မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး

ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး

ကိုယ်ချင်းစာ​နာ​စိတ်—ကြင်နာ​သနား​ဖို့ စေ့ဆော်​ပေး

တစ်ပါး​၏​ကြေကွဲမှု​ကို သက်သာ​စေနိုင်​သရွေ့ ဘဝ​သည် အကျိုးရှိ​မည်” ဟု​ဟ​ယ်​လင်​ကယ်​လာ ရေးသားခဲ့​သည်။ စိတ်ကြေကွဲမှု​ကို ကယ်​လာ အမှန်​နားလည်ခဲ့​သည်။ သူသည် ၁၉ လ​အရွယ်​တွင် အကြီးအကျယ်​ဖျား​ပြီး လုံးလုံး​မျက်စိကွယ်၊ နားပင်း​သွားခဲ့​၏။ သို့သော် ကြင်နာ​မှု​ရှိသော​ဆရာမ​တစ်ဦး​က ဟ​ယ်​လင်​ကို မျက်မမြင်​စာ ဖတ်​တတ်၊ ရေး​တတ်​ဖို့​ရော နောက်ပိုင်း စကားပြော​နိုင်​ဖို့​ပါ သင်ပေးခဲ့​သည်။

ကယ်​လာ​၏​ဆရာမ အဲ​န်း စ​လေ​ဗန်း​သည်လည်း မသန်မစွမ်းမှု​ကြောင့် စိတ်ဓာတ်ကျ​ခြင်း​ကို ကောင်းစွာ​နားလည်​သည်။ သူကိုယ်တိုင် မျက်စိကွယ်​လု​နီးပါး​ဖြစ်​ခဲ့​ရ၏။ သို့သော် အဲ​န်း​သည် ဟ​ယ်​လင်​၏​လက်​ပေါ်​တွင် စကားလုံး​များ​ကို “စာလုံးပေါင်း​ရေး​ပေးခြင်း” ဖြင့်​ဟ​ယ်​လင်​နှင့်​ဆက်သွယ်နည်း​ကို စိတ်ရှည်ရှည်​တီထွင်​ခဲ့​သည်။ ဆရာမ​၏​ကိုယ်ချင်းစာ​နာ​စိတ်​က ဟ​ယ်​လင်​ကို စေ့ဆော်​ပေး​သောကြောင့် မျက်မမြင်၊ နား​မကြား​သူများကို ကူညီပေး​ရန် မိမိ၏​ဘဝကို​မြှုပ်နှံ​ဖို့ သူ​ဆုံးဖြတ်​လိုက်​သည်။ အကြီးအကျယ်​ကြိုးစား​ခဲ့​၍ မိမိ​ကိုယ်တိုင်​၏ မသန်မစွမ်းမှု​ကို အောင်မြင်​ပြီး​နောက် အလားတူ​မသန်မစွမ်း​ဖြစ်နေ​ကြ​သူများကို ကိုယ်ချင်းစာ​နာ​မိ​သည်။  သူတို့ကို  ကူညီပေး​လို​၏။

ကိုယ်ကျိုးရှာ ဤ​လောကတွင် “သနားခြင်း . . . စိတ်​ကို​ချုပ်တည်း” ရန်​လွယ်ကူ​သည်ကို သင်​သတိပြုမိ​ပေမည်။ (၁ ယောဟန် ၃:၁၇) သို့သော် မိမိတို့၏​အိမ်နီးချင်း​ကို​ချစ်​ရန်​နှင့် တစ်ဦး​ကိုတစ်​ဦး အား​ကြီးသော​မေတ္တာ​နှင့်​ချစ်​ကြ​ရန် ခရစ်ယာန်​များ​ကို မိန့်မှာ​ထား​သည်။ (မဿဲ ၂၂:၃၉; ၁ ပေတရု ၄:၈) သို့​တိုင် အချင်းချင်း အပြည့်အဝ​ချစ်​လို​ကြသော်လည်း သူတစ်ပါး​၏​ကြေကွဲမှု သက်သာ​စေရန် လုပ်ဆောင်​နိုင်​သည့်​အခွင့်အရေး​များ​ကို မျက်စိ​လျှမ်း​သွား​တတ်သော ဖြစ်ရပ်မှန်​ကို သင်​သတိထား​မိ​ကောင်း​ထား​မိ​ပေမည်။ ယင်း​သို့​ဖြစ်​ရခြင်း​မှာ သူတို့၏​လိုအပ်ရာ​များ​ကို ကျွန်ုပ်​တို့​သတိ​မပြုမိ​သောကြောင့်​သာ​ဖြစ်​ပေမည်။ ကိုယ်ချင်းစာ​နာ​စိတ်​သည် ကြင်နာ​သနား​ဖို့ စေ့ဆော်​ချက်​ပင်​ဖြစ်၏။

ကိုယ်ချင်းစာ​နာ​စိတ်​ဟူသည် အဘယ်နည်း

ကိုယ်ချင်းစာ​နာ​စိတ်​ဟူသည် “သူတစ်ပါး​၏​အခြေအနေ၊ ခံစားချက်​များနှင့် အကြောင်းရင်း​များ​ကို ခွဲခြား​သိရှိနားလည်​သဘောပေါက်ခြင်း” ဖြစ်သည်ဟု အဘိဓာန်​တစ်အုပ်​က​ဆို​၏။ အခြားသူ​၏​အခြေအနေ​တွင် ကိုယ်တိုင်​အစားထိုး ခံစား​နိုင်စွမ်း​ရှိ​ခြင်း​ဖြစ်သည်​ဟူ၍လည်း ဆို​သည်။ သို့​ဖြစ်၍ ကိုယ်ချင်းစာ​နာ​တတ်​ရန် ဦးဆုံး​အနေ​နှင့် အခြားသူ​တစ်ဦး၏​အခြေအနေ​များ​ကို နားလည်​သဘောပေါက်​ပြီး ဒုတိယ​အနေ​နှင့် ထို​အခြေအနေ​များ​ကို မျှဝေ​ခံစား​ဖို့ လိုအပ်​သည်။ မှန်သည်၊ ကိုယ်ချင်းစာ​နာ​စိတ်​တွင် ကျွန်ုပ်​တို့၏​နှလုံး​မှ အခြားသူ​၏​ကြေကွဲမှု​ကို ခံစားခြင်း​ပါဝင်​၏။

ဤ​တွင် ဆွေးနွေး​နေသည့် အရည်အသွေးကို ကျမ်းစာ​က နည်း​အမျိုးမျိုးဖြင့် ရည်ညွှန်း​သည်။ တမန်​တော်​ပေတရု​က ‘ကိုယ်ချင်းစာ​နာ​ခြင်း၊ ညီအစ်ကို​ချင်း​ကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်​ခြင်း’ ရှိကြ​ရန် ခရစ်ယာန်​များ​အား ဆုံးမ​ခဲ့​၏။ (၁ ပေတရု ၃:၈) ‘ကိုယ်ချင်းစာ​နာ​ခြင်း’ ဟု​ဘာသာ​ပြန်ဆို​သော ဂရိ​စကားလုံး​သည် စာသား​အရ “အခြားသူ​နှင့်အတူ ခံစား​ရန်” သို့​မဟုတ် “ကြင်နာ​မှု​ပြ​ရန်” ဟူ၍​အဓိပ္ပာယ်​ရှိသည်။ တမန်​တော်​ပေါလု​က “ဝမ်းမြောက်​သော​သူတို့နှင့်​အတူ ဝမ်းမြောက်ခြင်း​ကိုလည်း​ကောင်း၊ ငိုကြွေး​သော​သူတို့နှင့်​အတူ ငိုကြွေးခြင်း​ကိုလည်း​ကောင်း ပြု​ကြ” ရန် ခရစ်ယာန်​ချင်း​များ​အား တိုက်တွန်း​သောအခါ အလားတူ​ခံစားချက်​မျိုး​ရှိဖို့ အားပေးခဲ့​သည်။ “အချင်းချင်း စိတ်သဘော တညီတညွတ်​တည်း ရှိကြလော့” ဟူ၍လည်း ပေါလု​ထပ်ဆင့်​ဆို​သည်။ (ရောမ ၁၂:​၁၅၊ ၁၆) ကျွန်ုပ်​တို့​နှင့်​စပ်ဆိုင်​သူ၏​နေရာတွင် ဝင်၍​နေ​ကြည့်​ခြင်း​မ​ရှိလျှင် ကိုယ်ကို​ကိုယ်​ချစ်​သကဲ့သို့ သူ့ကို​ချစ်​ရန် မဖြစ်​နိုင်​ဟု သင်​သဘောတူ​မည် မဟုတ်လော။

လူတိုင်း​တွင် ပင်ကို​အရ အတိုင်းအတာ​တစ်ခု​အထိ ကိုယ်ချင်းစာ​နာ​စိတ်​ရှိကြ​၏။ အစာ​ငတ်ပြတ်​နေသော​ကလေး​များ သို့​မဟုတ် ပူ​ပင်​သောကရောက်​နေသော ခိုလှုံရာမဲ့​သူများ​၏ ကြေကွဲဖွယ်​မြင်ကွင်း​များ​ကို တွေ့ရ​သောအခါ မည်သူသည် မကြင်နာ​မိ​ဘဲ​နေ​မည်​နည်း။ မေတ္တာ​ရှိသော​မိခင်​သည် ရှိုက်ကြီးတငင်​ငိုကြွေး​နေသော သူ၏​ကလေး​ကို မည်သို့​လျစ်လျူရှု​နိုင်​မည်​နည်း။ သို့သော် ဆင်းရဲခြင်း​ရှိသမျှကို အလွယ်တကူ​သိရှိ​နိုင်​မည်​မဟုတ်​ချေ။ စိတ်ဓာတ်ကျ​ခြင်း၊ မသန်မစွမ်းမှု​ကို ဖုံးကွယ်​ထားခြင်း၊ အစားအသောက်​မူမမှန်ခြင်း ပြဿနာ​များ​ကို ကျွန်ုပ်​တို့​တစ်ခါမျှ မခံစား​ဖူး​လျှင် ထို​အခက်အခဲ​များ​ရှိသူ​၏ ခံစားချက်​များ​ကို နားလည်​သဘောပေါက်​ရန် မည်မျှ​ခက်ခဲ​မည်​တကား! မည်သို့​ဆို​စေ၊ ကျွန်ုပ်​တို့​နှင့် အခြေအနေ​မတူ​သူများ​အပေါ် စာနာစိတ်​တင်ပြ​နိုင်​သည်၊ တင်ပြ​သင့်​သည်​ဟု သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။

ကျမ်းစာ​ပါ ကိုယ်ချင်းစာ​နာ​စိတ်​ရှိ​သူများ​၏ ပုံသက်သေ​များ

ယေဟောဝါ​သည် ကိုယ်ချင်းစာ​နာ​ရာ​တွင် အကောင်းဆုံး​ပုံသက်သေ​ဖြစ်သည်။ ဘုရားသခင်​ကိုယ်တော်တိုင်​သည် စုံလင်​သော်လည်း ကျွန်ုပ်​တို့ကို စုံလင်​ရန် ကိုယ်တော်​မမျှော်လင့်​ချေ၊ “အကြောင်း​မူ​ကား ငါ​တို့​ကိုယ်ခန္ဓာ​ကို သိတော်မူ၏။ ငါ​တို့သည် မြေမှုန့်​ဖြစ်​ကြောင်းကို အောက်မေ့​တော်​မူ​၏။” (ဆာလံ ၁၀၃:၁၄; ရောမ ၅:၁၂) ထို့​ပြင် ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကို ကိုယ်တော်​သိရှိရာ ‘ကျွန်ုပ်​တို့​မခံနိုင်​သော စုံစမ်း​နှောင့်ယှက်ခြင်း​ကို ကျွန်ုပ်​တို့​၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ’ ချေ။ (၁ ကောရိန္သု ၁၀:၁၃) ကိုယ်တော်​သည် မိမိ၏​ကျေးကျွန်​များ​အားဖြင့်လည်း​ကောင်း၊ ဝိညာဉ်​တော်​အားဖြင့်လည်း​ကောင်း ထွက်မြောက်ရာ​လမ်းကို​ရှာတွေ့​ရန် ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​သည်။​—ယေရမိ ၂၅:​၄၊ ၅; တမန်​တော် ၅:၃၂

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော် ခံစားရ​သည့် ဝမ်းနည်း​ကြေကွဲမှု​ကို ကိုယ်တိုင်​ခံစားရ​၏။ ဗာဗုလုန်​မြို့မှ​ပြန်လာ​ကြသော ဂျူး​များ​ကို ကိုယ်တော်​က “သင်တို့ကို​ထိ​သော​သူသည် မျက်ဆန်​တော်​ကို ထိ​သော​သူ​ဖြစ်၏” ဟု​မိန့်ဆိုခဲ့သည်။ (ဇာခရိ ၂:၈) ဘုရားသခင်​၏​ကိုယ်ချင်းစာ​နာ​စိတ်​ကို ကောင်းစွာ​သတိပြုမိ​သော ကျမ်း​ရေးသူ​ဒါဝိဒ်က ကိုယ်တော်​အား “အကျွန်ုပ်​မျက်ရည်​တို့ကို ဘူး​တော်​ထဲမှာ ထည့်​တော်​မူ​ပါ။ စာရင်း​တော်​၌ ရှိပါ​သည်မဟုတ်​လော” ဟု​ပြော​ခဲ့​သည်။ (ဆာလံ ၅၆:၈) ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ သမာဓိ​စောင့်သိ​ရန် ကြိုးစား​အားထုတ်​သောအခါ သူတို့​ကျ​ခဲ့​ရသည့်​မျက်ရည်များ​ကို စာအုပ်​ထဲ​တွင် ရေးမှတ်​ထား​သည့်​အလား သတိရ​တော်​မူ​သည်​ဟု သိရှိ​ရခြင်း​သည် တကယ်​စိတ်သက်သာ​စေပါ​သည်!

ယေရှု​ခရစ်​သည်လည်း မိမိ၏​ကောင်းကင်​ခမည်းတော်​ကဲ့သို့​ပင် အခြားသူများ​၏ ခံစားချက်​များ​ကို အကင်းပါးပါး​သိရှိ​တော်​မူ​သည်။ ကိုယ်တော်​သည် နားပင်း​သူကို အံ့ဖွယ်​နည်းဖြင့် ကုသ​ပေး​သောအခါ သူ့ကို လွန်​စွာ​စိတ်​အနှောင့်အယှက်​မဖြစ်စေ​ရန် သို့​မဟုတ် မထိတ်လန့်​စေရန် လူ​အစုအဝေး​ထဲ​က ခေါ်ထုတ်​သွား​သည်။ (မာကု ၇:​၃၂-၃၅) နောက်​တစ်ကြိမ်​တွင် တစ်ဦးတည်း​သော​သားကို သင်္ဂြိုဟ်​တော့​မည့် မုဆိုးမ​တစ်ဦး​ကို ယေရှု​တွေ့ခဲ့​၏။ ကိုယ်တော်​သည် မုဆိုးမ​ခံစား​နေရ​သော ဝမ်းနည်း​ကြေကွဲမှု​ကို ချက်ချင်း​ခံစား​မိ​၍ ဈာပန​အခမ်းအနား​သို့​သွား​ကာ ထို​လူငယ်​ကို ထမြောက်​ပေး​ခဲ့​သည်။​—လုကာ ၇:​၁၁-၁၆

ယေရှု​ထမြောက်​ပြီး​နောက် ဒမာသက်​မြို့​သွားရာလမ်း​ပေါ်​တွင် ရှောလု​ထံ ကိုယ်တော်​ထင်ရှားပြ​၍ တပည့်တော်​များ​ကို သူ၏​ရက်ရက်စက်စက်​ညှဉ်းပန်းမှု​က မိမိ​အား​ထိခိုက်​ပုံ​ကို ရှောလု​အား သိရှိ​စေ​၏။ “ငါ​ကား သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​သတည်း” ဟု​သူ့ကို ကိုယ်တော်​မိန့်ဆို​၏။ (တမန်​တော် ၉:​၃-၅) ဖျားနေ​သော မိမိ​ကလေး​၏ နာကျင်မှုကို ခံစားရ​သည့် မိခင်​တစ်ဦး​ကဲ့သို့​ပင် ယေရှုသည် မိမိ၏​တပည့်တော်​များ ခံစား​နေရ​သော ဝမ်းနည်း​ကြေကွဲမှု​ကို ကိုယ်တော်တိုင်​ခံစား​ခဲ့​ရသည်။ ထို​နည်းတူ ကောင်းကင်​ယဇ်ပုရောဟိတ်မင်း​အနေ​နှင့် ယေရှုသည် “ငါ​တို့​ခံရ​သော​ဆင်းရဲ . . . များ​ကြောင့် မကြင်နာ​နိုင်သော​သူ​မဟုတ်”၊ ရော​သ​ဟ​မ်​၏​ဘာသာပြန်​ဆို​ချက်​အရ “ငါ​တို့​အားနည်းချက်များ​ကို စာနာ​တတ်” သည်။​—ဟေဗြဲ ၄:၁၅

တမန်​တော်​ပေါလု​သည် အခြားသူများ​၏ ဆင်းရဲခြင်း​များနှင့် ခံစားချက်​များ​ကို အကင်းပါးပါး​သိရှိ​ခဲ့​၏။ “ငါ​မ​နွမ်း​ရိ​ဘဲ အဘယ်သူ​နွမ်း​ရိ​သနည်း။ ငါသည် စိတ်​မ​ပူပန်​ဘဲ အဘယ်သူ​ဖောက်ပြန်​သနည်း” ဟု​သူ​မေးခဲ့သည်။ (၂ ကောရိန္သု ၁၁:​၂၉) ဖိလိပ္ပိ​မြို့ရှိ​ထောင်တွင် ချုပ်နှောင်​ခံ​နေရ​သော ပေါလု​နှင့်​သိလ​တို့ကို ကောင်းကင်တမန်​တစ်ပါး​က အံ့ဖွယ်​နည်းဖြင့် လွှတ်​ပေး​လိုက်​သောအခါ မည်သူမျှ​ထွက်​မ​ပြေး​ပါ​ဟု ထောင်မှူး​အား​အသိပေး​ရန် ပေါလု​ဦးဆုံး​စဉ်းစား​ခဲ့​သည်။ ထို​ထောင်မှူး​သည် ကိုယ့်​ကိုယ်ကို​သတ်​သေ​ပေ​လိမ့်​မည်​ကို ကိုယ်ချင်းစာ​နာ​စွာ ပေါလု​သိရှိ​ခဲ့​၏။ ရောမ​ထုံးစံ​အရ အထူးသဖြင့် သေချာ​စွာ​စောင့်ကြပ်​ရန် ညွှန်ကြား​ထားသော အကျဉ်းသား​တစ်ဦး လွတ်သွား​လျှင် ထောင်မှူး​အား ပြင်းထန်​စွာ​အပြစ်ပေး​မည်​ကို ပေါလု​သိထား​သည်။ (တမန်​တော် ၁၆:​၂၄-၂၈) ပေါလု​၏​ကြင်နာ​မှု​ရှိ အသက်ကယ်​တင်​ခြင်း​လုပ်ရပ်က ထောင်မှူး​၏​စိတ်ထဲ စွဲမှတ်စရာ​ဖြစ်သွား​ပြီး သူနှင့်​သူ၏​အိမ်သူအိမ်သား​များ​အား ခရစ်ယာန်​များ​ဖြစ်လာ​စေ​၏။​—တမန်​တော် ၁၆:​၃၀-၃၄

ကိုယ်ချင်းစာ​နာ​စိတ်​ကို ပျိုးထောင်​နိုင်​ပုံ

ကိုယ်ချင်းစာ​နာ​စိတ်​သည် ကျွန်ုပ်​တို့​မွေးမြူဖို့​လိုအပ်သော အရည်အသွေး​တစ်ခု​ဖြစ်​ရာ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​နှင့် ကိုယ်တော်​၏​သားတော် ယေရှု​ခရစ်​တို့ကို တုပ​ရန် သမ္မာကျမ်းစာ​က ထပ်ခါတလဲ​လဲ အားပေး​တိုက်တွန်း​သည်။ ယင်းကို မည်သို့​မွေးမြူ​နိုင်​မည်​နည်း။ သူတစ်ပါး​၏​လိုအပ်ရာ​များနှင့် ခံစားချက်​များ​ကို အကင်းပါးပါး​သိရှိ​နိုင်​သည့် အဓိက​နည်း​သုံးနည်း​ရှိသည်၊ ၎င်း​တို့​ကား နားထောင်ခြင်း၊ အကဲခတ်​ခြင်း၊ မှန်းဆ​ခြင်း​ဖြစ်၏။

နားထောင်ပါ။ ဂရုတစိုက်​နားထောင်ခြင်း​အားဖြင့် အခြားသူ​ရင်ဆိုင်​နေရ​သော ပြဿနာ​များ​ကို ကျွန်ုပ်​တို့​သိရှိ​ရသည်။ ကျွန်ုပ်​တို့​နားထောင်​လေ​လေ၊ သူတို့၏​စိတ်နှလုံး​ကို​ဖွင့်​၍ သူတို့၏​ခံစားချက်​များ​ကို ပို​၍​ပြောပြ​လေ​လေ​ဖြစ်​ပေမည်။ “အကြီးအကဲ​တစ်ယောက်​ဟာ ကျွန်မ​ပြော​တာ​ကို​နားထောင်ပေး​မယ်​လို့ သိထားရင် သူ့ကို ကျွန်မ​ရင်ဖွင့်​ပြောဆို​နိုင်တယ်” ဟု​မီ​ရီ​အာ​မ်​က ပြောပြ​သည်။ “ကျွန်မ​ရဲ့​ပြဿနာ​ကို သူ​တကယ်ပဲ​နားလည်တယ်​ဆိုတာ ကျွန်မ​သိချင်​တယ်။ ဒါ​ကြောင့် ကျွန်မ​ပြောပြ​သမျှ​ကို သူ​အသေအချာ နားထောင်​နေတယ်​ဆိုတာ​ကို ဖော်ပြ​တဲ့ သူရဲ့​နှိုက်နှိုက်​ချွတ်ချွတ် ကျွန်မ​ကို​မေးတဲ့​မေးခွန်းတွေ​က သူ့​အပေါ် ယုံကြည်​စိတ်ချမှု​တိုးများ​လာ​စေတယ်။”

အကဲခတ်ပါ။ လူတိုင်း​က သူတို့၏​ခံစားချက်​များ၊ သို့​မဟုတ် သူတို့၏​အခက်အခဲ​ကို ကျွန်ုပ်​တို့အား ပွင့်ပွင့်လင်းလင်း​ပြောပြ​မည်​မဟုတ်​ချေ။ အကဲခတ်​လျင်​သူ​တစ်ဦး​မူ​ကား ခရစ်ယာန်​ချင်း​တစ်ဦး စိတ်ဓာတ်ကျ​နေ​ပုံ​ပေါက်​သည့်​အခါ၊ ဆယ်ကျော်သက်​တစ်ဦး ဘာသိဘာသာ​နေ​လာ​သည့်​အခါ၊ ဇွဲရှိ​သော​အမှုဆောင်​တစ်ဦး သူ၏​စိတ်အား​ထက်သန်မှု လျော့နည်းလာ​သည့်​အခါ​တို့ကို သတိပြုမိ​ပါ​လိမ့်​မည်။ မိဘများသည် ပြဿနာ​ဖြစ်ပေါ်​ခါ​စ​အခြေအနေ​ကို သိရှိနိုင်စွမ်း​ရှိဖို့ အရေးကြီး​သည်။ “အမေ့ကို မပြောပြ​ခင် ကျွန်မ​ဘယ်လို​ခံစား​နေရ​တယ်​ဆိုတာ တစ်နည်း​နည်းနဲ့ အမေ​သိ​ပုံ​ရတယ်၊ ဒါ​ကြောင့် ကျွန်မ​ရဲ့​ပြဿနာ​တွေ​ကို အမေ့ကို ပွင့်ပွင့်လင်းလင်း​ပြောပြ​ဖို့ အရမ်း​လွယ်ကူတယ်” ဟု​မာ​ရီ​က ပြောပြ​၏။

သင်၏​မှန်းဆချက်​ကို​အသုံးပြုပါ။ ‘ဒီ​အခြေအနေ​မျိုးမှာ ငါ​ရှိနေရင် ဘယ်လို​ခံစား​ရမလဲ။ ဘယ်လို​တုံ့ပြန်​မလဲ။ ဘာ​လို​နေ​မလဲ’ ဟူသော မေးခွန်းများကို သင့်ကိုယ်​သင်​မေး​ခြင်း​အားဖြင့် ကိုယ်ချင်းစာ​နာ​စိတ်​ကို စေ့ဆော်​ပေး​နိုင်​သည့် တန်ခိုး​အ​ပါ​ဆုံး​နည်း​ဖြစ်သည်။ ယောဘ​အား နှစ်သိမ့်​ပေး​ဟန်ဆောင်​သူ​သုံးဦးသည် ယောဘ​၏​အခြေအနေ​မျိုး​တွင် အစားထိုး​မခံစားနိုင်​ခဲ့​ကြ​ချေ။ သို့​ဖြစ်၍ ယောဘသည် အပြစ်​ကျူးလွန်​ခဲ့​ရမည်ဟု သူတို့​ပြစ်တင်​ဝေဖန်​ခဲ့​ကြ​၏။

မစုံလင်​သော​လူသားများ​သည် ခံစားချက်​များ​ကို နားလည်​သဘောပေါက်​ပေး​ရန်​ထက် အမှား​များ​ကို အလွယ်တကူ​ပြစ်တင်​ဝေဖန်​တတ်ကြ​၏။  သို့သော် ပူ​ပင်​သောကရောက်​နေ​သူ​တစ်ဦး၏​ခံစားချက်​ကို ကြိုးစား​မှန်းဆ​ကြည့်​မည်​ဆိုလျှင် ပြစ်တင်​ဝေဖန်​မည့်​အစား စာနာ​တတ်​ရန် ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ “အကြံဉာဏ်​မပေးခင် အခြေအနေ​တစ်ရပ်လုံး​ကို အသေအချာ​နားထောင်ပြီး နားလည်​ဖို့​ကြိုးစား​တဲ့​အခါ ပို​ကောင်း​တဲ့​အကြံဉာဏ်​ကို ကျွန်တော်​ပေး​လို့​ရတယ်” ဟု​အတွေ့အကြုံ​ရှိ​အကြီးအကဲ​ဖြစ်သူ ဂ​ဝ​မ်​က​ပြောပြ​သည်။

ယင်း​နှင့်​ပတ်သက်​၍ ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော စာအုပ်စာတမ်း​များသည် လူများစွာကို ထောက်ကူ​ပေး​ခဲ့ပြီ။ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​များ​တွင် စိတ်ဓာတ်ကျ​ခြင်း​နှင့် ကလေး​ကို​မတော်မတရား​ပြုမူခြင်း​စ​သော အရှုပ်တော်ပုံ​ပြဿနာ​များ​ကို ဆွေးနွေး​ဖော်ပြ​ခဲ့ပြီ။ ဤ​အချိန်တန် သိသင့်သိအပ်​ရာ​အကြောင်း​များသည် ထိုသို့​သော​ပြဿနာ​များ ကြုံနေ​ရ​ကြ​သည့် ဝမ်းနည်း​ကြေကွဲ​နေ​သူများ​၏ ခံစားချက်​များ​ကို ပိုမို​အကင်းပါးပါး​သိရှိ​ရန် စာဖတ်သူ​များ​အား ထောက်ကူ​ပေး​သည်။ ထို​နည်းတူ၊ လူငယ်များ​အမေး​—တာသွား​သည့်​အဖြေ စာအုပ်​သည်လည်း မိမိတို့​ကလေး​များ​၏​ပြဿနာ​များ​ကို ဖြေရှင်း​ပေး​ရန် မိဘများ​စွာ​ကို ကူညီပေး​ခဲ့ပြီ။

ကိုယ်ချင်းစာ​နာ​စိတ်​သည် ခရစ်ယာန်​လုပ်ငန်းဆောင်တာ​များ​ကို ထောက်ကူ​ပေး

ဝေမျှ​စားသုံး​နိုင်​မည့်​အစာ ကျွန်ုပ်​တို့​တွင်​ရှိလျှင် ငတ်ပြတ်​နေသော ကလေး​တစ်ဦး​အား လျစ်လျူရှု​မည့်​သူ​နည်း​သည်။ ကျွန်ုပ်​တို့​တွင် ကိုယ်ချင်းစာ​နာ​စိတ်​ရှိလျှင် လူတစ်ဦး​၏​ဝိညာဉ်​ရေး​အခြေအနေ​ကိုလည်း သတိပြုမိ​ပါ​လိမ့်​မည်။ သမ္မာကျမ်းစာ​က ယေရှု​အကြောင်း ဤသို့​ဆို​သည်– “ထို​သူတို့သည် ပင်ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မရှိဘဲ ပစ်ထား​သော​သိုး​ကဲ့သို့​ဖြစ်​ကြ​၏။” (မဿဲ ၉:၃၆) ယနေ့ သန်းပေါင်း​များစွာတို့သည် အလားတူ​ဝိညာဉ်​ရေး​အခြေအနေ​မျိုး​တွင် ရှိနေကြ​ပြီး သူတို့ အကူအညီ​လိုလျက်​ရှိကြ​၏။

ယေရှု​ခေတ်​က​ကဲ့သို့​ပင် လူ​အချို့​၏​နှလုံးကို​ထိမိ​ရန် စိတ်​စွန်းကွက်​မှု သို့​မဟုတ် အမြစ်စွဲ​နေပြီ​ဖြစ်သော ဓလေ့​ထုံးစံ​တို့ကို ကျွန်ုပ်​တို့​ကျော်လွှား​ရကြပေမည်။ ကိုယ်ချင်းစာ​နာ​စိတ်​ရှိသော​အမှုဆောင်​သည် မိမိ၏​သတင်းတရားကို ပို​၍​နှစ်သက်စရာ​ဖြစ်စေ​ရန် နှစ်ဦး​နှစ်ဖက်​သဘောတူ​နိုင်သော အကြောင်းအရာ​ရှာတွေ့​ရန် သို့​မဟုတ် လူ​တို့​စိတ်ထဲ​ရှိ​နှင့်​ပြီး​သော အကြောင်းကို​အခြေပြု​ပြောဆို​ရန် ကြိုးစား​၏။ (တမန်​တော် ၁၇:​၂၂၊ ၂၃; ၁ ကောရိန္သု ၉:​၂၀-၂၃) ကိုယ်ချင်းစာ​နာ​စိတ်၏ စေ့ဆော်​ပေး​မှု​ဖြင့် ကြင်နာ​မှု​လုပ်ရပ်များ​က​လည်း ဖိလိပ္ပိ​ထောင်မှူး​၏​အဖြစ်​တွင်​ကဲ့သို့​ပင် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို  ကြားနာသူ​များ​အား  ၎င်းကို​လက်ခံရန်  လွယ်ကူ​စေ​၏။

အသင်းတော်​ရှိ အခြားသူများ​၏​အားနည်းချက်များ​ကို ဗွေ​မယူဖို့ ပံ့ပိုး​ပေး​ရာ​တွင်​လည်း ကိုယ်ချင်းစာ​နာ​စိတ်​က အလွန်​တန်ဖိုး​ရှိ​လှ​၏။ ကျွန်ုပ်​တို့ကို​ပြစ်မှား​သည့် ညီအစ်ကို​တစ်ဦး၏ ခံစားချက်​များ​ကို သဘောပေါက်​နားလည်​ရန် ကြိုးစား​လျှင် သူ့ကို အလွယ်တကူ​ခွင့်လွှတ်​နိုင်​မည်​မှာ သေချာ​သည်။ ကျွန်ုပ်​တို့သည် ထို​အခြေအနေ​မျိုး​တွင်​ရောက်​ပြီး သူ၏​နောက်ခံ​မျိုး ရှိ​မည်​ဆိုလျှင် အလားတူ​တုံ့ပြန်​ခဲ့​ပေမည်။ ယေဟောဝါ​၏​ကိုယ်ချင်းစာ​နာ​စိတ်​က ကိုယ်တော်​အား ‘ကျွန်ုပ်​တို့သည် မြေမှုန့်​ဖြစ်​ကြောင်းကို အောက်မေ့’ စေ​ရာ ကျွန်ုပ်​တို့၏​ကိုယ်ချင်းစာ​နာ​စိတ်​က​လည်း သူတစ်ပါး​၏​အပြစ်​များ​ကို ထည့်သွင်း​စဉ်းစား​ပေး​ပြီး ‘သူတို့၏​အပြစ်ကို​ခွင့်လွှတ်’ ရန်​ကျွန်ုပ်​တို့အား စေ့ဆော်​ပေး​သင့်​သည်မဟုတ်​လော။​—ဆာလံ ၁၀၃:၁၄; ကောလောသဲ ၃:၁၃

အကြံဉာဏ်​ပေးဖို့​လိုအပ်​လျှင် အပြစ်​လုပ်​သူ၏​ခံစားချက်​များနှင့် ထိခိုက်​လွယ်​တတ်သော​သဘောကို ကျွန်ုပ်​တို့​သိ​နားလည်​ထား​ပါ​က ပို​၍​သနား​ကြင်နာ​စွာ​ဖြင့် အကြံပေး​လိမ့်​မည်။ ကိုယ်ချင်းစာ​နာ​တတ်သော ခရစ်ယာန်​အကြီးအကဲ​သည် သူ့ကိုယ်သူ ဤသို့​သတိပေး​၏– ‘ဒီလို​အမှား​မျိုး ငါလည်း​လုပ်မိ​နိုင်တယ်။ သူ့လို ငါလည်း​ဖြစ်​နိုင်တယ်။’ ထို့​ကြောင့် ပေါလု​က “အပြစ်​သွေးဆောင်ခြင်း​နှင့် ကိုယ်တိုင်​လွတ်​မည်​အကြောင်း ကိုယ်ကို​သတိပြု​လျက် သိမ်မွေ့​နူးညံ့​သော​သဘော​နှင့် ထိုသို့​သော​သူကို​မ​စ၍ သူ၏​နေရာ၌ တည်မြဲ​တည်စေ​ပြန်​ကြလော့” ဟု​အားပေး​သည်။​—ဂလာတိ ၆:၁

ခရစ်ယာန်​ချင်း​တစ်ဦး​က အကူအညီ​မ​တောင်း​ဝံ့​သော်လည်း ကျွန်ုပ်​တို့​တွင် ကူညီ​နိုင်စွမ်း​ရှိလျှင် ကိုယ်ချင်းစာ​နာ​စိတ်​က လက်တွေ့ကျ​အကူအညီ​ပေးဖို့ စေ့ဆော်​ပေး​နိုင်၏။ တမန်​တော်​ယောဟန်​က ဤသို့​စာရေး​သည်– “အကြင်သူသည် လော[က]စည်းစိမ်ဥစ္စာ​ရှိ​လျက်​ပင် မိမိ​ညီအစ်ကို​ဆင်းရဲခြင်း​ကို​မြင်​၍ သနားခြင်း . . . စိတ်​ကို​ချုပ်တည်း​၏၊ ထို​သူ၌ ဘုရားသခင်​၏​မေတ္တာတော်​သည် အဘယ်​သို့​တည်​မည်​နည်း။ . . . ငါ​တို့သည် စကားပြော​ကာ​မျှ​အားဖြင့်​သာ​မချစ်​ဘဲ စိတ်ပါ​ကိုယ်​ရောက် ဧကန်​အမှန်ချစ်​ကြ​ကုန်​အံ့။”​—၁ ယောဟန် ၃:​၁၇၊ ၁၈

“စိတ်ပါ​ကိုယ်​ရောက်” ချစ်​ရန် ပထမ​ဦးစွာ ကျွန်ုပ်​တို့​ညီအစ်ကို​၏ အဓိက​လိုအပ်ရာ​များ​ကို မြင်တတ်ဖို့​လို​သည်။ ကူညီ​ပေးဖို့​ရည်ရွယ်ချက်​ဖြင့် အခြားသူများ​၏​လိုအပ်ရာ​များ​ကို သေချာ​စွာ​ဂရုစိုက်​သလော။ ၎င်း​က ကိုယ်ချင်းစာ​နာ​စိတ်​ပင်​ဖြစ်၏။

ကိုယ်ချင်းစာ​နာ​စိတ်​ကို ပျိုးထောင်​လော့

ကျွန်ုပ်​တို့သည် ပင်ကိုသဘော​အရ ကိုယ်ချင်းစာ​နာ​စိတ် ရှိ​ချင်​မှ​ရှိ​မည်၊ သို့​တိုင် ဤ​စာနာစိတ်​ကို ကျွန်ုပ်​တို့​ပျိုးထောင်​ပေး​နိုင်၏။ ကျွန်ုပ်​သည် ဂရုတစိုက်​နားထောင်​မည်၊ အကဲခတ်​လျင်မြန်​မည်၊ သူတစ်ပါး​၏​အခြေအနေ​မျိုး​တွင် မိမိကိုယ်ကို မကြာခဏ အစားထိုး​နေ​ကြည့်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ကိုယ်ချင်းစာ​နာ​စိတ် ရှင်သန်​လာ​ပါ​လိမ့်​မည်။ သို့​ပြုခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ကလေး​များ၊ အခြား​ခရစ်ယာန်​များနှင့် အိမ်နီးချင်း​များ​အား ချစ်ခြင်း​မေတ္တာ၊ ကြင်နာ​မှု​နှင့် သနားခြင်း​ကို ပိုမို​ပြသ​ရန် စေ့ဆော်​ခံရ​ပါ​လိမ့်​မည်။

တစ်ကိုယ်ကောင်း​စိတ်​ကြောင့် သင်၏​ကိုယ်ချင်းစာ​နာ​စိတ် ဖုံးဖိ​လွှမ်း​အုပ်​မသွား​စေပါ​နှင့်။ ပေါလု​က “ကိုယ်​အမှုအရာ​ကို​သာ​မ​ရှု​မ​မှတ်​ဘဲ သူ့​အမှုအရာ​ကို အချင်းချင်း​ရှုမှတ်​ကြလော့” ဟု​ရေးသားခဲ့​သည်။ (ဖိလိပ္ပိ ၂:၄) ကျွန်ုပ်​တို့၏​ထာဝရ​အနာဂတ်​သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​မင်းကြီး ယေရှု​ခရစ်​တို့၏ ကိုယ်ချင်းစာ​နာ​စိတ်​အပေါ် မူတည်​၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​တွင် ဤ​အရည်အသွေးကို ပြုစု​ပျိုးထောင်​ရန် ကျင့်ဝတ်​တရား​ရှိပါ​သည်။ ကျွန်ုပ်​တို့၏​ကိုယ်ချင်းစာ​နာ​စိတ်​သည် သာ၍​ကောင်းသော အမှုဆောင်​များနှင့် သာ၍​ကောင်းသော မိဘများ ဖြစ်လာ​စေနိုင်​၏။ ထို​ထက်​ကား ကိုယ်ချင်းစာ​နာ​စိတ်​သည် “ခံယူ​ခြင်း​ထက် ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိစေသည်” ဟု​သိမြင်​လာ​စေပါ​လိမ့်​မည်။​—တမန်​တော် ၂၀:​၃၅က​ဘ။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကိုယ်ချင်းစာ​နာ​စိတ်​တွင် ကူညီပေး​ရန်​ရည်ရွယ်ချက်​ဖြင့် အခြားသူများ​၏​လိုအပ်ရာ​များ​ကို အသေအချာ​ဂရုစိုက်​ခြင်း​ပါဝင်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

မေတ္တာ​ရှိ​မိခင်​တစ်ဦး သူ၏​ကလေး​အပေါ် ပင်ကို​သဘာဝ​ဖြစ်ပေါ်​လာ​သည့် ကိုယ်​ချင်း စာနာစိတ်​မျိုး ကျွန်ုပ်​တို့​ပြသ​ရန် သင်ယူ​မည်​လော