍​ကြိုးစား​ကြလော့” ဟု​ရေးသား​ရာ​တွင် နောက်ထပ်​အကြောင်းရင်း​တစ်ခု​ကို ဖော်ပြ​၏။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဤ​တွင် ပေါလု​က “‘ငါ​တို့သည် ထာဝရ​ဘုရား​၏​အိမ်တော်​သို့ သွား​ကြ​ကုန်​အံ့’ ဟု​သူတစ်ပါး​တို့သည် ပြော​ကြသောအခါ ငါသည် ဝမ်းမြောက်ခြင်း​ရှိ၏” ဟူ၍ သီဆို​ခဲ့​သော ဆာလံဆရာ​ဒါဝိဒ်​၏​ခံစားချက်​များ​ကို သံယောင်လိုက်​နေခြင်း​ဖြစ်သည်။—ဆာလံ ၁၂၂:၁

ခရစ်ယာန်​များသည် အစည်းအဝေး​များ တက်ရောက်​ရခြင်း​ကို အဘယ်ကြောင့် ဝမ်းမြောက်​ကြ​သနည်း။ တက်ရောက်သူ​များသည် ကြည့်ရှု​လေ့လာ​ဖို့​သာ စည်းဝေး​တက်​ကြသည်​မဟုတ်​ချေ။ အစည်းအဝေး​များ​တက်​ခြင်း​ဖြင့် တစ်ဦး​နှင့်​တစ်ဦး သိကျွမ်း​ရင်းနှီးခွင့်​ရ​ကြသည်။ ဤ​အစည်းအဝေး​များသည် လက်ခံ​ယူ​ရုံ​မ​က ပေးကမ်း​ခွင့်​ရှိစေ​၍ တစ်ဦး​ကိုတစ်​ဦး မေတ္တာ​ပြပြီး အကျင့်ကောင်း​များ​ကျင့်​စေရန် နှိုးဆော်​ပေး​၏။ ယင်းက အစည်းအဝေး​များ​ကို တည်ဆောက်မှု​ပေး​သော အချိန်​အခါ​များ​ဖြစ်စေ​သည်။ ထို့​ပြင် ခရစ်ယာန်​အစည်းအဝေး​များသည် “ငါ့​ထံ​သို့​လာကြလော့။ ငါသည် လန်းဆန်း​စေမည်” ဟူသော ယေရှု၏​ကတိတော် ပြည့်စုံ​သည့်​နည်း​တစ်နည်း​ဖြစ်၏။—မဿဲ ၁၁:၂၈

နှစ်သိမ့်​၍ ဂရုစိုက်​ရာ အို​အေ​စစ်

ယေဟောဝါသက်သေ​များသည် မိမိတို့၏​အစည်းအဝေး​များ​ကို လန်းဆန်းမှု​ပေး​သော​နေရာများ​အဖြစ် ရှုမြင်​ရန် အကြောင်းကောင်း​များ​ရှိ၏။ တစ်ချက်​အနေ​နှင့် အစည်းအဝေး​များ​တွင် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” သည်​အချိန်တန်​ဝိညာဉ်​အစာကို တည်ခင်း​ကျွေးမွေး​၏။ (မဿဲ ၂၄:၄၅သ​မ) အစည်းအဝေး​များသည် ယေဟောဝါ​၏​ကျေးကျွန်​များ​ကို ကျွမ်းကျင်​၍ စိတ်​ထက်သန်​သော ဘုရားသခင့်​စကားတော် သွန်သင်ပေး​သူများ​ဖြစ်စေ​ရန် အရေးကြီး​ကဏ္ဍ​မှ​ပါဝင်​သည်။ ထို့​ပြင် ဝမ်းနည်း​ကြေကွဲ​နေသော​အချိန်​အခါ​များ​၌ အခြား​သူများကို ကူညီ​နှစ်သိမ့်​ပေး​ရန် အသင့်ရှိ​ကြသော မေတ္တာပါပါ ဂရုစိုက်​ကြည့်ရှု​ပေး​သည့် မိတ်ဆွေ​တစ်စု​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် တွေ့​နိုင်၏။—၂ ကောရိန္သု ၇:၅-၇

ခင်ပွန်း​ကွယ်လွန်​သွား​ချိန်​၌ ငါး​နှစ်အရွယ်၊ ရှစ်နှစ်​အရွယ် ကလေး​များနှင့် ကျန်ရစ်​ခဲ့​သူ မုဆိုးမ​ဖစ်​လစ်​သည် ထိုသို့​တွေ့ ကြုံ​ခံစား​ခဲ့​ရ၏။ ခရစ်ယာန်​အစည်းအဝေး​များ​က မိမိ​နှင့် မိမိ၏​ကလေး​များ​ကို လန်းဆန်းမှု​ပေး​ကြောင်း ဤသို့​ဖော်ပြ​ပြောဆို​၏– “ယုံကြည်သူချင်းတွေ​က ပွေ့ဖက်​ပြီး၊ ကျမ်းစာ​ထဲ​က​အချက်​တစ်ချက်၊ ဒါမှ​မဟုတ် လက်ဆွဲ​နှုတ်ဆက်​ပြီး သူတို့ရဲ့​မေတ္တာနဲ့​စိုးရိမ်​ပေး​မှု​ကို အမြဲတမ်း​ပြ​ကြ​လို့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို သွား​ရတာ ကျွန်မ​နှစ်သိမ့်မှု​ရတယ်။ အဲ့ဒီ​နေရာကို ကျွန်မ​အမြဲ​သွား​ချင်​တယ်။”—၁ သက်သာလောနိတ် ၅:၁၄

မာ​ရီ​သည် အရေးကြီး​ခွဲစိတ်​ကုသမှု​ခံယူ​ပြီး​နောက် ပြန်ကောင်း​လာရန် အနည်းဆုံး​ခြောက်​ပတ်​ကြာ​မည်​ဟု ဆရာဝန်​က​ပြော​သည်။ မာ​ရီ​နာလန်ထ​ချိန် ဦးဆုံး​အပတ်​များ​အတွင်း သူသည် အစည်းအဝေး​များ​ကို မ​တက်​နိုင်​ခဲ့​ချေ။ သူသည် ယခင်​က​ကဲ့သို့ ရွှင်​ပျ​မှုမရှိ​သည်ကို ဆရာဝန်​က သတိပြုမိ​၏။ အစည်းအဝေး​များ​ကို မာ​ရီ​တက်​နေကြောင်း​ကို ဆရာဝန်​သတိပြုမိရာ အစည်းအဝေး​များ​တက်​ဖို့ အားပေးခဲ့​၏။ မိမိ​နှင့်​ယုံကြည်ခြင်း​မတူ​သော ခင်ပွန်း​သည် မိမိ၏​ကျန်းမာ​ရေး​အတွက် စိုးရိမ်​သောကြောင့် အစည်းအဝေး​များ​ကို တက်ခွင့်​ပြု​မည်​မဟုတ်​ဟု မာ​ရီ​က ပြန်ဖြေ​ဆို​သည်။ ထို့​ကြောင့် ဆရာဝန်​က အားပေးမှု​နှင့် တည်ဆောက်မှု​ဖြစ်စေ​သော ပေါင်းသင်းမှု​ရရှိဖို့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​သွား​ရန် မာ​ရီ​အား တရားဝင်​ဆေး​ညွှန်း “အမှာစာ” တစ်စောင်​ကို ရေး​ပေး​လိုက်​၏။ မာ​ရီ​က ဤသို့​ပြောပြ​သည်– “အစည်းအဝေး​တစ်ခု​တည်း တက်ပြီး​တဲ့​နောက် ကျွန်မ​အရမ်း​သက်သာ​သွားတယ်။ အစာစား​လာပြီး တစ်ညလုံး​အိပ်ပျော်​တယ်၊ အ​ကိုက်​အခဲ​ပျောက်ဆေး​တွေ ခဏ​ခဏ​သောက်စရာ​လည်း မလို​တော့​ဘူး၊ ကျွန်မ ပြန်​ပြုံး​နိုင်ပြီ!”—သု. ၁၆:၂၄

ခရစ်ယာန်​အစည်းအဝေး​များ​၏ မေတ္တာပါ​ဝန်းကျင်​ကို အပြင်လူ​များ သတိ​မပြုမိ​ဘဲ​မနေကြ​ချေ။ ကောလိပ်​ကျောင်းသူ​တစ်ဦး​သည် သူ၏​လူမျိုးစု​နှိုင်းယှဉ်​ပညာရပ်​အတွက် စာတမ်း​တို​တစ်စောင်​ပြုစု​ရန် ယေဟောဝါသက်သေ​များ​ကို အနီးကပ်​လေ့လာ​မည်​ဟု ဆုံးဖြတ်​ခဲ့​၏။ အစည်းအဝေး​များ​၏ ဝန်းကျင်​အခြေအနေ​နှင့်​စပ်လျဉ်း၍ သူ၏​စာတမ်း​တို​တွင် ဤသို့​ရေးသားခဲ့​သည်– “ကျွန်မ​ရရှိခဲ့တဲ့ လှိုက်လှိုက်လှဲလှဲ​ကြိုဆို​နှုတ်ဆက်​မှု​က . . . တကယ့်ကို​ဘဝင်ခိုက်​စ​ရာ​ကောင်း​ပါ​တယ်။ . . . ယေဟောဝါသက်သေ​တွေ​ရဲ့ ဖော်ရွေမှု​က အရမ်း​ကို​ထင်ပေါ်​တဲ့ အရည်အသွေး​တစ်ခု​ပဲ၊ ဒီလို​ဖော်ရွေမှု​က သူတို့​ဝန်းကျင်​ရဲ့ အထူးခြားဆုံး​ကဏ္ဍ​ဖြစ်တယ်​လို့ ကျွန်မ​ထင်​တယ်။”—၁ ကောရိန္သု ၁၄:၂၅

ဆင်းရဲ​ခက်ခဲ​လှ​သည့် ဤ​လောကတွင် ခရစ်ယာန်​အသင်းတော်သည် ဝိညာဉ်​ရေး​အို​အေ​စစ်​တစ်ခု​ဖြစ်၏။ ငြိမ်သက်ခြင်း​နှင့် မေတ္တာ​ရှိ ခိုလှုံရာ​အရပ်​တစ်ခု​ဖြစ်သည်။ အစည်းအဝေး​များ​ကို တက်ရောက်ခြင်း​ဖြင့် “ညီအစ်ကို​တို့သည် သဘောတူ​လျက် ပေါင်းဖော်​ကြသည်​အရာ​မှာ အလွန်​ကောင်း​ပေ​၏။ အလွန်​တင့်တယ်​လျောက်ပတ်​ပေ​၏” ဟူသော ဆာလံဆရာ​၏​စကား​များ မှန်ကန်​သည်ကို အသင်​ကိုယ်တိုင် တွေ့ ကြုံ​ခံစားရ​မည်။—ဆာလံ ၁၃၃:၁

[စာမျက်နှာ ၂၅ ပါ မြေပုံ/ ရုပ်ပုံ]

အထူး​လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေးခြင်း

နား​မကြား​သူများ​သည် ခရစ်ယာန်​အစည်းအဝေးများမှ မည်သို့​အကျိုး​ခံစား​နိုင်​ကြ​မည်​နည်း။ ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါသက်သေ​များသည် လက်ဟန်ပြ​အသင်းတော်များ​ကို ဖွဲ့စည်း​လျက်​ရှိ၏။ လွန်ခဲ့သော ၁၃ နှစ်​အတွင်း လက်ဟန်ပြ​အသင်းတော် ၂၇ ခု​နှင့် လက်ဟန်ပြ​အုပ်စု ၄၃ ခု​ကို အမေရိကန်​ပြည်ထောင်စု​တွင် တည်ထောင်​ခဲ့ပြီ။ အနည်းဆုံး အခြား​နိုင်ငံ ၄၀ တွင် ယခု လက်ဟန်ပြ​အသင်းတော် ၁၄၀ ခန့် ရှိနေပြီ။ ခရစ်ယာန်​စာပေ​များ​ကို လက်ဟန်ပြ​ဘာသာ​စကား ၁၃ ဘာသာ​ဖြင့် ဗီဒီယိုများ​ထုတ်လုပ်​ခဲ့ပြီ။

ခရစ်ယာန်​အသင်းတော်က နား​မကြား​သူများကို ယေဟောဝါ​အား ချီးမွမ်း​ခွင့်​ပေး​သည်။ အကြီးအကျယ်​စိတ်ဓာတ်ကျ​ပြီး ကိုယ့်​ကိုယ်ကို​သတ်​သေ​ရန် ကြံစည်​ခဲ့​သော ကက်သလစ်​ဘာသာဝင်​ဖြစ်​ခဲ့​ဖူး​သူ ပြင်သစ်​နိုင်ငံ​မှ အော့​ဒီ​လ်​သည် ခရစ်ယာန်​အစည်းအဝေးများမှ ရရှိခဲ့​သည့် ကျမ်းစာ​ပညာရေး​အတွက် အလွန်​ကျေးဇူး​တင်​လျက်​ရှိသည်။ “ကျွန်မ​ရဲ့​ကျန်းမာ​ရေး ပြန်ကောင်း​လာပြီး အသက်ရှင်​ရလို့ ပြန်​ပြီး​ပျော်ရွှင်​လာတယ်။ ဒါ့​ထက် အမှန်တရားကို ကျွန်မ​တွေ့ ပြီ။ အခု​ဆိုရင် ကျွန်မ​ဘဝဟာ ရည်ရွယ်ချက်​ရှိပြီ” ဟု​သူ​ပြောပြ​၏။