မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်လုံခြုံမှုသည် အဘယ်နေရာတွင်နည်း

သင့်လုံခြုံမှုသည် အဘယ်နေရာတွင်နည်း

သင့်​လုံခြုံမှု​သည် အဘယ်​နေရာတွင်​နည်း

အနောက်​အာဖရိက ရွာ​ငယ်​လေး​တစ်ရွာ​၌ ဇို​ဇ​ဝါ​လေး​သည် သူ၏​မိသားစု​နှင့်​မိတ်ဆွေများ​ကို နှုတ်​ခွန်း​ဆက်နေ​၏။ * ထို့နောက် သူသည် ငွေကြေး​လုံခြုံမှု​အတွက် ရှာပုံတော်ဖွင့်​ရန် မြို့ကြီး​သို့ ထွက်ခွာ​သွား​သည်။ သို့ရာတွင် မြို့ကြီး​သို့​ရောက်​ပြီး များ​မကြာမီ​ပင် သူ​ထင်​သည့်​အတိုင်း မြို့တွင်​အလွယ်တကူ ချမ်းသာ​နိုင်​သည်မဟုတ်​ကြောင်း သိမြင်​လာ​ရာ သူ၏​မျှော်လင့်ချက်များ ဝိုး​တိုး​ဝါး​တား​ဖြစ်သွား​လေ​၏။

မြို့တွင်​နေသားကျ​ဖို့ အတော်​ကလေး​ကြိုးစား​သော်လည်း အလွန်​စိတ်ပျက်​ခဲ့​ရလေ​သည်။ မြို့ကြီး​မှာ သူ​စိတ်ကူးယဉ်​ထားခဲ့​သည့်​အတိုင်း လုံးဝ​မဟုတ်ပေ။ ဇို​ဇ​ဝါ​၏​စိတ်ထဲ​တွင် သူ​ထွက်​လာ​ခဲ့​သည့် ရွာ​ကလေး​မှ မိသားစု​နှင့်​မိတ်ဆွေများ​ထံ ပြန်သွား​ချင်စိတ်​သာ တစ်ချိန်​လုံး​ရှိ​နေသည်။ သို့သော် ရွာသား​အချို့ သူ့ကို​ပြောင်လှောင်​မည်​ကို စိုးရိမ်​မိ​သည်။ ‘မြို့မှာ မအောင်မြင်​ခဲ့​တဲ့​အတွက် ကျွန်တော့်​ကို အ​ထ​မ​မြောက်​သူ​လို့ ခေါ်​ကြ​တော့​မယ်’ ဟု​သူ​စိုးရိမ်​နေသည်။

သူ့​အတွက် ထို​ထက်​ဝန်​လေး​စ​ရာ​မှာ သူ့​မိဘများ​၏ စိတ်ထိခိုက်မှု​ပင်​ဖြစ်၏။ စား​ဝတ်​နေ​ရေး အထောက်အကူ​ရဖို့​အတွက် သူတို့က သူ့ကို​အားကိုး​နေကြ​သည်။ ဤသို့​စိတ်ပူ​ပင်​နေစဉ် ဇို​ဇ​ဝါ​သည် အထင်သေး​ခံရ​သည့်​အလုပ်​တစ်ခု​တွင် နာရီ​ပေါင်း​များစွာ အလုပ်လုပ်​ရပြီး ဝင်ငွေ​မှာ ထင်​သလော​က်​မရချေ။ သူ့​ခမျာ အလုပ်ပိ​ခြင်း​ကြောင့် ပင်ပန်း​နွမ်း​နယ်​နေ​၏။ ထို့​အပြင် သူ​အလွန်​တန်ဖိုး​ထား​သည့် ခရစ်ယာန်​လုပ်ငန်းဆောင်တာ​များ​အတွက် ကျန်ကြွင်း​ချိန်မှာ​လည်း ရက်သတ္တပတ်​တစ်ပတ်​ပြီး​တစ်ပတ် နည်း​သည်ထက်​နည်း​သွားလေသည်။ သူ့​မိသားစု​နှင့် မိတ်ဆွေဟောင်း​များ​၏ နွေးထွေး​ပျူ​ငှာ​မှု​မှ အလွန်​ဝေးကွာ​နေသော​ကြောင့် သူ့​ခမျာ ဝမ်းနည်းပြီး အထီးကျန်​ဆန်​လာ​လေ​သည်။ သူ​အလွန်​မျှော်လင့်​တောင့်တ​ခဲ့​သော လုံခြုံမှု​ကို မြို့ကြီး​က​မပေးနိုင်​ကြောင်း သူ​တွေ့ရှိ​သွား​၏။

အမည်များ​နှင့် နေရာ​ဒေသ​များ ကွဲပြား​ကြ​မည်​ဖြစ်သော်လည်း ဇို​ဇ​ဝါ​၏ ဝမ်းနည်းစရာ​ကောင်းသော​တွေ့ကြုံမှု​မျိုး​သည် ထပ်တလဲလဲ​ဖြစ်ပျက်​လေ့​ရှိ၏။ မြို့​သို့ ဇို​ဇ​ဝါ​ပြောင်းရွှေ့​လို​ခြင်း​သည် တစ်ကိုယ်ကောင်း​ဆန်​၍​မဟုတ်ပေ၊ လုံခြုံမှု​ကို သူ​ရှာဖွေ​နေခြင်း​သာ​ဖြစ်သည်။ တော​ရွာ​ကလေး​ထက် မြို့ကြီး​တွင် အခွင့်အရေး​ပို​ကောင်း​သည်​ဟု စိတ်ရင်းမှန်​ဖြင့် သူ​ယုံကြည်ခဲ့​၏။ ရံဖန်ရံခါ လူတစ်ဦး​သည် ငွေကြေး​ဥစ္စာ​အရ တိုးတက်​နိုင်​သော်လည်း ယင်းက စစ်မှန်သော​လုံခြုံမှု​ဟု မဆိုလို​ချေ။ ဇို​ဇ​ဝါ​အတွက်သာ​မ​က အလားတူ​အကြံ​ရှိခဲ့​ကြ​သူ​အများစု​အတွက်​လည်း မအောင်မြင်​ချေ။ ယင်းကြောင့် ‘လုံခြုံမှု​ဟူသည်​အဘယ်နည်း’ ဟု​မေးစရာ​ရှိသည်။

လူ​အသီးသီး​သည် လုံခြုံမှု​ကို တစ်မျိုးစီ သဘောပေါက်​ကြ​၏။ လုံခြုံမှု​ဟူသည် “အန္တရာယ်​လွတ်ကင်း​ခြင်း” သို့​မဟုတ် “ကြောက်ရွံ့​မှု၊ စိုးရိမ်​ပူပန်မှု လွတ်ကင်း​ခြင်း” ဖြစ်၏​ဟု အဘိဓာန်​တစ်ခု​က​ဆို​သည်။ ယနေ့ လုံးဝ “အန္တရာယ်ကင်း” သည့်​အဖြစ်မျိုး​မရှိ​ဟု လူအများ အသိအမှတ်ပြု​ကြသည်။ စိုးရိမ်​စ​ရာ​အခြေအနေ​များ ဝန်းရံ​နေသည့်တိုင် လုံခြုံ​၏​ဟု​ခံစား​နေရ​သ၍ သူတို့​ကျေနပ်​ကြသည်။

အသင်​ကော။ လုံခြုံမှု​ရရှိရန် အဘယ်​နေရာတွင် သင်​ရှာဖွေ​သနည်း။ ဇို​ဇ​ဝါ​ထင်​သည့်​အတိုင်း ရွာတွင်​မဟုတ် မြို့၌​ရှိသလော။ သို့​မဟုတ် မည်သည့်​နေရာ၊ မည်သည့်​နည်းဖြင့်​မဆို​ရရှိစေ​ကာ​မူ ငွေ​၌ လုံခြုံမှု​ရှိသလော။ လူမှု​တိုးတက်ရေး​လမ်းကြောင်း အဆင့်ဆင့်​တက်​ခြင်း​တွင် ယင်းကို​တွေ့​နိုင်​မည်​လော။ အရာ​တစ်ခုခု​အပေါ်​မူတည်​၏​ဟု ယူမှတ်​သည့်​တိုင် သင်​နှင့်​သင့်​မိသားစု​အတွက် ထို​လုံခြုံမှု မည်မျှ​တည်တံ့​မည်​နည်း။

လုံခြုံမှု​ရှိဖို့ လူအများ​ရှာဖွေကြ​သည့် နည်း​သုံးနည်း​ဖြစ်သော နယ်မြေ​ဒေသ၊ ငွေ၊ ရာထူး သို့​မဟုတ် လူမှု​အဆင့်အတန်း​စ​သည်​တို့ကို သုံးသပ်ကြည့်​ကြ​စို့။ ထို့နောက် စစ်မှန်​၍​တည်မြဲသော​လုံခြုံမှု အမှန်​တည်ရှိ​သည့်​နေရာကို ကျွန်ုပ်​တို့​ဆန်းစစ်​ကြည့်​ကြ​ပါ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်​ပြောင်း​ထား​သည်။