ယုံကြည်ခြင်းသည် ဆင်ခြင်တုံတရားအပေါ် အခြေပြုသင့်သလော
ယုံကြည်ခြင်းသည် ဆင်ခြင်တုံတရားအပေါ် အခြေပြုသင့်သလော
“မိမိတို့၏ဆင်ခြင်တုံတရားကို အသုံးပြုဖို့ ရှောင်ရှားရန်အလို့ငှာ ဘာသာတရား ကိုင်းရှိုင်းလာကြသော ‘ဘာသာရေး’ သမားများစွာရှိသည်” ဟု အမေရိကန်နိုင်ငံမှ ကျမ်းစာကျောင်းတစ်ကျောင်း၏ ကထိကတစ်ဦးကရေးသားခဲ့သည်။ “သူတို့သည် ‘ယုံကြည်မှုဖြင့်သာ’ အရာခပ်သိမ်းကို လက်ခံလိုကြသည်” ဟု သူကထပ်ဆင့်ဆို၏။
ဆိုလိုသည်မှာ ဘာသာရေးခံယူချက်ရှိသည်ဟု ဆိုကြသူအများစုသည် သူတို့ယုံကြည်ရာကို အဘယ်ကြောင့်ယုံကြည်ရကြောင်းနှင့် သူတို့ယုံကြည်ချက်အတွက် အကျိုးသင့်အကြောင်းသင့်ရှိသည့် အခြေခံရှိမရှိကို မစဉ်းစားကြခြင်းဖြစ်သည်။ ထို့ကြောင့် အများက ဘာသာရေးအကြောင်းပြောဆိုရန် တွန့်ဆုတ်နေကြရခြင်းကို အံ့ဩစရာမဟုတ်ပေ။
ဝမ်းနည်းစရာမှာ၊ ဘာသာရေးရုပ်ပုံများအသုံးပြုခြင်းနှင့် ဆုတောင်းချက်များကို အလွတ်ကျက်၍ ထပ်တလဲလဲရွတ်ဆိုခြင်းကဲ့သို့သော အလေ့အကျင့်များကလည်း ကျိုးကြောင်းဆင်ခြင်မှုကို ဟန့်တား၏။ လူသန်းပေါင်းများစွာတို့၏ ဘာသာရေးအတွေ့အကြုံတွင် ထိုအလေ့အကျင့်များနှင့်အတူ စွဲမက်ဖွယ်ကောင်းသော ဗိသုကာလက်ရာများ၊ အသေးစိတ်မွမ်းမံထားသော ရောင်စုံမှန်ကွက်ပြတင်းပေါက်များနှင့် စိတ်အာရုံကိုဖမ်းစားနိုင်သောတေးသံတို့သာရှိကြောင်း ထင်ရှားသည်။ ချာ့ခ်ျအချို့၏ယုံကြည်ခြင်းသည် သမ္မာကျမ်းစာအပေါ် အခြေပြုသည်ဟုဆိုကြသော်လည်း ‘ယေရှုကိုယုံလျှင် ကယ်တင်ခြင်းရမည်’ ဟူသည့် သူတို့၏အဆိုက သမ္မာကျမ်းစာလေ့လာခြင်းကို အလေးအနက်သဘောမထားစေပါ။ အခြားသူများကမူ လူမှုရေးဆိုင်ရာ၊ သို့မဟုတ် နိုင်ငံရေးဆိုင်ရာသတင်းကောင်းကို ဟောပြောလိုကြသည်။ ဤအရာအားလုံးတို့၏ရလဒ်ကား အဘယ်နည်း။
မြောက်အမေရိက၏ အခြေအနေနှင့်စပ်လျဉ်း၍ ဘာသာရေးစာရေးဆရာတစ်ဦးက ဤသို့ဆိုခဲ့သည်– “ခရစ်ယာန်ဘာသာသည် အပေါ်ယံမျှသာဖြစ်လာပြီး ၎င်း၏နောက်လိုက်များမှာ ယုံကြည်မှုမရှိလှပေ။” လူထုဆန္ဒကောက်ခံသူတစ်ဦးက အမေရိကန်နိုင်ငံကို “ကျမ်းစာပညာမရှိသောနိုင်ငံတစ်နိုင်ငံ” အဖြစ် ဖော်ပြခဲ့ရသည်အထိပင်ဖြစ်၏။ မျှတမှုရှိရန် ဤထင်မြင်ချက်များသည် ခရစ်ယာန်အယူဝါဒလွှမ်းမိုးသည့် အခြားနိုင်ငံများနှင့်လည်းသက်ဆိုင်သည်ဟုဆိုရပေမည်။ အလားတူ ခရစ်ယာန်မဟုတ်သည့် ဘာသာတရားများစွာကလည်း ကျိုးကြောင်းဆင်ခြင်မှုကို အားမပေးဘဲ ယင်းအစား ကျိုးကြောင်းဆီလျော်စွာတည်ဆောက်ပေးသော စဉ်းစားတွေးတောမှုထက် တတွတ်တွတ်ရွတ်ဆိုခြင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနား ဆုတောင်းချက်များဆိုခြင်းနှင့် နက်နဲရာဝါဒနှင့်ဆိုင်သော တရားထိုင်ခြင်းပုံစံအမျိုးမျိုးတို့ကို ပို၍အလေးထားကြသည်။
သို့တိုင်၊ မိမိတို့၏ ဘာသာရေးခံယူချက်များ၏ တိကျမှန်ကန်မှုကို အလေးမထားသည့် ဤသူတို့ပင် သူတို့၏နေ့စဉ်ဘဝအသက်တာ၌ အခြားအရေးကိစ္စများကိုကား စေ့စေ့စပ်စပ် စဉ်းစားသုံးသပ်လေ့ရှိကြ၏။ တစ်နေ့သောအခါ အစုတ်ပုံဖြစ်သွားမည့်ကားတစ်စီးကို ဝယ်ယူရန် ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာမှုပြုသူတစ်ဦးက သူ၏ဘာသာတရားနှင့်စပ်လျဉ်း၍ ‘ကျွန်ုပ်၏မိဘများ ကျေနပ်တဲ့ဘာသာတရားကို ကျွန်ုပ်လည်း ကျေနပ်ပါတယ်’ ဟုပြောဆိုခြင်းသည် သင့်အတွက် တထူးတဆန်းမဖြစ်ပေလော။
ဘုရားသခင့်စိတ်တော်နှင့် ကျွန်ုပ်တို့အမှန်တကယ်တွေ့လိုလျှင် ကိုယ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ခံယူချက်သည် တိကျမှန်ကန်မှုရှိမရှိ အလေးအနက် မသုံးသပ်ကြည့်သင့်ပေလော။ “မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည့်” မိမိအချိန်က ဘာသာရေးကိုင်းရှိုင်းသူအချို့အကြောင်း တမန်တော်ပေါလုပြောဆိုခဲ့သည်။ (ရောမ ၁၀:၂) ထိုကဲ့သို့သောသူများအား အိမ်တစ်လုံးကိုကြိုးစား၍ဆေးသုတ်သော်လည်း ပိုင်ရှင်၏ညွှန်ကြားချက်ကို ဂရုတစိုက်နားမထောင်သောကြောင့် အရောင်မှားသုတ်မိသည့် ဆေးသုတ်သမားတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုဆေးသုတ်သမားသည် မိမိလက်ရာ ကို ကျေနပ်ကောင်းကျေနပ်မည်ဖြစ်သော်လည်း ပိုင်ရှင်လက်သင့်ခံနိုင်ပါမည်လော။
စစ်မှန်သည့်ဝတ်ပြုရေးနှင့်ပတ်သက်၍ ဘုရားသခင်လက်သင့်ခံနိုင်ဖွယ်ရာကား အဘယ်အရာဖြစ်သနည်း။ သမ္မာကျမ်းစာက ဤသို့ဖြေဆိုသည်– “ထိုသို့သောအမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်းဖြစ်၏။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [“တိကျမှန်ကန်သော အမှန်တရားအသိပညာ၊” ကဘ] ကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။” (၁ တိမောသေ ၂:၃၊ ၄) ယနေ့ ဘာသာတရားမြောက်မြားစွာတွင် ထိုကဲ့သို့သော အသိပညာကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ဟု အချို့ကယူဆပေမည်။ သို့သော် စဉ်းစားကြည့်ပါ၊ ဘုရားသခင့်အလိုတော်သည် တိကျမှန်ကန်သော အမှန်တရားအသိပညာကို လူတို့အား သိရှိစေလိုလျှင် ကိုယ်တော်သည် ၎င်းကို သူတို့ထံမှ မတရားဖုံးကွယ်ထားပါမည်လော။ သမ္မာကျမ်းစာက “[ဘုရားသခင်] ကိုရှာလျှင် အတွေ့ခံတော်မူမည်” ဟုဆိုထားသောကြောင့် ထိုသို့မဟုတ်ပေ။—၁ ရာဇဝင်ချုပ် ၂၈:၉။
ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ရှာဖွေသူတို့အား ကိုယ်တော်တိုင် မည်သို့သိရှိစေတော်မူသနည်း။ နောက်ဆောင်းပါးက ဖြေဆိုပေးပါလိမ့်မည်။