မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အထီးကျန်စိတ်ကို သင်အနိုင်ယူနိုင်

အထီးကျန်စိတ်ကို သင်အနိုင်ယူနိုင်

အထီးကျန်​စိတ်​ကို သင်​အနိုင်ယူ​နိုင်

အထီးကျန်​စိတ်​ကြောင့် ဖြစ်ပေါ်​လာသော ဝမ်းနည်းမှုကို တစ်ခါမျှ​မခံစား​ခဲ့​ရ​ဖူး​ပါ​ဟု မည်သူ​ပြော​နိုင်​သနည်း။ အထီးကျန်​သလို​ခံစား​စေသည့် အကြောင်းရင်း​များစွာ​ရှိသည်။ အထူးသဖြင့် တစ်ခါမျှ​အိမ်ထောင်​မပြု​ခဲ့​ဖူး​သော အမျိုးသမီးများ၊ မုဆိုးမများ၊ တစ်ခု​လ​ပ်​များ​၏ အထီးကျန်​စိတ်​သည် ပြင်းထန်​လှ​၏။

ဥပမာ၊ ခရစ်ယာန်​အမျိုးသမီးငယ် ဖရန့်​စစ်​က ဤသို့​ပြောပြ​သည်– “ကျွန်မ​အသက် ၂၃ နှစ်အရွယ်မှာ သူငယ်ချင်းတွေ​အားလုံး အိမ်ထောင်ပြု​ကုန်​ကြ​တော့ ကျွန်မ​တစ်ယောက်တည်း အဖော်မဲ့​နေ​ရတယ်။” * နှစ်များ​ကုန်လွန်​လာ၍ အိမ်ထောင်ပြု​ရန် အခွင့်အရေး​လျော့နည်းလာ​သောအခါ အထီးကျန်​စိတ်​ဖြစ်ပေါ်​လာပေမည်။ ယခု အသက် ၄၀ ကျော်​နေပြီ​ဖြစ်သော ဆန်​ဒ​ရာ​က “အပျို​ကြီး​ဘဝနဲ့​နေဖို့ ကျွန်မ​တစ်ခါ​မှ​မရည်ရွယ်ခဲ့​ဘူး၊ အခွင့်အရေး​ပေါ်လာ​ရင် အိမ်ထောင်ပြု​မှာ” ဟု​ဝန်ခံ​သည်။ အသက် ၅၀ ရှိသော အဲ​န်​ဂျ​လာ​က ဤသို့​ထောက်ပြ​၏– “အပျို​ကြီး​ဘဝနဲ့​နေဖို့ ယတိပြတ်​မဆုံးဖြတ်​ခဲ့​ပေမဲ့ အပျို​ကြီး​ဖြစ်နေ​ရတယ်။ အထူး​ရှေ့ဆောင်​အနေ​နဲ့ ကျွန်မ​တာဝန်ကျ​ခဲ့​တဲ့​ဒေသမှာ လူပျို​ညီအစ်ကို​တွေ သိပ်​မရှိဘူး။”

ခရစ်ယာန်​အမျိုးသမီးများ​စွာ​သည် “သခင်​ဘုရား​၌​သာ” အိမ်ထောင်ပြု​ရန် ယေဟောဝါ​၏​ဆုံးမ​စကား​ကို တည်ကြည်​စွာ​အလေးထား​သောကြောင့် အိမ်ထောင်​မပြု​ခဲ့​ကြ​ခြင်း​မှာ ချီးကျူး​စ​ရာ​ပင်။ (၁ ကောရိန္သု ၇:၃၉) အချို့​က တစ်ကိုယ်ရေ​တစ်​ကာယ​ဘဝတွင် ပျော်မွေ့နိုင်​ကြသော်လည်း တခြား​သူများ​မှာ​မူ အသက်​ရလာ​လေ အိမ်ထောင်ပြု​၍ ကလေး​မွေးဖွား​လို​စိတ် ပြင်းပြ​လာ​လေ​ဖြစ်၏။ “အိမ်ထောင်ဖက်​မရှိတဲ့​အတွက် တစ်ခုခု​လိုအပ်​နေတယ်လို့ စိတ်​ထဲမှာ အမြဲတမ်း​ဖြစ်ပေါ်​နေတယ်” ဟု​ဆန်​ဒ​ရာ​က ဝန်ခံ​သည်။

မိအိုဖအို​များ​ကို ကြည့်ရှု​စောင့်ရှောက်​ရခြင်း​စ​သည့် အခြား​အကြောင်းရင်း​များ​က​လည်း အထီးကျန်​စိတ်​ဖြစ်ပေါ်​စေ​၏။ “ကျွန်မ​မှာ အိမ်ထောင်​မရှိလို့ ကျွန်မ​မိသားစုက ကျွန်မ​တို့​ရဲ့​မိအိုဖအို​တွေ​ကို ပြုစု​ဖို့​တာဝန်​ယူ​စေချင်တယ်” ဟု​ဆန်​ဒ​ရာ​ပြောပြ​သည်။ “ကျွန်မ​မှာ မောင်နှမ​ခြောက်​ယောက်​ရှိပေမဲ့ ဒီ​တာဝန်​ကို အနှစ် ၂၀ ကျော် ကျွန်မ​ပဲ​ယူ​ခဲ့​ရတယ်။ ကျွန်မ​ကို​ကူညီပေး​နိုင်​မယ့် ခင်ပွန်း​ရှိရင် အဆင်ပြေ​မှာပဲ။”

အထီးကျန်​စိတ်​ကို ပို​ခံစား​စေသည့် နောက်ထပ်​အကြောင်းရင်း​တစ်ခု​ကို ဖရန့်​စစ်​ဖော်ပြ​သည်။ “တစ်ခါ​တ​လေ လူတွေက ‘ဘာဖြစ်​လို့ အိမ်ထောင်​မပြု​တာလဲ’ လို့​ကျွန်မ​ကို တိုက်ရိုက်​မေးကြတယ်။ အဲ့ဒီ​လို​မေးတော့ ကျွန်မ အပျို​ကြီး​ဖြစ်နေ​တာ ကျွန်မ​မှာ​အမှား​ရှိလို့လား​ဆိုပြီး ထင်မှတ်​စေတယ်။ ကျွန်မ​သွားခဲ့တဲ့ မင်္ဂလာဆောင်​တိုင်း​လို​လို​မှာ တစ်ယောက်ယောက်​က ‘ဘယ်တော့ အိမ်ထောင်ပြု​မှာ​လဲ’ ဆိုပြီး ကျွန်မ​မကြားချင်​တဲ့​မေးခွန်း​ကို မေးကြတယ်။ အဲ့ဒီ​တော့ ကျွန်မ​တွေးတော​မိ​တာ ‘ဝိညာဉ်​ရေး​စိတ်ထား​ရှိတဲ့ ညီအစ်ကို​တွေ ငါ့ကို​စိတ်မဝင်စား​တာ ငါ့​မှာ ခရစ်ယာန်​အရည်အသွေးတွေ မရှိလို့​လား၊ ဒါမှ​မဟုတ် ငါ​ပဲ​ဆွဲဆောင်မှု​မရှိလို့​လား’” ဟု​သူ​ပြောပြ​သည်။

အထီးကျန်​စိတ်​ကို မည်သို့​အနိုင်ယူ​နိုင်​မည်​နည်း။ အခြားသူများ မည်သို့​ကူညီပေး​နိုင်​မည်​နည်း။

ယေဟောဝါ​ကို ယုံကြည်​အားထား​လော့

ဆာလံဆရာ​က “ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရား​၌​ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်။ ဖြောင့်မတ်​သော​သူကို အစဉ်အမြဲ​လှုပ်ရှား​စေ​တော်​မ​မူ​ရာ” ဟူ၍ သီချင်းဆို​၏။ (ဆာလံ ၅၅:၂၂) ဟေဗြဲ​ကျမ်း​၌​ပါရှိ​သော “ဝန်” ဟူသော စကားလုံး​သည် စာသား​အရ “ဝေစု” ဟု​အဓိပ္ပာယ်​ရပြီး ယင်းက ကျွန်ုပ်​တို့​ဘဝ​ဝေစု​ကြောင့် ခံစားရ​မည့် စိုးရိမ်​ပူပင်မှု​ကို ရည်ညွှန်း​သည်။ ယေဟောဝါ​သည် အခြား​မည်သူ​ထက်​မဆို အဆိုပါ​ဝန်များ​ကို ပိုမို​သိရှိနားလည်​ပြီး ၎င်းတို့ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် ခွန်အား​ပေး​နိုင်​သည်။ အထီးကျန်​စိတ်​ကို အနိုင်ယူ​နိုင်​ရန် အဲ​န်​ဂျ​လာ​အား ထောက်ကူ​ပေး​သည့်​အရာ​မှာ ယေဟောဝါ​ဘုရားသခင်​ကို ယုံကြည်​အားထားခြင်း​ဖြစ်၏။ သူ၏​အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုကို ရည်ညွှန်း​၍ ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ ရှေ့ဆောင်​စ​လုပ်​တုန်း​က ကျွန်မ​အဖော်​နဲ့​ကျွန်မ​ဟာ အနီးဆုံး​အသင်းတော်​ကနေ အဝေးကြီး​မှာ​နေကြ​တယ်။ ယေဟောဝါ​ကို ကျွန်မ​တို့ လုံးလုံးလျားလျား​ယုံကြည်​အားကိုး​တတ်လာ​ကြတယ်၊ ဒီလို​အားကိုး​တဲ့​အတွက် ကျွန်မ​ဘဝ​တစ်လျှောက်​လုံး အကူအညီ​ရခဲ့တယ်။ ကျွန်မ​မှာ​အပျက်သဘော​တွေ ပေါ်လာတဲ့​အခါ ယေဟောဝါ​ကို​ပြောပြ​တယ်၊ ကိုယ်တော်​က​လည်း ကျွန်မ​ကို​ကူညီပေး​တယ်။ ဆာလံ ၂၃ က​တကယ်​နှစ်သိမ့်မှု​ပေး​တယ်၊ အဲ့ဒီ​ကျမ်းပိုဒ်​ကို ကျွန်မ​ခဏ​ခဏ​ဖတ်​တယ်။”

တမန်​တော်​ပေါလု​တွင် တစ်မူထူး​ခြား​သော ဝန်ထုပ်​တစ်ခု​ရှိသည်။ သူသည် အနည်းဆုံး​သုံးကြိမ်​တိုင် ‘ကိုယ်​၌​စူးသော​ဆူး​နှင့် ကင်းလွတ်​မည်​အကြောင်း သခင်​ဘုရား​ကို ဆုတောင်း၍ အသနားတော်ခံ’ ခဲ့​၏။ ပေါလု​ကို အံ့ဖွယ်​နည်းဖြင့် ကူညီ​မပေးခဲ့​သော်လည်း ဘုရားသခင်​၏ မခံစားထိုက်သော​ကရုဏာ​က ထောက်မ​လိမ့်​မည်​ဟူသော ကတိတော်​ကို သူ​ရရှိခဲ့သည်။ (၂ ကောရိန္သု ၁၂:၇-၉) ကျေနပ်​ရောင့်ရဲမှု​၏ လျှို့ဝှက်ချက်​ကိုလည်း ပေါလု​တွေ့ရှိ​ခဲ့​၏။ နောက်ပိုင်း​တွင် သူ​ဤသို့​ရေးသားခဲ့​သည်– “ဝ​စွာ​စားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်​ရှိ​ခြင်း၊ ဆင်းရဲခြင်း​တို့ကို ခံရ​အံ့​သော​ငှာ အရပ်ရပ်​တို့​တွင် အရာရာ၌​သင်​မိ​ပြီ။ ငါ့ကို ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။”—ဖိလိပ္ပိ ၄:၁၂၊ ၁၃

စိတ်ဓာတ်ကျ​သောအခါ သို့​မဟုတ် အထီးကျန်​ဖြစ်သော​အခါ ဘုရားသခင်​ထံ​မှ​ခွန်အား မည်သို့​ရရှိနိုင်​သနည်း။ ပေါလု ဤသို့​ရေးခဲ့​သည်– “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့် သင်တို့ တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဆန်​ဒ​ရာ​သည် ဤ​အကြံပြုချက်ကို လိုက်နာ​ကျင့်သုံး​ခဲ့​၏။ “အပျို​ဆိုတော့ တစ်ယောက်တည်း​နေရ​တဲ့​အချိန် အတော်​များတယ်။ အဲဒါ​ကြောင့် ယေဟောဝါ​ကို ဆုတောင်း​ဖို့ အခွင့်အရေး​အများကြီး​ရတယ်။ ကိုယ်တော်​နဲ့ အရမ်း​ရင်းနှီးတယ်လို့ ကျွန်မ​ခံစား​ရပြီး ကိုယ်တော်​ကို ကျွန်မ​ရဲ့​ပြဿနာ​တွေ​နဲ့ ပျော်ရွှင်မှု​တွေ​အကြောင်း လွတ်လွတ်လပ်လပ်​ပြောဆို​နိုင်တယ်” ဟု​သူ​ပြောပြ​သည်။ ထို့​ပြင် ဖရန့်​စစ်​က ဤသို့​ဆို​၏– “ကျွန်မ​ရဲ့​အပျက်​သဘောထားတွေကို ကျွန်မ​ဘာသာ အစွမ်းကုန်​တိုက်ထုတ်​ရတယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့​ခံစားချက်​တွေ​ကို ယေဟောဝါ​ရှေ့ တစ်ခု​မကျန်​ပြောပြ​ရတာ ကျွန်မ​အတွက် အရမ်း​အကျိုး​ရှိတယ်။ ကျွန်မ​အတွက်​ဝိညာဉ်​ရေး​နဲ့ စိတ်ပိုင်း​ဆိုင်ရာ အကျိုးရှိ​မယ့် ဘယ်အရာ​ကို​မဆို ယေဟောဝါ​စိတ်ဝင်စား​တယ်​ဆိုတာ ကျွန်မ​ယုံကြည်​စိတ်ချ​တယ်။”—၁ တိမောသေ ၅:၅

“ထမ်းရွက်​စ​ရာ​ဝန်​ချင်း​တို့ကို အချင်းချင်း​ကူညီ​၍ ထမ်းရွက်” လော့

ခရစ်ယာန်​အသင်းအပင်း​တွင် ဝန်ထုပ်​များ​ကို တစ်ဦးတည်း ထမ်းရွက်​စ​ရာ​မလို​ချေ။ “ထမ်းရွက်​စ​ရာ​ဝန်​ချင်း​တို့ကို အချင်းချင်း​ကူညီ​၍ ထမ်းရွက်​သော​အားဖြင့် ခရစ်တော်​၏​တရားကို ကျင့်​ကြလော့” ဟူ၍ တမန်​တော်​ပေါလု​တိုက်တွန်း​ခဲ့​၏။ (ဂလာတိ ၆:၂) ခရစ်ယာန်​ချင်း​များနှင့်​ပေါင်းသင်း​ခြင်း​အားဖြင့် အထီးကျန်​ဝန်ထုပ်​ကို ပေါ့ပါး​စေနိုင်​သည့် “ကောင်းသော​စကား” ဖြစ်သော အားပေးမှုကို ရရှိနိုင်​ပါ​သည်။—သု. ၁၂:၂၅

ဣသရေလ​တရားသူကြီး ယေဖသ​၏​သမီး​အကြောင်း ကျမ်းစာ​ပြောဆိုချက်​ကိုလည်း စဉ်းစား​သုံးသပ်ကြည့်​ပါ။ အမ္မုန်​ရန်သူ​တပ်​ကို အောင်ပွဲ​မခံ​မီ ယေဖသ​သည် မိမိ​အား​ခရီး​ဦး​ကြို​အားပေး​ရန် အိမ်သူအိမ်သား​ထဲ​မှ ဦးဆုံး​ထွက်​လာ​သူကို ယေဟောဝါ​အား ပေးအပ်​မည်​ဟု သစ္စာ​ကတိပြု​ခဲ့​သည်။ ထွက်​လာ​သူ​မှာ သူ၏​သမီး​ပင်​ဖြစ်၏။ (တရားသူကြီး ၁၁:၃၀၊ ၃၁၊ ၃၄-၃၆) ယေဖသ​၏​သမီး​သည် တစ်ကိုယ်ရေ​ဘဝဖြင့် မိသားစု​ရလိုသည့် ပုံမှန်​ဆန္ဒ​ကို စွန့်​ရမည်​ဖြစ်သော်လည်း ဤ​သစ္စာ​ကတိဝတ်​ကို တလိုတလား​ခံ​ယူ၍ ရှိလော​မြို့ရှိ သန့်ရှင်း​ရာ​ဌာန​တွင် တစ်သက်လုံး​အမှုထမ်းဆောင်​ခဲ့​သည်။ သူ၏​ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို မမြင်​ဘဲ​နေခဲ့​ကြ​သလော။ ထိုသို့​ဖြစ်​မည့်​အစား၊ “ဣသရေလ​အမျိုးသမီး​တို့သည် ဂိလဒ်​အမျိုးသား ယေဖသ​၏​သမီး​ကြောင့် တစ်နှစ်​တစ်နှစ်​လျှင် လေး​ရက်​ပတ်လုံး ငိုကြွေး​မြည်း​တမ်း [“ချီးမွမ်း၊” က​ဘ] ခြင်း​ငှာ သွား​ရသော​ဣသရေလ​ထုံးစံ​ဓလေ့​ဖြစ်​လေ​၏။” (တရားသူကြီး ၁၁:၄၀) မှန်ပါသည်၊ ချီးမွမ်း​ခြင်း​က ချီးမွမ်း​ခံရ​သူ​အတွက် အားပေးမှု​ဖြစ်​နိုင်​သည်။ သို့​ဖြစ်၍ ချီးမွမ်း​ခံထိုက်​သူများကို မပျက်​မ​ကွက်​ချီးမွမ်း​ကြ​စို့​လေ။

ယေရှု၏​ပုံသက်သေ​ကို သုံးသပ်ခြင်း​သည်လည်း ကောင်း​ပေ​၏။ အမျိုးသမီးများနှင့် အမျိုးသားများ​စကားပြော​ဆို​ခြင်း​သည် ဂျူး​ထုံးစံ​မဟုတ်သော်လည်း ယေရှုသည် မာရိနှင့် မာသကို အချိန်ပေး​ခဲ့​သည်။ သူတို့သည် မုဆိုးမများ သို့​မဟုတ် အိမ်ထောင်​မပြု​ထားသူများ​ဖြစ်​နိုင်​ဖွယ်​ရှိ၏။ ယေရှုသည် သူတို့​နှစ်ဦးစလုံး​အား မိမိ​နှင့် ခင်မင်မှု​မှ ဝိညာဉ်​ရေး​အကျိုးကျေးဇူး ရရှိစေ​လို​၏။ (လုကာ ၁၀:၃၈-၄၂) မိတ်​ဆုံ​စားပွဲ​များ​သို့ ကျွန်ုပ်​တို့၏ တစ်ကိုယ်ရေ​ဝိညာဉ်​ရေး​ညီအစ်မ​များ​ကို ခေါ်ဖိတ်​ခြင်း​အားဖြင့်၊ သူတို့နှင့်​အတူ ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်ခြင်း​အားဖြင့် ယေရှု၏​ပုံသက်သေ​ကို တုပ​နိုင်​သည်။ (ရောမ ၁၂:၁၃) ဤသို့​ဂရုစိုက်​ခြင်း​ကို သူတို့​ကျေးဇူး​တင်​လေးမြတ်​ကြ​ပါသလော။ ညီအစ်မ​တစ်ဦး​က ဤသို့​ဆို​သည်– “ညီအစ်ကို​တွေ​က ကျွန်မ​ကို ချစ်​ပြီး တန်ဖိုး​ထား​ကြတယ်​ဆိုတာ ကျွန်မ​သိပါတယ်၊ ဒါပေမဲ့ ကျွန်မ​ကို ပို​ပြီး​ပုဂ္ဂိုလ်ရေး​အရ စိတ်ဝင်စားမှု​ပြ​ကြ​တာ​ကို ကျွန်မ​ကျေးဇူး​တင်​တယ်။”

“ကျွန်မ​တို့​မှာ အိမ်ထောင်​မရှိကြ​တဲ့​အတွက် ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ မိသားစု​ထဲ တစ်ယောက်​ပါဝင်​တယ်လို့ ကျွန်မ​တို့​ခံစား​ရဖို့၊ အချစ်ခံ​ရဖို့ ပို​ပြီး​လိုအပ်​ပါ​တယ်” ဟု​ဆန်​ဒ​ရာ​က​ပြောပြ​သည်။ ယေဟောဝါ​သည် ဤသို့​သော​သူများကို ဂရုစိုက်​ကြောင်း​ထင်ရှား​သည်၊ သူတို့ကို​လိုအပ်​သည်၊ သူတို့ကို​ချစ်​သည်​ဟု သူတို့အား​ခံစား​စေသော​အခါ ကျွန်ုပ်​တို့သည် ကိုယ်တော်​နှင့် ပူးပေါင်း​ဆောင်ရွက်​ရာ​ကျ​သည်။ (၁ ပေတရု ၅:၆၊ ၇) ဤသို့​စိုးရိမ်​ပူပန်ခြင်း​ကို သတိပြု​မခံရ​ဘဲ နေ​မည်​မဟုတ်​ချေ၊ အကြောင်း​မှာ “ဆင်းရဲသား​ကို သနားသော​သူသည် ထာဝရ​ဘုရား​အား ချေးငှား​သော​သူ​ဖြစ်၍ သူ​ပြုသော​အမှု​၏​အကျိုးကို ဆပ်ပေး​တော်​မူ​လိမ့်​မည်” ဖြစ်သည်။—သု. ၁၉:၁၇

“လူ​အသီးအသီး​တို့သည် မိမိတို့​ဝန်ကို ဆောင်ရွက်​ရ​ကြ​မည်”

အခြားသူများ​လည်း အကူအညီ​ပေး​နိုင်​ပြီး သူတို့၏​ထောက်ပံ့မှု​က အလွန်​အားရှိစရာ​ဖြစ်​နိုင်​သော်လည်း “လူ​အသီးအသီး​တို့သည် မိမိတို့​ဝန်ကို ဆောင်ရွက်​ရ​ကြ​မည်။” (ဂလာတိ ၆:၅) သို့သော် အထီးကျန်​စိတ်၏​ဝန်ထုပ်​ကို ထမ်းရွက်​ရာ​တွင် သတိပြု​စ​ရာ​အချို့​ရှိ၏။ ဥပမာ၊ ကျွန်ုပ်​တို့သည် ရေငုံ​နှုတ်ပိတ်​နေ​မည်​ဆိုလျှင် အထီးကျန်​စိတ်​က ကျွန်ုပ်​တို့ကို အနိုင်ယူ​သွားပေ​မည်။ တစ်ဖက်​တွင်​မူ၊ အထီးကျန်​စိတ်​ကို မေတ္တာဖြင့် ကျွန်ုပ်​တို့​အနိုင်ယူ​နိုင်၏။ (၁ ကောရိန္သု ၁၃:၇၊ ၈) ကျွန်ုပ်​တို့၏​အခြေအနေ မည်သို့​ပင်​ရှိနေပါစေ၊ ပေးကမ်း​ခြင်း​နှင့် ခွဲဝေ​ခြင်း​တို့သည် ပျော်ရွှင်မှု​ရရှိရန် အကောင်းဆုံး​နည်း​ဖြစ်သည်။ (တမန်​တော် ၂၀:၃၅) အလုပ်​ကြိုးစား​သော ညီအစ်မ​တစ်ဦး​က “အထီးကျန်​တယ်လို့​ထင်​ဖို့ ကျွန်မ​မှာ အချိန်​မရှိဘူး။ သူတစ်ပါးကို​ကူညီပေး​ရင်း အလုပ်​များနေ​တဲ့​အခါ ကျွန်မ အထီး​မကျန်​တော့​ဘူး” ဟု​ပြော​သည်။

အထီးကျန်​စိတ်​ကြောင့် စိတ်​ယူးယ​ဉ်​အချစ်​ဘက်​သို့ ပညာ​မဲ့​စွာ​ယို​င်​မသွား​ရန်​လည်း သတိပြု​ရမည်။ ဥပမာ၊ အိမ်ထောင်ပြု​လို​စိတ်​ကြောင့် မယုံကြည်​သူနှင့် အိမ်ထောင်ပြုခြင်း​မှ ဖြစ်ပေါ်​လာနိုင်​သည့် ပြဿနာ​များစွာ​နှင့် အထူးသဖြင့် ဤသို့​သော​ထမ်းပိုး​ကို​မ​ထမ်း​ရန် ကျမ်းစာ​ဆုံးမ​စကား​၏​ဉာဏ်ပညာ​ကို မမြင်နိုင်​သည့်​အထိ​ဖြစ်သွားခြင်း​သည် မည်မျှ​ဝမ်းနည်းစရာ​ပါ​တကား! (၂ ကောရိန္သု ၆:၁၄) တစ်ခု​လ​ပ်​ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​က “အပျို​ကြီး​ဖြစ်​ရတာထက် ပို​ဆိုး​တာ​က မဟုတ်တဲ့​လူနဲ့ အိမ်ထောင်ပြု​မိ​ခြင်း​ပါ​ပဲ” ဟု​ဆို​သည်။

မဖြေရှင်း​နိုင်​သည့် ပြဿနာ​တစ်ခု​ကို အနည်းဆုံး​တော့ လောလောဆယ်တွင် ခံရပ်​ရ​ပေမည်။ ထို​နည်းတူ ဘုရားသခင်​၏​အကူအညီ​ဖြင့် အထီးကျန်​စိတ်​ကိုလည်း ခံရပ်​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အမှုတော်ကို ဆက်၍​ထမ်းဆောင်​နေကြ​စဉ် တစ်နေ့​သောအခါ ကျွန်ုပ်​တို့၏​လိုအပ်ရာ​များ အကောင်းဆုံးနည်း​ဖြင့် ဖြည့်ဆည်း​ခံရ​လိမ့်​မည်​ကို ယုံကြည်​စိတ်ချ​ကြပါစို့​လေ။—ဆာလံ ၁၄၅:၁၆

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ဖော်ပြ​ထားသော အမျိုးသမီးများ​၏​အမည်များ​ကို ပြောင်း​ထား​သည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ပေးကမ်း​ခြင်း​နှင့် ဝေမျှခြင်း​တို့ ဖြင့် အထီးကျန်​စိတ်​ကို အနိုင်ယူ​နိုင်