မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မသန်မစွမ်းမှု အမျိုးမျိုး

မသန်မစွမ်းမှု အမျိုးမျိုး

မသန်မစွမ်းမှု အမျိုးမျိုး

အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​တွင် နေထိုင်​သော ခရစ်ရှန်​ဆို​သူကို စစ်သား​များ​က ဖမ်းဆီး​၍ စစ်​ထဲ​သွင်း​ရန် အတင်း​ကြိုးစား​ခဲ့​ကြသော်လည်း ကျမ်းစာ​ဖြင့်​လေ့ကျင့်​ထားသော သူ၏​သိစိတ်​ကြောင့် အလျှော့ပေး​လိုက်လျော​ခြင်း​မရှိခဲ့​ချေ။ ထို့​ကြောင့် စစ်သား​များသည် ခရစ်ရှန်​ကို စစ်​စခန်း​သို့​ခေါ်ဆောင်​သွားပြီး ထို​တွင် လေး​ရက်​တိုင်​ရိုက်နှက်၍ သူတို့​ထဲ​မှ​တစ်ဦး​က သူ၏​ခြေထောက်​ကို သေနတ်​နှင့်​ပစ်လိုက်​သည်။ ခရစ်ရှန်​သည် ဆေးရုံ​သို့​ရောက်သွား​သော်လည်း သူ၏​ခြေထောက်​ကို ဒူးဆစ်​အောက်ပိုင်း​မှ ဖြတ်လိုက်​ရ၏။ အာဖရိက​ရှိ အခြား​နိုင်ငံ​တစ်နိုင်ငံ​တွင် ကလေးငယ်​များ​၏ ခြေတံ​လက်တံ​များ​ကို​ပင် လက်နက်ကိုင်​သူပုန်များ​က ဖြတ်ပစ်​ခဲ့​ကြသည်။ ကမ္ဘောဒီးယား​မှ ဘော်လ်ကန်​အထိ၊ အာဖဂန်နစ္စတန်​မှ အင်ဂိုလာ​အထိ မြေ​မြှုပ်​ဗုံး​များ​ကြောင့် လူကြီးလူငယ်​မရွေး ခြေလက်​ပြတ်​ကာ မသန်မစွမ်း​ဘဝ ရောက်​ရ​ရှာ​သည်။

မတော်တဆ​ဖြစ်ပျက်​မှု၊ ဆီး​ချို​ရောဂါ​ကဲ့သို့​သော ရောဂါ​တို့​ကြောင့်​လည်း လူများစွာ​သေဆုံး​နေကြ၏။ ပတ်ဝန်းကျင်​ရှိ အဆိပ်​များ​ပင်​လျှင် မသန်မစွမ်း​ဖြစ်စေ​နိုင်​သည်။ ဥပမာ၊ အရှေ့​ဥရောပ​မြို့​တစ်မြို့​တွင် ကပ်လျက်​ရှိသော​ရပ်ကွက်​များ​မှ ကလေး​အတော်များများ​သည် လက်​ဖျံ​တစ်ဖက်​မပါဘဲ မွေးဖွား​လာ​ခဲ့​ကြသည်။ သူတို့၏ တံတောင်ဆစ်​အောက်ပိုင်း​တွင် လက်​ငုတ်​တို​လေး​သာ ရှိကြသည်။ စစ်ဆေး​ကြည့်​ရာ ဓာတု​ညစ်ညမ်းမှု​ကြောင့် မျိုးရိုး​ဗီဇ​ပျက်စီး​ခဲ့​သည်ကို သိရှိ​ရ၏။ မရေမတွက်​နိုင်သော အခြားသူများ​မှာ​မူ သူတို့၏​ခြေတံ​လက်တံ​အားလုံး စုံ​သော်လည်း သွက်ချာပါဒ သို့​မဟုတ် အခြား​ရောဂါ​တစ်ခုခု​ကြောင့် မသန်မစွမ်း​ဖြစ်နေ​ရ​ရှာ​၏။ မသန်မစွမ်းမှု​သည် အမှန်တကယ်​ပင် အကန့်အသတ်​မရှိ​ချေ။

မည်သည့်​အကြောင်းကြောင့်​ပင်​ဖြစ်စေ မသန်မစွမ်းမှုများ​သည် ဝမ်းနည်း​ကြေကွဲစရာ​ပင်​ဖြစ်၏။ အသက် ၂၀ အရွယ်​တွင် ဂျူနီယာ​သည် သူ၏​ဘယ်ဘက်​ခြေထောက်​အောက်ပိုင်း​ကို ဖြတ်လိုက်​ရသည်။ သူက “ကျွန်တော်​အတော်လေး​ကို စိတ်​ဆင်းရဲ​ခဲ့တယ်။ ကျွန်တော့်​မှာ ခြေထောက်​တစ်ဖက် ဘယ်တော့မှ​ရှိ​မှာ မဟုတ်တော့ဘူး​ဆိုပြီး ကျွန်တော်​ခဏ​ခဏ​ငို​ခဲ့​ရတယ်။ ဘာလုပ်​ရ​မှန်း​မသိ​ဘူး။ တကယ်​ကို​စိတ်ရှုပ်​ခဲ့​တာ” ဟု​နောက်ပိုင်း​တွင် ပြောပြ​ခဲ့​သည်။ သို့ရာတွင် အချိန်တန်​လေ​သော် ဂျူနီယာ​၏​စိတ်ထား​သည် သိသိသာသာ​ပြောင်းလဲ​သွား​၏။ သူသည် ကျမ်းစာ​စလေ့လာ​ခဲ့​ရာ ခံနိုင်ရည်​ရှိလာ​ရုံ​မ​က ဤ​ကမ္ဘာ​မြေကြီးပေါ်​တွင်​ပင် ပျော်ရွှင်ဖွယ်​အနာဂတ်​မျှော်လင့်ချက်​ရှိကြောင်း သိရှိ​လာ​၏။ အကယ်၍ သင်သည် မသန်မစွမ်း​ဖြစ်​နေလျှင် ထို​မျှော်လင့်ချက်ကို အသင်​လည်း ရ​လို​ပါသလော။

သို့​ဆိုလျှင် နောက်​ဆောင်းပါး​ကို ကျေးဇူးပြု​၍ ဖတ်ရှု​ပါ။ ဖန်ဆင်း​ရှင်​၏​ရည်ရွယ်ချက်ကို​သိလာပြီး ၎င်းနှင့်​အညီ​အသက်ရှင်​ရန် မိမိတို့​ဘဝကို​ပြုပြင်​သူများ​အတွက် အနာဂတ်​တွင် ကိုယ်တော်​အဘယ်အရာ​ပြုလုပ်​ပေး​မည်​ကို​သိနိုင်ဖို့ သင်၏​ကိုယ်ပိုင်​ကျမ်းစာ​မှ ကျမ်းစာ​ရည်ညွှန်းချက်​များ​ကို ဖွင့်​ကြည့်​ပါ​ဟု ကျွန်ုပ်​တို့​အကြံပြု​ပါ​သည်။