မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဆုတောင်းရာ​တွင် “ယေရှု၏​နာမ၌” ဟူ၍​မပြော​ဆို​ဘဲ ဘုရားသခင်​ထံ ချဉ်းကပ်​ခြင်း​သည် သင့်လျော်​ပါသလော။

ယေဟောဝါ​ထံ​ချဉ်းကပ်​လို​သူ ခရစ်ယာန်​များသည် ဆုတောင်းရာ​တွင် ယေရှု၏​နာမ​ဖြင့် ဆုတောင်း​သင့်​ကြောင်း ကျမ်းစာ​က​ဖော်ပြ​၏။ မိမိ​တပည့်တော်​များ​အား ယေရှု​က “ငါ့ကို​အ​မှီ​မပြုလျှင် အဘယ်သူမျှ​ခမည်းတော်​ထံ​သို့​မရောက်ရ” ဟု​မိန့်ဆို​တော်​မူ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​ထပ်​ဆို​သည်– “သင်တို့သည် ငါ​၏​နာမကို​အမှီပြုလျက် ဆုတောင်း​သမျှ​အတိုင်း ငါ​ပြု​မည်။ အကြောင်း​မူ​ကား၊ ခမည်းတော်​သည် သားတော်​အားဖြင့် ဘုန်းထင်ရှား​တော်​မူ​ခြင်း​ရှိ​မည်​အကြောင်း​တည်း။ သင်တို့သည် ငါ​၏​နာမကို​အမှီပြု၍ တစ်စုံတစ်ခု​သော​ဆု​ကို​တောင်းလျှင်၊ တောင်း​သည်​အတိုင်း​ငါ​ပြု​မည်။”—ယောဟန် ၁၄:၆၊ ၁၃၊ ၁၄

ယေရှု၏​ပြိုင်ဘက်​ကင်း​သော​ရာထူးကို​ရည်ညွှန်း​ကာ Cyclopedia of Biblical, Theological, and Ecclesiastical Literature က ဤသို့​ဆို​၏– “အာမခံ ယေရှု​ခရစ်​မှ​တစ်ဆင့် ဘုရားသခင်​တစ်ပါး​တည်း​ထံ​ဆုတောင်း​ရမည်။ ထို့​ကြောင့် စိန့်​များ၊ သို့​မဟုတ် ကောင်းကင်တမန်​များ​ထံ အသနားခံ​ဆုတောင်းခြင်း​သည် အကျိုးမရှိ​ရုံ​မ​က ရှုတ်ချ​ရာ​ကျ​သည်။ မည်မျှ​တိုင်​ချီးမြှင့်​ခံရ​သည့်​သတ္တဝါ​ဖြစ်ပါစေ ၎င်းကို ဝတ်ပြုခြင်း​သည် ရုပ်ပုံ​ကိုးကွယ်​ခြင်း​ဖြစ်​ပြီး ထိုသို့​မပြု​ရန် ပညတ်တော်​တွင် ကျပ်တည်း​စွာ​တားမြစ်​ထား​၏။”

တစ်စုံ​တစ်ဦး​က တွေ့ ကြုံ​မှု​ကောင်း​တစ်ခု​ရပြီး​နောက် “ယေရှု၏​နာမ၌” ဟူ၍​မပါဘဲ “ကျေးဇူး​တင်​ပါ​တယ် ယေဟောဝါ” ဟု ပြောဆို​ပါ​က အသို့နည်း။ ယင်းက မသင့်​တော်​ဟု​ဆို​မည်​လော။ ထိုသို့​မဆို​နိုင်​ပါ။ ခရစ်ယာန်​တစ်ဦး​သည် ရုတ်တရက်​အန္တရာယ်​ကြုံ​ပြီး “ယေဟောဝါ၊ အကျွန်ုပ်​ကို ကယ်​တော်​မူ​ပါ” ဟု​အော်ဟစ်​လိုက်​သည်​ဆို​ကြပါစို့။ ကိုယ်တော်​၏​ကျေးကျွန်​သည် “ယေရှု၏​နာမ၌” ဟု မပြော​ဆို​သောကြောင့် ဘုရားသခင်​သည် မကူညီ​ဘဲ​နေ​လိမ့်​မည်​မဟုတ်​ချေ။

သို့ရာတွင် ဘုရားသခင်​ထံ​ရည်စူး၍ အသံ​ကျယ်ကျယ်​ဖြင့် ပြောဆို​သည့်​တိုင် ယင်းသည် ဆုတောင်းချက်​ဖြစ်သည်ဟု မဆို​နိုင်​ပေ။ ဥပမာ၊ ကာဣန​သည် ညီ​အာဗေလ​ကို သတ်​သည့်​အတွက် ယေဟောဝါ​၏​စီရင်​ဆုံးဖြတ်​မှု​ကို​ခံရ​ပြီး​နောက် ဤသို့​ဆို​လေ​၏– “အကျွန်ုပ်​အပြစ်​သည် မဖြေနိုင်​အောင်​ကြီး​ပါသလော။ အကျွန်ုပ်​ကို​မြေကြီး​ပြင်​မှ ယနေ့​နှင်ထုတ်​တော်​မူ​ပြီ မျက်နှာတော်​ကိုလည်း​မမြင်​ရ။ မြေကြီး​ပေါ်မှာ​ပြေး​ရသော​သူ အရပ်ရပ်​လည်​ရသော​သူ​ဖြစ်ပါ​ရမည်။ တွေ့​သမျှ​သော​သူတို့သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်။” (ကမ္ဘာဦး ၄:၁၃၊ ၁၄) ကာဣန​သည် ယေဟောဝါ​အား​ပြောဆို​နေ​သော်လည်း စိတ်​လှုပ်ရှား​၍ ပြော​သော​စကား​များ​က အပြစ်​၏​အ​ခ​ကို သူ​စိတ်​နာကြည်း​စွာ​ပြောဆို​နေခြင်း​ဖြစ်သည်။

သမ္မာကျမ်းစာ​က​ဤသို့​ဆို​၏– “ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား ကျေးဇူးပြု​တော်​မူ​၏။” အကြီးမြတ်ဆုံး​အရှင်​အား လူသား​တစ်ဦးမျှ​ကဲ့သို့​ယူမှတ်​ကာ ကိုယ်တော်​နှင့်​စကားစမြည်​ပြောဆိုခြင်း​သည် နှိမ့်ချမှု​မရှိ​ရာ​ရောက်​သည်။ (ယာကုပ် ၄:၆; ဆာလံ ၄၇:၂; ဗျာဒိတ် ၁၄:၇) ထို့​အပြင် ယေရှု၏​အခန်းကဏ္ဍနှင့်​ပတ်သက်​၍ ကျမ်းစာ​ဖော်ပြ​ထား​ရာ​ကို သိရှိပြီး​နောက် ယေရှု​ခရစ်​ကို အသိအမှတ်​မပြု​ဘဲ တမင်တကာ​ဆုတောင်းခြင်း​သည်လည်း မ​ခန့်​လေးစား​ပြု​ရာ​ကျ​သည်။—လုကာ ၁:၃၂၊ ၃၃

ကျွန်ုပ်​တို့​ဆုတောင်း​သောအခါ အထူး​ပုံစံ​တစ်ခု၊ သို့​မဟုတ် ပုံသေနည်း​တစ်ခု​ရှိ​ရန် ယေဟောဝါ​တောင်းဆို​သည်​ဟု မဆိုလို​ပါ။ အဓိကကျ​သည့်​အချက်​တစ်ခု​မှာ လူတစ်ဦး​၏​နှလုံး​အခြေအနေ​ဖြစ်သည်။ (၁ ဓမ္မ​ရာဇဝင် ၁၆:၇) ပထမ​ရာစု​တွင် ကော်နေလိ​အမည်​ရှိ ရောမ​စစ်​အရာရှိ​တစ်ဦး​သည် “ဘုရားသခင်​ထံ [အဆက်မပြတ်] ဆု[တောင်း]၏။” အရေဖျား​မ​လှီး​သည့် တစ်ပါး​အမျိုးသား​ဖြစ်သူ ကော်နေလိ​သည် ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံထားသူ​မဟုတ်​ချေ။ သူသည် ယေရှု၏​နာမ၌ ဆုတောင်း​ခဲ့​မည်​မဟုတ်သော်လည်း သူ၏​ဆုတောင်းချက်​များသည် “ဘုရားသခင့်​ရှေ့တော်၌ အောက်မေ့​စ​ရာ​ဖို့” ဖြစ်​ခဲ့​၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကော်နေလိ​သည် “ဘုရား[သခင်]ဝတ်၌​မွေ့လျော်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ရှိ” သော​သူ​ဖြစ်​ကြောင်း “နှလုံးကို​စစ်ဆေး​တော်​မူ​သော​အရှင်” တွေ့ မြင်တော်မူ​သောကြောင့်​ဖြစ်၏။ (တမန်​တော် ၁၀:၂၊ ၄; သု. ၁၇:၃) “နာဇရက်​မြို့သား​ယေရှု” ကို​သိကျွမ်း​လာ​သည့်​အခါ ကော်နေလိ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ရရှိ​ပြီး ယေရှု၏​နှစ်ခြင်း​ခံ တပည့်တော်​တစ်ဦး ဖြစ်လာ​လေ​သည်။—တမန်​တော် ၁၀:၃၀-၄၈

အဆုံးစွန်​မှာ မည်သည့်​ဆုတောင်းချက်​များ​ကို ဘုရားသခင်​နားညောင်း​တော်​မူ​ကြောင်း လူသား​တို့ ဆုံးဖြတ်​ရန်​မဟုတ်​ချေ။ ခရစ်ယာန်​တစ်ဦး​သည် ဘုရားသခင်​ထံ မကြာခဏ​စကားပြော​ဆို​၍ “ယေရှု၏​နာမ၌” ဟူ​သည့်​အသုံးအနှုန်း​ကို အသုံးမပြု​မိ​ပါ​က အပြစ်ရှိ​သည်​ဟု​ခံစား​နေစရာ​မလိုပါ။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကို အပြည့်အဝ​သိရှိ​တော်​မူ​ပြီး ကျွန်ုပ်​တို့ကို ကူညီပေး​လို​တော်​မူ​၏။ (ဆာလံ ၁၀၃:၁၂-၁၄) ကျွန်ုပ်​တို့သည် “ဘုရားသခင့်​သားတော်” ကို​ယုံကြည်ပြီး “ကိုယ်တော့်​အလိုတော်နှင့်​အညီ တစ်စုံတစ်ခု​သော​ဆု​ကို​တောင်း” မည်​ဆိုလျှင် “ဘုရားသခင်​နားထောင်​တော်​မူ​မည်” ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ (၁ ယောဟန် ၅:၁၃၊ ၁၄) အထူးသဖြင့် လူထုရှေ့ အခြားသူများ​ကိုယ်စား ဆုတောင်း​သည့်​အခါ စစ်မှန်သော​ခရစ်ယာန်​များသည် ကျမ်းစာ​တွင်​ဖော်ပြ​ထား​သည့် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​၌ ယေရှု၏​အခန်းကဏ္ဍကို အသိအမှတ်ပြု​ကြသည်။ ထို့​ကြောင့် သူတို့သည် ယေရှု​မှ​တစ်ဆင့် ဘုရားသခင်​ထံ​ဆုတောင်းရာ​တွင် ကိုယ်တော့်​ကို နာခံမှု​ရှိ​ရှိ ဂုဏ်တင်​ဖို့ ကြိုးစား​ကြသည်။