မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နေ့ကို မည်သူကပ်ကျော်မည်နည်း

ယေဟောဝါ၏နေ့ကို မည်သူကပ်ကျော်မည်နည်း

ယေဟောဝါ​၏​နေ့ကို မည်သူ​ကပ်ကျော်​မည်​နည်း

“မီးဖို​၌​မီးလောင်​သကဲ့သို့ လောင်​သော​နေ့ရက်​ကာလ​သည် ရောက်​လိမ့်​မည်။”—မာလခိ ၄:၁

၁။ ဤ​စနစ်ဆိုး​၏​ဆုံးခန်း​ကို မာလခိ​မည်သို့​ဖော်ပြ​သနည်း။

ပရောဖက်​မာလခိ​သည် မဝေးတော့​သည့်​အနာဂတ်​တွင် ဖြစ်ပျက်​လိမ့်​မည့် စိုးရွံ့​ထိတ်လန့်ဖွယ် အဖြစ်အပျက်​များနှင့်​ဆိုင်သော ပရောဖက်ပြုချက်​များ​ကို မှတ်တမ်းတင်​ရန် ဘုရားသခင့်​မှုတ်သွင်းခြင်း ခံ​ခဲ့​ရသည်။ ၎င်း​အဖြစ်အပျက်​များသည် မြေကြီးပေါ်​ရှိ လူအားလုံး​နှင့်​သက်ဆိုင်​ပါ​လိမ့်​မည်။ မာလခိ ၄:၁ က​ဤသို့​ကြိုပြော​သည်– “‘မီးဖို​၌​မီးလောင်​သကဲ့သို့ လောင်​သော​နေ့ရက်​ကာလ​သည် ရောက်​လိမ့်​မည်။ မာန​ကြီးသော​သူနှင့် [မကောင်းမှု]ကို​ပြုသောသူ​အပေါင်းတို့သည် အမှိုက်​ခြောက်​ဖြစ်​ကြလိမ့်မည်။ သူတို့​အရင်း​အဖျား​မျှ​မကျန်​ကြွင်း​စေခြင်း​ငှာ ထို​နေ့ရက်​သည်​လောင်​လိမ့်​မည်’ ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​မိန့်တော်မူ၏။” ဤ​အစီအစဉ်​စနစ်ဆိုး ဖျက်ဆီး​ခံရ​ခြင်း​သည် မည်မျှ​လုံးလုံးလျားလျား​ဖြစ်​မည်​နည်း။ နောင်​ဘယ်​သောအခါ​မျှ ပြန်​မ​ရှင်​နိုင်အောင် အမြစ်ပါ​မကျန်​ဖျက်ဆီး​ခံရ​သော သစ်ပင်​တစ်ပင်​နှင့်​တူ​မည်။

၂။ ယေဟောဝါ​၏​နေ့ကို ကျမ်းချက်​အချို့​က မည်သို့​ဖော်ပြ​သနည်း။

ပရောဖက်​မာလခိ​သည် ‘အဘယ် “နေ့ရက်” ကို​ကြိုပြော​နေသနည်း’ ဟု​သင်​မေး​ကောင်း​မေး​ပေမည်။ ဟေရှာယ ၁၃:၉ တွင်​ဖော်ပြ​ထားသော​နေ့​နှင့် တစ်နေ့တည်း​ဖြစ်သည်၊ ထို​တွင်​ဤသို့​ဖော်ပြ​ထား​သည်– “ထို​ပြည်​ကို​ဖျက်ဆီး​၍ အပြစ်ကြီး​သော​ပြည်သူပြည်သား​တို့ကို သုတ်သင်​ပယ်ရှင်း​ခြင်း​ငှာ ထာဝရ​ဘုရား​၏ ကြမ်းကြုတ်​သော​နေ့ရက်​သည် ပြင်းထန်သော​ဒေါသ​အမျက်ထွက်​လျက် လာ​လိမ့်​မည်။” ဇေဖနိ ၁:၁၅ က​ဤသို့​ဖော်ပြ​သည်– “ထို​နေ့​သည် အမျက်ထွက်​သော​နေ့၊ ဆင်းရဲ​ပူပန်ခြင်း​ကို​ခံရ​သော​နေ့၊ သုတ်သင်​ပယ်ရှင်း​ဖျက်ဆီး​ရာ​နေ့၊ အလင်းကွယ်​၍ မှောင်မိုက်​သော​နေ့၊ မိုးအုံ့​၍​ထူထပ်​သော​မှောင်မိုက်​ဖုံးလွှမ်း​သော​နေ့ . . . ဖြစ်၏။”

‘ကြီးစွာ​သော​ဆင်းရဲခြင်း’

၃။ ‘ယေဟောဝါ​၏​နေ့’ ကား​အဘယ်နည်း။

မာလခိ​ပရောဖက်ပြုချက်​၏ အဓိက​ပြည့်စုံချက်​တွင် ‘ယေဟောဝါ​၏​နေ့’ သည် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ဖြင့် ထူးခြား​ထင်ရှားသော အချိန်ကာလ​ဖြစ်သည်။ ယေရှု​ဤသို့​ကြိုပြော​ခဲ့​သည်– “ကမ္ဘာဦး​မှ​စ၍​မဖြစ်​စ​ဖူး နောက်​၌​လည်း​မဖြစ်​လတ္တံ့​သော ကြီးစွာ​သော [ဆင်းရဲခြင်း] သည် ထို​ကာလ​၌​ဖြစ်​လိမ့်​မည်။” (မဿဲ ၂၄:၂၁) အထူးသဖြင့် ၁၉၁၄ မှ​စ၍ ကမ္ဘာကြီး​ဘေးသင့်​ခဲ့​ပုံ​ကို စဉ်းစား​ကြည့်​ပါ။ (မဿဲ ၂၄:၇-၁၂) ဒုတိယ​ကမ္ဘာ​စစ်​တစ်ခု​တည်း​ကအသက်​ပေါင်း​သန်း ၅၀ ကျော်​ကို​ခြွေယူ​ခဲ့​လေ​ပြီ! သို့​တိုင် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ၌​၎င်း​တို့​ထက်​ဆိုးရွား​မည့် ကပ်ဘေး​များ​ကို တွေ့ကြုံ​ရ​ကြ​မည်။ ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ သည် ယေဟောဝါ​၏​နေ့ကြီး​နည်းတူ အာမဂေဒုန်​တွင်​အဆုံးတိုင်​ပြီး ဤ​အစီအစဉ်​စနစ်ဆိုး​၏ နောက်ဆုံး​နေ့ရက်​များ​ကို ကုန်ဆုံး​စေ​လိမ့်​မည်။—၂ တိမောသေ ၃:၁-၅၊ ၁၃; ဗျာဒိတ် ၇:၁၄; ၁၆:၁၄၊ ၁၆

၄။ ယေဟောဝါ​၏​နေ့​အဆုံးတိုင်​သည့်​အခါ အဘယ်အရာ​ဖြစ်​ပြီး​နေ​မည်​နည်း။

ထို​ယေဟောဝါ​၏​နေ့ အဆုံးတိုင်​သည့်​အခါ စာတန်​၏​လောက​နှင့် ၎င်းကို​ထောက်ခံသူ​များ ချေမှုန်း​ဖျက်ဆီး​ခံရ​ပြီး​ဖြစ်​လိမ့်​မည်။ ဦးဆုံး​ဖျက်ဆီး​ခံရ​မည့်​သူ​မှာ ဗာဗုလုန်​ဘာသာရေး​အားလုံး​ဖြစ်သည်။ ထို့နောက် စာတန်​၏​စီးပွားရေး​နှင့် နိုင်ငံရေး​စနစ်​များ​ကို ယေဟောဝါ​စီရင်​ဖျက်ဆီး​လိမ့်​မည်။ (ဗျာဒိတ် ၁၇:၁၂-၁၄; ၁၉:၁၇၊ ၁၈) ယေဇကျေလ​က ဤသို့​ကြိုဟော​သည်– “သူတို့​ငွေ​ကို​လမ်း​သို့​ပစ်​၍ ရွှေ​ကို​ညစ်ညူး​သော​အရာ​ကဲ့သို့ မှတ်​ကြလိမ့်မည်။ ထာဝရ​ဘုရား​အမျက်ထွက်​တော်​မူ​သော​ကာလ​၌ သူတို့​ရွှေ ငွေ​သည် သူတို့ကို​ကယ်တင်ခြင်း​ငှာ မတတ်နိုင်။” (ယေဇကျေလ ၇:၁၉) ထို​နေ့​နှင့်​စပ်လျဉ်း၍ ဇေဖနိ ၁:၁၄ က “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​နေ့ကြီး​နီးပြီ။ နီးပြီ။ အလျင်အမြန်​လာ​၏” ဟု​ဆို​သည်။ ယေဟောဝါ​၏​နေ့​နှင့်​ပတ်သက်​၍ ကျမ်းစာ​အဆိုကို​ထောက်​ပြီး ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ဖြောင့်မတ်​သော​တောင်းဆိုချက်​များနှင့်​အညီ ပြုမူ​ကျင့်ကြံ​ရန် စိတ်ပိုင်းဖြတ်​သင့်​သည်။

၅။ ယေဟောဝါ​၏​နာမတော်​ကို​ကြောက်ရွံ့​သူတို့ အဘယ်အရာကို ကြုံတွေ့​ကြ​ရသနည်း။

ယေဟောဝါ​၏​နေ့ကြီး​က စာတန့်​လောကကို မည်သို့​ပြု​မည်​အကြောင်း ကြိုဟော​ပြီး​နောက် ယေဟောဝါ​ဤသို့​မိန့်ဆို​သည်​ဟု မာလခိ ၄:၂ က​မှတ်တမ်းတင်​သည်– “ငါ​၏​နာမတော်​ကို ကြောက်ရွံ့​သော​သင်တို့၌​ကား တရားတော်​နေ​မင်း​သည် အနာ​ပျောက်စေ​သော​အတောင်​တို့​နှင့် ပေါ်ထွန်း​တော်​မူ​မည်။ သင်တို့သည် ထွက်သွား​၍ တင်းကုပ်​၌​နွား​သ​ငယ်​ကဲ့သို့ ခုန်​ကြလိမ့်မည်။” “တရားတော်​နေ​မင်း” ဆို​သည်​မှာ ယေရှု​ခရစ်​ဖြစ်သည်။ ကိုယ်တော်​သည် “ဤ​လောက​၏” ဝိညာဉ်​ရေးရာ “အလင်း” ဖြစ်၏။ (ယောဟန် ၈:၁၂) ယေရှုသည် ယနေ့ ကျွန်ုပ်​တို့​ခံစား​နေရ​သော ဝိညာဉ်​ရေး​ကုသမှု​ဖြင့် ဦးဆုံး​ထွန်းလင်းပေး​ပြီး​နောက် ကမ္ဘာသစ်​တွင် ရောဂါ​အားလုံး​ကို ကုသ​ပေး​ပါ​လိမ့်​မည်။ ယေဟောဝါ​မိန့်ဆို​သည့်​အတိုင်း ကုသ​ခံရ​သူများ​သည် အချုပ်အနှောင်​မှ​လွတ်မြောက်​သဖြင့် ဝမ်းသာ​ရွှင်လန်း​နေကြ​သော “နွား​သ​ငယ်​ကဲ့သို့​ခုန်​ကြ” လိမ့်​မည်။

၆။ ယေဟောဝါ​၏​ကျေးကျွန်​များသည် အဘယ်​အောင်ပွဲခံ​ပွဲ​ကို ကျင်းပ​ကြ​မည်​နည်း။

ယေဟောဝါ​၏​တောင်းဆိုချက်​များ​ကို လျစ်လျူရှု​သူများ​ကော အသို့နည်း။ မာလခိ ၄:၂၊ ၃ က​ဤသို့​ဆို​သည်– “သင်တို့ [ဘုရားသခင့်​ကျေးကျွန်​များ] သည် . . . မတရားသော​သူတို့ကိုလည်း နင်း​ကြလိမ့်မည်။ ထိုသို့​ငါ​စီရင်​သော​နေ့ရက်​၌ သူတို့သည် သင်တို့​ခြေဖဝါး​အောက်​၌ မြေမှုန့်​ကဲ့သို့​ဖြစ်​ကြလိမ့်မည်’ ဟု​ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​မိန့်တော်မူ၏။” ဘုရားသခင်​ကို​ဝတ်ပြုသူ လူသားများ​သည် စာတန့်​လောကကို​ဖျက်ဆီးခြင်း​၌ ပါဝင်​ကြ​မည်​မဟုတ်ပါ။ ထိုသို့​ပြု​မည့်​အစား ယေဟောဝါ​၏​နေ့​ပြီး​နောက် အောင်ပွဲခံ​ရာ​တွင် ပါဝင်​ကြ​ခြင်း​အားဖြင့် “မတရားသော​သူတို့ကို” ပုံဆောင်​သဘော​အရ “နင်း​ကြလိမ့်မည်။” ပင်လယ်နီ​တွင် ဖာရော​၏​စစ်သူရဲ​များ ဖျက်ဆီး​ခံရ​ပြီး​နောက် အကြီးအကျယ်​အောင်ပွဲခံ​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၅:၁-၂၁) ကြီးစွာ​သော​ဆင်းရဲခြင်း​တွင် စာတန်​နှင့် သူ၏​လောက ဖယ်ရှားပစ်​ခြင်း​ခံရ​ပြီး​နောက်​၌​လည်း အောင်ပွဲခံ​ပွဲ​ကြီး ကျင်းပ​ပါ​လိမ့်​မည်။ ယေဟောဝါ​၏​နေ့ကို​ကပ်ကျော်​သည့် တည်ကြည်သူ​များ​က “ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး​ကြောင့် ငါ​တို့သည် ဝမ်းမြောက်​ရွှင်လန်း​ကြ​ကုန်​အံ့” ဟု​ကြွေးကြော်​ကြလိမ့်မည်။ (ဟေရှာယ ၂၅:၉) ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို သံသယ​ကင်းရှင်း​စေပြီး၊ ငြိမ်းချမ်း​စွာ​နေထိုင်​နိုင်​ရန်​အတွက် ကမ္ဘာ​မြေကြီးကို​သန့်စင်​စေပြီး​နောက် ဝမ်းသာ​အားရစရာ​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း!

ဣသရေလ​လူမျိုး​ကို ခရစ်ယာန်ဘောင်​အတုယူ

၇၊ ၈။ မာလခိ​ခေတ်​မှ ဣသရေလလူ​တို့၏ ဝိညာဉ်​ရေး​အခြေအနေ​ကို ဖော်ပြ​ပါ။

ယေဟောဝါ​၏​မျက်နှာသာ​ရ အနေအထား​ရှိသူတို့​သည် ကိုယ်တော်​ကို ဝတ်မပြု​ကြ​သူများ​မဟုတ်ဘဲ ကိုယ်တော့်​အမှုထမ်းများ​ဖြစ်​ကြသည်။ မာလခိကျမ်း​ကို သူ​ရေးသားချိန်​၌​လည်း ထိုသို့​ပင်​ဖြစ်သည်။ အနှစ် ၇၀ တိုင် ဗာဗုလုန်​တွင် သုံ့ပန်းများ​ဖြစ်​ခဲ့​ကြ​ပြီး​နောက် ဘီ.စီ.အီး. ၅၃၇ တွင် ဣသရေလ​လူမျိုး အကြွင်းအကျန်​သည် ပြန်လည်​ထူထောင်​လာ​ခဲ့​သည်။ သို့ရာတွင် နောက်​အနှစ်​တစ်​ရာ​ကျော်​တွင် ထို​ပြန်လည်​ထူထောင်​လာသော​လူမျိုး​သည် အယူဖောက်ပြန်၊ ဆိုးသွမ်း​ပြန်​လေ​သည်။ လူအများသည် ယေဟောဝါ​၏​နာမတော်​ကို မရိုမသေ​ပြု​နေကြ​သည်; ကိုယ်တော်​၏​ဖြောင့်မတ်​သော​ပညတ်​များ​ကို လျစ်လျူရှု​နေကြ​သည်; မျက်စိကန်း​သော၊ ခြေကျိုး​၍ ဖျားနာ​သော​တိရစ္ဆာန်​များ​ကို ယဇ်​ပူဇော်​ဖို့ ယူဆောင်​လာ​ကြ​ခြင်း​ဖြင့် ကိုယ်တော်​၏ ဝတ်ပြုရာ​အိမ်တော်ကို ညစ်ညူး​နေ​စေ​ကြ​ပြီး သူတို့၏ ငယ်​ပေါင်း​ဇနီးသည်​များ​ကို ကွာရှင်း​နေကြ၏။

ထို့​ကြောင့် သူတို့ကို ယေဟောဝါ ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့ကို စစ်ကြော​စီရင်ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြုစား​တတ်သော​သူ၊ သူ့​မယား​ကို ပြစ်မှား​သော​သူ၊ မ​မှန်သော​ကျိန်ဆို​ခြင်း​ကို ပြုသောသူ၊ သူ​ငှား​ကို အ​ခ​မပေး​ညှဉ်းဆဲ​သော​သူ၊ မိဘ​မရှိသော​သူငယ်​နှင့် မုဆိုးမ​ကို ညှဉ်းဆဲ​သော​သူ၊ ဧည့်သည်​ကို မတရားသဖြင့်​စီရင်​သော​သူ၊ ငါ့ကို​မကြောက်ရွံ့​သော​သူတို့​တစ်ဖက်၌ ငါသည်​လျင်မြန်​သော​သက်သေ​ဖြစ်​မည်။ . . . ငါသည် ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ဖြစ်၏။ ပြောင်းလဲခြင်း​မရှိ။” (မာလခိ ၃:၅၊ ၆) သို့သော် မိမိတို့၏ ဆိုးသော​လမ်းစဉ်​များ​မှ ပြန်​လှည့်လာ​လို​သူ မည်သူ​မဆို​ကို ယေဟောဝါ ဤသို့​ဖိတ်ခေါ်​တော်​မူ​သည်– “ငါ့​ထံ​သို့ ပြန်လာ​ကြလော့။ ငါသည်​လည်း သင်တို့​ဆီ​သို့ ပြန်လာ​မည်။”—မာလခိ ၃:၇

၉။ မာလခိ​၏​ပရောဖက်ပြုချက်​များသည် ပဏာမ​အနေ​နှင့် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

ထိုစကား​များသည် စီ.အီး. ပထမ​ရာစု​၌​လည်း ပြည့်စုံ​ခဲ့​သည်။ ဂျူး​အကြွင်းအကျန်​သည် ယေဟောဝါ​အမှုတော် ထမ်း​ခဲ့​ကြ​ပြီး အတန်​ကြာသော် တစ်ပါး​အမျိုးသားများ​ပါ ပါဝင်သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန် “လူမျိုး” အသစ်​တွင် ပါဝင်​လာ​ခဲ့​ကြသည်။ သို့သော် ဇာတိ​ဣသရေလ​အများစုမှာ​မူ ယေရှုကို ငြင်းပယ်​ခဲ့​ကြသည်။ ထို့​ကြောင့် ၎င်း​ဣသရေလ​လူမျိုး​ကို ယေရှု​ဤသို့​မိန့်တော်မူ၏– “သင်တို့​နေသော​အိမ်သည် သင်တို့၌ လူဆိတ်ညံ​လျက်​ကျန်ရှိ​၏။” (မဿဲ ၂၃:၃၈; ၁ ကောရိန္သု ၁၆:၂၂) မာလခိ ၄:၁ တွင်​ကြို​ဟောထား​သည့်​အတိုင်း စီ.အီး. ၇၀ တွင် ဇာတိ​ဣသရေလလူ​မျိုး​အပေါ် “မီးဖို​၌​မီးလောင်​သကဲ့သို့ လောင်​သော​နေ့ရက်” ကျရောက်​လာ​ခဲ့​သည်။ ယေရုရှလင်​မြို့​နှင့် ၎င်း​၏​ဝတ်ပြုရာ​အိမ်တော်​သည် ဖျက်ဆီး​ခံ​ခဲ့​ရပြီး အစာ​ခေါင်းပါး​ခြင်း၊ အာဏာ​လု​ခြင်း​နှင့် ရောမ​စစ်သား​များ​၏ တိုက်ခိုက်​ခြင်း​တို့​ကြောင့် လူ​တစ်သန်း​ကျော် သေဆုံး​ခဲ့​သည်​ဟု​ဆို​၏။ သို့သော် ယေဟောဝါ​၏ အမှုတော်ထမ်း​သူများ​သည် ထို​ဘေးဒဏ်​မှ လွတ်မြောက်​ခဲ့​ကြသည်။—မာကု ၁၃:၁၄-၂၀

၁၀။ ပထမ​ရာစု ဣသရေလ​လူမျိုး​ကို လူအများ​နှင့် ဓမ္မ​ဆရာ​တို့သည် အဘယ်​နည်းဖြင့်​တုပ​နေကြ​သနည်း။

၁၀ လူသားများ​သည်၊ အထူးသဖြင့် ခရစ်ယာန်ဘောင်​သည် ပထမ​ရာစု​ဣသရေလ​လူမျိုး​ကို တုပ​ခဲ့ပြီ။ ခရစ်ယာန်ဘောင်​ခေါင်းဆောင်​များနှင့် ၎င်း​မှ​လူအများသည် ယေရှု​သွန်သင်​ခဲ့​သော ဘုရားသခင့်​အမှန်တရား​ထက် ကိုယ်ပိုင်​အယူဝါဒ​များ​ကို သာ၍​နှစ်သက်​ကြသည်။ အထူးသဖြင့် ဓမ္မ​ဆရာများ​သည် အပြစ်တင်​ခံထိုက်​ပါ​သည်။ သူတို့သည် ယေဟောဝါ​နာမတော်​ကို အသုံးပြု​ဖို့​ငြင်းဆို​ကြ​ပြီး ကျမ်းစာ​ဘာသာပြန်​ကျမ်း​များ​မှ နာမတော်​ကို ထုတ်​ပယ်​သည့်​အထိ​ပင် ပြု​ကြသည်။ အယူဝါဒမှား​များ​ဖြစ်သော မီးငရဲ​၌ ထာဝစဉ် ညှဉ်းဆဲ​ခံရ​ခြင်း၊ သုံးပါး​ပေါင်း​တစ်ဆူ၊ မသေ​နိုင်သော​ဝိညာဉ်​စိုးလ်​ရှိ​ခြင်း​နှင့် ဆင့်ကဲ​အယူအဆ​စ​သည့် ကျမ်းစာ​နှင့်​မညီသော သွန်သင်ချက်​များ​ဖြင့် ယေဟောဝါ​၏​ဂုဏ်တော်​ကို ညှိုးနွမ်း​စေ​ကြသည်။ သို့ဖြင့် မာလခိ​ခေတ်​မှ ယဇ်ပုရောဟိတ်​များ ပြု​ခဲ့​သကဲ့သို့ပင် ယေဟောဝါ​ရထိုက်​သော ချီးမွမ်း​ခြင်း​ဝတ်​ကို သူတို့​လုယူ​ကြသည်။

၁၁။ ကမ္ဘာ့​ဘာသာ​တရား​များသည် အမှန်​အားဖြင့် မည်​သူ့ကို​ကိုးကွယ်​ကြောင်း မည်သို့​ဖော်ပြ​သနည်း။

၁၁ ၁၉၁၄ ခုနှစ်​တွင် နောက်ဆုံး​ကာလ စတင်​သောအခါ ခရစ်ယာန်​အမည်ခံ​များ​က ဦးစီး​ဦးဆောင်​၍ ကမ္ဘာ့​ဘာသာ​တရား​များနှင့်​အတူ မိမိတို့သည် အမှန်​အားဖြင့် မည်​သူ့ကို​ဝတ်ပြု​ကြောင်း ဖော်ပြ​ခဲ့​ကြသည်။ ကမ္ဘာ​စစ်​ကြီး​နှစ်ခုစလုံး​တွင် လူမျိုး​မတူ​သူများကို စစ်တိုက်​ကြ​ရန်၊ ဘာသာတူ​ချင်း​များ​ကို သတ်ပစ်ဖို့​လိုလျှင်​ပင် သတ်​ကြ​ရန် မိမိတို့​အသင်းသားများ​ကို အားပေး​အား​မြှောက်​ပြု​ခဲ့​ကြသည်။ ယေဟောဝါ​ကို​နာခံ​သူများ​နှင့် နာမခံ​သူများ​သည် မည်သူ​တို့​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဤသို့​အတိအလင်းဖော်ပြ​သည်– “ထိုသို့​သော​လက္ခဏာ​အားဖြင့် ဘုရားသခင်​၏​သားတို့​နှင့် [စာတန်]၏​သားတို့​သည် ထင်ရှား​ကြ​၏။ ဖြောင့်မတ်ခြင်း​တရားကို​မကျင့်​သော​သူ၊ မိမိ​ညီအစ်ကို​ကို မချစ်​သော​သူ​မည်​သည်​ကား၊ ဘုရားသခင်​နှင့်​မဆိုင်။ သင်တို့သည် ရှေ့​ဦးစွာ​က​ပင်​ကြား​ရသော တရား​စကား​ဟူ​မူ​ကား၊ [စာတန်]နှင့်​ဆိုင်၍ မိမိ​ညီ​ကို​သတ်​သော ကာဣန​ကဲ့သို့​မဟုတ်၊ ငါ​တို့သည် အချင်းချင်းချစ်​ရ​ကြ​မည်​ဟု​လာ​သတည်း။”—၁ ယောဟန် ၃:၁၀-၁၂

ပရောဖက်ပြုချက် ပြည့်စုံစေခြင်း

၁၂၊ ၁၃။ ကျွန်ုပ်​တို့​ခေတ်တွင် အဘယ်​ပရောဖက်ပြုချက်​များ​ကို ဘုရားသခင့်​ကျေးကျွန်​များ ပြည့်စုံ​စေပြီ​နည်း။

၁၂ ပထမ​ကမ္ဘာ​စစ်​အပြီး ၁၉၁၈ ခုနှစ်​တွင် ခရစ်ယာန်ဘောင်​နှင့် ကျန်ရှိ​သည့် ဗာဗုလုန်​ဘာသာ​တရား​အားလုံး​ကို ဘုရားသခင်​ပြစ်ဒဏ်​စီရင်​ခဲ့ပြီ​ဖြစ်​ကြောင်း ယေဟောဝါ​၏​ကျေးကျွန်​များ သိမြင်​နိုင်​ကြ​၏။ ထို​အချိန်​မှ​စ၍ စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​အား ဤသို့​ခေါ်ဖိတ်​လေ​တော့​သည်– “ငါ​၏​လူမျိုး​တို့၊ သူ၏​အပြစ်​တို့ကို ဆက်ဆံခြင်း​နှင့်​လည်းကောင်း၊ သူ၏​ဘေးဒဏ်​များ​ကို ခံ​ခြင်း​နှင့်​လည်းကောင်း ကင်းလွတ်​အံ့​သော​ငှာ၊ သူ၏​အထဲ​က​ထွက်ကြ​လော့။ သူ၏​အပြစ်​တို့သည် ကောင်းကင်ဘုံ​တိုင်အောင် မီ​ကြသည်​ဖြစ်၍၊ သူ၏​မတရားသော​အမှုတို့​ကို ဘုရားသခင်​သတိရ​တော်​မူ​ပြီ။” (ဗျာဒိတ် ၁၈:၄၊ ၅) ယေဟောဝါ​အား ဝတ်ပြုလို​သူတို့သည် ဗာဗုလုန်​ဘာသာ​တရား​နှင့်​ဆိုင်သော အရာရှိ​ရှိသမျှ​မှ စတင်​သန့်စင်​ခံ​ခဲ့​ကြ​ရပြီး ဤ​အစီအစဉ်​စနစ်ဆိုး နိဂုံး​မ​ချုပ်​မီ ပြီးစီး​ရမည့်​လုပ်ငန်း​ဖြစ်သော တည်ထောင်​ပြီး​သား ဘုရားသခင့် နိုင်ငံတော်​သတင်းကောင်းကို ကမ္ဘာ​တစ်ဝန်း စတင်​ဟောပြောကြ​လေ​သည်။—မဿဲ ၂၄:၁၄

၁၃ ဤသို့​ပြုလုပ်ခြင်း​သည် မာလခိ ၄:၅ တွင်​ပါ​သော ယေဟောဝါ​၏​ဤ​ပရောဖက်ပြုချက်​ကို ပြည့်စုံစေရန်​ဖြစ်သည်– “ကြည့်ရှု​လော့။ ထာဝရ​ဘုရား​၏ ကြောက်မက်​ဖွယ်​သော​နေ့ရက်​ကြီး မရောက်မီ ပရောဖက်​ဧလိယ​ကို သင်တို့​ရှိရာသို့ ငါ​စေလွှတ်​မည်။” ထို​ပရောဖက်ပြုချက်​သည် ဧလိယ​ဖြင့်​ပုံဆောင်​ခဲ့​သော နှစ်ခြင်း​ပေး​သူ​ယောဟန် ပြုလုပ်​ချိန်​တွင် ပထမ​အကြိမ်​ပြည့်စုံ​ခဲ့​သည်။ ထို​ယောဟန်​ကား ပညတ်ပဋိညာဉ်​ကို​ချိုးဖောက်​မိ​ပြီး နောင်တ​ယူ​ခဲ့​ကြ​သူ ဂျူး​များ​ကို နှစ်ခြင်း​ပေးခြင်း​ဖြင့် ဧလိယ​၏​လုပ်ငန်း​ကို လုပ်ဆောင်ခဲ့​သည်။ ထို​ထက်​အရေးကြီး​သည်​မှာ ယောဟန်​သည် မေရှိယ​၏​ရှေ့ပြေး​ဖြစ်သည်။ သို့သော် ယောဟန်​၏​လုပ်ငန်း​သည် မာလခိ​ပရောဖက်ပြုချက်​၏ အသေးစား​ပြည့်စုံချက်​မျှ​သာ​ဖြစ်သည်။ ယေရှုသည် ယောဟန်​အား ဒုတိယ​ဧလိယ​အဖြစ် ဖော်ပြ​ပြောဆို​စဉ် အနာဂတ်​တွင် “ဧလိယ” လုပ်ငန်း​ရှိ​ဦး​မည်​ကို အရိပ်အမြွက်​ဖော်ပြ​သည်။—မဿဲ ၁၇:၁၁၊ ၁၂

၁၄။ ဤ​အစီအစဉ်​စနစ် အဆုံး​မတိုင်မီ အဘယ်​အရေးပါသော​လုပ်ငန်း​ကို ပြီးစီး​ရမည်​နည်း။

၁၄ ဤ​အကြီးစား​ဧလိယ​လုပ်ငန်း​ကို ‘ယေဟောဝါ​၏ ကြောက်မက်​ဖွယ်​သော​နေ့ကြီး’ မတိုင်မီ ပြုလုပ်​လိမ့်​မည်​ဟု မာလခိ​ပရောဖက်ပြုချက်​က​တင်ပြ​သည်။ ထို​နေ့ကြီး​သည် အလျင်အမြန်​ချဉ်းကပ်​လာ​နေသော အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင့်​နေ့ကြီး​စစ်ပွဲ၊ အာမဂေဒုန်​တွင် အဆုံးတိုင်​မည်​ဖြစ်သည်။ ဆိုလိုသည်မှာ ဤ​အစီအစဉ်​စနစ်ဆိုး​၏​အဆုံး​နှင့် နန်းထိုင်​ဘုရင်​ယေရှု​ခရစ် လက်အောက်​ရှိ ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​၏ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​မစ​မီ ဧလိယ​၏​လုပ်ငန်း​နှင့် တူညီသော​လုပ်ငန်း​တစ်ခု​ကို အလျင်​ပြုလုပ်​ကြလိမ့်မည်​ဖြစ်သည်။ ထို​ပရောဖက်ပြုချက်​အတိုင်း​ပင် ဤ​စနစ်ဆိုး​ကို ယေဟောဝါ​မဖျက်ဆီး​မီ မျက်မှောက်ခေတ် ဧလိယ​အတန်းအစား​သည် မြေကြီး​မျှော်လင့်ချက်​ရှိ ခရစ်ယာန်​အဖော်အဖက် သန်းပေါင်း​များစွာ​၏ ထောက်မ​ကူညီ​မှု​ဖြင့် စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်ခြင်း၊ ယေဟောဝါ​၏​နာမတော်​ကို ဂုဏ်တင်​ချီးမွမ်း​ခြင်း​နှင့် သိုး​ကဲ့သို့​သော​သူများ​အား ကျမ်းစာ​အမှန်တရား သွန်သင်​ပေးခြင်း​လုပ်ငန်း​ကို အင်တိုက်အားတိုက် လုပ်ဆောင်နေ​ကြသည်။

မိမိ၏​ကျေးကျွန်​များ​ကို ယေဟောဝါ​ကောင်းချီး​ပေး

၁၅။ မိမိ၏​ကျေးကျွန်​များ​ကို ယေဟောဝါ​မည်သို့​သတိရ​တော်​မူ​သနည်း။

၁၅ ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​များ​ကို ကောင်းချီး​ပေး​တော်​မူ​သည်။ မာလခိ ၃:၁၆ က​ဤသို့​ဆို​၏– “ထို​အခါ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သူတို့သည် တစ်ယောက်ကို​တစ်ယောက်​နှုတ်​ဆက်၍ ပြောဆို​ကြ​၏။ ထာဝရ​ဘုရား​သည်လည်း​နားထောင်​၍ ကြား​တော်​မူ​၏။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​၍ နာမတော်​ကို​အောက်မေ့​သော​သူတို့​အဖို့ ရှေ့တော်တွင် စာရင်း​၌​မှတ်သား​လျက်​ရှိ၏။” ဘုရားသခင်​သည် စာရင်း​မှတ်​နေ​ဘိ​သကဲ့သို့ အာဗေလ​အချိန်​မှ​စ၍ ထာဝရ​အသက်​မျှော်လင့်ချက်​ဖြင့် အောက်မေ့​ခံရ​မည့်​သူတို့၏​အမည်များ​ကို ရေးမှတ်​တော်​မူ​ခဲ့ပြီ။ သူတို့ကို ယေဟောဝါ​ဤသို့​ဆို​၏– “ဆယ်ဖို့တစ်ဖို့​ရှိသမျှကို ဘဏ္ဍာတိုက်​ထဲ​သို့​သွင်း​၍ ငါ့​အိမ်တော်၌ စားစရာ​ရှိစေ​ခြင်း​ငှာ​ပြု​ကြလော့။ ငါသည် မိုးကောင်းကင်​ပြတင်းပေါက်​တို့ကို​ဖွင့်​၍ ကောင်းချီး​မင်္ဂလာ​ကို အကုန်အစင်​သွန်းလောင်း​မည် မ​သွန်းလောင်း​မည်​ကို ထိုသို့​စုံစမ်း​ကြလော့​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​မိန့်တော်မူ၏။”—မာလခိ ၃:၁၀

၁၆၊ ၁၇။ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်​နှင့် သူတို့၏​လုပ်ငန်း​ကို မည်သို့​ကောင်းချီး​ပေး​ခဲ့ပြီ​နည်း။

၁၆ ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​တို့ကို အမှန်​ကောင်းချီး​သွန်းလောင်း​ပေး​တော်​မူ​ခဲ့ပြီ။ မည်သို့​အားဖြင့်​နည်း။ နည်း​တစ်နည်းမှာ ကိုယ်တော့်​ရည်ရွယ်တော်မူချက်​များ​ကို တိုး​သိ​နားလည်စေ​ခြင်း​အားဖြင့်​ဖြစ်သည်။ (သု. ၄:၁၈; ဒံယေလ ၁၂:၁၀) အခြား​နည်း​တစ်နည်း​မှာ သူတို့၏​ဟောပြောခြင်း​လုပ်ငန်း​တွင် အံ့ဖွယ်ကောင်း​စွာ သီးပွင့်​စေခြင်း​အားဖြင့်​ဖြစ်သည်။ စိတ်နှလုံး​ရိုး​ဖြောင့်​သူ များစွာတို့သည် စစ်မှန်သော​ဝတ်ပြုရေး​၌ သူတို့နှင့်​ပူးပေါင်း​ခဲ့​ကြ​ပြီး သူတို့​အားလုံး​သည် “ဘာသာ​စကား​အဖုံဖုံ​ပြော​သည့် လူအမျိုးမျိုး၊ အနွယ်​နွယ်၊ အ​စု​စု​မှ . . . လူအုပ်ကြီး​တစ်အုပ်” ဖြစ်၍ “သူတို့က ‘ပလ္လင်တော်​ပေါ်မှာ​စံတော်မူ​သော ဘုရားသခင်​နှင့် သိုးသငယ်​ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရ​ကြ​သတည်း’ ဟု​အဆက်မပြတ် ကြီးစွာ​သော​စကားသံ​ဖြင့် ဟစ်ကြော်​ကြ​၏။” (ဗျာဒိတ် ၇:၉၊ ၁က​ဘ) ဤ​လူအုပ်ကြီးသည် အံ့ဖွယ်​နည်းဖြင့် ပေါ်လွင်​ထင်ရှား​လာ​ခဲ့​ပြီး ယခု ကမ္ဘာ​တစ်ဝန်း​မှ အသင်းတော် ၉၃,၀၀၀ ကျော်​တွင် ယေဟောဝါ​အမှုတော်ကို တက်ကြွ​လှုပ်ရှား​စွာ ထမ်းဆောင်​နေကြ​သူ ခြောက်​သန်း​ကျော်​ရှိနေပြီ။

၁၇ ယေဟောဝါသက်သေ​တို့သည် သမိုင်း​တစ်လျှောက် ကျမ်းစာ​အခြေပြု​စာပေ​စာတမ်း​များ​ကို အကျယ်ပြန့်ဆုံး ဖြန့်ဝေ​ရခြင်း​သည်လည်း ယေဟောဝါ​၏​ကောင်းချီး​တစ်ခု​ဖြစ်သည်။ ယခု​အခါ ကင်းမျှော်စင်​နှင့် နိုးလော့! မဂ္ဂဇင်း​များ​ကို လစဉ်​စောင်ရေ သန်း ၉၀ ပုံနှိပ်​ထုတ်ဝေ​ရ​ရာ ကင်းမျှော်စင်​ကို ဘာသာ​စကား ၁၄၁ ဘာသာ၊ နိုးလော့!ကို ၈၇ ဘာသာ​ဖြင့် ထုတ်ဝေ​ရသည်။ ၁၉၆၈ ခုနှစ်​တွင် ထာဝရ​အသက်​သို့​ပို့ဆောင်သော သမ္မာတရား ဟူ​သည့် ကျမ်းစာ​လေ့လာ​ရန်​စာအုပ်​ကို ဘာသာ​စကား ၁၁၇ ဘာသာ​ဖြင့် စောင်ရေ ၁၀၇ သန်း​ကျော်​အထိ ထုတ်ဝေ​ခဲ့​သည်။ ၁၉၈၂ ခုနှစ်​တွင် ထုတ်ဝေ​ခဲ့​သော သင်သည် ကမ္ဘာ့​ပရဒိသု​အတွင်း ထာဝစဉ်​အသက်ရှင်​နိုင်​သည် စာအုပ်​ကို ဘာသာ​စကား ၁၃၁ ဘာသာ​ဖြင့် ၈၁ သန်း​ကျော် ဖြန့်ချိ​ခဲ့​သည်။ ၁၉၉၅ ခုနှစ်​တွင်​ထုတ်ဝေ​ခဲ့​သည့် ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ်​ကို​မူ ယခု​အချိန်အထိ ဘာသာ​စကား ၁၅၄ ဘာသာ​ဖြင့် စောင်ရေ ၈၅ သန်း​ကျော် ထုတ်ဝေ​ခဲ့ပြီ။ ၁၉၉၆ ခုနှစ်​ထုတ် ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ​ကို ယခု​အချိန်အထိ ဘာသာ​စကား ၂၄၄ ဘာသာ​ဖြင့် စောင်ရေ​သန်း ၁၅၀ ဖြန့်ဝေ​ခဲ့ပြီ။

၁၈။ အတိုက်အခံ​များ​ကြား ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​ခံစားရ​ကြ​သနည်း။

၁၈ စာတန့်​လောက​၏ အပြင်းထန်ဆုံး အတိုက်အခံ​များ​ကို ကြာမြင့်စွာ​ခံစားရ​သည့်​ကြား​မှ ဤ​ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို ခံစား​ခဲ့​ရ​ကြပြီ။ ယင်းက ဟေရှာယ ၅၄:၁၇ ပါ ဤ​စကား​မှန်​ကြောင်း ဖော်ပြ​သည်– “သင့်တစ်ဖက်​၌​လုပ်သော လက်နက်​တစ်စုံတစ်ခု​မျှအထမမြောက်ရ။ သင့်ကို တရား​တွေ့သော​သူ​မည်​သည်​ကား အရှုံး​ခံရ​လိမ့်​မည်။ ထာဝရ​ဘုရား​၏​ကျွန်​တို့သည် ထိုသို့​သော​အမွေ​ကို​ခံရ​၍ ငါ့​ကြောင့် ဖြောင့်မတ်​ရာ​သို့ ရောက်​ရ​ကြလိမ့်မည်​ဟု ထာဝရ​ဘုရား​မိန့်တော်မူ၏။” မာလခိ ၃:၁၇ သည် မိမိတို့​အပေါ် အဓိက​ပြည့်စုံ​နေကြောင်း သိရ​ခြင်း​သည် ယေဟောဝါ​၏ ကျေးကျွန်​များ​အတွက် အလွန်​နှစ်သိမ့်​စ​ရာ​ပင်၊ ထို​တွင် ဤသို့​ဆို​၏– “‘ထို​သူတို့သည် ငါ​စီရင်​သော​နေ့ရက်​၌ ငါ​ပိုင်ထိုက်​သော​ဘဏ္ဍာတော် ဖြစ်​ကြလိမ့်မည်။ အဘ​၏​အမှုကို​ဆောင်သော​သားကို အဘ​နှမြော​သကဲ့သို့ ထို​သူတို့ကို ငါ​နှမြော​မည်’ ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား မိန့်တော်မူ၏။”

ယေဟောဝါ​အမှုတော်ကို ရွှင်လန်းစွာ​ထမ်းဆောင်ခြင်း

၁၉။ ယေဟောဝါ​၏​အမှုတော်ထမ်း​သူများ​နှင့် မ​ထမ်းဆောင်သူ​များသည် မည်သို့​ကွာခြား​ကြ​သနည်း။

၁၉ ယေဟောဝါ​၏​တည်ကြည်သော​ကျေးကျွန်​များနှင့် စာတန့်​လောက​ရှိသူတို့​၏ ကွာခြားမှု​သည် တစ်နေ့​တခြား​ပိုမို​ထင်ရှား​လာ​သည်။ မာလခိ ၃:၁၈ က​ဤသို့​ကြိုဟော​သည်– “သင်တို့သည် ပြောင်းလဲ​၍ ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ၊ ဘုရားသခင်​၏​အမှုတော်ကို​ဆောင်သော​သူ၊ မ​ဆောင်သော​သူတို့ကို ပိုင်းခြား​၍​သိရ​ကြလိမ့်မည်။” ကွာခြားမှု​များစွာ​အနက်​တစ်ခု​မှာ ယေဟောဝါ​၏​အမှုတော်ထမ်း​သူများ​သည် ရွှင်လန်းမှုများ​စွာ​ဖြင့် အမှုဆောင်​ကြသည်။ ထိုသို့ ရွှင်လန်း​ရသည့်​အကြောင်းရင်း​တစ်ခု​မှာ သူတို့​ရရှိ​ထားသော အံ့ဖွယ်ရာ​မျှော်လင့်ချက်​ကြောင့်​ဖြစ်သည်။ ယေဟောဝါ​က “ကြည့်​ရ​လော့။ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်။ အရင်​မိုးကောင်းကင်​နှင့် မြေကြီးကို​မ​အောက်မေ့​ရ။ နှလုံး​မမှတ်မိ​ရ။ ငါ​ဖန်ဆင်း​လတ္တံ့​သော​အရာ​ကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်​ရွှင်လန်း​ကြလိမ့်မည်” ဟု​မိန့်ဆို​သော​စကား​ကို သူတို့​အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​ကြသည်။—ဟေရှာယ ၆၅:၁၇၊ ၁၈; ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; ဗျာဒိတ် ၂၁:၄၊ ၅

၂၀။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့်​ပျော်ရွှင်သူ​များ​ဖြစ်​ကြ​သနည်း။

၂၀ တည်ကြည်သော​လူမျိုးတော်သည် ကိုယ်တော်​၏​နေ့ကြီး​ကို ကပ်ကျော်​၍ ကမ္ဘာသစ်​ထဲ ပို့ဆောင်​ခံရ​ကြ​မည်​ဟူသော ယေဟောဝါ​၏​ကတိတော်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​ကြသည်။ (ဇေဖနိ ၂:၃; ဗျာဒိတ် ၇:၁၃၊ ၁၄) ထို​အချိန်​မတိုင်မီ အချို့​တို့သည် အိုမင်း​ခြင်း၊ ဖျားနာခြင်း သို့​မဟုတ် မတော်တဆ​ဖြစ်မှု​တစ်ခုခု​ကြောင့် သေဆုံး​သွား​သည့်​တိုင် ထာဝစဉ်​အသက်ရှင်​စေခြင်း​အ​လို့​ငှာ သူတို့ကို ရှင်ပြန်ထမြောက်​စေမည်​ဟူသော ယေဟောဝါ​၏​စကားတော်​ရှိ၏။ (ယောဟန် ၅:၂၈၊ ၂၉; တိတု ၁:၂) ထို့​ကြောင့် ကျွန်ုပ်​တို့အားလုံး အခက်အခဲ​ပြဿနာ​များနှင့် စိန်ခေါ်ချက်​များ ကိုယ်စီ​ရှိကြ​သော်လည်း ယေဟောဝါ​၏​နေ့ကြီး ချဉ်းကပ်​လာနေစဉ် ကျွန်ုပ်​တို့သည် မြေကြီးပေါ်​တွင် အပျော်ရွှင်ဆုံး​သူများ​ဖြစ်စရာ အကြောင်းရင်း​များ​ရှိသည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ‘ယေဟောဝါ​၏​နေ့’ ကား​အဘယ်နည်း။

• ကမ္ဘာ့​ဘာသာ​တရား​များသည် ရှေးခေတ်​ဣသရေလ​လူမျိုး​ကို မည်သို့​တုပ​ကြ​သနည်း။

• ယေဟောဝါ​၏​ကျေးကျွန်​များသည် အဘယ်​ပရောဖက်ပြုချက်​များ​ကို ပြည့်စုံ​စေ​ကြ​သနည်း။

• ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို မည်သို့​ကောင်းချီး​ပေး​ခဲ့ပြီ​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ပထမ​ရာစု​ယေရုရှလင်​မြို့​သည် ‘မီးဖို​၌​မီးလောင်​သကဲ့သို့​လောင်​ခဲ့’

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မိမိ​အမှုတော်ထမ်း​သူတို့ကို ထောက်မ​ပေး

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ကျေးကျွန်​များသည် သူတို့၏​အံ့ဖွယ်​မျှော်လင့်ချက်​ကြောင့် အမှန်​ရွှင်လန်း​ကြ