မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်တောင်းဆိုချက်များကို လိုက်နာခြင်းက ယေဟောဝါအားဂုဏ်တင်ချီးမွမ်း

ဘုရားသခင့်တောင်းဆိုချက်များကို လိုက်နာခြင်းက ယေဟောဝါအားဂုဏ်တင်ချီးမွမ်း

ဘုရားသခင့်​တောင်းဆိုချက်​များ​ကို လိုက်နာခြင်းက ယေဟောဝါ​အား​ဂုဏ်တင်​ချီးမွမ်း

“ငါသည် . . . ကျေးဇူးတော်​ကို​ပြ​၍ ဘုရားသခင်​ကို​ချီးမွမ်း​မည်။”—ဆာလံ ၆၉:၃၀

၁။ (က) ယေဟောဝါ​သည် အဘယ်ကြောင့် ဂုဏ်တင်​ချီးမွမ်း​ခံထိုက်​သနည်း။ (ခ) ကျေးဇူးတော်​ကို​ပြ​၍ ကိုယ်တော်​ကို​မည်သို့ ဂုဏ်တင်​ချီးမွမ်း​ကြ​မည်​နည်း။

ယေဟောဝါ​သည် အတိုင်းအဆမဲ့​တန်ခိုးရှင်၊ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်၊ ဖန်ဆင်း​ရှင်​ဖြစ်​တော်​မူ​၏။ ထို့​ကြောင့် ကိုယ်တော်​၏​နာမတော်​နှင့် ရည်ရွယ်တော်မူချက်​များသည် ဂုဏ်တင်​ချီးမွမ်း​ခံထိုက်​ပေ​သည်။ ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်း​ခြင်း​ဆို​သည်​မှာ ကိုယ်တော်​အား အလွန့်အလွန်​ရိုသေ​လေးစား​ပြီး အပြော​နှင့်​အလုပ်​အားဖြင့် ချီးမွမ်း​ထောမနာပြု​ခြင်း​ဖြစ်သည်။ “ကျေးဇူးတော်​ကို​ပြ​၍” ထိုသို့​ပြု​ရန် ကျွန်ုပ်​တို့အတွက် ကိုယ်တော်​ယခု​ပြုလုပ်​ပေး​နေသော​အရာ​နှင့် အနာဂတ်​တွင် ပြုလုပ်​ပေး​တော်​မူ​မည့်​အရာ​အတွက် ကိုယ်တော်​ကို အစဉ်​ကျေးဇူး​တင်​တတ်​ဖို့​လို​သည်။ ကျွန်ုပ်​တို့​၌ ရှိ​အပ်သော​သဘောထားကို ဗျာဒိတ် ၄:၁၁ တွင် ကောင်းကင်​ရှိ တည်ကြည်သော​ဝိညာဉ်​သားများ ကြွေးကြော်​မှု​က ဤသို့​ဖော်ပြ​သည်– “အို​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။ ထို​အရာ​တို့သည် အလိုတော်​ကြောင့်​ဖြစ်၍ ဖန်ဆင်း​လျက်​ရှိကြပါ​၏။ ထို့​ကြောင့် ကိုယ်တော်​သည် ဘုန်း​အသရေ​တန်ခိုးတော်​ကို ခံစား​ထိုက်​တော်​မူ​၏။” ယေဟောဝါ​အား ကျွန်ုပ်​တို့​မည်သို့ ဂုဏ်တင်​ချီးမွမ်း​ကြ​သနည်း။ ကိုယ်တော့်​အကြောင်း​သင်ယူပြီး​နောက် ကိုယ်တော်​တောင်းဆို​ထား​ရာ​များ​ကို ပြုလုပ်ခြင်း​အားဖြင့်​ဖြစ်သည်။ “အလိုတော်​သို့​လိုက်​စေမည်​အကြောင်း သွန်သင်​တော်​မူ​ပါ။ ကိုယ်တော်​သည် အကျွန်ုပ်၏​ဘုရားသခင်​ဖြစ်​တော်​မူ​၏” ဟု​ဆာလံဆရာ​ဆို​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​ဆို​သင့်​သည်။—ဆာလံ ၁၄၃:၁၀

၂။ ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်းသူ​များနှင့် မ​ချီးမွမ်းသူ​များ​ကို ကိုယ်တော်​မည်သို့​ဆက်ဆံ​သနည်း။

ယေဟောဝါ​သည် မိမိ​အား ဂုဏ်တင်​ချီးမွမ်းသူ​တို့ကို အလွန်​တန်ဖိုး​ထား​၏။ ထို့​ကြောင့် “ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး [“ဆုချ​တော်​မူ​သော​အရှင်ဖြစ်၊” က​ဘ]” တော်​မူ​၏။ (ဟေဗြဲ ၁၁:၆) ထို​ဆု​ကား အဘယ်နည်း။ ကောင်းကင်​ခမည်းတော်​ကို ဆုတောင်းရာ​၌ ယေရှု​ဤသို့​ဆို​၏– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) မှန်ပါသည်၊ ‘ကျေးဇူးတော်​ကို​ပြ​၍ [ယေဟောဝါ] ကို ဂုဏ်တင်​ချီးမွမ်း’ သူတို့သည် “ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) တစ်ဖက်​တွင်​မူ “မတရားသော​သူသည် အကျိုးကို​မရ။” (သု. ၂၄:၂၀) မကြာမီ ယေဟောဝါ​သည် လူဆိုးများ​ကို​ဖျက်ဆီး​ပြီး ဖြောင့်မတ်​သူများကို ထိန်းသိမ်း​စောင့်ရှောက်​မည်​ဖြစ်သော​ကြောင့် ဤ​နောက်ဆုံး​နေ့ရက်​များ​တွင် ကိုယ်တော်​အား ဂုဏ်တင်​ချီးမွမ်း​ဖို့ အရေးတကြီး​လိုအပ်​နေပါ​သည်။ “လောက​နှင့်​လော[က]တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ . . . ထာဝရ​တည်​၏။”—၁ ယောဟန် ၂:၁၇; သု. ၂:၂၁၊ ၂၂

၃။ မာလခိကျမ်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​ဂရုပြု​သင့်​သနည်း။

“ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း” ခြင်း​ဖြစ်သော​ကြောင့် ယေဟောဝါ​၏​အလိုတော်ကို သမ္မာကျမ်းစာ​၌​တွေ့ရှိ​ရသည်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့်​နှုတ်မြွက်တော်​တွင် ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်းသူ​များ​ကို ကိုယ်တော်​မည်သို့​ကောင်းချီး​ပေး​ပြီး၊ မ​ချီးမွမ်းသူ​များ​ကို မည်သို့​ဖြစ်စေ​မည်​အကြောင်း မှတ်တမ်းတင်​ချက်​များစွာ​ပါရှိ​သည်။ ထို​မှတ်တမ်းများ​အနက်​တစ်ခု​မှာ ပရောဖက်​မာလခိ​ခေတ်​အတွင်း ဣသရေလ​လူမျိုး၏​အဖြစ်အပျက်​အကြောင်း​ဖြစ်သည်။ဘီ.စီ.အီး. ၄၄၃ ခန့်၊ ယုဒပြည်​၏​ဘုရင်ခံ​အဖြစ် နေဟမိ​အုပ်ချုပ်​စဉ်​အတောအတွင်း မာလခိ​သည် သူ့​အမည်တပ်​ထားသော​စာစောင်​ကို ရေးသားခဲ့​သည်။ တန်ခိုး​ပါ​၍ စိတ်​လှုပ်ရှား​ဖွယ်​ကောင်းသော ဤ​စာစောင်​၌ “ကပ်ကာလ​အဆုံး​တွင်​ဖြစ်သော ငါ​တို့ကို ဆုံးမ​စ​ရာ​ဖို့ . . . ရေးထား​လျက်​ရှိ” သော​သတင်း​စကား​များနှင့် ပရောဖက်ပြုချက်​များ​ပါရှိ​သည်။ (၁ ကောရိန္သု ၁၀:၁၁) မာလခိ​၏​စကား​ကို အာရုံစိုက်​ခြင်း​က ဤ​စနစ်ဆိုး​ကို ကိုယ်တော်​ဖျက်ဆီး​မည့် “[“ယေဟောဝါ၊” က​ဘ] ၏ ကြောက်မက်​ဖွယ်​သော​နေ့ရက်​ကြီး” အတွက် အသင့်ပြင်​ဆင်​ထား​စေနိုင်​သည်။—မာလခိ ၄:၅

၄။ မာလခိ​အခန်းကြီး ၁ တွင် အဘယ်​အချက်​ခြောက်​ချက်​ကို ကျွန်ုပ်​တို့အား အာရုံစိုက်​စေ​သနည်း။

လွန်ခဲ့သော​နှစ်ပေါင်း ၂,၄၀၀ ကျော်​က​ရေးသားခဲ့​သော မာလခိကျမ်း​သည် ယေဟောဝါ​၏​ကြောက်မက်​ဖွယ်​ရာ​နေ့ကြီး​အတွက် အသင့်ပြင်​ဆင်​ရန် ဤ ၂၁ ရာစု​ရှိ ကျွန်ုပ်​တို့ကို မည်သို့​ထောက်ကူ​ပေး​နိုင်​သနည်း။ ပထမ​အခန်းကြီး​က ယေဟောဝါ​၏​မျက်နှာသာတော်​ရပြီး ထာဝစဉ်​အသက်ရှင်ဖို့ ကျေးဇူးတော်​ကို​ပြ​၍ ကိုယ်တော်​အား ဂုဏ်တင်​ချီးမွမ်း​ရာ​၌ အရေးကြီးသော​အချက် အနည်းဆုံး​ခြောက်​ချက်​ကို အာရုံစိုက်စေပါ​သည်– (၁) ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ချစ်တော်မူ​၏။ (၂) မြင့်မြတ်​သော​အရာများ​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​လေးမြတ်​ကြောင်း တင်ပြ​ကြ​ရမည်။ (၃) ကျွန်ုပ်​တို့၏​အကောင်းဆုံး​အရာ​ကို​ပေး​ရန် ယေဟောဝါ​မျှော်လင့်​တော်​မူ​သည်။ (၄) စစ်မှန်သော​ဝတ်ပြုရေးကို လောဘ​စိတ်ဖြင့်​မဟုတ်ဘဲ ကိုယ်ကျိုးမဖက်​မေတ္တာက လှုံ့ဆော်ပေး​သည်။ (၅) ဘုရားသခင်​နှစ်သက်​လက်ခံသော ဝတ်​ကို​ပြုခြင်း​သည် ဝန်လေး၍​ပင်ပန်း​သော လုပ်ရိုးလုပ်စဉ်​တစ်ခု​မဟုတ်ပါ။ (၆) ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ဘုရားသခင်​ရှေ့ စာရင်း​ရှင်း​ရ​ကြ​မည်။ သို့​ဖြစ်၍ မာလခိကျမ်း​ဆိုင်ရာ ဆောင်းပါး​သုံးခု​အနက် ဤ​ပထမ​ဆောင်းပါး​တွင် မာလခိ​အခန်းကြီး ၁ ကို​အသေးစိတ်​လေ့လာ​ကြ​စဉ် ထို​အချက်​တစ်ခုစီ​ကို သုံးသပ်ကြည့်​ကြပါစို့။

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ချစ်တော်မူ​၏

၅၊ ၆။ (က) ယာကုပ်​ကို ယေဟောဝါ​အဘယ်ကြောင့် ချစ်တော်မူ​သနည်း။ (ခ) ယာကုပ်​၏​တည်ကြည်မှု​ကို ကျွန်ုပ်​တို့​တုပ​မည်​ဆိုလျှင် အဘယ်အရာကို​မျှော်လင့်​နိုင်​သနည်း။

မာလခိကျမ်း​၏ အစောပိုင်း​အခန်းငယ်​များ​တွင် ယေဟောဝါ​၏​မေတ္တာတော်​ထင်ရှား​ပေါ်လွင်​သည်။ “ဣသရေလ​အမျိုး​သို့​ပေး​လိုက်​တော်​မူ​သော [ယေဟောဝါ​၏] ဗျာဒိတ်​နှုတ်[မြွက်]တော်” ဟူသော​စကား​နှင့် ထို​စာစောင်​ကို အစပြု​ထား​သည်။ ထို့နောက် ဘုရားသခင်​က “သင်တို့ကို​ငါ​ချစ်​လေ​ပြီ” ဟု​ဆို​၏။ ထို​အခန်းငယ်မှာ​ပင် နမူနာ​တစ်ခု​ညွှန်ပြ​လျက် ယေဟောဝါ​က “ယာကုပ်​ကို​ငါ​ချစ်​၏” ဟု​ဖော်ပြ​သည်။ ယာကုပ်​သည် ယေဟောဝါ​ကို ယုံကြည်သူ​တစ်ဦး​ဖြစ်သည်။ အချိန်တန်သော် ယေဟောဝါ​သည် ယာကုပ်​ကို ဣသရေလ​ဟု​အမည်​ပြောင်း​ခဲ့​ရာ သူသည် ဣသရေလ​လူမျိုး၏​ဘိုးဘေး​ဖြစ်လာ​ခဲ့​သည်။ ယာကုပ်​သည် ယုံကြည်ခြင်း​ရှိသူ​တစ်ဦး​ဖြစ်သော​ကြောင့် သူ့ကို​ယေဟောဝါ​ချစ်တော်မူ​၏။ လူမျိုးတော်​မှ ယေဟောဝါ​အပေါ် ယာကုပ်​၏​သဘောထားမျိုး​ရှိသူ​များ​ကိုလည်း ကိုယ်တော်​ချစ်တော်မူ​၏။—မာလခိ ၁:၁၊ ၂

ယေဟောဝါ​ကို ကျွန်ုပ်​တို့​ချစ်​ပြီး ကိုယ်တော်​၏​လူမျိုးတော်​နှင့် တည်ကြည်​စွာ​ပူးကပ်​နေကြ​မည်​ဆိုလျှင် ၁ ဓမ္မ​ရာဇဝင် ၁၂:၂၂ ပါ​ဤ​ဖော်ပြချက်​မှ ကျွန်ုပ်​တို့​နှစ်သိမ့်မှု​ရယူ​နိုင်​သည်– “ထာဝရ​ဘုရား​သည် မဟာ​နာမတော်​ကို​ထောက်၍ မိမိလူ​တို့ကို​စွန့်​တော်​မ​မူ။” ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို​ချစ်တော်မူ​ပြီး အဆုံး​တွင် ထာဝရ​အသက်ဆု ပေး​တော်​မူ​မည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​ဤသို့​ဖတ်ရှု​ရသည်– “ထာဝရ​ဘုရား​ကို​ခိုလှုံ​၍ ကောင်းသော​အကျင့်ကို​ကျင့်​လော့။ ပြည်တော်​၌​နေ၍ [တည်ကြည်​ခြင်း]ကို​ကျက်စား​လော့။ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၌ မွေ့လျော်ခြင်း​ရှိ​လော့။ သို့ပြုလျှင် စိတ်နှလုံး​အလို​ပြည့်စုံ​ရသော​အခွင့်​ကို ပေး​တော်​မူ​မည်။” (ဆာလံ ၃၇:၃၊ ၄) ယေဟောဝါ​အား​ချစ်​မြတ်နိုးခြင်း​တွင် မာလခိ​အခန်းကြီး ၁ ပါ ဒုတိယ​အချက်​ကို ကျွန်ုပ်​တို့အား အာရုံစိုက်​စေ​သည်။

မြင့်မြတ်​သော​အရာများ​ကို တန်ဖိုး​ထား​လေးမြတ်​ကြောင်း တင်ပြ​လော့

၇။ ဧသော​ကို ယေဟောဝါ​အဘယ်ကြောင့်​မုန်းတော်မူ​ခဲ့​သနည်း။

မာလခိ ၁:၂၊ ၃ ကို​ကျွန်ုပ်​တို့​ဖတ်ရှု​သည့်​အခါ “ယာကုပ်​ကို​ငါ​ချစ်​၏” ဟု​ဆိုပြီး​နောက် ယေဟောဝါ​က “ဧသော​ကို​ငါ​မုန်း . . . ပြီ” ဟု​မိန့်တော်မူ၏။ အဘယ်ကြောင့်​ထိုသို့​ဖြစ်​ရသနည်း။ ယာကုပ်​သည် ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်း​ခဲ့​သော်လည်း သူ၏​အမြွှာ​အစ်ကိုဧသော​မူ​ကား ထိုသို့​မပြု​ခဲ့​ချေ။ ဧသော​ကို ဧဒုံ​ဟူ၍လည်း​ခေါ်​ကြသည်။ မာလခိ ၁:၄ တွင် ဧဒုံ​ပြည်နယ်​ကို မကောင်းမှု​ပြုသော​ပြည်​ဟု​ခေါ်ဆို​ပြီး တိုင်းသူပြည်သား​များ​ကို ပြစ်တင်​ရှုတ်ချ​ထား​သည်။ ဧသော​သည် အနီရောင်​ဟင်း​တစ်ခွက်​အတွက် သူ၏​အဖိုးတန်​သားဦး​အရာ​ကို ယာကုပ်​အား ရော​င်း​ခဲ့​ပြီး​နောက် (“နီ​သော” ဟု​အဓိပ္ပာယ်​ရှိ) ဧဒုံ​ဟူသော​အမည်​ကို​ရခဲ့​သည်။ “ဧသော​သည် မိမိ​နှင့်​ဆိုင်သော​သားဦး​အရာ​ကို မထီမဲ့မြင်​ပြု​သတည်း” ဟု​ကမ္ဘာဦး ၂၅:၃၄ က​ဆို​၏။ ယုံကြည်သူချင်း​များ​ကို ပေါလု​က “မတရားသော​မေထုန်​၌ မှီဝဲ​သော​သူ​မရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ တစ်​နပ်​စာ​အဖိုး​နှင့် သားဦး​အရာ​ကို​ရော​င်း​သော ဧသော​ကဲ့သို့ ဘုရားတရား​ကို မရိုမသေ​ပြုသောသူ မရှိစေ​ခြင်း​ငှာ​လည်းကောင်း” သတိပြု​ကြ​ရန် တိုက်တွန်း​ခဲ့​သည်။—ဟေဗြဲ ၁၂:၁၄-၁၆

၈။ ဧသော​ကို မတရားမေထုန်​ပြုသူ​တစ်ဦး​နှင့် ပေါလု​အဘယ်ကြောင့်​ခိုင်းနှိုင်း​ခဲ့​ရသနည်း။

ပေါလု​သည် ဧသော​၏​လုပ်ရပ်များ​ကို မတရားမေထုန်​နှင့် အဘယ်ကြောင့်​ဆက်စပ်​ပြ​ခဲ့​သနည်း။ အကြောင်း​မှာ ဧသော​ကဲ့သို့ စိတ်​နေ​စိတ်ထား​မျိုး​ရှိ​ခြင်း​သည် မြင့်မြတ်​သော​အရာများ​ကို တန်ဖိုး​ထား​လေးမြတ်စိတ် ပျောက်စေ​နိုင်သော​ကြောင့်​ဖြစ်သည်။ ၎င်း​မှ​တစ်ဆင့် မတရားမေထုန်​အစ​ရှိသော ကြီး​လေး​သည့်​အပြစ်​များ​ကို​ပြု​မိ​နိုင်​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​တစ်ဦးစီ ဤသို့​မေး​နိုင်​သည်– ‘ကျွန်တော်၊ ကျွန်မ​ဟာ တစ်ခါ​တ​လေ မိမိရဲ့​ခရစ်ယာန်​အမွေအနှစ်​ဖြစ်​တဲ့ ထာဝရ​အသက်ကို ပဲ​ဟင်း​တစ်ခွက်​နဲ့​တူ​တဲ့ တဒင်္ဂ​မျှ​သော​အရာတစ်ခု​နဲ့ လဲလှယ်​ချင်စိတ် ပေါ်လာ​ဖူး​သလား။ မြင့်မြတ်​တဲ့​အရာ​တွေ​ကို မ​ခန့်​လေးစား​ပြု​မိ​မှန်း​မသိ ပြု​နေ​သလား။’ ဧသော​၌ သူ၏​သွေးသား​တောင့်တ​ရာ​ကို ချက်ချင်း​ဖြေသိမ့်​လို​စိတ်​ရှိခဲ့​သည်။ ယာကုပ်​ကို​သူက “ထို​နီ​သော​စားစရာ​နှင့် [“ကျေးဇူးပြု​၍ မြန်မြန်၊” က​ဘ] ငါ့ကို​ကျွေး​ပါ​လော့” ဟု​ပြော​ခဲ့​သည်။ (ကမ္ဘာဦး ၂၅:၃၀) ဝမ်းနည်းစရာမှာ၊ ဘုရားသခင့်​ကျေးကျွန်​အချို့​က “မြန်မြန်! ဂုဏ်​အသရေ​ရှိ​ရှိ ထိမ်းမြားခြင်း​ကို​စောင့်​စ​ရာ​မလိုပါဘူး” ဟူ၍​တစ်နည်း​အားဖြင့် ပြောဆို​ခဲ့​ကြပြီ။ မည်သည့်​အဖိုးအခ​ပေး​ရ​ပေး​ရ ကာ​မ​ဆန္ဒ​ဖြေ​လို​စိတ်​သည် ထို​သူတို့​အတွက် ဧသော​၏​ပဲ​ဟင်း​တစ်ခွက်​နှင့်​တူ​ခဲ့​လေ​ပြီ။

၉။ ယေဟောဝါ​အား ရိုသေ​ခန့်ညား​ကြောက်ရွံ့​သော​သဘောကို မည်သို့​ဆက်​ထိန်းသိမ်း​နိုင်​မည်​နည်း။

အကျင့်​စင်ကြယ်​ခြင်း၊ သမာဓိ​ရှိ​ခြင်း​နှင့် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​ကို မထီမဲ့မြင်​ပြုခြင်း​အားဖြင့် မြင့်မြတ်​သော​အရာများ​ကို ဘယ်​သောအခါ​မျှ မ​ခန့်​လေးစား​မပြု​ကြ​စို့​နှင့်။ ဧသော​ကဲ့သို့​ဖြစ်​မည့်​အစား မြင့်မြတ်​သော​အရာများ​ကို အလွန်​လေးစားကြောင်း​တင်ပြခြင်း​ဖြင့် တည်ကြည်သော​ယာကုပ်​ကဲ့သို့ ဘုရားသခင်​ကို ရိုသေ​ခန့်ညား​ကြောက်ရွံ့​သော​သဘောကို ဆက်​ထိန်းသိမ်း​ထား​ကြပါစို့။ ထိုသို့ အဘယ်​နည်းဖြင့်​ပြု​နိုင်​မည်​နည်း။ ယေဟောဝါ​၏​တောင်းဆိုချက်​များ​ကို ပြည့်မီ​ရန်​ဂရုစိုက်​ခြင်း​အားဖြင့်​ဖြစ်သည်။ ယင်းက မာလခိ​အခန်းကြီး ၁ တွင်​ဖော်ပြ​ထားသော တတိယ​အချက်​ကို သတိပြု​စေ​သည်။ ၎င်း​ကား အဘယ်နည်း။

မိမိတို့၏​အကောင်းဆုံး​ကို ယေဟောဝါ​အား ပေးခြင်း

၁၀။ ယဇ်ပုရောဟိတ်​များသည် အဘယ်​နည်းများဖြင့် ယေဟောဝါ​၏​စားပွဲတော်​ကို မထီမဲ့မြင်​ပြု​နေကြ​သနည်း။

၁၀ မာလခိ​ခေတ်​က ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်တွင် အမှုထမ်းခဲ့​ကြသော ယုဒပြည်​၏​ယဇ်ပုရောဟိတ်​များသည် အကောင်းဆုံး​ပူဇော်ရာ​ယဇ်များ​ကို ယေဟောဝါ​အား မ​ပူဇော်​ခဲ့​ကြ​ပါ။ မာလခိ ၁:၆-၈ က​ဤသို့​ဆို​သည်– “သား​သည် အဘ​ကို​ရိုသေ​တတ်၏။ ကျွန်​သည် သခင်​ကို​ကြောက်ရွံ့​တတ်၏။ ငါသည် အဘ​မှန်​လျှင် ငါ့ကို​အဘယ်သူ​ရိုသေ​သနည်း။ သခင်​မှန်​လျှင် အဘယ်သူ​ကြောက်ရွံ့​သနည်း​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​သည် နာမတော်​ကို​မထီမဲ့မြင်​ပြုသော ယဇ်ပုရောဟိတ်​တို့အား​မေး​တော်​မူ​၏။” ယဇ်ပုရောဟိတ်​တို့​က “အကျွန်ုပ်​တို့သည် နာမတော်​ကို​အဘယ်​သို့ မထီမဲ့မြင်​ပြု​ပါ​သနည်း” ဟု​မေးခဲ့​ကြသည်။ “ညစ်ညူး​သော​အစာကို ငါ့​ယဇ်​ပလ္လင်​သို့​ဆောင်​ခဲ့​ကြသည်​တကား” ဟု​ယေဟောဝါ​ဖြေဆိုခဲ့သည်။ “အကျွန်ုပ်​တို့သည် ကိုယ်တော်​ကို အဘယ်​သို့​ရှုတ်ချ​ပါ​သနည်း” ဟု​ယဇ်ပုရောဟိတ်​များ​က​မေး​ကြ​၏။ ထို့​ကြောင့် သူတို့ကို​ယေဟောဝါ​ဤသို့​ဆို​၏– “‘ထာဝရ​ဘုရား​၏​စားပွဲ​သည် ယုတ်မာ [“မထီမဲ့မြင်​ပြု​ဖွယ်​ဖြစ်၊” က​ဘ] ၏’ ဟု​ဆို​သောကြောင့် ငါ့ကို​ရှုတ်ချ​ကြပြီ။” ထို​ယဇ်ပုရောဟိတ်​များသည် ‘မဆိုးပါဘူး’ ဟု ဆို​လျက် ချို့တဲ့သော​ယဇ်များ​ကို​ပူဇော်​လိုက်​တိုင်း ယေဟောဝါ​၏​စားပွဲတော်​ကို မထီမဲ့မြင်​ပြု​ခဲ့​ကြသည်။

၁၁။ (က) လက်မခံနိုင်​ဖွယ် ပူဇော်​သကာ​များ​အကြောင်း ယေဟောဝါ​အဘယ်​သို့​ဆို​သနည်း။ (ခ) လူအများစု​သည် အဘယ်​နည်းဖြင့် အပြစ်ရှိ​ကြ​သနည်း။

၁၁ ထို့နောက် အဆိုပါ​လက်မခံနိုင်​ဖွယ် ပူဇော်ရာ​ယဇ်များ​နှင့်​ပတ်သက်​၍ ယေဟောဝါ​ဤသို့​ကျိုးကြောင်း​ဖော်ပြ​ခဲ့​သည်– “မြို့ဝန်မင်းအားဆက်​ပါ​လော့။ မင်း​၏​စိတ်​နှင့် တွေ့​လိမ့်​မည်​လော။ သင့်​မျက်နှာကို​ထောက်​လိမ့်​မည်​လော။” ဤ​လက်ဆောင်​မျိုး​သည် သူတို့​မြို့ဝန်မင်း​၏ စိတ်​နှင့်​တွေ့​လိမ့်​မည်​မဟုတ်ပေ။ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​သည် အနာအဆာ​ရှိ ဤသို့​သော​ပူဇော်​သကာ​များ​ကို ပို​၍​ပင်​လက်ခံ​လို​မည်​မဟုတ်! ယဇ်ပုရောဟိတ်​များ​သာ ထိုသို့​ပြုလုပ်​နေကြ​သည်မဟုတ်​ပါ။ ၎င်း​ယဇ်များ​ကို သူတို့​ပူဇော်​ပေး​နေကြ​ခြင်း​အားဖြင့် ယေဟောဝါ​ကို သူတို့​မ​ခန့်​လေးစား​ပြု​နေခဲ့​ကြသည် မှန်​ပါ​၏။ သို့သော် လူအများစု​ကော အပြစ်ကင်း​သလော။ မကင်း​ပါ! မျက်စိကန်း၊ ခြေကျိုး​၍ ဖျားနာ​သော​တိရစ္ဆာန်​များ​ကို​ပူဇော်​ရန် ယဇ်ပုရောဟိတ်​များ​ထံ ယူဆောင်​လာ​ခဲ့​သူများ​က သူတို့​ပင်​ဖြစ်သည်။ အပြစ်ကြီး​လိုက်​လေ​ခြင်း!

၁၂။ ယေဟောဝါ​အား အကောင်းဆုံး​ပေးဖို့ ကျွန်ုပ်​တို့​မည်သို့​ထောက်ကူ​ခံရ​ကြ​သနည်း။

၁၂ ယေဟောဝါ​အား ကျွန်ုပ်​တို့​အမှန်တကယ်​ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​နိုင်​သည့်​နည်း​မှာ ကိုယ်တော်​အား အကောင်းဆုံး​ကို​ပေးခြင်း​ဖြစ်သည်။ (မဿဲ ၂၂:၃၇၊ ၃၈) မာလခိ​ခေတ်​မှ ထင်ရာစိုင်း​ယဇ်ပုရောဟိတ်​များနှင့်​မတူဘဲ ယေဟောဝါ​၏ မျက်မှောက်ခေတ်​အဖွဲ့အစည်း​သည် ဘုရားသခင့်​တောင်းဆိုချက်​များ​ကို ပြည့်မီခြင်း​အားဖြင့် ကျေးဇူးတော်​ကို​ချီးမွမ်း​ပြီး ယေဟောဝါ​အား​ဂုဏ်တင်​စေသည့် အလွန်​ကောင်းသော ကျမ်းစာ​ညွှန်ကြားချက်​များ​ကို​ပေး​သည်။ ယင်း​နှင့်​ဆက်နွှယ်သော အရေးပါသည့်​စတုတ္ထ​အချက်​ကို မာလခိ​အခန်းကြီး ၁ မှ​ကျွန်ုပ်​တို့​ထုတ်ယူ​နိုင်​သည်။

စစ်မှန်သော​ဝတ်ပြုရေးသည် လောဘ​စိတ်​က​မဟုတ်ဘဲ မေတ္တာ​အားဖြင့် လှုံ့ဆော်​ခံရ

၁၃။ ယဇ်ပုရောဟိတ်​များသည် လောဘ​စိတ်၏​လှုံ့ဆော်မှု​ခံရ​ကြောင်း ဖော်ပြ​သည့် အဘယ်​လုပ်ရပ်များ​ကို ပြုလုပ်​ကြ​သနည်း။

၁၃ မာလခိ​ခေတ်​မှ ယဇ်ပုရောဟိတ်​များသည် တစ်ကိုယ်ကောင်း​ဆန်၊ မေတ္တာမဲ့​၍ ငွေ​မက်​ခဲ့​ကြသည်။ မည်သို့​သိရ​သနည်း။ မာလခိ ၁:၁၀ က​ဤသို့​ဆို​၏– “‘သင်တို့တွင် အဘယ်သူ​သည် ငါ့​တံခါး​တို့ကို​ပိတ်​လိမ့်​မည်​နည်း။ သင်တို့သည် ငါ့​ယဇ်​ပလ္လင်​ပေါ်မှာ မီးကို​အချည်းနှီး​မ​ညှိ​ရ​ကြ။ သင်တို့ကို​ငါ​အလို​မရှိ၊ သင်တို့​ပြုသော​ပူဇော်​သကာ​ကို ငါ​လက်မခံ’ ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​မိန့်တော်မူ၏။” မှန်ပါသည်၊ ထို​လောဘ​ကြီးသော​ယဇ်ပုရောဟိတ်​များသည် ဝတ်ပြုရာ​အိမ်တော်တွင်​ပြု​ကြ​သည့် အလွယ်​ကူ​ဆုံး​လုပ်ငန်းများ​အတွက်​ပင် အ​ခ​တောင်း​ခဲ့​ကြသည်၊ တံခါးများ​ပိတ်​ဖို့၊ ယဇ်​ပလ္လင်​မီးထွန်း​ညှိ​ဖို့ အ​ခ​တောင်း​ခဲ့​ကြသည်​တကား! သူတို့​ပြုသော​ပူဇော်​သကာ​များ​ကို ယေဟောဝါ​လက်မခံ​လို​ခြင်း​သည်လည်း အံ့ဩစရာ​မဟုတ်ပေ!

၁၄။ ယေဟောဝါသက်သေ​များသည် မေတ္တာ​၏​လှုံ့ဆော်မှု​ကို​ခံရ​ကြသည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၄ ရှေးခေတ်​ယေရုရှလင်​မြို့မှ အပြစ်​ပြုသူ​ယဇ်ပုရောဟိတ်​များ​၏ လောဘ​နှင့် တစ်ကိုယ်ကောင်း​စိတ်​က လောဘ​ကြီး​သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​ကို အမွေမခံ​ရ​ဟု ကျမ်းစာ​ဆို​သည်ကို ကောင်းကောင်း​သတိ​ရစေ​ပေမည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) ထို​ယဇ်ပုရောဟိတ်​များ​၏ ကိုယ်ကျိုးရှာ​လမ်းစဉ်​များ​ကို ပြန်​သုံးသပ်ကြည့်​ခြင်း​က ယေဟောဝါသက်သေ​များ ဆောင်ရွက်​နေသော ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​ကို ပိုမို​တန်ဖိုး​ထား​လေးမြတ်​စေ​သည်။ ၎င်းကို စေတနာအလျောက်​ပြုလုပ်​ကြ​၏; ကျွန်ုပ်​တို့​ခရစ်ယာန်​ဓမ္မ​အမှုဆောင်ရာတွင် မည်သည့်​ကဏ္ဍ​အတွက်​မျှ အဖိုးအခ​မယူ​ပါ။ “ငါ​တို့သည် . . . ထာဝရ​ဘုရား​၏ နှုတ်[မြွက်]တော်​ကို . . . ရောင်းဝယ်​ဖောက်ကားမှု​ကို မပြု​ကြ။” (၂ ကောရိန္သု ၂:၁၇သတင်းကောင်း) ကျွန်ုပ်​တို့​တစ်ဦးစီ​သည် “အဖိုးအခ​မယူ​ဘဲ သင်တို့အား​ဘုရားသခင်​၏ ဝမ်းမြောက်​ဖွယ်​သတင်းတရားကို ဟောပြော” ခဲ့ပြီ​ဟု ပေါလု​ကဲ့သို့ အမှန်​ဆိုနိုင်​ပါ​သည်။ (၂ ကောရိန္သု ၁၁:၇သမ္မာ) ပေါလု​သည် ‘သတင်းကောင်းကို ဝမ်းမြောက်​စွာ ကြေညာ​ခဲ့’ ကြောင်း​သတိပြုပါ။ ယင်းက မာလခိ​အခန်းကြီး ၁ မှ ပဉ္စမ​အချက်​ကို အာရုံစိုက်​စေ​သည်။

ဘုရားသခင်​အား အမှုထမ်း​ခြင်း ဝန်​လေး​သော​လုပ်ရိုးလုပ်စဉ်​မဟုတ်

၁၅၊ ၁၆။ (က) ပူဇော်​သကာ​များ​ပူဇော်​ခြင်း​နှင့်​စပ်လျဉ်း၍ ယဇ်ပုရောဟိတ်​များ​၌ အဘယ်​သဘောထား​ရှိခဲ့​ကြ​သနည်း။ (ခ) ယေဟောဝါသက်သေ​များသည် သူတို့၏​ပူဇော်​သကာ​များ​ကို မည်သို့​ပူဇော်​ကြ​သနည်း။

၁၅ ရှေးခေတ်​ယေရုရှလင်​မြို့မှ တည်ကြည်မှု​မရှိသော ယဇ်ပုရောဟိတ်​များသည် ယဇ်များ​ပူဇော်​ရခြင်း​ကို ပင်ပန်း​ငြီးငွေ့​ဖွယ် လုပ်ရိုးလုပ်စဉ်​အဖြစ် ရှုမြင်ခဲ့​ကြသည်။ ၎င်း​သည် သူတို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်​ခဲ့​သည်။ မာလခိ ၁:၁၃ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း သူတို့ကို ယေဟောဝါ​ဤသို့​မိန့်ဆို​၏– “သင်တို့​က အမှုတော်ကို​ဆောင်ရွက်၍ ပင်ပန်း​စွ​တကား​ဟု​ဆို​လျက် ကဲ့ရဲ့​သံ​ကို​ပြု​တတ်ကြ​သည်။” ထို​ယဇ်ပုရောဟိတ်​များသည် ဘုရားသခင်​၏ သန့်ရှင်း​မြင့်မြတ်​ရာ​များ​ကို မထီမဲ့မြင်၊ မလေးမခန့်​ပြု​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​ကိုယ်တိုင် သူတို့​ကဲ့သို့ ဘယ်​သောအခါ​မျှ​မဖြစ်ဖို့ ဆုတောင်း​ကြပါစို့။ ယင်းအစား “ပညတ်တော်​တို့ကို​စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်” ဟူသော ၁ ယောဟန် ၅:၃ ပါ​စကား​များ​၌ ပေါ်လွင်​ထင်ရှားသော စိတ်ထား​မျိုး အစဉ်​တင်ပြ​နိုင်​ကြ​ပါစေ။

၁၆ ပင်ပန်း​သော​ဝန်ထုပ်ဝန်ပိုး​တစ်ခု​ဟု ဘယ်​သောအခါ​မျှ​မယူဆ​ဘဲ ဝိညာဉ်​ရေးရာ​ပူဇော်​သကာ​များ​ကို ဘုရားသခင်​ထံ​ပူဇော်​ခြင်း​၌ မွေ့လျော်​ကြပါစို့။ ပရောဖက်ပြုချက်​ဖြစ်သည့် ဤ​စကား​များ​ကို ကျွန်ုပ်​တို့​လိုက်နာ​နိုင်​ကြ​ပါစေ– “‘အကျွန်ုပ်​တို့​၌​ရှိသမျှ​သော​အပြစ်​တို့ကို ပယ်ရှင်း​တော်​မူ​ပါ။ ကျေးဇူးပြု​၍ လက်ခံ​တော်​မူ​ပါ။ အကျွန်ုပ်​တို့သည် ကိုယ်​နှုတ်ခမ်း​တည်း​ဟူသော နွား​သ​ငယ်​တို့ကို ပူဇော်​ပါ​မည်’ . . . ဟု [ယေဟောဝါ​အား] လျှောက်​ကြလော့။” (ဟောရှေ ၁၄:၂၊ ၃) “ကိုယ်​နှုတ်ခမ်း​တည်း​ဟူသော နွား​သ​ငယ်​တို့” ဟူသော​အသုံးအနှုန်း​က ဝိညာဉ်​ရေးရာ​ပူဇော်​သကာ​များ၊ ယေဟောဝါ​နှင့် ကိုယ်တော့်​ရည်ရွယ်ချက်များ​ဆိုင်ရာ ကျွန်ုပ်​တို့​ချီးမွမ်း​ထောမနာပြု ပြောဆို​သော​စကား​များ​ကို​ဆိုလို​သည်။ ဟေဗြဲ ၁၃:၁၅ က​ဤသို့​ဆို​သည်– “ငါ​တို့သည် ဘုရားသခင်​၏​ကျေးဇူးတော်​ကို​ဝန်ခံ​လျက်၊ နှုတ်ခမ်း​အသီး​တည်း​ဟူသော​ချီးမွမ်း​ခြင်း​ယဇ်ကို သခင်​ယေရှု​ခရစ်​အားဖြင့် ဘုရားသခင့်​ရှေ့တော်၌ အစဉ်​ပူဇော်​ကြ​ကုန်​အံ့။” ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ပူဇော်ရာ​များသည် လုပ်ရိုးလုပ်စဉ်​မျှ​သာ​မဟုတ်ဘဲ ဘုရားသခင်​ကို နှလုံး​အကြွင်းမဲ့​ချစ်​ကြောင်း​တင်ပြခြင်း​ဖြစ်​ရာ ဝမ်းသာစရာ​ကောင်း​လိုက်​လေ​ခြင်း! ဤ​ကား မာလခိ​အခန်းကြီး ၁ မှ​ရရှိနိုင်သော ဆဋ္ဌမ​အချက်​ကို ဂရုပြု​စေ​သည်။

တစ်ဦးစီ စာရင်း​ရှင်း​ရမည်

၁၇၊ ၁၈။ (က) “လှည့်စား” သူကို ယေဟောဝါ​အဘယ်ကြောင့်​ကျိန်ဆဲ​သနည်း။ (ခ) ထို​လှည့်စားသူ​များသည် အဘယ်အရာကို ဂ​ရု​မပြု​ခဲ့​ကြ​သနည်း။

၁၇ မာလခိ​ခေတ်​မှ​သူများ​သည် ကိုယ့်​လုပ်ရပ်​ကိုယ် တာဝန်​ယူ​ခဲ့​ကြ​ရသည့်​နည်းတူ ကျွန်ုပ်​တို့​လည်း အလားတူ​ပင်။ (ရောမ ၁၄:၁၂; ဂလာတိ ၆:၅) ထိုသို့​နှင့်​အညီ မာလခိ ၁:၁၄ က​ဤသို့​ဖော်ပြ​သည်– “မိမိ​သိုးအုပ်​၌ [အနာအဆာ​ကင်း​သော] အထီး​ရှိ​လျက် ပူဇော်​မည်​ဟု​သစ္စာ​ကတိ​ထားပြီး​မှ လှည့်​စား၍ ထာဝရ​ဘုရား​အား အင်္ဂါ​ချို့တဲ့သော​အကောင်​ကို ယဇ်​ပူဇော်​သော​သူသည် အမင်္ဂလာ​ရှိစေ​သတည်း။” သိုးအုပ်​ရှိသူ​သည် ရွေး​စ​ရာ​မရှိသည့်​အထိ တိရစ္ဆာန်​တစ်ကောင်​တည်း—ဥပမာ သိုး​တစ်ကောင်​တည်း—ကို​သာ ပိုင်ဆိုင်​မည်​မဟုတ်ပါ။ ပူဇော်​ဖို့​တိရစ္ဆာန်​တစ်ကောင်​ကို ရွေး​ရာ​တွင် မျက်စိကန်း၊ ခြေကျိုး သို့​မဟုတ် ဖျားနာ​နေသော​အကောင်​ကို ရွေး​စ​ရာ​မလိုပါ။ ထိုသို့​အနာအဆာ​ရှိသော​အကောင်​ကို သူ​ရွေး​ခဲ့​လျှင် သူသည် ယေဟောဝါ​၏​ယဇ်​ပူဇော်​ခြင်း​အစီအစဉ်ကို မထီမဲ့မြင်​ပြု​ကြောင်း​တင်ပြ​၏၊ အကြောင်း​မှာ တိရစ္ဆာန်​အုပ်​ရှိသူ​သည် အနာအဆာ​မရှိသော အကောင်​တစ်ကောင်​ကို အမှန်​ရှာတွေ့နိုင်​ပါ​မည်!

၁၈ ထို့​ကြောင့် ယဇ်​ပူဇော်​ဖို့ တိရစ္ဆာန်​အထီး​တစ်ကောင်​ရှိ​လျက်​နှင့် မျက်စိကန်း၊ ခြေကျိုး သို့​မဟုတ် ဖျားနာ​နေသော​အကောင်​ကို ယဇ်ပုရောဟိတ်ထံ တ​ရွတ်​တိုက်​ဆွဲ​ကောင်း​ဆွဲ​လာ​ခဲ့​ရမည့် လှည့်စားသူ​ကို ယေဟောဝါ​ကျိန်ဆဲ​ထိုက်​ပေ​သည်။ သို့သော် ယဇ်ပုရောဟိတ်​တစ်ဦး​တစ်ယောက်​က​မျှ ထို​အနာအဆာ​ပါ​သော​တိရစ္ဆာန်​များသည် လက်ခံနိုင်ဖွယ်​မဟုတ်​ကြောင်း ဘုရားသခင့်​ပညတ်တော်​ကို ကိုးကား​ပြ​ခဲ့​သည်​ဟု အရိပ်အမြွက်​တစ်ခု​ပင်မ​ပါ​ချေ။ (ဝတ်ပြုရာ ၂၂:၁၇-၂၀) ထိုသို့​သော​လက်ဆောင်​မျိုးကို သူတို့၏​မြို့ဝန်မင်း​အား မ​လိမ့်​တ​ပတ်​ပေးဖို့​ကြိုးစား​ခဲ့​လျှင် အခြေမလှ​ဖြစ်​မည်​ကို ကျိုးကြောင်း​ဆင်ခြင်​တတ်​သူများ သိ​ကြ​ပါ​သည်။ အမှန်​မှာ သူတို့သည် မည်သည့်​လူသား​မြို့ဝန်မင်း​ထက်​မဆို အဆပေါင်း​များစွာ​သာလွန်​ထူးမြတ်​သော စကြဝဠာ​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​နှင့် ဆက်သွယ်​နေခြင်း​ဖြစ်သည်။ မာလခိ ၁:၁၄ က​ဤသို့​ဖော်ပြ​သည်– “‘ငါသည် ကြီးမြတ်သော​ရှင်ဘုရင်​ဖြစ်၏။ ငါ​၏​နာမတော်​သည် လူအမျိုးမျိုး​တို့​တွင် ကြောက်မက်​ဖွယ်​ဖြစ်​ရမည်’ ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​မိန့်တော်မူ၏။”

၁၉။ အဘယ်အရာကို ကျွန်ုပ်​တို့​တမ်းတ​နေကြ​သနည်း၊ အဘယ်အရာကို ကျွန်ုပ်​တို့​ပြုလုပ်​နေ​သင့်​သနည်း။

၁၉ မဟာ​ဘုရင်၊ ယေဟောဝါ​အား လူသား​အပေါင်း ရိုသေ​လေးမြတ်​မည့်​နေ့ရက်​ကို ဘုရားသခင်​၏​တည်ကြည်သော ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​တမ်းတ​နေကြ​သည်။ ထို​အခါ “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သ​ကဲ​သို့ မြေကြီး​သည် ထာဝရ​ဘုရား​ကို​သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ​လိမ့်​မည်။” (ဟေရှာယ ၁၁:၉) ဤ​အချိန်​အတောအတွင်း “ငါသည် . . . ကျေးဇူးတော်​ကို​ပြ​၍ ဘုရားသခင်​ကို​ချီးမွမ်း​မည်” ဟု​ဆို​ခဲ့​သူ ဆာလံဆရာ​ကို​တုပခြင်း​ဖြင့် ယေဟောဝါ​၏​တောင်းဆိုချက်​များ​ကို​ပြည့်မီ​ရန် ကြိုးစား​ကြပါစို့။ (ဆာလံ ၆၉:၃၀) ထိုသို့​ဖြစ်စေ​ရန် အလွန်​အကျိုးပြု​မည့် ထပ်ဆင့်​အကြံပေး​ချက်​များ​ကို မာလခိ​ဆက်​ဖော်ပြ​သည်။ ထို့​ကြောင့် နောက်​ဆောင်းပါး​နှစ်ခု​တွင် မာလခိကျမ်း​၏ အခြားအပိုင်း​ကဏ္ဍ​များ​ကို အသေအချာ​အာရုံစိုက်​ကြပါစို့။

သင်​မှတ်မိ​သလော

• ယေဟောဝါ​အား ကျွန်ုပ်​တို့​အဘယ်ကြောင့် ဂုဏ်တင်​ချီးမွမ်း​သင့်​သနည်း။

• မာလခိ​ခေတ်​မှ ယဇ်ပုရောဟိတ်​များ​၏​ပူဇော်​သကာ​များသည် အဘယ်ကြောင့် ယေဟောဝါ​လက်​သင့်​မခံနိုင်​ဖွယ်​ဖြစ်သနည်း။

• ချီးမွမ်း​ခြင်း​ယဇ်ကို ယေဟောဝါ​အား ကျွန်ုပ်​တို့​မည်သို့ ဆက်သ​ပူဇော်​ကြ​သနည်း။

• စစ်မှန်သော​ဝတ်ပြုရေးကို အဘယ်အရာက​လှုံ့ဆော်ပေး​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မာလခိ​၏​ပရောဖက်ပြုချက်​က ကျွန်ုပ်​တို့​ခေတ်​ကို​ညွှန်ပြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဧသော​သည် မြင့်မြတ်​သော​အရာများ​ကို တန်ဖိုး​ထား​လေးစားမှု​မရှိခဲ့

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ယဇ်ပုရောဟိတ်​များနှင့် လူထု​သည် လက်​သင့်​မခံနိုင်​ဖွယ်​ယဇ်များ​ကို ပူဇော်​ခဲ့​ကြ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါသက်သေ​များသည် ချီးမွမ်း​ခြင်း​ယဇ်များ​ကို အခမဲ့​ပူဇော်​ကြ