မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် နှစ်ခြင်းခံရသနည်း

အဘယ်ကြောင့် နှစ်ခြင်းခံရသနည်း

အဘယ်ကြောင့် နှစ်ခြင်း​ခံရ​သနည်း

“သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် . . . [နှစ်ခြင်း] ပေး​ကြလော့။”—မဿဲ ၂၈:၁၉

၁၊ ၂။ (က) အဘယ်​အခြေအနေ​မျိုး​အောက် အချို့​သူတို့ နှစ်ခြင်း​ခံ​ခဲ့​ကြ​သနည်း။ (ခ) နှစ်ခြင်း​ခံ​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများ ပေါ်ပေါက်​လာ​သနည်း။

ဖရန့်ခ်​လူမျိုး ဘုရင်​ရှားလမိန်း​သည် သူ​သိမ်းပိုက်​အနိုင်ယူ​ခဲ့​သော ဆ​က္ခ​ဆန်​လူမျိုးများ​အား စီ.အီး. ၇၇၅-၇၇ တွင် အတင်းအကျပ်​နှစ်ခြင်း​ခံစေ​ခဲ့​သည်။ “သူသည် အမည်ခံ​ခရစ်ယာန်​များ​ဖြစ်လာ​စေရန် သူတို့ကို အတင်းအကျပ်​ဘာသာ​ပြောင်း​စေ​ခဲ့​သည်” ဟု သမိုင်း​ပညာရှင်​ဂျောန်​လော့​ဒ် ရေးသားခဲ့​၏။ ထို​နည်းတူ​ပင် စီ.အီး. ၉၈၇ တွင် ဂရိသြသဒေါက်စ်​ဘာသာဝင် မင်းသမီး​တစ်ဦး​ကို လက်ထပ်​ပြီး​နောက် ရုရှား​ဘုရင် ပထမ​မြောက် ဗလာဒီမာ​က​လည်း မိမိ၏​လက်အောက်ခံ​များသည် “ခရစ်ယာန်” များ​ဖြစ်​ကြ​ရမည်ဟု ဆုံးဖြတ်​ခဲ့​သည်။ နှစ်ခြင်း​ခံရ​မည်​ဟု ပြည်သူ​လူထု​အား အမိန့်ထုတ်​ပြန်​ခဲ့​ရာ ငြင်းပယ်​လျှင် သေဒဏ်​ပေး​မည်​ဟု ခြိမ်းခြောက်​ခဲ့​သည်!

ထို​ကဲ့သို့​နှစ်ခြင်း​ပေးခြင်း​သည် သင့်လျော်​ပါသလော။ ထိုသို့​သော​နှစ်ခြင်း​သည် စစ်မှန်သော​အဓိပ္ပာယ်​ရှိသလော။ မည်သူ​မဆို နှစ်ခြင်း​ခံ​သင့်​သလော။

နှစ်ခြင်း—မည်သို့​နည်း

၃၊ ၄။ ဖျန်းခြင်း သို့​မဟုတ် ဦးခေါင်း​ပေါ်​သို့ ရေလောင်း​ချ​ခြင်း​သည် အဘယ်ကြောင့်​သင့်လျော်​သော ခရစ်ယာန်​နှစ်ခြင်း​မဟုတ်​သနည်း။

ရှားလမိန်း​နှင့် ပထမ​မြောက် ဗလာဒီမာ​တို့သည် လူ​တို့ကို အတင်းအကျပ်​နှစ်ခြင်း​ခံစေ​ခဲ့​ချိန်​တွင် ထို​အုပ်စိုးရှင်​များသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် မကိုက်ညီ​သည့်​အမှုကို လုပ်ဆောင်ခဲ့​ခြင်း​ဖြစ်သည်။ အမှန်​မှာ၊ တစ်စုံ​တစ်ဦး​အား ရေ​ဖျန်းခြင်း၊ ဦးခေါင်း​ပေါ်​ရေလောင်း​ချ​ခြင်း သို့​မဟုတ် သမ္မာကျမ်းစာ​အမှန်တရား သင်ယူခြင်း​မရှိသူ​များ​ကို ရေ​တွင်​နှစ်​သည့်​တိုင် ထိုသို့​နှစ်ခြင်း​ပေးခြင်း​သည် အဘယ်​အကျိုး​မျှ​မရှိ​ချေ။

စီ.အီး. ၂၉ တွင် နှစ်ခြင်း​ဆရာ​ယောဟန်ထံ​သို့ နာဇရက်​မြို့သား​ယေရှု​သွား​ချိန်​၌ မည်သို့​ဖြစ်​ခဲ့​သည်ကို သုံးသပ်ကြည့်​ပါ။ ယောဟန်​သည် ယော်ဒန်​မြစ်​တွင် လူများ​ကို နှစ်ခြင်း​ပေး​နေခဲ့​သည်။ သူတို့သည် နှစ်ခြင်း​ခံရန် စိတ်လို​ကိုယ်​လျောက် လာ​ခဲ့​ကြ​၏။ ယောဟန်​သည် သူတို့ကို ယော်ဒန်​မြစ်​ထဲ မတ်တတ်ရပ်​စေပြီး သူတို့၏​ဦးခေါင်း​များ​ပေါ် မြစ်ရေ​အနည်းငယ် လောင်းချ​ခြင်း သို့​မဟုတ် ဖျန်း​ပေးခြင်း​မျှ ပြုလုပ်​ခဲ့​သလော။ ယေရှုကို ယောဟန်​နှစ်ခြင်း​ပေး​ခဲ့​ချိန်​တွင် မည်သို့​ဖြစ်​ခဲ့​သနည်း။ ယေရှုသည် နှစ်ခြင်း​ခံ​ပြီး​သည်​နှင့် “ရေ​မှ​ချက်ချင်း​ပေါ်​ထ” သည်​ဟု မဿဲ​က မှတ်တမ်း​တင်ထား​သည်။ (မဿဲ ၃:၁၆က​ဘ) ကိုယ်တော်​သည် ယော်ဒန်​မြစ်​ထဲ နှစ်မြှုပ်​ခံ​ခဲ့​ရ​ရာ ရေ​ထဲ​တွင်​ရှိခဲ့​၏။ ထို​နည်းတူ ဘုရားတရား​ကြည်ညို​သူ အဲသယောပိ​အမတ်​နှစ်ခြင်း​ခံ​ချိန်​တွင် သမ္မာကျမ်းစာ​မှတ်တမ်းက ဤသို့​ဆို​သည်– “ဖိလိပ္ပုသည် ထို​အမတ်​နှင့်​တကွ ရေ​ထဲ​သို့​ဆင်း​၍ ဗတ္တိဇံ​ကို​ပေး​၏။ ရေ​ထဲ​က​တက်​ကြ​လျှင် . . .။” သို့​ဖြစ်၍ ယေရှု​နှင့် ကိုယ်တော့်​တပည့်တော်​များ​၏​နှစ်ခြင်း​သည် တစ်ကိုယ်လုံး​နှစ်မြှုပ်​ရန်လို​အပ်​ခြင်း​ဖြစ်သည်။—တမန်​တော် ၈:၃၈၊ ၃၉

၅။ အစောပိုင်း​ခရစ်ယာန်​များသည် လူများ​ကို မည်သို့​နှစ်ခြင်း​ပေး​ခဲ့​ကြ​သနည်း။

“နှစ်ခြင်း​ပေး​သည်၊” “နှစ်ခြင်း” စ​သည်​ဖြင့် ပြန်ဆို​ထားသော ဂရိ​စကားလုံး​များသည် ရေ​ထဲ နှစ်မြှုပ်​ခြင်း၊ ဆင်း​ခြင်း​ကို ရည်ညွှန်း​သည်။ စ​မ​စ်​၏​ကျမ်းစာ​အဘိဓာန်​က ဤသို့​ဆို​၏– “နှစ်ခြင်း​သည် စာသား​အတိုင်း အမှန်အကန်​ပင် နှစ်မြှုပ်​ခြင်း​အဓိပ္ပာယ်​ရသည်။” ထို့​ကြောင့် ကျမ်းစာ​ဘာသာပြန်​အချို့​က “နှစ်မြှုပ်​သူ​ယောဟန်” သို့​မဟုတ် “ရေ​ထဲ​နှစ်​သူ​ယောဟန်” ဟု ရည်ညွှန်း​ခေါ်ဆို​သည်။ (မဿဲ ၃: ၁၊ Rotherham, Diaglott, interlinear) ဩဂတ်စတပ်​စ် နီ​ယန်း​ဒါး​၏ ကနဦး​ရာစုနှစ်​သုံးခု​အတွင်း ခရစ်ယာန်​ဘာသာ​နှင့် သာသနာ​အသင်း​၏​သမိုင်း​စာအုပ်​၌ ဤသို့​ဆို​၏– “နှစ်ခြင်း​ကို အစ​မူလ​က နှစ်မြှုပ်​ခြင်း​ဖြင့် ပြုလုပ်​ခဲ့​ကြသည်။” နာမည်​ကျော်​ပြင်သစ်​စာအုပ် ၂၀ ရာစု​လို​ရု(စ်) (ပဲရစ်၊ ၁၉၂၈) တွင် ဤသို့​ဖော်ပြ​ထား​သည်– “ကနဦး​ခရစ်ယာန်​များသည် ရေ​ရှိရာ အဘယ်​နေရာတွင်​မဆို ရေ​ထဲ​နှစ်မြှုပ်​ခြင်း​ဖြင့် နှစ်ခြင်း​ခံ​ခဲ့​ကြသည်။” ထို့​ပြင် ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်​က ဤသို့​ဖော်ပြ​၏– “အစောပိုင်း​ချာ့ခ်ျ​သည် ရေ​ထဲ​နှစ်မြှုပ်​ခြင်း​ဖြင့် နှစ်ခြင်း​ပေး​ခဲ့​သည်​မှာ ထင်ရှား​သည်။” (၁၉၆၇၊ အတွဲ ၂၊ စာမျက်နှာ ၅၆) ထို့​ကြောင့် ယနေ့ ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် ဆန္ဒ​အလျောက်​နှစ်ခြင်း​ခံရန် ရေ​ထဲ​တစ်ကိုယ်လုံး​နှစ်မြှုပ်​ခံ​ဖို့​လိုအပ်​သည်။

နှစ်ခြင်း​ခံရ​သည့် အကြောင်းရင်း​အသစ်

၆၊ ၇။ (က) ယောဟန်​သည် အဘယ်​ရည်ရွယ်ချက်​အတွက် နှစ်ခြင်း​ပေး​ခဲ့​သနည်း။ (ခ) ယေရှု​နောက်လိုက်​များ​၏ နှစ်ခြင်း​နှင့်​ပတ်သက်​၍ အဘယ်အရာ​သည် အသစ်​ဖြစ်သနည်း။

ယောဟန်​ပေး​သော​နှစ်ခြင်း​၏​ရည်ရွယ်ချက်​နှင့် ယေရှု၏​နောက်လိုက်​များ​ပေး​သော နှစ်ခြင်း​၏​ရည်ရွယ်ချက်​သည် ကွဲပြား​ခြားနား​၏။ (ယောဟန် ၄:၁၊ ၂) ပညတ်တရား​ကို​ဆန့်ကျင်​၍ ပြု​မိ​သော​အပြစ်​များ​ကို နောင်တ​ရ​ကြောင်း လူအများရှေ့​ဖော်ပြခြင်း အထိမ်းအမှတ်​အဖြစ် လူများ​ကို ယောဟန်​နှစ်ခြင်း​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ * (လုကာ ၃:၆) သို့သော် ယေရှု​နောက်လိုက်​များ​၏​နှစ်ခြင်း​တွင် အကြောင်းအရာ​အသစ်​တစ်ခု ပါဝင်​ပတ်သက်​နေသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် တမန်​တော်​ပေတရု​က နားထောင်​နေ​သူများ​အား ဤသို့​တိုက်တွန်း​ခဲ့​၏– “သင်တို့၏​အပြစ်ကို​လွတ်​စေခြင်း​ငှာ နောင်တ​ရ​၍ တစ်ယောက်မျှ​မ​ကြွင်း၊ ယေ​ရ​ခရစ်​၏​နာမ၌ ဗတ္တိဇံ​ကို​ခံ​ကြလော့။” (တမန်​တော် ၂:၃၇-၄၁) ပေတရု​သည် ဂျူး​များနှင့် ဘာသာ​ပြောင်း​ဝင်လာ​သူများ​အား စကားပြော​ဆို​နေခြင်း​ဖြစ်သော်လည်း ပညတ်တရား​ကို​ဆန့်ကျင်​၍ ပြု​မိ​သော​အပြစ်​များ​ကို နောင်တ​ရသည့်​အထိမ်းအမှတ်​အဖြစ် နှစ်ခြင်း​ခံ​ခြင်း​အကြောင်း သူ​ပြောဆို​နေခြင်း​မဟုတ်၊ ယေရှု၏​နာမ၌​နှစ်ခြင်း​ခံ​ခြင်း​သည် အပြစ်​များ​ကို ဆေးကြောခြင်း​ဖြစ်သည်​ဟူ၍လည်း ဆိုလို​နေခြင်း​မဟုတ်ပေ။—တမန်​တော် ၂:၁၀

ထို​အခါသမယ​တွင် ပေတရု​သည် ‘ကောင်းကင်​နိုင်ငံတော်​၏​ပထမ​သော့’ ကို အသုံးပြု​ခဲ့​သည်။ အဘယ်​ရည်ရွယ်ချက်​အတွက်​နည်း။ ကောင်းကင်​နိုင်ငံတော်​သို့​ဝင်ရန် သူတို့၌​ရှိသော​အခွင့်အရေး​အကြောင်း နားထောင်သူ​ပရိသတ်​အား ဖော်ပြ​ဖို့​ဖြစ်သည်။ (မဿဲ ၁၆:၁၉) ဂျူး​များသည် ယေရှု​အား မေရှိယ​အဖြစ်​ငြင်းပယ်​ခဲ့​ကြသော​ကြောင့် ဘုရားသခင့်​ခွင့်လွှတ်​မှု​ခံရ​ရန် နောင်တ​ယူပြီး ကိုယ်တော်​အား​ယုံကြည်​ကြောင်း​တင်ပြ​ကြ​ခြင်း​သည် အရေးကြီးသော အခြေခံ​အကြောင်း​သစ်​တစ်ခု​ဖြစ်သည်။ သူတို့တွင် ထို​ကဲ့သို့​သော​ယုံကြည်ခြင်း​ရှိကြောင်း ယေရှု​ခရစ်​၏​နာမ၌ နှစ်ခြင်း​ခံ​ခြင်း​အားဖြင့် လူအများရှေ့ ထင်ရှား​စွာ​ဖော်ပြ​နိုင်​ကြသည်။ ဤ​နည်း​အားဖြင့် ခရစ်တော်​မှ​တစ်ဆင့် ဘုရားသခင်​အား မိမိတို့​ကိုယ်ကို ဆပ်ကပ်​အပ်နှံ​ကြောင်း သူတို့​တင်ပြ​နိုင်​ကြ​ပေမည်။ ယနေ့ ဘုရားသခင့်​နှစ်သက်မှု ရ​လို​သူအား​လုံး​သည် အလားတူ​ယုံကြည်ခြင်း​ရှိ​ရမည်၊ ယေဟောဝါ​ဘုရားသခင်​ထံ မိမိတို့​ကိုယ်ကို​ဆက်ကပ်​အပ်နှံ​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​အား အကြွင်းမဲ့​ဆက်ကပ်​အပ်နှံ​ကြောင်း ခရစ်ယာန်​နှစ်ခြင်း​အားဖြင့် တင်ပြ​ကြ​ရမည်။

တိကျ​မှန်ကန်သော​အသိပညာ မရှိမဖြစ်​လိုအပ်

၈။ ခရစ်ယာန်​နှစ်ခြင်း​သည် လူတိုင်း​အတွက် အဘယ်ကြောင့်​မဟုတ်​သနည်း။

ခရစ်ယာန်​နှစ်ခြင်း​သည် လူတိုင်း​အတွက် မဟုတ်ပါ။ ယေရှု​က မိမိ၏​နောက်တော်လိုက်​များ​အား ဤသို့​အမိန့်ပေး​ခဲ့​၏– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို​ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း] ပေး​ကြလော့။ ငါသည် သင်တို့အား​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) နှစ်ခြင်း​မခံ​မီ ‘တပည့်တော်​များ​အား ယေရှု​ပေး​ခဲ့​သည့် ပညတ်တော်​ရှိသမျှ​တို့ကို စောင့်ရှောက်​ရန် သင်ယူ​ကြ’ ရမည်​ဖြစ်သည်။ ထို့​ကြောင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ တိကျ​မှန်ကန်သော​အသိပညာ​ပေါ် အခြေခံ​သည့် ယုံကြည်ခြင်း​မရှိသူ​အား အတင်းအကျပ်​နှစ်ခြင်း​ပေးခြင်း​သည် အကျိုးမရှိ​ပါ၊ နောက်တော်လိုက်​များ​အား ယေရှု​ပေး​ခဲ့​သည့်​အမိန့်တော်​နှင့်​လည်း ဆန့်ကျင်​ပါ​သည်။—ဟေဗြဲ ၁၁:၆

၉။ ‘ခမည်းတော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​အဓိပ္ပာယ်​ကား အဘယ်နည်း။

‘ခမည်းတော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ နှစ်ခြင်း​ခံ​မည့်​သူသည် ကောင်းကင်​ခမည်းတော်​၏​ရာထူး​နှင့် အာဏာတော်​ကို အသိအမှတ်​ပြုခြင်း​ဟု အဓိပ္ပာယ်​ရသည်။ သို့​ဖြစ်၍ ယေဟောဝါ​ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်၊ “မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော​ဘုရား[သခင်]” ဖြစ်​ပြီး စကြဝဠာ​အုပ်စိုး​ပိုင်သ​ရှင်​လည်း ဖြစ်​တော်​မူ​ကြောင်း အသိအမှတ်ပြု​ဝန်ခံခြင်း​ဖြစ်သည်။—ဆာလံ ၈၃:၁၈; ဟေရှာယ ၄၀:၂၈; တမန်​တော် ၄:၂၄

၁၀။ ‘သားတော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​၏ အဓိပ္ပာယ်​ကား အဘယ်နည်း။

၁၀ ‘သားတော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​ဆို​သည်​မှာ ဘုရားသခင့်​တစ်ပါး​တည်း​သော​သားတော်​အနေ​ဖြင့် ယေရှု၏​ရာထူး​နှင့် အခွင့်အာဏာ​တော်​ကို အသိအမှတ်​ပြုခြင်း​ဖြစ်သည်။ (၁ ယောဟန် ၄:၉) နှစ်ခြင်း​ခံရန် အရည်အချင်း​ပြည့်မီ​သူများ​သည် ယေရှု​အား “လူများ​ကို​ရွေးခြင်း​ငှာ” ဘုရားသခင်​စီမံ​တော်​မူ​သော​အရှင်​အဖြစ် လက်ခံ​ကြသည်။ (မဿဲ ၂၀:၂၈; ၁ တိမောသေ ၂:၅၊ ၆) ဘုရားသခင်​သည် မိမိ၏​သားတော်ကို “အလွန်​ချီးမြှောက်” တော်​မူ​ခဲ့​ကြောင်းကို​လည်း နှစ်ခြင်း​ခံ​မည့်​သူများ အသိအမှတ်ပြု​ကြ​ရမည်။—ဖိလိပ္ပိ ၂:၈-၁၁; ဗျာဒိတ် ၁၉:၁၆

၁၁။ ‘သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​သည် အဘယ်အရာကို​ဆိုလို​သနည်း။

၁၁ ‘သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။ သန့်ရှင်းသော​ဝိညာဉ်တော်သည် ယေဟောဝါ​၏ လှုပ်ရှား​သော​စွမ်းအား​ဖြစ်​ကြောင်း၊ ကိုယ်တော့်​ရည်ရွယ်ချက်​နှင့်​အညီ နည်း​အဖုံဖုံ​ဖြင့်​အသုံးပြု​ကြောင်း နှစ်ခြင်း​ခံ​မည့်​သူ အသိအမှတ်​ပြုခြင်း​ကို ဆိုလို​သည်။ (ကမ္ဘာဦး ၁:၂; ၂ ဓမ္မ​ရာဇဝင် ၂၃:၁၊ ၂; ၂ ပေတရု ၁:၂၁) နှစ်ခြင်း​ခံရန် အရည်အချင်း​ပြည့်မီ​သူများ​က သန့်ရှင်းသော​ဝိညာဉ်တော်သည် မိမိတို့​အား “ဘုရားသခင်​၏ နက်နဲ​သော​အရာ” ကို​နားလည်​သဘောပေါက်​စေ​၍ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​ကို ပါဝင်​ဆောင်ရွက်​စေပြီး “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း” တည်း​ဟူသော ဝိညာဉ်​အသီးများ​ကို သီးပွင့်​စေ​ကြောင်း အသိအမှတ်ပြု​ကြသည်။—၁ ကောရိန္သု ၂:၁၀; ဂလာတိ ၅:၂၂၊ ၂၃; ယောလ ၂:၂၈၊ ၂၉

နောင်တ​ယူခြင်း​နှင့် ပြုပြင်​ပြောင်းလဲခြင်း​၏ အရေးပါမှု

၁၂။ ခရစ်ယာန်​နှစ်ခြင်း​သည် နောင်တ​ယူခြင်း​နှင့် မည်သို့​ဆက်နွှယ်​သနည်း။

၁၂ အပြစ်​မရှိသူ​ယေရှု၏​အဖြစ်အပျက်​မှ​လွဲ​လျှင် နှစ်ခြင်း​ခံ​ခြင်း​သည် နောင်တ​ယူခြင်း​နှင့်​ဆက်နွှယ်မှု​ရှိသည့် ဘုရားသခင်​နှစ်သက်​လက်ခံသော အထိမ်းအမှတ်​တစ်ခု​ဖြစ်သည်။ ကျွန်ုပ်​တို့​နောင်တ​ရသည့်​အခါ လုပ်ကိုင်​မိ​သည့်​အရာ သို့​မဟုတ် မ​လုပ်မိ​သည့်​အရာ​အတွက် ကျွန်ုပ်​တို့​အလွန့်အလွန်​ယူကျုံး​မရ​ဖြစ်​ပြီး နှလုံး​ကြေကွဲ​ကြသည်။ ဘုရားသခင့်​အလိုတော်နှင့်​တွေ့​လို​သော ပထမ​ရာစု​ဂျူး​များသည် ခရစ်တော်​အပေါ်​ပြစ်မှား​မိ​သည့် သူတို့၏​အပြစ်​များ​ကို နောင်တ​ယူ​ခဲ့​ကြ​ရသည်။ (တမန်​တော် ၃:၁၁-၂၀) ကောရိန္သု​မြို့မှ ယုံကြည်သူ​တစ်ပါး​အမျိုးသား​အချို့​သည် မတရားမေထုန်​ပြုခြင်း၊ ရုပ်ပုံ​ကိုးကွယ်​ခြင်း၊ ခိုးခြင်း​နှင့် ကြီး​လေး​သော​အခြား​အပြစ်​များ​ပြုခြင်း​မှ နောင်တ​ယူ​ခဲ့​ကြသည်။ သူတို့၏​နောင်တ​ကြောင့် သူတို့သည် ယေရှု၏​အသွေးတော်​အားဖြင့် “ဆေးကြော” ခံရ​ကြ​ပြီး ဘုရားသခင့်​လုပ်ငန်းတော်​အတွက် “သန့်ရှင်း​လာ​၏” သို့​မဟုတ် သီးခြားခွဲ​ထုတ်​ခံရ​ကြ​ကာ ခရစ်တော်​၏​နာမ​နှင့် ဘုရားသခင့်​ဝိညာဉ်​တော်​အားဖြင့် ‘ဖြောင့်မတ်​သည်​ဟု ကြေညာ​ခံ’ ခဲ့​ကြ​ရသည်။ (၁ ကောရိန္သု ၆:၉-၁၁) နောင်တ​ယူခြင်း​သည် ကောင်းသော​သိစိတ်​နှင့် အပြစ်​သင့်​ခြင်း​မှ ဘုရားသခင်​ပေး​လွတ်မြောက်မှု​ရရှိရန် အရေးကြီးသော​အကြို​ခြေလှမ်း​ဖြစ်သည်။—၁ ပေတရု ၃:၂၁

၁၃။ နှစ်ခြင်း​တွင် ပြုပြင်​ပြောင်းလဲခြင်း မည်သို့​ပါဝင်​ပတ်သက်​သနည်း။

၁၃ ယေဟောဝါသက်သေ​များ​အဖြစ် ကျွန်ုပ်​တို့​နှစ်ခြင်း​မခံ​မီ ပြုပြင်​ပြောင်းလဲ​ရမည်။ ခရစ်တော်​ယေရှု၏​နောက်လိုက်​ဖြစ်​ရန် စိတ်နှလုံး​အကြွင်းမဲ့​ဆုံးဖြတ်ချက်​ချ​သူသည် မိမိ​အကျင့်​များ​ကို စိတ်လို​ကိုယ်​လျောက် ပြုပြင်​ပြောင်းလဲ​သည်။ ထိုသို့​သော​သူတို့သည် သူတို့၏​ယခင်​မှားယွင်းသော​လမ်းစဉ်​ကို​ငြင်းပယ်​ပြီး ဘုရားသခင့်​ရှေ့မှောက် မှန်ရာကို​ပြုလုပ်​ရန် ဆုံးဖြတ်​ကြသည်။ သမ္မာ​ကျမ်းစာ​ပါ ပြောင်းလဲခြင်း​နှင့်​စပ်ဆိုင်​သော ဟေဗြဲ​နှင့်​ဂရိ​ကြိယာ​များသည် နောက်​ပြန်ဆုတ်​ခြင်း၊ ပြန်လှည့်​လာ​ခြင်း​သဘော​ရှိသည်။ ယင်း​လုပ်ဆောင်မှု​သည် မှား​သော​လမ်းစဉ်​မှ ဘုရားသခင်​ထံ ပြန်လှည့်​လာ​ခြင်း​သဘောဆောင်​၏။ (၃ ဓမ္မ​ရာဇဝင် ၈:၃၃၊ ၃၄) ပြောင်းလဲခြင်း​တွင် “နောင်တ​ရခြင်း​နှင့်​ထိုက်တန်​သော​အကျင့်​များ” ရှိဖို့လို​သည်။ (တမန်​တော် ၂၆:၂၀) ယင်း​တွင် မှောက်မှားသော​ကိုးကွယ်​မှု​ကို​စွန့်လွှတ်​ရန်၊ ဘုရားသခင်​မိန့်တော်မူချက်​များနှင့်​အညီ​လုပ်ဆောင်ရန်၊ ယေဟောဝါ​အား အကြွင်းမဲ့​ဆည်းကပ်​ကိုးကွယ်​ရန် လို​သည်။ (တရားဟောရာ ၃၀:၂၊ ၈-၁၀; ၁ ဓမ္မ​ရာဇဝင် ၇:၃) ပြုပြင်​ပြောင်းလဲခြင်း​ကြောင့် ကျွန်ုပ်​တို့၏​အတွေးအခေါ်၊ ရည်ရွယ်ချက်များ​နှင့် စိတ်​နေ​သဘောထား​ပင် ပြောင်းလဲ​သွား​သည်။ (ယေဇကျေလ ၁၈:၃၁) ဘုရားသခင်​ရေးရာ​မ​ဆန်​သော အမူအကျင့်များ​အစား ဥပဓိရုပ်​သစ်​ကို ယူတင်​ဝတ်ဆောင်​ခြင်း​ဖြင့် ကျွန်ုပ်​တို့ “ပြောင်းလဲ” လာ​ကြသည်။—တမန်​တော် ၃:၁၉၊ ၂၀; ဧဖက် ၄:၂၀-၂၄; ကောလောသဲ ၃:၅-၁၄

စိတ်နှလုံး​အကြွင်းမဲ့​ဆက်ကပ်​အပ်နှံခြင်း အရေးကြီး

၁၄။ ယေရှု တပည့်​နောက်လိုက်​များ​၏ ဆက်ကပ်​အပ်နှံခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၄ ယေရှု၏​တပည့်​နောက်လိုက်​များသည် နှစ်ခြင်း​မယူ​မီ ဘုရားသခင်​အား စိတ်နှလုံး​အကြွင်းမဲ့​ဆက်ကပ်​အပ်နှံ​ရမည်။ ဆက်ကပ်​အပ်နှံခြင်း​သည် မြင့်မြတ်​သော​ရည်ရွယ်ချက်​တစ်ခု​အတွက် သီးသန့်​ဖယ်​ထားခြင်း​သဘော​သက်ရောက်​သည်။ ဤသို့​ပြုလုပ်ခြင်း​သည် အလွန်​အရေးကြီးသော​ကြောင့် ယေဟောဝါ​ကို ကျွန်ုပ်​တို့​စိတ်နှလုံး​အကြွင်းမဲ့ ထာဝစဉ်​ဆည်းကပ်​ဝတ်ပြုပါ​မည်​ဟု ဆုံးဖြတ်ထား​ကြောင်း ဆုတောင်းခြင်း​ဖြင့် တင်ပြ​သင့်​သည်။ (တရားဟောရာ ၅:၉) ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​သည် လုပ်ငန်း​တစ်ခု သို့​မဟုတ် လူတစ်ဦး​အား​မဟုတ်၊ ဘုရားသခင်​ကိုယ်တော်တိုင်​ကို​ဖြစ်သည်။

၁၅။ နှစ်ခြင်း​ခံ​မည့်​သူများ​သည် အဘယ်ကြောင့် ရေ​ထဲ​နှစ်မြှုပ်​ခံ​ကြ​ရသနည်း။

၁၅ ကျွန်ုပ်​တို့သည် ခရစ်တော်​မှ​တစ်ဆင့် ဘုရားသခင်​ထံ မိမိ​ကိုယ်ကို​ဆက်ကပ်​အပ်နှံ​သည့်​အခါ ကျမ်းစာ​တွင်​ဖော်ပြ​ထားသော ဘုရားသခင့်​အလိုတော်ကို​ဆောင်ရွက်ရန် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာကို အသုံးပြု​ဖို့​ဆုံးဖြတ်​ကြောင်း ဖော်ပြ​ကြသည်။ ထို​ဆက်ကပ်​အပ်နှံခြင်း​၏ အထိမ်းအမှတ်​အနေ​နှင့် နှစ်ခြင်း​ခံ​မည့်​သူများ​သည် ရေ​တွင်​နှစ်မြှုပ်​ခံ​ကြ​ရမည်၊ ယေရှု​ကိုယ်တော်တိုင် မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​ကြောင်း လူအများရှေ့​ဖော်ပြ​ရန် ယော်ဒန်​မြစ်​တွင် နှစ်ခြင်း​ခံ​တော်​မူ​ခဲ့​သည်။ (မဿဲ ၃:၁၃) ထို​အလွန်​အရေးကြီးသော အခါသမယ​တွင် ယေရှု ဆုတောင်း​နေခြင်း​က မှတ်သား​စ​ရာ​ဖြစ်သည်။—လုကာ ၃:၂၁၊ ၂၂

၁၆။ လူများ​နှစ်ခြင်း​ခံ​သည်ကို ကျွန်ုပ်​တို့​တွေ့မြင်​ရသည့်​အခါ ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​ကို မည်သို့​သင့်လျော်​စွာ​ဖော်ပြ​နိုင်​သနည်း။

၁၆ ယေရှု၏​နှစ်ခြင်း​သည် အလွန်​အရေးပါ​သော်လည်း ရွှင်လန်းစရာ​အချိန်​လည်း​ဖြစ်သည်။ မျက်မှောက်ခေတ်တွင် ခရစ်ယာန်​များ​၏​နှစ်ခြင်း​သည်လည်း ထပ်တူ​ဖြစ်သည်။ ဘုရားသခင်​ထံ​ဆက်ကပ်​အပ်နှံ​ကြောင်းကို နှစ်ခြင်း​ခံ​ခြင်း​အထိမ်းအမှတ်​ဖြင့် လူ​တို့​ဖော်ပြ​ကြ​သည့်​အခါ လေးစား​စွာ​လက်ခုပ်တီး​၍​သြဘာပေး​ခြင်း အားတက်သရော​ချီးမွမ်း​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​ကို ဖော်ပြ​နိုင်​ပါ​သည်။ သို့သော် ယုံကြည်ခြင်းကို ဤသို့​ဖော်ပြခြင်း​၏​မြင့်မြတ်မှု​ကို ရိုသေ​လေးစား​သည့်​အနေ​နှင့် ကြွေးကြော်​၍​သြဘာပေး​ခြင်း၊ လေ​ချွန်​ခြင်း အစ​ရှိသည့်​အပြု​အမူ​များ​ကို ရှောင်ကြဉ်​ကြ​မည်။ ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​ကို ဂုဏ်​သိက္ခာ​ရှိ​ရှိ တင်ပြ​ကြ​မည်။

၁၇၊ ၁၈။ တစ်ဦး​တစ်ယောက်​သည် နှစ်ခြင်း​ခံရန် အရည်အချင်း​ပြည့်မီ​မမီ​ကို အဘယ်အရာက သိစေ​သနည်း။

၁၇ နို့စို့​ကလေး​များ​ကို ရေ​ဖျန်း​ပေး​သူများ၊ သို့​မဟုတ် ကျမ်းစာ​အသိပညာ​မရှိသူ​များ​ကို အတင်းအကျပ်​နှစ်ခြင်း​ပေး​သူများ​နှင့်​မတူဘဲ ယေဟောဝါသက်သေ​များသည် မည်​သူ့ကို​မျှ အတင်းအကျပ်​နှစ်ခြင်း​မယူ​စေပါ။ အမှန်​မှာ၊ ဝိညာဉ်​ရေး​ဘက် အရည်အချင်း​မပြည့်မီ​သူများကို သူတို့​နှစ်ခြင်း​မပေး​ကြ​ချေ။ တစ်ဦး​တစ်ယောက်​သည် နှစ်ခြင်း​မခံရ​သေး​သော သတင်းကောင်း​ကြေညာသူ​တစ်ဦး မဖြစ်​လာ​မီ​ပင် ထို​သူသည် သမ္မာကျမ်းစာ​အခြေခံ​သွန်သင်ချက်​များ​ကို နားလည်​သဘောပေါက်ခြင်း​ရှိမရှိ၊ ၎င်း​သွန်သင်ချက်​များနှင့်​အညီ နေထိုင်​မ​ထိုင်၊ ထို့​ပြင် “သင်သည် ယေဟောဝါသက်သေ​တစ်ဦး အမှန်​ဖြစ်​လို​ပါသလော” ဟူသော​မေးခွန်း​ကို ဟုတ်ကဲ့​ဟု​ဖြေ​မဖြေ​ကို ခရစ်ယာန်​အကြီးအကဲ​များ​က သေချာ​အောင်​ပြု​ကြသည်။

၁၈ များသောအားဖြင့် တစ်ဦး​တစ်ယောက်​သည် နိုင်ငံတော်​သတင်း​ဟောပြောခြင်း​လုပ်ငန်း​တွင် အဓိပ္ပာယ်ရှိရှိ​ပါဝင်​ပြီး နှစ်ခြင်း​ခံ​လို​ကြောင်း ထုတ်ဖော်​ပြော​သည့်​အခါ သူတို့သည် ယေဟောဝါ​အား ဆက်ကပ်​အပ်နှံ​ပြီး​သော၊ နှစ်ခြင်း​ခံနိုင်​ရန် ဘုရားသခင်​တောင်းဆို​သော လိုအပ်ချက်​များနှင့်​ပြည့်မီ​သော ယုံကြည်သူများ​ဖြစ်​မဖြစ် ခရစ်ယာန်​အကြီးအကဲ​များ အသေအချာ​သိ​ရန် သူတို့နှင့်​ဆွေးနွေး​ပြောဆို​ကြ​ရသည်။ (တမန်​တော် ၄:၄; ၁၈:၈) သမ္မာကျမ်းစာ​သွန်သင်ချက်​များ​ပေါ်​အခြေခံ​သည့် မေးခွန်း ၁၀၀ ကျော်​ကို တစ်ဦးချင်း​စီ မည်သို့​ဖြေဆို​ကြောင်း သိထားခြင်းက ရေနှစ်ခြင်း​ခံ​လို​သူများ ကျမ်းစာ​တောင်းဆို​သော​လိုအပ်ချက်​များ ပြည့်မီ​မမီ အကြီးအကဲ​များ​အား ခွဲခြား​သိမြင်​စေ​သည်။ အချို့​သည် အရည်အချင်း​မပြည့်မီ​ကြသော​ကြောင့် ခရစ်ယာန်​နှစ်ခြင်း​ခံ​ခွင့်​မရ​ကြ​ချေ။

တစ်စုံတစ်ရာ​က သင့်​အား တားဆီး​နေပါသလော

၁၉။ ယောဟန် ၆:၄၄ အရ မည်သူ​တို့သည် ယေရှု၏​တွဲဖက်​အမွေခံများ ဖြစ်​ကြ​မည်​နည်း။

၁၉ အတင်းအကျပ်​ဖိအားပေး​ခံ​ခဲ့​ရ​၍ အစုအဝေး​လိုက် နှစ်ခြင်း​ခံ​သူများစွာ​သည် သေ​လျှင်​ကောင်းကင်​သို့​သွား​ကြ​ရမည်ဟု အပြော​ခံ​ခဲ့​ရ​ပေမည်။ သို့သော် ယေရှု​ခြေရာ​ကို​လိုက်လျှောက်​သော နောက်တော်လိုက်​များနှင့်​စပ်လျဉ်း၍ ကိုယ်တော်​ဤသို့​မိန့်မြွက်​ခဲ့​၏– “ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင် အဘယ်သူမျှ ငါ့​ထံ​သို့​မလာ​နိုင်။” (ယောဟန် ၆:၄၄) ယေဟောဝါ​သည် ကောင်းကင်​နိုင်ငံတော်​တွင် ယေရှု​နှင့်​တွဲဖက်​အမွေခံ အုပ်စိုး​မည့်​သူ ၁၄၄,၀၀၀ ကို​ခရစ်တော်​ထံ​သို့ သွေးဆောင်​တော်​မူ​ခဲ့ပြီ။ အတင်းအကျပ်​နှစ်ခြင်း​ပေးခြင်း​သည် ဘုရားသခင့်​အစီအစဉ်​တွင် မည်​သူ့ကို​မျှ ဘုန်းဝင်စား​ခွင့်​ရစေ​သည့် သန့်ရှင်း​စင်ကြယ်မှု မရ​စေ​ခဲ့​ပါ။—ရောမ ၈:၁၄-၁၇; ၂ သက်သာလောနိတ် ၂:၁၃; ဗျာဒိတ် ၁၄:၁

၂၀။ နှစ်ခြင်း​မခံရ​သေး​သော အချို့​သူများကို အဘယ်အရာက အကူအညီ​ပေး​နိုင်​သနည်း။

၂၀ ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကို​ကပ်ကျော်​ပြီး မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​မည်​ဟု မျှော်လင့်​ကြ​သူ​မြောက်မြားစွာ​သည် အထူးသဖြင့် ၁၉၃၀ ပြည့်လွန်​နှစ်​အလယ်ပိုင်း​မှ​စ၍ ယေရှု၏ “အခြားသိုး” အတန်းအစား​တွင် ပါဝင်​လာ​ခဲ့​ကြပြီ။ (ဗျာဒိတ် ၇:၉၊ ၁၄; ယောဟန် ၁၀:၁၆) သူတို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ခဲ့​ကြ​ပြီး ဘုရားသခင်​ကို “စိတ်နှလုံး​အကြွင်းမဲ့၊ အစွမ်း​သတ္တိ​ရှိသမျှ၊ ဉာဏ်​ရှိသမျှ​နှင့်” ချစ်​မြတ်နိုးကြသော​ကြောင့် နှစ်ခြင်း​ခံရန် အရည်အချင်း​ပြည့်မီ​ကြသည်။ (လုကာ ၁၀:၂၅-၂၈) ယေဟောဝါသက်သေ​များသည် ‘ဘုရားသခင်​ကို နာမ်ဝိညာဉ်​နှင့်လည်းကောင်း၊ အမှန်တရား​နှင့်​လည်းကောင်း ကိုးကွယ်​ကြသည်’ ဟု​အချို့​သူတို့ သိထားကြ​သော်လည်း ဤ​သူတို့သည် ယေရှု၏​ပုံသက်သေ​ကို မလိုက်လျှောက်​ကြ​သေး​ချေ၊ ယေဟောဝါ​ကို အမှန်တကယ်​ချစ်​ကြောင်း​နှင့် အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ကြောင်း နှစ်ခြင်း​ခံ​ခြင်း​အားဖြင့် လူအများရှေ့​မတင်ပြ​ခဲ့​သေး​ချေ။ (ယောဟန် ၄:၂၃၊ ၂၄; တရားဟောရာ ၄:၂၄; မာကု ၁:၉-၁၁) ဤ​အရေးကြီးသော​ဆောင်ရွက်မှု​နှင့်​ပတ်သက်​၍ သတ်သတ်မှတ်မှတ်၊ စိတ်​ထက်သန်​စွာ ဆု​တောင်းလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အပြည့်အဝ​လိုက်လျှောက်​နာခံ​ရန်၊ ယေဟောဝါ​ဘုရားသခင်​အား အကြွင်းမဲ့​ဆက်ကပ်​အပ်နှံ​ရန်၊ နှစ်ခြင်း​ခံရန် လိုအပ်သော​လှုံ့ဆော်မှု​နှင့် ရဲစွမ်းသတ္တိ ရရှိ​လာ​ပေ​လိမ့်​မည်။

၂၁၊ ၂၂။ အချို့​သူများ​သည် အဘယ်​အကြောင်း​များ​ကြောင့် ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​မခံ​ဘဲ​နေသနည်း။

၂၁ အချို့​သူများ​သည် ဝိညာဉ်​ရေးရာ​များ​အတွက် အချိန်​မပေးနိုင်​လောက်​အောင် လောက​ရေးရာ​များ သို့​မဟုတ် စည်းစိမ်ဥစ္စာ​ရှာဖွေရေး​တွင် အလုပ်​များနေ​ခြင်း​ကြောင့် ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ခြင်း မပြု​နိုင်​ကြ​ချေ။ (မဿဲ ၁၃:၂၂; ၁ ယောဟန် ၂:၁၅-၁၇) သူတို့၏​သဘောထားများ​နှင့် ပန်းတိုင်​များ​ကို ပြုပြင်​ပြောင်းလဲ​ကြ​မည်​ဆိုလျှင် သူတို့​အလွန်​ဝမ်းသာ​ရွှင်လန်း​ကြ​ပေ​လိမ့်​မည်! ယေဟောဝါ​ထံ​ချဉ်းကပ်​ခြင်း​ဖြင့် သူတို့သည် ဝိညာဉ်ရေးတွင်​ကြွယ်ဝ​ချမ်းသာ​လာပြီး စိုးရိမ်​ပူပန်မှု​များ လျော့နည်း​သွား​ကာ ဘုရားသခင်​၏​အလိုတော်​ဆောင်ခြင်း​မှ​ရရှိသော ငြိမ်သက်ခြင်း​နှင့် ကျေနပ်​ရောင့်ရဲမှု​ရှိကြ​လိမ့်​မည်။—ဆာလံ ၁၆:၁၁; ၄၀:၈; သု. ၁၀:၂၂; ဖိလိပ္ပိ ၄:၆၊ ၇

၂၂ အခြားသူများ​က​မူ ယေဟောဝါ​ကို​ချစ်​သည်​ဟု​ဆို​ကြသော်လည်း ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ခြင်း​ကို မပြု​လုပ်ကြပါ၊ သို့ဖြင့် စာရင်း​ရှင်း​ရန်​တာဝန်​မှ ရှောင်လွဲ​နိုင်​မည်​ဟု သူတို့​ယူဆကြ​သည်။ သို့သော် ကျွန်ုပ်​တို့​တစ်ယောက်စီ​သည် ဘုရားသခင်​ထံ စာရင်း​ရှင်း​ကြ​ရမည်။ ယေဟောဝါ​၏​စကားတော်​ကို ကျွန်ုပ်​တို့​စတင်​ကြားနာ​ခဲ့​ချိန်​တွင် ကျွန်ုပ်​တို့​၌ တာဝန်​ရှိနေပြီ​ဖြစ်သည်။ (ယေဇကျေလ ၃၃:၇-၉; ရောမ ၁၄:၁၂) ‘ရွေးချယ်ခံ​ရသော​လူမျိုး’ တစ်မျိုး​အနေ​နှင့် ရှေး​ဣသရေလလူ​များသည် ယေဟောဝါ​အား ဆက်ကပ်​အပ်နှံ​ထားသော လူမျိုး​အဖြစ် မွေးဖွား​လာသော​ကြောင့် ကိုယ်တော်​၏​ပညတ်တော်​နှင့်​အညီ ကိုယ်တော်​ကို တည်ကြည်မှု​ရှိ​ရှိ​ဝတ်ပြု​ကိုးကွယ်​ဖို့ တာဝန်​ရှိခဲ့​သည်။ (တရားဟောရာ ၇:၆၊ ၁၁) ယနေ့ မည်သူမျှ ထို​ကဲ့သို့​သော​လူမျိုး​ထဲ မွေးဖွား​လာ​သည်မဟုတ်​သော်လည်း တိကျ​မှန်ကန်သော ကျမ်းစာ​သွန်သင်ချက်​များ​ကို ကျွန်ုပ်​တို့​ရရှိ​ထားပြီ​ဖြစ်သော​ကြောင့် ယုံကြည်ခြင်းဖြင့် ၎င်းနှင့်​အညီ​လုပ်ဆောင်ဖို့​လို​သည်။

၂၃၊ ၂၄။ အဘယ်​စိုးရိမ်မှု​များ​ကြောင့် နှစ်ခြင်း​ခံရန်​တွန့်ဆုတ်​မနေ​သင့်​သနည်း။

၂၃ အချို့​သူတို့မှာ​မူ မိမိတို့​၌ အသိပညာ​အလုံအလောက်​မရှိ​ဟု ထင်မှတ်​ကြသော​ကြောင့် နှစ်ခြင်း​ခံရန် တွန့်ဆုတ်​နေကြ​ပေမည်။ သို့သော် “ဘုရားသခင်​စီရင်တော်မူ​သော​အမှုကို အစ​မှ​အဆုံးတိုင်အောင် လူသည်​စစ်၍​မကုန်နိုင်” သောကြောင့် ကျွန်ုပ်​တို့အားလုံး သင်ယူစရာ​မြောက်မြားစွာ​ရှိသည်။ (ဒေ. ၃:၁၁) အဲသယောပိ​အမတ်​ကို သုံးသပ်ကြည့်​ပါ။ ဘာသာ​ပြောင်း​ဝင်လာ​သူ​တစ်ဦး​အနေ​နှင့် ကျမ်းစာ​အသိပညာ​အနည်းငယ်​ရှိ​ထား​သည်၊ သို့သော် ဘုရားသခင့်​ရည်ရွယ်ချက်များ​နှင့်​ပတ်သက်​၍ မေးခွန်း​အားလုံး​ကို သူ​မဖြေ​ဆိုနိုင်​ခဲ့​ပါ။ သို့ရာတွင် ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​အားဖြင့် ယေဟောဝါ​၏​ကယ်တင်ခြင်း​အစီအစဉ်​အကြောင်း သူသိ​ရှိလာပြီး​နောက် ထို​အမတ်​သည် ချက်ချင်း​ရေနှစ်ခြင်း​ခံ​ခဲ့​သည်။—တမန်​တော် ၈:၂၆-၃၈

၂၄ အချို့​သူများ​မှာ​မူ ပျက်ကွက်​မည်​ကို​စိုးရိမ်​ကာ ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံမှု​ပြု​ရန် တွန့်ဆုတ်​နေကြ​သည်။ အသက် ၁၇ နှစ်​ရှိ မော်​နီ​ကာ​ဤသို့​ပြော​သည်– “ကျွန်မ​ရဲ့​ဆက်ကပ်​အပ်နှံမှု​နဲ့​အညီ မနေနိုင်​မှာ​ကို စိုးရိမ်​တဲ့​အတွက် နှစ်ခြင်း​ခံ​ဖို့ တွန့်ဆုတ်​နေခဲ့တယ်။” သို့ရာတွင် ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို​စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ‘ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​လမ်းခရီး​ကို ပဲ့ပြင်​တော်​မူ​မည်။’ ကိုယ်တော်​၏​ဆက်ကပ်​အပ်နှံ​ထားသော တည်ကြည်​သည့်​ကျေးကျွန်​များ​အဖြစ် “[အမှန်] တရား​တွင်​ဆက်လျှောက်​လှမ်း” သွား​နိုင်​ရန် ကျွန်ုပ်​တို့ကို ကိုယ်တော်​ကူညီ​တော်​မူ​လိမ့်​မည်။—သု. ၃:၅၊ ၆; ၃ ယောဟန် ၄

၂၅။ ယခု အဘယ်​မေးခွန်း​ကို ကျွန်ုပ်​တို့ ဆင်ခြင်​သုံးသပ်​သင့်​သနည်း။

၂၅ ယေဟောဝါ​အား လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​ပြီး ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချစ်​မြတ်နိုးကြသော​ကြောင့် နှစ်စဉ် ထောင်နှင့်ချီ​သော​သူများ​သည် ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံရန် လှုံ့ဆော်​ခံ​ခဲ့​ကြ​ရသည်။ ဆက်ကပ်​အပ်နှံ​ပြီး​သော ကျေးကျွန်​အားလုံး​သည် ကိုယ်တော်​အပေါ် တည်ကြည်မှု​ရှိ​လို​ကြသည်​မှာ မလွဲဧကန်​ပင်။ သို့သော် ကျွန်ုပ်​တို့သည် ခဲယဉ်း​သော​ကာလ​တွင် အသက်​ရှင်​နေကြ​ရပြီး ယုံကြည်ခြင်း​စမ်းသပ်မှု​မျိုးစုံ​ကို ကြုံတွေ့​နေကြ​ရသည်။ (၂ တိမောသေ ၃:၁-၅) ယေဟောဝါ​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ နေထိုင်​နိုင်​ကြ​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​မည်​နည်း။ ဤ​အကြောင်းကို နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ယေရှု​၌​အပြစ်​မရှိသော​ကြောင့် နောင်တ​ရခြင်း​အထိမ်းအမှတ်​အနေ​နှင့် ကိုယ်တော်​နှစ်ခြင်း​ခံ​ခဲ့​ခြင်း​မဟုတ်ပါ။ ကိုယ်တော်​၏​နှစ်ခြင်း​သည် ခမည်းတော်​၏​အလိုတော်ကို ဆောင်ရွက်ရန် မိမိကိုယ်ကို​ဆက်သခြင်း အထိမ်းအမှတ်​ဖြစ်သည်။—ဟေဗြဲ ၇:၂၆; ၁၀:၅-၁၀

သင်​မှတ်မိ​သလော

• ခရစ်ယာန်​နှစ်ခြင်း​ကို မည်သို့​ပေး​သနည်း။

• လူတစ်ဦး နှစ်ခြင်း​ခံနိုင်​ရန် အဘယ်​အသိပညာ​လိုအပ်​သနည်း။

• စစ်မှန်သော​ခရစ်ယာန်​များ နှစ်ခြင်း​ခံယူ​ခြင်း​သို့ အဘယ်​ခြေလှမ်း​များ​က ဦးတည်​သွား​သနည်း။

• အချို့​သူများ​သည် နှစ်ခြင်း​ခံရန် အဘယ်ကြောင့်​တွန့်ဆုတ်​နေကြ​သနည်း၊ သို့သော် သူတို့ကို မည်သို့​အကူအညီ​ပေး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

‘ခမည်းတော်၊ သားတော်၊ သန့် ရှင်း​သော ဝိညာဉ်​တော်​၏​နာမ၌ နှစ်ခြင်း​ခံ​ခြင်း’ ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း သင်​သိပါသလော