မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ယေဟောဝါ​၏​ဝတ်ပြုရာ​အိမ်တော်တွင် မြင့်မြတ်​သော​လုပ်ငန်း​ကို ထမ်းဆောင်​နေကြ​သော “လူအုပ်ကြီး” ကို​ယောဟန်​မြင်​သောအခါ ဝတ်ပြုရာ​အိမ်တော်​၏​မည်သည့်​အပိုင်း​တွင် သူတို့​လုပ်ဆောင်နေ​ကြ​သနည်း။—ဗျာဒိတ် ၇:၉–၁၅က​ဘ။

လူအုပ်ကြီးသည် ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး ဝတ်ပြုရာ​အိမ်တော်​၏ မြေကြီး​ရင်ပြင်​တစ်ခုခု​တွင် ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​နေ​၏​ဟု​ပြောဆို​ရန် ကျိုးကြောင်း​ဆီလျော်​ပါ​သည်၊ အတိအကျ​ပြော​ရ​လျှင် ရှောလမုန်​ဝတ်ပြုရာ​အိမ်တော်​၏ အပြင်​ရင်ပြင်​နှင့် အလား​သဏ္ဌာန်တူ​သည့် ရင်ပြင်​တစ်ခု​တွင်​ဖြစ်​ပေမည်။

လူအုပ်ကြီးသည် ယေရှု​ခေတ်​က​ရှိခဲ့​သည့် တစ်ပါး​အမျိုးသား​ရင်ပြင်​နှင့် ဝိညာဉ်​ရေး​အရ​တူညီ​သည့် သို့​မဟုတ် ပုံဆောင်​သည့် ရင်ပြင်​တစ်ခု​တွင် ဝတ်ပြု​နေကြ​သည်​ဟု ယခင်​က​ဆို​ခဲ့​၏။ သို့သော် ထပ်ဆင့်​ရှာဖွေ​လေ့လာ​ရာ​တွင် ထိုသို့​မဟုတ်​ကြောင်း အကြောင်းရင်း အနည်းဆုံး​ငါး​ချက်​ကို တွေ့ ရှိခဲ့​သည်။ ပထမ​အချက်​အနေ​နှင့် ဟေရုဒ်​ဝတ်ပြုရာ​အိမ်တော်​ရှိ အင်္ဂါရပ်​တိုင်း​ကို ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး​ဆိုင်ရာ ဝတ်ပြုရာ​အိမ်တော်တွင် ပုံဆောင်​ထားခြင်း​မရှိ​ချေ။ ဥပမာ၊ ဟေရုဒ်​ဝတ်ပြုရာ​အိမ်တော်တွင် အမျိုးသမီးများ​၏​ရင်ပြင်​နှင့် ဣသရေလ​ရင်ပြင်​ရှိ၏။ အမျိုးသမီးများ​၏​ရင်ပြင်​ထဲ အမျိုးသားများ​ရော၊ အမျိုးသမီးများ​ပါ ဝင်နိုင်​ကြသော်လည်း ဣသရေလ​ရင်ပြင်​ထဲ​သို့ အမျိုးသားများ​သာ ဝင်ခွင့်​ရှိ၏။ ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး ဝတ်ပြုရာ​အိမ်တော်​၏​မြေကြီး​ရင်ပြင်​၌​မူ ဝတ်ပြု​ကိုးကွယ်​မှု​တွင် အမျိုးသားများ​နှင့် အမျိုးသမီးများ​ကို မခွဲခြား​ထား​ချေ။ (ဂလာတိ ၃:၂၈၊ ၂၉) ထို့​ကြောင့် ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်တွင် အမျိုးသမီးများ​၏​ရင်ပြင်​နှင့် ဣသရေလ​ရင်ပြင်​ဟူ၍ မရှိ​ချေ။

ဒုတိယ​အချက်​အနေ​နှင့် ရှောလမုန်​ဝတ်ပြုရာ​အိမ်တော် သို့​မဟုတ် ယေဇကျေလ​၏​အဆင်းအာရုံ​မှ ဝတ်ပြုရာ​အိမ်တော်​တို့အတွက် ဘုရားသခင်​ချမှတ်​ပေး​ထားသော ဗိသုကာ​ပုံစံ​တွင် တစ်ပါး​အမျိုးသား​ရင်ပြင်​မပါ​ရှိ​ချေ; ဇေရုဗဗေလ​တည်ဆောက်​ခဲ့​သော ဝတ်ပြုရာ​အိမ်တော်တွင်​လည်း ၎င်း​ရင်ပြင်​မရှိ​ချေ။ ထို့​ကြောင့် အထူးသဖြင့် အောက်ပါ​အချက်​ကို ဆင်ခြင်​သုံးသပ်​သည့်​အခါ ဝတ်ပြု​ကိုးကွယ်​မှု​အတွက် ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး​ဆိုင်ရာ ဝတ်ပြုရာ​အိမ်တော်​အစီအစဉ်​တွင် တစ်ပါး​အမျိုးသား​ရင်ပြင် ရှိဖို့လို​သည်​ဟု ယူမှတ်​စ​ရာ​အကြောင်း​မရှိ​ချေ။

တတိယ​အချက်​အနေ​နှင့်၊ ဧဒုံ​ဘုရင်​ဟေရုဒ်သည် မိမိ၏​ဘုန်းထင်ရှား​ရေး​နှင့် ရောမ​၏​မျက်နှာသာ​ရရှိ​ရေး​အတွက် တစ်ပါး​အမျိုးသား​ရင်ပြင်ကို တည်ဆောက်​ခဲ့​၏။ ဟေရုဒ်သည် ဇေရုဗဗေလ​၏​ဝတ်ပြုရာ​အိမ်တော်ကို ဘီ.စီ.အီး. ၁၈ သို့​မဟုတ် ၁၇ တွင်​စတင်​မွမ်းမံ​တည်ဆောက်​ခဲ့​ပုံ​ရှိသည်။ အဲ​န်​ခါ​ရ်​သမ္မာကျမ်းစာ​အဘိဓာန်​က ဤသို့​ရှင်းပြသည်– “ဧကရာဇ်မင်း​၏​အနောက်ဘက် [ရောမ] အလိုအရ အရှေ့ပိုင်း​ရှိ​မြို့များ​ထက် သာ၍​ကြီးမား​သည့် ဝတ်ပြုရာ​အိမ်တော်​တစ်ခု​ကို တည်ဆောက်​လို​ခဲ့​၏။” သို့သော် မူလ​ဝတ်ပြုရာ​အိမ်တော်​၏​အတိုင်းအတာ​မှာ တည်ရှိ​နှင့်​ပြီး​ဖြစ်၏။ “ဝတ်ပြုရာ​အိမ်တော်​အရွယ်အစား​သည် ယခင်​ဆောက်လုပ်​ခဲ့​သူ [ရှောလမုန်​နှင့် ဇေရုဗဗေလ] တို့၏​ဝတ်ပြုရာ​အိမ်တော်​အတိုင်း ရှိ​ရမည်​ဖြစ်သော်လည်း ဝတ်ပြုရာ​အိမ်တော်​တောင်​၏​အရွယ်အစား​ကို​မူ မ​ကန့်သတ်​ထား​ပေ” ဟု​အဆိုပါ​အဘိဓာန်​က ရှင်းပြ​၏။ ထို့​ကြောင့် ဟေရုဒ်သည် မျက်မှောက်ခေတ်​အခေါ် တစ်ပါး​အမျိုးသား​ရင်ပြင်ကို ထပ်ဆင့်​တည်ဆောက်​ခြင်း​ဖြင့် ဝတ်ပြုရာ​အိမ်တော်​၏​ဧရိယာ​ကို တိုးချဲ့​ခဲ့​သည်။ ယေဟောဝါ​၏​ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​အစီအစဉ်​တွင် ဤသို့​သော​နောက်ခံ​မျိုး​ဖြင့် ဆောက်​ထားသော အဆောက်အအုံ​၏​ပုံဆောင်ချက် ရှိ​စ​ရာ​လို​မည်​လော။

စတုတ္ထ​အချက်​အနေ​နှင့်၊ မျက်စိ​မမြင်​သူ၊ ခြေဆွံ့သူ​နှင့် အရေဖျား​မ​လှီး​ရ​သေး​သော တစ်ပါး​အမျိုးသားများ မည်သူ​မဆို တစ်ပါး​အမျိုးသား​ရင်ပြင်​ထဲ​သို့ ဝင်နိုင်​ကြ​၏။ (မဿဲ ၂၁:၁၄၊ ၁၅) မှန်ပါသည်၊ ဘုရားသခင်​အား ယဇ်​ပူဇော်​လို​ကြသော အရေဖျား​မ​လှီး​ရ​သေး​သည့် တစ်ပါး​အမျိုးသားများ​အတွက် ထို​ရင်ပြင်​သည် အသုံးဝင်​ခဲ့​သည်။ ဤ​နေရာတွင် ယေရှုသည် လူစုလူဝေး​ကို တစ်ခါတစ်ရံ ဟောပြောခဲ့သည့်​အပြင် ငွေ​လဲလှယ်​သူများ​နှင့် ကုန်သည်​များ မိမိ​ခမည်းတော်​၏​အိမ်တော်ကို မထီမဲ့မြင်​ပြု​ကြသည်​ဟု နှစ်ကြိမ်​တိုင် မောင်းထုတ်​ခဲ့​သော​နေရာ​ဖြစ်၏။ (မဿဲ ၂၁:၁၂၊ ၁၃; ယောဟန် ၂:၁၄-၁၆) သို့သော် ဂျူး​စွယ်စုံ​ကျမ်း က​ဤသို့​ဆို​သည်– “အတိအကျ​ဆို​ရ​လျှင် ဤ​အပြင်​ရင်ပြင်​သည် ဝတ်ပြုရာ​အိမ်တော်တွင် မပါဝင်​ချေ။ ၎င်း​၏​မြေနေရာ​သည် သန့်ရှင်း​သည့်​နေရာ​မဟုတ်သောကြောင့် မည်သူ​မဆို ဝင်ထွက်​နိုင်၏။”

ပဉ္စမ​အချက်​အနေ​နှင့်၊ တစ်ပါး​အမျိုးသား​ရင်ပြင်ကို ရည်ညွှန်း​၍ အသုံးပြု​ထားသော “ဝတ်ပြုရာ​အိမ်တော်” ဟု​ဘာသာ​ပြန်ဆို​ခဲ့​သည့် ဂရိ​စကားလုံး (ဟီ.အီ.ရိုန်) သည် “ဝတ်ပြုရာ​အိမ်တော်​အဆောက်အဦ​ကိုယ်နှိုက်​ကို​သာ ရည်ညွှန်းခြင်း​မဟုတ်ဘဲ အဆောက်အဦ​များ​အားလုံး​ပါဝင်​သည့် အဆောက်အအုံ​ကို ရည်ညွှန်းခြင်း​ဖြစ်သည်” ဟု​ဘား​ကလေး အမ်. န​ယူး​မဲ​န်​နှင့် ဖီ​လစ် စီ. စတိုင်​တို့​ရေး​သည့် မဿဲ​ခရစ်ဝင်​ကျမ်း​၏ လက်ဆွဲ​စာစောင် က​ဆို​၏။ သို့သော် လူအုပ်ကြီး​ဆိုင်ရာ ယောဟန်​၏​အဆင်းအာရုံ​မှ “ဝတ်ပြုရာ​အိမ်တော်” ဟု​ဘာသာ​ပြန်ဆို​သည့် ဂရိ​စကားလုံး (နာ.အော့စ်) သည်​ပို​၍​ပင် တိကျ​သေချာ​သည်။ ယေရုရှလင်​ဝတ်ပြုရာ​အိမ်တော်​၏ ရှေ့နောက်စကား​ကို​ထောက်ရှု​လျှင် ထိုစကား​လုံး​သည် အများအားဖြင့် အသန့်ရှင်းဆုံး​ဌာန၊ ဝတ်ပြုရာ​အိမ်တော်​အဆောက်အဦ သို့​မဟုတ် ဝတ်ပြုရာ​အိမ်တော်​ဝင်း​ကို ရည်ညွှန်းလေ့​ရှိသည်။ တစ်ခါတစ်ရံ ၎င်းကို “သန့်ရှင်း​ရာ​ဌာန” ဟု​ဖော်ပြ​၏။—မဿဲ ၂၇:၅၊ ၅၁; လုကာ ၁:၉၊ ၂၁; ယောဟန် ၂:၂၀

လူအုပ်ကြီး​တွင်​ပါဝင်သူ​များသည် ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​ကို ယုံကြည်​ကြောင်း​တင်ပြ​ကြသည်။ သူတို့သည် “မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌ လျှော်​၍​ဖြူ​စေ” ပြီး​ဖြစ်​ရာ ဝိညာဉ်​ရေး​အရ သန့်ရှင်း​စင်ကြယ်​ကြ​၏။ ထို့​ကြောင့် ဘုရားသခင်​၏​မိတ်ဆွေများ​ဖြစ်လာ​ရန်​နှင့် ကြီးစွာ​သော​ဆင်းရဲခြင်း​ကို ကပ်ကျော်​ကြ​ရန် မျှော်လင့်ချက်​ဖြင့် သူတို့သည် ဖြောင့်မတ်​သူများ​ဖြစ်၏​ဟု ကြေညာ​ခံရ​ကြသည်။ (ယာကုပ် ၂:၂၃၊ ၂၅) သူတို့သည် ပညတ်ပဋိညာဉ်​ကို လိုက်လျှောက်​ကြ​ပြီး ဣသရေလ​လူမျိုး​နှင့်အတူ ဝတ်ပြု​ကိုးကွယ်​ကြသော ဣသရေလ​နိုင်ငံ​ရှိ ဘာသာဝင်​သူများ​နှင့် နည်း​အမျိုးမျိုးဖြင့် တူညီ​ကြသည်။

အဆိုပါ​ဘာသာဝင်​များသည် ယဇ်ပုရောဟိတ်​များ တာဝန်​ထမ်းဆောင်​ရသည့် အတွင်း​ရင်ပြင်​တွင် အမှုထမ်းဆောင်​ခွင့်​မရ​ကြ​ချေ။ ယေဟောဝါ​၏ “သန့်ရှင်းသော​ယဇ်ပုရောဟိတ်” အတန်းအစား​ဝင်​များ ကမ္ဘာ​ပေါ်​ရှိနေစဉ် သူတို့၏​စုံလင်​ဖြောင့်မတ်​သော လူသား​အဖြစ်​အခြေအနေ​ကို ကိုယ်စား​ပြု​သည့်​ရင်ပြင်​ဖြစ်သော ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​၏ အတွင်း​ရင်ပြင်​တွင် လူအုပ်ကြီး​အဝင်​များ မရှိကြ​ချေ။ (၁ ပေတရု ၂:၅) သို့သော် ယောဟန်​အား ကောင်းကင်​မှ​အကြီးအကဲ​ပြော​သည့်​အတိုင်း လူအုပ်ကြီးသည် မူလ​ဝတ်ပြုရာ​အိမ်တော်​အပြင်ဘက်​မှ ဝိညာဉ်​ရေး​ဆိုင်ရာ တစ်ပါး​အမျိုးသား​ရင်ပြင်​တွင်​မရှိဘဲ ဝတ်ပြုရာ​အိမ်တော်​ထဲ​တွင် ရှိနေကြ​၏။ ၎င်း​သည် အခွင့်ထူး​တစ်ခု​ပါ​တကား! ယောက်စီ​ယောက်​တိုင်း​သည် အခါ​ခပ်သိမ်း ဝိညာဉ်​ရေး​နှင့် ကိုယ်ကျင့်တရား သန့်ရှင်း​စင်ကြယ်မှု​ရှိဖို့ လို​ကြောင်းကို ၎င်း​က​ပေါ်လွင်​ထင်ရှားစေ​၏!

[စာမျက်နှာ ၃၁ ပါ ပုံကြမ်း/ ရုပ်ပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ရှောလမုန်​၏​ဝတ်ပြုရာ​အိမ်တော်

၁။ ဝတ်ပြုရာ​အိမ်တော်​အဆောက်အဦ

၂။ အတွင်း​ရင်ပြင်

၃။ အပြင်​ရင်ပြင်

၄။ ဝတ်ပြုရာ​အိမ်တော်​ရင်ပြင်​သို့ လှေကား