“ဘုရားသခင့်အမှုတော်ကို ကျွန်တော်ထမ်းဆောင်လိုခဲ့”
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“ဘုရားသခင့်အမှုတော်ကို ကျွန်တော်ထမ်းဆောင်လိုခဲ့”
“ငါ၏လူမျိုးတို့၊ . . . သူ၏အထဲကထွက်ကြလော့။” ယင်းကား စီ.အီး. ပထမရာစုတွင် တမန်တော်ယောဟန်ကြားခဲ့သော ကောင်းကင်တမန်တစ်ပါး၏ဖိတ်ခေါ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့ခေတ်တွင် စိတ်ရိုးဖြောင့်သူသန်းပေါင်းများစွာတို့သည် ယင်းကိုတုံ့ပြန်ခဲ့ကြပြီး မှားယွင်းသောဘာသာရေးကမ္ဘာ့အင်ပါယာတည်းဟူသော ‘မဟာဗာဗုလုန်’ မှထွက်ခဲ့ကြပြီ။ (ဗျာဒိတ် ၁၈:၁-၄) သူတို့အနက်တစ်ဦးမှာ မိမိ၏တွေ့ ကြုံမှုကိုပြန်ပြောပြသူ ဟေတီနိုင်ငံမှ ဗီနာရ်ဖြစ်သည်။
“၁၉၅၆ ခုနှစ်မှာ ဟေတီနိုင်ငံ၊ စိန့်မာ့ခ်မြို့ကလေးက ဘာသာတရားကိုင်းရှိုင်းတဲ့ . . . မိသားစုထဲ ကျွန်တော်မွေးဖွားလာခဲ့တယ်။ ဟေတီနိုင်ငံ၊ စိန့်မီရှယ်လ် ဒီ လာတာလေးက ကျမ်းစာသင်ကျောင်းကိုတက်ဖို့ ကျွန်တော်တို့ မြို့က ရွေးချယ်ခံရတဲ့နှစ်ယောက်ထဲမှာ ကျွန်တော်ပါတဲ့အတွက် ကျွန်တော့်မိသားစု ဘယ်လောက်ပျော်ခဲ့မယ်ဆိုတာကို မြင်ယောင်ကြည့်ပါ။ အဲဒီနောက် ၁၉၈၀ ပြည့်နှစ်မှာ ကျွန်တော်တို့ကို ထပ်ဆင့်သင်တန်းတက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ၊ စတာဗဲလိုမြို့ကိုပို့ပေးခဲ့တယ်။ အဲဒီမြို့မှာ ကက်သလစ်တက္ကသိုလ်တစ်ခုကိုလည်း တက်ခဲ့ကြသေးတယ်။
“ပထမတော့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်ရမှာကို ကျွန်တော်တကယ်စိတ်အားထက်သန်ခဲ့တယ်။ တစ်နေ့ကြတော့ နေ့လယ်စာစားခန်းမှာ ကျွန်တော်တို့အုပ်စုရဲ့တာဝန်ခံဘုန်းကြီးက ကျွန်တော့်ကိုပြောစရာရှိလို့ ခဏနေရစ်ခဲ့ပါလို့ပြောတယ်။ သူက ကျွန်တော့်အပေါ် လိင်ဆိုင်ရာစွဲလမ်းမိတယ်လို့ ဘွင်းဘွင်းကြီးပြောလိုက်တော့ ကျွန်တော်ဘယ်လောက်ထိတ်လန့်သွားတယ်ဆိုတာ စဉ်းစားကြည့်ပါ! သူ့ရဲ့ကြိုးပမ်းမှုတွေကို ကျွန်တော်လုံးလုံးငြင်းဆိုနိုင်ခဲ့ပေမဲ့ ကျွန်တော်အကြီးအကျယ်စိတ်ဓာတ်ကျသွားတာပဲ။ အဲဒီအဖြစ်အပျက်အကြောင်းကို မိသားစုဆီစာရေးအကြောင်းကြားပြီး လအနည်းငယ်ကြာတော့ သူတို့သဘောမတူတဲ့ကြားထဲက ကျမ်းစာသင်ကျောင်းကနေ ထွက်ခဲ့တယ်။ ဒါနဲ့ပဲ ရွာထဲမှာနေစရာနေရာရှာပြီး တခြားအတတ်ပညာတစ်ခုကို ကျွန်တော်လေ့လာလိုက်စားတော့တယ်။
“စိန့်မာ့ခ်ကို ကျွန်တော်ပြန်ရောက်တဲ့အခါ ချာ့ခ်ျအပေါ် အယုံအကြည်နည်းနည်းမှမရှိတော့ဘူး။ ဒါပေမဲ့လည်း ဘုရားသခင့်အမှုတော်ကို ကျွန်တော်ဆောင်ချင်တယ်၊ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ဥပုသ်အသင်းချာ့ခ်ျ၊ အဗာနေဇာနှစ်ခြင်းအသင်းချာ့ခ်ျနဲ့ မော်မန်ချာ့ခ်ျတွေကို သွားတက်ခဲ့သေးတယ်။ ဝိညာဉ်ရေးဘက် ကျွန်တော်အတော်လွင့်မျောနေခဲ့တာ။
“အဲဒီနောက် ဘယ်လ်ဂျီယံနိုင်ငံက ကျမ်းစာသင်ကျောင်းတက်နေတုန်း ကရဲမ်ပေါန်ဘာသာပြန်ကျမ်းကို ကျွန်တော်ဖတ်ခဲ့တာ ပြန်သတိရမိတယ်။ အဲဒီထဲမှာ ဘုရားသခင်မှာနာမတော်ရှိတယ်ဆိုတာဖတ်မိတယ်။ ဒါနဲ့ပဲ ဘာသာမှန်ကိုရှာတွေ့အောင် ကူညီပေးပါလို့ ဘုရားသခင့်နာမတော်ကိုသုံးပြီး စိတ်ထက်ထက်သန်သန် ဆုတောင်းလိုက်တယ်။
“သိပ်မကြာခင်မှာ ကျွန်တော့်ရပ်ကွက်ထဲကို ယေဟောဝါသက်သေနှစ်ယောက် ပြောင်းရွှေ့လာတယ်။ သူတို့ဟာ အေးအေးဆေးဆေးနေတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ လေးစားထိုက်သူတွေဖြစ်ကြတယ်။ သူတို့နေပုံထိုင်ပုံကို ကျွန်တော်အတော်အထင်ကြီးလေးစားမိတယ်။ တစ်နေ့ကျတော့ သူတို့ထဲကတစ်ယောက်က ခရစ်တော်ရဲ့သေခြင်း နှစ်ပတ်လည်အောက်မေ့ရာပွဲကိုတက်ဖို့ ကျွန်တော့်ကိုဖိတ်ခေါ်တယ်။ အစည်းအဝေးကို ကျွန်တော်တကယ်နှစ်ခြိုက်ခဲ့ပြီး သက်သေခံတွေနဲ့ ကျမ်းစာမှန်မှန်သင်ဖို့ သဘောတူလက်ခံလိုက်တယ်။ ခြောက်လအတွင်းမှာပဲ ဘုရားသခင့်အမှုတော်ကို နည်းလမ်းမှန်အတိုင်းဆောင်ရွက်ပုံကို ကျွန်တော်ရှာတွေ့ ပြီဆိုတာ သေချာသိခဲ့တယ်။ ၁၉၈၈၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျွန်တော့်ဘဝကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။”
နောက်ဆုံးသော် ဗီနာရ်သည် အချိန်ပြည့်လုပ်ငန်းတော်၌ပါဝင်ခဲ့သည်။ ယနေ့ အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် သူအမှုထမ်းနေပါသည်။ သူ၏ကလေးနှစ်ယောက်နှင့်အတူ သူနှင့် သူ၏ဇနီးသည် အသင်းတော်တွင် ပျော်ရွှင်စွာအမှုထမ်းလျက်ရှိကြသည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကိုဖတ်ရှုခြင်းဖြင့် ဘုရားသခင့်နာမတော်သည် ယေဟောဝါဖြစ်ကြောင်း ဗီနာရ်သိရှိခဲ့