ကုန်အကျကို သင်ထည့်သွင်း စဉ်းစားသလော
ကုန်အကျကို သင်ထည့်သွင်း စဉ်းစားသလော
ယေရှုခရစ်သည် မိမိ၏တပည့်တော်များအား ထာဝရအသက်မျှော်လင့်ချက် ကမ်းလှမ်းခဲ့သော်လည်း ခရစ်ယာန်တစ်ဦးဖြစ်ခြင်း၏ အကုန်အကျကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခဲ့သည်။ ၎င်းကိုသဘောပေါက်ရန် ကိုယ်တော်က “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကိုသိခြင်းငှာ ရှေးဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက် [သို့မဟုတ် အကုန်အကျကို ထည့်တွက်မစဉ်းစား] ဘဲနေမည်လော” ဟုဥပမာပေး၍ မေးမြန်းခဲ့သည်။ (လုကာ ၁၄:၂၈) အဘယ်အကုန်အကျကို ယေရှုဆိုလိုခဲ့သနည်း။
ခရစ်ယာန်အားလုံးသည် စမ်းသပ်မှုအမျိုးမျိုး၊ အလွန်ပြင်းထန်သည့်စမ်းသပ်မှုအချို့ကိုပင် တွေ့ကြုံခံစားကြရ၏။ (ဆာလံ ၃၄:၁၉; မဿဲ ၁၀:၃၆) သို့ဖြစ်၍ အတိုက်အခံ သို့မဟုတ် အခြားအခြားသောပြဿနာများ ကြုံတွေ့ကြရသောအခါ အံ့သြခြင်းမရှိစေရန် စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးကို ကြိုတင်ပြင်ဆင်ထားဖို့လိုသည်။ အပြစ်နှင့်သေခြင်းမှ ကယ်တင်ခံရခြင်း ဆုကျေးဇူးသည် လက်ရှိအစီအစဉ်စနစ်မှ ကျွန်ုပ်တို့ရနိုင်သည့် မည်သည့်အရာထက်မဆို သာ၍အဖိုးထိုက်သည်ဟု သိရှိထားကြရာ ခရစ်တော်တပည့်ဖြစ်ရခြင်း၏ ထိုသို့သောစိန်ခေါ်ချက်များကို ထည့်တွက်စဉ်းစားထားနှင့်ပြီးဖြစ်မည်။ မှန်ပါသည်၊ ဘုရားသခင်၏အမှုတော်ကို အစဉ်တစိုက်ထမ်းဆောင်မည်ဆိုပါက ကိုယ်တော်ခွင့်ပြုသည့် သေခြင်းပင်လျှင် ကျွန်ုပ်တို့ကို ထာဝစဉ်အကျိုးမယုတ်စေနိုင်ချေ။—၂ ကောရိန္သု ၄:၁၆-၁၈; ဖိလိပ္ပိ ၃:၈။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ထိုအတိုင်းအတာအထိ မည်သို့ခိုင်မြဲလာနိုင်မည်နည်း။ ကျွန်ုပ်တို့သည် မှန်ကန်စွာဆုံးဖြတ်ချက်ချသည့်အခါတိုင်း၊ ခရစ်ယာန်မူများကို ဆုပ်ကိုင်ထား၍ အခိုင်အမာရပ်တည်သည့်အခါတိုင်း၊ အထူးသဖြင့် ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်၍ပြုမူရန် ဖိအားပေးခံရသောအခါ အလိုတော်နှင့်အညီ လုပ်ဆောင်သည့်အခါတိုင်း ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာပါသည်။ ကျွန်ုပ်တို့၏သစ္စာရှိလမ်းစဉ်ကြောင့် ယေဟောဝါ၏ကောင်းချီးကို ကိုယ်တိုင်ခံစားရသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ခိုင်ခံ့မြဲမြံလာလေသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ယေရှုနှင့် ကိုယ်တော်၏ကနဦးတပည့်တော်များအပြင် ဘုရားသခင့်အမှုတော်ဆောင်ခြင်း၏ အကုန်အကျကို မှန်ကန်စွာ ‘ထည့်သွင်းစဉ်းစား’ ခဲ့ကြသည့် ခေတ်များတစ်လျှောက် သစ္စာရှိအမျိုးသား၊ အမျိုးသမီးအားလုံးတို့၏ ပုံသက်သေကို ကျွန်ုပ်တို့အတုယူနေကြသည်။—မာကု ၁:၁၆-၂၀; ဟေဗြဲ ၁၁:၄၊ ၇၊ ၁၇၊ ၂၄၊ ၂၅၊ ၃၂-၃၈။