မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မသန်မစွမ်းမှုများ မည်သို့ အဆုံးတိုင်

မသန်မစွမ်းမှုများ မည်သို့ အဆုံးတိုင်

မသန်မစွမ်းမှုများ မည်သို့ အဆုံးတိုင်

မျက်မမြင်​များ ပြန်မြင်​လာ​ကြ​မည့်၊ နားပင်း​သူများ အသံ​တိုင်း​ကို ကြားကြ​ရမည့်၊ စကား​အ​သူများ ရွှင်လန်း​အားရ​စွာ သီချင်းဆို​ကြ​မည့်၊ ခြေဆွံ့သူ​များ လမ်းလျှောက်​နိုင်​ကြ​မည့်​အချိန်ကို မြင်ယောင်​ကြည့်​လိုက်ပါ! ဤ​တွင် ဆေး​သိပ္ပံ​တိုးတက်​အောင်မြင်မှု​များ​အကြောင်း ပြောဆို​နေခြင်း​မဟုတ်ဘဲ လူသား​တို့၏​အကျိုးအတွက် ဘုရားသခင်​ကြားဝင်​လုပ်ဆောင်ပေး​ခြင်း​မှ ဖြစ်ပေါ်​လာသော​အကျိုးကျေးဇူးများ​ကို ရည်ညွှန်း​နေခြင်း​ဖြစ်၏။ သမ္မာကျမ်းစာ​က ဤသို့​ကြို​ဟောထား​သည်– “ထို​အခါ မျက်စိကန်း​သော​သူတို့သည် မျက်စိပွင့်​လင်း​ကြလိမ့်မည်။ နားပင်း​သော​သူတို့သည် နားပင်း​ခြင်း​နှင့်​လွတ်​ကြလိမ့်မည်။ ခြေဆွံ့​သော​သူတို့သည် ဒရယ်​ကဲ့သို့​ခုန်​ကြလိမ့်မည်။ စကား​အ​သော​သူတို့သည် သီချင်းဆို​ကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) သို့သော် ဤ​အံ့သြဖွယ်​ကောင်းသော ပရောဖက်ပြုချက် အမှန်ပင်​ပြည့်စုံ​လာ​မည်​ဟု ကျွန်ုပ်​တို့ မည်သို့​သေချာ​သိနိုင်​သနည်း။

ပထမ​ဦးစွာ၊ ကမ္ဘာ​ပေါ်​တွင် ယေရှု​ရှိ​စဉ်​က ရောဂါ​အမျိုးမျိုးနှင့် မသန်မစွမ်းမှု​အမျိုးမျိုး ရှိသူ​များ​ကို ကိုယ်တော်​ကုသ​ပေး​တော်​မူ​ခဲ့​သည်။ ထို့​ပြင် ကိုယ်တော်​၏​အံ့ဖွယ်အမှု​အများ​ကို ကိုယ်တော်​၏​ရန်သူများ​အပါအဝင် လူများစွာ မြင်တွေ့ခဲ့ကြ​သည်။ အမှန်​မှာ ယေရှုကို​သိက္ခာ​ချရန် မယုံကြည်​သော​ဆန့်ကျင်သူ​များသည် ကိုယ်တော်​ကုသ​ပေး​နည်းကို အနည်းဆုံး​တစ်ကြိမ် အသေအချာ စစ်ဆေး​မေးမြန်းခဲ့​ကြသည်။ သို့သော် သူတို့​ပြု​ခဲ့​သမျှ​သည် ကိုယ်တော်​၏​အံ့ဖွယ်​အမှုကို အတည်ပြု​စေ​ခဲ့​ရာ သူတို့သည် များစွာ​ပင် သိက္ခာ​ကျ​ခဲ့​ကြ​၏။ (ယောဟန် ၉:၁၊ ၅-၃၄) ယေရှုသည် မငြင်း​သာ​နိုင်သော အခြား​အံ့ဖွယ်အမှု​တစ်ခု​ကို ပြုလုပ်​ပြီး​နောက် သူတို့က​စိတ်ပျက်​စွာ​ဖြင့် “ငါ​တို့သည် အဘယ်​သို့​ပြုလျက်​နေကြ​သနည်း။ ထို​သူသည် များစွာသော​နိမိတ်​လက္ခဏာကို​ပြ​၏” ဟု​ဆို​ကြသည်။ (ယောဟန် ၁၁:၄၇) သို့သော် သာမန်​လူတန်းစား​များ​က ထို​သူတို့နှင့်​မတူဘဲ ယေရှုကို ယုံကြည်​လာ​ကြ​သူ များစွာ​ရှိ​လေ​သည်။—ယောဟန် ၂:၂၃; ၁၀:၄၁၊ ၄၂; ၁၂:၉-၁၁

ယေရှု၏​အံ့ဖွယ်အမှု​များ—ကမ္ဘာချီ​ကုသမှု​၏​ရှေ့ပြေး

ယေရှု၏​အံ့ဖွယ်အမှု​များ​က ကိုယ်တော်​သည် မေရှိယ အမှန်​ဖြစ်သည်၊ ဘုရားသခင့်​သားတော် ဖြစ်သည်ဟု သက်သေထူ​ရုံ​မ​က​ခဲ့​ချေ။ ထို​အံ့ဖွယ်အမှု​များ​က နာခံမှု​ရှိသော​လူသားများ​သည် အနာဂတ်​တွင် အနာ​ရောဂါ​ပျောက်ကင်း​မည်​ဟူသော ကျမ်းစာ​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​ရန် အခြေအမြစ်​ရှိစေသည်။ အဆိုပါ​ကတိတော်​များ​တွင် အဖွင့်​စာပိုဒ်​၌​ဖော်ပြ​ထား​သည့် ဟေရှာယ​အခန်းကြီး ၃၅ ပါ​ပရောဖက်ပြုချက်​ပါဝင်​သည်။ ဘုရားသခင်​ကို​ကြောက်ရွံ့​သူများ​၏ အနာဂတ်​ကျန်းမာ​ရေး​နှင့်​စပ်လျဉ်း၍ ဟေရှာယ ၃၃:၂၄ တွင်​ဤသို့​ဆို​သည်– “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ။” ထို​နည်းတူ၊ ဗျာဒိတ် ၂၁:၄ တွင်​လည်း ဤသို့​ကတိပြု​သည်– “ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။”

“[ဘုရားသခင့်]နိုင်ငံတော် တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော” ဟူ​သည့် ယေရှု၏​စံပြ​ဆုတောင်းချက်​မှ စကား​အချို့​ကို လူ​တို့​ရွတ်ဆို​သောအခါ ထို​ပရောဖက်ပြုချက်​များ ပြည့်စုံစေရန် ပုံမှန်ဆုတောင်း​နေကြ​သည်။ (မဿဲ ၆:၁၀) ဘုရားသခင်​၏​အလိုတော်​တွင် ကမ္ဘာ​မြေကြီး​နှင့် လူသား​အတွက်​ပါ,ပါဝင်​၏။ အကြောင်း​တစ်ခုခု​ကြောင့် ခွင့်ပြု​ထား​သည့် ရောဂါ​ဝေဒနာ​နှင့် မသန်မစွမ်းမှုများ​သည် မကြာမီ ရှိတော့မည်​မဟုတ်; ဘုရားသခင်​၏ “ခြေတင်ရာ​ခုံ” ကို​ထာဝစဉ်​ပျက်စီး​စေမည်​မဟုတ်​ချေ။—ဟေရှာယ ၆၆:၁ *

နာကျင်မှု​မရှိ၊ အဖိုးအခ​မကုန်​ဘဲ ကုသ​ပေး​ခံ​ခဲ့​ရ

မည်သည့်​ရောဂါ​ကို​ပင် လူ​တို့​ခံစား​နေရ​ကြ​စေ​ကာ​မူ အဖိုးအခ​မယူ၊ နာကျင်မှု​မရှိ ယေရှု​ကုသ​ပေး​ခဲ့​၏။ ဤ​သတင်း​သည် တစ်မုဟုတ်ချင်း​ပျံ့နှံ့​သွားခဲ့​ရာ မကြာမီတွင် “များစွာသော​လူအပေါင်း​တို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကား​အ၊ အင်္ဂါ​ချို့တဲ့သော​သူ​မှ​စ၍ အခြားသော​အနာ​ရောဂါစွဲ​သူများကို ဆောင်​ခဲ့​လျက် အထံတော်​သို့​ရောက်​လာ၍ ခြေတော်​ရင်း​၌​ချထား​ကြ​၏။ အနာ​ရောဂါ​များ​ကို ငြိမ်း​စေတော်မူ” သည်။ လူ​တို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ မျက်မြင်​သက်သေ​တစ်ဦး​ဖြစ်သူ မဿဲ​က သူ၏​မှတ်တမ်း​တွင် ဤသို့​ဆက်၍​ဆို​၏– “အနာ​ရောဂါ​များ​ကို ငြိမ်း​စေတော်မူ​သဖြင့် အ​သော​သူသည် စကားပြော​သည်ကို​လည်းကောင်း၊ ချို့တဲ့သော​သူသည် ပကတိ​ဖြစ်သည်​ကိုလည်း​ကောင်း၊ ခြေမစွမ်း​သော​သူသည် လှမ်း​သွား​သည်ကို​လည်းကောင်း၊ မျက်စိကန်း​သော​သူသည် မြင်ရ​သည်ကို​လည်းကောင်း လူ​အစုအဝေး​တို့သည်​မြင်လျှင် အံ့သြခြင်း​သို့​ရောက်​၍ ဣသရေလ​အမျိုး​၏ ဘုရားသခင်​ဂုဏ်တော်​ကို ချီးမွမ်း​ကြ​၏။”—မဿဲ ၁၅:၃၀၊ ၃၁

ယေရှုသည် လူလိမ်​များ​နည်းတူ ကိုယ်တော်​ကုသ​ပေး​မည့်​သူများကို လူအုပ်​ထဲ​မှ အသေအချာ​ရွေး​ခေါ်သွား​ခြင်း​မရှိ​သည်ကို သတိပြုပါ။ ၎င်း​အစား၊ ရောဂါ​ဝေဒနာ​ခံစား​နေရသူ​၏ ဆွေမျိုး​များနှင့် မိတ်ဆွေများ​က ရောဂါ​သည်​တို့ကို “[ယေရှု၏] ခြေတော်​ရင်း​၌ ချထား​ကြ​၏။ အနာ​ရောဂါ​များ​ကို ငြိမ်း​စေတော်မူ” ၏။ ယခု ယေရှု၏​ကုသ​နိုင်စွမ်း​၏ သတ်သတ်မှတ်မှတ်​နမူနာ​အချို့​ကို ပြန်လည်​သုံးသပ်ကြည့်​ကြ​စို့။

မျက်စိကန်း​ခြင်း– ယေရုရှလင်​မြို့တွင် ယေရှု​ရှိ​စဉ်​အခါ “အမိ​ဝမ်း​တွင်း​က​ပင် မျက်စိကန်း​သော” သူ​တစ်ဦး​ကို မြင်​စေ​ခဲ့​၏။ ဤ​သူသည် မျက်မမြင်​သူတောင်းစား​ဖြစ်၏​ဟု မြို့သူ​မြို့သား​များ​သိ​ကြသည်။ ထို့​ကြောင့် မျက်စိ​မြင်​လျက် လမ်းလျှောက်​နေသည့် ထို​သူကို လူ​တို့​မြင်​သောအခါ စိတ်​လှုပ်ရှား​ပြီး ရုတ်ရုတ်သဲသဲ​ဖြစ်နေ​ပုံ​ကို သင်​မြင်ယောင်​ကြည့်​နိုင်​သည်! သို့​တိုင် လူတိုင်း မပျော်ရွှင်​ကြ​ချေ။ ဖာရိရှဲ​များ​ဟု​ခေါ်​သော ထင်ပေါ်​ကျော်ကြား​ပြီး ဩဇာ​ရှိသော ဂျူး​ဂိုဏ်း​အဖွဲ့ဝင်​အချို့​သည် မိမိတို့၏​ဆိုးညစ်မှု​များ​ကို ယေရှု အစောပိုင်းက ဖော်ထုတ်​ထားသော​ကြောင့် စိတ်နာ​နေကြ​ရာ ထိုသို့​ယေရှု​ပြုခြင်း​သည် လူ​တို့ကို​လှည့်စား​နေခြင်း​ဖြစ်သည်ဟု ပေါ်လွင်​စေရန် အစွမ်းကုန်​ကြိုးစား​ခဲ့​ကြသည်။ (ယောဟန် ၈:၁၃၊ ၄၂-၄၄; ၉:၁၊ ၆-၃၁) သို့​နှင့် သူတို့သည် မျက်စိ​မြင်လာ​သူကို စစ်ဆေး​မေးမြန်း​ပြီး​နောက် သူ၏​မိဘများ​ကို​စစ်ဆေး​၏၊ ထို့နောက် ထို​သူကို ပြန်​မေးမြန်း​လေ​၏။ သို့သော် ဖာရိရှဲ​များ မေးမြန်း​စစ်ဆေး​လေ ယေရှုသည် အံ့ဖွယ်​အမှုကို အမှန်တကယ်​ပြုလုပ်​ခဲ့​ကြောင်း ပို​၍​ထင်ရှား​လေ​ဖြစ်​ရာ သူတို့​အတွက် အမျက်ထွက်​စ​ရာ​ဖြစ်​ခဲ့​သည်။ အဆိုပါ​ဘာသာရေး​အရေခြုံ​သူများ​၏ ကတ်​သီး​ကတ်​သတ်​နိုင်​မှု​ကို မျက်စိ​မြင်လာ​သူ နားမလည်​နိုင်​၍ သူက “အမိ​ဝမ်း​တွင်း​က​ပင် မျက်စိကန်း​သော​သူကို မျက်စိ​မြင်​စေခြင်း​ငှာ တတ်နိုင်​သည်ကို ကမ္ဘာဦး​မှ​စ၍ မကြားစဖူး။ ထို​သူသည် ဘုရားသခင်​စေလွှတ်​တော်​မူ​သော​သူ​မဟုတ်လျှင် အဘယ်​အမှုကို​မျှ မတတ်နိုင်​ဟု​ပြောဆို​၏။” (ယောဟန် ၉:၃၂၊ ၃၃) ရိုးသား​ပွင့်လင်း၊ ပညာ​ပါ​စွာ သူ၏​ယုံကြည်ချက်ကို ထိုသို့​ဖော်ပြ​ခဲ့​ရာ ဖာရိရှဲ​များသည် ‘ထို​သူကို နှင်ထုတ်​ခဲ့​ကြ​၏၊’ ဆိုလိုသည်မှာ တစ်ချိန်က မျက်စိကန်း​သူကို တရား​ဇရပ်​မှ နှင်ထုတ်​လိုက်​သည်။—ယောဟန် ၉:၂၂၊ ၃၄

နားပင်း​ခြင်း– ယော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ဒေ​ကာ​ပေါလိ​တွင် ယေရှု​ရောက်​ခဲ့​စဉ် “နားပင်း၍ စကား​အ​သော​သူတစ်ယောက်ကို အထံတော်​သို့​ဆောင်​ခဲ့” ကြသည်။ (မာကု ၇:၃၁၊ ၃၂) ထို​သူကို ယေရှု​ကုသ​ပေး​ခဲ့​ရုံ​မ​က လူအုပ်​ကြား​တွင် အနေရခက်​မည့် နားပင်း​သူ၏​ခံစားချက်​များ​ကို အလွန်​နားလည်မှု​ရှိကြောင်း ဖော်ပြ​ခဲ့​သည်။ ယေရှုသည် နားပင်း​သူကို “လူ​အစုအဝေး​ထဲ​က​ခေါ်” ထုတ်​သွားပြီး ကုသ​ပေး​ခဲ့​သည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ ထို့​ပြင် မျက်မြင်​သက်သေ​များသည် “အတိုင်း​ထက်​အလွန်​မိန်းမော​တွေဝေ​လျက်​ရှိ၍ သူသည် အလုံးစုံ​တို့ကို လျောက်ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နားပင်း​သော​သူတို့ကို ကြားစေ​တော်​မူ​ပြီ။ အ​သော​သူတို့ကို စကားပြော​စေတော်မူ​ပြီ​ဟု ဆို​ကြ​၏။”—မာကု ၇:၃၃-၃၇

ခြေလက်​သေခြင်း– ကပေရနောင်​မြို့တွင် ယေရှု​ရှိ​စဉ်​အခါ လူတို့သည် အိပ်ရာပေါ်​မှာ တုံးလုံး​လဲနေ​သော ခြေလက်​သေနေ​သူ​တစ်ဦး​ကို ကိုယ်တော်​ထံ ခေါ်ဆောင်​လာ​ကြသည်။ (မဿဲ ၉:၂) ထို​အဖြစ်အပျက်​ကို အခန်းငယ် ၆ မှ ၈ က​ဖော်ပြ​၏။ “‘ကိုယ်​အိပ်ရာကို​ဆောင်​၍ ကိုယ်​အိမ်​သို့​သွားလော့’ ဟု​လက်​ခြေ​သေ​သော​သူအား [ယေရှု]မိန့်တော်မူ၏။ ထို​သူသည်​လည်း​ထ၍ မိမိ​အိမ်​သို့​သွား​လေ​၏။ လူ​အစုအဝေး​တို့သည်​မြင်လျှင် အံ့သြခြင်း​ရှိ၍ လူသားတို့အား ဤသို့​သော​အခွင့်​ကို အပ်ပေး​တော်​မူ​သော ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​ကြ​၏။” ဤ​အံ့ဖွယ်အမှု​ကိုလည်း ယေရှု၏​တပည့်တော်​များနှင့် ရန်သူများ​ရှေ့မှောက်​တွင် ကိုယ်တော်​ပြုလုပ်​ခဲ့​သည်။ မုန်းတီးမှု​နှင့် စိတ်​စွန်းကွက်​မှုမရှိ​သော လူအုပ်သည် မိမိတို့​မြင်တွေ့ခဲ့​ရာ​များ​ကြောင့် “ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​ကြ” ကြောင်း​သတိပြုပါ။

ရောဂါ– “နူနာ​စွဲ​သော​သူ​တစ်ယောက်​သည် [ယေရှု]အထံတော်​သို့​လာ၍ ဒူးထောက်​လျက် ‘ကိုယ်တော်​အလို​ရှိလျှင် ကျွန်တော်​ကို သန့်ရှင်း​စေနိုင်​တော်​မူ​သည်’ ဟု​တောင်းပန်​လေ​၏။ ယေရှုသည် သနားသော​စိတ်​ရှိသဖြင့် လက်တော်ကို​ဆန့်​၍ ထို​သူကို​တို့​လျက် ‘ငါ​အလိုရှိ၏။ သန့်ရှင်းခြင်း​သို့​ရောက်​စေ’ ဟု​မိန့်တော်မူ၏။ ထိုသို့​မိန့်တော်မူသည်​ခဏချင်း​တွင် နူနာ​ပျောက်” လေ​သည်။ (မာကု ၁:၄၀-၄၂) ယေရှုသည် ဤ​လူကို မ​ကုပေး​ချင်​ကုပေး​ချင်​ဖြင့်​မဟုတ်ဘဲ အမှန်တကယ်​သနား​ကြင်နာ​စွာ​ဖြင့် ကုသ​ပေး​ခဲ့​သည်ကို သတိပြုပါ။ သင်သည် နူနာ​စွဲ​သူ​တစ်ဦး​ဖြစ်သည်ဟု ဆိုပါစို့။ သင်၏​ကိုယ်ခန္ဓာ​ကို တဖြည်းဖြည်း​ရုပ်ပျက်​စေပြီး လူ့​ဘောင်​အဖွဲ့အစည်း​မှ သင့်ကို​ပစ်ပယ်​ခံရ​စေသော ကြောက်မက်​ဖွယ် ဤ​ရောဂါဆိုး​ကို နာကျင်မှု​ကင်း​စွာ တစ်ခဏချင်း​ပင် ပျောက်ကင်း​စေမည်​ဆိုလျှင် သင်​မည်သို့​ခံစားရ​မည်​နည်း။ ယင်းကြောင့် အံ့ဖွယ်​နည်းဖြင့် ကုသ​ပေး​ခံရ​သော အခြား​နူနာ​စွဲ​သူ​တစ်ဦး​သည် “[ယေရှု၏]ခြေတော်​ရင်း​၌ ပျပ်ဝပ်​၍ ကျေးဇူးတော်​ကြီး​လှ​ပါ​သည်​ဟု ဝန်ခံ” ခဲ့​သည်ကို သင်​သဘောပေါက်​နိုင်​ပေမည်။—လုကာ ၁၇:၁၂-၁၆

ထိခိုက်​ဒဏ်ရာ– ယေရှုသည် ဖမ်းဆီး​ခံရ​ပြီး နှက်တိုင်​တင်​မခံရမီ ပြုလုပ်​ခဲ့​သော နောက်ဆုံး​အံ့ဖွယ်​အမှုမှာ ကုသ​ပေး​မှု​ဖြစ်၏။ ယေရှု​အား ဖမ်းဆီး​ခေါ်ဆောင်​သွား​ကြ​တော့​မည့်​သူများကို ဆန့်ကျင်​၍ တမန်​တော်​ပေတရု​သည် စိတ်​လိုက်​မာန်​ပါ “မိမိ​၌​ပါ​သော​ဓားကို ဆွဲထုတ်​ပြီး​လျှင် ယဇ်ပုရောဟိတ်မင်း​၏ ကျွန်​တစ်ယောက်ကို ခုတ်​သဖြင့် လက်ယာ​နားရွက်​ပြတ်​လေ​၏။” (ယောဟန် ၁၈:၃-၅၊ ၁၀) ယေရှု​က “နားရွက်​ကို​လက်တော်​နှင့်​တို့​သဖြင့် အနာ​ကို​ပျောက်စေ​တော်​မူ​၏” ဟု​လုကာ​ကျမ်း​ပါ အပြိုင်​မှတ်တမ်းက ဖော်ပြ​သည်။ (လုကာ ၂၂:၅၀၊ ၅၁) ဤ​တွင်​တစ်ဖန်၊ အဆိုပါ​သနား​စာနာမှု​ရှိသော​လုပ်ရပ်​ကို ယေရှု၏​မိတ်ဆွေများ​အပြင် ရန်သူများ​ဖြစ်သော ကိုယ်တော့်​ကို ဖမ်းဆီး​မည့်​သူများ​ရှေ့မှောက်​တွင်​လည်း ပြုလုပ်​ပြ​ခဲ့​သည်။

မှန်​ပါ​၏၊ ယေရှု၏​အံ့ဖွယ်အမှု​များ​ကို ကျွန်ုပ်​တို့​စေ့စေ့စပ်စပ်​ဆန်းစစ်​ကြည့်​လေ၊ ယုံကြည်​စိတ်ချ​ရသော အချက်များ​စွာ​ကို ကျွန်ုပ်​တို့ ခွဲခြား​သိမြင်​လာ​ရလေ​ဖြစ်သည်။ (၂ တိမောသေ ၃:၁၆) အစပိုင်း​တွင်​ဖော်ပြ​ထား​သကဲ့သို့ပင် ဤသို့​လေ့လာ​သုံးသပ်ခြင်းက နာခံမှု​ရှိသော​လူသားများ​ကို ကုသ​ပေး​မည်​ဟူ​သည့် ဘုရားသခင့်​ကတိတော်​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ခိုင်မြဲ​စေ​သင့်​သည်။ ခရစ်ယာန်​ယုံကြည်ခြင်းကို သမ္မာကျမ်းစာ​က “မျှော်လင့်​သော​အရာများ​ကို စိတ်ချ​စွာ​စောင့်မျှော်​ခြင်း၊ မမြင်​ရ​သော်လည်း အမှန်​တည်ရှိ​သော​အရာ​တို့၏ ထင်ရှားသော​သက်သေ” အဖြစ် အနက်ဖွင့်ဆို​၏။ (ဟေဗြဲ ၁၁:၁က​ဘ) အဆင်​အ​ခြင်​မဲ့ သို့​မဟုတ် စိတ်ကူးယဉ် အတွေး​မျှ​သာ​မဟုတ်ဘဲ သက်သေ​သာဓက​များ​အပေါ် အခြေပြု​သော​ယုံကြည်ခြင်း​ရှိဖို့ ဘုရားသခင်​က တိုက်တွန်း​ထား​သည်။ (၁ ယောဟန် ၄:၁) ကျွန်ုပ်​တို့သည် ဤသို့​သော​ယုံကြည်ခြင်း​ရှိလာ​လေ ဝိညာဉ်​ရေး​အရ ပိုမို​သန်စွမ်း​ကျန်းမာ​လာ​လေ​ဖြစ်​ပြီး ပျော်ရွှင်သူ​များ​ဖြစ်လာ​ကြ​၏။—မဿဲ ၅:၃; ရောမ ၁၀:၁၇

ဝိညာဉ်​ရေး​ကုသမှု ဦးစား​ထား​ရ!

ကာယရေး​ကျန်းမာ​နေ​သူများစွာ​သည် မပျော်ရွှင်​ကြ​ချေ။ အချို့​ဆိုလျှင် ကိုယ့်​ကိုယ်ကို​သတ်​သေ​ရန်​ပင် ကြိုးစား​ကြသည်၊ အကြောင်း​မှာ သူတို့တွင် အနာဂတ်​မျှော်လင့်ချက်​မရှိကြ​သောကြောင့် သို့​မဟုတ် ပြဿနာ​ဖြင့် ဖိစီး​ခံ​နေရ​သောကြောင့်​ဖြစ်သည်။ အမှန်​ဆို​ရ​လျှင် သူတို့သည် ဘုရားသခင်​ရှေ့မှောက်​တွင် ကာယရေး​မသန်မစွမ်းမှု​ထက် သာ၍​ဆိုးရွား​သော ဝိညာဉ်​ရေး​အရ မသန်မစွမ်း​ဖြစ်နေ​ကြ​၏။ (ယောဟန် ၉:၄၁) အခြား​တစ်ဖက်​တွင်​မူ၊ ရှေ့​ဆောင်းပါး​တွင်​ဖော်ပြ​ထား​သည့် ခရစ်ရှန်​နှင့် ဂျူနီယာ​တို့​နည်းတူ ကာယရေး​အရ မသန်မစွမ်း​ဖြစ်နေ​ကြ​သူများစွာ​သည် ပျော်ရွှင်​ကျေနပ်​ရောင့်ရဲသော အသက်တာ​များ​ရှိကြသည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သူတို့သည် ဝိညာဉ်​ရေး​အရ ကျန်းမာ​သန်စွမ်း​နေကြ​ပြီး သမ္မာကျမ်းစာ​အပေါ် အခြေပြု​ထား​သည့် စိတ်ချ​ရသော​မျှော်လင့်ချက်​ဖြင့် ခွန်အား​ရရှိ​နေကြ​သောကြောင့်​ဖြစ်၏။

လူသားများ​အနေ​ဖြင့် ကျွန်ုပ်​တို့​အထူး​လိုအပ်ရာ​ကို ယေရှု​ဤသို့​ညွှန်ပြ​ခဲ့​၏– “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည် ကျမ်းစာ​လာ​သည်။” (မဿဲ ၄:၄) လူသားများ​သည် တိရစ္ဆာန်​များနှင့်​မတူဘဲ ကာယ​အစာ​ထက်မက လိုအပ်​သည်။ ဘုရားသခင်​၏ “ပုံသဏ္ဌာန်​နှင့်​အညီ” ဖန်ဆင်း​ခံရ​သော ကျွန်ုပ်​တို့သည် ဝိညာဉ်​အစာ​ဖြစ်သည့် ဘုရားသခင်​အား​သိကျွမ်းခြင်း​ပညာ၊ ကိုယ်တော်​၏​ရည်ရွယ်ချက်​နှင့် ကျွန်ုပ်​တို့​သက်ဆိုင်ပုံ​အပြင် ကိုယ်တော်​၏​အလိုတော်နှင့်​အညီ လုပ်ဆောင်ရန် လိုအပ်​၏။ (ကမ္ဘာဦး ၁:၂၇; ယောဟန် ၄:၃၄) ဘုရားသခင်​အား​သိကျွမ်းခြင်း​ပညာ​သည် ကျွန်ုပ်​တို့၏​ဘဝကို အဓိပ္ပာယ်​လေးနက်​စေပြီး ဝိညာဉ်​ခွန်အား​ရှိစေသည်။ ထို့​ပြင် ယင်းသည် ပရဒိသု​မြေကြီး​တွင် ထာဝရ​အသက်​ရရှိ​ခြင်း​အပေါ်လည်း အခြေပြု​ထား​သည်။ ယေရှု​က “ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း” ဟု​မိန့်တော်မူ​ခဲ့​၏။—ယောဟန် ၁၇:၃

ယေရှု၏​တစ်ခေတ်​တည်း​သားများ​သည် ကိုယ်တော်​အား “ကုသ​ပေး​သူ” ဟု မ​ခေါ်​ကြ​ဘဲ “ဆရာ” ဟု​ခေါ်​ခဲ့​ကြ​ခြင်း​သည် မှတ်သားထိုက်​ပေ​၏။ (လုကာ ၃:၁၂; ၇:၄၀) အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဘုရားသခင့်​နိုင်ငံတော်​သည် လူတို့၏​ပြဿနာ​များ​ကို ထာဝစဉ်​ဖြေရှင်း​ပေး​မည်​ဟု ယေရှု​သွန်သင်​ပေး​ခဲ့​သောကြောင့်​ဖြစ်သည်။ (လုကာ ၄:၄၃; ယောဟန် ၆:၂၆၊ ၂၇) ယေရှု​ခရစ်​၏​လက်ထဲ​တွင်ရှိသော ဤ​ကောင်းကင်​အစိုးရ​သည် ကမ္ဘာ​မြေကြီး​တစ်ခုလုံး​ကို အုပ်ချုပ်​ပြီး ဖြောင့်မတ်​သော​လူသားများ​နှင့် သူတို့၏​မြေကြီး​နေအိမ်​ကို လုံးလုံး​တည်မြဲ​စေ​၍ ပြန်လည်​ထူထောင်​ရေး​နှင့်​စပ်​လျ​ဉ်း​သည့် ကျမ်းစာ​ပရောဖက်ပြုချက်​အားလုံး​ကို ပြည့်စုံ​စေပါ​လိမ့်​မည်။ (ဗျာဒိတ် ၁၁:၁၅) ထို့​ကြောင့် ယေရှုသည် မိမိ၏​စံပြ​ဆုတောင်းချက်​၌ မြေကြီးပေါ်​တွင် ဘုရားသခင်​၏​အလိုတော် ပြည့်စုံစေရန် ကိုယ်တော်​၏​နိုင်ငံတော် တည်ထောင်​ပါစေ​သော​ဟု ကွင်းဆက်​ဖော်ပြ​ခဲ့​ခြင်း​ဖြစ်သည်။—မဿဲ ၆:၁၀

မသန်မစွမ်း​ဖြစ်နေ​သူများစွာ​သည် အဆိုပါ​စိတ်​လှုပ်ရှား​ဖွယ် မျှော်လင့်ချက်​အကြောင်း သိရှိ​လာ​ကြသောအခါ သူတို့၏​ဝမ်းနည်းခြင်း​မျက်ရည်များ​သည် ဝမ်းသာ​ခြင်း​မျက်ရည်များ​အဖြစ်သို့ ပြောင်းလဲ​သွားခဲ့​ကြသည်။ (လုကာ ၆:၂၁) အမှန်​မှာ၊ ဘုရားသခင်​သည် ဖျားနာ​မှု​နှင့် မသန်မစွမ်းမှု​တို့ကို ပပျောက်​စေ​ရုံ​မျှ​မ​က လူသားတို့အား ဆင်းရဲခြင်း​များ​ကို​ခံစား​စေသည့် အပြစ်ကို​ပင် ဖယ်ရှားပစ်​ပါ​လိမ့်​မည်။ အစပိုင်း​၌​ကိုးကား​ဖော်ပြ​ခဲ့​သော ဟေရှာယ ၃၃:၂၄ နှင့် မဿဲ ၉:၂-၇ တို့​က ကျွန်ုပ်​တို့၏​အပြစ်ရှိ​အခြေအနေ​ကြောင့် ဖျားနာ​ရ၏​ဟု​ဆို​သည်။ (ရောမ ၅:၁၂) သို့​ဖြစ်၍ အပြစ်​တရား​မရှိတော့​သည့်​အခါ လူသားများ​သည် “ဘုရားသခင်​သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ” အပြင် စိတ်ရောကိုယ်ပါ စုံလင်​သည့် လွတ်ခြင်း​ချမ်းသာ​ကို နောက်ဆုံး​ခံစား​ကြ​ရ​ပါ​လိမ့်​မည်။—ရောမ ၈:၂၁

ကျန်းမာ​ရေး အတော်အတန်​ကောင်း​သူများ​သည် သူတို့၏​ကျန်းမာ​ရေး​အခြေအနေ​ကောင်းခြင်း​ကို အမှု​မထား​မိ​ရန် လွယ်ကူ​နိုင်၏။ သို့သော် မသန်မစွမ်း​ဖြစ်နေ​သူများ​မှာ​မူ ထိုသို့​မဟုတ်​ကြ​ချေ။ ကျန်းမာ​ရေး​ကောင်းခြင်း​နှင့် အသက်ရှင်ခြင်းကို သူတို့​တကယ်​တန်ဖိုး​ထား​ကြ​ပြီး ၎င်းတို့သည် ရုတ်တရက် မမျှော်လင့်​ဘဲ ပြောင်းလဲ​သွား​နိုင်​ကြောင်း သိထားကြ​၏။ (ဒေ. ၉:၁၁) ထို့​ကြောင့် ကျွန်ုပ်​တို့၏​စာဖတ်​ပရိသတ်​မှ မသန်မစွမ်း​ဖြစ်နေ​သူများ​သည် သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် ဘုရားသခင်​၏​အံ့ချီးဖွယ်​ကတိတော်​များ​ကို အလေးအနက်​ဆင်ခြင်​သုံးသပ်ကြ​မည်​ဟု ကျွန်ုပ်​တို့​မျှော်လင့်​ပါ​သည်။ ၎င်း​ကတိတော်​များ ပြည့်စုံစေရန် ယေရှုသည် မိမိ၏​အသက်ကို ပေး​ဆပ်​ခဲ့​၏။ ထို​ထက်​သာ၍​ကောင်းသော​အာမခံချက် ကျွန်ုပ်​တို့​တွင် ရှိ​နိုင်​ပါ​ဦး​မည်​လော။—မဿဲ ၈:၁၆၊ ၁၇; ယောဟန် ၃:၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဘုရားသခင်​သည် ဆင်းရဲခြင်း​ကို အဘယ်ကြောင့်​ခွင့်ပြု​ထား​ရ​ကြောင်း အသေးစိတ်​သိ​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို အမှန်ပင်​ဂရုစိုက်​တော်​မူ​သလော ဘရိုရှာ​ကို​ရှု။