ယခုပင် လုံခြုံမှုခံစားရခြင်း—ထာဝစဉ် လုံခြုံနေခြင်း
ယခုပင် လုံခြုံမှုခံစားရခြင်း—ထာဝစဉ် လုံခြုံနေခြင်း
လုံခြုံမှုကို အဘယ်ကြောင့်တွေ့ရခဲပြီး၊ တွေ့ရှိပါကလည်း အဘယ်ကြောင့် ယာယီမျှသာဖြစ်ရသနည်း။ လုံခြုံမှုအပေါ် ကျွန်ုပ်တို့၏သဘောထားက စိတ်ကူးယဉ်ခြင်းမျှသာလော၊ ရရှိနိုင်သောအရာထက် ရရှိရန်မျှော်လင့်သည့်အရာမျှသာလော။ ထိုကဲ့သို့ထင်ယောင်ထင်မှားဖြစ်ခြင်းကို စိတ်ကူးယဉ်ကမ္ဘာထဲ အသက်ရှင်နေခြင်းဟု ခေါ်ဆိုကောင်းခေါ်ဆိုနိုင်သည်။
စိတ်ကူးယဉ်ခြင်းသည် လုံခြုံမှုမရှိသောဘဝမှ လူတစ်ဦး၏စိတ်ကို ထွက်ခွာသွားစေပြီး အိပ်မက်မျှဖြစ်သည့် အလွန်လှပလုံခြုံသော အခြေအနေထဲဝင်ရောက်စေ၏၊ ၎င်းအိပ်မက်ကို ပျက်စီးစေမည့် မည်သည့်အရာကိုမျှ လက်မခံချေ။ သို့သော် တကယ့်လောက၏ပြဿနာများက ဤစိတ်ကူးယဉ်ကမ္ဘာထဲသို့ ရုတ်တရက် အတင်းဝင်ရောက်လာပြီး စိတ်ကူးယဉ်နေသူအား အဖြစ်မှန်ကို အလေးအနက်တွေးတောစေကာ သူ၏ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုကို မညှာမတာ ဖျက်ဆီးပစ်လေ့ရှိသည်။
လူတို့လုံခြုံမှုရှာဖွေကြသည့် နယ်ပယ်တစ်ခုဖြစ်သော ပထဝီဝင်နေရာဒေသကို သုံးသပ်ကြည့်ကြပါစို့။ ဥပမာ၊ မြို့ကြီးတွင် သာယာချမ်းမြေ့မည်၊ ဝင်ငွေကောင်းမည်၊ အဆင့်မြင့်မြင့်နေထိုင်ရမည် အစရှိသည့်အလားအလာများ ရှိပုံပေါ်ပေမည်။ ၎င်းသည် မျှော်မှန်းတမ်းတခဲ့သော လုံခြုံမှုကို ပေးမည့်ပုံရှိပေမည်။ သို့သော် ဤအတွေးအမြင်သည် လက်တွေ့ကျပါ၏လော။
နေရာဒေသ—မြို့ကြီးလော၊ အလွန်စိတ်ကူးယဉ်ခြင်းလော
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိတ်ကူးယဉ်ကိုတက်ကြွစေသည့် ကြော်ငြာများက မြို့ကြီးသို့ဆွဲဆောင်သည်။ ထိုသို့သောကြော်ငြာများနောက်ကွယ်ရှိ အဖွဲ့အစည်းများစိတ်ဝင်စားရာမှာ သင်၏လုံခြုံမှုမဟုတ်၊ ၎င်းတို့၏အရောင်းအဝယ်သွက်ဖို့ဖြစ်သည်။ သူတို့သည် လုံခြုံမှုဟုဖော်ပြထားသော အောင်မြင်မှုမြင်ကွင်းများဖြင့် တကယ့်လောက၏ပြဿနာများကို ဖုံးကွယ်ထားကြ၏။ သို့ဖြင့် လုံခြုံမှုသည် ၎င်းတို့ကြော်ငြာသည့်ထုတ်ကုန်၊ မြို့ကြီးနှင့်ဆက်နွှယ်လာသည်။
အောက်ပါနမူနာကို သုံးသပ်ကြည့်ပါ။ အနောက်အာဖရိကမြို့တစ်မြို့တွင် အာဏာပိုင်များက ဆေးလိပ်သောက်ခြင်းသည် အမှန်တွင် ခဲခဲယဉ်းယဉ်းရှာဖွေထားသောငွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ခြင်းနှင့် ထူးမခြားနားဟု ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်သည့် ကြော်ငြာဆိုင်းဘုတ်များကို စိုက်ထူထားကြ၏။ ၎င်းသည် နိုင်ငံသားများကို ဆေးလိပ်မသောက်ရန် သတိပေးသည့် ကင်ပိန်းမှနည်းတစ်နည်းဖြစ်သည်။ စီးကရက်ထုတ်လုပ်သူများနှင့် အရောင်းသမားများကမူ ဆေးလိပ်သောက်သူများသည် ပျော်ရွှင်မှု၊ အောင်မြင်မှုရသည်ဟု ပုံဖော်ထားသည့် ဆွဲဆောင်မှုရှိမြင်ကွင်းများကို ပညာသားပါပါ ဒီဇိုင်းရေးဆွဲထားသော ကြော်ငြာဆိုင်းဘုတ်များ တန်ပြန်စိုက်ထူကြသည်။ ထို့ပြင်၊ စီးကရက်ကုမ္ပဏီတစ်ခုသည် ၎င်း၏အလုပ်သမားအချို့ကို ဆန်းပြားသောယူနီဖောင်းများ ဝတ်ဆင်စေ၍ ပြိုးပြိုးပြက်ပြက်တောက်ပသော ဘေ့စ်ဘောဦးထုပ်များဆောင်းစေလျက် လမ်းမပေါ်ထွက်ပြီး လူငယ်လူရွယ်များ “သောက်ကြည့်” ရန် စီးကရက်များ လိုက်ဖြန့်ဝေပေးခဲ့သည်။ ဤလူငယ် အတော်များများသည် တောရွာများမှတက်လာခဲ့ကြရာ ထိုသို့ပါးနပ်သောကြော်ငြာနည်းစနစ်များနှင့် အကျွမ်းတဝင်မရှိကြသဖြင့် လှည့်စားခံလိုက်ရရှာသည်။ ထိုသူတို့သည် ဆေးလိပ်စွဲသွားကြ၏။ ထိုငယ်ရွယ်သောရွာသားများသည် မိမိတို့၏မိသားစုများကို ထောက်ပံ့ဖို့၊ သို့မဟုတ် ငွေကြေးအရအောင်မြင်ပြီး လုံခြုံမှုရရှိဖို့ မြို့ကြီးသို့တက်လာခဲ့ကြသည်။
သို့အစား၊ သူတို့အကျိုးရှိရှိအသုံးပြုနိုင်ကြမည့်ငွေကို မီးရှို့ပစ်နေကြသည်။မြို့ကြီး၏ အောင်မြင်သောဘဝကို ကြော်ငြာခြင်းများသည် ကုန်သည်များနှင့်သာ အရင်းခံသည်မဟုတ်။ ၎င်းတို့သည် မြို့ကြီးသို့ပြောင်းရွှေ့လာခဲ့ကြပြီး ကိုယ့်ဒေသသို့ ပြန်ရန်ရှက်သည့်လူတို့၏ ပါးစပ်ဖျားမှဖြစ်ပေါ်လာနိုင်ပေသည်။ သူတို့သည် အထမမြောက်သူများပုံစံ မပေါ်စေရန် မြို့တွင် ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်မှုရရှိခဲ့သကဲ့သို့ သူတို့ဝါကြွားပြောဆိုကြလေသည်။ သို့ရာတွင်၊ သူတို့အခိုင်အမာပြောဆိုကြသည့် အခြေအနေကို စေ့စေ့စပ်စပ်ဆန်းစစ်ကြည့်သောအခါ သူတို့၏လက်ရှိဘဝပုံစံသည် ယခင်ရွာသားဘဝထက် တိုးတက်ကောင်းမွန်လာပုံမရှိချေ၊ အခြားမြို့သားအများစုကဲ့သို့ပင် အသက်ရှင်ရုံသာ ငွေကြေးရှိကြသည်။
လုံခြုံမှုရှာရန်ရောက်လာခါစ လူသစ်များသည် အထူးသဖြင့် မြို့ကြီးများတွင် မသမာသူများ၏သားကောင်များ ဖြစ်လာကြသည်။ အဘယ်ကြောင့်နည်း။ များသောအားဖြင့် ဤသူတို့သည် ရင်းနှီးသောမိတ်ဆွေများ မရှိကြသေးသည့်အပြင် မိသားစုနှင့်လည်း ဝေးကွာနေကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရုပ်ဝါဒဆန်သောမြို့ပြနေထိုင်မှု၏ အန္တရာယ်ထောင်ချောက်များကို ရှောင်ကြဉ်ရန် သူတို့ကိုကူညီမည့် အကြံဉာဏ်ပေးသူများမရှိကြချေ။
ဇိုဇဝါသည် ဆေးလိပ်သောက်ခြင်းထောင်ချောက်ထဲ မကျခဲ့ချေ။ မြို့၏ဘဝသည် သူ့အတွက် အတိုင်းထက်အလွန်ဖြစ်နေရာ မြို့မှသူအမှန်တကယ်ရရှိသည့် တစ်ခုတည်းသောအရာမှာ လက်လှမ်းမမီနိုင်သော အိပ်မက်များသာဖြစ်၏။ မြို့တွင် စစ်မှန်သောလုံခြုံမှုမရှိ၊ သူသည် မြို့နှင့်အံမဝင်ကြောင်း အသိအမှတ်ပြုလာလေသည်။ ထို့နောက် ဘဝမှာအနှစ်သာရမရှိ၊ သိမ်ငယ်စိတ်တို့ ဝင်လာပြီး မိမိသည် တန်ဖိုးမဲ့သူဟုခံစားရလျက် နောက်ဆုံး သူ့မာန်မာနကိုမျိုသိပ်ပြီး ရွာသို့ပြန်သွားလေသည်။
သူ့ကိုလှောင်ပြောင်ကဲ့ရဲ့ကြမည်ဟု စိုးရိမ်ခဲ့၏။ သို့အစား၊ သူ၏မိသားစုနှင့်မိတ်ဆွေစစ်များက သူ့ကို ဖက်လဲတကင်းကြိုဆိုခဲ့ကြသည်။ သူ့မိသားစု၏လှိုက်လှဲပျူငှာမှု၊ အကျွမ်းတဝင်ရှိတောရွာ၏ဝန်းကျင်နှင့် ခရစ်ယာန်အသင်းတော်မှ မိတ်ဆွေများ၏ချစ်ခြင်းမေတ္တာကြောင့် များမကြာမီ သူသည် မြို့တွင်ထက် လုံခြုံမှု ပိုရှိလာလေသည်။ မြို့တွင်မူ လူအများ၏စိတ်ကူးယဉ်မှုများမှာ အိပ်မက်ဆိုးများဖြစ်သွားလေ့ရှိသည်။ ဖခင်နှင့်အတူ ကြိုးစားပြီးလယ်ပြန်လုပ်သည့်အခါ သူနှင့်သူ့မိသားစုအတွက် ရရှိသောဝင်ငွေမှာ မြို့တွင် သူရရှိမည့် အသားတင်အမြတ်ငွေထက် ပို၍မြင့်မားသည်ကိုတွေ့ရှိခဲ့၍ အံ့သြသွားရလေသည်။
ငွေ—ပြဿနာအစစ်အမှန်ကား အဘယ်နည်း
ငွေသည် သင့်အား လုံခြုံမှုပေးနိုင်မည်လော။ ကနေဒါနိုင်ငံမှ လိဇ်က ဤသို့ဆို၏– “လူငယ်တစ်ယောက်အနေနဲ့၊ ငွေဟာ စိတ်ပူပန်မှုကနေ လွတ်မြောက်စေမယ်လို့ ကျွန်မထင်ခဲ့တယ်။” သူသည် ချမ်းသာသူတစ်ဦးနှင့် ချစ်ကြိုက်မိခဲ့သည်။ မကြာမီ သူတို့လက်ထပ်ခဲ့ကြ၏။ သူလုံခြုံသွားပြီလော။ လိဇ်က ဤသို့ဆက်၍ဆိုသည်– “ကျွန်မလက်ထပ်လိုက်တော့ လှပတဲ့အိမ်တစ်လုံး၊ ကားနှစ်စီး၊ လောကပေးတဲ့ ရုပ်ပစ္စည်းတွေ၊ ခရီးထွက်တာတွေ၊ အပန်းဖြေမှုတွေ ဘာကိုမဆို လွတ်လွတ်လပ်လပ်ခံစားနိုင်ဖို့ ငွေရှိခဲ့တယ်။ ထူးဆန်းတာက ကျွန်မအခုထိ ငွေအတွက်ပူနေရတုန်းပဲ။” သူကဆက်ရှင်းပြသည်။ “ဆုံးရှုံးသွားနိုင်တာတွေက များနေတယ်။ များများရှိလေ ပိုပြီးမလုံခြုံလေဖြစ်ပုံရတယ်။ ငွေဟာ လွတ်လပ်မှု ဒါမှမဟုတ် ပူပင်မှုကနေ မလွတ်မြောက်စေပါဘူး။”
လုံခြုံမှုရှိရန် သင့်မှာ ငွေအလုံအလောက်မရှိဟု သင်ခံစားရပါက သင့်ကိုယ်သင် ဤသို့မေးစမ်းကြည့်ပါ၊ ‘ပြဿနာအစစ်အမှန်ကား အဘယ်နည်း။ ငွေအမှန်မရှိခြင်းလော၊ သို့မဟုတ် ငွေကို ပညာရှိရှိ မသုံးတတ်၍လော။’ လိဇ်သည် သူ၏အတိတ်ကိုပြန်သုံးသပ်ကာ ဤသို့ဆိုသည်– “ကျွန်မငယ်ငယ်တုန်းက ကျွန်မမိသားစုရဲ့ပြဿနာဟာ ငွေအသုံးအစွဲမတတ်တာဘဲဆိုတာကို အခုမှသဘောပေါက်တယ်။ ကျွန်မတို့ အကြွေးနဲ့ဝယ်ခြမ်းစားသောက်ခဲ့တဲ့အတွက် အမြဲတမ်း အကြွေးတင်ခဲ့တယ်။ ဒါကြောင့်လည်း အမြဲပူပင်ခဲ့ကြရတယ်။”
သို့ရာတွင်၊ ယနေ့ လိဇ်နှင့်သူ၏ခင်ပွန်းသည် ငွေအနည်းအကျဉ်းသာရှိသော်လည်း လုံခြုံမှုပိုရှိ၏။ သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားကို သိရှိလာကြသောအခါ ငွေပိုရရှိနည်းများကို နားမထောင်ကြတော့ဘဲ “ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်” ဟူသောစကားများအပါအဝင် ဘုရားသခင့်ဉာဏ်ပညာရှိစကားများကို စတင်နားထောင်ခဲ့ကြလေသည်။ (သု. ၁:၃၃) ဘဏ်ငွေစာရင်းအမြောက်အမြားရှိခြင်းထက် အဓိပ္ပာယ်ပိုရှိသောဘဝမျိုး သူတို့ရလိုခဲ့ကြသည်။ ယခု ဝေးလံသောနိုင်ငံတစ်နိုင်ငံတွင် ခရစ်ယာန်သာသနာပြုများအဖြစ် လိဇ်နှင့်သူ၏ခင်ပွန်းတို့သည် မကြာမီ ကမ္ဘာချီစစ်မှန်သောလုံခြုံမှုကို ယေဟောဝါဘုရားသခင် ဆောင်ကြဉ်းပေးတော့မည်ဟု ဆင်းရဲချမ်းသာမရွေး လူအပေါင်းကို တန်းတူရည်တူ သွန်သင်ပေးနေကြသည်။ ဤလုပ်ငန်းက ငွေရှိခြင်းမှမဟုတ်ဘဲ ထိုထက်သာလွန်ကောင်းမွန်သောရည်ရွယ်ချက်နှင့် ထူးကဲ သောတန်ဖိုးများမှ ဖြစ်ပေါ်လာသည့် ကျေနပ်ရောင့်ရဲမှုနှင့် တည်ငြိမ်မှုကိုရရှိစေသည်။
ဤအခြေခံအမှန်တရားကို သတိရပါ– ဘုရားသခင်၌ကြွယ်ဝခြင်းသည် စည်းစိမ်ဥစ္စာရှိခြင်းထက် ပို၍အဖိုးထိုက်ပေသည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် စည်းစိမ်ဥစ္စာပိုင်ဆိုင်ခြင်းကိုမဟုတ်ဘဲ ယေဟောဝါနှင့် ကောင်းသောအနေအထားရှိခြင်းကို အလေးအနက်ထားဖော်ပြသည်၊ ဘုရားသခင့်အလိုတော်ကို ယုံကြည်စွာ အဆက်မပြတ် လုပ်ဆောင်ခြင်းဖြင့် ထိုကောင်းသောအနေအထားကို ထိန်းသိမ်းထားနိုင်ပေသည်။ ခရစ်တော်ယေရှုက ‘ဘုရားသခင့်ရှေ့တော်၌ ချမ်းသာ’ ကြရန်နှင့် “ကောင်းကင် . . . ဘဏ္ဍာ” ကိုဆည်းပူးကြရန် အားပေးတော်မူခဲ့၏။—လုကာ ၁၂:၂၁၊ ၃၃။
ရာထူး—သင်အဘယ်သို့သွားနေသနည်း
လူမှုတိုးတက်ရေးလမ်းကြောင်း အဆင့်ဆင့်တက်ခြင်းသည် လုံခြုံမှုရသည့်နည်းလမ်းဖြစ်၏ဟု သင်ခံစားမိပါက သင့်ကိုယ်သင် ဤသို့မေးစမ်းကြည့်ပါ– ‘အဆင့်ရာထူးရရှိထားနှင့်သူ မည်သူသည် စစ်မှန်သောလုံခြုံမှု ရှိနေပြီနည်း။ လုံခြုံမှုရှိရန် အဘယ်အမြင့်အထိ ကျွန်ုပ်တက်လှမ်းရဦးမှာနည်း။’ လုပ်ငန်းအောင်မြင်မှုက လုံခြုံမှုရပြီဟု ထင်ယောင်ထင်မှားဖြစ်စေပြီး နောက်ဆုံးတွင် စိတ်ပျက်မှု သို့မဟုတ် ထိုထက်ဆိုးဝါးသည်မှာ အကြီးအကျယ်ကျရှုံးမှုဖြစ်စေသည်။
ဘုရားသခင်ရှေ့ နာမည်ကောင်းရရှိထားခြင်းက လူရှေ့နာမည်ကောင်း ရရှိထားခြင်းထက် ပို၍လုံခြုံမှုပေးကြောင်း ဖြစ်ရပ်ထွက်မြောက်ရာ ၃၂:၃၂; ဗျာဒိတ် ၃:၅။
မှန်များကဖော်ပြ၏။ ယေဟောဝါတစ်ပါးတည်းသာ ထာဝရအသက်ဆုကျေးဇူးကို လူသားတို့အား ပေးသနားနိုင်တော်မူ၏။ ၎င်းကိုရလိုလျှင် ကျွန်ုပ်တို့၏အမည်များသည် နာမည်ကျော်ကြားသူများ၏ အမည်စာရင်းတွင်ပါဝင်ခြင်းဖြင့်မဟုတ်ဘဲ ဘုရားသခင့်အသက်စာစောင်တွင် နာမည်စာရင်းဝင်ရမည်ဖြစ်သည်။—သင်သည် ဖြစ်ချင်ရာကို ဘေးတွင်အသာထားသောအခါ သင့်လက်ရှိအခြေအနေကို မည်သို့အကဲဖြတ်ကာ အနာဂတ်မှ အဘယ်အရာကို ရိုးသားစွာ မျှော်လင့်နိုင်သနည်း။ မည်သူမျှ အရာခပ်သိမ်းပိုင်ဆိုင်သည်မဟုတ်။ ပညာရှိခရစ်ယာန်တစ်ဦး ပြောသည့်အတိုင်းဖြစ်သည်– “ဘဝဆိုတာ ပြည့်စုံတယ်မရှိပါဘူး၊ တစ်ခုခုကိုတော့ စွန့်လွှတ်ရတာပါပဲ ဆိုတာကို ကျွန်တော်သင်ခန်းစာရလိုက်တယ်။” ဤတွင် “ဘီနင်တွင် ပြောကြ” လေးထောင့်ကွက်ကို ခေတ္တဖတ်ကြည့်လိုက်ပါ။
ယခု ဤမေးခွန်းများကိုဖြေဆိုပါ– ကျွန်ုပ်၏ဘဝတွင် အရေးကြီးသောပန်းတိုင်ကား အဘယ်နည်း။ ထိုပန်းတိုင်သို့ရောက်ရန် တိုက်ရိုက်အကျဆုံးခရီးကား အဘယ်နည်း။ ကျွန်ုပ်အမှန်ရလိုသည့်၊ တကယ်လည်းရနိုင်သည့်အရာကို ရှုပ်ထွေးမှုမရှိသောလမ်းဖြင့်သွားလျှင် ရနိုင်ပါလျက် ကျွန်ုပ်သည် ရှည်လျားကွေ့ပတ်၍ စိတ်မချရသောလမ်းပေါ်သို့ ရောက်များရောက်နေပြီလော။
ရုပ်ပစ္စည်းများနှင့် ဝိညာဉ်ရေးရာများ၏တန်ဖိုးကို နှိုင်းယှဉ်ပြ၍ သွန်သင်ပေးပြီးသည့်နောက် ယေရှုက မျက်စိကို “ရိုးရှင်း” စွာထားရန်၊ သို့မဟုတ် “အာရုံစူးစိုက်” နေစေရန် မိန့်မှာတော်မူခဲ့၏။ (မဿဲ ၆:၂၂၊ ကဘ၊ အောက်ခြေမှတ်ချက်) ဘဝတွင်အဓိကကျသောအရာများမှာ ဘုရားသခင့်နာမတော်နှင့် ကိုယ်တော့်နိုင်ငံတော်ကိုဗဟိုပြုသည့် ဝိညာဉ်ရေးနှင့်ဆိုင်သော တန်ဖိုးရှိရာများနှင့် ပန်းတိုင်များဖြစ်ကြောင်း ကိုယ်တော်ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်။ (မဿဲ ၆:၉၊ ၁၀) အခြားအရာများမှာမူ အရေးမပါလှချေ၊ သို့မဟုတ် အဓိကအာရုံစိုက်ရာများ မဟုတ်ကြချေ။
ယနေ့ ကင်မရာများစွာသည် အနီးအဝေးရှိ အရာဝတ္ထုများကို အလိုအလျောက်ချိန်နိုင်သည်။ အသင်လည်း ထိုသို့ဖြစ်နေပါသလော။ သင် “အာရုံစူးစိုက်” မြင်လေသမျှ အားလုံးနီးပါးသည် အရေးကြီးသော၊ လိုချင်စဖွယ်ဖြစ်သော၊ အနည်းငယ်ကြံဖန်လိုက်ပါက ရရှိနိုင်သော အရာများဖြစ်ကြသလော။ ထိုသို့အနည်းအကျဉ်းဖြစ်နေလျှင်ပင် ခရစ်ယာန်များအတွက် အရေးပါသောအရာဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သည် သင်၏အာရုံကို အပြိုင်အဆိုင်ညှို့ယူနေသည့် အခြားပုံရိပ်အရှုပ်အထွေးများထဲတွင် အလွယ်တကူ အစပျောက်သွားနိုင်သည်။ ယေရှုဤသို့ ပြင်းပြင်းထန်ထန် သတိပေးဆုံးမတော်မူခဲ့၏– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။”—မဿဲ ၆:၃၃။
ယခုနှင့်ထာဝရလုံခြုံမှု
ကျွန်ုပ်တို့အားလုံးသည် မိမိတို့နှင့် မိမိတို့ချစ်မြတ်နိုးရသူများအတွက် သာ၍ကောင်းသောအရာများ ရရှိလိုကြပေမည်။ သို့ရာတွင်၊ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြ၍ မစုံလင်သောလောကတွင် အသက်ရှင်နေထိုင်ကြပြီး အသက်တိုကြသည်ဖြစ်ရာ လက်တွေ့အားဖြင့် ရနိုင်ရာများကို အကန့်အသတ်ဖြစ်စေသည်။ လွန်ခဲ့သောထောင်ချီနှစ်များက ကျမ်းရေးသူတစ်ဦး ဤသို့ရှင်းပြခဲ့သည်– “တစ်ဖန် နေအောက်မှာရှိသောအမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကိုငါမြင်၏။”—ဒေ. ၉:၁၁။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ငြီးငွေ့ဖွယ်လုပ်ငန်းဆောင်တာများနှင့် နေ့စဉ် လုံးပါးပါးနေရရာ ကျွန်ုပ်တို့မည်သူမည်ဝါဖြစ်သည်၊ စစ်မှန်သောလုံခြုံမှုရှိရန် ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်ရာကား အဘယ်အရာဖြစ်သည်နှင့်ပတ်သက်၍ ပိုအရေးကြီးသောကိစ္စကို မေ့လျော့ထားတတ်ကြသည်။ ဉာဏ်ပညာနှင့်ပတ်သက်၍ ဤရှေးစကားများကို သုံးသပ်ပါ– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားဒေ. ၅:၁၀၊ ၁၂) သင့်လုံခြုံမှုသည် အဘယ်နေရာတွင် တည်ရှိနေသနည်း။
သော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း [အချည်းနှီး] ဖြစ်၏။ အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။” (သင့်အခြေအနေသည် ဇိုဇဝါ၏ လက်တွေ့မကျသည့် စိတ်ကူးယဉ်မှုနှင့် ဆင်တူနေပါက သင်၏အကြံအစည်များကို ပြောင်းလဲနိုင်ပါမည်လော။ ဇိုဇဝါ၏မိသားစုနှင့် ခရစ်ယာန်အသင်းတော်ရှိမိတ်ဆွေများကဲ့သို့ပင် သင့်ကို အမှန်တကယ်ချစ်မြတ်နိုးကြသူများက ထောက်ကူပေးပါလိမ့်မည်။ မြို့တွင် သင့်ကိုခေါင်းပုံဖြတ်ဖို့ ကြိုးစားကြသူများနှင့် အတူနေသည်ထက် ဆင်းရဲသောဝန်းကျင်တွင် သင့်ကိုချစ်မြတ်နိုးကြသူများနှင့် အတူနေထိုင်လျှင် လုံခြုံမှု ပို၍တွေ့ရှိနိုင်ပေသည်။
သင်သည် လိဇ်နှင့်သူ၏ခင်ပွန်းတို့ကဲ့သို့ ကြွယ်ဝချမ်းသာနေပါက စစ်မှန်သောလုံခြုံမှုရရှိစေနိုင်သော ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ချမ်းသာသူ၊ ဆင်းရဲသူတို့အား သိရှိစေရန်ကူညီဖို့ သင့်အချိန်နှင့်ခွန်အားကို ပိုမိုအသုံးချနိုင်ရန် သင့်ဘဝပုံစံကို ပြုပြင်ပြောင်းလဲနိုင်ပါမည်လော။
သင်သည် လူမှုတိုးတက်ရေးလမ်းကြောင်း သို့မဟုတ် သင့်အလုပ်ခွင်တွင် အဆင့်ဆင့်တက်လှမ်းရန် ကြိုးစားနေပါက သင့်အားလှုံ့ဆော်နေသည့်အရာမှာ အဘယ်အရာဖြစ်သည်ကို ရိုးရိုးသားသား သုံးသပ်လိုပေမည်။ သင်ရရှိထားသော အခွင့်အရေးအချို့က သင့်ဘဝကို အမှန်ပင်စိုပြေနေစေပေမည်။ သို့တိုင်၊ တည်မြဲသောလုံခြုံမှု အမှန်ရရှိစေနိုင်သော ဘုရားသခင့်နိုင်ငံတော်အပေါ် သင်အာရုံစူးစိုက်နေနိုင်ပါသလော။ ယေရှု၏ဤစကားများကို ပြန်အမှတ်ရပါ– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။” (တမန်တော် ၂၀:၃၅၊ ကဘ) သင်သည် ခရစ်ယာန်အသင်းတော်ရှိ လုပ်ဆောင်မှုအမျိုးမျိုး၌ ပါဝင်မည်ဆိုလျှင် ဆုကျေးဇူးအနေနှင့် လုံခြုံမှုရပါလိမ့်မည်။
ယေဟောဝါနှင့် ကိုယ်တော့်နိုင်ငံတော်ကို လုံးလုံးယုံကြည်အားထားကြသူများသည် ယခုပင် နွေးထွေးသောလုံခြုံမှု ခံစားကြရပြီး အနာဂတ်တွင်လည်း လုံခြုံမှုအပြည့်အဝရဖို့ စောင့်မျှော်နေကြပါသည်။ ဆာလံဆရာက ဤသို့ဆို၏– “ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။ ထို့ကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။”—ဆာလံ ၁၆:၈၊ ၉။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဘီနင်တွင် ပြောကြ
ဤပုံပြင်ကို အမျိုးမျိုးအဖုံဖုံ အကြိမ်ပေါင်းထောင်ချီ ပြောဆိုခဲ့ကြပြီ။ မကြာသေးမီက အနောက်အာဖရိက၊ ဘီနင်နိုင်ငံမှ အသက်ကြီးသူ ရွာသားတစ်ဦးသည် လူငယ်အချို့အား အောက်ပါမူကွဲပုံပြင်ကို ပြောပြခဲ့သည်။
တံငါသည်တစ်ဦးသည် လှေဖြင့် အိမ်သို့ပြန်ရောက်လာရာ ဤဖွံ့ဖြိုးဆဲနိုင်ငံတွင် အမှုထမ်းဆောင်နေသည့် တိုင်းတစ်ပါးစီးပွားရေးပညာရှင်တစ်ဦးနှင့် တွေ့ဆုံမိ၏။ ထိုပညာရှင်က တံငါသည်အား အဘယ်ကြောင့် စောစောပြန်လာကြောင်း မေးမြန်းသည်။ မိသားစုအတွက် ငါးလုံလုံလောက်လောက် ဖမ်းမိခဲ့ရာ စောစောပြန်လာသည်ဟု တံငါသည်က ပြန်ဖြေလေ၏။
“အခု ခင်ဗျားအချိန်ကို ဘယ်လိုအသုံးပြုသလဲ” ဟုထိုပညာရှင်ကမေး၏။
တံငါသည်က “ငါးနည်းနည်းမျှားတယ်။ ကျွန်တော့်ကလေးတွေနဲ့ ကစားတယ်။ ပြီးတော့ နေ့လယ်ပူလာတဲ့အခါ ကျွန်တော်တို့အားလုံး ခဏလောက်တစ်မှေးအိပ်ကြတယ်။ ညနေကျတော့ ညစာ အတူစားသောက်ကြတယ်။ နောက် ကျွန်တော့်မိတ်ဆွေတွေနဲ့အတူ သီဆိုတီးမှုတ်ကြတယ်” ဟုဖြေဆိုသည်။
ထိုအခါ ပညာရှင်က “ကျွန်တော်ဘွဲ့ရထားသူပါ၊ ဒီအကြောင်းတွေကို ကျွန်တော်လေ့လာထားပြီးသား။ ခင်ဗျားကို ကျွန်တော်ကူညီချင်တယ်။ ခင်ဗျား ခပ်ကြာကြာ ငါးမျှားသင့်တယ်။ ဒါမှ ခင်ဗျား ငွေပိုရလာမှာ၊ အဲ့ဒီအခါ ဒီထက်ကြီးတဲ့လှေတစ်စင်းကို ဝယ်နိုင်မယ်။ အဲဒီလှေကြီးနဲ့ဆိုရင် ဝင်ငွေပိုများလာပြီး မကြာခင် ခင်ဗျား ငါးဖမ်းသင်္ဘောတွေရှိလာမှာ” ဟုစကားဖြတ်ပြောလိုက်သည်။
“အဲဒီနောက်ကော” ဟုတံငါသည် မေးလေ၏။
“အဲဒီတော့ ပွဲစားကနေတစ်ဆင့် ငါးရောင်းချမယ့်အစား စက်ရုံနဲ့တိုက်ရိုက်ဆက်သွယ် ရောင်းဝယ်ဖောက်ကားနိုင်မှာ၊ ဒါမှမဟုတ် ကိုယ်ပိုင်ငါးစည်သွတ်စက်ရုံတစ်ရုံ တည်ထောင်နိုင်မှာ။ အဲဒီအခါ ရွာမှာမနေတော့ဘဲ ကိုတိုနူမြို့၊ ဒါမှမဟုတ် ပဲရစ်မြို့၊ နယူးယောက်မြို့တို့ကို ပြောင်းရွှေ့နေထိုင်ပြီး အဲဒီကနေ ခင်ဗျားလုပ်ငန်းကို ဆက်လုပ်ကိုင်နိုင်မှာ။ ခင်ဗျားရဲ့စီးပွားရေးလုပ်ငန်းကို စတော့ဈေးကွက်မှာတင်ပြီး ဝင်ငွေသန်းနဲ့ချီရဖို့တောင် ခင်ဗျားစဉ်းစားနိုင်မှာ။”
“ဒီလိုဖြစ်လာဖို့ အချိန်ဘယ်လောက်ကြာမှာလဲ” ဟုတံငါသည်ကမေး၏။
“၁၅ နှစ်၊ အနှစ် ၂၀ လောက်ပေါ့” ဟုပညာရှင်ကဖြေသည်။
“အဲ့ဒီနောက်ကော” ဟုတံငါသည်ကဆက်၍မေး၏။
“အဲဒီအခါ ဘဝဟာ စိတ်ဝင်စားစရာဖြစ်လာတော့တယ်” ဟုပညာရှင်ကရှင်းပြသည်။ “အဲဒီနောက် ခင်ဗျားအငြိမ်းစားယူနိုင်ပြီ။ ပျားပန်းခတ်အလုပ်များနေရာကနေ ဝေးလံတဲ့ရွာကလေးတစ်ခုကို ပြောင်းရွှေ့နေထိုင်နိုင်တာပေါ့။”
“အဲ့ဒီတော့” ဟုတံငါသည် မေးပြန်သည်။
“အဲဒီအခါ ခင်ဗျား ငါးနည်းနည်းမျှားပြီး ကလေးတွေနဲ့ ကစားချင်ကစား၊ နေ့လယ်မှာ တစ်မှေးလောက်အိပ်ချင်အိပ်၊ မိသားစုနဲ့ညစာစားပြီးတော့ မိတ်ဆွေတွေနဲ့အတူ တစ်စုတစ်ဝေး သီဆိုတီးမှုတ်နိုင်တာပေါ့။”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရာထူးတိုးခြင်းက လုံခြုံမှုဆောင်ကြဉ်းပေးသလော
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သင့်လုံခြုံရေးအတွက် ခရစ်ယာန်ချင်းများ အမှန်စိတ်ဝင်စားနေကြ