မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအားချစ်သည့်မေတ္တာ ကျွန်ုပ်တို့ကလေးများ၏နှလုံးထဲစွဲမြဲစေခြင်း

ယေဟောဝါအားချစ်သည့်မေတ္တာ ကျွန်ုပ်တို့ကလေးများ၏နှလုံးထဲစွဲမြဲစေခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​အား​ချစ်​သည့်​မေတ္တာ ကျွန်ုပ်​တို့​ကလေး​များ​၏​နှလုံး​ထဲ​စွဲမြဲ​စေခြင်း

ဝယ်​နာ မာ​ဆန် ပြောပြ​သည်

လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​က ကျွန်တော့်​ကို သားကြီး ဟာ​န်စ် ဝယ်​နာ ကျမ်းစာ​တစ်အုပ်​ပေး​တယ်။ “ချစ်လှစွာ​သော​အဖေ၊ အသက်တာ​လမ်းစဉ်​ပေါ်မှာ ယေဟောဝါ​ရဲ့​စကားတော်​က ကျွန်တော်​တို့​မိသားစုကို ဆက်​လမ်းပြ​နိုင်​ပါစေ။ ကျေးဇူး​တင်​စွာ​ဖြင့် အဖေ့​ရဲ့​သားကြီး” ဆိုပြီး အဖုံး​အတွင်းပိုင်း​မှာ သူ​ရေးထားတယ်။ ဒီ​စကား​တွေ​က ကျွန်တော့်​ရဲ့​နှလုံး​ထဲ ကျေးဇူး​တင်​ရွှင်လန်းစိတ် ဘယ်လောက်​ပြည့်​လာတယ်ဆိုတာ​ကို မိဘတွေ နားလည်​ကြ​မှာ​ပါ။ ကျွန်တော်​တို့​မိသားစုဟာ ဘယ်လို​စိန်ခေါ်ချက်​တွေ​ကို ရင်ဆိုင်​ရဦးမယ်​ဆိုတာ အဲဒီတုန်းက ကျွန်တော်​မသိခဲ့ဘူး။

၁၉၂၄ ခုနှစ်​မှာ ဂျာမနီ​နိုင်ငံ၊ ဟ​မ်း​ဘတ်​ဆိပ်ကမ်း​မြို့ကနေ ၁၃ မိုင်​လောက်​ဝေး​တဲ့ ဟာ​လ်​စ​တန်​ဘ​ခ်​မြို့မှာ ကျွန်တော့်​ကို​မွေး​ပြီး အမေနဲ့​အဘိုး​ရဲ့​ပြုစု​မှု​အောက်မှာ ကျွန်တော်​ကြီးပြင်း​လာ​ခဲ့​ရတယ်။ အလုပ်သင်​စက်ပြင်ဆရာ​အဖြစ် သင်တန်းတက်​ခဲ့​တဲ့​အတွက် ၁၉၄၂ ခုနှစ်​မှာ လက်နက်ကိုင်​တပ်ဖွဲ့ ဗဲရ်​မာ​တ် မှာ​စစ်မှု​ဝင်​ထမ်း​ခဲ့​ရတယ်။ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း ရုရှား​ရှေ့တန်း စစ်​မျက်နှာပြင်​မှာ ကြုံတွေ့​ခဲ့​ရတဲ့ အတွေ့အကြုံ​တွေ​ဟာ ပြော​မ​ထွက်​နိုင်အောင် အရမ်း​ကြောက်စရာ​ကောင်း​ခဲ့တယ်။ ကျွန်တော် အူ​ရော​င်​ငန်း​ဖျား​ရောဂါ​ရခဲ့တယ်၊ ဒါပေမဲ့ ဆေးကု​ပေး​ပြီး​နောက် ရှေ့တန်း​ပြန်​အ​ပို့​ခံရ​တယ်။ ၁၉၄၅၊ ဇန်နဝါရီ​လမှာ ပိုလန်​နိုင်ငံ၊ လော့​ဒ်ဇ်​မြို့မှာ ကျွန်တော် အကြီးအကျယ်​ဒဏ်ရာ​ရခဲ့ပြီး စစ်ဆေး​ရုံ​တက်​ခဲ့​ရတယ်။ စစ်​ပြီး​တဲ့​အထိ အဲဒီမှာ ကျွန်တော်​ရှိနေတုန်းပဲ။ ဆေးရုံ​မှာ၊ အဲဒီနောက် န​ယူ​ယန်​ဂါ​မာ​မြို့က ထိန်းသိမ်းရေး​စခန်း​မှာ တွေးတော​ဆင်ခြင်​ဖို့ အချိန်​ရခဲ့တယ်။ ဘုရားသခင် တကယ်ပဲ​ရှိသလား။ တကယ်​ရှိတယ်ဆိုရင် ရက်စက်​ကြမ်းကြုတ်မှု​တွေ​ကို ဘာဖြစ်​လို့ ခွင့်ပြု​ထား​ရတာလဲ ဆို​တဲ့​မေးခွန်းတွေနဲ့ ကျွန်တော်​စိတ်ရှုပ်​ခဲ့တယ်။

ထိန်းသိမ်းရေး​စခန်း​ကနေ ထွက်​လာပြီး​မကြာခင် ၁၉၄၇၊ စက်တင်ဘာ​လမှာ ကာရ်လာ​နဲ့ ကျွန်တော်​လက်ထပ်ခဲ့​တယ်။ ကျွန်တော်​တို့​နှစ်ယောက်စလုံး တစ်မြို့တည်း​မှာ ကြီးပြင်း​လာ​ခဲ့​ကြတယ်၊ ကာရ်လာ​က ကက်သလစ်​ဘာသာဝင်​ဖြစ်​ပေမဲ့ ကျွန်တော်ကျ​တော့ ကြီးပြင်း​လာတဲ့​အချိန်​မှာ ဘာသာရေး​စိတ်မဝင်စား​ခဲ့​ဘူး။ ဘာကြီးပဲ​ဖြစ်နေ​ဖြစ်နေ ညနေ​တိုင်း ကျွန်တော်​တို့​နှစ်ယောက်​အတူ သခင့်​ဆုတောင်းချက်​ကို ရွတ်ဆို​ပါ​လို့ ကျွန်တော်​တို့ကို​လက်ထပ်​ပေး​ခဲ့​တဲ့ ခရစ်ယာန်​ဘုန်းကြီး​က အကြံဉာဏ်​ပေး​ခဲ့တယ်။ ဘာ​အတွက် ကျွန်တော်​တို့​ဆုတောင်း​နေမှန်း​မသိဘဲ သူ​ပြော​တဲ့​အတိုင်း ရွတ်ဆို​ခဲ့​ကြတယ်။

နောက်​တစ်နှစ်​မှာ ဟာ​န်စ် ဝယ်​နာ​ကို​မွေးတယ်။ အဲဒီ​အချိန်​လောက်​မှာပဲ ကျွန်တော့်​ရဲ့​လုပ်ဖော်ကိုင်ဖက် ဝီလ်ဟဲလ်မ် အာရန်စ်​က ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်တော့်​ကို​မိတ်ဆက်​ပေး​ခဲ့တယ်။ စစ်ပွဲ​တွေ တစ်နေ့​နေ့ အဆုံးတိုင်​မယ်​ဆို​တဲ့​အကြောင်း ကျမ်းစာ​ကနေ ပြ​ခဲ့တယ်။ (ဆာလံ ၄၆:၉) ၁၉၅၀၊ ဆောင်းဦး​ရာသီမှာ ကျွန်တော့်​ရဲ့​အသက်တာကို ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့တယ်။ နောက်​တစ်နှစ်​မှာ ကျွန်တော့်​ချစ်​ဇနီး​လည်း နှစ်ခြင်း​ခံ​ခဲ့လို့ ကျွန်တော်​တကယ်ပဲ​ပျော်​ခဲ့​ရတယ်!

ယေဟောဝါ​၏​နည်းလမ်းတော်​များနှင့်​အညီ ကလေး​များ​ကို ပြုစု​ပျိုးထောင်​ခြင်း

အိမ်ထောင်မင်္ဂလာ​ကို ယေဟောဝါ​စတင်​ခဲ့တယ်​ဆိုတာ ကျမ်းစာ​ကနေ ကျွန်တော်​သိခဲ့ရတယ်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၂:၂၂-၂၄) ကျွန်တော့်​ကလေး​တွေ ဟာ​န်စ် ဝယ်​နာ၊ ကာ​လ်​ဟို​င်ဇ်၊ မိုက်ကယ်၊ ဂါ​ဘရီ​အဲလ်​နဲ့ သောမတ်စ်​တို့ မွေးလာတဲ့​အချိန်​မှာ ခင်ပွန်း​ကောင်း၊ ဖခင်ကောင်း​ဖြစ်​ဖို့ ကျွန်တော့်​ရဲ့​ကတိကဝတ် ပို​ခိုင်မာ​လာခဲ့တယ်။ ကာရ်လာ​နဲ့ ကျွန်တော်​ဟာ ကလေး​တွေ​မွေးလာ​တိုင်း ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​ကြတယ်။

နူ​ရမ်​ဘတ်​မြို့မှာ​ကျင်းပ​တဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ၁၉၅၃ ခရိုင်​စည်းဝေးကြီး​ဟာ ကျွန်တော်​တို့​မိသားစု​အတွက် အရေးပါတဲ့ အခါသမယ​တစ်ခု​ဖြစ်​ခဲ့တယ်။ သောကြာ​နေ့​မွန်းလွဲပိုင်း​မှာ “ကမ္ဘာသစ်​အဖွဲ့အစည်း​တွင် ကလေး​များ​ကို ပြုစု​ပျိုးထောင်​ခြင်း” ဟောပြောချက်​ထဲမှာ ဟောပြောသူက “ကျွန်တော်​တို့​ကလေး​တွေ​ကို​ပေး​နိုင်​တဲ့ အထူး​မြတ်​ဆုံး​အမွေအနှစ်​က​တော့ ဘုရားသခင်​ရဲ့​ကျေးကျွန်​တွေ​ဖြစ်​လို​တဲ့ ဆန္ဒ​ပါ​ပဲ” လို့​ပြော​တဲ့​အချက်​ကို ကျွန်တော်​တို့ ဘယ်တော့မှ​မေ့​မှာ မဟုတ်ဘူး။ ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ ကာရ်လာ​နဲ့​ကျွန်တော် အဲဒီအတိုင်းပဲ​ပြုလုပ်​ချင်​ကြတယ်။ ဒါပေမဲ့ အဲဒီ​အမွေ​ကို ဘယ်လို​ပေး​ရမလဲ။

အစ​အနေ​နဲ့ မိသားစု​လိုက် နေ့တိုင်း​အတူတူ​ဆုတောင်း​တဲ့ အကျင့်​ပြုလုပ်​တယ်။ အဲဒီလိုလုပ်​တော့ ဆုတောင်း​တာ​အရေးကြီး​မှန်း ကလေး​တွေ​သိ​သွားတယ်။ အစာ​မစား​ခင် အမြဲတမ်း​ဆုတောင်း​ရမယ်ဆိုတာ​ကို ကလေး​တွေ​အားလုံး ငယ်ငယ်​ကလေး​တည်း​က သိထားကြတယ်။ သူတို့​နို့စို့အရွယ်​ကတည်းက သူတို့ရဲ့​နို့​ပုလင်း​ကို​တွေ့​တာ​နဲ့ ခေါင်းငုံ့​ပြီး လက်​ကလေး​တွေ​ကို ယှက်​ထား​ကြတယ်။ တစ်ခါ​တုန်း​က သက်သေခံ​မဟုတ်တဲ့ ကျွန်တော့်​ဇနီး​ရဲ့​ဆွေမျိုး​တစ်ယောက်​က ကျွန်တော်​တို့ကို မင်္ဂလာဆောင်​လာဖိတ်​တယ်။ အခမ်းအနား​ပြီး​တော့ သတို့သမီး​ရဲ့​မိဘတွေက ဧည့်သည်​တွေ​ကို အိမ်​လိုက်ပြီး အ​ဆာ​ပြေစား​ကြဖို့ ဖိတ်ခေါ်တယ်။ လူတိုင်း​က ချက်ချင်း​စားချင်​ကြတယ်။ ဒါပေမဲ့ ကျွန်တော်​တို့​ရဲ့​သား ငါး​နှစ်အရွယ် ကာ​လ်​ဟို​င်ဇ်​က ကျေနပ်​ပုံ​မရဘူး။ ဒါနဲ့ သူက “ကျေးဇူးပြု​ပြီး အရင်​ဆုတောင်း​ကြ​ပါ” လို့​ပြောလိုက်​ရော။ ဧည့်သည်​တွေ​က သားကို၊ ပြီး​တော့ ကျွန်တော်​တို့ကို၊ နောက်ဆုံး​မှာ အိမ်ရှင်ကို လှည့်ကြည့်​ကြတယ်။ အနေ​ရ​မ​ခက်​အောင် ကျွန်တော်​က​ပဲ အစားအသောက်​အတွက် ကျေးဇူး​တင်​ဆုတောင်းပေး​မယ်​လို့ ပြော​လိုက်တာ​ကို အိမ်ရှင်​က သဘောတူခဲ့​တယ်။

ဒီ​အဖြစ်အပျက်က “နို့စို့​သ​ငယ်​တို့​နှုတ်​ထဲ​မှ ကိုယ်တော်​သည် ချီးမွမ်း​ခြင်း​ကို ပြင်ဆင်​တော်​မူ​သည်” ဆို​တဲ့​ယေရှု​စကား​ကို သတိ​ရစေ​ခဲ့တယ်။ (မဿဲ ၂၁:၁၆) ကျွန်တော်​တို့ မှန်မှန်​နဲ့ နှလုံးပါပါ​ဆုတောင်း​ခဲ့လို့ ကလေး​တွေ​က ယေဟောဝါ​ကို မေတ္တာရှင်​ကောင်းကင်​ခမည်းတော်​အဖြစ် အမှန်​ပဲ​ရှုမြင်​စေ​ခဲ့​ပါ​တယ်။

ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​တာဝန်

ဘုရားသခင်​ကို​ချစ်တတ်​ဖို့ ကလေး​တွေ​ကို​သင်ပေးတဲ့​အခါ ကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​လေ့လာ​ပေးဖို့​လည်း လိုတယ်။ ဒါကို စိတ်ထဲ​စွဲမှတ်​ပြီး အပတ်​တိုင်း အများအားဖြင့် တနင်္လာ​ညနေပိုင်း​မှာ မိသားစု​ကျမ်းစာ​သင်အံမှု​ပြုလုပ်​တယ်။ ကျွန်တော့်​ကလေး အကြီးဆုံး​နဲ့ အငယ်ဆုံး​ဟာ ကိုးနှစ်​ကွာ​တဲ့​အတွက် သူတို့​လိုအပ်​တဲ့​အကူအညီ​တွေ​က လုံးဝ​မတူကြ​လို့ သူတို့​အားလုံး​နဲ့ အကြောင်း​တစ်ခု​တည်း​ကို အမြဲတမ်း​လေ့လာ​လို့​မရဘူး။

ဥပမာ၊ ကျောင်း​မနေ​သေး​တဲ့ ကလေး​တွေ​အတွက် ရိုးရိုးလေး​သင်ပေး​ရတယ်။ ကာရ်လာ​က သူတို့ကို ကျမ်းချက်​တစ်ချက်​တည်း​ကိုပဲ ရှင်းပြတယ်၊ ဒါမှ​မဟုတ် ကျမ်းစာ​အခြေပြု​စာအုပ်​တွေ​ထဲ​က ရုပ်ပုံတွေကို​ပြပြီး သင်ပေးတယ်။ ကလေး​အငယ်​တွေ မနက်စောစော ကျွန်တော်​တို့​အိပ်ရာပေါ်​တက်လာ​ကြ​ပြီး ကမ္ဘာသစ် * စာအုပ်​ထဲ​က သူတို့​အကြိုက်ဆုံး​ပုံ​တွေ​ပြ​ခဲ့​ကြ​တာ​ကို ခု​ထိ​မှတ်မိ​သေး​တယ်။

ကျွန်တော်​တို့အားလုံး ယေဟောဝါ​ကို​ချစ်​ရတဲ့​အကြောင်း​တွေ​ကို ကလေး​တွေ​သိအောင် စိတ်ရှည်ရှည်​နဲ့ ကာရ်လာ​သင်ပေး​တတ်​လာတယ်။ အဲဒါ​က ရိုးရိုးလေး၊ လွယ်လွယ်လေး​ပဲ​လို့​ထင်​ရပေမဲ့ ကျွန်တော်​နဲ့​ကာရ်လာ​အတွက် ရုပ်ပိုင်း​နဲ့ စိတ်ပိုင်း​အရ​ပါ အချိန်ပြည့်​အလုပ်​တစ်ခု​လို​ဖြစ်​ခဲ့တယ်။ ဒါပေမဲ့ လက်မလျှော့​ခဲ့​ကြဘူး။ ယေဟောဝါ​ကို​မသိတဲ့ တခြား​သူတွေ​ထက်​အရင် ကျွန်တော်​တို့​ကလေး​တွေ​ရဲ့ နုနယ်​သေး​တဲ့​နှလုံးသား​တွေ​ပေါ်မှာ သူတို့​သိ​သင့်​တာ​တွေ စွဲမှတ်စေ​ချင်​တယ်။ ဒါ​ကြောင့် ကလေး​တွေ ထိုင်​တတ်တာ​နဲ့ မိသားစု​သင်အံမှု​မှာ လာ​ထိုင်​ကြဖို့ ကြပ်မတ်​ခဲ့​ရတယ်။

မိဘတွေ​အနေ​နဲ့ ကလေး​တွေ​ရှေ့မှာ ဝတ်ပြုရေး​နဲ့​ပတ်သက်​လို့ ပုံသက်သေ​ကောင်း​ပြဖို့ အရေးကြီး​တာ​ကို ကာရ်လာ​နဲ့​ကျွန်တော် သဘောပေါက်​တယ်။ ဒါ​ကြောင့် စား​တဲ့​အခါ​ပဲ​ဖြစ်ဖြစ်၊ အပင်​စိုက်​တဲ့​အခါ​ပဲ​ဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်​တဲ့​အခါ​ပဲ​ဖြစ်ဖြစ် ယေဟောဝါ​နဲ့ ကလေး​တိုင်း​ရဲ့ ဆက်ဆံ​ရေး ခိုင်မြဲ​လာ​ရအောင် ကျွန်တော်​တို့​ကြိုးစား​သင်ပေးခဲ့တယ်။ (တရားဟောရာ ၆:၆၊ ၇) ငယ်ငယ်​ကတည်းက ကလေး​တိုင်း​မှာ ကိုယ်ပိုင်​ကျမ်းစာ​ရှိအောင် ဝယ်ထား​ပေး​ခဲ့တယ်။ ဒီ​ပြင် မဂ္ဂဇင်း​တွေ​ရတဲ့အခါ မိသားစု​တစ်ယောက်ချင်း​စီ​ရဲ့ ကိုယ်ပိုင်​စာအုပ်​တွေ​ပေါ်မှာ နာမည်​ရေးထိုး​ပေး​ခဲ့တယ်။ ဒါ​ကြောင့် ကလေး​တွေ​က သူတို့​စာအုပ်​ကို သူတို့​သိ​လာကြတယ်။ နိုးလော့! ထဲ​က ဆောင်းပါး​အချို့​ကို ကလေး​တွေ​ကို​ဖတ်​ခိုင်း​ဖို့ အကြံဉာဏ်​ရလာတယ်။ တနင်္ဂနွေ​နေ့လယ်​စာ စား​ပြီး​နောက်​မှာ သူတို့​ဖတ်​ထား​တဲ့​အကြောင်းအရာကို သူတို့​နားလည်​သလို ကျွန်တော်​တို့ကို ပြန်​ရှင်းပြခဲ့တယ်။

ကလေး​များ​၏​လိုအပ်ရာ​ကို အာရုံစိုက်​ပေးခြင်း

အရာရာတိုင်း​ဟာ အမြဲတမ်း​အဆင်မပြေ​ခဲ့​ပါ​ဘူး။ ကလေး​တွေ​ကြီး​လာတာ​နဲ့​အမျှ သူတို့ရဲ့​နှလုံး​ထဲမှာ ချစ်ခြင်း​မေတ္တာ​စွဲမြဲ​စေဖို့ သူတို့ရဲ့​နှလုံး​ထဲ ဘာ​ရှိတယ်ဆိုတာ​ကို ကျွန်တော်​တို့​သိဖို့​လို​မှန်း ရိပ်မိ​လာတယ်။ ဒါ​ကြောင့် သူတို့​ပြောပြ​တာတွေကို နားထောင်​ပေးဖို့​လိုတယ်။ တစ်ခါ​တ​လေ ကလေး​တွေ​က သူတို့မှာ မကျေနပ်စရာ​တွေ​ရှိတယ်လို့​ထင်ကြ​တဲ့​အတွက်​သူတို့နဲ့အတူ ကာရ်လာ​နဲ့​ကျွန်တော်​ထိုင်ပြီး ဆွေးနွေး​တိုင်ပင်​ကြတယ်။ ဒါနဲ့ မိသားစု​သင်အံမှု​အပြီးမှာ နာရီ​ဝက် သီးသန့်​အသုံးပြု​ခဲ့​ရတယ်။ ဘယ်သူ​မဆို ကိုယ့်​ခံစားချက်​ကို ပွင့်ပွင့်လင်းလင်း​ပြော​ခိုင်းတယ်။

ဥပမာ၊ မိဘတွေဟာ အ​ကို​ကြီး​ကို မျက်နှာသာ​ပေး​တယ်လို့ အငယ်ဆုံး​နှစ်ယောက် သောမတ်စ်​နဲ့ ဂါ​ဘရီ​အဲလ်​တို့​က ခံစား​နေကြ​မှန်း​သိလာတယ်။ နောက်​တစ်ခါ​ကျ​တော့ သူတို့က “အဖေနဲ့​အမေက ဟာ​န်စ် ဝယ်​နာ​ကို​ကျ​တော့ အလိုလိုက်​တယ်လို့ ကျွန်တော်​တို့​ထင်​တယ်” ဆိုပြီး ပြော​ခဲ့​ကြတယ်။ ပထမ​တော့ ကျွန်တော့်​နား​ကို​တောင် ကျွန်တော်​မယုံနိုင်​ဘူး။ ဒါပေမဲ့ သေသေချာချာ​ပြန်​စဉ်းစား​ကြည့်​ပြီး ကလေး​တွေ ပြောစရာ​အကြောင်း​ရှိလို့ပဲ​ဖြစ်​မယ်​လို့ ကာရ်လာ​နဲ့ ကျွန်တော် ဝန်ခံတယ်။ အဲဒီနောက် ကလေး​အားလုံး​နဲ့ တန်းတူ​ဆက်ဆံ​ပြောဆို​ဖို့ ကျွန်တော်​တို့​ကြိုးစား​ခဲ့​ကြတယ်။

တစ်ခါ​တ​လေ ကလေး​တွေ​ကို အလျင်စလို ဒါမှ​မဟုတ် မညှာမတာ အပြစ်ပေး​မိတယ်။ အဲဒီလို​အခါမျိုးမှာ မိဘတွေ​အနေ​နဲ့ ကျွန်တော်​တို့ တောင်းပန်​ခဲ့​ရတယ်။ သူတို့ကို​တောင်းပန်​ပြီး​နောက် ယေဟောဝါ​ထံ​ဆုတောင်း​ခဲ့​ကြတယ်။ ဖခင်​က ယေဟောဝါ​နဲ့ ကလေး​တွေ​ကို တောင်းပန်​ဖို့ အသင့်ရှိ​တယ်​ဆိုတာ​ကို ကလေး​တွေ​မြင်​ဖို့ အရေးကြီးတယ်။ ဒါ​ကြောင့် သူတို့နဲ့ ကျွန်တော်​တို့​ကြား​မှာ နွေးထွေး​ရင်းနှီးတဲ့ ဆက်ဆံ​ရေး​ရှိတယ်။ ကျွန်တော်​တို့ကို ကလေး​တွေ​က “အဖေနဲ့​အမေ​ဟာ ကျွန်တော်​တို့​ရဲ့​အကောင်းဆုံး​မိတ်ဆွေ​တွေ​ပဲ” လို့​မကြာခဏ​ပြောတတ်​ကြတယ်။ အဲဒီ​စကား​က ကျွန်တော်​တို့ကို တကယ်ပဲ​ပျော်ရွှင်​စေပါ​တယ်။

မိသားစု​လိုက် အတူတူ​လုပ်ကိုင်​ကြ​တာ​က စည်းလုံးမှု​ရှိစေတယ်။ ဒါ​ကြောင့် ယောက်စီ​ယောက်​တိုင်း​မှာ အိမ်မှု​တာဝန် ကိုယ်စီကိုယ်​ငှ​ရှိကြတယ်။ ဟာ​န်စ် ဝယ်​နာ​က ဝယ်ခြမ်း​စ​ရာ​ပစ္စည်း​စာရင်း​နဲ့ ပိုက်ဆံ​ယူသွား​ပြီး တစ်ပတ်​တစ်ခါ စ​တိုး​ဆိုင်​မှာ​သွား​ဝယ်​ဖို့ တာဝန်​ရထားတယ်။ တစ်ပတ်​ကျ​တော့ ဝယ်ခြမ်း​စ​ရာ​စာရင်း​ရော၊ ပိုက်ဆံ​ပါ သူ့ကို​မပေး​ဖြစ်​ဘူး။ ဒါနဲ့ သူ့​အမေကို​မေးတော့ ပိုက်ဆံ​မရှိ​သေး​ဘူးလို့ ပြန်​ဖြေတယ်။ ကလေး​တွေ​အချင်းချင်း တီးတိုး​တီးတိုး​ပြော​ပြီး သူတို့ရဲ့​စုဘူး​တွေ ယူလာ​ကြ​ပြီး စားပွဲ​ပေါ် မှော​က်​လိုက်တယ်။ သူတို့​အားလုံး​က “အမေ၊ အခု ဈေး​သွား​ဝယ်​ကြ​စို့!” တဲ့။ ဟုတ်တယ်၊ အရေးကြုံ​တဲ့​အခါ ကူညီ​ရမယ်ဆိုတာ ကလေး​တွေ​သိ​နားလည်​လာ​ကြ​လို့ အရင်ကထက် မိသားစုဟာ ပို​ရင်းနှီး​ချစ်ခင်​လာတယ်။

အရွယ်ရောက်​လာ​ကြ​တဲ့​အခါ ယောက်ျားလေး​တွေ​က မိန်းကလေးတွေကို စိတ်ဝင်စား​လာကြပြီ။ ဥပမာ၊ သောမတ်စ်​က ၁၆ နှစ်အရွယ် သက်သေခံ​တစ်ယောက်ကို အရမ်း​စိတ်ဝင်စား​ခဲ့တယ်။ မိန်းကလေးကို တကယ်​ချစ်တယ်​ဆိုရင် သူ့ကို​ဇနီး​အဖြစ်​လက်ထပ်​ပြီး ကလေး​တွေ​တာဝန်​ကို​ယူဖို့ အသင့်​ရှိရမယ်​လို့ သားကို ကျွန်တော်​ရှင်းပြခဲ့တယ်။ အဲဒီအချိန်မှာ သောမတ်စ်​ဟာ ၁၈ နှစ်ပဲ​ရှိသေး​တော့ လက်ထပ်​ဖို့ အသင့်​မဖြစ်သေး​ဘူးဆို​တာ​ကို သူ​သဘောပေါက်ခဲ့​တယ်။

မိသားစု​လိုက် တိုးတက်ခြင်း

ကလေး​တွေ ငယ်ငယ်​လေး​ကတည်းက တစ်ယောက်​ပြီး​တစ်ယောက် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​မှာ ပါဝင်​ခဲ့​ကြတယ်။ ကလေး​တွေ​ရဲ့​တာဝန်​တွေ​ကို ကျွန်တော်​တို့ အသေအချာ​နားထောင်ပေး​တယ်၊ ကလေး​တွေ​လည်း ဘုရားသခင်​ကို လှိုက်လှိုက်လှဲလှဲ​ချစ်​ကြ​တာ​ကို​မြင်ပြီး ကျွန်တော်​တို့အား​ရှိတယ်။ တစ်ခါ​တ​လေ ကျွန်တော်​တို့​အိမ်မှာ​တည်း​တဲ့ တိုက်နယ်​နဲ့ ခရိုင်​ကြီးကြပ်မှူး​တွေ​က သူတို့ရဲ့​ဘဝ​အတွေ့အကြုံ​တွေ ပြောပြ​ကြတယ်၊ ဒါမှ​မဟုတ် ကျမ်းစာ ဖတ်ပြ​ကြတယ်။ ဒီ​ကြီးကြပ်မှူး​တွေ​နဲ့ သူတို့ရဲ့​ဇနီးသည်​တွေ​က ကျွန်တော်​တို့​မိသားစုရဲ့​နှလုံး​ထဲမှာ အချိန်ပြည့်​လုပ်ငန်း​ကို ချစ်​မြတ်နိုး​စိတ်​ရှိစေခဲ့တယ်။

စည်းဝေးကြီး​တွေ​ကို ကျွန်တော်​တို့ အမြဲ​စောင့်မျှော်​ခဲ့​ကြတယ်။ ကလေး​တွေ​လည်း ဘုရားသခင်​ရဲ့​ကျေးကျွန်​တွေ​ဖြစ်ချင်​တဲ့​ဆန္ဒရှိ​ဖို့ ကျွန်တော်​တို့​ကြိုးစား​တာ​တွေ​ထဲမှာ စည်းဝေးကြီး​တွေ​လည်း အရေးကြီးတဲ့​ကဏ္ဍ​ကနေ ပါဝင်​တယ်။ ကလေး​တွေ စည်းဝေးကြီး​ကျင်းပ​မယ့်​နေရာကို​မသွား​ခင် သူတို့ရဲ့ ရင်​ထိုး​တံဆိပ်​တွေ တပ်​တဲ့​အချိန်​ဟာ အထူး​ပျော်စရာ​အချိန်​ပဲ။ အသက်​ဆယ်နှစ်​အရွယ်မှာ ဟာ​န်စ် ဝယ်​နာ နှစ်ခြင်း​ခံ​လို့ ကျွန်တော်​တို့ အရမ်း​ဝမ်းသာခဲ့ကြတယ်။ ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံ​ဖို့ ငယ်​လွန်းတယ်လို့ တချို့က ယူဆကြ​ပေမဲ့ သူ့​အသက် ၅၀ အရွယ်မှာ အနှစ် ၄၀ တိုင်တိုင် ယေဟောဝါ​ရဲ့​အမှုတော်ကို ထမ်းဆောင်​ခဲ့​ရလို့ ကျေးဇူး​တင်​လိုက်တာ​ဆိုပြီး ကျွန်တော့်​ကို သူ​ပြောပြ​တယ်။

ယေဟောဝါ​နဲ့ နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိဖို့ အရေးကြီးတယ်လို့ ကလေး​တွေ​ကို ကျွန်တော်​တို့​ပြောပြ​ပေမဲ့ ဆက်ကပ်​အပ်နှံ​ဖို့ သူတို့ကို အတင်း​မတိုက်တွန်း​ခဲ့​ဘူး။ ကျန်​တဲ့​ကလေး​တွေ​လည်း သူ့​အချိန်နဲ့​သူ နှစ်ခြင်း​ယူ​ကြ​တဲ့​အထိ တိုးတက်လာ​ကြ​လို့ ကျွန်တော်​တို့​ဝမ်းသာ​ခဲ့​ရ​ပါ​တယ်။

ကျွန်တော်​တို့​ဝန်ထုပ်​များ​ကို ယေဟောဝါ​ရှေ့​ချထား​တတ်လာ​ခြင်း

၁၉၇၁ ခုနှစ်​မှာ ဟာ​န်စ် ဝယ်​နာ​ဟာ ကင်းမျှော်စင်​ကျမ်းစာ ဂိလဒ်​ကျောင်း​ရဲ့ ၅၁ ကြိမ်​မြောက်​သင်တန်းဆင်း​ပြီး စပိန်​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​တာဝန်​ထမ်းဆောင်​ဖို့ တာဝန်ချ​ခံရတဲ့​အခါ ကျွန်တော်​တို့ အတိုင်းမသိ​ပျော်ရွှင်​ခဲ့​ကြတယ်။ တခြား​ကလေး​တွေ​လည်း တစ်ယောက်​ပြီး​တစ်ယောက် အချိန်​အတော်ကြာကြာ အချိန်ပြည့်​အမှုဆောင်ခဲ့​ကြ​တဲ့​အတွက် မိဘတွေ​အနေ​နဲ့ ကျွန်တော်​တို့ အရမ်း​ဝမ်းသာခဲ့ကြတယ်။ အဲဒီ​အချိန်​လောက်​မှာ ဟာ​န်စ် ဝယ်​နာ​က ဒီ​ဆောင်းပါး​ရဲ့​အစပိုင်း​မှာ ဖော်ပြ​ထား​တဲ့ ကျမ်းစာ​ကို ကျွန်တော့်​ကို​ပေး​ခဲ့​တာ​ပါ။မိသားစု​တစ်စု​အနေ​နဲ့ ကျွန်တော်​တို့​ရဲ့​ပျော်ရွှင်မှု​ဟာ ပြီးပြည့်စုံ​ပုံ​ရ​နေတယ်။

ဒါပေမဲ့ အရင်ကထက် ယေဟောဝါ​နဲ့​ပိုမို​နီးကပ်​ဖို့ လိုအပ်​တယ်​ဆိုတာ​ကို မကြာခင်​မှာ ကျွန်တော်​တို့​သိလာ​ခဲ့​ကြရတယ်။ ဘာကြောင့်လဲ​ဆိုတော့ အရွယ်ရောက်​လာ​ခဲ့​ကြ​တဲ့ ကျွန်တော်​တို့​ကလေး​အချို့​ဟာ အကြီးအကျယ်​ယုံကြည်ခြင်း​စမ်းသပ်​ခံရ​တဲ့ ပြဿနာ​တွေ ရင်ဆိုင်​နေကြ​ရလို့ပါ​ပဲ။ ဥပမာ၊ ကျွန်တော်​တို့​ချစ်​ရတဲ့​သမီး ဂါ​ဘရီ​အဲလ်​ဟာ အခက်အခဲ​တွေ့ခဲ့​ရ​ရှာတယ်။ ၁၉၇၆ ခုနှစ်​မှာ သမီး​က လို​သာ​ရ်​နဲ့ လက်ထပ်ခဲ့​တယ်။ လက်ထပ်​ပြီး မကြာခင်​မှာပဲ လို​သာ​ရ်​ဟာ မ​ကျန်း​မမာ​ဖြစ်လာ​တယ်။ သူဟာ အားနည်း​သ​ထက် အားနည်း​လာပြီး နောက်ဆုံး သူ​သေဆုံး​သွားတဲ့​အထိ ဂါ​ဘရီ​အဲလ်​ပြုစုပေး​ခဲ့တယ်။ မိသားစု​ထဲ​က ကျန်းမာ​တဲ့​သူ​တစ်ယောက် မ​ကျန်း​မမာ​ဖြစ်​ပြီး သေဆုံး​သွားတာကို မြင်ရ​တဲ့​အခါ ယေဟောဝါ​ရဲ့​မေတ္တာ​ရှိ​လက်တော်ကို ကျွန်တော်​တို့ တကယ်​လိုအပ်​မှန်း သတိ​ရစေတယ်။—ဟေရှာယ ၃၃:၂

ယေဟောဝါ​အဖွဲ့အစည်း​မှ အခွင့်ထူး​များ

၁၉၅၅ ခုနှစ်​မှာ ကျွန်တော့်​ကို အသင်းတော်​အမှုထမ်း (ယနေ့​အခေါ်​အရ ဦးစီး​ကြီးကြပ်မှူး) ခန့်အပ်​တဲ့​အခါ ဒီ​တာဝန်​ကို​ထမ်း​ဖို့ ကျွန်တော်​အသင့်မရှိ​သေး​ဘူးလို့ ယူမှတ်​ခဲ့တယ်။ လုပ်ကိုင်​စ​ရာ​အလုပ် အတော်​များတဲ့​အတွက် တာဝန်​ကျေပွန်​ဖို့ တစ်ခု​တည်း​သော​နည်းလမ်း​က​တော့ တစ်ခါ​တ​လေ မနက်​လေး​နာရီ​လောက် အိပ်ရာထ​ရတယ်။ လုပ်စရာတွေ​ရှိနေသေး​ရင် ညနေပိုင်း​မှာ ကျွန်တော့်​ကို အနှောင့်အယှက်​မပေး​မိဖို့ ကျွန်တော့်​ဇနီး​နဲ့ ကလေး​တွေ​က အတော်​ကြိုးစား​ခဲ့​ကြတယ်။

ဒါပေမဲ့ ဖြစ်​နိုင်​တဲ့​အခါတိုင်း မိသားစု​လိုက် ကျွန်တော်​တို့​အပန်းဖြေ​ခဲ့​ကြတယ်။ တစ်ခါ​တ​လေ၊ မိသားစု​လိုက် အပျော်ခရီး​ထွက်​နိုင်​ဖို့ ကျွန်တော့်​အလုပ်ရှင်​က သူ့ရဲ့​ကား​ကို သုံး​ခွင့်​ပေး​တယ်။ တောတောင်​ထဲမှာ ကင်းမျှော်စင် လေ့လာ​ကြ​တဲ့​အချိန်​အခါ​တွေ​ကို ကလေး​တွေ အရမ်း​သဘောကျကြတယ်။ ခြေကျင်​ခရီး​လည်း အတူတူ​ထွက်ကြ​တယ်၊ တစ်ခါ​တ​လေ သစ်တော​ထဲ​ဖြတ်လျှောက်​ရင်း ကျွန်တော်​က ဘာဂျာ​မှုတ်၊ သူတို့က သီချင်းတွေ​လိုက်​ဆို​ကြတယ်။

၁၉၇၈ ခုနှစ်​မှာ ကျွန်တော့်​ကို အရန်​တိုက်နယ်​ကြီးကြပ်မှူး (နယ်လှည့်​ကြီးကြပ်မှူး) ခန့်အပ်​ခဲ့တယ်။ စိုးရိမ်​တ​ကြီး​နဲ့ ကျွန်တော်​က “ယေဟောဝါ၊ ကျွန်တော် ဒီ​အလုပ်ကို လုပ်နိုင်​မယ်​လို့​မထင်​ဘူး။ ဒါပေမဲ့ ကိုယ်တော်​က ကျွန်တော့်​ကို ကြိုးစား​လုပ်​စေချင်တယ်​ဆိုရင် အကောင်းဆုံး​ဖြစ်အောင် ကြိုးစား​ပါ​မယ်” လို့​ဆုတောင်း​ခဲ့တယ်။ နောက်​နှစ်နှစ်​အကြာ၊ ကျွန်တော့်​အသက် ၅၄ နှစ်မှာ ကျွန်တော့်​ရဲ့​စီးပွားရေး​လုပ်ငန်း​လေး​ကို သားထွေး သောမတ်စ်​ကို လွှဲပြောင်းပေး​လိုက်တယ်။

သားသမီးတွေ​အားလုံး အရွယ်ရောက်​လာကြပြီ​ဆိုတော့ ကာရ်လာ​နဲ့​ကျွန်တော်​ဟာ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ ပို​ပါဝင်​နိုင်ပြီ။ အဲဒီ​နှစ်မှာ​ပဲ ကျွန်တော် တိုက်နယ်​ကြီးကြပ်မှူး​အဖြစ်​ခန့်အပ်​ခံရ​ပြီး ဟ​မ်း​ဘတ်​မြို့​တစ်ခြမ်း​နဲ့ စာ​က​လီစ္စဝိခ်-ဟော​လ်​စ​တိုင်း​နယ်​တစ်ခုလုံး​ကို တာဝန်​ယူ​ခဲ့​ရတယ်။ ကျွန်တော်​တို့​က မိသားစုကို​ပြုစု​ပျိုးထောင်​ပေး​ခဲ့​ရတဲ့ အတွေ့အကြုံ​ရှိတဲ့​အတွက် မိဘတွေ​နဲ့ သူတို့ရဲ့​ကလေး​တွေ​ကို အထူးသဖြင့် နားလည်မှု​ပြ​နိုင်​ခဲ့​ကြတယ်။ ညီအစ်ကို​အတော်များများ​က ကျွန်တော်​တို့ကို သူတို့ရဲ့​တိုက်နယ်​မိဘတွေ​လို့ ခေါ်​ခဲ့​ကြတယ်။

ကာရ်လာ​ဟာ ကျွန်တော်​နဲ့​အတူ တိုက်နယ်​လုပ်ငန်းမှာ ဆယ်နှစ်​ပါဝင်​ပြီး​တဲ့​နောက် ခွဲစိတ်​ကုသ​ခံ​ခဲ့​ရတယ်။ အဲဒီ​နှစ်မှာ​ပဲ ကျွန်တော့်​မှာလည်း ဦးနှောက်​တွင်း​အကျိတ်​ဖြစ်​နေတယ်လို့ သမားတော်ကြီး​တွေ​က သိခဲ့ကြတယ်။ ဒါ​ကြောင့် တိုက်နယ်​ကြီးကြပ်မှူး​လုပ်ငန်း​ကို နား​လိုက်ရ​ပြီး ဦးနှောက်​ခွဲစိတ်​ကုသ​ခံ​ခဲ့​ရတယ်။ နောက်​သုံးနှစ်​အကြာ​မှ အရန်​တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် ပြန်​အမှုထမ်း​နိုင်​ခဲ့တယ်။ အခု​ဆိုရင် ကာရ်လာ​နဲ့ ကျွန်တော်​တို့​ဟာ အသက် ၇၀ ကျော်​ရှိနေကြ​လို့ နယ်လှည့်​လုပ်ငန်းမှာ မပါဝင်နိုင်​တော့​ဘူး။ ကျွန်တော်​မ​ထမ်းဆောင်​နိုင်​တော့​တဲ့ အခွင့်ထူး​ကို စွဲစွဲမြဲမြဲ​ဆုပ်ကိုင်​ထမ်းဆောင်​နေတာဟာ အဓိပ္ပာယ်​မရှိဘူး​ဆိုတာ ယေဟောဝါ​သိစေ​ခဲ့တယ်။

နောက်ကြောင်း​ကို​ပြန်​ကြည့်​လိုက်ရင် အမှန်တရားကို​ချစ်​မြတ်နိုးတဲ့​စိတ် သားသမီးတွေရဲ့​နှလုံး​ထဲမှာ စွဲမြဲ​ရအောင် ယေဟောဝါ​ဆီက​ရတဲ့​အကူအညီ​အတွက် ကာရ်လာ​ရော၊ ကျွန်တော်​ပါ ကိုယ်တော့်​ကို အရမ်း​ကျေးဇူး​တင်​တယ်။ (သု. ၂၂:၆) နှစ်တွေ​တစ်လျှောက် ကျွန်တော်​တို့ကို ယေဟောဝါ​လမ်းညွှန်​ပေး​ပြီး လေ့ကျင့်ပေး​တဲ့​အပြင် ကျွန်တော်​တို့​ရဲ့​တာဝန်​တွေ​ကို ထမ်းဆောင်​နိုင်​ဖို့​လည်း ကူညီပေး​ခဲ့တယ်။ အခု ကျွန်တော်​တို့ အိုမင်း​အားနည်း​လာ​နေပေမဲ့ ယေဟောဝါ​ကို ကျွန်တော်​တို့​ချစ်တဲ့​မေတ္တာက​တော့ ငယ်ငယ်​က​အတိုင်းပဲ အမြဲ​ရှင်သန်​နေဆဲ​ပါ။—ရောမ ၁၂:၁၀၊ ၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သော်လည်း ယခု မရနိုင်​တော့​ချေ။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၆၅ ခုနှစ်၊ ဟ​မ်း​ဘတ်​မြို့ရှိ အဲလ်​ဘာ​မြစ်​ဘေး​တွင် လမ်းလျှောက်​နေကြ​သော ကျွန်တော်​တို့​မိသားစု

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၁၉၉၈ ခုနှစ်၊ ဘာလင် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​တွင် မိသားစုဝင်​အချို့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ကျွန်တော့်​ဇနီး ကာရ်လာ​နှင့်အတူ