မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သစ္စာမဲ့လမ်းစဉ်ကို ယေဟောဝါမုန်းတော်မူ၏

သစ္စာမဲ့လမ်းစဉ်ကို ယေဟောဝါမုန်းတော်မူ၏

သစ္စာမဲ့​လမ်းစဉ်​ကို ယေဟောဝါ​မုန်းတော်မူ​၏

‘အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် သစ္စာ​မ​ဖျက်​ကြ​နှင့်။’—မာလခိ ၂:၁၀

၁။ ထာဝရ​အသက်​ရနိုင်ဖို့ ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​အဘယ်အရာ​တောင်းဆို​သနည်း။

သင်သည် ထာဝရ​အသက် ရ​လို​ပါ​သလား။ ကျမ်းစာ​တွင်​ကတိပြု​ထားသော ထို​မျှော်လင့်ချက်ကို သင်​ယုံကြည်​မည်​ဆိုပါ​က ‘ရ​ချင်​တာပေါ့’ ဟု​သင်​ဆို​ကောင်း​ဆို​မည်။ သို့သော် ကမ္ဘာသစ်​တွင် ဘုရားသခင် သင့်ကို​အဆုံးမဲ့​အသက်ပေး​စေ​လိုလျှင် ကိုယ်တော့်​တောင်းဆိုချက်​များ​ကို သင်​ပြည့်မီ​ဖို့​လို​သည်။ (ဒေ. ၁၂:၁၃; ယောဟန် ၁၇:၃) ၎င်း​သည် မစုံလင်​သော​လူသားများ​ထံ​မှ တရားလွန်​တောင်းဆိုခြင်း​လော။ မဟုတ်ပါ၊ ဤ​အားတက်ဖွယ်​စကား​ကို ယေဟောဝါ​ဖော်ပြ​ထား​၏– “ယဇ်​ပူဇော်​ခြင်း​အကျင့်​ထက် သနားခြင်း​ကရုဏာ​အကျင့်ကို​လည်းကောင်း၊ မီးရှို့​ရာ​ယဇ်​ပူဇော်​ခြင်း​ထက် ဘုရားသခင်​နှင့်​ကျွမ်းဝင်​ခြင်း​ကိုလည်း​ကောင်း ငါ​နှစ်သက်​၏။” (ဟောရှေ ၆:၆) ထို့​ကြောင့် အမှား​မကင်း​သော​လူသားများ​ပင် ဘုရားသခင့်​တောင်းဆိုချက်​များ​ကို ပြည့်မီ​နိုင်​ကြ​ပါ​သည်။

၂။ ဣသရေလလူ​မျိုး​များစွာ​သည် ယေဟောဝါ​အပေါ် မည်သို့​သစ္စာမဲ့​ခဲ့​ကြ​သနည်း။

သို့သော် ယေဟောဝါ​၏​အလိုတော်ကို လူတိုင်း​မ​ထမ်းဆောင်​လို​ကြ​ချေ။ ဣသရေလ​လူမျိုး​မှ များစွာသော​သူတို့​ပင် ထိုသို့​မပြု​လို​ခဲ့​ကြ​ကြောင်း ဟောရှေ​ဖော်ပြ​သည်။ လူမျိုးတစ်မျိုး​လုံး​အနေ​နှင့် ဘုရားသခင့်​ပညတ်တော်​များ​ကို​လိုက်နာပါ​မည်​ဟု သဘောတူညီ​စွာ ပဋိညာဉ်ဖွဲ့​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၂၄:၁-၈) သို့သော် များ​မကြာမီ​ပင် ကိုယ်တော့်​ပညတ်​များ​ကို ချိုးဖောက်​ခြင်း​အားဖြင့် ‘ပဋိညာဉ်​ကို​လွန်ကျူး’ ခဲ့​ကြသည်။ ထို့​ကြောင့် ဣသရေလ​လူမျိုး​သည် မိမိကို “သစ္စာဖျက်” သည်​ဟု ယေဟောဝါ​မိန့်ဆိုခဲ့​၏။ (ဟောရှေ ၆:၇) ထို​အချိန်​မှ​စ၍ လူများစွာ​သည် ထိုသို့​ပင်​ပြု​ခဲ့​ကြပြီ။ သို့သော် ယေဟောဝါ​သည် မိမိ​အပေါ် တိုက်ရိုက်​သစ္စာမဲ့​သည်​ဖြစ်စေ၊ မိမိကို​ချစ်၍ အမှုထမ်း​ကြ​သူများ​အပေါ် သစ္စာမဲ့​သည်​ဖြစ်စေ သစ္စာမဲ့​လမ်းစဉ်​ကို ရွံမုန်း​တော်​မူ​၏။

၃။ ဤ​ဆောင်းပါး​တွင် အဘယ်​လေ့လာ​ဆန်းစစ်မှု​ကို​ပြု​မည်​နည်း။

ကျွန်ုပ်​တို့သည် ပျော်ရွှင်​သာယာသော​အသက်တာကို​ရ​လို​ပါ​က ကျွန်ုပ်​တို့​ခံယူ​ဖို့​လို​သော​အမြင်၊ သစ္စာမဲ့​ခြင်း​နှင့်​ဆိုင်သော ဘုရားသခင့်​အမြင်ကို ပရောဖက်​ဟောရှေ​တစ်ဦးတည်း အလေးပေး​ဖော်ပြ​ခဲ့​သည်မဟုတ်။ ရှေ့​ဆောင်းပါး​တွင် မာလခိ​၏​ပရောဖက်ပြု​သတင်းကို ပထမ​အခန်းကြီး​မှ​စ၍ ကျွန်ုပ်​တို့ အသေးစိတ်​လေ့လာ​ဆန်းစစ်​ခဲ့​ကြ​၏။ ယခု ထို​စာစောင်​၏ ဒုတိယ​အခန်းကြီး​ကို​ဖွင့်​ကာ သစ္စာမဲ့​ခြင်း​ကို ဘုရားသခင် မည်သို့​ရှုမြင်​ကြောင်း ထပ်ဆင့်​အာရုံပြု​ကြပါစို့။ ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ ပြန်လာ​ခဲ့​ကြ​ပြီး ဆယ်စုနှစ်​များစွာ​ကုန်လွန်​၍ ဘုရားသခင့်​လူမျိုးတော်​အကြား ဖြစ်ပေါ်​နေသော​အခြေအနေ​ကို မာလခိ​ဆွေးနွေး​တင်ပြ​နေခြင်း​ဖြစ်သော်လည်း အဆိုပါ​ဒုတိယ​အခန်းကြီး​သည် ယခု ကျွန်ုပ်​တို့အတွက် တကယ်​အဓိပ္ပာယ်​ရှိသည်။

ရှုတ်ချ​ပြစ်တင်​ခံထိုက်သော ယဇ်ပုရောဟိတ်​များ

၄။ ယဇ်ပုရောဟိတ်​များ​ကို ယေဟောဝါ​မည်သို့​သတိပေး​ခဲ့​သနည်း။

ယေဟောဝါ​၏​ဖြောင့်မတ်​သော​လမ်းစဉ်​မှ သွေဖည်​သွား​ကြ​ခြင်း​ကြောင့် ဂျူး​ယဇ်ပုရောဟိတ်​များ​ကို အပြစ်​တင်​ခြင်း​နှင့် အခန်းကြီး ၂ ကို​အစပြု​ထား​သည်။ သူတို့သည် ကိုယ်တော်​၏​သွန်သင်ချက်​ကို နှလုံး​သွင်း​ပြီး မိမိတို့​လမ်းစဉ်​ကို မပြု​ပြင်​ကြ​ပါ​က စိုးရိမ်ဖွယ်​ဆိုးကျိုး​များ အမှန်​ခံရ​ကြလိမ့်မည်။ ပထမ​အခန်းငယ်​နှစ်ခု​ကို သတိပြုပါ– “အို​ယဇ်ပုရောဟိတ်​တို့ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် သင်တို့အား​မိန့်တော်မူသော ပညတ်စကား​ဟူ​မူ​ကား၊ ‘ငါ​၏​နာမတော်​ကို ချီးမွမ်း​လို​သော​ငှာ သင်တို့သည်​နားမထောင်၊ နှလုံး​မ​သွင်း​ဘဲ​နေလျှင် ကျိန်ခြင်း​ဘေး​ကို သင်တို့​အပေါ်​သို့ ငါ​လွှတ်လိုက်​မည်။ သင်တို့၏​မင်္ဂလာ​ကို အမင်္ဂလာ​ဖြစ်စေ​မည်။’” ယဇ်ပုရောဟိတ်​တို့​သာ ဘုရားသခင့်​ပညတ်တော်​များ​ကို လူ​တို့အား​သွန်သင်ပေး​ပြီး ယင်း​တို့ကို​စောင့်ရှောက်​ခဲ့​ကြ​မည်​ဆိုလျှင် သူတို့​ကောင်းချီး​ခံစား​ကြ​ရ​ပေမည်။ သို့သော် ဘုရားသခင့်​အလိုတော်ကို လျစ်လျူရှု​သောကြောင့် ကျိန်ခြင်း​အမင်္ဂလာ​ကို​ခံရ​ကြလိမ့်မည်။ ယဇ်ပုရောဟိတ်​များ​မြွက်​ဟ​သော ကောင်းချီး​များ​ပင်​လျှင် ကျိန်ခြင်း​ဖြစ်သွား​လိမ့်​မည်။

၅၊ ၆။ (က) ယဇ်ပုရောဟိတ်​များသည် အဘယ်ကြောင့် အထူး​ပြစ်တင်​ရှုတ်ချ​ခံ​ခဲ့​ရသနည်း။ (ခ) ယဇ်ပုရောဟိတ်​များ​ကို စက်ဆုပ်​ရွံရှာ​ကြောင်း ယေဟောဝါ​မည်သို့​ဖော်ပြ​ခဲ့​သနည်း။

ယဇ်ပုရောဟိတ်​များသည် အဘယ်ကြောင့် အထူး​ပြစ်တင်​ရှုတ်ချ​ခံထိုက်​သနည်း။ အခန်းငယ် ၇ က ဤသို့​ရှင်းပြသည်–“ယဇ်ပုရောဟိတ်​၏​နှုတ်ခမ်းသည် ပညာ​ကို​စောင့်​ရမည်။ သူ၏​နှုတ်၌ လူတို့သည် တရားတော်​ကို​ရှာ​ရ​ကြ​မည်။ အကြောင်း​မူ​ကား သူသည် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​စေလွှတ်​တော်​မူ​သော တမန်​ဖြစ်၏။” အစောပိုင်း​အနှစ်​တစ်ထောင်​ကျော်​က မောရှေ​မှ​တစ်ဆင့် ဣသရေလ​လူမျိုး​ကို​ပေး​ခဲ့​သော ဘုရားသခင့်​ပညတ်တော်​အရ ယဇ်ပုရောဟိတ်​များသည် “ထာဝရ​ဘုရား . . . မှာ​ထား​သမျှ​သော​ပညတ်​တို့ကို ဣသရေလ​အမျိုးသား​တို့​၌ သွန်သင်” ရမည်​ဖြစ်သည်။ (ဝတ်ပြုရာ ၁၀:၁၁) ဝမ်းနည်းစရာမှာ၊ နောက်ပိုင်း​တွင် ၂ ရာဇဝင်ချုပ် ၁၅:၃ ကို​ရေးသားသူ​က ဤသို့​မှတ်တမ်းတင်​ခဲ့​သည်– “ကြာ​မြင့်သော​ကာလပတ်လုံး ဣသရေလ​အမျိုး​၌ မှန်သော​ဘုရား[သခင်]မရှိ။ [သွန်သင်] ပေး​တတ်သော ယဇ်ပုရောဟိတ်​မရှိ။ တရား​လည်း​မရှိဘဲ​နေ . . . [၏]။”

မာလခိ​လက်ထက်၊ ဘီ.စီ.အီး. ငါး​ရာစု​တွင် ယဇ်ပုရောဟိတ်​များ​၏​အခြေအနေ​မှာ ထပ်တူ​ပင်​ဖြစ်သည်။ သူတို့သည် လူ​တို့ကို ဘုရားသခင့်​ပညတ်တော်​သင်ပေးဖို့ ပျက်ကွက်​ခဲ့​ကြသည်။ ထို့​ကြောင့် ထို​ယဇ်ပုရောဟိတ်​များသည် စာရင်း​ရှင်း​ခံထိုက်​ပေ​သည်။ သူတို့ကို ယေဟောဝါ​အတိအလင်း​မိန့်တော်မူ​ခဲ့​သည့် ရင့်သီးသော​စကား​များ​ကို သတိပြုပါ။ မာလခိ ၂:၃ တွင်​ဤသို့​မိန့်ဆို​၏– “သင်တို့​ဓမ္မ​ပွဲ​၏​တိရစ္ဆာန်​ချေး​ကို သင်တို့​မျက်နှာ​ပေါ်​၌ ငါ​ကြဲ​မည်။” ပြစ်တင်​ကြိမ်းမောင်း​ချက်​ပါ​တကား! ပူဇော်​သော တိရစ္ဆာန်​များ​၏​ချေး​ကို တပ်ပြင်​ထုတ်ပြီး မီးရှို့​ပစ်​ရ​ကြ​၏။ (ဝတ်ပြုရာ ၁၆:၂၇) သို့​ဖြစ်​မည့်​အစား တိရစ္ဆာန်​ချေး​ကို သူတို့၏​မျက်နှာ​များ​ပေါ်​ကြဲ​မည်​ဟု ယေဟောဝါ​မိန့်ဆို​သောအခါ သူတို့၏​ပူဇော်​သကာ​များနှင့် ယဇ်​ပူဇော်​သူများကို​ပါ ကိုယ်တော်​စက်ဆုပ်​ရွံရှာ​ပြီး ငြင်းပယ်​ကြောင်း ထင်ရှားစေ​သည်။

၇။ ပညတ်တရား​သွန်သင်ပေး​သူများကို ယေဟောဝါ အဘယ်ကြောင့် အမျက်ထွက်​ခဲ့​သနည်း။

မာလခိ​ခေတ်​မတိုင်မီ ရာစုနှစ်များစွာ​က ယေဟောဝါ​သည် တဲ​တော်၊ ၎င်းနောက် ဝတ်ပြုရာ​အိမ်တော်ကို​ကြည့်ရှု​စောင့်ရှောက်​ရန်​နှင့် မြင့်မြတ်​သော​အမှုတော်ကို​ဆောင်ရွက်ရန် လေဝိ​သားများ​အား တာဝန်​ပေးအပ်​ခဲ့​သည်။ သူတို့သည် ဣသရေလ​လူမျိုး၏ သွန်သင်ပေး​သူများ​ဖြစ်​ခဲ့​ကြသည်။ သူတို့​တာဝန်​ကျေပွန်​လျှင် သူတို့နှင့် လူမျိုးတစ်မျိုး​လုံး အသက်ရှင်​၍ ငြိမ်သက်​ပေ​လိမ့်​မည်။ (တောလည်ရာ ၃:၅-၈) သို့ရာတွင် လေဝိ​သားများ​သည် သူတို့၌ အစပိုင်း​တွင်​ရှိခဲ့​သော ဘုရားသခင်​အား​ကြောက်ရွံ့​စိတ် ပျောက်လွင့်​သွားခဲ့​ကြသည်။ ထို့​ကြောင့် သူတို့ကို​ယေဟောဝါ ဤသို့​မိန့်တော်မူ၏– “သင်တို့​မူ​ကား လမ်းလွဲ​ကြပြီ။ လူများ​တို့သည် တရားတော်​ကို​ထိမိ​၍ လဲ​စေခြင်း​ငှာ​ပြု​ကြပြီ။ လေဝိ​အမျိုး​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ကို ဖျက်​ကြပြီ။ . . . သင်တို့သည် ငါ့​လမ်း​တို့ကို​မလိုက်။” (မာလခိ ၂:၈၊ ၉) ယဇ်ပုရောဟိတ်​များသည် အမှန်တရားကို​သွန်သင်​ရန် ပျက်ကွက်​ပြီး မကောင်းသော​ပုံသက်သေ​ပြ​ခဲ့​ကြသော​ကြောင့် ဣသရေလ​လူမျိုး​မှ လူများစွာကို လမ်းလွဲ​စေ​ခဲ့​ရာ သူတို့ကို ယေဟောဝါ​အမျက်ထွက်​ထိုက်​ပါ​သည်။

ဘုရားသခင့်​စံနှုန်း​များ​ကို​လိုက်နာခြင်း

၈။ ဘုရားသခင့်​စံနှုန်း​များ​ကို လူသား​တို့​လိုက်နာ​ဖို့​မျှော်လင့်ခြင်းသည် လွန်​လွန်း​သလော။ ရှင်းပြပါ။

ထို​ယဇ်ပုရောဟိတ်​များသည် မစုံလင်သူ​များ​သာ​ဖြစ်၍ ဘုရားသခင့်​စံနှုန်း​များ​ကို လိုက်နာ​နိုင်​ကြ​မည်​မဟုတ်သောကြောင့် သူတို့ကို​စာနာမှု​ပြ​သည့်​အနေ​နှင့် ခွင့်လွှတ်​ထိုက်​သည်​ဟု မယူဆ​ပါ​နှင့်။ အမှန်​မှာ လူသားများ​ထံ​မှ သူတို့​မတတ်နိုင်​ရာ​ကို ယေဟောဝါ​မမျှော်လင့်​သောကြောင့် ဘုရားသခင့်​အမိန့်တော်​များ​ကို သူတို့​လိုက်နာ​စောင့်ရှောက်​နိုင်​ပါ​သည်။ ထို​အချိန်​က ယဇ်ပုရောဟိတ်​အချို့​သည် ဘုရားသခင့်​စံနှုန်း​များ​ကို လိုက်နာ​စောင့်ရှောက်​ခဲ့​ကြ​ပေမည်၊ နောက်ပိုင်း​တွင် ကြီးမြတ်သော “ယဇ်ပုရောဟိတ်မင်း” ယေရှု လိုက်နာ​ခဲ့​သည်​မှာ သေချာ​ပါ​သည်။ (ဟေဗြဲ ၃:၁) ကိုယ်တော်​နှင့်​စပ်လျဉ်း၍ ဤသို့​အမှန်အကန်​ဆိုနိုင်​ပါ​သည်– “သစ္စာတရား​စကား​ကို​ပြောတတ်​၏။ သူ့​နှုတ်၌ အပြစ်ကို​ရှာ၍​မ​တွေ့။ ငြိမ်ဝပ်ခြင်း​တရား၊ ဖြောင့်မတ်ခြင်း​တရား​အတိုင်း ငါ​နှင့်အတူ​သွား​လာ၍ များစွာသော​သူတို့ကို . . . အပြစ်​မှ​လွှဲရှောင်​စေ​တတ်၏။”—မာလခိ ၂:၆

၉။ ကျွန်ုပ်​တို့​ခေတ်တွင် မည်သူ​တို့သည် အမှန်တရားကို သစ္စာရှိ​ရှိ​ပျံ့နှံ့​စေ​ခဲ့ပြီ​နည်း။

ထို​နည်းတူ​စွာ ကျွန်ုပ်​တို့​ခေတ်တွင် ကောင်းကင်​မျှော်လင့်ချက်​ရှိသော ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား​ညီတော်​များသည် “ဘုရားသခင်​နှစ်သက်​တော်​မူ​ရာ ဓမ္မ​ယဇ်ကို​ပူဇော်​ရသော သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး” အဖြစ် အနှစ်​တစ်​ရာ​ကျော် အမှုထမ်းခဲ့​ပြီ။ (၁ ပေတရု ၂:၅) အခြားသူများ​ထံ ကျမ်းစာ​အမှန်တရား​ပျံ့နှံ့​စေ​ရေး​တွင် သူတို့​ဦးဆောင်​ပြုလုပ်​ခဲ့​ကြပြီ။ သူတို့​သွန်သင်ပေး​သော အမှန်တရားကို​သင်​သိရှိ​လာသော​အခါ သူတို့​နှုတ်၌ အမှန်တရား​ရှိကြောင်း သင်​ကြုံတွေ့​ခဲ့ပြီ​မဟုတ်လော။ သူတို့သည် ဘာသာရေး​မှားယွင်းမှု​များ​မှ လူများစွာကို လွှဲရှောင်​စေ​ခဲ့​ရာ ယခု ကမ္ဘာ​တစ်ဝန်း​တွင် ကျမ်းစာ​အမှန်တရားကို​သိရှိ​လာ​ကြ​သဖြင့် ထာဝရ​အသက်ဆု​ရ​ရန် မျှော်လင့်​သူ သန်းနှင့်ချီ​ရှိနေပြီ။ ဤ​သူတို့သည် အခြား​သန်းပေါင်း​များစွာသော​သူတို့အား အမှန်တရားကို တစ်ဆင့်​ပြန်​သွန်သင်ပေး​ခွင့်​ရှိကြသည်။—ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉

သတိထား​သင့်​သော​အကြောင်း

၁၀။ ကျွန်ုပ်​တို့ အဘယ်ကြောင့် သတိပြု​သင့်​သနည်း။

၁၀ သို့ရာတွင် ကျွန်ုပ်​တို့​သတိထား​သင့်​သော​အကြောင်း​ရှိသည်။ သို့​မဟုတ်လျှင် မာလခိ ၂:၁-၉ ၏​ဆိုလိုချက်​ကို သဘောမပေါက်​ဘဲ​ဖြစ်​လိမ့်​မည်။ ကျွန်ုပ်​တို့၏​နှုတ်​တွင် အပြစ်ကို​ရှာမတွေ့​ဖို့ ကျွန်ုပ်​တို့​ကိုယ်တိုင် သတိရှိ​ကြ​ပါသလော။ ဥပမာ၊ ကျွန်ုပ်​တို့၏​စကား​ကို ကျွန်ုပ်​တို့​မိသားစု​သည် အမှန်​ယုံကြည်​စိတ်ချ​သလော။ အသင်းတော်​ရှိ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များ​ကော၊ ထို့​အတူ​ယုံကြည်​စိတ်ချ​သလော။ စကား​အသုံးအနှုန်း​မှန်​သော်လည်း အထင်လွဲ​စေသော​စကားလုံး​မျိုး သုံး​သည့်​အကျင့် အလွယ်တကူ​ပါသွား​နိုင်​သည်။ သို့​မဟုတ် စီးပွားရေး​ကိစ္စ​တစ်ခု​တွင် ပို​ပြော​ခြင်း သို့​မဟုတ် အသေးစိတ်​မဖော်​ပြ​ခြင်း ပြု​ကောင်း​ပြု​မည်။ ထိုသို့​ပြုခြင်း​ကို ယေဟောဝါ​မသိဘဲ​နေပါ​မည်​လော။ ထို​အကျင့်​များ​ကို ကျွန်ုပ်​တို့​ကျင့်​ပါ​က ကျွန်ုပ်​တို့၏​နှုတ်​မှ ချီးမွမ်း​ခြင်း​ယဇ်များ​ကို ကိုယ်တော်​လက်ခံပါ​မည်​လော။

၁၁။ အထူးသဖြင့် မည်သူ​တို့သည် သတိပြု​သင့်​သနည်း။

၁၁ ယနေ့ အသင်းတော်များ​တွင် သမ္မာကျမ်းစာ​ကို သွန်သင်ပေး​ခွင့်​ရှိ​သူများ​အတွက် မာလခိ ၂:၇ သည် သတိပေး​ချက်​ဖြစ်​သင့်​သည်။ သူတို့၏​နှုတ်ခမ်းသည် “ပညာ​ကို​စောင့်​ရမည်” သူတို့၏​နှုတ်၌ “လူတို့သည်​တရားတော်​ကို​ရှာ​ရ​ကြ​မည်” ဟု​ဆို​ထား​သည်။ ဤသို့​သွန်သင်ပေး​ရသူ​တို့​၌ ကြီး​လေး​သော​တာဝန်​ရှိ၏၊ အကြောင်း​မှာ သူတို့သည် “သာ၍​ကျပ်တည်း​သော စစ်ကြော​စီရင်ခြင်း​ကို ခံရ​မည်” ဟု ယာကုပ် ၃:၁ က​ဖော်ပြ​ထားသော​ကြောင့်​ဖြစ်သည်။ သူတို့သည် ဇွဲ​နှင့် စိတ်အား​ထက်သန်​စွာ သွန်သင်​သင့်​သည်​မှန်​သော်လည်း သူတို့၏​သွန်သင်ချက်​သည် သမ္မာကျမ်းစာ​ကို​အခြေခံ​ပြီး ယေဟောဝါ​၏ အဖွဲ့အစည်း​မှ​လာသော ညွှန်ကြားချက်​အတိုင်း​ဖြစ်​ရမည်။ ဤနည်းဖြင့် သူတို့သည် “သူတစ်ပါး​တို့ကို​သွန်သင်ခြင်း​ငှာ တတ်စွမ်း [“အရည်အချင်း​ပြည့်မီ၊” က​ဘ]” ကြ​မည်။ ထို့​ကြောင့် သူတို့ကို​ဤသို့​ညွှန်ကြား​ထား​သည်– “သင်​မူ​ကား၊ ဝန်ခံ​တော်​မူ​သော​သူ၊ ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်] တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော ဆရာသမား​ဖြစ်​လျက်၊ ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့။”—၂ တိမောသေ ၂:၂၊ ၁၅

၁၂။ သွန်သင်ပေး​သူများ​သည် အဘယ်အရာကို သတိထား​သင့်​သနည်း။

၁၂ သတိ​မထား​ပါ​က ကျွန်ုပ်​တို့​သွန်သင်ပေး​ရာ​တွင် ကိုယ်ပိုင်​အကြိုက်​များ၊ ကိုယ်ပိုင်​ထင်မြင်ချက်​များ ထည့်သွင်း​မိ​ပေမည်။ ယေဟောဝါ​အဖွဲ့အစည်း​၏​သွန်သင်ချက်​နှင့် ဆန့်ကျင်​နေလျှင်​ပင် မိမိ၏​ကောက်ချက်​များ​မှန်သည်​ဟု ယုံကြည်​စိတ်ချ​နေတတ်​သူ​တစ်ဦး​အဖို့ ယင်း​သို့​ပြု​မိ​ရန် အထူး​စိုးရိမ်​စ​ရာ​ရှိသည်။ အသင်းတော်တွင် သွန်သင်ပေး​သူများ​သည် သိုးများ​ကို​ထိမိ​၍​လဲ​စေနိုင်​သော ကိုယ်ပိုင်​အယူအဆ​များ​ကို​မဟုတ်ဘဲ ဘုရားသခင့်​ထံ​တော်​မှ အသိပညာကို​စွဲကိုင်​ထား​ကြလိမ့်မည်​ဟု မျှော်လင့်သင့်​ကြောင်း မာလခိ​အခန်းကြီး ၂ က​ဖော်ပြ​သည်။ ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ့ကို​ယုံကြည်​သော ဤ​သူငယ်​တစ်စုံ​တစ်ယောက်ကို အကြင်သူသည်​မှားယွင်း​စေ​၏။ ထို​သူသည် လည်ပင်း​၌​ကြိတ်ဆုံ​ကျောက်​ကို​ဆွဲ​၍ နက်နဲ​သော​ပင်လယ်​၌ နှစ်မြှုပ်​ခြင်း​ကို​ခံရ​သော် အနေ​သာ၍​ကောင်း​၏။”—မဿဲ ၁၈:၆

မယုံကြည်​သူ​တစ်ဦး​ကို ထိမ်းမြားခြင်း

၁၃၊ ၁၄။ မာလခိ​အာရုံစိုက်​စေသော သစ္စာမဲ့​လမ်းစဉ်​တစ်ခု​ကား အဘယ်နည်း။

၁၃ မာလခိ​အခန်းကြီး ၂ ၏ အခန်းငယ် ၁၀ မှ​စ၍ သစ္စာမဲ့​ခြင်း​ကို သာ၍​ပင် တိုက်ရိုက်​အလေးပေး​ဖော်ပြ​သည်။ မာလခိ​သည် ဆက်စပ်နေသော​လမ်းစဉ်​နှစ်ခု​ကို အာရုံစိုက်​ပြီး ၎င်း​တို့​နှင့်​ပတ်သက်​၍ “သစ္စာဖျက်” ဟူသော​စကားလုံး​ကို ထပ်ခါတလဲ​အသုံးပြု​ခဲ့​သည်။ ဦးဆုံး၊ သူ၏​ဆုံးမ​စကား​ကို ဤ​မေးခွန်းများ​ဖြင့်​အစပျိုး​ခဲ့​ကြောင်း သတိပြုပါ– “ခပ်သိမ်း​သော​ငါ​တို့​၌ တစ်ပါး​တည်း​သော​အဘ​ရှိသည်​မဟုတ်လော။ တစ်ပါး​တည်း​သော​ဘုရားသခင်​သည် ငါ​တို့ကို​ဖန်ဆင်း​သည်မဟုတ်​လော။ ဘိုးဘေး​တို့​နှင့်​ဖွဲ့​တော်​မူ​သော ပဋိညာဉ်​ကို​ရှုတ်ချ​၍ ငါ​တို့သည် အဘယ်ကြောင့်​တစ်ယောက်ကို​တစ်ယောက် သစ္စာဖျက်​ကြ​သနည်း။” ထို့နောက် အခန်းငယ် ၁၁ က​ထပ်ဆင့်၍ ဣသရေလ​အမျိုး​၏ သစ္စာမဲ့​လမ်းစဉ်သည် ‘ယေဟောဝါ​၏​သန့်ရှင်းခြင်း’ ကို​ရှုတ်ချ​ရာ​ရောက်​သည်​ဟု​ဆို​၏။ သူတို့​အဘယ်​အမှုကိုပြု​လုပ်​နေကြ​၍ ဤမျှ​အပြစ်ကြီး​လေး​နေသနည်း။ ထို​အခန်းငယ်​က မှားယွင်းသော​အကျင့်​တစ်ခု​ကို​ဖော်ပြ​သည်– သူတို့သည် “တစ်ပါး​အမျိုး​ဘုရား​၏​သမီး​နှင့် လက်ထပ်” ခဲ့​ကြသည်။

၁၄ တစ်နည်း​အားဖြင့် ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံ​ထား​ကြသော လူမျိုး​တွင်​ပါဝင်သူ ဣသရေလ​အချို့​သည် ကိုယ်တော်​အား​ဝတ်မပြု​သူတို့ကို ထိမ်းမြား​ခဲ့​ကြသည်။ ထိုသို့​ပြုခြင်း​သည် အဘယ်ကြောင့် ဤမျှ​အပြစ်ကြီး​လေး​ရ​ကြောင်း ထို​ကျမ်းချက်​၏​ရှေ့နောက်စကား​က သဘောပေါက်​စေ​သည်။ သူတို့၌ အဘ​တစ်ပါး​တည်း​ရှိသည်​ဟု အခန်းငယ် ၁၀ က​ဆို​၏။ ဤ​အဘသည် (ဣသရေလ​ဟု​အမည်သစ်​ရသော) ယာကုပ်​မဟုတ်၊ အာဗြဟံ​လည်း​မဟုတ်၊ အာဒံ​ပင်မ​ဟုတ်​ပေ။ ထို “တစ်ပါး​တည်း​သော​အဘ” သည် ယေဟောဝါ​ဖြစ်​ကြောင်း မာလခိ ၁:၆ က​ဖော်ပြ​သည်။ ဣသရေလ​လူမျိုး​သည် ကိုယ်တော်​နှင့်​ဆက်ဆံ​ရေး​ရှိပြီး သူတို့၏​ဘိုးဘေး​များနှင့်​ဖွဲ့​သော ပဋိညာဉ်​၌ ပါဝင်သူ​များ​ဖြစ်​ကြသည်။ ထို​ပဋိညာဉ်​၏​ပညတ်ချက်​တစ်ခု​ကား ဤသို့– “သူတို့နှင့်​စုံဖက်​ခြင်း​ကို မပြုရ။ သင်၏​သမီးကို သူ၏​သား​နှင့်​လည်းကောင်း၊ သင်၏​သားကို သူ၏​သမီး​နှင့်​လည်းကောင်း ထိမ်းမြား​ပေး​စားခြင်း​ကို​မပြုရ။”—တရားဟောရာ ၇:၃

၁၅။ (က) မယုံကြည်​သူ​တစ်ဦး​နှင့် ထိမ်းမြားခြင်း​ကို အချို့ မည်သို့​ကြိုးစား​ဆင်ခြေပေး​သနည်း။ (ခ) အိမ်ထောင်ပြုခြင်း​ကိစ္စ​နှင့်​ပတ်သက်​၍ ယေဟောဝါ​မည်သို့​ဆို​သနည်း။

၁၅ ယနေ့ အချို့​သူတို့က ဤသို့​ဆင်ခြေပေး​မည်– ‘ငါ​စိတ်ဝင်စား​နေတဲ့​သူက သိပ်​သဘောကောင်း​တာ။ အချိန်တန်​ရင် စစ်မှန်​တဲ့​ဝတ်ပြုရေးကို သူ​လက်ခံ​ကောင်း​လက်ခံ​လာ​မှာ​ပါ။’ ထိုသို့​တွေးတောခြင်း​သည် ဤ​မှုတ်သွင်းခံ​သတိပေး​ချက် မှန်ကန်ကြောင်း​ထောက်ခံ​သည်– “စိတ်နှလုံး​သည် ခပ်သိမ်း​သော​အရာ​ထက် စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏။” (ယေရမိ ၁၇:၉) မယုံကြည်​သူ​တစ်ဦး​နှင့် ထိမ်းမြားခြင်း​ကို ဘုရားသခင်​မည်သို့​ရှုမြင်​ကြောင်း မာလခိ ၂:၁၂ က​ဤသို့​ဖော်ပြ​သည်– “ထိုသို့​ပြုသော . . . သူကို . . . ပယ်​ဖြတ်​တော်​မူ​မည်။” ထို့​ကြောင့် “သခင်​ဘုရား​၌​သာ” ထိမ်းမြား​ဖို့ ခရစ်ယာန်​များ​ကို တိုက်တွန်း​ထား​သည်။ (၁ ကောရိန္သု ၇:၃၉) ခရစ်ယာန်​အစီအစဉ်​စနစ်​အောက်တွင် မယုံကြည်​သူ​တစ်ဦး​ကို ထိမ်းမြားခြင်း​အတွက် ယုံကြည်သူ​သည် “ပယ်​ဖြတ်” မခံရ​ပါ။ သို့​တိုင် မယုံကြည်​သူသည် ဆက်၍​မယုံကြည်​သူ​ဖြစ်​နေလျှင် ဤ​အစီအစဉ်ကို ဘုရားသခင် မကြာမီ ဆုံးခန်းတိုင်​စေသော​အခါ ထို​သူ​မည်သို့​ဖြစ်သွား​မည်​နည်း။—ဆာလံ ၃၇:၃၇၊ ၃၈

အိမ်ထောင်ဖက်​အား မတော်မတရား​ပြုခြင်း

၁၆၊ ၁၇။ အချို့​သူတို့​လိုက်နေ​ကြသော သစ္စာမဲ့​လမ်းစဉ်​ကား အဘယ်နည်း။

၁၆ ထို့နောက် ဒုတိယ​သစ္စာဖျက်​မှု​ကို မာလခိ​ဆင်ခြင်​သုံးသပ်​သည်၊ ၎င်း​ကား အိမ်ထောင်ဖက်​ကို မတော်မတရား​ပြုခြင်း အထူးသဖြင့် မတရား​သဖြင့်​ကွာရှင်း​ခြင်း ဖြစ်သည်။ အခန်းကြီး ၂ အခန်းငယ် ၁၄ က​ဤသို့​ဆို​သည်– “သင့်​အသက်​ပျိုစဉ်အခါ လက်​ထပ်၍ နောက်​တစ်ဖန်​သစ္စာ​မ​စောင့်၊ ပြစ်မှား​သော​မယား​တစ်ဖက်​နှင့် သင့်တစ်ဖက်​၌ ထာဝရ​ဘုရား​သည် သက်သေ​ဖြစ်​တော်​မူ​၏။ ထို​မယား​သည် သင်၏​အဆွေ​ခင်ပွန်း၊ သင်​ဖွဲ့​သော​ပဋိညာဉ်​နှင့်​ဆိုင်သော မယား​ဖြစ်​သတည်း။” ဂျူး​လင်ယောက်ျား​များသည် သူတို့၏​ဇနီး​မယား​များ​ကို သစ္စာဖျက်​ကြ​ခြင်း​အားဖြင့် ယေဟောဝါ​၏​ယဇ်ပလ္လင်ကို ‘မျက်ရည်​နှင့်​ဖုံးအုပ်’ သကဲ့သို့​ဖြစ်စေ​ခဲ့​ကြပြီ။ (မာလခိ ၂:၁၃) ထို​အမျိုးသားများသည် သူတို့၏​ငယ်​ပေါင်း​ဇနီး​များ​ကို အကြောင်း​အမျိုးမျိုးဖြင့် ကွာရှင်း​ကာ မတရား​သဖြင့်​စွန့်ခွာ​နေခဲ့​ကြသည်၊ သာ၍​နုပျို​သော သို့​မဟုတ် အယူမှား​အမျိုးသမီးများ​ကို ထိမ်းမြား​ဖို့​ဖြစ်​နိုင်​သည်။ ထိုသို့​ပြုခြင်း​ကို အကျင့်ပျက်​ယဇ်ပုရောဟိတ်​များ​က​လည်း ခွင့်ပြု​ခဲ့​ကြသည်! သို့​တိုင် မာလခိ ၂:၁၆ က​ဤသို့​ဆို​၏– “မယား​ကို​စွန့်​ခြင်း​အမှု . . . ကို​ငါ​မုန်းသည်​ဟု ဣသရေလ​အမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​မိန့်တော်မူ၏။” နောက်ပိုင်း​တွင် ယေရှု​က အကျင့်​ယိုယွင်းခြင်း တစ်ခု​တည်း​ဖြင့်​သာ အိမ်ထောင်​ကွာရှင်း​နိုင်​ပြီး အပြစ်မဲ့​အိမ်ထောင်ဖက်​အား နောက်​အိမ်ထောင်ပြု​ခွင့်​ရှိစေသည်​ဟု ဖော်ပြ​ခဲ့​သည်။—မဿဲ ၁၉:၉

၁၇ မာလခိ​၏​စကား​ကို အသေအချာ​ပြန်​သုံးသပ်​ကာ ၎င်း​သည် ကြင်နာ​တတ်သော အရင်းခံ​သဘော​ရှိ​သူများ​အတွက် မည်မျှ​နှစ်သက်ဖွယ်​ဖြစ်သည်​ကို စဉ်းစား​ကြည့်​ပါ။ သူက “သင်၏​အဆွေ​ခင်ပွန်း၊ သင်​ဖွဲ့​သော​ပဋိညာဉ်​နှင့်​ဆိုင်သော မယား” ဟု​ဆို​သည်။ ထိုသို့​ပြုသော​အမျိုးသား​တစ်ဦးစီ​သည် ဝတ်ပြုသူချင်း​တစ်ဦး​ဖြစ်သည့် ဣသရေလ​အမျိုးသမီး​တစ်ဦး​ကို ချစ်​မြတ်နိုးဖွယ်​အဖော်အဖက်၊ ဘဝ​ခရီး​ဖော်​အဖြစ် ရွေးချယ်​ပြီး ထိမ်းမြား​ခဲ့​သည်။ သူတို့​နှစ်ဦးစလုံး ငယ်ရွယ်​နုပျို​စဉ်​က ထိမ်းမြား​လက်ထပ်ခဲ့​ကြ​ခြင်း​ဖြစ်​နိုင်​သည်၊ သို့သော် အချိန်​ကုန်လွန်​လာ​ခဲ့​ပြီး အသက်အရွယ်​ကြီးရင့်​လာပြီ​ဖြစ်သော​ကြောင့် သူတို့​ဖွဲ့​ခဲ့​သော​ပဋိညာဉ်၊ တစ်နည်း​အားဖြင့် အိမ်ထောင်ရေး​စာချုပ် ပျက်ပြယ်​မသွား​ပါ။

၁၈။ သစ္စာမဲ့​ခြင်း​နှင့်​ဆိုင်သော မာလခိ​၏​ဆုံးမ​စကား​သည် ယနေ့ အဘယ်​နည်းများဖြင့်​သက်ဆိုင်​သနည်း။

၁၈ ထို​ကိစ္စ​နှင့်​ပတ်သက်သော ဆုံးမ​စကား​သည် ယနေ့လည်း ထပ်တူ​ထပ်​မျှ​သက်ဆိုင်​သည်။ သခင်​ဘုရား​၌​သာ​ထိမ်းမြားခြင်း​ဆိုင်ရာ ဘုရားသခင့်​ညွှန်ကြားချက်​ကို အချို့​အလေး​မထား​ကြ​ခြင်း​သည် ဝမ်းနည်းစရာပင်။ ထို့​ပြင် မိမိတို့၏​အိမ်ထောင်ရေး​ကို ဆက်၍​ခိုင်မြဲ​နေ​စေရန် ကြိုးစား​မပြု​လုပ်​သူ​အချို့​ရှိ၍​လည်း ဝမ်းနည်းစရာ​ဖြစ်သည်။ ထိုသို့​ပြု​ကြ​မည့်​အစား သူတို့သည် ဆင်ခြေ​များ​ပေး​ကြ​ပြီး အခြားသူ​တစ်ဦး​ကို​ထိမ်းမြား​ရန် ကျမ်းစာ​နှင့်​မညီညွတ်​သော​နည်းဖြင့် ကွာရှင်း​ပြီး ဘုရားသခင်​မုန်း​သော​လမ်းစဉ်​ကို​လိုက်​ကြသည်။ ဤသို့​ပြု​ကြ​ခြင်း​အားဖြင့် သူတို့သည် ‘ယေဟောဝါ​၏​နား​တော်​ငြီး​စေ​ခဲ့​၏။’ မာလခိ​ခေတ်​က ဘုရားသခင့်​လမ်းညွှန်ချက်ကို လျစ်လျူရှု​သူတို့သည် ယေဟောဝါ​၏​ရှုမြင်ပုံ​များ ကျိုးကြောင်း​မညီညွတ်​ဟု​ပင် အတင့်ရဲ​စွာ ယူမှတ်ခဲ့​ကြသည်။ အမှန်​မှာ သူတို့က “စစ်ကြော [“တရား​သဖြင့်၊” က​ဘ] စီရင်တော်မူ​သော​ဘုရားသခင်​ကား အဘယ်​မှာ​ရှိ​သနည်း” ဟု​ဆို​ခဲ့​ကြသည်။ အမှန်တကယ်​စဉ်းလဲ​ဖောက်ပြန်သော အတွေးအခေါ်​ပါ​တကား! ထို​ထောင်ချောက်​ထဲ​သို့ ကျွန်ုပ်​တို့​မကျရောက်​ကြ​ပါစေ​နှင့်။—မာလခိ ၂:၁၇

၁၉။ လင်ယောက်ျား​များနှင့် ဇနီးသည်​များသည် ဘုရားသခင့်​ဝိညာဉ်​တော်​တန်ခိုး​ကို မည်သို့​ခံစား​နိုင်​ကြ​သနည်း။

၁၉ အကောင်း​ဘက်​မှ​ကြည့်​လျှင် လင်ယောက်ျား​အချို့​သည် မိမိတို့​ဇနီး​များ​အပေါ် သစ္စာ​မ​ဖျက်​ကြောင်း မာလခိ​ဖော်ပြ​ခဲ့​သည်။ သူတို့၌ ‘ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်​တော် ကြွင်းကျန်​၏။’ (အခန်းငယ် ၁၅) ယနေ့ ဘုရားသခင်​၏​အဖွဲ့အစည်း​တွင် ‘ကိုယ်​ခင်ပွန်း​ကို​ဂုဏ်တင်’ ကြသော ထိုသို့​သော​အမျိုးသား မြောက်မြားစွာ​ရှိ​ခြင်း​သည် ဝမ်းသာစရာ​ပင်။ (၁ ပေတရု ၃:၇) သူတို့သည် မိမိတို့၏​ဇနီး​မယား​များ​ကို ကာယရေး​အရ​ဖြစ်စေ၊ နှုတ်​အားဖြင့်​ဖြစ်စေ မတော်မတရား​မပြု​ကြ​ချေ၊ ယုတ်ညံ့​သော​လိင်ဆိုင်ရာ​အကျင့်​များ​ကို​ပြု​ဖို့ မတောင်းဆို၊ အခြား​အမျိုးသမီးများနှင့် ပရောပရည်​လုပ်ခြင်း၊ သို့​မဟုတ် အ​ပြာ​စာပေ၊ ရုပ်ပုံများ​ကြည့်​ခြင်း​အားဖြင့် မိမိတို့​ဇနီး​များ​ကို သိက္ခာ​မချ​ကြ​ပါ။ ယေဟောဝါ​၏​အဖွဲ့အစည်း​တွင် ဘုရားသခင်​နှင့် ကိုယ်တော်​၏​ပညတ်တော်​များ​ကို သစ္စာ​မ​ဖျက်​ကြသော တည်ကြည်​သည့်​ခရစ်ယာန်​ဇနီး မြောက်မြားစွာ​ရှိသည့်​အတွက်​လည်း ဝမ်းသာစရာ​ပင်။ ထို​အမျိုးသား၊ အမျိုးသမီး​အားလုံး​သည် အဘယ်အရာကို ဘုရားသခင်​ရွံမုန်း​ကြောင်း​သိထားကြ​၍ ထို​အတိုင်း​တွေးခေါ်​ပြုမူ​ကြသည်။ သူတို့​နည်းတူ ဆက်၍ ‘ဘုရားသခင်​ကို အုပ်စိုးရှင်​အဖြစ် နာခံ’ ပြီး ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​တန်ခိုး​ကို ခံစား​နေကြပါ။—တမန်​တော် ၅:၂၉

၂၀။ လူသား​အားလုံး​အတွက် အဘယ်​အချိန်​ရောက်လု​နီးပြီ​နည်း။

၂၀ များ​မကြာမီ ဤ​လောက​တစ်ခုလုံး​ကို ယေဟောဝါ​တရား​စီရင်​ပါ​တော့​မည်။ လူတိုင်း မိမိ၏​ယုံကြည်ချက်များ​နှင့် အပြု​အမူ​များ​အတွက် ဘုရားသခင်​ရှေ့ စာရင်း​ရှင်း​ခံရ​ပါ​လိမ့်​မည်။ “ငါ​တို့​ရှိသမျှသည် ဘုရားသခင်​စစ်ကြော​တော်​မူ​ခြင်း​ကို ခံရ​ကြ​မည်။” (ရောမ ၁၄:၁၂) ထို့​ကြောင့် ဤ​တွင် စိတ်ဝင်စားစရာ​မေးခွန်း​မှာ ယေဟောဝါ​၏​နေ့ကို မည်သူ​ကပ်ကျော်​မည်​နည်း ဟူ၍​ဖြစ်သည်။ ဆက်​လေ့လာ​မည့် တတိယ​နှင့် နောက်ဆုံး​ဆောင်းပါး​တွင် ထို​အကြောင်းအရာကို ဆွေးနွေး​ကြ​ပါ​မည်။

သင်​ရှင်းပြ​နိုင်​သလော

• ယေဟောဝါ​သည် ဣသရေလ​နိုင်ငံ​ရှိ ယဇ်ပုရောဟိတ်​များ​ကို အဘယ်​အခြေခံ​အကြောင်းရင်း​အတွက် ပြစ်တင်​ရှုတ်ချခဲ့​သနည်း။

• ဘုရားသခင့်​စံနှုန်း​များသည် လူသားများ​လိုက်နာ​ဖို့ အဘယ်ကြောင့်​မခက်ခဲ​လွန်း​သနည်း။

• ယနေ့ ကျွန်ုပ်​တို့၏​သွန်သင်ချက်​ကို အဘယ်ကြောင့်​သတိပြု​သင့်​သနည်း။

• ယေဟောဝါ​သည် အဘယ်​အကျင့်​နှစ်ခု​ကို အထူး​ပြစ်တင်​ရှုတ်ချခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို မလိုက်နာ​ခဲ့​ကြ​သဖြင့် မာလခိ​ခေတ်​က ယဇ်ပုရောဟိတ်​များ​ပြစ်တင်​ရှုတ်ချ​ခံ​ခဲ့​ရ​ကြ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကိုယ်ပိုင်​အကြိုက်​များ​ကို​မဟုတ်ဘဲ ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို သွန်သင်ပေး​ရန် ကျွန်ုပ်​တို့​ဂရုပြု​ရ​ကြ​မည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အသေးအဖွဲ​အကြောင်းပြချက်​များ​ဖြင့် မိမိတို့​ဇနီး​များ ကို​ကွာရှင်း​ပြီး အယူမှား​အမျိုးသမီးများနှင့် ထိမ်းမြား​ခဲ့​ကြသော ဣသရေလ​အမျိုးသားများ​ကို ယေဟောဝါ​ပြစ်တင်​ရှုတ်ချခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယနေ့ ခရစ်ယာန်​များသည် မိမိတို့၏ အိမ်ထောင်မင်္ဂလာ​ပဋိညာဉ်​ကို လေးစား​ကြ