မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ပညတ်တော်များသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်

ဘုရားသခင့်ပညတ်တော်များသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်

ဘုရားသခင့်​ပညတ်တော်​များသည် ကျွန်ုပ်​တို့​အကျိုးအတွက်​ဖြစ်

“ကိုယ်တော်​၏​ပညတ်​ကို အကျွန်ုပ်​မြတ်နိုး​လှ​ပါ​၏!”—ဆာလံ ၁၁၉:၉၇၊ က​ဘ။

၁။ ဘုရားသခင့်​ပညတ်တော်​များ​ကို နာခံခြင်း​နှင့်​ပတ်သက်​၍ အများ​၏​သဘောထား​ကား အဘယ်နည်း။

ယနေ့ ဘုရားသခင့်​ပညတ်တော်​များ​ကို နာခံခြင်း​သည် လူကြိုက်များ​သော​အရာ​မဟုတ်ပါ။ မျက်မြင်မရ​သော အထက်​အာဏာပိုင်​၏​အလိုကို လိုက်လျော​ခြင်း​သည် လူအများ​အတွက် အဓိပ္ပာယ်​ရှိ​ပုံ​မ​ပေါက်​ချေ။ ကျွန်ုပ်​တို့သည် ကိုယ်ကျင့်တရား​ဆိုင်ရာ ဆက်နွှယ်ခြင်း​ပြ​ဝါဒ​ပျံ့နှံ့​သော၊ အမှား​နှင့်​အမှန် ပြတ်ပြတ်သားသား​မထင်ရှား​သော အလွန်​ဝေခွဲ​ရ​ခက်​သည့်​ခေတ်တွင် အသက်ရှင်​နေကြ​သည်။ (သု. ၁၇:၁၅; ဟေရှာယ ၅:၂၀) လောက​ရေး​သက်​သက်​ကို​သာ အမှု​ထားသော​အသိုင်းအဝိုင်း​များ​၏ စဉ်းစား​တွေးခေါ်ပုံ​ကို ထင်ဟပ်ပြ​ရာ​၌ မကြာသေးမီ​က ကောက်ယူ​ခဲ့​သော​ဆန္ဒ​မဲ​က “အမေရိကန်​လူမျိုး​အများစု​သည် အမှား၊ အမှန်​နှင့် အဓိပ္ပာယ်​ရှိသော​အရာ​တို့ကို မိမိတို့​ဘာသာ​ဆုံးဖြတ်​လို​ကြ​ကြောင်း” ဖော်ပြ​ခဲ့​သည်။ သူတို့သည် “တင်းမာ​သော​ဘုရားသခင် အလို​မရှိ။ တင်းကျပ်သော​စည်းမျဉ်း​များ အလို​မရှိ။ ကိုယ်ကျင့်တရား အခိုင်အမာ​ယုံကြည်ချက်​ရှိသော သို့​မဟုတ် အခြား​ယုံကြည်ချက်​ရှိသော ဩဇာ​ပြင်း​သော​အထက်​လူကြီး​များ အလို​မရှိ” ကြ​ချေ။ လူမှုရေး​ဆန်းစစ်​လေ့လာသူ​တစ်ဦး​က ယနေ့ “ကောင်းမွန်​၍ သန့်ရှင်း​ဖြူစင်​သော​ဘဝ​သည် အဘယ်အရာ​ဖြစ်သည်​ကို မိမိတို့​ဘာသာ​ဆုံးဖြတ်​ကြဖို့​ဖြစ်သည်” ဟု​ဖော်ပြ​ခဲ့​သည်။ သူ​ဤသို့​ဆက်​ပြော​ခဲ့​သည်– “မည်သည့်​အထက်​အာဏာပိုင်​မျိုး​မဆို​သည် တကယ့်​လူတို့၏​လိုအပ်ရာ​များနှင့်​အညီ မိမိတို့၏​အမိန့်အာဏာ​ကို ဆီလျော်​စေ​ရမည်။”

၂။ သမ္မာကျမ်းစာ​တွင် ပညတ်​အကြောင်း ဦးဆုံး​ဖော်ပြချက်​သည် ဘုရားသခင့်​ကောင်းချီး၊ မျက်နှာသာ​ရခြင်း​နှင့် မည်သို့​ဆက်စပ်​သနည်း။

ယေဟောဝါ​ပညတ်တော်​များ​၏ အဖိုးတန်မှု​ကို စောဒကတက်​ကြ​သူ များ​လှ​သောကြောင့် ဘုရားသခင့်​ပညတ်တော်​များသည် ကျွန်ုပ်​တို့​အကျိုးအတွက်​ဖြစ်သည်​ဟူသော ခံယူ​ချက်​ကို ကျွန်ုပ်​တို့​ခိုင်မာ​စေဖို့​လို​သည်။ ပညတ်​အကြောင်း သမ္မာကျမ်းစာ​တွင် ဦးဆုံး​ဖော်ပြ​သည့်​မှတ်တမ်း​ကို သုံးသပ်​သင့်ပါသည်။ ကမ္ဘာဦး ၂၆:၅ တွင် ဘုရားသခင်​ဤသို့​ဆို​သည်ကို ကျွန်ုပ်​တို့​ဖတ်​ရသည်– “အာဗြဟံ​သည် . . . ငါ​စီရင်​မှာ​ထားသော ပညတ်တရား​အမျိုးမျိုး​တို့ကို စောင့်ရှောက်​သတည်း။” အာဗြဟံ​၏​သားစဉ်မြေးဆက်​များ​အား ပညတ်​ဥပဒေ​ကို​မပေး​မီ ရာစုနှစ်များစွာ​က​ပင် ထိုစကား​များ​ကို ယေဟောဝါ​မြွက်ဆို​ခဲ့​၏။ ဘုရားသခင်​၏​ပညတ်​များ​ကို​နာခံခြင်း​အပါအဝင် အာဗြဟံ​၏​နာခံမှု​ကို ကိုယ်တော်​မည်သို့​ဆုချ​ခဲ့​သနည်း။ သူ့ကို ယေဟောဝါ​ဘုရားသခင်​ဤသို့​ကတိပြု​၏– “သင်၏​အမျိုးအနွယ်​အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို​ခံရ​ကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) သို့ဖြင့် ဘုရားသခင့်​ပညတ်​များ​ကို နာခံခြင်း​သည် ဘုရားသခင့်​ကောင်းချီး၊ ကိုယ်တော်​၏​မျက်နှာသာ​ရခြင်း​နှင့် အနီးကပ်​ဆက်စပ်​သည်။

၃။ (က) ယေဟောဝါ​၏​ပညတ်တော်​နှင့်​ပတ်သက်​၍ အဘယ်​ခံစားချက်​ကို ဆာလံဆရာ​တစ်ဦး​ဖော်ပြ​ခဲ့​သနည်း။ (ခ) အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​အလေးဂရုပြု​သင့်​သနည်း။

ယုဒ​မင်းသား​နှင့် မင်းလောင်း​တစ်ပါး​ဖြစ်​နိုင်​သူ ဆာလံဆရာ​တစ်ဦး​က ပညတ်​နှင့်​စပ်လျဉ်း၍ အများအားဖြင့် ဖြစ်လေ့​မရှိသည့် ခံစားချက်​ကို​ဖော်ပြ​ခဲ့​သည်။ “ကိုယ်တော်​၏​ပညတ်​ကို အကျွန်ုပ်သည် မြတ်နိုး​လှ​ပါ​၏!” ဟု​ဘုရားသခင်​ကို သူ​ကြွေးကြော်​ခဲ့​သည်။ (ဆာလံ ၁၁၉:၉၇က​ဘ) ယင်းသည် စိတ်​လှုပ်ရှားမှု​ဆိုင်ရာ ပွင့်​အံ​ပြောဆိုခြင်း​မျှ​မဟုတ်ပါ။ ဘုရားသခင့်​ပညတ်တော်​၌ တင်ပြ​ထားသော ကိုယ်တော်​၏​အလိုတော်ကို ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​ပြောဆိုခြင်း​ဖြစ်သည်။ ဘုရားသခင်​၏​စုံလင်သော​သားတော် ယေရှု​ခရစ်​၌​လည်း အလားတူ​ခံစားချက်​များ​ရှိ၏။ ယေရှု​က “အကျွန်ုပ်၏​ဘုရားသခင် ကိုယ်တော်​၏​အလိုကို​ဆောင်​ရာ​၌ အကျွန်ုပ်သည် အားရ​ဝမ်းမြောက်​ပါ​၏။ ကိုယ်တော်​၏​တရားသည်​လည်း အကျွန်ုပ်​နှလုံး​ထဲမှာ​ရှိပါ၏” ဟု​မိန့်တော်မူ​ခဲ့​ကြောင်း ပရောဖက်ပြု​ဖော်ပြ​ထား​သည်။ (ဆာလံ ၄၀:၈; ဟေဗြဲ ၁၀:၉) ကျွန်ုပ်​တို့​ကော။ ဘုရားသခင့်​အလိုတော်ကို​ဆောင်ရန် ကျွန်ုပ်​တို့အား​ရ​ဝမ်းမြောက်​ကြ​သလော။ ယေဟောဝါ​၏​ပညတ်တော်​တို့သည် အသုံးကျ​ပြီး အကျိုးရှိ​ကြောင်းကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​သလော။ ကျွန်ုပ်​တို့၏​ဝတ်ပြုရေးတွင်​ဖြစ်စေ၊ ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင်​ဖြစ်စေ၊ ဆုံးဖြတ်ချက်​များ​ချ​ချိန်​တွင်​ဖြစ်စေ၊ အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင်​ဖြစ်စေ ဘုရားသခင့်​ပညတ်တော်​များ​ကို​နာခံခြင်း​သည် အဘယ်​နေရာ၌​ရှိ​သနည်း။ ဘုရားသခင့်​ပညတ်တော်​ကို ချစ်​မြတ်နိုး​ရန် ဘုရားသခင်​သည် ပညတ်တော်​များ​ကို အဘယ်ကြောင့်​ချပေး​၍ ၎င်းတို့ကို​အတည်ပြု​စေ​ပိုင်ခွင့်​ရှိကြောင်း ကျွန်ုပ်​တို့​ကောင်းစွာ​နားလည်​ထား​သင့်​သည်။

ယေဟောဝါ—ပညတ်​ပေး​ပိုင်ရှင်

၄။ ယေဟောဝါ​သည် အဘယ်ကြောင့် ပညတ်​ပေး​ပိုင်ခွင့်​အရှိဆုံး​ပုဂ္ဂိုလ်​ဖြစ်သနည်း။

ဖန်ဆင်း​ရှင်​အဖြစ် ယေဟောဝါ​သည် စကြဝဠာ​တွင် ပညတ်​ပေး​ပိုင်ခွင့်​အရှိဆုံး​ပုဂ္ဂိုလ်​ဖြစ်သည်။ (ဗျာဒိတ် ၄:၁၁) ပရောဖက်​ဟေရှာယ​က “ထာဝရ​ဘုရား​သည် ငါ​တို့၏ ပညတ်တရား​ရှင်​ဖြစ်​တော်​မူ​၏” ဟု​ဖော်ပြ​ခဲ့​သည်။ (ဟေရှာယ ၃၃:၂၂) ကိုယ်တော်​သည် သက်ရှိ​နှင့် သက်မဲ့​များ​ကို​ထိန်းချုပ်​သည့် ရူပ​နိယာမ​တရား​များ​ကို ချမှတ်​ထားခဲ့​ပြီ။ (ယောဘ ၃၈:၄-၃၈; ၃၉:၁-၁၂; ဆာလံ ၁၀၄:၅-၁၉) ဘုရားသခင်​၏​ဖန်ဆင်း​ရာ​အနေ​နှင့် လူသည် ယေဟောဝါ​၏​ရူပ​နိယာမ​တရား​အောက်​၌​ရှိ၏။ လူသည် လွတ်လပ်​စွာ​ရွေးချယ်ခွင့်​ရှိပြီး မိမိ​ဘာသာ​ဆင်ခြင်​သုံးသပ်နိုင်စွမ်း​ရှိသော်လည်း ဘုရားသခင်​၏​ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​ဆိုင်ရာ​ပညတ်​များ​ကို နာခံ​လိုက်လျှောက်​မှ​သာ ပျော်ရွှင်​နိုင်​သည်။—ရောမ ၁၂:၁; ၁ ကောရိန္သု ၂:၁၄-၁၆

၅။ ဘုရားသခင့်​ပညတ်တော်​များနှင့်​ပတ်သက်​၍ ဂလာတိ ၆:၇ ပါ​မူ​သည် မှန်ကန်ကြောင်း မည်သို့​ထင်ရှား​သနည်း။

ကျွန်ုပ်​တို့​သိ​ကြ​သည့်​အတိုင်း ယေဟောဝါ​၏​ရူပ​နိယာမ​တရား​များ​ကို ချိုးဖျက်​၍​မရချေ။ (ယေရမိ ၃၃:၂၀၊ ၂၁) ဥပမာ၊ ဆွဲငင်အား​နိယာမ​ကဲ့သို့​သော ရူပ​နိယာမ​တရား​အချို့​ကို လူတစ်ဦး​ဆန့်ကျင်​မည်​ဆိုလျှင် အကျိုးဆက်ကို​ခံရ​၏။ အလားတူ ဘုရားသခင်​၏​ကိုယ်ကျင့်တရား​ပညတ်​များ​ကို မပြောင်းလဲ​နိုင်၊ မ​ရှောင်တိမ်း​နိုင်၊ ပြစ်ဒဏ်​မခံရ​ဘဲ ကျူးလွန်​၍​မရချေ။ ၎င်းတို့၏​အကျိုးဆက်ကို ချက်ချင်း​ခံရ​ချင်​မှ​ခံရ​မည်​ဖြစ်သော်လည်း ၎င်းတို့သည် ကိုယ်တော်​၏​ရူပ​နိယာမ​တရား​များ​ကဲ့သို့ အမှန်​ပြဋ္ဌာန်း​ထား​တော်​မူ​၏။ “ဘုရားသခင်​သည် မထီမဲ့မြင်​ပြုခြင်း​ကို​ခံ​တော်​မ​မူ။ လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်။”—ဂလာတိ ၆:၇; ၁ တိမောသေ ၅:၂၄

ယေဟောဝါ​၏​ပညတ်တရား​နယ်ပယ်

၆။ ဘုရားသခင့်​ပညတ်တော်​များသည် မည်မျှ​အကျုံးဝင်​သနည်း။

ဘုရားသခင့်​ပညတ်တော်​တွင် အထင်ရှားဆုံး​မှာ မောရှေ​ပညတ်​ဖြစ်သည်။ (ရောမ ၇:၁၂) အချိန်တန်သော် ယေဟောဝါ​ဘုရားသခင်​သည် မောရှေ​ပညတ်​ကို “ခရစ်တော်​၏​တရား” နှင့်​အစားထိုး​ခဲ့​သည်။ * (ဂလာတိ ၆:၂; ၁ ကောရိန္သု ၉:၂၁) “လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံလင်သော​တရား” အောက်​၌​ရှိသော ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​သိထားကြသည်​မှာ ဘုရားသခင်​သည် အယူဝါဒ​ပိုင်း​ဆိုင်ရာ ယုံကြည်ချက်များ သို့​မဟုတ် ထုံးတမ်း​စဉ်​လာ​အခမ်းအနား​များ အစ​ရှိသည့် ကျွန်ုပ်​တို့၏​ဘဝ​ကဏ္ဍ​အချို့​ကို​သာ လမ်းညွှန်ချက်​ချမှတ်​ထားခြင်း​မဟုတ်​ချေ။ ကိုယ်တော်​၏​စံနှုန်း​များသည် မိသားစု​ကိစ္စ​များ၊ စီးပွားရေး​လုပ်ငန်းများ၊ လိင်​ခြား​သူနှင့်​ပတ်သက်သော​အမူအကျင့်၊ ခရစ်ယာန်​ချင်း​များ​အပေါ် သဘောထား​နှင့် စစ်မှန်သော​ဝတ်ပြုရေး​၌ ပါဝင်ခြင်း​အစ​ရှိသော ဘဝ​ကဏ္ဍ​အားလုံး​တွင် အကျုံးဝင်​သည်။—ယာကုပ် ၁:၂၅၊ ၂၇

၇။ ဘုရားသခင်​၏ အရေးပါသော​ပညတ်တော်​အချို့​ကို ဖော်ပြ​ပါ။

ဥပမာ၊ သမ္မာကျမ်းစာ​က​ဤသို့​ဆို​၏– “မတရားသော​မေထုန်​၌​မှီဝဲ​သော​သူ၊ ရုပ်[ပုံ]ကိုကိုး​ကွယ်​သော​သူ၊ သူ့​မယား​ကို​ပြစ်မှား​သော​သူ၊ ယောက်ျား​ချင်း​မေထုန်​ကို​ပြုသောသူ၊ ထို​အမှုကို​ခံ​သော​သူ၊ သူ့​ဥစ္စာ​ကို​ခိုး​သော​သူ၊ လောဘ​လွန်ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​သော​သူ၊ ဆဲရေး​ကဲ့ရဲ့​သော​သူ၊ အနိုင်အထက်​လုယူ​သော​သူတို့သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) မှန်ပါသည်၊ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​နှင့် မတရားမေထုန်​ပြုခြင်း​တို့သည် “ချစ်​ရေး​ကြိုက်​ရေး” မျှ​သာ​မဟုတ်ပါ။ လိင်​တူ​မေထုန်ပြု​ခြင်း​သည် “ဘဝ​ပုံစံ​နောက်​တစ်မျိုး” မျှ​သာ​မဟုတ်ပါ။ ယင်း​တို့သည် ယေဟောဝါ​၏​ပညတ်တော်​ကို ချိုးဖောက်​ခြင်း​ဖြစ်၏။ ခိုးခြင်း၊ လိမ်လည်​ခြင်း​နှင့်​သွားပုပ်လေလွင့်​ပြောဆိုခြင်း အစ​ရှိသည်​တို့​လည်း ထို​နည်းတူ​ပင်။ (ဆာလံ ၁၀၁:၅; ကောလောသဲ ၃:၉; ၁ ပေတရု ၄:၁၅) ဝါကြွားခြင်း​ကို ယာကုပ်​ရှုတ်ချ​ပြောဆို​ခဲ့​ပြီး ပေါလု​က မတော်မလျော်​သော ညစ်ညူး​ပြ​က်​ပြ​ယ် ပြက်ရယ်ပြု​သော​စကား​များ​ကို​ရှောင်ရန် ကျွန်ုပ်​တို့ကို​အကြံပေး​ခဲ့​သည်။ (ဧဖက် ၅:၄; ယာကုပ် ၄:၁၆) ခရစ်ယာန်​များ​အတွက် အမူအကျင့်​နှင့်​ဆိုင်သော ဤ​ညွှန်ကြားချက်​များသည် ဘုရားသခင်​၏​စုံလင်သော​ပညတ်တော်​၌​ပါဝင်​သည်။—ဆာလံ ၁၉:၇

၈။ (က) ယေဟောဝါ​၏​ပညတ်​သည် အဘယ်​အမျိုးအစား​ဖြစ်သနည်း။ (ခ) “ပညတ်” ဟု​ပြန်ဆို​သည့် ဟေဗြဲ​စကားလုံး​၏ အခြေခံ​အဓိပ္ပာယ်​ကား​အဘယ်နည်း။

ယေဟောဝါ​၏ နှုတ်မြွက်​စကားတော်​ပါ ဤ​အခြေခံ​စည်းမျဉ်း​ဥပဒေ​များ​က ကိုယ်တော်​၏​ပညတ်တော်​သည် ခံစားမှု​မရှိ၊ ဥပဒေ​ပြဋ္ဌာန်းချက် စာရင်း​ဇယား​မျှ​သာ​မဟုတ်​ကြောင်း​ဖော်ပြ​သည်။ ၎င်း​သည် ကောင်းကျိုး​ပြုသော အမူအကျင့်​ကဏ္ဍ​အားလုံး​နှင့် မျှတမှု​ရှိသော၊ အကျိုး​ဖြစ်ထွန်း​သော​ဘဝ၏​အခြေခံ​ကို ဖြစ်ပေါ်​စေ​သည်။ ဘုရားသခင့်​ပညတ်တော်​သည် တည်ဆောက်မှု​ဖြစ်စေ​သည်၊ လူ့​ကျင့်ဝတ်​နှင့်​ဆိုင်​ပြီး အသိပညာ​ပေး​သည်။ (ဆာလံ ၁၁၉:၇၂) ဆာလံဆရာ​အသုံးပြု​ခဲ့​သော “ပညတ်” ဟူသော​စကားလုံး​ကို ဟေဗြဲ​စကားလုံးတိုရာ​မှ​ဘာသာပြန်​ထား​သည်။ ကျမ်း​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​၏– “ဤ​စကားလုံး​သည် ညွှန်ကြား​ရန်၊ လမ်းပြ​ရန်၊ ချိန်ရွယ်​ရန်၊ ရှေ့သို့​ပစ်ခတ်​ရန်​ဟု​အဓိပ္ပာယ်​ရှိသော ကြိယာ​မှ​လာ​သည်။ သို့​ဖြစ်၍ ယင်း​၏ . . . အဓိပ္ပာယ်​သည် အမူအကျင့်​ဆိုင်ရာ​စည်းမျဉ်း​ဖြစ်​ပေမည်။” ဆာလံဆရာ​အတွက် ပညတ်တော်​သည် ဘုရားသခင်​ထံ​တော်​မှ ဆုကျေးဇူး​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း ယင်းကို အလားတူ​မှတ်ယူ​တန်ဖိုး​ထား​ကာ ကျွန်ုပ်​တို့၏​ဘဝကို ၎င်း​ဖြင့်​ပုံသွင်း​သင့်​သည်မဟုတ်​လော။

၉၊ ၁၀။ (က) အားကိုး​အားထား​နိုင်သော ညွှန်ကြားမှု​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​လိုအပ်​သနည်း။ (ခ) ကျွန်ုပ်​တို့သည် နှစ်လိုဖွယ်​ကောင်းပြီး အောင်မြင်​သော​ဘဝကို မည်သို့​အားဖြင့်​သာ ရရှိနိုင်​ကြ​သနည်း။

သတ္တဝါ​အားလုံး အားကိုး​အားထား​နိုင်သော​ညွှန်ကြားမှု​နှင့် ယုံကြည်​စိတ်ချ​ရသော​လမ်းပြမှု​လို​သည်။ လူ​ထက်​သာ၍​မြင့်မြတ်​သော ယေရှု​နှင့် အခြား​ကောင်းကင်တမန်​များလည်း ထိုသို့​အမှန်​ဖြစ်သည်။ (ဆာလံ ၈:၅; ယောဟန် ၅:၃၀; ၆:၃၈; ဟေဗြဲ ၂:၇; ဗျာဒိတ် ၂၂:၈၊ ၉) ဤ​စုံလင်သော​ဖန်ဆင်း​ရာ​များသည် ဘုရားသခင့်​လမ်းညွှန်မှု​မှ အကျိုး​ခံစား​နိုင်​သည်​ဆိုလျှင် မစုံလင်​သော​လူသားများ​သည် ထို​ထက်မက​အကျိုး​ခံစား​ရဖို့ အကြောင်း​ပို​များ​မည်! လူ့​သမိုင်း​နှင့် ကျွန်ုပ်​တို့​ကိုယ်ပိုင်​၏​အတွေ့အကြုံ​က ပရောဖက်​ယေရမိ​၏ ဤ​ဖော်ပြချက် ခိုင်လုံ​ကြောင်းကို သက်သေထူ​သည်– “အို​ထာဝရ​ဘုရား လူသည် မိမိ​သွားရာလမ်းကို​အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်​သည်ကို အကျွန်ုပ်​သိပါ​၏။”—ယေရမိ ၁၀:၂၃

၁၀ ကျွန်ုပ်​တို့သည် နှစ်လိုဖွယ်​ကောင်းပြီး အောင်မြင်​သော​ဘဝ​ရ​လို​ပါ​က ဘုရားသခင်​၏​လမ်းညွှန်မှု​ရရှိရန်​လို​သည်။ ဘုရားသခင့်​လမ်းညွှန်မှု​မပါဘဲ ကိုယ်ပိုင်​စံနှုန်း​များ​အတိုင်း အသက်ရှင်ခြင်း​၏​အန္တရာယ်ကို ရှောလမုန်​ဘုရင် ဤသို့​အသိအမှတ်ပြု​ခဲ့​သည်– “လူ​ထင်​သည်​အတိုင်း မှန်သော​လက္ခဏာ​ရှိသော်လည်း အဆုံး​၌ သေခြင်း​သို့​ပို့​သော လမ်း​တစ်မျိုး​ရှိ၏။”—သု. ၁၄:၁၂

ဘုရားသခင့်​ပညတ်တော်​ကို တန်ဖိုး​ထား​မြတ်နိုး​ဖို့ အကြောင်းရင်း​များ

၁၁။ ဘုရားသခင့်​ပညတ်တော်​ကို နားလည်​လို​စိတ် ကျွန်ုပ်​တို့​၌ အဘယ်ကြောင့်​ရှိ​သင့်​သနည်း။

၁၁ ယေဟောဝါ​၏​ပညတ်တော်​ကို ကောင်းစွာ​နားလည်​လို​သော​စိတ်​ကို ကျွန်ုပ်​တို့​မွေးမြူ​သင့်​သည်။ ဆာလံဆရာ​က “တရားတော်​၌ အံ့ဖွယ်သော​အရာ​တို့ကို မြင်နိုင်​ပါ​မည်​အကြောင်း အကျွန်ုပ်၏​မျက်စိတို့ကို​ဖွင့်​တော်​မူ​ပါ” ဟု​ဆို​သောအခါ ထိုသို့​သော​တောင့်တ​မှု​ကို သူ​ဖော်ပြ​ခဲ့​သည်။ (ဆာလံ ၁၁၉:၁၈) ဘုရားသခင်​နှင့် ကိုယ်တော်​၏​နည်းလမ်းတော်​များ​ကို ကျွန်ုပ်​တို့​သိလာ​လေ​လေ ဟေရှာယ​၏​ဤ​စကား​များ​မှန်ကန်​သည်ကို ကျွန်ုပ်​တို့​ပို​၍​သဘောပေါက်​လာ​လေ​လေ​ဖြစ်​မည်– “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။ သင်သည် ငါ​၏​ပညတ်​တို့ကို စောင့်ရှောက်​ပါစေ​သော။” (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါ​၏​လူမျိုးတော်သည် ပညတ်တော်​များ​ကို အာရုံ​စူးစိုက်​ခြင်း​အားဖြင့် ဘေးအန္တရာယ်​ကို​ရှောင်​၍ မိမိ၏​ဘဝကို​ပျော်မွေ့​စေရန် ကိုယ်တော်​အလွန်​အလိုရှိ​တော်​မူ​သည်။ ဘုရားသခင့်​ပညတ်တော်​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​မြတ်နိုး​သင့်​သည့် အဓိက​အကြောင်းရင်း​အချို့​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

၁၂။ ကျွန်ုပ်​တို့ကို ယေဟောဝါ​သိရှိ​ထားခြင်း​က ကိုယ်တော်​အား အကောင်းဆုံး​ပညတ်ပေးရှင် မည်သို့​ဖြစ်စေ​သနည်း။

၁၂ ဘုရားသခင့်​ပညတ်တော်​သည် ကျွန်ုပ်​တို့ကို​အသိဆုံး​ပုဂ္ဂိုလ်​ထံ​မှ​လာ​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​ဖြစ်သော​ကြောင့် လူသား​တို့ကို ကိုယ်တော်​အကြွင်းမဲ့​သိမည်​မှာ ကျိုးကြောင်း​ဆီလျော်​သည်။ (ဆာလံ ၁၃၉:၁၊ ၂; တမန်​တော် ၁၇:၂၄-၂၈) ရင်းနှီးသော​မိတ်ဆွေများ၊ ဆွေမျိုး​များနှင့် မိဘများ​ပင် ယေဟောဝါ​ကဲ့သို့ ကျွန်ုပ်​တို့ကို​မသိနိုင်​ကြ​ချေ။ ကျွန်ုပ်​တို့​ကိုယ်ကို​သိ​သည်ထက်​ပင် ဘုရားသခင်​သည်ကျွန်ုပ်​တို့ကို​ပို​၍​သိတော်မူ​ပါ​သည်! ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး၊ စိတ်​လှုပ်ရှားမှု၊ စိတ်ပိုင်း​နှင့် ကာယပိုင်း​လိုအပ်ရာ​များ​ကို မည်သူ​ထက်​မဆို သိ​နားလည်​တော်​မူ​၏။ ကျွန်ုပ်​တို့ကို ကိုယ်တော်​အာရုံစိုက်​သော​ခါ ကျွန်ုပ်​တို့၏​တည်ဆောက်​ပုံ၊ ကျွန်ုပ်​တို့၏​လိုအင်ဆန္ဒ​များနှင့် ရည်မှန်းချက်​များ​ကို အတွင်းကျကျ​သိ​နားလည်​ကြောင်း ဖော်ပြ​တော်​မူ​၏။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကို သိထား​တော်​မူ​၏၊ သို့သော် ကျွန်ုပ်​တို့ ကောင်းမှု​ပြု​နိုင်​ကြောင်းကို​လည်း သိတော်မူ၏။ ဆာလံဆရာ​က “ငါ​တို့​ကိုယ်ခန္ဓာ​ကို​သိတော်မူ၏။ ငါ​တို့သည်​မြေမှုန့်​ဖြစ်​ကြောင်းကို အောက်မေ့​တော်​မူ​၏” ဟု​ဆို​သည်။ (ဆာလံ ၁၀၃:၁၄) ထို့​ကြောင့် ဘုရားသခင့်​လမ်းညွှန်မှုကို ကျွန်ုပ်​တို့​တလိုတလား​ခံယူ​လျက် ကိုယ်တော်​၏​ပညတ်တော်​အတိုင်း ကြိုးစား​လိုက်လျှောက်​သောအခါ ဝိညာဉ်​ရေး​လုံခြုံမှု​ကို ကျွန်ုပ်​တို့​ခံစား​ရနိုင်​ကြသည်။—သု. ၃:၁၉-၂၆

၁၃။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို အကောင်းဆုံး​အကျိုးကျေးဇူးများ ရစေ​လို​ကြောင်း အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၃ ဘုရားသခင့်​ပညတ်တော်​သည် ကျွန်ုပ်​တို့ကို​ချစ်​မြတ်နိုးသော​ပုဂ္ဂိုလ်​ထံ​မှ​လာ​သည်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ထာဝရ​ကောင်းကျိုး​ကို အလွန်​လိုလား​တော်​မူ​၏။ မိမိ၏​သားတော်ကို “လူများ​အတွက် ရွေးနုတ်​ရာ” အဖြစ်​ပေးခြင်း​သည် ကိုယ်တော့်​အတွက် ကြီးမားသော​အနစ်နာခံ​မှု​တစ်ခု​မဟုတ်ပေ​လော။ (မဿဲ ၂၀:၂၈က​ဘ) ‘ကျွန်ုပ်​တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို အခွင့်ပေး​တော်​မ​မူ’ ဟု​ယေဟောဝါ​ကတိပြု​ထား​သည်မဟုတ်​ပေ​လော။ (၁ ကောရိန္သု ၁၀:၁၃) ကိုယ်တော်​သည် ‘ကျွန်ုပ်​တို့ကို ဂရုစိုက်​တော်​မူ​၏’ ဟု သမ္မာကျမ်းစာ​အာမခံ​သည်မဟုတ်​လော။ (၁ ပေတရု ၅:၇) ဖန်ဆင်း​ထား​ရာ​လူသားကို အကျိုးပြု​မည့်​လမ်းညွှန်မှု​များ​ပေး​ရန် ယေဟောဝါ​ထက် သာ၍​မေတ္တာ​ရှိ​စွာ စိတ်ဝင်စားသူ​မရှိပါ။ ကျွန်ုပ်​တို့အတွက် အဘယ်အရာ​ကောင်း​သည်၊ အဘယ်အရာက​ပျော်ရွှင်မှု​ပေး​သည်၊ အဘယ်အရာက ဝမ်းနည်း​စေမည်​ကို ကိုယ်တော်​သိတော်မူ၏။ ကျွန်ုပ်​တို့သည် မစုံလင်သူ​များ​ဖြစ်​ကြ​ပြီး အမှား​များ​ပြု​ကြသော်လည်း ဖြောင့်မတ်​စွာ​ကျင့်​မည်​ဆိုလျှင် အသက်ရှင်​၍ ကောင်းချီး​များ​ခံစား​စေ​မည့်​နည်းဖြင့် ကိုယ်တော်​၏​မေတ္တာကို တင်ပြ​တော်​မူ​၏။—ယေဇကျေလ ၃၃:၁၁

၁၄။ ဘုရားသခင့်​ပညတ်တော်​သည် အဘယ်​အရေးပါသော​နည်းဖြင့် လူ့​အတွေးအခေါ်​နှင့် ကွာခြား​သနည်း။

၁၄ ဘုရားသခင့်​ပညတ်တော်​သည် မပြောင်းလဲ​နိုင်​ကြောင်း စိတ်ချ​နိုင်​သည်။ ကျွန်ုပ်​တို့​အသက်ရှင်နေ​သော ကသောင်းကနင်း​အချိန်၌ ယေဟောဝါ​သည် တည်ငြိမ်​သော​ကျောက်၊ ရှေး​အစဉ်အဆက်​မှ နောက်​အစဉ်အဆက်​အထိ တည်ရှိ​တော်​မူ​သည်။ (ဆာလံ ၉၀:၂) ကိုယ်တော်တိုင်​အကြောင်း ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည် ယေဟောဝါ​ဖြစ်၏။ ငါသည် ပြောင်းလဲခြင်း​မရှိ။” (မာလခိ ၃:၆က​ဘ) ကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​သည့် ဘုရားသခင့်​စံနှုန်း​များသည် အမြဲတစေ​ပြောင်းလဲ​တတ်​သည့် လူ့​အတွေးအခေါ်​များနှင့်​မတူ အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​နိုင်၏။ (ယာကုပ် ၁:၁၇) ဥပမာ၊ စိတ်​ပညာရှင်​များသည် ကလေး​အား ပေါက်​လွှတ်​ကြီးပြင်း​လာ​စေခြင်း​ကို နှစ်ချီ၍ ထောက်ခံ​ပြောဆို​ခဲ့​ကြ​၏၊ သို့သော် နောက်ပိုင်း​တွင် သူတို့​မှ​အချို့​သည် စိတ်ပြောင်း​လဲသွား​ကြ​ပြီး သူတို့၏​အကြံပေး​ချက် မှား​ကြောင်း ဝန်ခံခဲ့​ကြသည်။ ၎င်းနှင့်​ပတ်သက်သော လောက​စံနှုန်း​များနှင့် လမ်းညွှန်မှု​များသည် လေ​ယူ​ရာ​ယိမ်း​သကဲ့သို့​ဖြစ်သည်။ သို့သော် ယေဟောဝါ​၏​စကားတော်​သည် တိမ်းယိမ်း​ခြင်း​မရှိပေ။ သမ္မာကျမ်းစာ​က သားသမီး​များ​ကို မေတ္တာဖြင့် မည်သို့​မွေးမြူ​ရမည်​အကြောင်း ရာစုနှစ်ချီ​အကြံပေး​ထား​သည်။ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “အဘ​တို့၊ ကိုယ်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ မပြု​ကြ​နှင့်။ သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြုလျက် ကျွေးမွေး​ကြလော့။” (ဧဖက် ၆:၄) ယေဟောဝါ​၏​စံနှုန်း​များ​ကို ကျွန်ုပ်​တို့အား​ကိုး​အားထား​နိုင်​ကြောင်း; ၎င်း​စံနှုန်း​များသည် ပြောင်းလဲ​မည်​မဟုတ်​ကြောင်း​သိရ​ခြင်း​သည် မည်မျှ​အားရှိစရာ​ပါ​တကား!

ဘုရားသခင့်​ပညတ်တော်​များ​ကို နာခံ​သူတို့​အတွက် ကောင်းချီး​များ

၁၅၊ ၁၆။ (က) ယေဟောဝါ​၏​စံနှုန်း​များ​ကို ကျွန်ုပ်​တို့​လိုက်နာ​ကျင့်သုံး​လျှင် အဘယ်​အကျိုး​ရမည်​နည်း။ (ခ) ဘုရားသခင့်​ပညတ်တော်​များသည် အိမ်ထောင်ရေး​တွင် ကောင်းသော​လမ်းညွှန်မှု မည်သို့​ဖြစ်​နိုင်​သနည်း။

၁၅ ဘုရားသခင်​သည် မိမိ၏​ပရောဖက်​ဟေရှာယ​အားဖြင့် ဤသို့​ဆို​ခဲ့​သည်– “ငါ​၏​နှုတ်[မြွက်]စကား​သည် . . . အောင်​လိမ့်​မည်။” (ဟေရှာယ ၅၅:၁၁) ထို​နည်းတူ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​၌​ပါ​သော စံနှုန်း​များ​ကို ဇွဲရှိ​ရှိ​ကြိုးစား​လိုက်နာ​ကြသောအခါ ကျွန်ုပ်​တို့​အောင်မြင်​မည်၊ ကောင်းမှု​ကို​ပြီးမြောက်​စေ​၍ ပျော်ရွှင်မှု​တွေ့ရှိ​ရ​ပါ​လိမ့်​မည်။

၁၆ ဘုရားသခင့်​ပညတ်တော်​များသည် အောင်မြင်​သော​အိမ်ထောင်ရေး​အတွက် မည်သို့​လမ်းညွှန်မှု​ကောင်း​ဖြစ်​ကြောင်း သုံးသပ်ကြည့်​ပါ။ “ခပ်သိမ်း​သော​သူတို့၌ မင်္ဂလာဆောင်ခြင်း​အမှု​နှင့် သစ္စာ​သံဝါသပြု​ခြင်း​အမှုသည် အသရေ​ရှိစေ​လော့။ မတရားသော​မေထုန်​ကို​ပြုသောသူ​နှင့် သူ့​မယား​ကို​ပြစ်မှား​သော​သူကို ဘုရားသခင်​စစ်ကြော​စီရင်တော်မူ​လိမ့်​မည်” ဟု​ပေါလု​ရေးသားခဲ့​သည်။ (ဟေဗြဲ ၁၃:၄) အိမ်ထောင်ဖက်​များသည် တစ်ဦး​ကိုတစ်​ဦး ရိုသေ​လေးမြတ်၍ မေတ္တာရှိကြ​ဖို့​ဖြစ်သည်– “သင်တို့သည် အသီးအသီး​ကိုယ်ကို​ကိုယ်​ချစ်​သကဲ့သို့ ကိုယ်​ခင်ပွန်း​ကို​ချစ်​ကြလော့။ မိန်းမသည်​လည်း ကိုယ်​ခင်ပွန်း​ကို ရိုသေခြင်း​ရှိစေ​လော့။” (ဧဖက် ၅:၃၃) ၁ ကောရိန္သု ၁၃:၄-၈ တွင်​ဖော်ပြ​ထားသော​မေတ္တာ​မျိုး​ရှိဖို့လို​သည်– “မေတ္တာသည် စိတ်ရှည်​တတ်၏။ ကျေးဇူးပြု​တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်း​မရှိ၊ ဝါကြွားခြင်း​မရှိ၊ မာန်​မာန​မရှိ။ မ​လျောက်ပတ်​စွာ​မကျင့်​တတ်၊ ကိုယ်​အကျိုးကို​မ​ရှာ​တတ်၊ ဒေါသ​အမျက်မထွက်​တတ်၊ အပြစ်ရှိ​သည်​ဟု​မထင်​တတ်၊ မတရားသော​အမှု၌​ဝမ်းမြောက်ခြင်း​မရှိ​တတ်၊ [အမှန်]တရား၌​ဝမ်းမြောက်​တတ်၏။ ခပ်သိမ်း​သော​အရာ​ကို​ဖုံးအုပ်​တတ်၏။ ခပ်သိမ်း​သော​အရာ​ကို​ယုံတတ်​၏။ ခပ်သိမ်း​သော​အရာ​ကို​မျှော်လင့်​တတ်၏။ ခပ်သိမ်း​သော​အရာ​ကို​သည်းခံ​တတ်၏။ မေတ္တာသည် ဖောက်ပြန်​ခြင်း​သဘော​နှင့် အစဉ်​ကင်းလွတ်​၏။” ဤ​မေတ္တာ​မျိုး​ရှိသော​အိမ်ထောင်သည် ပျက်​လိမ့်​မည်​မဟုတ်။

၁၇။ အရက်ယမကာ​သုံးစွဲခြင်း​နှင့်​ပတ်သက်သော ယေဟောဝါ​၏​စံနှုန်း​များ​ကို လိုက်နာ​ကျင့်သုံး​ခြင်း​မှ အဘယ်​အကျိုးကျေးဇူး​ရသနည်း။

၁၇ ယေဟောဝါ​၏​စံနှုန်း​များသည် အကျိုးပြု​ကြောင်း​ထင်ရှား​သည့် အထောက်အထား​နောက်တစ်ခု​မှာ သောက်ကြူး​ခြင်း​ကို ကိုယ်တော်​တားမြစ်​ခြင်း​ဖြစ်သည်။ ‘စပျစ်​ရည်​သောက်ကြူး’ ခြင်း​ကို​ပင် ကိုယ်တော်​မနှစ်သက်​ချေ။ (၁ တိမောသေ ၃:၃၊ ၈; ရောမ ၁၃:၁၃) ဤ​ကိစ္စ​တွင် ဘုရားသခင့်​စံနှုန်း​များ​ကို လျစ်လျူရှု​သူ များစွာ​သည် သောက်ကြူး​ခြင်း​ကြောင့် ဖြစ်ပေါ်​လာသော သို့​မဟုတ် ပို​၍​ဆိုးဝါး​စေသော ရောဂါ​များ​ကို​ရ​ကြသည်။ တော်သင့်ရုံ​ပြုခြင်း​နှင့်​ပတ်သက်သော ကျမ်းစာ​အကြံပေး​ချက်​ကို လျစ်လျူရှု​ကြ​ရာ အချို့​တို့သည် “စိတ်​ပြေ​လက်​ပျောက်​ဖြစ်စေ” ဖို့ အလွန်အကျွံ​သောက်​သည့်​အကျင့်​ရသွား​ကြသည်။ သောက်ကြူး​ခြင်း​ကြောင့် ရိုသေ​လေးစား​ခံရ​မှု​ဆုံးရှုံး​ခြင်း၊ မိသားစု​ဆက်ဆံ​ရေး​တင်းမာခြင်း၊ မိသားစု​ပြိုကွဲခြင်း၊ ငွေ​ဖြုန်းတီးခြင်း​နှင့် အလုပ်​လက်မဲ့​ဖြစ်​ခြင်း​တို့​အပါအဝင် ပြဿနာ​များစွာ​ပေါ်လာ​သည်။ (သု. ၂၃:၁၉-၂၁၊ ၂၉-၃၅) အရက်ယမကာ​သုံးစွဲခြင်း​နှင့်​ပတ်သက်သော ယေဟောဝါ​၏​စံနှုန်း​များသည် အကွယ်အကာ​မဖြစ်​ပေ​လော။

၁၈။ ဘုရားသခင့်​ပညတ်တော်​များသည် ငွေကြေး​ကိစ္စ​များ​တွင် လက်တွေ့ကျပါ​သလော။ ရှင်းပြပါ။

၁၈ ဘုရားသခင့်​စံနှုန်း​များသည် ငွေ​ရေး​ကြေး​ရေး​ကိစ္စ​များ​တွင်​လည်း လက်တွေ့ကျ​ကြောင်း​ထင်ရှား​သည်။ သမ္မာကျမ်းစာ​က ရိုး​ဖြောင့်၍ လုံ့လ​ဝီရိယ​ရှိဖို့ ခရစ်ယာန်​များ​ကို​တိုက်တွန်း​သည်။ (လုကာ ၁၆:၁၀; ဧဖက် ၄:၂၈; ကောလောသဲ ၃:၂၃) ဤ​အကြံပေး​ချက်​ကို ခရစ်ယာန်​များ​လိုက်နာ​ကြသော​ကြောင့် ရာထူး​တိုးမြှင့်​ခံရ​ကြသည် သို့​မဟုတ် အခြားသူများ အလုပ်​မှ ထုတ်​ပယ်​ခံရ​ချိန်​တွင် သူတို့​အလုပ်​၌​မြဲ​ကြသည်။ လောင်းကစားခြင်း၊ ဆေးလိပ်​သောက်​ခြင်း​နှင့် မူးယစ်​ဆေး​အလွဲသုံးခြင်း အစ​ရှိသည့် ကျမ်းစာ​နှင့်​မညီသော​အကျင့်​များ အလွန်အကျွံ​စွဲ​မှုများ​ကို ရှောင်ကြဉ်​သောအခါ ငွေ​ရေး​ကြေး​ရေး​ဘက်တွင်​လည်း အကျိုးကျေးဇူး​များစွာ​ရှိသည်။ ဘုရားသခင့်​စံနှုန်း​များ​ဆိုင်ရာ လက်တွေ့ကျ​စီးပွားရေး​အခြေအနေ​များ​ကို သင်​အမှန်​စဉ်းစား​ကြည့်​နိုင်​သည်။

၁၉၊ ၂၀။ ဘုရားသခင့်​ပညတ်တော်​များ​ကို လက်ခံ​၍ ကိုင်စွဲ​ထားခြင်း​သည် အဘယ်ကြောင့်​ပညာရှိ​လမ်းစဉ်​ဖြစ်သနည်း။

၁၉ မစုံလင်​သော​လူသားများ​သည် ဘုရားသခင့်​ပညတ်တော်​များနှင့် စံနှုန်း​များ​မှ သွေဖည်​သွားဖို့​လွယ်ကူ​သည်။ သိနာ​တောင်ပေါ်​မှ ဣသရေလ​လူမျိုး​အကြောင်း စဉ်းစား​ကြည့်​ပါ။ သူတို့ကို​ဘုရားသခင် ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါ့​စကား​ကို​အမှန်​နားထောင်​၍ ငါ့​ပဋိညာဉ်​ကို​စောင့်ရှောက်​လျှင် အခြားသော​လူမျိုးတကာ​တို့​ထက် သင်တို့သည် ငါ​ပိုင်ထိုက်​သော ဘဏ္ဍာတော်​ဖြစ်​ရ​ကြလိမ့်မည်။” သူတို့ ဤသို့​တုံ့ပြန်​ခဲ့​ကြသည်– “ထာဝရ​ဘုရား​မိန့်တော်မူ​သမျှ​တို့ကို အကျွန်ုပ်​တို့သည်​ပြု​ပါ​မည်။” သို့​တိုင် သူတို့​ရွေးချယ်​ခဲ့​သော​လမ်းစဉ်​နှင့် တခြား​စီ​ပင်! (ထွက်မြောက်ရာ ၁၉:၅၊ ၈; ဆာလံ ၁၀၆:၁၂-၄၃) သူတို့နှင့်​မတူဘဲ ဘုရားသခင့်​စံနှုန်း​များ​ကို လက်ခံ​၍ ကိုင်စွဲ​ထား​ကြပါစို့။

၂၀ ပျော်ရွှင်မှု​ရစေသော ပညာရှိ​လမ်းစဉ်​မှာ ကျွန်ုပ်​တို့၏​အသက်တာကို လမ်းညွှန်​ပေးဖို့ ယေဟောဝါ​ပြင်ဆင်​ပေး​ထား​သည့် တု​နှိုင်း​မရ ပညတ်တော်​များ​ကို အနီးကပ်​လိုက်လျှောက်ခြင်း​ဖြစ်သည်။ (ဆာလံ ၁၉:၇-၁၁) ယင်းကို​အောင်မြင်စွာ​ပြုလုပ်​ရန် ဘုရားသခင့်​မူများ​၏​တန်ဖိုး​ကို ပိုင်းခြား​နားလည်​ဖို့​လည်း​လို​သည်။ ယင်းသည် နောက်​ဆောင်းပါး​၏ အကြောင်းအရာ​ပင်​တည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 “ခရစ်တော်​၏​တရား” အကြောင်း အသေးစိတ်​ဆွေးနွေးချက်​ကို​သိ​လိုလျှင် ကင်းမျှော်စင်၊ ၁၉၉၆၊ စက်တင်ဘာ ၁၊ စာမျက်နှာ ၁၄-၂၄ ကို​ရှု။

သင်​မှတ်မိ​သလော

• ဘုရားသခင့်​ပညတ်တော်​များသည် ကျွန်ုပ်​တို့​အကျိုးအတွက်​ဖြစ်​ကြောင်း အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

• အဘယ်​အကြောင်းရင်း​များ​ကြောင့် ယေဟောဝါ​၏​ပညတ်တော်​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​မြတ်နိုး​သင့်​သနည်း။

• ဘုရားသခင့်​ပညတ်တော်​များသည် အဘယ်​နည်းများဖြင့် အကျိုးပြု​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

အာဗြဟံ​သည် ယေဟောဝါ​၏​ပညတ်တော်​ကို နာခံခြင်း​အတွက် ကြွယ်ဝ​စွာ​ကောင်းချီး​ရရှိခဲ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယနေ့ အလုပ်များ​လှ​သော​ဘဝ၏ စိုးရိမ်​ပူပန်မှု​များ​က လူများစွာကို ဘုရားသခင့်​ပညတ်တော်​မှ လမ်းလွဲ​စေ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​ပညတ်တော်​သည် ကျောက်ဆောင်​ပေါ်​ရှိ မီးပြတိုက်​ကဲ့သို့ တည်မြဲ​၍ မပြောင်းလဲ​နိုင်