မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ​ကို ဖတ်ရှု​ရ​၍ တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ဖိစီးမှုများ​ကို​သက်သာ​စေရန် တောင်ပေါ်​တရားတော်​နှင့်​ပတ်သက်​၍ အဘယ်​ကိုယ်ပိုင်​အစီအစဉ်ကို အသုံးပြုနိုင်​မည်​နည်း။

ထို​တရားတော် သို့​မဟုတ် ခရစ်ဝင်​ကျမ်း​များ​တွင် ဖော်ပြ​ထားသော ယေရှု၏​အခြေခံ​သွန်သင်ချက်​များ​မှ​တစ်ခု​ကို သင်​နေ့စဉ်​ဖတ်ရှု​နိုင်​သည်။ ထို​သွန်သင်ချက်​ကို သင်​ဆင်ခြင်​တွေးတောခြင်း​ဖြင့်​လည်းကောင်း၊ ယင်းကို ကိုယ်တိုင်​ကြိုးစား​ကျင့်သုံး​ခြင်း​ဖြင့်​လည်းကောင်း ပိုမို​ပျော်ရွှင်​လာပြီး ဖိစီးမှု​လျော့နည်း​သွား​သည်ကို တွေ့ ရှိ​ရ​ပေမည်။—၁၂/၁၅၊ စာမျက်နှာ ၁၂-၁၄။

ထပ်ဆင့်​တာဝန်​များ​ကို ထမ်းဆောင်​ရန် ဓမ္မ​အမှုထမ်းများ​အား အသင်းတော်​အကြီးအကဲ​များ​က လေ့ကျင့်​ပေးဖို့ အဘယ်​အကြောင်းကောင်း​သုံးရပ်​ရှိ​သနည်း။

ယေဟောဝါသက်သေ​အရေအတွက် တိုးများ​လာသော​ကြောင့် နှစ်ခြင်း​ခံ​ပြီး​စ​လူသစ်များ တိုးတက်​ရန် ကူညီ​ပေးဖို့ ယုံကြည်​စိတ်ချ​ရသော​အမျိုးသားများ ထပ်၍​လိုအပ်​သည်။ ယခု အသက်အရွယ်​ကြီးရင့်​ခြင်း​ကြောင့် သို့​မဟုတ် ကျန်းမာ​ရေး​ကြောင့် လုပ်​သက်​ရ​င့်​အကြီးအကဲ​အချို့​သည် ယခင်​က​လောက် တာဝန်​များ​ကို မ​ထမ်းဆောင်​နိုင်​တော့​ချေ။ အရည်အချင်း​ပြည့်မီ​သော အကြီးအကဲ​အချို့​သည် ဒေသခံ​အသင်းတော်​တာဝန်​များ​ထက်မက ထမ်းဆောင်​နေရ​ကြ​ရာ အသင်းတော်​တာဝန်​များ​ကို ယခင်​က​ကဲ့သို့ မ​ထမ်းဆောင်​နိုင်​တော့​ပေ။—၁/၁၊ စာမျက်နှာ ၂၉။

လူတို့သည် အမှန်တကယ်​မဟုတ်သော ဘုရားသခင်​များ​ကို မည်သို့​ယုံကြည်​ကိုးစား​ကြ​သနည်း။

လူများစွာ​သည် ဘုရားသခင်​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြသော်လည်း . . . ဧလိယ​ခေတ်​က ဗာလ​ဘုရား​ကဲ့သို့​ပင် . . . ဖြစ်​ကြ​ပေမည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၂၆၊ ၂၉; ဆာလံ ၁၃၅:၁၅-၁၇) အခြားသူများ​မူ စစ်မှန်သော​အနာဂတ်​မျှော်လင့်ချက် မပေးနိုင်​သော ဖျော်ဖြေရေးသမား​များ၊ အားကစား​အကျော်အမော်​များ​ကို ကြည်ညို​လေးမြတ်​ကြ​၏။ ယင်း​နှင့်​ခြားနား​လျက် ယေဟောဝါ​သည် အမှန်တကယ်​တည်ရှိ​ပြီး ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို ပြည့်စုံ​စေ​သည်။—၁/၁၅၊ စာမျက်နှာ ၃-၅။

ဘုရားသခင်​၏​သတိပေး​ချက်​ကို ကာဣန​၏​တုံ့ပြန်​ပုံ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​နိုင်​သနည်း။

ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်​ပေး​ထား​ရာ ကာဣန​တုံ့ပြန်​သကဲ့သို့ ကောင်း​ရာ​ပြုလုပ်ခြင်း​မှ သွေဖည်​သွား​မည့်​အစား မှန်ရာကို​ရွေးချယ်​ပြုလုပ်​နိုင်၏။ ယေဟောဝါ​သည် နောင်တ​မရသူ​များ​ကို တရား​စီရင်​မည်​ဖြစ်​ကြောင်း ကျမ်းစာ​မှတ်တမ်းက​ဖော်ပြ​သည်။—၁/၁၅၊ စာမျက်နှာ ၂၂-၃။

ယခု​အခါ သန့်ရှင်း​စင်ကြယ်မှု​သည် အဘယ်ကြောင့် အထူးသဖြင့် အရေးပါ​သနည်း။

ပြောင်းလဲ​နေသော လူမှုရေး​ပုံစံ​များ​ကြောင့် လူများစွာ​သည် အိမ်တွင်း​သန့်ရှင်းမှု​အတွက် အချိန်​မပေးနိုင်​တော့​ချေ။ အစားအစာ​နှင့် ရေ​သန့်ရှင်းမှုကို ဂရုမစိုက်​လျှင် ကျန်းမာ​ရေး​ထိခိုက်​နိုင်​သည်။ ကာယ​သန့်ရှင်းမှု​အပြင် ဝိညာဉ်​ရေး၊ ကိုယ်ကျင့်တရား​နှင့် စိတ်ပိုင်း​ဆိုင်ရာ သန့်ရှင်း​စင်ကြယ်မှု​ကို​ပါ ဂရုစိုက်​ရမည်ဟု သမ္မာကျမ်းစာ​က အလေးပေး​ဖော်ပြ​သည်။—၂/၁၊ စာမျက်နှာ ၃-၆။

ခရစ်​ခေတ်​မတိုင်မီ​က သက်သေခံ​များနှင့်​စပ်လျဉ်း၍ ပေါလု​က သူတို့သည် “ငါ​တို့​မပါဘဲ စုံလင်ခြင်း​သို့​မ​ရောက်” ဟု​ဆို​၏။ မည်သို့​အားဖြင့်​နည်း။ (ဟေဗြဲ ၁၁:၄၀)

လာ​မည့်​အနှစ်​တစ်ထောင်​ကာလ​အတွင်း ခရစ်တော်​နှင့် ကိုယ်တော်​၏​ဝိညာဉ်​တော်​ဖွား​ညီတော်​များသည် ဘုရင်​များနှင့် ယဇ်ပုရောဟိတ်​များ​အဖြစ် အမှုထမ်းဆောင်​ကြ​ပြီး ထမြောက်​လာ​သူများကို ရွေးနုတ်ဖိုး​ပူဇော်​သကာ​အကျိုးကျေးဇူးများ ခံစား​စေပါ​လိမ့်​မည်။ သို့ဖြင့် ဟေဗြဲ​အခန်းကြီး ၁၁ တွင်​ဖော်ပြ​ထားသော သစ္စာရှိ​သူများ​သည် ‘စုံလင်ခြင်း​သို့​ရောက်’ ကြလိမ့်မည်။—၂/၁၊ စာမျက်နှာ ၂၃။

ပေါလု​က “ကိုယ်​အသွေး​ထွက်​သည်​တိုင်အောင် မခံရ​ကြ​သေး” ဟူ၍ ဟေဗြဲ​လူ​တို့ကို​ပြော​သောအခါ အဘယ်အရာကို သူ​ဆိုလို​သနည်း။ (ဟေဗြဲ ၁၂:၄)

သေ​သည့်​အထိ ဆိုင်ပြိုင်​တိုက်လှန်​ခြင်း​ကို သူ​ဆိုလို​၏။ သေ​သည့်​အထိ သစ္စာရှိခဲ့​ကြ​သူများ​၏ သမိုင်းကြောင်း​ပုံ​နမူနာ​များ​ရှိသည်။ ပေါလု​စာရေး​ခဲ့​သော ဟေဗြဲ​လူတို့သည် ထို​အတိုင်းအတာ​အထိ စမ်းသပ်​မခံရ​သေး​သော်လည်း မည်သို့​ပင်​ဖြစ်​လာပါစေ ခံနိုင်ရည်​ရှိ​ရန် သူတို့၏​ယုံကြည်ခြင်းကို တည်ဆောက်​ပြီး ရင့်ကျက်သည့်​အထိ တိုးတက်​ဖို့​လို​နေသည်။—၂/၁၅၊ စာမျက်နှာ ၂၉။

ယေဟောဝါ​သည် ကိုယ်တော်​၏​တရား​စီရင်ခြင်း​ကို ကရုဏာတော်​ဖြင့် လျှော့ပေါ့​စေ​သည်​ဟု​ဆို​ခြင်း​ကို ရှောင်ခြင်း​သည် အဘယ်ကြောင့်​အကောင်းဆုံး​ဖြစ်သနည်း။

ဘာသာ​စကား​အချို့​တွင် “လျှော့ပေါ့” ဟူသော စကားလုံး​သည် တော်ရုံ​သင့်​ရုံ သို့​မဟုတ် ထိန်းချုပ်ခြင်း​ဟု အဓိပ္ပာယ်​ရှိ​နိုင်​သည်။ ယေဟောဝါ​သည် တရား​မျှတ​ပြီး ကရုဏာ​ရှိတော်မူသော ဘုရားသခင်​ဖြစ်၏၊ အဆိုပါ​အရည်အသွေးများ​ကို ဖော်ပြ​ရာ​တွင် ယင်း​အရည်အသွေး​နှစ်ခု​သည် တွဲဖက်​ညီ​စွာ​လုပ်ဆောင်ကြ​သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇; တရားဟောရာ ၃၂:၄; ဆာလံ ၁၁၆:၅; ၁၄၅:၉) ယေဟောဝါ​၏​တရား​မျှတခြင်း​ကို ကရုဏာ​ဖြင့် ပျော့ပျောင်း​စေရန် မလို​အပ်​ချေ။—၃/၁၊ စာမျက်နှာ ၃၀။

သေဆုံး​သွားသော ချစ်​မြတ်နိုး​ရသူ​၏ ကိုယ်ခန္ဓာ​ကို ဆေး​နှင့်​ပြုပြင်ခြင်း​သည် ခရစ်ယာန်​များ​အတွက် သင့်လျော်​ပါသလော။

ဆေး​နှင့်​ပြုပြင်ခြင်း​မှာ ရုပ်​အလောင်းကို မ​ပုပ်ပျက်​စေရန် ကြာရှည်​ထား​ရှိ​ခြင်း​ဖြစ်သည်။ ရှေးခေတ်​လူ​အချို့​သည် ဘာသာရေး​အကြောင်း​များ​ကြောင့် ထို​ဓလေ့​ထုံးစံ​ကို​လိုက်ခဲ့​ကြ​၏။ စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူများ​သည် ထိုသို့​ပြုလုပ်​ကြ​မည်​မဟုတ်​ချေ။ (ဒေ. ၉:၅; တမန်​တော် ၂၄:၁၅) ဆေး​နှင့်​ပြုပြင်ခြင်း​သည် ရှောင်လွဲ​၍​မရ​သည့် မြေမှုန့်​သို့ ကိုယ်ခန္ဓာ​ပြန်သွား​ခြင်း​အား နှောင့်နှေး​ကြန့်ကြာ​စေခြင်း​သာ ဖြစ်စေ​ပေမည်။ (ကမ္ဘာဦး ၃:၁၉) သို့သော် ဥပဒေက ဆေး​နှင့်​ပြုပြင်​ခိုင်း​လျှင်​ဖြစ်စေ၊ မိသားစု​မှ​အချို့​က ထိုသို့​ပြုလုပ်​စေ​လိုလျှင်​ဖြစ်စေ၊ အသုဘ​အတွက် ခရီး​ဝေး​မှ​လာ​ရသူ​အချို့​ရှိလျှင်​ဖြစ်စေ ဆေး​နှင့်​ပြုပြင်​ရန် လိုအပ်​ပါ​က ထိုသို့ ပြု​နိုင်​ပေ​သည်။—၃/၁၅၊ စာမျက်နှာ ၂၉-၃၁။

လူမျိုးအပေါင်း​ကို ဘုရားသခင်​ကြိုဆို​လက်ခံ​ကြောင်း မည်သည့်​ကျမ်းစာ​ပုံသက်သေ​များ​က ဖော်ပြ​သနည်း။

နိနေဝေ​မြို့သား​များ​ကို​သတိပေး​ရန် ပရောဖက်​ယောန​ကို ယေဟောဝါ​စေလွှတ်ခဲ့​ပြီး သူတို့၏​နောင်တ​ကို​လက်ခံဖို့ ယောန​အား ဘုရားသခင်​တိုက်တွန်း​ခဲ့​၏။ ယေရှုသည် စကား​အားဖြင့်လည်း​ကောင်း၊ ပုံသက်သေ​အားဖြင့်လည်း​ကောင်း ရှမာရိ​လူ​တို့​အပေါ် မေတ္တာပြ​၍ အားပေးခဲ့​သည်။ တမန်​တော်​ပေတရု​နှင့် တမန်​တော်​ပေါလု​တို့သည်​လည်း ဂျူး​မဟုတ်​သူများ​ထံ သတင်းကောင်း​သယ်ဆောင်​သွားခဲ့သည်။ ဤ​ပုံသက်သေ​များ​က နောက်ခံ​အမျိုးမျိုး​ရှိကြ​သူများကို ကူညီပေး​ရန် ကြိုးစား​ဖို့​လိုအပ်ကြောင်း ကျွန်ုပ်​တို့အား​သိရှိ​စေ​သည်။—၄/၁၊ စာမျက်နှာ ၂၁-၄။