မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည်ကြည်သောနှလုံးဖြင့် ယေဟောဝါအား ဆက်၍ဝတ်ပြုကိုးကွယ်လော့

တည်ကြည်သောနှလုံးဖြင့် ယေဟောဝါအား ဆက်၍ဝတ်ပြုကိုးကွယ်လော့

တည်ကြည်သော​နှလုံးဖြင့် ယေဟောဝါ​အား ဆက်၍​ဝတ်ပြု​ကိုးကွယ်​လော့

“အို​ဘုရားသခင် အကျွန်ုပ်​နှလုံး​သည် တည်ကြည်​ပါ​၏။ အကျွန်ုပ်​နှလုံး​သည် တည်ကြည်​ပါ​၏။”—ဆာလံ ၅၇:၇

၁။ ကျွန်ုပ်​တို့​တွင်​ဒါဝိဒ်​ကဲ့သို့​သော​ယုံကြည်​စိတ်ချမှု​အဘယ်ကြောင့်​ရှိ​နိုင်​သနည်း။

ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကိုယ်တော့်​ဆက်ကပ်​အပ်နှံ​ကျေးကျွန်​များ​အဖြစ် စစ်မှန်သော ခရစ်ယာန်​အယူဝါဒ​ကို စွဲမြဲ​စွာ​ဆုပ်ကိုင်​ထား​ရန် ခရစ်ယာန်​ယုံကြည်ခြင်း​တွင် တည်ကြည်​ဖို့ လုပ်ဆောင်ပေး​နိုင်​တော်​မူ​၏။ (ရောမ ၁၄:၄) ထို့​ကြောင့် “အို​ဘုရားသခင် အကျွန်ုပ်​နှလုံး​သည် တည်ကြည်​ပါ​၏” ဟု​သီဆို​ရန် လှုံ့ဆော်​ခံ​ခဲ့​ရသူ ဆာလံဆရာ​ဒါဝိဒ်​ကဲ့သို့​သော ယုံကြည်​စိတ်ချမှု ကျွန်ုပ်​တို့​တွင်​ရှိ​နိုင်​သည်။ (ဆာလံ ၁၀၈:၁) ကျွန်ုပ်​တို့၏​နှလုံး တည်ကြည်​မည်​ဆိုလျှင် ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​အတိုင်း အောင်မြင်စွာ​ဆောင်ရွက်ရန် လှုံ့ဆော်​ခံရ​ကြ​မည်။ ထို့​ပြင် လမ်းညွှန်မှု​နှင့် ခွန်အား​ရရှိရန် ကိုယ်တော်​ကို​မှီခို​အားထားခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ‘သခင်​ဘုရား​၏​အမှုတော်​၌ လုပ်ကိုင်​စ​ရာ​များစွာ’ ရှိသည့် တည်ကြည်​ဖြောင့်မတ်​သူများ​အနေ​နှင့် မတိမ်းယိမ်း​ဘဲ မြဲမြံ​သော​စိတ်ပိုင်းဖြတ်​မှု​နှင့် ယုံကြည်​စိတ်ချမှု​ရှိ​နိုင်​ကြ​မည်။—၁ ကောရိန္သု ၁၅:၅၈

၂၊ ၃။ ၁ ကောရိန္သု ၁၆:၁၃ တွင်​မှတ်တမ်း​တင်ထားသော ပေါလု​၏​တိုက်တွန်းချက်​များ ဆိုလိုရင်း​ကား အဘယ်နည်း။

ရှေး​ကောရိန္သု​မြို့ရှိ ယေရှု၏​တပည့်​နောက်လိုက်​များ​ကို ရည်ညွှန်း​ရေးသားခြင်း​ဖြစ်သော်လည်း မျက်မှောက်ခေတ်​ခရစ်ယာန်​များနှင့်​ပါ အမှန်​သက်ဆိုင်​သည့် တိုက်တွန်းချက်​များ​တွင် တမန်​တော်​ပေါလု ဤသို့​ဆို​၏– “သတိ​နှင့်​စောင့်နေ​ကြလော့။ ယုံကြည်ခြင်း၌​တည်​ကြလော့။ ယောက်ျား​အစွမ်း​သတ္တိ​နှင့်​တကွ ခွန်အား​စုံလင်​လျက်​နေကြ​လော့။” (၁ ကောရိန္သု ၁၆:၁၃) ဂရိ​စကား​တွင် ဤ​မိန့်ဆိုချက်​တစ်ခုစီ​သည် ပစ္စုပ္ပန်​ကာလ​ပြ ကြိယာ​သဏ္ဌာန်​ဖြစ်​ရ​ကား ဆက်လုပ်​ဆောင်ရန် တိုက်တွန်း​ပေး​သည်။ ဤ​ဆုံးမ​စကား​၏ ဆိုလိုရင်း​ကား အဘယ်နည်း။

ကျွန်ုပ်​တို့သည် စာတန်​ကို​ဆီးတား​ပြီး ဘုရားသခင်​နှင့် နီးကပ်​စွာ​နေခြင်း​အားဖြင့် ဝိညာဉ်​ရေး​အရ “သတိ​နှင့်​စောင့်နေ” နိုင်​ကြသည်။ (ယာကုပ် ၄:၇၊ ၈) ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​က ကျွန်ုပ်​တို့ကို စည်းလုံးစွာ​ဆက်​ရှိနေ​စေပြီး ‘ခရစ်ယာန်​ယုံကြည်ခြင်း၌​တည်ကြည်’ စေ​သည်။ ကျွန်ုပ်​တို့​တွင်​ရှိ အမျိုးသမီးများ​စွာ​အပါအဝင် “ယောက်ျား​အစွမ်း​သတ္တိ” နှင့် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် ဘုရားသခင့်​အမှုတော်ကို ရဲရဲရင့်ရင့်​ဆောင်ရွက်​ကြသည်။ (ဆာလံ ၆၈:၁၁) ဘုရားသခင့်​အလိုတော်​ဆောင်ရွက်ရန် ကောင်းကင်​ခမည်းတော်​ထံ​မှ ခွန်အား​ရဖို့ အဆက်မပြတ်​မျှော်ကိုးခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် “ခွန်အား​နှင့်​ပြည့်စုံ” ကြ​၏။—ဖိလိပ္ပိ ၄:၁၃

၄။ ခရစ်ယာန်​များ​အဖြစ် ကျွန်ုပ်​တို့၏​နှစ်ခြင်း​ခံယူ​သည့်​အဆင့်​သို့ အဘယ်​ခြေလှမ်း​များ​က ဦးတည်​ပေး​ခဲ့​သနည်း။

ကျွန်ုပ်​တို့သည် ယေဟောဝါ​ထံ အကြွင်းမဲ့​ဆက်ကပ်​အပ်နှံမှု​ပြုပြီး ယင်းကို ရေ​၌​နှစ်ခြင်း​ခံ​ခြင်း​ဖြင့် တင်ပြ​ခဲ့​ချိန်​တွင် အမှန်တရား​ဘက် ကျွန်ုပ်​တို့​ရပ်တည်ခဲ့​ကြသည်။ သို့သော် ကျွန်ုပ်​တို့​နှစ်ခြင်း​ခံယူ​သည့်​အဆင့်​အထိ​ရောက်​ဖို့ အဘယ်အရာ​များ ပြုလုပ်​ခဲ့​ရသနည်း။ ဦးဆုံး၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ တိကျ​မှန်ကန်သော အသိပညာကို ကျွန်ုပ်​တို့​သင်ယူ​ခဲ့​ကြသည်။ (ယောဟန် ၁၇:၃) ယင်းကြောင့် ယုံကြည်ခြင်း​တိုးပွား​လာပြီး နောင်တ​ရ​၍ ယခင်​က ပြု​မိ​သော​အမှား​များ​အတွက် အမှန်တကယ်​ဝမ်းနည်း​ကြောင်း ဖော်ပြ​စေ​ခဲ့​သည်။ (တမန်​တော် ၃:၁၉၊ ၂၀; ဟေဗြဲ ၁၁:၆) ထို့နောက် ကျွန်ုပ်​တို့သည် ဘုရားသခင့်​အလိုတော်နှင့်​အညီ အသက်ရှင်​ရန် မှားယွင်းသော​အကျင့်​များ​ကို​စွန့်လွှတ်​ခြင်း​ဖြင့် ပြုပြင်​ပြောင်းလဲ​လာ​ခဲ့​ကြသည်။ (ရောမ ၁၂:၂; ဧဖက် ၄:၂၃၊ ၂၄) ၎င်း​မှ​တစ်ဆင့် ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​ထံ​စိတ်နှလုံး​အကြွင်းမဲ့ ဆက်ကပ်​အပ်နှံ​ခဲ့​ကြသည်။ (မဿဲ ၁၆:၂၄; ၁ ပေတရု ၂:၂၁) ထို့နောက် ကောင်းသော​သိစိတ်​ရှိ​ရန် ဘုရားသခင်​ထံ အသနားခံ​ခဲ့​ကြ​ပြီး ကိုယ်တော်​ထံ ကျွန်ုပ်​တို့​ကိုယ်ကို​ဆက်ကပ်​အပ်နှံခြင်း​၏ အထိမ်းအမှတ်​အဖြစ် နှစ်ခြင်း​ခံယူ​ခဲ့​ကြသည်။ (၁ ပေတရု ၃:၂၁) အဆင့်ဆင့်​ပြုလုပ်​ဆောင်ရွက်​ခဲ့​ရသည့် ဤ​အမှု​များ​ကို စိတ်ထဲ​စွဲမှတ်​ထားခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အဆက်မပြတ်​ကြိုးစား​အားထုတ်​ဖို့​လို​ကြောင်းကို အာရုံ​စူးစိုက်​နေပြီး တည်ကြည်သော​နှလုံးဖြင့် ယေဟောဝါ​အား​ဆက်၍​ဝတ်ပြု​ကိုးကွယ်​ရန် ကျွန်ုပ်​တို့​အထောက်အကူ​ရ​ပေမည်။

တိကျ​မှန်ကန်သော​အသိပညာကို ဆက်၍​ရှာဖွေ​လော့

၅။ ကျမ်းစာ​အသိပညာကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​ဆက်၍ ဆည်းပူး​သင့်​သနည်း။

ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် ယုံကြည်ခြင်း​တည်ဆောက်​ပေး​သော ကျမ်းစာ​အသိပညာကို ကျွန်ုပ်​တို့​ဆက်​ဆည်းပူး​ရမည်။ ဘုရားသခင့်​အမှန်တရားကို ကျွန်ုပ်​တို့​ဦးဆုံး​စတင်​သိလာ​ချိန်​တွင် ဝိညာဉ်​အစာစား​သုံး​ရခြင်း​သည် အမှန်တကယ်​ဝမ်းမြောက်စရာ​ဖြစ်​ခဲ့​သည်! (မဿဲ ၂၄:၄၅-၄၇) ထို “အစားအစာ​များ” သည် အလွန်​အရသာ​ရှိ​ရုံ​မ​က ဝိညာဉ်​ရေး​ခွန်အား ဖြည့်တင်း​ပေး​ခဲ့​သည်။ ယခု ယေဟောဝါ​၏​ဆက်ကပ်​အပ်နှံ ကျေးကျွန်​များ​အဖြစ် တည်ကြည်သော​နှလုံးကို ဆက်​ထိန်းသိမ်း​ထား​နိုင်​ရန် အာဟာရ​ရှိ​ဝိညာဉ်​အစာများ​ကို ဆက်​သုံးဆောင်​ဖို့ အလွန်​အရေးကြီး​သည်။

၆။ သမ္မာကျမ်းစာ​အမှန်တရားကို စိတ်ရင်းမှန်​ဖြင့်​ကျေးဇူး​တင်​တတ်လာ​ရန် သင်​မည်သို့​အကူအညီ​ရရှိခဲ့​ခြင်း​ဖြစ်​နိုင်​သနည်း။

ကျမ်းစာ​အသိပညာ ထပ်ဆင့်​တိုးပွား​လာရန် ကြိုးစား​အားထုတ်​ဖို့​လို​သည်။ ဝှက်ထား​သော​ဘဏ္ဍာ​ကို ရှာဖွေ​သကဲ့သို့ အားစိုက်ထုတ်​ရန်လို​သည်။ သို့သော် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်” ဆည်းပူးခြင်း​သည် အလွန်​အကျိုး​ရှိသည်! (သု. ၂:၁-၆) ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တစ်ဦး​သည် သင်​နှင့် ဦးဆုံး​ကျမ်းစာ​သင်အံမှု​ပြု​စဉ် ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ်​ကို သူ​အသုံးပြု​ခဲ့​ပေမည်။ အခန်း​တစ်ခုစီ​ကို တစ်ခါတစ်ရံ​တစ်ကြိမ်​ထက်မက ဆွေးနွေး​လေ့လာ​ရန် အချိန်​အတော်အတန် ကုန်​ခဲ့​ပေမည်။ ကိုးကား​ဖော်ပြ​ထားသော ကျမ်းချက်​များ​ကို ဖွင့်ဖတ်​ပြီး ဆွေးနွေး​ခဲ့​ခြင်း​မှ သင်​အကျိုး​ရရှိခဲ့သည်။ နားလည်​ရန်​ခက်ခဲ​သော​အချက်​တစ်ခု ရှိ​မည်​ဆိုလျှင် ရှင်းပြ​ပေး​ခဲ့​သည်။ သင့်ကို​ကျမ်းစာ​သင်ပေးခဲ့​သူသည် ကောင်းစွာ​ပြင်ဆင်​ခဲ့​၍ ဘုရားသခင့်​ဝိညာဉ်​တော်​ရရှိဖို့ ဆုတောင်း​ခဲ့​ပြီး အမှန်တရားကို အလေးအနက်​တန်ဖိုး​ထား​တတ်​ရန် သင့်ကို​ကူညီပေး​ခဲ့​သည်။

၇။ အခြားသူများ​အား ဘုရားသခင့်​အမှန်တရား သွန်သင်ပေး​ရန် အဘယ်အရာက လူတစ်ဦးကို အရည်အချင်း​ရှိစေ​သနည်း။

ဤသို့​ကြိုးစား​အားထုတ်ခြင်း​သည် သင့်လျော်​ပါ​သည်၊ အကြောင်း​မှာ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “နှုတ်[မြွက်]တရားကို​သင်​သော​သူသည် သင်ပေး​သော​သူအား ကောင်းသော​အရာရှိသမျှ​တို့ကို​ဝေမျှ​စေ။” (ဂလာတိ ၆:၆) ဤ​တွင် ဂရိ​စာသား​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ သွန်သင်ချက်​များ​ကို ‘သင်ယူ​သော​သူ’ ၏​စိတ်နှလုံး​ထဲ စွဲမှတ်စေ​ခြင်း​ကို ညွှန်ပြ​၏။ သင်​ထို​နည်း​အတိုင်း​သွန်သင်ခံ​ခဲ့​ရခြင်း​က အခြား​သူများကို ထပ်ဆင့်​သွန်သင်ပေး​ရန် သင့်​အား အရည်အချင်း​ရှိစေသည်။ (တမန်​တော် ၁၈:၂၅) သင့်​ဆက်ကပ်​အပ်နှံခြင်း​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အဆက်မပြတ်​လေ့လာခြင်း​အားဖြင့် သင့်​ဝိညာဉ်​ရေး​ကျန်းမာ​မှု​နှင့်တည်ကြည်​ခြင်း​ကို ထိန်းသိမ်း​စောင့်ရှောက်​ရမည်။—၁ တိမောသေ ၄:၁၃; တိတု ၁:၁၃၊ ၁၄; ၂:၂

သင့်​နောင်တ​နှင့် ပြောင်းလဲမှု​တို့ကို သတိရပါ

၈။ ဘုရားသခင်​ရေးရာ​အမူအကျင့်ကို မည်သို့​ထိန်းသိမ်း​ထား​နိုင်​သနည်း။

သင်သည် အမှန်တရား​သိရှိ​လာပြီး နောင်တ​ယူ​ကာ ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​ကို ယုံကြည်​သဖြင့် ဘုရားသခင့်​ခွင့်လွှတ်​ခြင်း​ခံရ​သည်​ဟု ခံစား​ခဲ့​ရချိန်​က မည်မျှ​စိတ်သက်သာ​မှု​ရရှိခဲ့သည်​ကို အမှတ်ရပါ​သလော။ (ဆာလံ ၃၂:၁-၅; ရောမ ၅:၈; ၁ ပေတရု ၃:၁၈) အပြစ်ပြု​သော​ဘဝသို့ သင်​ပြန်​မ​ရောက်​လို​သည်​မှာ သေချာ​သည်။ (၂ ပေတရု ၂:၂၀-၂၂) အခြား​အရာများ​အပြင် ယေဟောဝါ​ထံ မှန်မှန်​ဆုတောင်းခြင်း​သည် ဘုရားသခင်​ရေးရာ​အမူအကျင့်ကို ဆက်​ထိန်းသိမ်း​စေ​၏၊ သင့်​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်​စေမည်၊ ယေဟောဝါ​၏​အမှုတော်ကို တည်ကြည်မှု​ရှိ​ရှိ​ဆောင်ရွက်​နေစေပါ​လိမ့်​မည်။—၂ ပေတရု ၃:၁၁၊ ၁၂

၉။ အပြစ်ရှိ​သော​အကျင့်​များ​ကို စွန့်လွှတ်​ခဲ့ပြီ​ဖြစ်​ရာ အဘယ်​လမ်းစဉ်​ကို ကျွန်ုပ်​တို့​လိုက်​သင့်​သနည်း။

အပြစ်ရှိ​သော​အကျင့်​များ​ကို​စွန့်လွှတ်​ပြီး ပြုပြင်​ပြောင်းလဲ​လာ​ခဲ့ပြီ​ဖြစ်​ရာ တည်ကြည်သော​နှလုံးကို ဆက်​ထိန်းသိမ်း​နိုင်​ရန် ဘုရားသခင့်​အကူအညီ​တောင်း​ပါ။ တစ်နည်း​အားဖြင့်​ဆိုလျှင် သင်သည် လမ်းမှား​ပေါ်​ခရီး​သွား​နေခဲ့​ရာ ယုံကြည်​စိတ်ချ​ရသည့် မြေပုံ​တစ်ခု​ကို​ကြည့်​ပြီး​နောက် လမ်းမှန်​ပေါ်​တွင် စ၍​ခရီးဆက်​ခဲ့​သည်။ ယခု လမ်းမ​မှား​စေပါ​နှင့်။ ဘုရားသခင့်​လမ်းညွှန်မှုကို ဆက်​စိတ်ချ​ပြီး အသက်​လမ်းပေါ်​တည်​ရှိနေ​ရန် စိတ်​ဆုံးဖြတ်ထား​ပါ​လေ။—ဟေရှာယ ၃၀:၂၀၊ ၂၁; မဿဲ ၇:၁၃၊ ၁၄

သင့်​ဆက်ကပ်​အပ်နှံခြင်း​နှင့် နှစ်ခြင်း​ကို ဘယ်တော့​မျှ​မမေ့​နှင့်

၁၀။ ဘုရားသခင်​ထံ ကျွန်ုပ်​တို့​ကိုယ်ကို​ဆက်ကပ်​အပ်နှံခြင်း​နှင့်​ပတ်သက်​၍ အဘယ်​အချက်များ​ကို စိတ်​စွဲမှတ်​ထား​သင့်​သနည်း။

၁၀ သင်သည် ယေဟောဝါ​၏​အမှုတော်ကို ထာဝစဉ် တည်ကြည်မှု​ရှိ​ရှိ​ဆောင်ရွက်​မည်​ဟု ရည်မှန်း​လျက် ဆုတောင်းခြင်း​ဖြင့် မိမိကိုယ်ကို​ဆက်ကပ်​အပ်နှံ​ခဲ့​ကြောင်း စိတ်စွဲ​မှတ်ထားပါ။ (ယုဒ ၂၀၊ ၂၁) ဆက်ကပ်​အပ်နှံခြင်း​သည် မြင့်မြတ်​သော​ရည်ရွယ်ချက်​တစ်ခု​အတွက် သီးသန့်​ခွဲထား​ခြင်း၊ သို့​မဟုတ် သီးခြားနေ​ခြင်း သဘော​ရှိသည်။ (ဝတ်ပြုရာ ၁၅:၃၁; ၂၂:၂) သင့်​ဆက်ကပ်​အပ်နှံမှု​သည် ယာယီ​သဘောတူညီ​မှု​မဟုတ်၊ လူ​တို့အား​ကတိပြု​ခြင်း​လည်း​မဟုတ်ပါ။ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​အား မိမိကိုယ်ကို ထာဝစဉ်​ဆက်ကပ်​အပ်နှံခြင်း​ဖြစ်​ပြီး ၎င်းနှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် ဘုရားသခင်​အား တစ်သက်တာလုံး တည်ကြည်​ရန်လို​သည်။ မှန်ပါသည်၊ ကျွန်ုပ်​တို့ ‘အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ကျွန်ုပ်​တို့ကို သခင်​ဘုရား​ပိုင်ဆိုင်​တော်​မူ​၏။’ (ရောမ ၁၄:၇၊ ၈) ကျွန်ုပ်​တို့၏​ပျော်ရွှင်မှု​သည် ကိုယ်တော့်​အလိုတော်ကို​ဆောင်ရွက်ခြင်း၊ တည်ကြည်သော​နှလုံးဖြင့် ကိုယ်တော်​၏​အမှုကို အဆက်မပြတ်​ထမ်းဆောင်ခြင်း​အပေါ် မူတည်​သည်။

၁၁။ သင့်​နှစ်ခြင်း​နှင့် ၎င်း​၏​အဓိပ္ပာယ်​ကို အဘယ်ကြောင့်​သတိရ​သင့်​သနည်း။

၁၁ ဘုရားသခင်​အား သင့်ကိုယ်​သင် စိတ်နှလုံး​အကြွင်းမဲ့​ဆက်ကပ်​အပ်နှံခြင်း​၏ အထိမ်းအမှတ်​အဖြစ် သင်၏​နှစ်ခြင်း​ကို အမြဲ​သတိရပါ။ ဖိအားပေး​မှု​ခံရ​၍ သင်​နှစ်ခြင်း​ခံ​ခဲ့​ခြင်း​မဟုတ်ဘဲ သင့်ကိုယ်​ပိုင်​ဆုံးဖြတ်ချက်​ဖြစ်သည်။ ယခု သင့်​ဘဝ​အသက်တာ​တစ်လျှောက် သင့်​အလိုဆန္ဒကို ဘုရားသခင့်​အလိုတော်နှင့်​အညီ​ရှိစေ​မည်​ဟု သင်​စိတ်​ဆုံးဖြတ်​ပါသလော။ သင်သည် ကြည်လင်​သော​သိစိတ်​ရှိဖို့ ဘုရားသခင်​ထံ တောင်း​လျှောက်ခဲ့​ပြီး သင့်ကိုယ်​သင်​ဆက်ကပ်​အပ်နှံခြင်း​၏ အထိမ်းအမှတ်​အနေ​နှင့် သင်​နှစ်ခြင်း​ခံ​ခဲ့​ပေ​ပြီ။ သင့်​ဆက်ကပ်​အပ်နှံခြင်း​နှင့်​အညီ ဆောင်ရွက်ခြင်း​ဖြင့် ထို​ကြည်လင်​သော​သိစိတ်ကို ထိန်းသိမ်း​ထား​ပါ၊ ယေဟောဝါ​၏ ကြွယ်ဝသော​ကောင်းချီး​မင်္ဂလာ​ကို သင်​ခံစားရ​လိမ့်​မည်။—သု. ၁၀:၂၂

သင့်​စိတ်​အလိုဆန္ဒ ပါဝင်​ပတ်သက်

၁၂၊ ၁၃။ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​အလိုဆန္ဒ​သည် ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခြင်း​နှင့် မည်သို့​ပတ်သက်​သနည်း။

၁၂ ဆက်ကပ်​အပ်နှံခြင်း​နှင့် နှစ်ခြင်း​သည် ကမ္ဘာ​တစ်ဝန်း​ရှိ သန်းနှင့်ချီ​သော​သူများ​အပေါ် ကြီးမားသော​ကောင်းချီး​များ အမှန်​သက်ရောက်​ခဲ့ပြီ။ ရေနှစ်ခြင်း​ခံ​ခြင်း​ဖြင့် ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​ကို တင်ပြ​ချိန်​တွင် ကျွန်ုပ်​တို့၏ အတိတ်​က​ဘဝ​လမ်းစဉ်​ကို သေစေ​ခဲ့ပြီ​ဖြစ်သော်လည်း ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​အလိုဆန္ဒများကို​မူ မသေ​စေ​ကြ​ပါ။ သင့်လျော်​စွာ​သွန်သင်ခံ​ခဲ့​ရသော ယုံကြည်သူများ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဆုတောင်းခြင်း​ဖြင့် ဘုရားသခင်​ထံ​ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့​ချိန်​တွင် ကိုယ်ပိုင်​အလိုဆန္ဒ​အလျောက် ထိုသို့​ပြုလုပ်​ခဲ့​ကြသည်။ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခြင်း​လမ်းစဉ်​က ဘုရားသခင့်​အလိုတော်သည် အဘယ်အရာ​ဖြစ်​ကြောင်းကို ဆုံးဖြတ်​ကာ ထို​အတိုင်း​လုပ်ဆောင်ရန် မဖြစ်​မနေ​ရွေးချယ်​ဖို့​တောင်းဆို​သည်။ (ဧဖက် ၅:၁၇) ဤနည်းဖြင့် ကျွန်ုပ်​တို့သည် ယေရှုကို​အတုယူ​ကြသည်၊ ကိုယ်တော်သည် မိမိ၏​အလိုဆန္ဒ​အလျောက် လက်သမား​အလုပ်ကို​စွန့်ပြီး နှစ်ခြင်း​ခံ​၍ ကောင်းကင်​ခမည်းတော်​၏​အလိုတော်ကို အပြည့်အဝ​ဆောင်ရွက်​ခဲ့​သည်။—ဆာလံ ၄၀:၇၊ ၈; ယောဟန် ၆:၃၈-၄၀

၁၃ ယေဟောဝါ​ဘုရားသခင်​က မိမိ၏​သားတော်ကို “[ဆင်းရဲခြင်း] အားဖြင့် စုံလင်ခြင်း​သို့​ရောက်​စေရန်” ရည်ရွယ်​တော်​မူ​ခဲ့​သည်။ ထို့​ကြောင့် ယေရှုသည် ထို​ဆင်းရဲခြင်း​များ​ကို တည်ကြည်မှု​ရှိ​ရှိ​ခံရပ်​ရန် အလိုရှိ​ခဲ့​သည်။ ထို့​ကြောင့် ကိုယ်တော်​သည် “ကြီးစွာ​သော​ကြွေးကြော်​ခြင်း၊ မျက်ရည်ကျ​ခြင်း​နှင့် ဆုတောင်း[ခြင်း]ဖြင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သဘော​ကြောင့် နားညောင်း​တော်​မူ​ခြင်း​ကို​ခံ” ခဲ့​ရသည်။ (ဟေဗြဲ ၂:၁၀၊ ၁၈; ၅:၇၊ ၈သမ္မာ) ကျွန်ုပ်​တို့​လည်း ဘုရားသခင်​ကို အလားတူ​ရိုသေ​ခန့်ညား​ကြောက်ရွံ့​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် “နားညောင်း​တော်​မူ​ခြင်း​ကို​ခံရ” ပြီး ယေဟောဝါ​၏​ဆက်ကပ်​အပ်နှံ​သက်သေခံ​များ​အဖြစ် တည်ကြည်​စေမည်​ဟု ယုံကြည်​စိတ်ချ​နိုင်​ကြ​ပါ​သည်။—ဟေရှာယ ၄၃:၁၀

တည်ကြည်သော​နှလုံးကို သင်​ထိန်းသိမ်း​ထား​နိုင်

၁၄။ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို အဘယ်ကြောင့် နေ့တိုင်း​ဖတ်​သင့်​သနည်း။

၁၄ တည်ကြည်သော​နှလုံးကို​ထိန်းသိမ်း​ပြီး ဘုရားသခင်​ထံ သင့်​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်​နိုင်​ရန် အဘယ်အရာက သင့်​အား အကူအညီ​ပေး​မည်​နည်း။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အစဉ်​တိုးပွားလျက်​ရှိသော​အသိပညာကို ဆည်းပူး​ရန်​ရည်ရွယ်ချက်​ဖြင့် သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ပါ။ ထိုသို့​ပြုလုပ်​ရန် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ သည် ကျွန်ုပ်​တို့ကို အစဉ်မပြတ်တိုက်တွန်း​နေသည်။ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်ဖို့ ဘုရားသခင့်​အမှန်တရားအတိုင်း ဆက်လျှောက်​လှမ်း​နေ​ရန် လို​သောကြောင့် ထိုသို့​အကြံပြု​ရခြင်း​ဖြစ်သည်။ ယေဟောဝါ​၏​အဖွဲ့အစည်း​သည် မှောက်မှားသော​သွန်သင်ချက်​များ​ကို သိ​သိ​နှင့်​သဘောတူ​လက်ခံ​ထား​မည်​ဆိုလျှင် ယေဟောဝါသက်သေ​များနှင့် သူတို့​ဟောပြော​သည့်​သူများ​အား သမ္မာကျမ်းစာ​ဖတ်ရှု​ရန် ဘယ်တော့​မျှ​အကြံပေး​လိမ့်​မည်​မဟုတ်ပါ။

၁၅။ (က) ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ အဘယ်အရာကို ဆင်ခြင်​သုံးသပ်​သင့်​သနည်း။ (ခ) လောက​အလုပ်​သည် ခရစ်ယာန်​တစ်ဦး၏ ဒုတိယ​အသက်မွေးဝမ်းကျောင်း​အလုပ်​ဖြစ်သည်ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၅ ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ ယေဟောဝါ​ထံ သင်၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ ဆောင်ရွက်ခြင်း​ကို မည်သို့​ထိခိုက်​နိုင်​ကြောင်း အမြဲ​ဆင်ခြင်​သုံးသပ်ပါ။ ၎င်း​သည် သင့်​လောက​အလုပ်​နှင့် ပတ်သက်​နိုင်​သည်။ စစ်မှန်သော​ဝတ်ပြုရေး​တိုးမြှင့်​လာ​စေရန် ၎င်း​လုပ်ငန်း​ကို သင်​ကြိုးစား​အသုံးပြုပါ​သလော။ အလုပ်ရှင်​အများစုက ဆက်ကပ်​အပ်နှံ​ပြီး​ခရစ်ယာန်​များသည် စိတ်ချ​ရ​၍ လုပ်ရည်ကိုင်ရည်​ရှိ​သူများ​ဖြစ်​ကြ​ကြောင်း တွေ့ရှိ​ကြသော်လည်း ယေဟောဝါသက်သေ​များသည် လောကတွင်​ထွန်း​ပေါက်​ရန် ရည်မှန်းချက်​ကြီး​သူများ​မဟုတ်​ကြောင်း​နှင့် ဝင်ငွေ​အများဆုံး​ရာထူး​များ​ရ​ရန် အခြား​သူများ​နှင့်​ပြိုင်ဆိုင်ခြင်း​မရှိကြောင်း​ကိုလည်း သူတို့​သတိပြုမိ​ကြသည်။ အကြောင်း​မှာ သက်သေခံ​များ​၏​ပန်းတိုင်​သည် ကြွယ်ဝ​ချမ်းသာ​ရန်၊ ကျော်စော​ထင်ရှား​ရန်၊ ဂုဏ် သို့​မဟုတ် ဩဇာ​အာဏာ​ရှိ​ရန် မဟုတ်ပါ။ ဘုရားသခင်​ထံ​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်နေ​ထိုင်​သူများ​အတွက် အရေး​အကြီးဆုံး​အရာ​မှာ ဘုရားသခင့်​အလိုတော်​ဆောင်ရွက်ခြင်း​ဖြစ်သည်။ ဘဝ၏​လိုအပ်ရာ​များ​ကို​ရရှိစေ​သော လောက​အလုပ်​တစ်ခု​သည် သူတို့​အတွက် ဒုတိယ​အရေးကြီးသော​အရာ​ဖြစ်သည်။ တမန်​တော်​ပေါလု​ကဲ့သို့​ပင် သူတို့​အဓိက​အလုပ်အကိုင်​မှာ ခရစ်ယာန်​ဓမ္မ​အမှုဆောင်ခြင်း​လုပ်ငန်း​ဖြစ်သည်။ (တမန်​တော် ၁၈:၃၊ ၄; ၂ သက်သာလောနိတ် ၃:၇၊ ၈; ၁ တိမောသေ ၅:၈) သင့်​ဘဝ​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေးဦး​ထား​ပါသလော။—မဿဲ ၆:၂၅-၃၃

၁၆။ အလွန်အကျွံ​စိုးရိမ်​ပူပန်မှု​များ​က ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်ဖို့ အခက်တွေ့​နေစေပါ​က အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၆ အချို့​သူများ​သည် အမှန်တရားကို​မ​လေ့လာ​မီ စိုးရိမ်​ပူပန်မှု​အမျိုးမျိုး​ကြောင့် မခံမရပ်​နိုင်အောင် ဖိစီး​ခံ​ခဲ့​ရ​ပေမည်။ သို့သော် ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်ကို ယုံကြည်​လက်ခံ​လာချိန်​တွင် သူတို့၏​နှလုံး​သည် ရွှင်လန်းမှု၊ ကျေးဇူး​တင်​မှု၊ ဘုရားသခင်​ကို​ချစ်​သည့်​မေတ္တာ ပြည့်လျှံ​ယိုဖိတ်​ခဲ့​သည်! ထို​အချိန်​မှ​စ၍ သူတို့​ပျော်မွေ့​ခံစား​ခဲ့​ရသော ကောင်းချီး​များ​ကို ပြန်​သုံးသပ်ခြင်းက ယေဟောဝါ​ထံ သူတို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်​စေ​လိမ့်​မည်။ အခြား​တစ်ဖက်​တွင်​မူ ဆူး​များသည် ပျိုးပင်​များ​၏ ကြီးထွား​သီးပွင့်​မှု​ကို တားဆီး​နိုင်​သကဲ့သို့ မျက်မှောက်ခေတ်​အစီအစဉ်​စနစ်​အတွင်းရှိ သာမန်​ဘဝ​ပြဿနာ​များ​အတွက် အလွန်အကျွံ​စိုးရိမ်​ပူပန်ခြင်း​က “ဘုရားသခင်​၏​တရား​စကား” ကို​ဆီးတား​နှောင့်ယှက်​နေလျှင် မည်သို့​နည်း။ (လုကာ ၈:၇၊ ၁၁၊ ၁၄; မဿဲ ၁၃:၂၂; မာကု ၄:၁၈၊ ၁၉) သင် သို့​မဟုတ် သင့်​မိသားစု​သည် ဤသို့​ခံစား​နေရ​သည်​ဟု သင်​သတိပြုမိ​ပါ​က သင့်​စိုးရိမ်​ပူပန်မှု​ကို ယေဟောဝါ​အပေါ်​ချထား​ပြီး မေတ္တာ​နှင့်​ကျေးဇူး​တင်​လေးမြတ်မှု တိုးများ​လာ​စေရန် ကိုယ်တော်​အကူအညီ​ပေးဖို့ ဆုတောင်း​ပါ။ သင်​ထမ်းရွက်​ရသော​ဝန်ကို ကိုယ်တော်၌​ချထား​မည်​ဆိုလျှင် သင့်ကို​မစ​တော်​မူ​မည်၊ တည်ကြည်သော​နှလုံးဖြင့် ကိုယ်တော့်​အမှုတော်ကို ပျော်ရွှင်စွာ ဆက်​ဆောင်ရွက်​နိုင်​ရန် သင့်ကို​ခွန်အား​ပေး​တော်​မူ​မည်။—ဆာလံ ၅၅:၂၂; ဖိလိပ္ပိ ၄:၆၊ ၇; ဗျာဒိတ် ၂:၄

၁၇။ ပြင်းထန်သော​စုံစမ်း​နှောင့်ယှက်မှု​များ​ကို မည်သို့​ခံရပ်​နိုင်​မည်​နည်း။

၁၇ သင့်ကိုယ်​သင်​ဆက်ကပ်​အပ်နှံချိန်​က ဆုတောင်း​ခဲ့​သကဲ့သို့ ယေဟောဝါ​ဘုရားသခင်​ထံ ဆက်၍​မှန်မှန်​ဆုတောင်း​ပါ​လေ။ (ဆာလံ ၆၅:၂) အမှား​ပြု​ရန် သွေးဆောင်​ခံရ​ချိန် သို့​မဟုတ် ပြင်းထန်သော​စမ်းသပ်ချက်​တစ်ခု​နှင့် ရင်ဆိုင်​ရချိန်တွင် ဘုရားသခင့်​လမ်းညွှန်မှုကို​တောင်းဆို​ပြီး ထို​အတိုင်း​လိုက်လျှောက်​နိုင်​ရန် ကိုယ်တော့်​ထံ​မှ​အကူအညီ​ယူပါ။ ယုံကြည်ခြင်း​ရှိဖို့လို​ကြောင်း စိတ်စွဲ​မှတ်ထားပါ၊ အကြောင်း​မှာ တပည့်တော်​ယာကုပ် ဤသို့​ရေးခဲ့​၏– “သင်တို့တွင် တစ်စုံ​တစ်ယောက်​သော​သူသည် [စမ်းသပ်မှု​တစ်ခု​ကို ခံရပ်​ရန်] ပညာ​ကို​လိုလျှင်၊ ကဲ့ရဲ့​ပြစ်တင်ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူတို့အား စေတနာ​စိတ်​နှင့်​ပေးသနား​တော်​မူ​သော ဘုရားသခင်​ကို​တောင်း​စေ။ တောင်းလျှင်​ရ​လိမ့်​မည်။ သို့ရာတွင် တွေးတောခြင်း​မရှိဘဲ ယုံကြည်​သော​စိတ်​နှင့်​တောင်း​ရမည်။ တွေးတောခြင်း​ရှိသောသူ​သည်​ကား လေ​ခတ်​၍​လှုပ်ရှား​တတ်သော လှိုင်း​တံပိုး​နှင့်​တူ​၏။ ထိုသို့​သော​သူသည် စိတ်​နှစ်ခွ​ရှိသောသူ၊ ပြု​လေ​သမျှ​တို့​၌ မတည်​ကြည်​သော​သူ​ဖြစ်၍ ထာဝရ​ဘုရား​၏​လက်တော်​မှ တစ်စုံတစ်ခု​ကို​ရမည်ဟု မထင်မမှတ်​စေ​နှင့်။” (ယာကုပ် ၁:၅-၈) စုံစမ်း​နှောင့်ယှက်ခြင်း​၏​လွှမ်းမိုးမှုကို ခံ​နေရ​မည်​ဆိုလျှင် ဤ​အချက်​ကို စိတ်ချ​နိုင်​သည်– “လူ​၌​ဖြစ်တတ်သော စုံစမ်း​နှောင့်ယှက်ခြင်း​ကို​သာ သင်တို့သည်​ခံရ​ကြ​၏။ ဘုရားသခင်​သည် [တည်ကြည်မှု]နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍ သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ သင်တို့သည်​ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ၊ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။”—၁ ကောရိန္သု ၁၀:၁၃

၁၈။ ဖုံးကွယ်​ထားသော ကြီး​လေး​သည့်​အပြစ်​တစ်ခု​သည် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​ထားမှု​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် သင့်​ဆုံးဖြတ်ချက်​ကို ချည့်နဲ့​နေ​စေမည်​ဆိုလျှင် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၈ ဖုံးကွယ်​ထားသော ကြီး​လေး​သည့်​အပြစ်​တစ်ခု​သည် သင်၏​သိစိတ်ကို နှောင့်ယှက်​နေပြီး ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​ထားမှု​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် သင့်​ဆုံးဖြတ်ချက်​ကို ချည့်နဲ့​လာ​စေမည်​ဆိုလျှင် အသို့နည်း။ သင်​နောင်တ​ရမည်​ဆိုပါ​က ယေဟောဝါ​သည် “ကျိုးပဲ့​ကြေမွ​သော​နှလုံးကို ငြင်းပယ်​တော်​မ​မူ​တတ်” ကြောင်း​သိရ​ခြင်း​မှ နှစ်သိမ့်မှု​ရနိုင်​သည်။ (ဆာလံ ၅၁:၁၇) မေတ္တာပြည့်​ဝ​သော ခရစ်ယာန်​အကြီးအကဲ​များ​၏ အကူအညီကို​တောင်းဆို​ပါ၊ သူတို့သည်—ယေဟောဝါ​ကို​အတုယူ​ကာ—ကောင်းကင်​ခမည်းတော်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ပြန်​ရ​လို​သော သင်၏​ဆန္ဒ​ကို ပေါ့ပေါ့တန်တန်​သဘောထား​မည် မဟုတ်​ချေ။ (ဆာလံ ၁၀၃:၁၀-၁၄; ယာကုပ် ၅:၁၃-၁၅) ထို့နောက် သင်သည် ဝိညာဉ်​ရေး​ခွန်အား၊ တည်ကြည်သော​နှလုံး​အသစ်​ပြန်​ရလာ​ပြီး ဖြောင့်သော​လမ်း​တို့​တွင်​လျှောက်​နိုင်​၍ ဘုရားသခင်​ထံ သင့်​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်​နိုင်​ပါ​လိမ့်​မည်။—ဟေဗြဲ ၁၂:၁၂၊ ၁၃

တည်ကြည်သော​နှလုံးဖြင့် ဆက်၍​ဝတ်ပြု​ကိုးကွယ်​ပါ

၁၉၊ ၂၀။ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ ဆက်၍​အသက်ရှင်နေ​ထိုင်​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၉ ဤ​ခဲယဉ်း​သော​ကာလ​တွင် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံ​ထားမှု​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန်​နှင့် တည်ကြည်သော​နှလုံးဖြင့် ဘုရားသခင်​၏​အမှုတော်ကို ဆက်​ဆောင်ရွက်ရန် ကြိုးစား​အားထုတ်​ရမည်။ ယေရှု​ဤသို့​မိန့်တော်မူ၏– “အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏၊ ထို​သူသည် ကယ်တင်ခြင်း​သို့​ရောက်​လိမ့်​မည်။” (မဿဲ ၂၄:၁၃) ကျွန်ုပ်​တို့သည် “နောက်ဆုံးသော​အချိန်၌” အသက်ရှင်နေ​ရသော​ကြောင့် မည်သည့်​အချိန်တွင်​မဆို အဆုံး​ရောက်လာ​နိုင်​သည်။ (၂ တိမောသေ ၃:၁က​ဘ) ထို့​ပြင် နက်ဖြန်နေ့​၌ ကျွန်ုပ်​တို့​အသက်ရှင်​မည်​မ​ရှင်​မည်​ကို မည်သူမျှ​မသိနိုင်​ကြ​ပါ။ (ယာကုပ် ၄:၁၃၊ ၁၄) ထို့​ကြောင့် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ ယနေ့​အသက်ရှင်နေ​ထိုင်​ရန် အလွန်​အရေးကြီး​သည်!

၂၀ ဤ​အချက်​ကို တမန်​တော်​ပေတရု​က သူ၏​ဒုတိယ​စာစောင်​တွင် အလေးပေး​ဖော်ပြ​ခဲ့​သည်။ ရေလွှမ်းမိုး​ဘေး​တွင် လူဆိုးများ ဖျက်ဆီး​ခံ​ခဲ့​ရသကဲ့သို့ ပုံဆောင်​မြေကြီး သို့​မဟုတ် ဆိုးသွမ်း​သော​လူ့​ဘောင်​အဖွဲ့အစည်း​သည် “ယေဟောဝါ​၏​နေ့” တွင်​ဖျက်ဆီး​ခံရ​မည်​ဟု သူ​ဖော်ပြ​ခဲ့​သည်။ ထို့​ကြောင့် ပေတရု​ဤသို့​ကြွေးကြော်​ခဲ့​၏– “သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​အားဖြင့် အဘယ်​သို့​သော​သူ​ဖြစ်​အပ်​ကြ​သနည်း”! သူတို့ကို ဤသို့​လည်း​အားပေးခဲ့​၏– “ချစ်သူ​တို့၊ [အယူမှား​ဆရာများ​နှင့် လူဆိုးများ] ၏​ပရိယာယ်​အားဖြင့် သင်တို့သည်လည်း သွေးဆောင်​ရာ​သို့​လိုက်၍ သင်တို့​တည်ကြည်​ခြင်း​မှ မရွေ့လျော့​မည်​အကြောင်း ဤ​အရာများ​ကို​သိ​နှင့်​ပြီ​ဖြစ်၍ ကိုယ်ကို​ကိုယ်​စောင့်ရှောက်​ကြလော့။” (၂ ပေတရု ၃:၅-၁၇) နှစ်ခြင်း​ခံ​ပြီး​သူ​တစ်ဦး​သည် လမ်းလွဲ​သွားပြီး တည်ကြည်သော​နှလုံးကို ထိန်းသိမ်း​ရန်​ပျက်ကွက်​ခဲ့​သူ​အဖြစ် ဘဝ​နိဂုံး​ချုပ်​ခဲ့​ရမည်​ဆိုလျှင် အလွန်​ဝမ်းနည်းစရာ​ပါ​တကား!

၂၁၊ ၂၂။ ဆာလံ ၅၇:၇ ပါ​စကား​များသည် ဒါဝိဒ်​နှင့် စစ်မှန်သော​ခရစ်ယာန်​များ​၏ အဖြစ်အပျက်​တွင် မှန်ကန်ကြောင်း မည်သို့​သက်သေထူ​ခဲ့ပြီ​နည်း။

၂၁ သင်​နှစ်ခြင်း​ခံ​ခဲ့​သော ပျော်ရွှင်ဖွယ်​နေ့ကို စိတ်ထဲ​စွဲမှတ်​ထားပြီး သင့်​အပြောအဆို၊ သင့်​အကျင့်အကြံ​များသည် ကိုယ်တော့်​နှလုံးကို​ရွှင်လန်း​စေရန်​အ​လို့​ငှာ ဘုရားသခင့်​အကူအညီကို တောင်းခံ​မည်​ဆိုလျှင် ဘုရားသခင်​ထံ သင့်​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်ဖို့ သင့်​ဆုံးဖြတ်ချက်​သည် ခိုင်မြဲ​နေပါ​လိမ့်​မည်။ (သု. ၂၇:၁၁) ယေဟောဝါ​သည် မိမိလူ​တို့ကို ဘယ်တော့မှ​စိတ်ပျက်​စေမည်​မဟုတ်ပါ၊ ကျွန်ုပ်​တို့သည် ကိုယ်တော့်​အပေါ် အမှန်ပင်​တည်ကြည်​သင့်​သည်။ (ဆာလံ ၉၄:၁၄) ဘုရားသခင်​သည် ရန်သူများ​၏ အကြံအစည်​များ​ကို​ပျက်ပြား​စေပြီး ဒါဝိဒ်​ကို​ကယ်တင်ခြင်း​အားဖြင့် ကရုဏာ​နှင့်​ကြင်နာ​မှု​ကို ပြသ​ခဲ့​သည်။ ဒါဝိဒ်​သည် ယင်းကို​ကျေးဇူး​တင်သော​ကြောင့် မိမိ၏​ကယ်တင်ရှင်​အပေါ်​ထားသော​မေတ္တာ မ​ရွေ့​မ​လျော့၊ ခိုင်မြဲ​ကြောင်း ကြွေးကြော်​ခဲ့​သည်။ ခံစားမှု​အပြည့်​ဖြင့် သူ​ဤသို့​သီဆို​ခဲ့​၏– “အို​ဘုရားသခင် အကျွန်ုပ်​နှလုံး​သည် တည်ကြည်​ပါ​၏။ အကျွန်ုပ်​နှလုံး​သည် တည်ကြည်​ပါ​၏။ သီချင်း​ဆိုပါ​မည်။ ချီးမွမ်း​ထောမနာပြု​ပါ​မည်။”—ဆာလံ ၅၇:၇

၂၂ ဒါဝိဒ်​ကဲ့သို့​ပင် စစ်မှန်သော​ခရစ်ယာန်​များသည် ဘုရားသခင်​အား ဆည်းကပ်​ဝတ်ပြုမှု​မှ မတိမ်းယိမ်း​ခဲ့​ကြ​ပါ။ သူတို့၏​လွတ်မြောက်မှု၊ ကာကွယ်​စောင့်ရှောက်မှု​သည် ယေဟောဝါ​ကြောင့်​ဖြစ်၏​ဟု တည်ကြည်သော​နှလုံးများ​ဖြင့် မှတ်ယူ​ကြ​ပြီး ရွှင်လန်း​ဝမ်းမြောက်​စွာ​ဖြင့် ချီးမွမ်း​သီချင်းများ​ဆို​ကြသည်။ သင့်​နှလုံး​တည်ကြည်​ပါ​က ဘုရားသခင်​ကို သင်​မှီခို​အားထား​လိမ့်​မည်၊ ကိုယ်တော့်​အကူအညီ​ဖြင့်​လည်း သင့်​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ သင်​အသက်ရှင်​နေထိုင်​နိုင်​လိမ့်​မည်။ သင်သည် ဆာလံဆရာ​သီဆို​ခဲ့​သော “ဖြောင့်မတ်​သော​သူ” ကဲ့သို့ အမှန်ပင်​ဖြစ်​နိုင်​မည်– “မကောင်းသော​သတင်းကို​မကြောက်​ရ။ စိတ်နှလုံး​သည် ထာဝရ​ဘုရား​ကိုကိုး​စား​သဖြင့် တည်ကြည်​တတ်၏။” (ဆာလံ ၁၁၂:၆၊ ၇) သင်သည် ဘုရားသခင်​အား​ယုံကြည်ပြီး ကိုယ်တော့်​ကို​အကြွင်းမဲ့​ကိုးစားခြင်း​ဖြင့် သင့်​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်​နိုင်​ပြီး တည်ကြည်သော​နှလုံးဖြင့် ယေဟောဝါ​အမှုတော်ကို ဆက်၍​ထမ်းဆောင်​နိုင်​ပါ​လိမ့်​မည်။

သင်​မှတ်မိ​ပါသလော

• ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​၏ တိကျ​မှန်ကန်သော​အသိပညာကို အဘယ်ကြောင့်​ဆက်​ဆည်းပူး​သင့်​သနည်း။

• ကျွန်ုပ်​တို့၏​နောင်တ​ယူ​မှု​နှင့် အကျင့်​ပြောင်းလဲမှု​ကို အဘယ်ကြောင့်​စိတ်​စွဲမှတ်​ထား​သင့်​သနည်း။

• ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံခြင်း၊ နှစ်ခြင်း​ခံ​ခြင်း​ကို သတိရခြင်း​မှ အဘယ်​အကျိုး​ရရှိ​သနည်း။

• ယေဟောဝါ​အား တည်ကြည်သော​နှလုံးဖြင့် ဆက်၍​ဝတ်ပြု​ကိုးကွယ်​ရန် အဘယ်အရာက အကူအညီ​ပေး​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နေ့စဉ်​ဖတ်ရှုခြင်း​အားဖြင့် သင့်​ဝိညာဉ်​ရေး​ကျန်းမာ​မှု​ကို ထိန်းသိမ်း​နေပါသလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်​ဓမ္မ​အမှုကို ကျွန်ုပ်​တို့၏ အဓိက​အလုပ်​ဖြစ်စေ​ခြင်း​ဖြင့် တည်ကြည်သော​နှလုံး​နှင့် ယေဟောဝါ​အမှုတော်ကို ဆက်၍​ဆောင်ရွက်ရန် အထောက်အကူ​ရရှိကြ