မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်စိတ်နှလုံးဖြင့် ဘုရားသခင်ကိုရှာလော့

သင့်စိတ်နှလုံးဖြင့် ဘုရားသခင်ကိုရှာလော့

သင့်​စိတ်နှလုံး​ဖြင့် ဘုရားသခင်​ကို​ရှာ​လော့

စစ်မှန်သော ခရစ်ယာန်​ဘာသာသည် ဘုရားသခင်​နှစ်သက် လက်ခံ​နိုင်​သည့် ယုံကြည်ခြင်းကို တည်ဆောက်​ပေး​ရာ​တွင် စိတ်နှလုံး​ကို​အသုံးပြု​ဖို့ အားပေး​တိုက်တွန်း​၏။

အမှန်​ဆို​ရ​လျှင် ခရစ်ယာန်​ဘာသာ​ကို​စ​တည်ထောင်သူ ယေရှု​ခရစ်​က ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို “နှလုံး​အကြွင်းမဲ့” နှင့် “ဝိညာဉ်​စိုးလ်​တစ်ခုလုံး” ဖြင့်​ချစ်​ရမည့်​အပြင် ကျွန်ုပ်​တို့၏ “စိတ်​ရှိသမျှ၊” သို့​မဟုတ် ဉာဏ်စွမ်း​တို့​ဖြင့် ချစ်​ရမည်ဟု သွန်သင်​တော်​မူ​ခဲ့​၏။ (မဿဲ ၂၂:၃၇က​ဘ) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ဝတ်ပြုရေးတွင် ကျွန်ုပ်​တို့၏​စိတ်​သတ္တိ​များသည် အဓိက​ကဏ္ဍ​မှ​ပါဝင်​ရမည်။

ယေရှုသည် မိမိ၏​သွန်သင်ချက်​ကို ဆင်ခြင်​သုံးသပ်ရန် တရား​နာ​သူများ​အား ဖိတ်ခေါ်​ရာ​တွင် “အဘယ်​သို့​ထင်​သနည်း” ဟု မေးလေ့​ရှိ​တော်​မူ​၏။ (မဿဲ ၁၇:၂၅; ၁၈:၁၂; ၂၁:၂၈; ၂၂:၄၂) ထို​နည်း​ထပ်တူ တမန်​တော်​ပေတရု​က​လည်း ယုံကြည်သူချင်း​များ​၏ ‘ကြည်ဖြူ​သော​စိတ်​ဝိညာဉ် [“ကြည်လင်​သော​စိတ်၊” က​ဘ] ကို သတိပေး​နှိုးဆော်’ ရန် စာရေး​ခဲ့​၏။ (၂ ပေတရု ၃:၁၊ ၂) ခရီး​အကျယ်ပြန့်ဆုံး​လှည့်လည်​ခဲ့​သော အစောပိုင်းက ခရစ်ယာန်​သာသနာပြု​သူ တမန်​တော်​ပေါလု​သည် ခရစ်ယာန်​များ​အား သူတို့၏ “ဆင်ခြင်​နိုင်စွမ်း” ကို​အသုံးပြုရန်​နှင့် “ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို [ကိုယ်တိုင်] သိစေ” ရန် တိုက်တွန်း​နှိုးဆော်​ခဲ့​၏။ (ရောမ ၁၂:၁၊ ၂က​ဘ) မိမိတို့၏​ယုံကြည်ချက်များ​ကို ထို​ကဲ့သို့​စေ့စပ်​သေချာ​စွာ သုံးသပ်​ဆင်ခြင်​မှ​သာ ဘုရားသခင်​၏​အလိုတော်နှင့်​တွေ့​ပြီး ဘဝတွင်​ပေါ်ပေါက်​လာ​သည့် စမ်းသပ်မှု​များ​ကို​ယှဉ်​နိုင်​သည့် ယုံကြည်ခြင်း​မျိုး ခရစ်ယာန်​များ​တည်ဆောက်​နိုင်​မည်​ဖြစ်သည်။—ဟေဗြဲ ၁၁:၁၊ ၆

ထို​ကဲ့သို့​သော​ယုံကြည်ခြင်း​မျိုးကို အခြားသူများ​လည်း တည်ဆောက်​နိုင်​ကြ​စေရန် အစောပိုင်း ခရစ်ယာန်​ဧဝံဂေလိတရား​ဟောပြောသူများ​သည် “ကျမ်းစာ​ကို​အမှီပြု၍ ထို​သူတို့နှင့်​ဆွေးနွေး​နှီးနှော” ခဲ့​ကြသည်။ (တမန်​တော် ၁၇:၁-၃) ထိုသို့​အကျိုးသင့်အကြောင်းသင့်​ရှိ​ရှိ ကိုင်တွယ်​ခဲ့​ခြင်း​ကြောင့် စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သည် ကောင်းစွာ​တုံ့ပြန်​ခဲ့​ကြ​လေ​သည်။ ဥပမာ၊ မက်ဆီဒိုးနီးယား​ခရိုင်​ရှိ ဗေရိ​မြို့သား​အချို့​တို့သည် “အလွန်​ကြည်ညို​သော​စေတနာ​စိတ်​နှင့် [နှုတ်မြွက်​စကားတော်] ကို​ခံ​ယူ၍ [ပေါလု​နှင့်​သူ၏​အပေါင်းအဖော်​တို့ ရှင်းပြ​ရာ​များ] မှန်သည်​မမှန်​သည်ကို သိခြင်း​ငှာ၊ ကျမ်းစာ​ကို နေ့တိုင်း​အစဉ်​စေ့စေ့​ကြည့်ရှု​ကြ​၏။” (တမန်​တော် ၁၇:၁၁) ဤ​ကျမ်းချက်​တွင် သတိပြုသင့်​ရာ​နှစ်ခု​ရှိ၏။ ပထမ​မှာ၊ ဗေရိ​မြို့သား​များသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကြားနာရန် စိတ်​ပြင်းပြ​ကြသည်; ဒုတိယ​မှာ၊ သူတို့​ကြားသိ​ခဲ့​ရာ​များ မှန်ကန်​သည်​ဟု ဇွတ်​မှိတ်​မယူမှတ်​ကြ​ဘဲ စိတ်ချ​ရအောင် ကျမ်းစာ​တွင်​ပြန်၍​ကြည့်ရှု​စစ်ဆေး​ခဲ့​ကြသည်။ ခရစ်ယာန်​သာသနာပြု​လုကာ​က​လည်း ထိုသို့​ပြုသော ဗေရိ​မြို့သား​များ​အား “အလွန်​ကြည်ညို​သော​စေတနာ​စိတ်” ရှိ​သူများ​ဖြစ်၏​ဟု​ဆို​ကာ တလေးတစား ချီးမွမ်း​ခဲ့​၏။ အသင်​လည်း ဝိညာဉ်​ရေးရာ​များ​ကို စဉ်းစား​ဆင်ခြင်​သည့်​အခါ ထို​ကဲ့သို့​သော အလွန်​ကြည်ညို​သည့်​စေတနာ​စိတ်​တင်ပြ​ပါသလော။

စိတ်​နှင့်​နှလုံး​ပူးပေါင်း​ဆောင်ရွက်

အစောပိုင်း​တွင် ဖော်ပြ​ခဲ့​သည့်​အတိုင်း စစ်မှန်သော​ဝတ်ပြုရေးတွင် စိတ်ရော​နှလုံး​ပါ ပါဝင်​ပတ်သက်​၏။ (မာကု ၁၂:၃၀) ရှေ့​ဆောင်းပါး​တွင်​ပါ​သည့် အိမ်ကို​အရောင်​မှား​ပြီး​ဆေးသုတ်​မိ​သော ဆေးသုတ်​သ​မား​ပုံ​ဥပမာ​ကို ပြန်​သုံးသပ်ကြည့်​ပါ။ အကယ်၍ သူသည် မိမိ​အလုပ်ရှင်​၏ ညွှန်ကြားချက်​ကို ဂရုတစိုက် နားထောင်​ခဲ့​မည်​ဆိုပါ​က သူ့​အလုပ်ကို စိတ်ရောကိုယ်ပါ​နှစ်မြှုပ်​လုပ်ကိုင်​နိုင်​ပြီး ပိုင်ရှင်​၏​မျက်နှာသာ​ကိုလည်း​ရရှိ​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပေမည်။ ကျွန်ုပ်​တို့၏​ဝတ်ပြုရေး​နှင့်​ပတ်သက်​၍​လည်း အလားတူ​ပင်​ဖြစ်၏။

ယေရှု​က “စစ်မှန်​စွာ​ဝတ်ပြုသူ​တို့သည် ခမည်းတော်​ကို​စိတ်ဖြင့်​လည်းကောင်း၊ သမ္မာတရား​ဖြင့်​လည်းကောင်း ဝတ်ပြု​ကြလိမ့်မည်” ဟု​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၄:၂၃က​ဘ) ထို့​ကြောင့်၊ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​လေ​သည်– “ထို​အကြောင်းကြောင့်၊ ငါ​တို့သည် . . . သင်တို့​အတွက်​မပြတ်​ဆုတောင်း​သည်​မှာ ဝိညာဉ်​ရေး​သိနားလည်မှု၊ ဉာဏ်ပညာ​အမျိုးမျိုးနှင့် ဝိညာဉ်​ရေး​ဉာဏ်​ဖြင့် အလိုတော်ကို သိကျွမ်းခြင်း​ပညာ​မှန်​နှင့်​ပြည့်စုံ​၍ . . . ယေဟောဝါ​အား​ချီးမွမ်းဖွယ်​ဖြစ်စေ​ခြင်း​နှင့်​တကွ လျှောက်လှမ်း​ပြီး ကိုယ်တော်​အား အစွမ်းကုန်​နှစ်သက်မှု​ဖြစ်စေ​ပါ။” (ကောလောသဲ ၁:၉၊ ၁၀က​ဘ) ထို​ကဲ့သို့​သော “တိကျ​မှန်ကန်​သည့်​အသိပညာ” သည် စိတ်​ရိုး​မှန်​သူများကို မိမိတို့၏​ဝတ်ပြုရေးတွင် ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် စိတ်ရောကိုယ်ပါ​နှစ်မြှုပ်​ထား​စေနိုင်​သည်၊ အကြောင်း​မှာ “[သူတို့] သိ​သော​အရာ​ကို ဝတ်ပြု” ကြသော​ကြောင့်​ဖြစ်၏။—ယောဟန် ၄:၂၂

ဤ​အကြောင်း​များ​ကြောင့်၊ ယေဟောဝါသက်သေ​များသည် ကလေး​သူငယ်​များ သို့​မဟုတ် သမ္မာကျမ်းစာ​ကို ဂရုတစိုက် မ​လေ့လာ​ထား​သည့် စိတ်ဝင်စားသူ​လူသစ်များ​ကို နှစ်ခြင်း​မပေး​ကြ​ချေ။ ယေရှု​က မိမိ၏​နောက်တော်လိုက်​များ​အား ဤသို့​တာဝန်​ပေး​ခဲ့​သည်– “လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် . . . ငါသည် သင်တို့အား​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ပေး​ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ဘုရားသခင့်​အလိုတော်နှင့်​ဆိုင်​သည့် တိကျ​မှန်ကန်သော​အသိပညာ​မှန်​ရရှိ​ထားပြီး​နောက်​မှ​သာ စိတ်​ရိုး​မှန်သော​ကျမ်းစာ​ကျောင်းသား​များသည် ဝတ်ပြုရေး​နှင့်​ပတ်သက်​၍ အသိတရား​ရှိ​ရှိ​ဆုံးဖြတ်ချက်​ချ​နိုင်​မည်​ဖြစ်၏။ ထို​ကဲ့သို့​သော တိကျ​မှန်ကန်​သည့်​အသိပညာကို​ရရှိရန် အသင်​ကြိုးစား​နေပါသလော။

သခင့်​ဆုတောင်းချက်​ကို သိ​နားလည်ခြင်း

တိကျ​မှန်ကန်​သည့် သမ္မာကျမ်းစာ​အသိပညာ​ရှိ​ခြင်း​နှင့် ကျမ်းစာ​ကို အနည်းငယ်​မျှ​သိခြင်း​တို့၏ ကွာခြားမှု​ကို​သိမြင်​ရန် မဿဲ ၆:၉-၁၃ တွင် မှတ်တမ်း​တင်ထား​သည့် အများ​ခေါ်ဆို​ကြသော အကျွန်ုပ်​တို့၏​အဘ သို့​မဟုတ် သခင့်​ဆုတောင်းချက်​ကို သုံးသပ်ကြည့်​ကြပါစို့။

ယေရှု၏​စံပြ​ဆုတောင်းချက်​ကို ချာ့ခ်ျ​တွင် လူ​သန်းပေါင်း​များစွာ ပုံမှန်​ရွတ်ဆို​ကြသည်။ သို့သော် ၎င်း​၏​အဓိပ္ပာယ်၊ အထူးသဖြင့် ဘုရားသခင့်​နာမတော်၊ နိုင်ငံတော်​နှင့်​ပတ်သက်​သည့် ဆုတောင်းချက်​၏​ပထမ​အပိုင်း​ကို လူပေါင်း​မည်မျှ​သွန်သင်ခံ​ခဲ့​ရပြီ​နည်း။ ထို​အကြောင်းအရာများ​သည် အလွန်​ပင်​အရေးကြီးသော​ကြောင့် ဆုတောင်းချက်​၏​အစပိုင်း​တွင် ယေရှု​ဖော်ပြ​ခဲ့​ရခြင်း​ဖြစ်၏။

ဆုတောင်းချက်​က​ဤသို့​စတင်​သည်– “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့၏​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။” ဘုရားသခင့်​နာမတော်​ကို ရိုသေ​လေးမြတ်​ကြ​ရန် ဆုတောင်း​ဖို့ ယေရှု​မိန့်တော်မူ​ခဲ့​ကြောင်း သတိပြုပါ။ လူအများ​အတွက် ၎င်း​က အနည်းဆုံး မေးခွန်း​နှစ်ခု​ပေါ်ပေါက်​စေပြီး ၎င်းတို့မှာ ပထမ၊ ဘုရားသခင့်​နာမတော်​ကား အဘယ်နည်း​ဖြစ်၍ ဒုတိယ​မှာ ယင်းကို အဘယ်ကြောင့်​ရိုသေ​လေးမြတ်​ဖို့ လိုအပ်​ရသနည်း​ဖြစ်၏။

ပထမ​မေးခွန်း​အတွက်​အဖြေကို မူရင်း​ဘာသာ​စကား​များ​ဖြင့် ရေးသား​ထားသော သမ္မာကျမ်းစာ​တွင် နေရာ​ပေါင်း ၇,၀၀၀ ကျော်​၌ တွေ့ရှိ​နိုင်​ပေ​သည်။ တစ်​နေရာမှာ ဆာလံ ၈၃:၁၈ ၌​ဖြစ်သည်– “[“ယေဟောဝါ၊” က​ဘ] ဟူ၍​နာမတော်​ရှိသော ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော​ဘုရား[သခင်]ဖြစ်​တော်​မူ​ကြောင်းကို သိကြပါစေ​သော။” ယေဟောဝါ​ဟူသော ဘုရားသခင့်​နာမတော်​နှင့်​စပ်လျဉ်း၍ ထွက်မြောက်ရာ ၃:၁၅ က​ဤသို့​ဆို​သည်– “ထို​အမည်​သည် အစဉ်​ငါ့​အမည်​ဖြစ်၏။ လူမျိုး​အစဉ်အဆက်​မပြတ် ငါ့​ဘွဲ့​နာမ​ဖြစ်၏။” * သို့သော် စင်ကြယ်​သန့်ရှင်းမှု​၏ ပြယုဂ်​ဖြစ်​တော်​မူ​သော ဘုရားသခင့်​နာမတော်​ကို အဘယ်ကြောင့်​ရိုသေ​လေးမြတ်​ဖို့ လိုအပ်​လာ​သနည်း။ အကြောင်း​မှာ ထို​နာမတော်​သည် လူ့​သမိုင်းအစ​ကတည်းက အပုပ်ချ​ပြစ်တင်​ခံ​ခဲ့​ရသော​ကြောင့်​ဖြစ်၏။

ဘုရားသခင်​သည် အာဒံ​နှင့်​ဧဝ​တို့အား တားမြစ်​ထားသော​အသီးကို​စား​ပါ​က သေရ​မည်​ဟု ဧဒင်ဥယျာဉ်​၌ မိန့်တော်မူ​ခဲ့​၏။ (ကမ္ဘာဦး ၂:၁၇) စာတန်​သည် ဧဝ​အား “သင်တို့သည် ဧကန်​အမှန်​သေရ​မည်​မဟုတ်” ဟု​ပြောဆို​လျက် ဘုရားသခင်​အား ပြောင်ပြောင်တင်းတင်း ဆန့်ကျင်​ပြောဆို​ခဲ့​သည်။ သို့ဖြင့် ဘုရားသခင်​အား စာတန်​က မုသား​သုံး​သူ​ဟူ၍ စွပ်စွဲ​ခဲ့​သည်။ သို့​တိုင်၊ ထိုသို့​နှင့် သူ,မရပ်တန့်​ခဲ့​ချေ။ ဘုရားသခင်​သည် အဖိုးတန်​အသိပညာကို ဧဝ​အားမပေး​ဘဲ မတရား​သဖြင့်​ထိန်ချန်​ထား​သည်​ဟု သူ့ကို​ပြောဆို​လျက် ဘုရားသခင့်​နာမတော်​ကို ထပ်၍​ရှုတ်ချခဲ့​သည်။ “အကြောင်း​မူ​ကား ထို [ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​မှ] အသီးကို​စား​သော​နေ့၌ သင်တို့သည်​မျက်စိပွင့်​လင်း​လျက် ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့​ဖြစ်​ကြ​လတ္တံ့​သည်ကို ဘုရားသခင်​သိတော်မူ​သည်။” သားပုပ်လေလွင့်​ပြောဆိုမှု အမှန်​ပါ​တကား!—ကမ္ဘာဦး ၃:၄၊ ၅

အာဒံ​နှင့်​ဧဝ​တို့သည် တားမြစ်​ထားသော​အသီးကို ယူ​စား​လိုက်ခြင်း​အားဖြင့် စာတန်​ဘက်​ရပ်တည်ခဲ့​ကြသည်။ ထို​အချိန်​မှ​စ၍ လူသား​အများစု​သည် သိ​လျက်​နှင့်​ဖြစ်စေ၊ မသိဘဲ​နှင့်​ဖြစ်စေ ဘုရားသခင့်​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို ငြင်းပယ်​ခြင်း​အားဖြင့် ထို​မူလ​ရှုတ်ချမှု​ကို တိုးများ​စေ​ခဲ့​ကြ​၏။ (၁ ယောဟန် ၅:၁၉) လူတို့သည် မိမိတို့၏ မကောင်းသော​အကျင့်​များ​ကြောင့် ဝေဒနာ​ခံရ​သည့်​တိုင် မိမိတို့၏​ဆင်းရဲခြင်း​ဝေဒနာ​များသည် ဘုရားသခင်​ကြောင့်​ဖြစ်၏​ဟု ကိုယ်တော်​အား​အပြစ်​ဖို့​ခြင်း​အားဖြင့် ဘုရားသခင်​ကို​အပုပ်ချ​ပြောဆို​နေဆဲ​ပင်။ “လူတစ်ဦး​၏​မိုက်မဲမှု​က သူ၏​ဘဝကို​ပျက်စီး​စေ​၍ စိတ်​ထဲမှာ ဘုရားသခင်​ကို​မကျေမနပ်​ဖြစ်တတ်​သည်” ဟု နယပုံပြင် ၁၉:၃ က​ဆို​၏။ (အင်္ဂလိပ်​ကျမ်းစာ​သစ်) ခမည်းတော်​ကို အမှန်စင်စစ်​ချစ်​မြတ်နိုးသော​ယေရှုသည် ကိုယ်တော့်​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော​ဟု အဘယ်ကြောင့်​ဆုတောင်း​ခဲ့​ရ​ကြောင်းကို သင်​သဘောပေါက်​ပါသလော။

“နိုင်ငံတော်​လာပါစေ”

ဘုရားသခင့်​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော​ဟု ဆုတောင်း​ပြီး​နောက် ယေရှု​က “နိုင်ငံတော်​လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ” ဟု​မိန့်ဆို​တော်​မူ​ခဲ့​သည်။ (မဿဲ ၆:၁၀က​ဘ) ထို​ကျမ်းပိုဒ်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ဤသို့​မေး​ပေမည်– ‘ဘုရားသခင့်​နိုင်ငံတော်​ကား အဘယ်နည်း။ ၎င်း​ရောက်ရှိ​လာ​ခြင်း​က ဘုရားသခင့်​အလိုတော် မြေကြီး​ပေါ်မှာ​ပြည့်စုံခြင်း​နှင့် မည်သို့​ဆက်စပ်​သနည်း။’

သမ္မာကျမ်းစာ​တွင် “နိုင်ငံတော်” ဟူ​သည့်​စကားလုံး​သည် အခြေခံ​အားဖြင့် “ဘုရင်​တစ်ပါး​အုပ်ချုပ်​သည့်​အာဏာ” ကို​ဆိုလို​သည်။ ထို့​ကြောင့် ဆင်ခြင်တုံ​တရား​အရ ဘုရားသခင့်​နိုင်ငံတော်​သည် ဘုရားသခင်​ရွေးချယ်​သည့်​ဘုရင်​တစ်ပါး အုပ်ချုပ်​သော​အုပ်ချုပ်မှု သို့​မဟုတ် အစိုးရ​ကို ရည်ညွှန်း​ပေမည်။ ဤ​ရှင်ဘုရင်​သည် ရှင်ပြန်ထမြောက်​လာ​ခဲ့​သည့် “ဘုရင်​တို့၏​ဘုရင်၊ သခင်​တို့၏​သခင်” ယေရှု​ခရစ်​ပင်​ဖြစ်၏။ (ဗျာဒိတ် ၁၉:၁၆; ဒံယေလ ၇:၁၃၊ ၁၄) ယေရှု​ခရစ်​၏​လက်ထဲ​ရှိ ဘုရားသခင့်​မေရှိယနိုင်ငံတော်​နှင့်​စပ်လျဉ်း၍ ပရောဖက်​ဒံယေလ​က ဤသို့​ရေးသားခဲ့​သည်– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော​နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ [လက်ရှိ​အုပ်ချုပ်​နေသည့် လူ့​အစိုးရ​များ] လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှ​တို့ကို​ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။”—ဒံယေလ ၂:၄၅

မှန်ပါသည်၊ ဘုရားသခင့်​နိုင်ငံတော်​သည် ဆိုးယုတ်မှု​မှန်သမျှကို ဖျက်ဆီး​ပစ်​ကာ ကမ္ဘာ​မြေကြီးကို အပြည့်အဝ​ထိန်းချုပ်​ပြီး “အစဉ်အမြဲ” ထာဝရ​အုပ်ချုပ်​သွား​လိမ့်​မည်။ ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် ယေဟောဝါ​သည် မိမိ၏​နာမတော်​ကို သန့်ရှင်း​စင်ကြယ်​စေတော်မူ​ပြီး စာတန်​နှင့် ဆိုးသွမ်း​သော​လူသားများ​၏ လိမ်ညာ​ရှုတ်ချ​ပြောဆိုမှု​မှန်သမျှကို ရှင်းလင်း​တိုက်ထုတ်​လိုက်​မည်​ဖြစ်၏။—ယေဇကျေလ ၃၆:၂၃သမ္မာ။

အစိုးရ​အားလုံး​နည်းတူ ဘုရားသခင့်​နိုင်ငံတော်​တွင် လက်အောက်ခံ​ပြည်သူ​များ​ရှိ၏။ အဘယ်သူ​များ​နည်း။ သမ္မာကျမ်းစာ​က ဤသို့​ဖြေဆို​၏– “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အပိုင်ရ​၍ များပြား​သော​ငြိမ်သက်ခြင်း​ချမ်းသာ​၌ မွေ့ပျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁က​ဘ) အလားတူ ယေရှုကလည်း “စိတ်​နူးညံ့​သိမ်မွေ့​သော​သူတို့သည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ပြည်တော် [“မြေကြီး၊” က​ဘ] ကို​အမွေခံ​ရ​ကြ​လတ္တံ့” ဟု​မိန့်တော်မူ​ခဲ့​သည်။ အသက်ရှင်​ရန် တောင်းဆိုချက်​တစ်ခု​ဖြစ်သည့် ဘုရားသခင်​၏​တိကျ​မှန်ကန်သော​အသိပညာ ဤသူတို့​တွင် အမှန်​ရှိ၏။—မဿဲ ၅:၅; ယောဟန် ၁၇:၃

ဘုရားသခင်​ကို အမှန်တကယ်​ချစ်​မြတ်နိုး​ပြီး တစ်ဦး​ကို​တစ်ဦး​ချစ်ခင်​ကြ​သည့် စိတ်​နူးညံ့​သိမ်မွေ့​သော​လူ​တို့​ဖြင့် ကမ္ဘာ​မြေ​တစ်ခုလုံး​ပြည့်နေ​ခြင်း​ကို အသင်​စိတ်ကူး​၍​မြင်နိုင်​ပါသလော။ (၁ ယောဟန် ၄:၇၊ ၈) ယေရှု​က “နိုင်ငံတော်​လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ” ဟု​မိန့်ဆို​စဉ် ထိုသို့​ဖြစ်စေ​ရန် တောင်းလျှောက်​ခဲ့​ခြင်း​ပင်​ဖြစ်၏။ ကိုယ်တော်​သည် ထို​နည်းလမ်း​အတိုင်း ဆုတောင်း​ကြ​ရန် မိမိ၏​နောက်လိုက်​များ​အား အဘယ်ကြောင့်​သွန်သင်​တော်​မူ​ခဲ့​ရ​ကြောင်း အသင်​သဘောပေါက်​ပါသလော။ ထို​ထက်​အရေးကြီး​သည်​ကား၊ ထို​ဆုတောင်းချက်​၏​ပြည့်စုံမှု​သည် သင့်အတွက် အဘယ်​အကျိုး​ရှိကြောင်း သဘောပေါက်​ပါသလော။

ယခု လူ​သန်းပေါင်း​များစွာ ကျမ်းစာ​ကို​ကျိုးကြောင်း​ဆင်ခြင်​နေကြ

ဘုရားသခင်​၏​လာ​လတ္တံ့​သော​နိုင်ငံတော်​ကို ကြေညာ​ကြ​မည့် ကမ္ဘာချီ​ဝိညာဉ်​ရေး​ပညာပေး​ကင်ပိန်း​တစ်ခု​ကို ယေရှု​တင်ကူး​မိန့်မြွက်​ခဲ့​သည်။ “လူမျိုးအပေါင်း​တို့အား​သက်သေ​ဖြစ်​မည်​အကြောင်း [ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို လောကီ [က]နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ [လက်ရှိ​လောက သို့​မဟုတ် စနစ်​၏] အဆုံး​သည်​ဖြစ်လတ္တံ့” ဟု​ကိုယ်တော်​မိန့်ဆို​တော်​မူ​ခဲ့​၏။—မဿဲ ၂၄:၁၄

ကမ္ဘာ​နှင့်​အ​ဝန်း ခြောက်​သန်း​ခန့်​ရှိသော ယေဟောဝါသက်သေ​များသည် ထို​သတင်းကောင်းကို မိမိတို့၏​အိမ်နီးချင်း​များ​အား ဟောပြောလျက်​ရှိ၏။ သင်၏​ဆင်ခြင်​နိုင်စွမ်း​ကို​အသုံးပြု၍ “ကျမ်းစာ​ကို စေ့စေ့​မြေ့​မြေ့​စူးစမ်း​လေ့လာခြင်း” အားဖြင့် ဘုရားသခင်​နှင့် ကိုယ်တော့်​နိုင်ငံတော်​အကြောင်း ပို​၍​သင်ယူ​သိရှိ​ရန် သင့်​အား​သူတို့​ဖိတ်ခေါ်ပါ​သည်။ ထိုသို့​ပြုလုပ်ခြင်း​အားဖြင့် သင်၏​ယုံကြည်ခြင်း ခိုင်ခံ့​လာပြီး “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့ . . . ထာဝရ​ဘုရား [ယေဟောဝါ] ကို သိကျွမ်းခြင်း​ပညာ​နှင့်​ပြည့်စုံ” မည့် ပရဒိသု​မြေကြီးပေါ် အသက်ရှင်​နိုင်​သည့်​မျှော်လင့်ချက်​ဖြင့် သင့်​မျက်လုံး​များ ရွှန်းလဲ့​တောက်ပ​နေ​ပေ​လိမ့်​မည်။—ဟေရှာယ ၁၁:၆-၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 အချို့​ပညာရှင်​များ​က “ယေဟောဝါ” အစား “ယာ​ဝေး” ဟု ဘာသာပြန်ခြင်း​ကို နှစ်သက်​ကြ​၏။ သို့ရာတွင်၊ ခေတ်​သစ်​သမ္မာကျမ်းစာ​ပြန်ဆိုသူ​အများစု​သည် သူတို့၏​ဘာသာပြန်​ကျမ်း​များ​မှ ဘုရားသခင့်​နာမတော်​ကို ဖယ်ရှားပစ်​ကာ “သခင်” သို့​မဟုတ် “ဘုရားသခင်” ဟူ​သည့် သာမန်​ဂုဏ်ပုဒ်​များ​ဖြင့် အစားထိုး​ထား​သည်။ ဘုရားသခင့်​နာမတော်​အကြောင်း ခရေစေ့​တွင်း​ကျ​ဆွေးနွေးမှု​အတွက် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ထာဝစဉ်​တည်တံ့​သွား​မည့် မြင့်မြတ်​သော​နာမတော်​ဘရိုရှာ​ကို ကျေးဇူးပြု​၍​ရှု​ပါ။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ကြီးမြတ်သော​ဆရာ​ကို အတုယူ​လော့

ယေရှုသည် ကျမ်းစာ​အကြောင်း​တစ်ခုခု​ကို အဓိက​အာရုံစိုက်​ပြီး သွန်သင်လေ့​ရှိ၏။ ဥပမာ၊ယေရှု၏​သေခြင်းနှင့်​ပတ်သက်​၍ ဇဝေဇဝါ​ဖြစ်နေ​ကြသော တပည့်တော်​နှစ်ဦး​အား ဘုရားသခင့်​ရည်ရွယ်တော်မူချက်တွင် မိမိ၏​ကဏ္ဍ​အကြောင်းကို ကိုယ်တော်ရှင်​ပြန်ထ​မြောက်ပြီး​နောက် ရှင်းပြ​တော်​မူ​ခဲ့​၏။ လုကာ ၂၄:၂၇ က​ဤသို့​ဆို​၏– “မောရှေ၏​ကျမ်းစာ​မှ​စ၍ ပရောဖက်​တို့၏​ကျမ်းစာ​များ​၌ ကိုယ်တော်​ကို​ရည်​မှတ်၍ ရေးထားသမျှ​သော​ကျမ်းစာ​ချက်​အနက်​ကို ရှင်းလင်းစွာ​ဖော်ပြ​တော်​မူ​၏။”

ယေရှုသည် မေရှိယ​ဖြစ်သူ “ကိုယ်တော်တိုင်” အကြောင်းကို သတ်သတ်မှတ်မှတ်​ရွေးချယ်​ပြီး “ကျမ်းစာ​များ” ကို ကိုးကား​ဆွေးနွေး​ခဲ့​ကြောင်း သတိပြုပါ။ တစ်နည်း​အားဖြင့်​ဆိုလျှင် ယေရှုသည် ဆက်စပ်​နေသော​ကျမ်းချက်​များ​ကို ဉာဏ်​စမ်း​ကစားစရာ အပိုင်းအစ​များ​ကဲ့သို့ ပေါင်းစပ်​လိုက်​ရာ ဝိညာဉ်​ရေး​အမှန်တရား​၏​ပုံစံ​တစ်ခု​ကို တပည့်တော်​များ​အား ရှင်းရှင်းလင်းလင်း​မြင်​စေ​ခဲ့​သည်။ (၂ တိမောသေ ၁:၁၃) ရလဒ်​အနေ​နှင့် သူတို့သည် ဉာဏ်​အလင်းထွန်းလင်း​ခဲ့​သည်​သာမက အကြီးအကျယ်​လှုံ့ဆော်​ခံ​ခဲ့​ကြ​ရ၏။ ကျွန်ုပ်​တို့အား မှတ်တမ်းက​ဤသို့​ဆို​၏– “တပည့်တော်​တို့​က​လည်း၊ ‘လမ်းခရီး​၌ ငါ​တို့​နှင့်​ဟောပြော​၍ ကျမ်းစာ​အနက်​ကို​ဖွင့်ပြ​တော်​မူ​သောအခါ၊ ငါ​တို့​စိတ်နှလုံး​သည် ယိုဖိတ်​မတတ်​ဖြစ်သည်​မဟုတ်လော’ ဟု အချင်းချင်း​ပြောဆို​ကြ​၏။”—လုကာ ၂၄:၃၂

ယေဟောဝါသက်သေ​များသည် မိမိတို့၏​ဓမ္မ​အမှု​တွင် ယေရှု၏​နည်းလမ်းများ​ကို​အတုယူ​ရန် ကြိုးစား​ကြသည်။ သူတို့​အသုံးပြုသည့် အဓိက​အထောက်အကူ​ပြု​စာပေ​များ​မှာ ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း​ဘရိုရှာ​နှင့် ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ်​တို့ ဖြစ်၏။ ထို​စာအုပ်​များ​က “ဘုရားသခင်​ကား မည်သူ​နည်း၊” “ဆင်းရဲ​ဒုက္ခ​ကို ဘုရားသခင်​အဘယ်ကြောင့်​ခွင့်ပြု​တော်​မူ​သနည်း၊” “စစ်မှန်သော​ဘာသာ​ကို သင်​မည်သို့​တွေ့ ရှိ​နိုင်​မည်​နည်း၊” “ယခု​နေ့ရက်​များသည် နောက်ဆုံးသော​နေ့ရက်​များ​ဖြစ်၏!” နှင့် “ဘုရားသခင်​အား​ဂုဏ်တင်​သည့် မိသားစု​တစ်စု​အဖြစ် တည်ဆောက်​ခြင်း” အစ​ရှိသည့် စိတ်ဝင်စားဖွယ်​ကောင်းသော ကျမ်းစာ​အကြောင်းအရာ​များစွာ​တို့ကို ဖော်ပြ​ထား​သည်။ သင်ခန်းစာ​တစ်ခုစီ​တွင် ကျမ်းချက်​များစွာ​ပါရှိ​၏။

သင့်​ဒေသ​ရှိ ယေဟောဝါသက်သေ​များ​ကို​ဆက်သွယ်​ရန် သို့​မဟုတ် ဤ​အကြောင်းအရာများ​နှင့် အခြားသော​အကြောင်းအရာများ​နှင့်​ပတ်သက်​၍ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​တောင်းဆို​ရန် ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၂ တွင်​ပါရှိ​သော လိပ်စာ​တစ်ခု​ကို​တပ်​၍ စာရေး​ရန် သင့်​အား​ကြိုဆို​ပါ​သည်။

[ရုပ်ပုံ]

ကျမ်းစာ​အကြောင်းအရာ​တစ်ခုခု​ကို အဓိက​အာရုံစိုက် ဆွေးနွေးခြင်း​အားဖြင့် သင့်​သင်သား​၏​နှလုံးကို ထိမိ​စေပါ​ကြီးမြတ်သော​ဆရာ​ကို အတုယူ​လော့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှု၏​စံပြ​ဆုတောင်းချက်​၏​အဓိပ္ပာယ်​ကို အသင်​နားလည်​သဘောပေါက်​ပါသလော

“ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့၏​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း ရှိပါစေ​သော . . . ”

“[မေရှိယ] နိုင်ငံတော်​တည်ထောင်​ပါစေ​သော . . . ”

“အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော”