မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ့နည်း သူ့ဟန်ဖြင့် အမြော်အမြင်ရှိကြ

သူ့နည်း သူ့ဟန်ဖြင့် အမြော်အမြင်ရှိကြ

သူ့​နည်း သူ့​ဟန်​ဖြင့် အမြော်အမြင်​ရှိကြ

“လူကြီး​များသည် အမြော်အမြင်​ရှိကြ​၏၊ သို့သော် ကလေး​များလည်း သူ့ နည်း​သူ့​ဟန်​ဖြင့် အမြော်အမြင်​ရှိကြပါ​သည်” ဟု​နိုင်​ဂျီး​ရီး​ယန်း​စကားပုံ​တစ်ခု​က ဆို​သည်။ ယင်း​အဆို​မှန်ကန်ကြောင်း နိုင်ဂျီးရီးယား​မှ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ဖြစ်သူ အက်ဒ်​ဝင် တွေ့ ရှိခဲ့​သည်။

တစ်နေ့​သ​၌ အက်ဒ်​ဝင်​၏​စားပွဲ​အောက်တွင် သတ္တု​သေတ္တာ​တစ်လုံး​ကို သူ​တွေ့​လိုက်​သည်။

“ဒါ​ဘယ်သူ့​ဟာ​လဲ” ဟု​ဒက်ဒ်​ဝင်​က သူ့​ကလေး​သုံးယောက်ကို​မေးလိုက်​၏။

ရှစ်နှစ်​အရွယ် အမန္နဝဲလ်​က “ကျွန်တော့်​ဟာ” ဟု​ဖြေဆို​သည်။ ထိပ်​တွင်​အပေါက်​ငယ်​ပါ​သည့် ငါး​လက်မ​အရွယ်​စတုရန်း​ပုံ​ရှိ သံချေး​တက်​နေသော ဤ​သံ​သေတ္တာ​သည် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေ​ပုံး​ဖြစ်​ကြောင်း က​ပျာ​က​ယာ​ဆက်၍​ရှင်းပြ​၏။ “ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို နေ့တိုင်း​မသွား​ရတဲ့​အတွက် မုန့်ဖိုး​ကို​မ​သုံးတဲ့​အခါ အဲ့ဒီ​ပိုက်ဆံ​အချိန်မရွေး​ထည့်​လို့​ရအောင် သေတ္တာ​တစ်ခု​လုပ်ထားတာပါ” ဟု​သူက​ရှင်းပြ​၏။

အမန္နဝဲလ်​၏​ဖခင်​သည် နှစ်ပတ်လည်​ခရိုင်​စည်းဝေးကြီး​တက်ရောက်​ရန် ပိုက်ဆံ​စု​ဖို့ သေတ္တာ​တစ်လုံး​ရှိသည်။ သို့ရာတွင် မိသားစု​အရေးပေါ်​ကိစ္စ​ကြောင့် ထို​ငွေ​ကို​အသုံးပြု​လိုက်ရ​၏။ အမန္နဝဲလ်​သည် သူ၏​အလှူငွေကို မ​သုံး​မိ​စေရန် သူ၏​သံ​စုဘူး​ကို ဂ​ဟေ​ဆက်​သူ​ထံ​ယူသွား​၍ အလုံပိတ်​စေ​ခဲ့​သည်။ ထို​သံ​ဘူး​ကို အဘယ်​ရည်ရွယ်ချက်​အတွက် အသုံးပြု​မည့်​အကြောင်း ဂ​ဟေ​ဆက်​သူသိ​ရသောအခါ သံ​တို​သံ​စ​များ​ဖြင့် အမန္နဝဲလ်​အတွက် သေတ္တာ​တစ်လုံး​ပြုလုပ်​ပေး​ခဲ့​သည်။ အမန္နဝဲလ်​၏​ညီ ငါး​နှစ်​သားမိုက်​ကယ်​က​လည်း သေတ္တာ​တစ်လုံး​ပြုလုပ်​ပေးဖို့ တောင်းဆို​ခဲ့​၏။

ကလေး​များ​ပြုလုပ်​ထား​ရာ​ကို အံ့သြ​စွာ​ဖြင့် သေတ္တာ​များ​ကို အဘယ်ကြောင့်​ပြုလုပ်​ခဲ့​ရ​ကြောင်း အက်ဒ်​ဝင်​မေးကြည့်​ရာ မိုက်ကယ်​က “ကျွန်တော်​အလှူငွေ​ထည့်​ချင်​လို့” ဟု​ပြန်ဖြေ​သည်။

မိဘများ​ကို​အသိ​မပေး​ဘဲ အမန္နဝဲလ်၊ မိုက်ကယ်​နှင့် သူတို့​အစ်မ​ဖြစ်သူ ကိုးနှစ်​သမီး ယု​ချေ​တို့သည် သူတို့၏​မုန့်ဖိုး​တချို့​တစ်ဝက်​ကို သေတ္တာ​များ​တွင် ထည့်​စု​နေကြပါ​သည်။ ထို​စိတ်ကူး အဘယ်​မှ​ပေါ်လာ​သနည်း။ ကလေး​များသည် ပိုက်ဆံ​ဆုပ်ကိုင်​တတ်​ကတည်းက ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ရှိ အလှူငွေ​သေတ္တာ​များ​တွင် အလှူငွေ​ထည့်​ရန် မိဘများ​က သွန်သင်​ပေး​ခဲ့​သည်။ သူတို့အား​သင်​ထား​သည်ကို ကောင်းကောင်း​မှတ်ထား​တတ်​ကြောင်း ထင်ရှား​၏။

သေတ္တာ​များ ပြည့်​သွား​သည့်​အခါ ၎င်းတို့ကို ခွဲ​ဖြတ်၍​ဖွင့်​ကြည့်​ကြ​ရာ စုစုပေါင်း​စု​မိ​ငွေ​မှာ အမေရိကန်​ဒေါ်လာ ၃.၁၃ ဖြစ်သည်၊ ထို​နိုင်ငံ​တွင် ပျမ်းမျှ​နှစ်စဉ်​ဝင်ငွေ​သည် ဒေါ်လာ ၃၀၀ ခန့်​သာ​ဖြစ်သော​ကြောင့် စုငွေ​သည် မဖြစ်​စ​လောက် မဟုတ်​ချေ။ ထို​ကဲ့သို့ စေတနာအလျောက်​ထည့်ဝင်​သည့် အလှူငွေများ​သည် ကမ္ဘာ​တစ်ဝန်း နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​အတွက် အထောက်အကူ​ပြု​သည်။