မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုးနိုးကြားကြား၊ ရဲစွမ်းသတ္တိရှိရှိ ရှေ့သို့ချီတက်လော့!

နိုးနိုးကြားကြား၊ ရဲစွမ်းသတ္တိရှိရှိ ရှေ့သို့ချီတက်လော့!

နိုးနိုးကြားကြား၊ ရဲစွမ်းသတ္တိ​ရှိ​ရှိ ရှေ့သို့​ချီတက်​လော့!

အထူး​အစည်းအဝေး​များ အပေါ် အစီရင်ခံ​ချက်

“ခဲယဉ်း​သော​ကာလ” တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ကြောင်း မည်သူ​အမှန်​ငြင်းဆို​နိုင်​သနည်း။ ယေဟောဝါသက်သေ​များ​အနေ​နှင့် ‘နောက်ဆုံး​နေ့ရက်​များ’ တွင် နေထိုင်​ရခြင်း​၏​ဖိစီးမှုများ​ကို ကျွန်ုပ်​တို့​မကင်း​လွတ်​ကြ​ပါ။ (၂ တိမောသေ ၃:၁-၅) သို့သော် လူ​တို့​အကူအညီ​လို​နေသည်​ကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြ​ပါ​သည်။ လောက​အဖြစ်အပျက်​များ​၏​အဓိပ္ပာယ်​ကို သူတို့​နားမလည်​ကြ​ချေ။ ထို့​ကြောင့် နှစ်သိမ့်မှု​နှင့် မျှော်လင့်ချက် လိုအပ်​နေကြ​သည်။ လူသားချင်း​တို့ကို​ကူညီပေး​ရာ​တွင် ကျွန်ုပ်​တို့၏​အဓိက​ကဏ္ဍ​ကား အဘယ်နည်း။

ဘုရားသခင်​၏​တည်ထောင်​ပြီး​သော နိုင်ငံတော်​သတင်းကောင်း​ဝေမျှ​ရန် ဘုရားသခင်​ပေး​တာဝန်​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။ (မဿဲ ၂၄:၁၄) ဤ​ကောင်းကင်​နိုင်ငံတော်​သည် လူသားတို့​အတွက် တစ်ခု​တည်း​သော​မျှော်လင့်ချက်​ဖြစ်​ကြောင်း လူ​တို့​သိဖို့​လို​၏။ သို့သော် ကျွန်ုပ်​တို့၏​သတင်းတရားကို အစဉ်သဖြင့် တလိုတလား​လက်မခံကြ​ပါ။ အချို့​နေရာများ​တွင် ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို ပိတ်ပင်​ထား​ရုံ​မ​က ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို နှိပ်စက်​ညှဉ်းပန်း​နေကြ​သည်။ သို့​တိုင် ကျွန်ုပ်​တို့​အရှုံးမပေး​ကြ​ပါ။ ယေဟောဝါ​ကို ယုံကြည်မှု​အပြည့်​ဖြင့် သတင်းကောင်းကို မပြတ်​ဟောပြောလျက် နိုးနိုးကြားကြား၊ ရဲစွမ်းသတ္တိ​ရှိ​ရှိ​နှင့် ရှေ့သို့​ဆက်၍​ချီတက်​ရန် ကျွန်ုပ်​တို့​သန္နိ​ဋ္ဌာန်​ချထား​ကြ​ပါ​သည်။—တမန်​တော် ၅:၄၂

ထို​ခိုင်မာ​သော​သန္နိ​ဋ္ဌာန်​ရှိကြောင်း ၂၀၀၁၊ အောက်တိုဘာ​လ​တွင်​ကျင်းပ​ခဲ့​သော အထူး​အစည်းအဝေး​များ​တွင် ပေါ်လွင်​ထင်ရှား​ခဲ့​သည်။ အောက်တိုဘာ ၆ ရက်၊ စ​နေ့​နေ့တွင် ပဲ​င်​စီ​လ်​ဘေး​နီး​ယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​၏ နှစ်ပတ်လည်​အစည်းအဝေး​ကို အမေရိကန်​ပြည်ထောင်စု၊ ဂျာ​စီ​စီးတီး၊ န​ယူး​ဂျာ​စီ​ရှိ ယေဟောဝါသက်သေ​များ​၏​စည်းဝေး​ခန်းမ​၌ ကျင်းပ​ခဲ့​ကြသည်။ * နောက်​တစ်နေ့​တွင် အခြား​အစည်းအဝေး​များ​ကို လေး​နေရာတွင် ထပ်၍​ကျင်းပ​ခဲ့​ကြသည်၊ ၎င်းတို့ကို အမေရိကန်​ပြည်ထောင်စု​၌​သုံးခု၊ ကနေဒါ​နိုင်ငံ​၌​တစ်ခု​ကျင်းပ​သည်။ *

နှစ်ပတ်လည်​အစည်းအဝေး​၌ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ၊ သဘာပတိ ဆယ်မြူအယ်လ် အက်ဖ်. ဟာ့ဒ်​က သူ၏​နိဒါန်း​တွင် ဆာလံ ၉၂:၁၊ ၄ ကို​ညွှန်း​ပြီး “ကျေးဇူး​တင်​ကြောင်း ကျွန်တော်​တို့​တင်ပြ​လို​ကြ​ပါ​သည်” ဟု​ဖော်ပြ​ခဲ့​သည်။ ကျေးဇူး​တင်​သင့်​သည့်​အကြောင်းရင်း​များ​ကို ကမ္ဘာ​တစ်ဝန်း​မှ အစီရင်ခံစာ​ငါး​ခု​က​ဖော်ပြ​သည်။

နေရာအနှံ့​မှ​အစီရင်ခံစာ​များ

ယခင်​က ဂိုးလ်ကို့စ်​ဟု​ခေါ်​ခဲ့​ကြသော ဂါနာ​နိုင်ငံ​တွင် ဟောပြောခြင်း​လုပ်ငန်း​တိုးတက်ခြင်း​အကြောင်းကို ညီအစ်ကို အဲလ်​ဖ​ရ​ဒ် ကွာ​ချီ​က​အစီရင်ခံ​ခဲ့​သည်။ ထို​နိုင်ငံ​တွင် ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို နှစ်​အတန်ကြာ​ပိတ်ပင်​ထားခဲ့​သည်။ လူအများ​က “ဘာလို့​ပိတ်ပင်​တာလဲ၊ သင်တို့​ဘာလုပ်​လို့လဲ” ဟု​မေးခဲ့​ကြ​၏။ ယင်းကြောင့် သက်သေခံဖို့​အခွင့်အရေး​များ​ရသည်​ဟု ညီအစ်ကို​ကွာ​ချီ​ရှင်းပြသည်။ ၁၉၉၁ ခုနှစ်​၌ ပိတ်ပင်​မှု​ကို​ရုပ်သိမ်း​လိုက်​သောအခါ ဂါနာ​နိုင်ငံ​တွင် ယေဟောဝါသက်သေ ၃၄,၄၂၁ ဦး​ရှိ၏။ ၂၀၀၁၊ ဩဂုတ်​လ​တွင် ၉၈ ရာခိုင်နှုန်း​တိုးတက်​ခဲ့​ရာ စုစုပေါင်း ၆၈,၁၅၂ ဦး​ရှိပါ​သည်။ ယခု လူ ၁၀,၀၀၀ ဆံ့​သော အစည်းအဝေး​ခန်းမ​တစ်လုံး​ဆောက်လုပ်​ရန် စီစဉ်​လျက်​ရှိသည်။ ဂါနာ​နိုင်ငံ​ရှိ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ညီအစ်ကို​များသည် ဘာသာရေး​လွတ်လပ်ခွင့်ကို အခွင့်ကောင်း​ယူ​နေကြ​သည်​မှာ ထင်ရှား​ပါ​သည်။

အိုင်ယာလန်​နိုင်ငံ​တွင် နိုင်ငံရေး​မငြိမ်မသက်မှု​ကြား​မှ ကျွန်ုပ်​တို့၏​ညီအစ်ကို​များသည် ဓမ္မ​အမှု၌ တက်ကြွ​စွာ​ပါဝင်​နေကြ​ပြီး သူတို့၏​ကြားနေ​ရပ်တည်မှုကြောင့် လေးစား​ခံ​နေရ​ကြသည်။ အိုင်ယာလန်​တွင် တိုက်နယ် ၆ ခု​၌ အသင်းတော် ၁၁၅ ခု​ရှိကြောင်း ဌာနခွဲ​ကော်မတီဝင် ပီတာ​အင်ဒရူး​စ်​က​ပြောပြ​သည်။ ညီအစ်ကို​အင်ဒရူး​စ်​က ကျောင်းတွင် မကြောက်​မ​ရွံ့​သက်သေခံ​ခဲ့​သော ဆယ်နှစ်​သား လီယမ်​၏​တွေ့ကြုံမှု​ကို​ပြောပြ​သည်။ လီယမ်​သည် အတန်းဖော် ၂၅ ဦး​နှင့် ဆရာမ​ဖြစ်သူ​အား ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​စာအုပ်​ကို ဝေငှ​ခဲ့​သည်။ လီယမ်​သည် နှစ်ခြင်း​ခံယူ​လို​သော်လည်း တစ်စုံ​တစ်ဦး​က သူ့​အသက်ငယ်​လွန်း​သည်မဟုတ်​လော​ဟု မေးမြန်းခဲ့​သည်။ လီယမ်​က ဤသို့​ဖြေဆိုခဲ့သည်– “အဆုံးအဖြတ်​ပေး​ရမယ့်​အချက်​က ကျွန်တော့်​ရဲ့​အသက်အရွယ်​မဟုတ်ဘဲ ယေဟောဝါ​အပေါ်​ထား​ရှိတဲ့ ကျွန်တော်​ရဲ့​မေတ္တာပါပဲ။ ကိုယ်တော်​ကို ကျွန်တော်​ဘယ်လောက်​ချစ်တယ်​ဆိုတာ ကျွန်တော့်​နှစ်ခြင်းက တင်ပြ​ပါ​လိမ့်မယ်။” လီယမ်​၏​ပန်းတိုင်​မှာ ခရစ်ယာန်​သာသနာပြု​တစ်ဦး​ဖြစ်လာ​ရန်​တည်း။

၁၉၆၈ ခုနှစ်​တွင် ဗင်နီဇွဲလား​နိုင်ငံ​တွင် သတင်းကောင်း​ကြေညာသူ ၅,၄၀၀ ရှိခဲ့​သည်။ သို့သော် ယခု ၈၈,၀၀၀ ကျော်​ပြီ​ဟု ဌာနခွဲ​ကော်မတီ​ညှိနှိုင်းရေးမှူး စတီဖန် ဂျို​ဟန်​စဲန်​က​ဖော်ပြ​သည်။ ၂၀၀၁ ခုနှစ်​တွင် အောက်မေ့ရာပွဲ​သို့ ၂၉၆,၀၀၀ ကျော်​တက်ရောက်​ခဲ့​ရာ နောက်ထပ်​တိုးတက်​ဖို့ အလားအလာ​ရှိသေး​သည်။ ၁၉၉၉၊ ဒီဇင်ဘာ​လ​တွင် မိုး​သည်းထန်​စွာ​ရွာသွန်း​ခဲ့​ရာ ရွှံ့​များ​လျှော​စီး​သဖြင့် သက်သေခံ​များစွာ​အပါအဝင် လူပေါင်း ၅၀,၀၀၀ ခန့်​သေဆုံး​ခဲ့​သည်။ ကျွန်ုပ်​တို့၏​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခုလုံး​သည် မျက်နှာကြက်​ရောက်​ဖို့​နှစ်​ပေ​အကွာ​အထိ ရွှံ့​များ​ပြည့်နေ​ခဲ့​သည်။ တစ်ယောက်​က ထို​အဆောက်အဦ​ကို ပစ်ထား​လိုက်​ဖို့ အကြံပေး​သောအခါ ညီအစ်ကို​များ​က ဤသို့​တုံ့ပြန်​ခဲ့​ကြသည်– “လုံးလုံး​မ​ပစ်ထား​နိုင်ဘူး! ဒါဟာ ကျွန်တော်​တို့​ရဲ့​နိုင်ငံတော်​ခန်းမ၊ စွန့်ပစ်​မထား​နိုင်ဘူး။” ရွှံ့​များ၊ ကျောက်ခဲ​များနှင့် အခြား​အကျိုးအပဲ့​အစ​အ​န တန်​ချိန်​ပေါင်း​များစွာကို သူတို့​ထုတ်ပစ်​ခဲ့​ကြသည်။ ထို​အဆောက်အဦ​ကို ပြန်လည်​ပြုပြင်​ဆောက်လုပ်​ခဲ့​ကြ​ရာ ဘေးဒဏ်​မကျရောက်​မီ​က​ထက် ယခု​ပို​၍​လှပ​နေသည်​ဟု ညီအစ်ကို​များ​က​ဆို​သည်။

ဖိလစ်ပိုင်​နိုင်ငံ​တွင် ဘာသာ​စကား​နှင့် ဒေသန္တရ​ဘာသာ​စကား ၈၇ ခု​ပြောဆို​ကြသည်​ဟု ဌာနခွဲ​ကော်မတီ​ညှိနှိုင်းရေးမှူး ညီအစ်ကို ဒဲန်​တင် ဟော့ပ်​ကင်​စင်​က​ဆို​၏။ လွန်ခဲ့သော​လုပ်ငန်းတော်နှစ်​အတွင်း ၎င်း​နိုင်ငံ​၏​အဓိက​ဘာသာ​စကား​သုံးမျိုး​ဖြစ်သော စေ​ဘွာ​နို၊ အီလိုကို​နှင့် တာ​ဂါး​လော့​ဂ်​ဘာသာ​စကား​များ​ဖြင့် သန့်ရှင်းသော​ကျမ်း​စာစောင်​များ​၏ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​အပြည့်အစုံကို ထုတ်ဝေ​ခဲ့​၏။ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော သင့်ကို​ပျော်ရွှင်​စေ​မည့်—သတင်းကောင်း [လိပ်] စာအုပ်​ကို​ဖတ်ရှု​ခဲ့​သည့် ကိုးနှစ်​အရွယ်လူငယ်​တစ်ဦး၏​တွေ့ကြုံမှု​ကို ညီအစ်ကို​ဟော့ပ်​ကင်​စင်​ပြောပြ​ခဲ့​သည်။ သူသည် ဌာနခွဲ​မှ အခြား​စာပေ​စာတမ်း​များ​ကိုလည်း ယူ​ဖတ်​ခဲ့​သည်၊ သို့သော် သူ့​မိသားစုက အတိုက်အခံလုပ်​ခဲ့​သည်။ နှစ်များ​ကုန်လွန်​ပြီး​နောက် ဆေး​ကျောင်းတက်​နေစဉ် သူသည် ဌာနခွဲ​နှင့်​အဆက်အသွယ်​ပြုလုပ်​၍ ကျမ်းစာ​သင်အံမှု​တောင်းဆို​ခဲ့​သည်။ ၁၉၉၆ ခုနှစ်​တွင် သူ​နှစ်ခြင်း​ခံယူ​ခဲ့​ပြီး မကြာမီ​ပင် အချိန်ပြည့်​ဓမ္မ​အမှု​လုပ်ငန်း​တွင် ပါဝင်​ခဲ့​သည်။ ယခု​သူသည် ဇနီးသည်​နှင့်အတူ ဌာနခွဲရုံး​၌​အမှုထမ်း​နေပါ​သည်။

‘ပွာတီရီကို​ကျွန်း​သည် “သက်သေခံ​တင်ပို့” ရေး​လုပ်ငန်း​ကို​လုပ်ဆောင်နေ​သည်’ ဟု​ဌာနခွဲ​ကော်မတီ​ညှိနှိုင်းရေးမှူး ရော်နယ်​လ် ပါ​ကင်​က​ရှင်းပြသည်။ ထို​ကျွန်း​ပေါ်​တွင် ကြေညာသူ ၂၅,၀၀၀ ခန့်​ရှိပြီး ၎င်း​အရေအတွက်​သည် နှစ်​အတန်ကြာ တန့်​နေသည်။ အဘယ်ကြောင့်​နည်း။ ပွာတီရီကို​ကျွန်း​သည် အမေရိကန်​ပြည်ထောင်စု​သို့ ခန့်မှန်းချက်​အရ နှစ်စဉ်​ကြေညာသူ ၁,၀၀၀ ခန့် “တင်ပို့” ကြောင်း၊ ထို​သူ​အများ​မှာ စီးပွားရေး​အတွက် ပြောင်းရွှေ့​ခဲ့​ကြ​ကြောင်း​သိရှိ​ရသည်။ သွေးကင်ဆာ​ရောဂါ​သည် ၁၇ နှစ်အရွယ် လူ​ဝ​စ္စ​အမည်​ရှိ သက်သေခံ​တစ်ဦး၏ အလွန်​ထူးခြားသည့် တရားရုံး​၏​ဆုံးဖြတ်ချက်​တစ်ခု​အကြောင်း ညီအစ်ကို​ပါ​ကင်​ပြောပြ​ခဲ့​သည်။ လူ​ဝ​စ္စ​သည် သွေးသွင်း​ခြင်း​ကို ငြင်းပယ်​ခဲ့​သောကြောင့် သူ့​အမှုကို တရားရုံး​သို့​ပို့​ခဲ့​သည်။ တရားသူကြီး​ကိုယ်တိုင် သူနှင့်​စကားပြော​ဆိုလို​သောကြောင့် ဆေးရုံ​သို့​သွားရောက်​တွေ့ဆုံ​ခဲ့​သည်။ လူ​ဝ​စ္စ​က သူ့ကို​ဤသို့​မေးခဲ့သည်– “ကြီး​လေး​တဲ့​ရာဇဝတ်မှု​တစ်ခု​ကို ကျွန်တော်​ကျူးလွန်​မယ်​ဆိုရင် ကျွန်တော့်​ကို လူကြီး​တစ်ယောက်လို တရား​စီရင်​မယ်​မဟုတ်လား၊ ဘုရားသခင့်​စကား​ကို ကျွန်တော်​နားထောင်ချင်​တာ​ကို​ကျ​တော့ ဘာဖြစ်​လို့ ကျွန်တော့်​ကို အရွယ်​မ​ရောက်​သေး​တဲ့​သူလို ဆက်ဆံ​ရတာလဲ။” လူ​ဝ​စ္စ​သည် အရွယ်​မ​ရောက်​သေး​သော်လည်း ရင့်ကျက်မှု​ရှိသော​ကလေး​ဖြစ်​ပြီး ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ချ​နိုင်​သူ​ဖြစ်​ကြောင်း တရားသူကြီး​ယုံကြည်​စိတ်ချ​ခဲ့​သည်။

ဝေးလံ​သော​တိုင်းပြည်​များ​မှ အစီရင်ခံစာ​များ​ကို​တင်ပြ​ပြီး​နောက် ယူ.အက်စ်. ဌာနခွဲ​ကော်မတီဝင် ဟ​ယ်​ရ​ယ်လ် ကော့​ကဲ​န်​က ယေဟောဝါ​၏ သက်တမ်းရင့်​ကျေးကျွန်​လေးဦး​ကို လူတွေ့​ခေါ်​မေးမြန်းခဲ့​သည်။ အာသာဘိုနို​သည် အချိန်ပြည့်​လုပ်ငန်း​တွင် ၅၁ နှစ်​ပါဝင်​ခဲ့ပြီ​ဖြစ်၍ ယခု အီကွေဒေါ​ဌာနခွဲ​ကော်မတီ​တွင် အမှုထမ်း​လျက်​ရှိသည်။ အန်း​ဂျ​လို ကာ​တန်​ဇာ​ရို​သည် အချိန်ပြည့်​လုပ်ငန်း​၌ ၅၉ နှစ်​ပါဝင်​ခဲ့ပြီ၊ ထို​နှစ်များ​တစ်လျှောက် အများစုမှာ နယ်လှည့်​ကြီးကြပ်မှူး​အဖြစ်​ဖြစ်သည်။ ရစ်ချက်​ဒ် အေ​ဗ​ရာ​ဟ​မ်​စ​မ်​သည် ၁၉၅၃ ခုနှစ်​တွင် ဂိလဒ်​ကျောင်းဆင်း​ခဲ့​ပြီး ဘ​ရွတ်​က​လင်​ဗေသလ​သို့ ပြန်​မလာ​မီ ဒိန်းမတ်​နိုင်ငံ​၏​လုပ်ငန်း​ကို ၂၆ နှစ်​တိုင် ကြီးကြပ်​ခွင့်​ရရှိခဲ့သည်။ နောက်ဆုံး​တွင် ၉၆ နှစ်အရွယ်​ရှိ ကယ်​ရီ ဒဗလျူ. ဘာ​ဘာကို အားလုံး​နားထောင်​ရခြင်း​ကို ဝမ်းမြောက်​ခဲ့​ကြသည်။ ၁၉၂၁ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သော ညီအစ်ကို​ဘာ​ဘာ​သည် အချိန်ပြည့်​ဓမ္မ​အမှုကို ၇၈ နှစ်​တိုင်​ထမ်းဆောင်​ခဲ့​ပြီး ၁၉၇၈ ခုနှစ်​မှ​စ၍ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်​ခဲ့​သည်။

လှုံ့ဆော်​သော​ဟောပြောချက်​များ

နှစ်ပတ်လည်​အစည်းအဝေး​တွင် စဉ်းစား​မှု​ကို​လှုံ့ဆော်ပေး​သော အခန်းဆက်​ဟောပြောချက်​များ​ကြား​ခဲ့​ရသည်။ ညီအစ်ကို ရောဘတ် ဒဗလျူ. ဝေါ်​လဲ​န်​က “မိမိ​နာမ​အဖို့​လူမျိုးတော်” အကြောင်း​ဟောပြောခဲ့​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နာမတော်​အဖို့​လူမျိုးတော်​ဖြစ်​ပြီး နိုင်ငံ ၂၃၀ ကျော်​တွင်​ရှိသည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို “နောင်​အဖို့​မျှော်လင့်​ရာ” ပေးသနား​ထားပြီ။ (ယေရမိ ၂၉:၁၁သ​မ) နှစ်သိမ့်မှု​နှင့် စိတ်သက်သာ​မှု​ပေး​သော တကယ်​ကောင်းသော​ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ကျွန်ုပ်​တို့​ဆက်၍​ကြေညာ​ကြ​ရမည်။ (ဟေရှာယ ၆၁:၁) ညီအစ်ကို ဝေါ်​လဲ​န်​ဤသို့​နိဂုံး​ချုပ်​သည်– “ယေဟောဝါသက်သေ​များ​ဆို​တဲ့ နာမည်​နဲ့​အညီ နေ့စဉ်​နှင့်​အမျှ ဆက်လက်​အသက်ရှင်​ကြပါစို့။”—ဟေရှာယ ၄၃:၁၀

အစီအစဉ်​၏​နောက်ဆုံး​အပိုင်း​မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်​သုံးဦး​၏ အခန်းဆက်​ဟောပြောချက်​ဖြစ်သည်။ ၎င်း​၏​ခေါင်းစဉ်​မှာ “ယခု​အချိန်​သည် နိုးကြား၊ မြဲမြံ​၍ အစွမ်း​ခွန်အား​တိုးပွား​ရမည့်​အချိန်” ဟူ၍​ဖြစ်သည်။—၁ ကောရိန္သု ၁၆:၁၃

ဦးဆုံး၊ “ဤ​ဆုံးခန်း​ချိန်​၌ နိုးကြား​နေ” အကြောင်းကို ညီအစ်ကို စတီဗင် လက်​တ်​က​ဟောပြော​သည်။ ပကတိ​အိပ်စက်ခြင်း​သည် ဆုကျေးဇူး​တစ်ခု​ဖြစ်သည်ဟု ညီအစ်ကို​လက်​တ်​ရှင်းပြသည်။ ယင်းက ကျွန်ုပ်​တို့ကို​ပြန်လည်​အားရှိစေ​သည်။ သို့သော် ဝိညာဉ်​ရေး​အိပ်စက်ခြင်း​သည် အကျိုးမပြု​ပါ။ (၁ သက်သာလောနိတ် ၅:၆) သို့​ဖြစ်၍ ဝိညာဉ်​ရေး​အရ မည်သို့​နိုးကြား​နေနိုင်​ကြ​မည်​နည်း။ ညီအစ်ကို​လက်​တ်​က ဤ​ဝိညာဉ်​ရေး “ဆေး​လုံး” သုံးမျိုး​ကို​ဖော်ပြ​ခဲ့​သည်– “(၁) သခင်​အရှင်​၏​လုပ်ငန်းတော်​၌ အလုပ်​များနေ​ပါ။ (၁ ကောရိန္သု ၁၅:၅၈) (၂) ဝိညာဉ်​ရေး​လိုအပ်ရာ​ကို သတိပြုပါ။ (မဿဲ ၅:၃) (၃) ပညာရှိ​စွာ​ပြုမူ​ဖို့ ကျမ်းစာ​အခြေပြု​အကြံပေး​ချက်​ကို တုံ့ပြန်​ရန်​အသင့်ရှိ​ပါ။—သု. ၁၃:၂၀

ညီအစ်ကို သီအိုဒေါရ်​ဂျဲရက်စ်​က “စမ်းသပ်မှု​အောက် အခိုင်အမာ​ရပ်တည်” ခေါင်းစဉ်​ရှိ တက်ကြွ​သော​ဟောပြောချက်ကို​ပေး​ခဲ့​သည်။ ညီအစ်ကို​ဂျဲရက်စ်​က ဗျာဒိတ် ၃:၁၀ ကိုကိုး​ကား​ပြီး “‘စမ်းသပ်​ရာ​အချိန်’ ကား​အဘယ်နည်း” ဟု​မေးမြန်းခဲ့​သည်။ ထို​စမ်းသပ်မှု​သည် ယခု​ကျွန်ုပ်​တို့​ရောက်ရှိ​နေသော “သခင့်​နေ့​တော်” ၌​ဖြစ်ပျက်​နေသည်။ (ဗျာဒိတ် ၁:၁၀က​ဘ) ထို​စမ်းသပ်မှု​က ကျွန်ုပ်​တို့သည် ဘုရားသခင့်​တည်ထောင်​ပြီး​သော​နိုင်ငံတော်​ဘက်မှာ​ရှိသလော၊ စာတန်​၏​အစီအစဉ်​စနစ်ဆိုး​ဘက်မှာ​ရှိသလော​ဟူ​သည့် အဓိက​အရေးကိစ္စ​အပေါ် မူတည်​သည်။ ထို​စမ်းသပ်​ရာ​အချိန်​မကုန်မဆုံး​မချင်း စုံစမ်း​နှောင့်ယှက်မှု​များ၊ အခက်အခဲ​များ ရင်ဆိုင်​နေကြ​ရမည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​ကို ဆက်လက်​တည်ကြည်​ကြ​မည်​လော။ ‘ထို​တည်ကြည်မှု​ကို ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ တင်ပြ​ကြ​ရမည်’ ဟု​ညီအစ်ကို​ဂျဲရက်စ်​က​ဖော်ပြ​ခဲ့​သည်။

နောက်ဆုံး​တွင် ညီအစ်ကို​ဂျွန် အီး. ဘားရ်​က “ဝိညာဉ်​ရေး​ပုဂ္ဂိုလ်တစ်ဦး​အဖြစ် အစွမ်း​ခွန်အား​တိုးပွား” ဟူသော အဓိက​အချက်​ပေါ်​မူတည်၍ ဟောပြောခဲ့​သည်။ လုကာ ၁၃:၂၃-၂၅ ကို​ညွှန်း​လျက် “ကျဉ်းမြောင်းသော​တံခါးဝ​ကို​ဝင်​ခြင်း​ငှာ” ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်​ကြ​ရမည်​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ လူအများသည် အစွမ်း​ခွန်အား​တိုးပွား​ရန် မကြိုးစား​ခဲ့​ကြသော​ကြောင့် မအောင်မြင်ကြ​ပါ။ ရင့်ကျက်သော​ခရစ်ယာန်​များ ဖြစ်လာ​ကြ​ရန် ကျွန်ုပ်​တို့၏​ဘဝ​ကဏ္ဍ​အားလုံး​တွင် ကျမ်းစာ​မူများ​ကို ကျင့်သုံး​တတ်ကြ​ရမည်။ ညီအစ်ကို​ဘားရ်​က ဤသို့​တိုက်တွန်း​ခဲ့​သည်– “ယခု​အချိန်​သည် (၁) ယေဟောဝါ​အား ပထမ​ဆုံး​နှင့် ရှေ့ဆုံး​ထား​ရန်; (၂) အစွမ်း​ခွန်အား​တိုးပွား​ရန်​နှင့် (၃) ယေဟောဝါ​၏​အလိုတော်ကို​ဆောင်​ရာ​တွင် ကြိုးပမ်း​အားထုတ်​ရန်​အချိန်​ဖြစ်​ကြောင်း သင်တို့​သဘောတူ​ကြ​ပေမည်။ ဤနည်းဖြင့် အဆုံးမဲ့​အသက်​သို့​ပို့ဆောင်​မည့် ကျဉ်းမြောင်းသော​တံခါး​ကို ကျွန်ုပ်​တို့​ဝင်နိုင်​ကြ​ပါ​လိမ့်​မည်။”

နှစ်ပတ်လည်​အစည်းအဝေး ပြီးဆုံးချိန်​နီးလာသည်နှင့် အဖြေ​မရသေး​သော မေးခွန်း​တစ်ခု​ရှိပါ​သေး​သည်၊ ၎င်းမှာ ၂၀၀၂ လုပ်ငန်းတော်နှစ်​အတွက် နှစ်ချုပ်​ကျမ်းချက်​ကား အဘယ်နည်း​ဖြစ်သည်။ ထို​မေးခွန်း​ကို နောက်​တစ်ရက်​တွင် ဖြေဆိုခဲ့သည်။

နောက်ဆက်တွဲ​အစည်းအဝေး

တနင်္ဂနွေ​နေ့​နံနက်ပိုင်း​တွင် နောက်ဆက်တွဲ​အစည်းအဝေး​အစီအစဉ်ကို စတင်​သောအခါ အကြီးအကျယ်​မျှော်လင့်​စောင့်စား​နေခဲ့​ကြသည်။ ထို​အပတ်​၏​ကင်းမျှော်စင်​သင်တန်း​အကျဉ်းချုပ်​နှင့် စတင်​ပြီး​နောက် နှစ်ပတ်လည်​အစည်းအဝေး​၏ ပေါ်လွင်​ချက်​အချို့​ကို အကျဉ်းချုပ်​တင်ဆက်​ခဲ့​သည်။ ထို့နောက် “ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်” ဟူသော ၂၀၀၂ ခုနှစ်​အတွက် နှစ်ချုပ်​ကျမ်းချက်​ကို​အခြေပြု​သည့် ဟောပြောချက်ကို ကြားနာ​ခဲ့​ကြ​ရ​၍ အားလုံး​ပျော်ရွှင်​ခဲ့​ကြသည်။ (မဿဲ ၁၁:၂၈က​ဘ) ထို​ဟောပြောချက်သည် ၂၀၀၁၊ ဒီဇင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်​သင်တန်း​ဆောင်းပါး​များ​အပေါ် အခြေပြု​ပါ​သည်။

ထို့နောက် ၂၀၀၁၊ ဩဂုတ်​လ​တွင် ပြင်သစ်​နှင့် အီတလီ​နိုင်ငံ “ဘုရားသခင့်​စကားတော်​သွန်သင်​သူများ” အထူး​စည်းဝေးကြီး​များ​ကို​တက်ရောက်​ခဲ့​ကြသော ကိုယ်စားလှယ်​အချို့​က သူတို့​စွဲမှတ်​ခဲ့​ရာ​များ​ကို တင်ပြ​ပြောဆို​ခဲ့​ကြသည်။ * နောက်ဆုံး​တွင် ဘ​ရွတ်​က​လင်​ဗေသလ​မှ ဧည့်ဟောပြောသူ​များ​က နောက်ဆုံး​ဟောပြောချက်​နှစ်ခု​ကို ထို​နေ့​အစီအစဉ်​၏​ပေါ်လွင်​ချက်​အဖြစ် ဟောခဲ့​ကြသည်။

ပထမ​ဟောပြောချက်​၏​ခေါင်းစဉ်​မှာ “ဤ​ခဲယဉ်း​သော​ကာလ​အတွင်း ယေဟောဝါ​ကို ရဲစွမ်းသတ္တိ​ဖြင့် ယုံကြည်​ကိုးစားခြင်း” ဖြစ်သည်။ ဟောပြောသူက အောက်ပါ​အဓိက​အချက်များ​ကို အကျယ်တဝင့်​ရှင်းပြ​ခဲ့​သည်– (၁) ယေဟောဝါ​ကို ရဲစွမ်းသတ္တိ​ဖြင့် ယုံကြည်​ကိုးစားခြင်း​သည် ဘုရားသခင့်​လူမျိုးတော်​အတွက် အစဉ်​အရေးပါ​ခဲ့ပြီ။ အတိုက်အခံပြု​ခြင်း​များ​ကို ရင်ဆိုင်​ရ​လျက်​ကယ် ရဲစွမ်းသတ္တိနှင့် ယုံကြည်ခြင်း​တင်ပြ​ခဲ့​ကြ​သူတို့၏ ပုံသက်သေ​မြောက်မြားစွာ သမ္မာကျမ်းစာ​တွင်​ပါရှိ​သည်။ (ဟေဗြဲ ၁၁:၁–၁၂:၃) (၂) ယေဟောဝါ​ကို လုံးလုံးလျားလျား ယုံကြည်​ကိုးစား​ဖို့ ကျွန်ုပ်​တို့အတွက် ခိုင်လုံ​သော​အကြောင်းရင်း ပေး​ထား​တော်​မူ​သည်။ ကိုယ်တော်​၏​အမှုတော်များ​နှင့် ကိုယ်တော်​၏​စကားတော်​က ကိုယ်တော်​သည် မိမိ၏​ကျေးကျွန်​များ​ကို​ဂရုစိုက်​တော်​မူ​ပြီး သူတို့ကို​ဘယ်​သောအခါ​မျှ မေ့လျော့​မည်​မဟုတ်​ကြောင်း အာမခံ​သည်။ (၃) ယနေ့ ရဲစွမ်းသတ္တိနှင့် ယုံကြည်​ကိုးစားမှု အထူး​လိုအပ်​သည်။ ယေရှု​ကြိုပြော​ခဲ့​သည့်​အတိုင်း ကျွန်ုပ်​တို့သည် ‘အမုန်း​ခံရ​ကြ’ ၏။ (မဿဲ ၂၄:၉) ကျွန်ုပ်​တို့သည် ခံရပ်​တည်ကြည်​နိုင်​ဖို့ ဘုရားသခင့်​စကားတော်​ကို အားကိုး​ရန်၊ ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြောင်း စိတ်ချ​ရန်​နှင့် သတင်းကောင်းကို ဆက်လက်​ကြေညာ​ရန် ရဲစွမ်းသတ္တိ​ရှိဖို့လို​သည်။ (၄) ယခု​ပင် အတိုက်အခံပြု​ခြင်း​ကြုံတွေ့​နေရ​ကြောင်း သာဓက​များ​က​ဖော်ပြ​သည်။ အာ​မီး​နီး​ယား၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ကာဇက်​စ​တန်၊ ရုရှား​နှင့် တာ့ခ်မင်းနစ္စတန်​နိုင်ငံ​များ​တွင် ကျွန်ုပ်​တို့၏​ညီအစ်ကို​များ ခံ​နေရ​သော​အရာများ​ကို ဟောပြောသူက ပြန်​ပြောပြ​သောအခါ အားလုံး​က အလွန်​စိတ်ထိခိုက်​ခဲ့​ကြသည်။ ယခု​အချိန်​သည် အမှန်တကယ် ရဲစွမ်းသတ္တိ​တင်ပြ​၍ ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​ရမည့်​အချိန်​ပင်!

နောက်ဆုံး​ဟောပြောသူက “ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် စည်းလုံးစွာ ရှေ့သို့​ချီတက်​နေ” ဟူသော​အဓိက​အချက်​ကို အကျယ်တဝင့်​ရှင်းပြ​ခဲ့​သည်။ ထို​ဟောပြောချက်​တွင် အခန့်သင့်​ဖော်ပြချက်များ​စွာ​ပါ​သည်။ (၁) ယေဟောဝါ​၏​လူမျိုးတော်သည် ရှေ့သို့​ချီတက်​နေကြောင်း​ကို နေရာအနှံ့​အပြား​တွင် လူ​တို့​သတိပြု​ကြသည်။ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​နှင့် စည်းဝေးကြီး​များ​က အများ​ပြည်သူ အာရုံစိုက်​စ​ရာ​ဖြစ်​ခဲ့ပြီ။ (၂) စည်းလုံး​သော​အဖွဲ့အစည်း​တစ်ခု​ကို ယေဟောဝါ​တည်ထောင်​ခဲ့ပြီ။ ယေဟောဝါ​၏​စည်းလုံး​သော​မိသားစု​ထဲ​သို့ “ရှိရှိသမျှ​တို့” ဖြစ်သည့် ကောင်းကင်​မျှော်လင့်ချက်​ရှိသူ​များနှင့် မြေကြီး​မျှော်လင့်ချက်​ရှိသူ​များ​ကို ယူဆောင်​လာဖို့ ယေရှုသည် စီ.အီး. ၂၉ ခုနှစ်​တွင် သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခန့်အပ်​ခံ​ခဲ့​ရသည်။ (ဧဖက် ၁:၈-၁၀) (၃) စည်းဝေးကြီး​များသည် နိုင်ငံတကာ​စည်းလုံးမှု​၏ ထူးခြားသော သာဓက​များ​ဖြစ်သည်။ ၎င်းကို လွန်ခဲ့သော​သြဂုတ်​လ​တွင် ပြင်သစ်​နှင့် အီတလီ​နိုင်ငံ​၌ ကျင်းပ​ခဲ့​သော အထူး​စည်းဝေးကြီး​များ​တွင် ပေါ်လွင်​ထင်ရှား​သည်။ (၄) ပြင်သစ်​နှင့် အီတလီ​နိုင်ငံ​များ​တွင် စိတ်အားတက်​ကြွ​ဖွယ် အဓိဋ္ဌာန်​တစ်ခု​ပြု​ခဲ့​ကြသည်။ ဟောပြောသူက စိတ်အားတက်​ဖွယ်​အဓိဋ္ဌာန်​ပြုချက်​မှ ကောက်နုတ်​ချက်​အချို့​ကို ဝေမျှ​ခဲ့​သည်။ အဓိဋ္ဌာန်​ပြုချက်​အပြည့်အစုံ​မှာ အောက်ပါ​အတိုင်း​ဖြစ်သည်။

နောက်ဆုံး​ဟောပြောချက်​၏​နိဂုံးပိုင်း​တွင် ဧည့်ဟောပြောသူ​က အုပ်ချုပ်ရေး​အဖွဲ့ ပြင်ဆင်​ပေး​ထားသော စိတ်​လှုပ်ရှား​ဖွယ်​ကြေညာ​ချက်​တစ်ခု​ကို ဖတ်ပြ​ခဲ့​သည်။ ၎င်း​ကြေညာ​ချက်​တစ်စိတ်​တစ်ပိုင်း​မှာ ဤသို့​ဖြစ်၏– “ယခု​အချိန်​သည် ကမ္ဘာ့​မြင်ကွင်း​ပေါ် အဖြစ်အပျက်​များ မည်သို့​ဖြစ်ပေါ်​လာ​နေသည်​ကို သိမြင်​နားလည်​ရန် နိုးနိုးကြားကြား​နှင့် သတိ​ဖြင့်​စောင့်ကြည့်​နေရ​မည့်​အချိန်​ဖြစ်သည်။ . . . အသင်​နှင့် ဘုရားသခင့်​လူမျိုးတော်​မှ အခြားသူ​အားလုံး​တို့အတွက် အုပ်ချုပ်ရေး​အဖွဲ့​၏ မေတ္တာပါ​သော​ဂရုစိုက်​မှု​ကို သိစေလို​ပါ​သည်။ ကိုယ်တော်​၏​အလိုတော်ကို စိုးလ်​အကြွင်းမဲ့​လုပ်ဆောင်နိုင်ရန် သင်တို့​အပေါ်​သို့ ကြွယ်ဝသော​ကောင်းချီး​များ သွန်းလောင်း​ပေး​ပါ​လေ​စေ။” နေရာအနှံ့​အပြား​ရှိ ယေဟောဝါ​၏​လူမျိုးတော်သည် ဤ​ခဲယဉ်း​သော​ကာလ​တွင် နိုးနိုးကြားကြား​ရှိပြီး ယေဟောဝါ​၏​စည်းလုံး​သော​အဖွဲ့အစည်း​နှင့်အတူ ရဲစွမ်းသတ္တိ​ရှိ​ရှိ ရှေ့သို့​ဆက်၍​ချီတက်​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြ​ပါ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 5 နှစ်ပတ်လည်​အစည်းအဝေး​အစီအစဉ်ကို နေရာ​အတော်များများ​သို့ အီလက်ထရွန်နစ်​စနစ်​ဖြင့် ဆက်သွယ်​ထား​ရာ စုစုပေါင်း​တက်ရောက်သူ ၁၃,၇၅၇ ဦး​ရှိခဲ့​သည်။

^ အပိုဒ်၊ 5 ထပ်၍​ကျင်းပ​သော​အစည်းအဝေး​များ​ကို ကယ်လီဖိုးနီးယား​ပြည်နယ်၊ လောင်း​ဘိ​ခ်ျ​မြို့; မီ​ချီ​ဂ​န်​ပြည်နယ် ပေါ​န်​တီ​အက်​ခ်​မြို့; နယူးယောက်​ပြည်နယ်၊ ယူနီယံ​ဒေးလ်​နှင့် အွန်​တဲ​ရီယို​ပြည်နယ်၊ ဟ​မ်​မင်​တန်​မြို့​တို့​တွင် ကျင်းပ​ခဲ့​ကြသည်။ အီလက်ထရွန်နစ်​စနစ်​ဖြင့် ဆက်သွယ်​ထားသော နေရာများ​အပါအဝင် စုစုပေါင်း​တက်ရောက်သူ အရေအတွက်​မှာ ၁၁၇,၈၈၅ ဦး​ဖြစ်သည်။

^ အပိုဒ်၊ 23 အထူး​အစည်းအဝေးကြီး​သုံးခု​ကို ပြင်သစ်​နိုင်ငံ—ပါရီ​မြို့၊ ဘော​ဒိုး​မြို့​နှင့် လီယွန်​မြို့​တို့​၌​ကျင်းပ​ခဲ့​ကြသည်။ အီတလီ​နိုင်ငံ​တွင် အစည်းအဝေး​ကိုးခု​ကို တစ်ပြိုင်နက်​ကျင်းပ​ခဲ့​ကြသော်လည်း အမေရိကန်​ပြည်ထောင်စု​မှ ကိုယ်စားလှယ်​များ​ကို ရောမမြို့​နှင့် မီ​လ​န်​မြို့​သို့​သွား​ရန် တာဝန်​ပေးအပ်​ခဲ့​သည်။

[စာမျက်နှာ ၂၉-၃၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အဓိဋ္ဌာန်​ပြုချက်

၂၀၀၁၊ ဩဂုတ်​လ​တွင် ပြင်သစ်​နိုင်ငံ​နှင့် အီတလီ​နိုင်ငံ​၌ “ဘုရားသခင့်​စကားတော်​ကို သွန်သင်​သူများ” အထူး​စည်းဝေးကြီး​များ​ကို ကျင်းပ​ခဲ့​သည်။ ထို​စည်းဝေးကြီး​များ​တွင် စိတ်အားတက်​ဖွယ်​အဓိဋ္ဌာန်​ပြုချက်​တစ်ခု​ကို တင်ဆက်​ခဲ့​၏။ ထို​အဓိဋ္ဌာန်​ပြုချက်​၏​စာသား​မှာ အောက်ပါ​အတိုင်း​ဖြစ်သည်။

“ယေဟောဝါသက်သေ​များ​အဖြစ် ဤ ‘ဘုရားသခင့်​စကားတော်​ကို​သွန်သင်​သူများ’ စည်းဝေးကြီး​တွင် စုရုံး​လာ​ကြ​သူ​ကျွန်ုပ်​တို့အားလုံး​သည် အလွန်​အကျိုးပြုသော​သွန်သင်ချက်​ဖြင့် သွန်သင်ခံ​ရ​ကြပြီ။ ဤ​သွန်သင်ချက်​၏​ရင်းမြစ်ကို အထင်အရှား​ဖော်ပြ​ခဲ့ပြီ။ ၎င်း​သွန်သင်ချက်​သည် လူ့​သွန်သင်ချက်​မဟုတ်ပါ။ ယင်းသည် ရှေးပရောဖက်​ဟေရှာယ​ဖော်ပြ​သည့် ကျွန်ုပ်​တို့၏ ‘ကြီးမြတ်သော​သွန်သင်ပေး​ရှင်’ ထံ​မှ သွန်သင်ပေး​ချက်​ဖြစ်သည်။ (ဟေရှာယ ၃၀:၂၀) ဟေရှာယ ၄၈:၁၇ တွင်​ဖော်ပြ​ထားသော ယေဟောဝါ​၏​ဤ​သတိပေး​ချက်​ကို သတိပြုပါ– “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။” ၎င်း​အမှုကို ကိုယ်တော်​မည်သို့ ပြီးမြောက်​အောင်မြင်​စေ​သနည်း။ အဓိက​နည်းလမ်း​မှာ ကမ္ဘာ​ပေါ်​တွင် ဘာသာ​အများဆုံး​ပြန်ဆို​ထား​၍ အနှံ့အပြား​ဝေ​ရသော​စာအုပ်​ဖြစ်သည့် သမ္မာကျမ်းစာ​မှ​တစ်ဆင့်​ဖြစ်၏၊ ထို​တွင် ဤသို့​ရှင်းလင်း​ပြတ်သား​စွာ​ဖော်ပြ​ထား​သည်– ‘ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​ဝိညာဉ်​တော်​မှုတ်သွင်း​ထား​၍ . . .အကျိုး​ရှိ၏။’—၂ တိမောသေ ၃:၁၆က​ဘ။

“ယနေ့၊ ထိုသို့​အကျိုးပြုသော​သွန်သင်ချက်​ကို လူသား​တို့ အလွန်​လိုအပ်​လျက်​ရှိသည်။ အဘယ်ကြောင့် ထိုသို့​ဆိုနိုင်​သနည်း။ ဤ​လောက​၏​ပြောင်းလဲ​နေသော၊ စိတ်ရှုပ်​ထွေး​ဖွယ်​မြင်ကွင်း​ကို သုံးသပ်ကြည့်​ရာ​တွင် ပိုင်းခြား​သိမြင်​တတ်​သူတို့သည် အဘယ်အရာကို အသိအမှတ်ပြု​ကြ​သနည်း။ ဤသို့​ပင်​ဖြစ်သည်– လူ​သန်းပေါင်း​များစွာ​သည် ဤ​လောက​၏​ပညာရေး​စနစ်​များ​ဖြင့် ပညာ​ဆည်းပူး​ထား​သော်လည်း ဝမ်းနည်းစရာမှာ တန်ဖိုး​အမှန်​ထား​သင့်​ရာ​ကို​မသိဘဲ အမှား​နှင့်​အမှန်​ကို ခွဲခြား​ဝေဖန်​နိုင်စွမ်း​မရှိကြ​ခြင်း​ဖြစ်သည်။ (ဟေရှာယ ၅:၂၀၊ ၂၁) နေရာအနှံ့​အပြား​တွင် ကျမ်းစာ​အသိပညာ​မရှိကြ​ချေ။ စက်​မှု​အတတ်ပညာ​က ကွန်ပျူတာ​များ​မှ​တစ်ဆင့် သတင်း​အချက်အလက် လှိုင်လှိုင်​ပေး​နိုင်​သော်လည်း ဘဝ၏​ရည်ရွယ်ချက်ကား အဘယ်နည်း၊ ကျွန်ုပ်​တို့​ခေတ်​၏​အဖြစ်အပျက်​များ​ကို မည်သို့​နားလည်​ရမည်​နည်း၊ အနာဂတ်​အတွက် ခိုင်လုံ​သော​မျှော်လင့်ချက်​ရှိပါ​သလော၊ ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး​သည် အမှန်တကယ်​ရှိလာ​မည်​လော​စ​သည့် အရေးပါသော​မေးခွန်းများ​၏​အဖြေ အဘယ်​မှာ​နည်း။ ထို့​ပြင် စာကြည့်တိုက်​များ​ရှိ စာအုပ်စင်​များ​ပေါ်​တွင် လူ့​ကြိုးပမ်းမှု​ကဏ္ဍရပ် အားလုံးနီးပါး​နှင့်​ဆိုင်သော ကိုးကား​ဖော်ပြချက်​စာ​တွဲ သန်းပေါင်း​များစွာကို တွေ့ရှိ​ရသည်။ သို့​တိုင် လူသား​သည် အတိတ်​က​အမှား​များ​ကို တစ်ဖန်​ပြန်​ပြု​ကြသည်။ရာဇဝတ်မှု​တိုးများ​လာ​သည်။ တစ်ကြိမ်​က ပျောက်ကွယ်​သွားပြီ​ဟု​ထင်​ခဲ့​ကြ​ရသော အနာ​ရောဂါ​များ ပြန်​ပေါ်လာ​ပြီး အေအိုင်ဒီအက်စ်​ကဲ့သို့​ရောဂါ​များ​မူ ထိတ်လန့်ဖွယ်​ကောင်းစွာ ပျံ့နှံ့​လျက်​ရှိသည်။ မိန်းမော​တွေဝေ​စေသော​နှုန်း​ဖြင့် မိသားစု​ဘဝ ဖရိုဖရဲ​ပြိုကွဲ​နေသည်။ ပတ်ဝန်းကျင်​ညစ်ညမ်း​လျက်​ရှိသည်။ အကြမ်းဖက်မှု​နှင့် အစုလိုက်​အပြုံလိုက်​ချေမှုန်း​သော​လက်နက်များ​က ငြိမ်းချမ်းမှု​နှင့် လုံခြုံမှု​ကို​ခြိမ်းခြောက်​နေသည်။ ဖြေရှင်း၍​မရ​သော​ပြဿနာ​များ စုပုံ​လာ​လျက်​ရှိသည်။ ဤ​ခဲယဉ်း​သော​အချိန်၌ လူ​လူ​ချင်း​အား​ကူညီပေး​ရာ​တွင် ကျွန်ုပ်​တို့၏​သင့်လျော်​သော​ကဏ္ဍ​ကား​အဘယ်နည်း။ လူသား​၏​အဖြစ်ဆိုး​ဖြစ်​ရသည့်​အကြောင်းရင်းကို ရှင်းပြ​ပေး​ပြီး ယခု​ပင် သာ၍​ကောင်းသော​ဘဝသို့ လမ်းညွှန်​ပေး​နိုင်​ရုံ​မ​က အနာဂတ်​အတွက် ကောင်းမွန်၊ သေချာ​သည့်​မျှော်လင့်ချက်ကို ကမ်း​လှမ်းပေး​သည့် သွန်သင်ချက်​ရှိပါ​သလော။

“ကျွန်ုပ်​တို့၏​ကျမ်း​ပေး​တာဝန်​မှာ ‘သွား​၍ လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ​လျက်၊ ခရစ်တော်​ပေး​သမျှ​သော ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ​ပေး​ကြ’ ရန်ဖြစ်​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှု​ခရစ်​သည် ဤ​တာဝန်​ကို မိမိ​သေဆုံး​၍ ရှင်ပြန်ထမြောက်​ပြီး​နောက် ကောင်းကင်​နှင့်​မြေကြီးပေါ်​ရှိ အခွင့်အာဏာ​ရှိရှိသမျှ​တို့ကို ရရှိ​ပြီး​သောအခါ ပေးအပ်​ခဲ့​ခြင်း​ဖြစ်သည်။ ထို​လုပ်ငန်း​သည် လူသား​တို့၏ လုပ်ဆောင်မှု​အားလုံး​ထက် သာလွန်​ထူးမြတ်​သည်။ ဘုရားသခင့်​ရှုထောင့်​မှ​ဆိုလျှင် ဖြောင့်မတ်ခြင်း​တရား ဆာမွတ်​သူများ​၏ ဝိညာဉ်​ရေး​လိုအပ်ရာ​များ​အပေါ် အာရုံ​စူးစိုက်​သော ကျွန်ုပ်​တို့၏​တာဝန်​သည် ဦးစားပေး​ရမည့်​အလုပ်​ဖြစ်သည်။ ထို​တာဝန်​ကို အလေးအနက်​သဘောထား​ရန် ကျမ်းစာ​ဆိုင်ရာ​ခိုင်လုံ​သော​အကြောင်းရင်း​များ ကျွန်ုပ်​တို့​၌​ရှိ၏။

“ထို့​ကြောင့် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာတွင် ဤ​လုပ်ငန်း​ကို ရှေးဦး​ထား​ဖို့​လို​သည်။ ဤ​ကမ္ဘာချီ​သွန်သင်ခြင်း​အစီအစဉ် တိုးတက်ရေး​ကို နှောင့်နှေး​စေဖို့ ရည်ရွယ်​ထား​သည့် ဘာသာရေး​နှင့် နိုင်ငံရေး​အင်အားစု​များ​ထံ​မှ အာရုံ​ပျံ့လွင့်​စေသော​လွှမ်းမိုးမှု​များ၊ အတားအဆီး​များနှင့် အတိုက်အခံပြု​မှု အများအပြား​ရှိသော်လည်း ဘုရားသခင်​၏​ကောင်းချီး​နှင့် အကူအညီ​ဖြင့် ထို​လုပ်ငန်း​ပြီးမြောက်​အောင်မြင်​ရ​ပါ​လိမ့်​မည်။ ဤ​လုပ်ငန်း​သည် ဆက်လက်​တိုးတက်​ပြီး ပြီးဆုံး​ခန်း​ရောက်​လိမ့်​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ အဘယ်ကြောင့် ဤမျှ​စိတ်ချ​နိုင်​သနည်း။ အကြောင်း​မှာ ဤ​အစီအစဉ်​စနစ်​ဆုံးခန်း​ရောက်​သည့်​အထိ ဘုရားသခင်​ပေးအပ်​သော​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​နှင့်အတူ သခင်​ယေရှု​ခရစ်​ပါဝင်​မည်​ဟု ကတိပြု​ခဲ့​သောကြောင့်​တည်း။

“စိတ်ဓာတ်ကျ​နေသော​လူသားများ​အဖို့ အချိန်ကုန်​လု​နီးပြီ။ ဆုံးခန်း​ချိန်​မတိုင်မီ ကျွန်ုပ်​တို့၏​လက်ရှိ​တာဝန် ပြီးမြောက်​ရ​ပေမည်။ ထို့​ကြောင့် ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့​အဓိဋ္ဌာန်​ပြု​ကြသည်​မှာ–

“ပထမ– ဆက်ကပ်​အပ်နှံ​ထားသော ဓမ္မ​အမှုဆောင်​များ​အနေ​နှင့် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဦးစား​ထား​၍ ဝိညာဉ်​ရေး​ဘက် ဆက်​တိုးတက်​ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြ​ပါ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​သည် ‘အလိုတော်​သို့​လိုက်​စေမည်​အကြောင်း သွန်သင်​တော်​မူ​ပါ၊ ကိုယ်တော်​သည် အကျွန်ုပ်၏​ဘုရားသခင်​ဖြစ်​တော်​မူ​၏’ ဟူသော ဆာလံ ၁၄၃:၁၀ ပါ​စကား​များနှင့် သဘောတူညီ​ပါ​သည်။ ထိုသို့​ဖြစ်​ဖို့ ကျောင်းသား​ကောင်း​များ​ဖြစ်​ရန်၊ ကျမ်းစာ​ကို​နေ့စဉ်​ကြိုးစား​ဖတ်ရှု​ရန်၊ ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ပြီး သုတေသန​ပြုလုပ်​ရန် လိုအပ်​ပါ​သည်။ ကျွန်ုပ်​တို့၏​တိုးတက်မှု​ကို လူအပေါင်း​ရှေ့​ထင်ရှားစေ​ဖို့ အသင်းတော်​အစည်းအဝေး​များ၊ တိုက်နယ်၊ ခရိုင်၊ ပြည်လုံးကျွတ်​နှင့် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များ​တွင် ရရှိနိုင်သော သီအိုကရက်တစ်​ပညာရေး​အတွက် ကြိုတင်​ပြင်ဆင်​၍ ၎င်း​တို့​မှ အကျိုး​အပြည့်အဝ​ရယူဖို့ အတတ်နိုင်ဆုံး​ကြိုးစား​ကြ​ပါ​မည်။—၁ တိမောသေ ၄:၁၅; ဟေဗြဲ ၁၀:၂၃-၂၅

“ဒုတိယ– ဘုရားသခင်​၏​သွန်သင်ခြင်း​ကို​ခံရ​ဖို့ ကိုယ်တော်​၏​စားပွဲတော်​၌​သာ​စားသုံး​ပြီး လှည့်ဖြား​တတ်သော​နတ်ဆိုး​တို့၏ သွန်သင်​သင်​ချက်​များနှင့်​ပတ်သက်​သည့် ကျမ်းစာ​သတိပေး​ချက်​များ​ကို ဂရုပြုပါ​မည်။ (၁ ကောရိန္သု ၁၀:၂၁; ၁ တိမောသေ ၄:၁) ဘာသာရေး​မှားယွင်းမှု​များ၊ အချည်းနှီး​ဖြစ်သော​ကျိုးကြောင်း​ဖော်ပြချက်များ၊ ရှက်ဖွယ်​ကောင်းသော​လိင်ဆိုင်ရာ​ဖောက်ပြန်မှု​များ၊ အ​ပြာ​ရုပ်ပုံ​နှင့်​စာပေ​ကပ်​ဆိုက်​မှု၊ ယုတ်ညံ့​သော​ဖျော်ဖြေမှု​နှင့် ‘ကျန်း​ခံ့​ရေး​တရား’ နှင့်​မညီညွတ်​သော​အရာ​မှန်သမျှ​အပါအဝင် အန္တရာယ်​ဖြစ်စေ​သော အကြောင်းအရာ​အားလုံး​ကို ရှောင်ကြဉ်​ရန် ကျွန်ုပ်​တို့​အထူး​သတိပြု​ကြ​ပါ​မည်။ (ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၃:၂၀; ၁ တိမောသေ ၆:၃; ၂ တိမောသေ ၁:၁၃) ကျန်း​ခံ့​သော​တရားကို​သွန်သင်​ပေးဖို့ အရည်အချင်း​ပြည့်မီ​သော ‘လူ့​အသွင်​ဆုလာဘ်များ’ ကို​လေးစား​သောကြောင့် သူတို့၏​ကြိုးပမ်းမှု​များ​ကို ကျွန်ုပ်​တို့​အမှန်​လေးမြတ်​ပြီး ဘုရားသခင့်​စကားတော်​၏ သန့်ရှင်း​ဖြောင့်မတ်​သော ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​စံနှုန်း​များ​ကို သူတို့နှင့်​အတူ​စွဲကိုင်​ထား​ကြ​ပါ​မည်။—ဧဖက် ၄:၇၊ ၈၊ ၁၁၊ ၁၂; ၁ သက်သာလောနိတ် ၅:၁၂၊ ၁၃; တိတု ၁:၉

“တတိယ– ခရစ်ယာန်​မိဘများ​အနေ​နှင့် ကျွန်ုပ်​တို့၏​သားသမီး​များ​ကို စကား​ဖြင့်​သာမက ပုံသက်သေ​ဖြင့်​သွန်သင်ပေး​ရန် စိတ်နှလုံး​အကြွင်းမဲ့​ကြိုးပမ်း​ကြ​ပါ​မည်။ ကျွန်ုပ်​တို့​အဓိက​အာရုံစိုက်​ရာ​မှာ ‘ကယ်တင်ခြင်း​အလို​ငှာ ပညာ​ကို​ပေး​နိုင်သော သမ္မာကျမ်းစာ​ကို’ နို့စို့အရွယ်​မှ​စ၍ သူတို့ကို ‘သင်ကြား’ ပေးဖို့​ဖြစ်သည်။ (၂ တိမောသေ ၃:၁၅) သူတို့ကို ယေဟောဝါ​၏​အလိုတော်နှင့်​အညီ ဆုံးမ​သွန်သင်ခြင်း​သည် ‘သူတို့​ကောင်း​စား၍ မြေကြီးပေါ်​၌ အသက်တာ​ရှည်​မည်’ ဟူသော ဘုရားသခင့်​ကတိတော်​ကို သူတို့​တွေ့ကြုံ​ခံစားခွင့်​ရစေ​ရန်ဖြစ်​ကြောင်း ကျွန်ုပ်​တို့​စိတ်​စွဲမှတ်​ထား​ကြ​ပါ​မည်။—ဧဖက် ၆:၁-၄

“စတုတ္ထ– ‘အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည်’ ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​မည်​ဟူသော အာမခံချက်​ရရှိ​ထား​ရာ စိုးရိမ်​ပူပန်မှု​များ သို့​မဟုတ် ကြီး​လေး​သော​ပြဿနာ​များ​ကို ကျွန်ုပ်​တို့​တွေ့ကြုံ​ရသောအခါ ဦးဆုံး​အနေ​နှင့် ‘အသနားခံ​လို​သော​အချက်များ​ကို ဘုရားသခင်​ထံ​ကြားလျှောက်​ကြ’ ပါ​မည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ခရစ်တော်​၏​ထမ်းပိုး​အောက် ကျွန်ုပ်​တို့​ရောက်လာ​ကြ​ရာ လန်းဆန်းမှု​တွေ့ရှိ​ကြ​ပါ​မည်။ ကျွန်ုပ်​တို့ကို ဘုရားသခင်​ဂရုစိုက်​တော်​မူ​ကြောင်း​သိထားကြ​၍ ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​များ​ကို ကိုယ်တော်​ထံ​၌​ချထား​ရန် တုံ့ဆိုင်း​ကြ​မည်​မဟုတ်ပါ။—မဿဲ ၁၁:၂၈-၃၀; ၁ ပေတရု ၅:၆၊ ၇

“ပဉ္စမ– ဘုရားသခင့်​စကားတော် သွန်သင်​သူများ​ဖြစ်ခွင့်​ရသည့်​အတွက် ယေဟောဝါ​အား ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​ရာ​၌ ‘သမ္မာတရား​ကို မှန်ကန်​စွာ​ပိုင်းခြား​တတ်’ ရန်​နှင့် ‘ကျွန်ုပ်​တို့၏​ဓမ္မ​အမှုကို အပြည့်အဝ​ကျေပွန်​စေ’ ရန် ကျွန်ုပ်​တို့​အသစ်တစ်ဖန်​ကြိုးစား​ကြ​ပါ​မည်။ (၂ တိမောသေ ၂:၁၅; ၄:၅) ပါဝင်​ပတ်သက်​ရာ​များ​ကို အကင်းပါးပါး​သိရှိ​ထား​ကြ​သဖြင့် ကျွန်ုပ်​တို့၏​ပြင်းပြ​သော​ဆန္ဒ​မှာ ထိုက်တန်​သူများကို​ရှာဖွေ​၍ ကြဲ​ထားသော​မျိုးစေ့ကို ပြုစု​ပျိုးထောင်​ဖို့​ဖြစ်သည်။ ထို့​အပြင် အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကို သာ၍​ထိရောက်​စွာ​ကျင်းပ​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​သွန်သင်ခြင်း​ကို တိုးတက်စေ​ပါ​မည်။ ဤသို့​ပြုခြင်း​က ‘လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ သမ္မာတရား​၏ တိကျ​မှန်ကန်သော​အသိပညာကို သိလာ​စေ’ ရန်​ဟူသော ဘုရားသခင့်​အလိုတော်နှင့် ကျွန်ုပ်​တို့ကို ပို​၍​ကိုက်ညီ​စေပါ​မည်။—၁ တိမောသေ ၂:၃၊ ၄

“ဆဋ္ဌမ– လွန်ခဲ့သော​ရာစုနှစ်​တစ်လျှောက်​နှင့် ဤ​ရာစုနှစ်​အထိ နိုင်ငံ​များစွာ​မှ ယေဟောဝါသက်သေ​များသည် ဆန့်ကျင်မှု​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​မျိုးစုံ​ကို တွေ့ကြုံ​ခံစား​ခဲ့​ကြ​ရပြီ။ သို့သော် ကျွန်ုပ်​တို့​နှင့်အတူ ယေဟောဝါ​ရှိ​တော်​မူ​ကြောင်း ကိုယ်တော်​သက်သေထူ​ခဲ့ပြီ။ (ရောမ ၈:၃၁) ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​ကို တားဆီး​နှောင့်ယှက်​ရန်၊ သို့​မဟုတ် ရပ်တန့်​စေရန် ‘ကျွန်ုပ်​တို့​တစ်ဖက်၌​လုပ်သော လက်နက်​တစ်စုံတစ်ခု​မျှ’ အောင်မြင်​မည်​မဟုတ်​ကြောင်း ကိုယ်တော်​၏​မမှား​နိုင်သော နှုတ်မြွက်​စကားတော်​က ကျွန်ုပ်​တို့ကို​စိတ်ချ​စေပါ​သည်။ (ဟေရှာယ ၅၄:၁၇) အခွင့်သာ​သည့်​အချိန်၌​ဖြစ်စေ၊ ခက်ခဲ​သော​အချိန်၌​ဖြစ်စေ အမှန်တရား​အကြောင်း ကျွန်ုပ်​တို့​မပြော​ဆို​ဘဲ မနေနိုင်​ပါ။ ကျွန်ုပ်​တို့၏​အဓိဋ္ဌာန်​မှာ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​တာဝန် ပြီးမြောက်​ရန် အရေးတကြီး​လုပ်ဆောင်ဖို့​ဖြစ်သည်။ (၂ တိမောသေ ၄:၁၊ ၂) ကျွန်ုပ်​တို့၏​ရည်ရွယ်ချက်မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို လူမျိုးအပေါင်း​မှ​လူ​တို့အား အတတ်နိုင်ဆုံး အပြည့်အဝ​ဝေမျှပေး​ဖို့​ဖြစ်သည်။ သို့ဖြင့် ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် ထာဝရ​အသက်​ရရှိဖို့ ပြင်ဆင်​ပေး​ချက်​အကြောင်းကို သူတို့​ဆက်လက်​သင်ယူ​ခွင့်​ရ​ကြလိမ့်မည်။ ဘုရားသခင့်​စကားတော်​ကို​သွန်သင်သော စည်းလုံး​ညီညွတ်​သည့်​အုပ်စုကြီး​အနေ​နှင့် ကြီးမြတ်သော​ဆရာ၊ ယေရှု​ခရစ်​၏​ပုံသက်သေ​ကို ဆက်​အတုယူ​ကာ ကိုယ်တော်​၏ ဘုရားသခင်​ရေးရာ​အရည်အချင်းများ​ကို ရောင်ပြန်ဟပ်​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​ကြ​ပါ​သည်။ ကျွန်ုပ်​တို့၏​မဟာသွန်သင်ရှင်​နှင့် အသက်​ပေးရှင် ယေဟောဝါ​ဘုရားသခင်​ကို ဂုဏ်တင်၊ ချီးမွမ်း​ဖို့ ဤ​အရာအားလုံး​တို့ကို ကျွန်ုပ်​တို့​ပြုလုပ်​ကြ​ပါ​မည်။

“ဤ​ခရိုင်​စည်းဝေးကြီး​ကို တက်ရောက်​ကြ​သူအား​လုံး ဤ​အဓိဋ္ဌာန်​ပြုချက်​ကို သဘောတူ​ကြ​ပါ​က ကျေးဇူးပြု​၍ တူ​ပါ​တယ် ဟု​ပြောဆို​ပါ!”

ပြင်သစ်​နိုင်ငံ​တွင် စည်းဝေးကြီး​သုံးခု​၌​စုရုံး​နေခဲ့​ကြ​သူ ၁၆၀,၀၀၀ နှင့် အီတလီ​နိုင်ငံ​တွင် ကိုး​နေရာ၌​စုရုံး​ခဲ့​ကြ​သူ ၂၈၉,၀၀၀ တို့အား ဤ​အဓိဋ္ဌာန်​ပြုချက်​၏ နိဂုံး​ချုပ်​စကား​ကို တင်ဆက်​သောအခါ တက်ရောက်​လာ​ကြသော ကိုယ်စားလှယ်​များ​က မိမိတို့၏​ဘာသာ​စကား​များစွာ​ဖြင့် “တူ​ပါ​တယ်” ဟု​မိုးချုန်းသံ​ပ​မာ ကြွေးကြော်​ခဲ့​ကြသည်။