သင့်ခြေလှမ်းများကို ဘုရားသခင်ရေးရာ မူများဖြင့် လမ်းညွှန်လော့
သင့်ခြေလှမ်းများကို ဘုရားသခင်ရေးရာ မူများဖြင့် လမ်းညွှန်လော့
“[ယေဟောဝါသည်] သင်တို့ကိုယ်တိုင် အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေး . . . ၏။”—ဟေရှာယ ၄၈:၁၇၊ ကဘ။
၁။ ဖန်ဆင်းရှင်သည် လူသားများကို မည်သို့ဦးဆောင်လမ်းပြတော်မူသနည်း။
သိပ္ပံပညာရှင်များသည် စကြဝဠာ၏နက်နဲရာကို ထုတ်ဖော်ပြဖို့ကြိုးပမ်းကြစဉ် ကျွန်ုပ်တို့၏လောကဓာတ်အတွင်း ဖိသိပ်ထားသော ကြီးမားလှသည့်စွမ်းအင်ပမာဏကို အံ့အားသင့်ကြ၏။ ကျွန်ုပ်တို့၏နေ—အလတ်စားကြယ်တစ်လုံး—သည် “စက္ကန့်တိုင်းတွင် ဟိုက်ဒရိုဂျင်ဗုံးဘီလီယံ ၁၀၀ ပေါက်ကွဲအား” နှင့်ညီမျှသော စွမ်းအင်ကို ထုတ်လုပ်ပေးသည်။ ဖန်ဆင်းရှင်သည် အကြွင်းမဲ့တန်ခိုးတော်ဖြင့် ထိုသို့ကြီးမားလှသည့် ကောင်းကင်တန်ဆာများကို ထိန်းချုပ်၍ ညွှန်ကြားပေးနိုင်ပါသည်။ (ယောဘ ၃၈:၃၂; ဟေရှာယ ၄၀:၂၆) လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ ကိုယ်ကျင့်တရားဆိုင်ရာ ဂုဏ်အရည်အချင်း၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ဝိညာဉ်ရေးကိုနားလည်နိုင်စွမ်းရှိသော ကျွန်ုပ်တို့လူသားများကော။ ကျွန်ုပ်တို့ကို အဘယ်နည်းဖြင့် ဦးဆောင်လမ်းပြဖို့ ဖန်ဆင်းရှင်ရွေးချယ်ထားတော်မူပြီနည်း။ ကိုယ်တော်သည် ကောင်းစွာလေ့ကျင့်ထားသော ကျွန်ုပ်တို့၏သိစိတ်နှင့်တွဲ၍ ကိုယ်တော်၏စုံလင်သောပညတ်တော်များနှင့် မြင့်မြတ်သောမူများအားဖြင့် ကျွန်ုပ်တို့ကိုမေတ္တာရှိစွာ လမ်းပြညွှန်ကြားတော်မူ၏။—၂ ဓမ္မရာဇဝင် ၂၂:၃၁; ရောမ ၂:၁၄၊ ၁၅။
၂၊ ၃။ အဘယ်နာခံမှုမျိုးကို ဘုရားသခင်အားရနှစ်သက်တော်မူသနည်း။
၂ ဘုရားသခင်သည် မိမိအားနာခံလိုသော အသိဉာဏ်ရှိသူများကို အားရနှစ်သက်တော်မူ၏။ (သု. ၂၇:၁၁) ယေဟောဝါသည် ကျွန်ုပ်တို့ကို ဆင်ခြင်ဉာဏ်ကင်းမဲ့သော စက်ရုပ်များကဲ့သို့ အဆင်အခြင်မဲ့စွာလက်အောက်ခံဖို့ ပုံစံပြုမည့်အစား မှန်ရာကိုလုပ်ရန် ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချနိုင်ဖို့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးအပ်ထားသည်။—ဟေဗြဲ ၅:၁၄။
၃ ခမည်းတော်ကို အပြည့်အဝရောင်ပြန်ဟပ်ခဲ့သူ ယေရှုသည် တပည့်တော်များအား ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။ ယခုမှစ၍ ငါသည် သင်တို့ကိုကျွန်ဟူ၍မခေါ်။” (ယောဟန် ၁၅:၁၄၊ ၁၅) ရှေးခေတ်က ကျွန်တစ်ဦးသည် မိမိသခင်၏အမိန့်ကို မဖြစ်မနေ နာခံခဲ့ရ၏။ မိတ်ဆွေများမူကား နှစ်သက်ဖွယ် အရည်အချင်းများကို ထင်ရှားစွာဖော်ပြခြင်း အားဖြင့် မိတ်ဆွေဖြစ်သွားကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏မိတ်ဆွေများ ဖြစ်နိုင်ကြသည်။ (ယာကုပ် ၂:၂၃) အပြန်အလှန်မေတ္တာထားခြင်းက ပို၍ခင်မင်ရင်းနှီးစေသည်။ ယေရှုက “ငါ့ကိုချစ်သောသူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်” ဟုဆိုခြင်းအားဖြင့် ဘုရားသခင်အားနာခံခြင်းနှင့် မေတ္တာသည် ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။ (ယောဟန် ၁၄:၂၃) ယေဟောဝါသည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ဘေးကင်းစွာလမ်းပြညွှန်ကြားလိုသောကြောင့် ကိုယ်တော်၏မူများအတိုင်း အသက်ရှင်စေလိုတော်မူ၏။
ဘုရားသခင်ရေးရာမူများ
၄။ မူများကို သင်မည်သို့ရှင်းပြမည်နည်း။
၄ မူများကား အဘယ်နည်း။ မူဆိုသည်မှာ “ယေဘုယျ သို့မဟုတ် အခြေခံသဘောအရ အမှန်တရားဖြစ်၏၊ အခြားစည်းမျဉ်းများ အခြေပြုသည့် သို့မဟုတ် ဆင်းသက်ဖြစ်ပေါ်လာသည့် ကျယ်ပြန့်၍ အခြေခံကျသောစည်းမျဉ်းဥပဒေ၊ အယူဝါဒ၊ သို့မဟုတ် ယူဆချက်ဖြစ်၏” ဟုအနက်ဖွင့်ဆိုထားသည်။ (ဝက်ဘ်စတား၏တတိယအကြိမ် နိုင်ငံတကာအဘိဓာန်သစ်) သမ္မာကျမ်းစာကို အသေအချာလေ့လာကြည့်ရာ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ဘဝအခြေအနေနှင့် ကဏ္ဍအမျိုးမျိုးအကျုံးဝင်သည့် အခြေခံကျသော လမ်းညွှန်ချက်များကို ပေးထားကြောင်း သိရှိရသည်။ ထိုသို့ကိုယ်တော်ပြုခြင်းမှာ ကျွန်ုပ်တို့၏ထာဝရအကျိုးကို ထောက်ရှုလျက်ဖြစ်သည်။ ယင်းသည် ပညာရှိရှောလမုန်ဘုရင်၏ ဤစကားများနှင့် သဘောတူညီသည်– “ငါ့သား ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင် သင့်အသက်နှစ်ပေါင်းများလိမ့်မည်။ ပညာလမ်းကိုငါပြသ၍ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။” (သု. ၄:၁၀၊ ၁၁) ယေဟောဝါပေးသနားသော အခြေခံမူများသည် ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး၊ လူသားချင်းနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး၊ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ရေးနှင့် နေ့စဉ်အသက်ရှင်ရေးအပေါ် အကျိုးသက်ရောက်သည်။ (ဆာလံ ၁:၁) ၎င်းအခြေခံကျသောမူအချို့ကို သုံးသပ်ကြည့်ကြပါစို့။
၅။ အခြေခံကျသောမူအချို့ကို ဖော်ပြပါ။
၅ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးနှင့်စပ်လျဉ်း၍ ယေရှုဤသို့ဖော်ပြခဲ့သည်– “သင်၏ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့။” (မဿဲ ၂၂:၃၇) ထို့ပြင် ဘုရားသခင်သည် ရွှေပညတ်ကဲ့သို့သော လူသားချင်းဆက်ဆံရေးနှင့်ဆိုင်သည့် မူများကိုလည်း ပေးထားပါသည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” (မဿဲ ၇:၁၂; ဂလာတိ ၆:၁၀; တိတု ၃:၂) ဝတ်ပြုရေးနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဤသို့တိုက်တွန်းခံရကြသည်– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) နေ့စဉ်ဘဝအခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုဤသို့ဆို၏– “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။” (၁ ကောရိန္သု ၁၀:၃၁) ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် မရေတွက်နိုင်သောအခြားမူများရှိပါသည်။
၆။ မူများသည် ပညတ်တော်များနှင့် မည်သို့ကွာခြားသနည်း။
၆ မူများသည် ရှင်သန်လျက်ရှိသော၊ အခြေခံအမှန်တရားများဖြစ်ပြီး ပညာရှိခရစ်ယာန်သည် ၎င်းတို့ကိုမြတ်နိုးတတ်လာကြသည်။ ဤသို့ရေးသားရန် ရှောလမုန်ကို ယေဟောဝါတိုက်တွန်းခဲ့သည်– “ငါ့စကားကိုနားထောင်လော့။ ငါ့ဟောပြောချက်တို့ကို နားသွင်းလော့။ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ အကြောင်းမူကား ထိုတရားစကားကိုတွေ့သောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။” (သု. ၄:၂၀-၂၂) မူများသည် ပညတ်ဥပဒေများနှင့် မည်သို့ကွာခြားသနည်း။ မူများသည် ပညတ်ဥပဒေများအတွက် အခြေခံကိုချမှတ်ပေးသည်။ အတိအကျဖြစ်လေ့ရှိသော စည်းမျဉ်းများသည် တစ်စုံတစ်ရာသောအချိန် သို့မဟုတ် အခြေအနေနှင့် သက်ဆိုင်ကောင်းသက်ဆိုင်မည်ဖြစ်သော်လည်း မူများသည် အချိန်အကန့်အသတ်မရှိပေ။ (ဆာလံ ၁၁၉:၁၁၁) ဘုရားသခင့်မူများသည် ခေတ်နောက်ကျသွားခြင်း သို့မဟုတ် ပျောက်ပျက်သွားခြင်းမရှိ။ ပရောဖက်ဟေရှာယ၏ ဤမှုတ်သွင်းခံစကားများ မှန်ကန်ကြောင်းထင်ရှားသည်– “မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရဘုရား၏နှုတ်[မြွက်]တရားမူကား ကာလအစဉ်အမြဲတည်၏။”—ဟေရှာယ ၄၀:၈။
မူများကိုအခြေခံပြီး စဉ်းစားပြုမူလော့
၇။ မူများပေါ်အခြေခံပြီး စဉ်းစားပြုမူဖို့ ဘုရားသခင့်နှုတ်မြွက်တော်က ကျွန်ုပ်တို့ကို မည်သို့တိုက်တွန်းသနည်း။
၇ မူများကိုအခြေခံပြီး စဉ်းစားပြုမူရန် “ထာဝရဘုရား၏နှုတ်[မြွက်]တရား” တော်က ကျွန်ုပ်တို့အား ရံဖန်ရံခါတိုက်တွန်းပေးသည်။ ပညတ်တော်ကိုအကျဉ်းချုံးပေးဖို့ တောင်းဆိုခံရသောအခါ ယေရှုသည် ဤလိုရင်းတိုရှင်းဖော်ပြချက်နှစ်ခုကို ပေးခဲ့သည်၊ တစ်ခုကား ယေဟောဝါအားချစ်မြတ်နိုးခြင်းကို အလေးအနက်ထားဖော်ပြ၏၊ နောက်တစ်ခုမှာ လူသားချင်းအား ချစ်ခြင်းကို အလေးပေးဖော်ပြသည်။ (မဿဲ ၂၂:၃၆-၄၀) ထိုသို့ပြုရာ၌ ယေရှုသည် တရားဟောရာ ၆:၄၊ ၅ တွင်ပါသော မောရှေပညတ်မှ အခြေခံမူများ၏ အကျဉ်းချုပ်ဖော်ပြချက်ကို အချို့တစ်ဝက် ဤသို့ကိုးကားခဲ့သည်– “ငါတို့၏ဘုရားသခင် [“ယေဟောဝါ၊” ကဘ] သည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” ထို့ပြင် ဝတ်ပြုရာ ၁၉:၁၈ ပါ ဘုရားသခင့်ညွှန်ကြားချက်ကို ယေရှုသတိရကြောင်း ထင်ရှားပါသည်။ ဒေသနာကျမ်း၏ ရှင်းလင်းပြတ်သား၊ ထိမိ၍ တန်ခိုးပါသော နိဂုံးပိုင်းစကားများတွင် ရှောလမုန်ဘုရင်သည် ဘုရားသခင့်ပညတ် အတော်များများကို ဤသို့အကျဉ်းချုပ်ဖော်ပြသည်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။”—ဒေ. ၁၂:၁၃၊ ၁၄; မိက္ခာ ၆:၈။
၈။ ကျမ်းစာအခြေခံမူများကို ကောင်းစွာနားလည်ထားခြင်းသည် အဘယ်ကြောင့်အကာအကွယ်ဖြစ်သနည်း။
၈ အခြေခံမူများကို ကောင်းစွာသဘောပေါက်ထားခြင်းသည် သာ၍တိကျသောညွှန်ကြားချက်များကို နားလည်ကျင့်သုံးရန် ကျွန်ုပ်တို့ကိုထောက်ကူပေးနိုင်သည်။ ထို့ပြင် ၎င်းအခြေခံမူများကို ကျွန်ုပ်တို့အသေအချာနားမလည်၊ လက်မခံပါက ပညာရှိဆုံးဖြတ်ချက်များ ချနိုင်မည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အလွယ်တကူပျက်ပြားသွားနိုင်သည်။ (ဧဖက် ၄:၁၄) အဆိုပါမူများကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲစွဲမြဲစေမည်ဆိုလျှင် ဆုံးဖြတ်ချက်များချရာတွင် ယင်းတို့ကို ချက်ချင်းအသုံးပြုနိုင်ကြမည်။ ၎င်းတို့ကိုသဘောပေါက်နားလည်ထားပြီး လက်တွေ့ကျင့်သုံးကြသောအခါ အောင်မြင်ပါမည်။—ယောရှု ၁:၈; သု. ၄:၁-၉။
၉။ ကျမ်းစာမူများကို ပိုင်းခြားသိမြင်ပြီး လက်တွေ့ကျင့်သုံးဖို့ အဘယ်ကြောင့်အမြဲမလွယ်ကူသနည်း။
၉ ကျမ်းစာမူများကို ပိုင်းခြားသိမြင်နားလည်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းသည် ပညတ်ဥပဒေတစ်စုံကို လိုက်နာခြင်းလောက်မလွယ်ကူချေ။ မစုံလင်သောလူသားများအနေနှင့် ကျွန်ုပ်တို့သည် မူများကိုဆင်ခြင်သုံးသပ်ရန်တာဝန် ပျက်ကွက်ကောင်းပျက်ကွက်ပေမည်။ ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချဖို့ အကြောင်းပေါ်လာသောအခါ သို့မဟုတ် ကြံရာမရဖြစ်သောအခါ ချမှတ်ထားသောစည်းမျဉ်းတစ်ခုကို ပို၍လိုလားကြပေမည်။ တစ်ခါတစ်ရံ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်နိုင်သည့် ရင့်ကျက်သောခရစ်ယာန်တစ်ဦးထံမှ လမ်းညွှန်မှုရလိုပေမည်၊ ကျွန်ုပ်တို့၏အခြေအနေနှင့်သက်ဆိုင်သော စည်းမျဉ်းအတိအကျရဖို့ မျှော်လင့်ပေမည်။ သို့သော် သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေစာတမ်းများသည် စည်းမျဉ်းအတိအကျကို ဖော်ပြမည်မဟုတ်ပေ၊ သို့မဟုတ် စည်းမျဉ်းတစ်ခုဖော်ပြထားလျှင်ပင် ၎င်းသည် အချိန်တိုင်း၊ အခြေအနေတိုင်းအတွက် ဖြစ်ချင်မှဖြစ်မည်။ ယေရှုကို လူတစ်ဦးဤသို့မေးခဲ့သည်ကို သင်သတိရကောင်းရပေမည်– “အရှင်ဘုရား[သခင်] အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အားပေးဝေပါမည်အကြောင်း အမိန့်ရှိတော်မူပါ။” မွေးချင်းညီအစ်ကိုအကြား အငြင်းပွားမှုကိုဖြေရှင်းပေးဖို့ ပြဋ္ဌာန်းချက်တစ်ခုကို ချက်ချင်းထုတ်ဖော်ပြမည့်အစား ယေရှုသည် သာ၍ယေဘုယျကျသော ဤမူကိုပေးခဲ့သည်– “ခပ်သိမ်းသောလောဘလွန်ကြူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။” သို့ဖြင့် ယေရှုသည် ထိုအချိန်အတွက် အကျိုးရှိပြီး ယခုအချိန်ထိ အတည်ဖြစ်သော လမ်းညွှန်ချက်ကိုပေးတော်မူခဲ့သည်။—လုကာ ၁၂:၁၃-၁၅။
၁၀။ မူများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းက ကျွန်ုပ်တို့၏ရည်ရွယ်ချက်ကို မည်သို့ဖော်ပြသနည်း။
၁၀ ပြစ်ဒဏ်သင့်မည်စိုး၍ စိတ်မပါဘဲ ဥပဒေနာခံခဲ့သူများကို သင်တွေ့ကောင်းတွေ့ဖူးမည်။ မူများကိုလေးစားခြင်းက အဆိုပါသဘောထား မရှိစေပါ။ မူများ၏သဘောတရားမှာ ယင်း၏ထိန်းချုပ်မှုကို လူတို့အား နှလုံးထဲမှတုံ့ပြန်စေသည်။ အမှန်မှာ မူအများသည် ၎င်းကိုမလိုက်နာသူများအပေါ် ပြစ်ဒဏ်ချက်ချင်းကျရောက်စေခြင်းမရှိပါ။ ၎င်းက ယေဟောဝါကို ကျွန်ုပ်တို့အဘယ်ကြောင့်နာခံရကြောင်း၊ ကျွန်ုပ်တို့၏နှလုံးလှုံ့ဆော်မှုကား အဘယ်အရာဖြစ်ကြောင်း တင်ပြခွင့်ရရှိစေသည်။ ပေါတိဖာဇနီး၏ အကျင့်ယိုယွင်းသောမြှူဆွယ်မှုများကို ယောသပ်ငြင်းဆိုခဲ့ခြင်း၌ ပုံသက်သေတစ်ခု တွေ့ရသည်။ ယေဟောဝါသည် သူ့သားအိမ်ရာပြစ်မှားခြင်းကို တားမြစ်သော ရေးသားထားသည့်ပညတ်ချက်ကို မပေးသေး၊ ၎င်းအမှုအတွက် ပြစ်ဒဏ်မပြဋ္ဌာန်းသေးသော်လည်း ယောသပ်သည် ဘုရားသခင်စီစဉ်ထားသော အိမ်ထောင်ရေးနှင့်ပတ်သက်သည့် သစ္စာရှိခြင်းဆိုင်ရာမူများကို သိရှိနားလည်ကမ္ဘာဦး ၂:၂၄; ၁၂:၁၈-၂၀) “အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” ဟူသော သူတုံ့ပြန်ပုံကိုထောက်လျှင် ၎င်းမူများသည် သူ့ကိုအလွန်သြဇာလွှမ်းမိုးခဲ့ကြောင်း ကျွန်ုပ်တို့သိရှိနိုင်သည်။—ကမ္ဘာဦး ၃၉:၉။
ခဲ့သည်။ (၁၁။ ခရစ်ယာန်များသည် အဘယ်ကဏ္ဍများတွင် ယေဟောဝါ၏မူများဖြင့် လမ်းညွှန်ခံလိုကြသနည်း။
၁၁ ယနေ့၊ ခရစ်ယာန်များသည် အပေါင်းအသင်း၊ အပန်းဖြေမှု၊ တေးဂီတနှင့် စာပေများ ရွေးချယ်ခြင်းအစရှိသည့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များနှင့် ပတ်သက်လာသောအခါ ယေဟောဝါ၏မူများအတိုင်း ညွှန်ကြားခံလိုကြသည်။ (၁ ကောရိန္သု ၁၅:၃၃; ဖိလိပ္ပိ ၄:၈) အသိပညာ၊ သိနားလည်မှုနှင့် ယေဟောဝါကိုလည်းကောင်း၊ ကိုယ်တော့်စံနှုန်းများကိုလည်းကောင်း လေးမြတ်တန်ဖိုးထားစိတ် တိုးပွားလာစဉ် ကျွန်ုပ်တို့၏သိစိတ်၊ ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားဆိုင်ရာသဘောထားက အဘယ်အခြေအနေမျိုးကို ကြုံရသည်ဖြစ်စေ ကိုယ်ရေးကိုယ်တာကိစ္စများ၌ပင်လျှင် ဘုရားသခင့်မူများကို လက်တွေ့ကျင့်သုံးဖို့ ထောက်ကူပေးပါလိမ့်မည်။ ကျမ်းစာမူများ၏ ညွှန်ကြားမှုကိုခံရရာ ဘုရားသခင့်ပညတ်ဥပဒေများတွင် ထွက်ပေါက်ရှာကြမည်မဟုတ်၊ ပညတ်တစ်ခုကို မချိုးဖောက်ဘဲ အဘယ်အတိုင်းအတာအထိ သွားနိုင်သည်ကိုသိရန်လည်း ကြိုးစားမည်မဟုတ်ပါ။ ထိုသဘောထားမျိုးသည် ကိုယ့်ကိုယ်ကိုရှုံးနိမ့်စေပြီး ထိခိုက်စေကြောင်း ကျွန်ုပ်တို့သိရှိထားကြသည်။—ယာကုပ် ၁:၂၂-၂၅။
၁၂။ ဘုရားသခင်ရေးရာမူများဖြင့် လမ်းညွှန်ခံရဖို့ အဘယ်အရာအရေးပါသနည်း။
၁၂ ကိစ္စရပ်တစ်ခုကို ယေဟောဝါမည်သို့ယူမှတ်ကြောင်းသိလိုခြင်းသည် ဘုရားသခင်ရေးရာမူများကို လိုက်လျှောက်ခြင်းအတွက် အရေးပါကြောင်း ရင့်ကျက်သောခရစ်ယာန်များသိရှိကြသည်။ ဆာလံဆရာက “ထာဝရဘုရားကိုချစ်သောသူတို့ မကောင်းသောအမှုကိုရွံရှာ [“မုန်း၊” ကဘ] ကြလော့” ဟုတိုက်တွန်းသည်။ (ဆာလံ ၉၇:၁၀) မကောင်းသောအရာအဖြစ် ဘုရားသခင်သတ်မှတ်သောအရာအချို့ကို နယပုံပြင် ၆:၁၆-၁၉ ကဤသို့စာရင်းတင်ပြသည်– “ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါးဟူမူကား၊ ထောင်လွှားသော မျက်နှာတစ်ပါး၊ မုသာ၌ကျင်လည်သော လျှာတစ်ပါး၊ အပြစ်မရှိသောသူ၏အသက်ကိုသတ်သော လက်တစ်ပါး၊ မကောင်းသောအကြံကိုကြံစည်သော နှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေတစ်ပါး၊ မုသာစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာပြုတတ်သော သူတစ်ပါးတည်း။” ယင်းသို့သော အခြေခံအရာများအပေါ် ယေဟောဝါ၏ခံစားချက်ကို ကျွန်ုပ်တို့ရောင်ပြန်ဟပ်လိုသောဆန္ဒသည် ကျွန်ုပ်တို့၏အသက်တာကို စိုးမိုးသောအခါ မူများနှင့်အညီအသက်ရှင်နေထိုင်ခြင်းသည် ပုံမှန်အကျင့်ဖြစ်လာလေသည်။—ယေရမိ ၂၂:၁၆။
ရည်ရွယ်ချက်ကောင်းရှိဖို့လို
၁၃။ ယေရှုသည် တောင်ပေါ်တရားတော်တွင် အဘယ်အတွေးအခေါ်မျိုးကို အလေးပေးဖော်ပြခဲ့သနည်း။
၁၃ မူများကိုသိရှိပြီး လက်တွေ့ကျင့်သုံးခြင်းသည် အခြေအမြစ်အနှစ်သာရမရှိ၊ ဟန်မျှသာဖြစ်သောဝတ်ပြုရေးမှလည်း ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်။ မူများကိုကျင့်သုံးခြင်းနှင့် စည်းမျဉ်းများကို လှေနံဓားထစ်လိုက်နာခြင်းသည် ကွာခြား၏။ ယင်းကို တောင်ပေါ်တရားတော်၌ ယေရှုအတိအလင်းဖော်ပြခဲ့သည်။ (မဿဲ ၅:၁၇-၄၈) ယေရှု၏တရားကိုနာသူတို့သည် ဂျူးများဖြစ်သဖြင့် သူတို့၏အမူအကျင့်သည် မောရှေပညတ်အတိုင်းဖြစ်သင့်သည်ကို သတိရပါ။ သို့သော် တကယ်တမ်းမူ သူတို့သည် ပညတ်တော်ကို တလွဲရှုမြင်ခဲ့ကြသည်။ ပညတ်တော်၏ဆိုလိုရင်းထက် ယင်း၏စာသားကို သူတို့အလေးဂရုပြုခဲ့ကြသည်။ ထို့ပြင် သူတို့၏ထုံးတမ်းစဉ်လာများကို ဘုရားသခင့်သွန်သင်ချက်များထက် အလေးပေးဂရုစိုက်ခဲ့ကြသည်။ (မဿဲ ၁၂:၉-၁၂; ၁၅:၁-၉) သို့ဖြစ်၍ လူအများသည် မူကိုထည့်စဉ်းစားဖို့ သွန်သင်မခံခဲ့ကြရချေ။
၁၄။ ယေရှုသည် မိမိတရားကိုနာသူများအား မူများအပေါ်အခြေခံ၍ စဉ်းစားဖို့ မည်သို့ကူညီပေးခဲ့သနည်း။
၁၄ ယေရှုမူကား တောင်ပေါ်တရားတော်၌ အမျက်ဒေါသ၊ အိမ်ထောင်ပြုခြင်းနှင့် ကွာရှင်းခြင်း၊ ကတိကဝတ်ပြုခြင်း၊ လက်စားမဿဲ ၅:၂၈။
ချေခြင်း၊ ချစ်ခြင်းနှင့် မုန်းတီးခြင်းဟူသော ကဏ္ဍငါးခုနှင့်ဆိုင်သည့် ကျင့်ဝတ်မူများကို ထည့်ဟောပြောခဲ့သည်။ ကိစ္စတစ်ခုစီတွင် ယေရှုသည် မူကိုလိုက်နာခြင်း၏အကျိုးကျေးဇူးကို ဖော်ပြခဲ့သည်။ ဤနည်းဖြင့် ယေရှုသည် မိမိနောက်လိုက်များ၏ ကိုယ်ကျင့်တရားစံနှုန်းကို မြှင့်တင်ပေးခဲ့သည်။ ဥပမာ၊ သူ့သားအိမ်ရာပြစ်မှားခြင်းကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အပြုအမူသာမက ကျွန်ုပ်တို့၏အတွေးအခေါ်နှင့်ဆန္ဒများကိုပါ ထိန်းကျောင်းပေးသော ဤမူကို ကိုယ်တော်ပေးခဲ့သည်– “[တပ်မက်သော]စိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။”—၁၅။ အပြင်ပန်းလုပ်ရိုးလုပ်စဉ်ဘက်သို့ တိမ်းယိမ်းလိုစိတ် မရှိစေရန် မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၅ ယေဟောဝါ၏မူများ၏ ရည်ရွယ်ချက်နှင့် ဆိုလိုရင်းကို ကျွန်ုပ်တို့ဘယ်သောအခါမျှ မျက်ခြည်မပြတ်သင့်ကြောင်း ၎င်းပုံဥပမာကဖော်ပြပါသည်။ အပြင်ပန်း လုပ်ရိုးလုပ်စဉ်အသွင်အပြင်ဖြင့် ဘုရားသခင့်မျက်နှာသာတော်ရဖို့ ကျွန်ုပ်တို့ မကြိုးစားသင့်ချေ။ ဘုရားသခင့်ကရုဏာတော်နှင့် မေတ္တာကို ညွှန်ပြခြင်းဖြင့် အဆိုပါသဘောထား မှားယွင်းကြောင်းကို ယေရှုထုတ်ဖော်ခဲ့သည်။ (မဿဲ ၁၂:၇; လုကာ ၆:၁-၁၁) ကျွန်ုပ်တို့သည် ကျမ်းစာမူများကို လိုက်လျှောက်ခြင်းဖြင့် ကျမ်းစာသွန်သင်ချက်များထက်လွန်ကဲသော ကျယ်ပြန့်၍ တင်းကျပ်သည့် ဆောင်ရန်၊ ရှောင်ရန်စာရင်းအတိုင်း အသက်ရှင်နေထိုင်ဖို့ကြိုးစားခြင်း (သို့မဟုတ် ထိုသို့နေထိုင်ဖို့ အခြားသူများအားတောင်းဆိုခြင်း) ကိုရှောင်ကြပါမည်။ ကျွန်ုပ်တို့သည် အပြင်ပန်း ဘုရားသခင်ကိုဝတ်ပြုသူပုံပေါ်ဖို့ထက် ဘုရားသခင်ကိုချစ်ခြင်း၊ နာခံခြင်းနှင့်ဆိုင်သောမူများကို ပို၍အလေးထားကြမည်။—လုကာ ၁၁:၄၂။
ဝမ်းမြောက်ဖွယ် အကျိုးကျေးဇူးများ
၁၆။ ကျမ်းစာလမ်းညွှန်ချက်အချို့ နောက်ကွယ်ရှိ မူများ၏နမူနာများပေးပါ။
၁၆ ယေဟောဝါကို ကျွန်ုပ်တို့နာခံဖို့ကြိုးစားကြစဉ် ကိုယ်တော်၏ပညတ်များသည် အခြေခံမူများအပေါ် အခြေပြုကြောင်းသိထားဖို့ အရေးကြီးသည်။ ဥပမာ၊ ခရစ်ယာန်များသည် ရုပ်ပုံကိုးကွယ်ခြင်း၊ လိင်အကျင့်ယိုယွင်းခြင်းနှင့် သွေးကိုအလွဲအသုံးပြုခြင်းတို့ကို ရှောင်ကြဉ်ဖို့ဖြစ်သည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ထိုကိစ္စရပ်များတွင် ခရစ်ယာန်ရပ်တည်ချက်သည် အဘယ်အရာပေါ်အခြေခံသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို ရထိုက်တော်မူ၏; ကျွန်ုပ်တို့၏အိမ်ထောင်ဖက်အပေါ် သစ္စာရှိသင့်သည်; ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့၏အသက်ပေးရှင် ဖြစ်တော်မူ၏။ (ကမ္ဘာဦး ၂:၂၄; ထွက်မြောက်ရာ ၂၀:၅; ဆာလံ ၃၆:၉) ဤအခြေခံမူများကို သဘောပေါက်နားလည်ထားခြင်းက ဆက်စပ်နေသော ပညတ်ဥပဒေများကို လက်ခံပြီး လိုက်နာဖို့လွယ်ကူစေပါသည်။
၁၇။ ကျမ်းစာမူများကို သိနားလည်ပြီး လက်တွေ့ကျင့်သုံးခြင်းမှ အဘယ်ကောင်းကျိုးများ ရရှိနိုင်သနည်း။
၁၇ အခြေခံမူများကို ခွဲခြားသိမြင်ပြီး လက်တွေ့ကျင့်သုံးကြစဉ် ၎င်းတို့သည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်ကြောင်း သိလာကြသည်။ ဘုရားသခင့်လူမျိုးတော် ခံစားရသော ဝိညာဉ်ရေးကောင်းချီးများတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများပါဝင်၏။ ဥပမာ၊ ဆေးလိပ်မသောက်သူများ၊ ကိုယ်ကျင့်တရားကောင်းသူများနှင့် သွေး၏မြင့်မြတ်မှုကိုလေးစားကြသူများသည် ရောဂါဝေဒနာအချို့ကို မခံစားကြရချေ။ အလားတူ ဘုရားသခင့်အမှန်တရားနှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြင့် ကျွန်ုပ်တို့သည် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတို့တွင် အကျိုးများစွာခံစားရ၏။ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ထိုသို့သောအကျိုးကျေးဇူးများက ယေဟောဝါ၏စံနှုန်းများသည် အမှန်တကယ်လက်တွေ့ကျပြီး တန်ဖိုးရှိကြောင်း ထင်ရှားစေသည်။ သို့သော် ၎င်းလက်တွေ့ကျ အကျိုးကျေးဇူးများ ခံစားရဖို့အတွက်သာ ဘုရားသခင့်မူများကို လိုက်လျှောက်ကြသည်မဟုတ်ပါ။ ယေဟောဝါကို ခရစ်ယာန်စစ်များနာခံကြရခြင်းအကြောင်းမှာ ကိုယ်တော်အားချစ်မြတ်နိုးကြသောကြောင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ရထိုက်သောကြောင့်နှင့် ထိုသို့ ပြုသင့်ပြုထိုက်သောကြောင့်ဖြစ်သည်။—ဗျာဒိတ် ၄:၁၁။
၁၈။ အောင်မြင်သောခရစ်ယာန်များဖြစ်လိုကြလျှင် ကျွန်ုပ်တို့၏ဘဝကို အဘယ်အရာက ထိန်းကျောင်းသင့်သနည်း။
၁၈ ကျွန်ုပ်တို့၏ဘဝကို ကျမ်းစာမူများဖြင့်ထိန်းကျောင်းခံခြင်းက သာ၍ကောင်းသောဘဝလမ်းစဉ်ကိုရစေ၍ ၎င်းက အခြားသူများအား ဘုရားသခင့်လမ်းစဉ်ကိုလိုက်လျှောက်ရန် သွေးဆောင်နိုင်သည်။ အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်သည် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကို လိုလားတော်မူသော မေတ္တာရှင်ဘုရားသခင် အမှန်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ ကျမ်းစာမူများနှင့်အညီ ကျွန်ုပ်တို့ဆုံးဖြတ်ချက်များချကြပြီး ကျွန်ုပ်တို့အား ယေဟောဝါကောင်းချီးပေးပုံကို တွေ့မြင်ကြရသောအခါ ကိုယ်တော်နှင့်ပိုမိုရင်းနှီးလာလေသည်။ ထိုအခါ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် မေတ္တာပါသောဆက်ဆံရေးကို ပိုခိုင်မြဲလာစေသည်။
သင်မှတ်မိသလော
• မူဆိုသည်မှာ အဘယ်နည်း။
• မူများသည် ပညတ်ဥပဒေများနှင့် မည်သို့ကွာခြားသနည်း။
• မူများကိုအခြေခံပြီး စဉ်းစားပြုမူခြင်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အကျိုးရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
ဝေလ်စင် အမည်ရှိ ဂါနာနိုင်ငံမှ ခရစ်ယာန်တစ်ဦးသည် ရက်အနည်းငယ်အကြာတွင် အလုပ်မှအထုတ်ခံရတော့မည်ဟု သတင်းရသည်။ အလုပ်ဆင်းသည့်နောက်ဆုံးရက်တွင် ကုမ္ပဏီဦးဆောင်ညွှန်ကြားရေးမှူး၏ ကိုယ်ပိုင်ကားကို သူဆေးပေးခဲ့ရသည်။ ကားထဲတွင် ငွေတစ်ထုပ်ကို ဝေလ်စင်တွေ့သောအခါ ထိုနေ့တွင် သူအလုပ်ထွက်ရတော့မည်ဖြစ်သောကြောင့် ဘုရားသခင်က ငွေပို့ပေးလိုက်သည်ဟု သူ၏အထက်လူကြီးက သူ့ကိုပြောသည်။ သို့သော် ဝေလ်စင်သည် ရိုးသားခြင်းနှင့်ဆိုင်သော ကျမ်းစာမူများကိုကျင့်သုံးပြီး ညွှန်ကြားရေးမှူးအား ထိုငွေထုပ်ကိုပြန်ပေးခဲ့သည်။ ၎င်းညွှန်ကြားရေးမှူးသည် အံ့ဩပြီး ဝေလ်စင်ကိုအထင်ကြီးသွားရာ အလုပ်ချက်ချင်းပြန်ခန့်ရုံမက ထိုကုမ္ပဏီအမှုထမ်းများတွင် ရာထူးကြီးသောဝန်ထမ်းအဖြစ် ရာထူးတိုးပေးခဲ့သည်။—ဧဖက် ၄:၂၈။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
ရူကီးယားသည် အသက် ၆၀ ကျော်အရွယ် အယ်လ်ဘေးနီးယားအမျိုးသမီးတစ်ဦးဖြစ်သည်။ မိသားစု သဘောထားကွဲလွဲမှုကြောင့် သူ၏အစ်ကိုနှင့် စကားမပြောသည်မှာ ၁၇ နှစ်ကျော်ရှိပြီ။ ရူကီးယားသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာသောအခါ ခရစ်ယာန်စစ်များသည် အခြားသူများနှင့် သင့်တင့်မှုရှိပြီး အငြိုးမထားရကြောင်း သိရှိလာသည်။ တစ်ညလုံးသူဆုတောင်းပြီး စိတ်လှုပ်ရှားစွာဖြင့် အစ်ကို၏အိမ်သို့ သွားလေသည်။ တူမဖြစ်သူက တံခါးဖွင့်ပေးသည်။ အံ့အားသင့်စွာဖြင့် ရူကီးယားကို “ဘယ်သူဆုံးသွားလို့လဲ။ ဘာကိစ္စရှိလို့လဲ” ဟုတူမကမေးသည်။ ရူကီးယားက အစ်ကိုနှင့်တွေ့ ခွင့်တောင်းသည်။ ကျမ်းစာမူများနှင့် ယေဟောဝါအကြောင်း မိမိသင်ယူခဲ့ရာ အစ်ကိုဖြစ်သူနှင့် ပြန်သင့်မြတ်ဖို့ စေ့ဆော်ခံရကြောင်း အေးအေးဆေးဆေးရှင်းပြခဲ့သည်။ မျက်ရည်များကျကာ တစ်ဦးကိုတစ်ဦးဖက်ယမ်းကြပြီးနောက် ဤထူးခြားသောပြန်ပေါင်းစည်းမှုကို ပွဲခံခဲ့ကြလေသည်!—ရောမ ၁၂:၁၇၊ ၁၈။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
“ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမ . . . တော်မူသည်။”