တည်ကြည်ဖြောင့်မတ်ခြင်းက ရိုးဖြောင့်သူများကို ဦးဆောင်လမ်းပြ
တည်ကြည်ဖြောင့်မတ်ခြင်းက ရိုးဖြောင့်သူများကို ဦးဆောင်လမ်းပြ
“လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ [ဆင်းရဲခြင်း]နှင့်ပြည့်စုံပါ၏” ဟု သမ္မာကျမ်းစာက ဆိုသည်။ (ယောဘ ၁၄:၁) နာကျင်ခြင်းနှင့် ဆင်းရဲခြင်းသည် လူ့ဘဝ၏ဖြစ်ရိုးဖြစ်စဉ်ဟု ထင်မြင်ရဖွယ်ရှိ၏။ နေ့စဉ်အသက်တာတွင်ပင် စိုးရိမ်ပူပန်မှုများ၊ မငြိမ်မသက်ဖြစ်မှုများ ပြည့်နှက်နေ၏! ခက်ခဲသောအခြေအနေများကို အောင်မြင်စွာကျော်လွှားနိုင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို လမ်းပြပြီး ဘုရားသခင်ရှေ့ ဖြောင့်မတ်သောအနေအထား ဆက်ရှိစေမည်နည်း။
လွန်ခဲ့သောအနှစ် ၃,၅၀၀ ခန့်က ယခု အာရေဗျဟုခေါ်သောနေရာတွင် နေထိုင်ခဲ့သည့် လူကုံထံယောဘ၏ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ စာတန်သည် ဘုရားသခင်ကိုကြောက်ရွံ့သော ဤသူအပေါ် ဘေးဆိုးများ ကျရောက်စေခဲ့သည်! သူ၏သိုးနွားတိရစ္ဆာန်ရှိသမျှမက ချစ်ရသောသားသမီးများကိုပါ ဆုံးရှုံးခဲ့ရ၏။ ထို့နောက်မကြာမီ ယောဘ၏ခြေဖဝါးမှ ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများကို စာတန်ပေါက်စေခဲ့၏။ (ယောဘအခန်းကြီး ၁၊ ၂) မိမိအပေါ် ဘေးဆိုးများ အဘယ်ကြောင့်ကျရောက်နေသည်ကို ယောဘမသိခဲ့ချေ။ သို့တိုင် “ယောဘသည် . . . နှုတ်ဖြင့်မျှမမှားယွင်း” ခဲ့ပေ။ (ယောဘ ၂:၁၀) “ငါသည် ကိုယ်သဘောဖြောင့်သည်ကို သေသည်တိုင်အောင်မငြင်း” ဟုသူပြောခဲ့သည်။ (ယောဘ ၂၇:၅) မှန်ပါသည်၊ ယောဘ၏တည်ကြည်ဖြောင့်မတ်ခြင်းက စမ်းသပ်မှုများကို ကျော်လွှားနိုင်ဖို့ လမ်းညွှန်ပေးခဲ့သည်။
တည်ကြည်ဖြောင့်မတ်ခြင်းဟူသည် ကိုယ်ကျင့်တရား ကြံ့ခိုင်ခြင်း၊ ပြည့်စုံခြင်းဖြစ်ပြီး ဘုရားသခင်၏အမြင်တွင် အပြစ်မဲ့ခြင်း၊ အပြစ်ကင်းစင်ခြင်းတို့ ပါဝင်ပတ်သက်၏။ သို့သော် ယင်းက ဘုရားသခင်၏စံနှုန်းများကို အပြည့်အဝလိုက်မမီနိုင်သည့် မစုံလင်သောလူသားများ၏ အပြောအဆို၊ အပြုအမူတို့တွင် စင်းလုံးချောဖြစ်ရမည်ဟု ဆိုလိုနေခြင်းမဟုတ်ချေ။ ၎င်းအစား၊ လူ၏တည်ကြည်ဖြောင့်မတ်ခြင်းသည် ယေဟောဝါအပေါ်၊ ကိုယ်တော်၏အလိုတော်ဆောင်ခြင်းနှင့် ရည်ရွယ်ချက်ပြည့်စုံခြင်းအတွက် စိတ်နှလုံးအကြွင်းမဲ့အပ်နှံခြင်းကို ဆိုလို၏။ ဤသို့သော ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းသည် ရိုးဖြောင့်သူများကို အခြေအနေအမျိုးမျိုးအောက်၊ အချိန်အခါမရွေး ဦးဆောင်လမ်းပြသည်။ ကျွန်ုပ်တို့၏တည်ကြည်ဖြောင့်မတ်ခြင်းသည် ဘဝကဏ္ဍအသီးသီးတွင် လမ်းပြပေးနိုင်သည့်အပြင် အကျိုးကျေးဇူးများခံစားရမည်ဟု စိတ်ချစေကြောင်း နယပုံပြင်ကျမ်း၏ အခန်းကြီး ၁၁ ပထမပိုင်းက ဖော်ပြသည်။ သို့ဖြစ်၍ စိတ်ဝင်စားစွာဖြင့် ထိုတွင်မှတ်တမ်းတင်ထားရာကို သုံးသပ်ကြည့်ကြစို့။
စီးပွားရေးလုပ်ငန်းတွင် တည်ကြည်ဖြောင့်မတ်ခြင်းက ရိုးသားမှုရှိစေ
ရှေးဣသရေလရှင်ဘုရင် ရှောလမုန်သည် ဥပဒေဝေါဟာရများကိုမသုံးဘဲ ရိုးသားခြင်းမူကို ကဗျာလင်္ကာဖြင့် ဤသို့ပေါ်လွင်စေခဲ့၏– “မမှန်သောချိန်ခွင်သည် ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဖွယ်၊ မှန်သောအလေးမူကား နှစ်သက်တော်မူဖွယ်ဖြစ်၏။” (သု. ၁၁:၁) ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုသူများကို စီးပွားရေးတွင် ရိုးသားစေလို၍ နယပုံပြင်ကျမ်း၌ ချိန်ခွင်နှင့် အလေးကို အသုံးပြုတင်စားဖော်ပြသည့်လေးကြိမ်တွင် ပထမအကြိမ်ဖြစ်သည်။—သု. ၁၆:၁၁; ၂၀:၁၀၊ ၂၃။
မမှန်သောချိန်ခွင် အသုံးပြုခြင်းဖြင့်၊ သို့မဟုတ် မရိုးမသားပြုခြင်းဖြင့် ကြီးပွားချမ်းသာခြင်းက သွေးဆောင်မှုဖြစ်ပေမည်။ သို့သော်
လူ့ကျင့်ဝတ်နှင့်မညီသည့် စီးပွားရေးကိုလုပ်ခြင်းဖြင့် ဘုရားသခင်၏ အကောင်း၊ အဆိုးစံနှုန်းများကို သင်အမှန်ပင်စွန့်ပစ်လိုသလော။ တည်ကြည်ဖြောင့်မတ်လိုလျှင် ထိုသို့ပြုမည်မဟုတ်ပေ။ ရိုးသားမှုကိုဖော်ပြသည့် မှန်သောအလေး၊ တိကျသောအလေးတို့ကို ယေဟောဝါနှစ်သက်တော်မူသောကြောင့် မရိုးသားမှုကို ကျွန်ုပ်တို့ရှောင်ကြ၏။‘ကျိုးနွံသူတို့ကား ပညာရှိ’
ရှင်ဘုရင်ရှောလမုန်က ဤသို့ဆက်ဆို၏– “မာနထောင်လွှား [“ရောင့်တက်၊” ကဘ] သောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချ [“ကျိုးနွံ၊” ကဘ] သောသူတို့၌ကား ပညာရှိ၏။” (သု. ၁၁:၂) မာနကြီးခြင်းဖြင့်ဖြစ်စေ၊ နာခံမှုမရှိခြင်းဖြင့်ဖြစ်စေ၊ မနာလိုဝန်တိုခြင်းဖြင့်ဖြစ်စေ ပြသသည့် ရောင့်တက်ခြင်းသည် အရှက်တကွဲဖြစ်စေတတ်၏။ အခြားတစ်ဖက်တွင်မူ၊ ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို နှိမ့်ချစွာအသိအမှတ်ပြုခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏။ ကျမ်းစာပုံနမူနာများသည် ဤနယပုံပြင်ကျမ်း၏အမှန်တရားကို ကောင်းစွာဖော်ပြပါသည်တကား!
မနာလိုဝန်တိုသော လေဝိသားကောရသည် ယေဟောဝါခန့်အပ်ထားသူ မောရှေနှင့်အာရုန်တို့၏ အခွင့်အာဏာကို ဆန့်ကျင်ပုန်ကန်သည့်လူအုပ်ကို ဦးဆောင်ခဲ့သည်။ ထိုရောင့်တက်ခြင်း၏ရလဒ်ကား အဘယ်နည်း။ ပုန်ကန်သူအချို့ကို ‘မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ မျိုလေ’ ၏၊ ကောရအပါအဝင် အခြားသူများကိုမူ မီးဝါးမျိုသွားလေ၏။ (တောလည်ရာ ၁၆:၁-၃၊ ၁၆-၃၅; ၂၆:၁၀; တရားဟောရာ ၁၁:၆) အရှက်ကွဲလေသတည်း! ပဋိညာဉ်သေတ္တာ ပြုတ်ကျမသွားရန် ရောင့်တက်စွာလှမ်းကိုင်လိုက်သည့် ဩဇအကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ သူသည် ချက်ချင်းပင် သေဒဏ်စီရင်ခံခဲ့ရ၏။ (၂ ဓမ္မရာဇဝင် ၆:၃-၈) ရောင့်တက်ခြင်းကို ရှောင်ကြဉ်ရန် တကယ်အရေးကြီးသည်တကား!
နှိမ့်ချကျိုးနွံသူတစ်ဦးသည် အပြစ်လုပ်မိလျှင်ပင် အရှက်ခွဲမခံရချေ။ ယောဘသည် နည်းအမျိုးမျိုးဖြင့် အတုယူအပ်သော်လည်း ချွတ်ယွင်းချက်ရှိခဲ့၏။ သူခံရသောစမ်းသပ်မှုများက သူ၏စဉ်းစားတွေးခေါ်မှုအချို့တွင် ကြီးလေးသည့်ချွတ်ယွင်းချက်ရှိကြောင်း ထင်ရှားစေခဲ့သည်။ ယောဘသည် သူ့အားစွပ်စွဲသူများကို ချေပပြောဆိုခြင်းဖြင့် တစ်ဖက်စွန်းရောက်ကြောင်းထင်ရှား၏။ မိမိသည် ဘုရားသခင်ထက်ပင် ဖြောင့်မတ်၏ဟု ယောဘပြောသယောင်ရှိနေသည်။ (ယောဘ ၃၅:၂၊ ၃) ယေဟောဝါသည် ယောဘ၏အတွေးအခေါ်ကို မည်သို့တည့်မတ်ပေးခဲ့သနည်း။
ယေဟောဝါသည် ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာ၊ ကြယ်အတိပြီးသောကောင်းကင်၊ တိရစ္ဆာန်အချို့နှင့် ဖန်ဆင်းခြင်းမှအံ့ဖွယ်ရာအချို့ကို ထောက်ပြပြီး ဘုရားသခင်၏ကြီးမြတ်မှုနှင့် လူ၏သေးသိမ်မှုကို နှိုင်းယှဉ်ပြ၍ ယောဘကို သင်ခန်းစာပေးခဲ့သည်။ (ယောဘအခန်းကြီး ၃၈-၄၁) ယေဟောဝါမိန့်ဆိုခဲ့သမျှတွင် ယောဘ အဘယ်ကြောင့်ဆင်းရဲခံနေရကြောင်း မဖော်ပြခဲ့ချေ။ ဖော်ပြစရာလည်း မလိုခဲ့ပေ။ ယောဘသည် ကျိုးနွံမှုရှိ၏။ မိမိနှင့် ဘုရားသခင်သည် အလွန်ကွာခြားကြောင်း၊ မိမိ၏မစုံလင်မှု၊ အားနည်းချက်များနှင့် ယေဟောဝါ၏ဖြောင့်မတ်မှု၊ တန်ခိုးအာဏာသည် အခြားကြီးခြားနားကြောင်း ယောဘ နှိမ့်ချစွာအသိအမှတ်ပြုခဲ့သည်။ သူက “အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏” ဟုဆိုခဲ့သည်။ (ယောဘ ၄၂:၆) ယောဘ၏တည်ကြည်ဖြောင့်မတ်ခြင်းက အပြစ်ဖော်ပြဆုံးမခံရခြင်းကို တလိုတလားလက်ခံစေခဲ့သည်။ ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့သည် ဆုံးမခံရသည့်အခါ၊ တည့်မတ်ပေးခံရသည့်အခါ တည်ကြည်ဖြောင့်မတ်ခြင်း၏လမ်းပြမှုဖြင့် ၎င်းကိုတလိုတလားလက်ခံပါမည်လော။
မောရှေလည်း ကျိုးနွံနှိမ့်ချသူတစ်ဦးဖြစ်၏။ သူသည် အခြားသူများ၏ပြဿနာများကို ဖြေရှင်းပေးနေ၍ ပင်ပန်းနွမ်းနယ်လာသောအခါ သူ၏ယောက္ခထီး ယေသရောက အရည်အချင်းရှိသည့် တခြားသူများကို တာဝန်အချို့လွှဲပြောင်းပေးရန် လက်တွေ့ကျအကြံဉာဏ်ပေးခဲ့သည်။ မောရှေသည် မိမိ၏ကန့်သတ်ချက်များကို အသိအမှတ်ပြု၍ ဤအကြံပြုချက်ကို ပညာရှိစွာလက်ခံခဲ့၏။ (ထွက်မြောက်ရာ ၁၈:၁၇-၂၆; တောလည်ရာ ၁၂:၃) ကျိုးနွံသူတစ်ဦးသည် အခြားသူများကို အခွင့်အာဏာလွှဲပြောင်းပေးရန် တုံ့ဆိုင်းမည်မဟုတ်၊ အခြားအရည်အချင်းရှိသူများကို တာဝန်မျှဝေပေးခြင်းဖြင့် မိမိအခွင့်အာဏာ လျော့သွားမည်ဟူ၍လည်း စိုးရိမ်မည်မဟုတ်။ (တောလည်ရာ ၁၁:၁၆၊ ၁၇၊ ၂၆-၂၉) ထိုသို့ဖြစ်မည့်အစား သူသည် ဝိညာဉ်ရေးတွင် အခြားသူများကိုလည်း တိုးတက်စေလိုပေမည်။ (၁ တိမောသေ ၄:၁၅) ကျွန်ုပ်တို့လည်း အလားတူဖြစ်သင့်သည်မဟုတ်လော။
‘ဖြောင့်မတ်သူ၏လမ်းသည် ဖြောင့်၏’
တည်ကြည်ဖြောင့်မတ်ခြင်းသည် ရိုးဖြောင့်သူကို အန္တရာယ် သို့မဟုတ် ဘေးဆိုးမှ အစဉ်ကာကွယ်မပေးသည်ကို အသိအမှတ်ပြု၍ ရှောလမုန်က ဤသို့ဆိုသည်– “ရိုးဖြောင့်သူတို့၏ တည်ကြည်ဖြောင့်မတ်ခြင်းက သူတို့ကို ဦးဆောင်လမ်းပြ၏။ သို့သော် လှည့်စားသူတို့၏ တလွဲတချော်လိမ်လည်ခြင်းအားဖြင့် သူတို့ကို လုယက်လိမ့်မည်။” (သု. ၁၁:၃၊ ကဘ) တည်ကြည်ဖြောင့်မတ်ခြင်းသည် ရိုးဖြောင့်သူကို ဘုရားသခင့်ရှေ့မှောက်တွင်သာမက ခက်ခဲသောအခြေအနေများအောက်တွင်ပင် ဟုတ်ရာမှန်ရာကိုပြုလုပ်ရန် လမ်းပြပေးပြီး နောက်ဆုံး၌ အကျိုးကျေးဇူးများကို ခံစားစေသည်။ ယောဘသည် သူ၏တည်ကြည်ဖြောင့်မတ်ခြင်းကို မစွန့်ခဲ့သောကြောင့် ယေဟောဝါသည် “ယောဘ၏ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကို သာ၍ကောင်းချီးပေးတော်မူ” ၏။ (ယောဘ ၄၂:၁၂) သူတစ်ပါးကို အကျိုးယုတ်စေ၍ ကိုယ့်အကျိုးကိုရှာသော လှည့်ဖြားတတ်သူများသည် ကြီးပွားဟန်ရှိကောင်းရှိပေမည်။ သို့သော် အနှေးနှင့်အမြန်ဆိုသလို သူတို့၏မရိုးသားမှုက သူတို့ကိုပျက်စီးစေပါလိမ့်မည်။
“အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်း . . . မူကား သေခြင်းမှကယ်တင်တတ်၏” ဟုပညာရှိရှင်ဘုရင်က ဆိုသည်။ (သု. ၁၁:၄) စည်းစိမ်ဥစ္စာရှိဖို့ ပင်ပင်ပန်းပန်းကြိုးစားသော်လည်း ဘုရားသခင်အားချစ်သည့်မေတ္တာကို နက်ရှိုင်းစေပြီး ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုကို ပိုမိုခိုင်ခံ့မြဲမြံစေသော ကိုယ်ပိုင်လေ့လာမှု၊ ဆုတောင်းခြင်း၊ အစည်းအဝေးတက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုတို့အတွက်မူကား အချိန်မပေးခြင်းသည် မိုက်မဲလိုက်လေခြင်း! ဥစ္စာပစ္စည်းမည်မျှပင်ရှိပါစေ လာလတ္တံ့သော ကြီးစွာသောဆင်းရဲခြင်းမှ ကယ်နုတ်ပေးနိုင်မည်မဟုတ်ချေ။ (မဿဲ ၂၄:၂၁) ရိုးဖြောင့်သူများ၏ ဖြောင့်မတ်ခြင်းကသာ ကယ်နုတ်ပေးနိုင်ပါလိမ့်မည်။ (ဗျာဒိတ် ၇:၉၊ ၁၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ဇေဖနိ၏ဤအသနားခံချက်ကို နှလုံးသွင်းခြင်းသည် ပညာရှိရာရောက်၏– “ထာဝရဘုရား၏အမျက်တော်နေ့သည် သင်တို့အပေါ်သို့မရောက်မီ . . . တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့ ထာဝရဘုရားကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။” (ဇေဖနိ ၂:၂၊ ၃) ဤအချိန်အတောအတွင်း ‘ကျွန်ုပ်တို့၏အဖိုးထိုက်ရာများနှင့် ယေဟောဝါကို ဂုဏ်တင်’ ကြပါစို့။—သု. ၃:၉၊ ကဘ။
ဖြောင့်မတ်ခြင်းတရားလိုက်စားခြင်း၏တန်ဖိုးကို အလေးပေးဖော်ပြရာတွင် အပြစ်မဲ့သူ၏အကျိုးနှင့် ဆိုးညစ်သူ၏အကျိုးကို ရှောလမုန်က ဤသို့နှိုင်းယှဉ်ပြခဲ့သည်– “ဖြောင့်မတ်ခြင်း . . . သည် စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား မိမိမတရားသောအမှုအားဖြင့် ဆုံးရှုံးတတ်၏။ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ ဆိုးသောသူသည် သေသောအခါ မျှော်လင့်ခြင်းပျက်တတ်၏။ မတရားသောသူ၏ တောင့်တခြင်းလည်း ပျက်တတ်၏။ ဖြောင့်မတ်သောသူသည် [ဆင်းရဲခြင်း]ထဲက ထွက်မြောက်၍ သူ့ကိုယ်စား မတရားသောသူခံရ၏။” (သု. ၁၁:၅-၈) အပြစ်မဲ့သူသည် သူ၏လုပ်ရပ်များဖြင့် လဲကျခြင်းလည်းမရှိ၊ သူ၏အပြုအမူများဖြင့် ကျော့မိခြင်းလည်းမရှိချေ။ သူ၏လမ်းသည် ဖြောင့်မှန်၏။ ရိုးဖြောင့်သူသည် အဆုံး၌ ဆင်းရဲခြင်းမှ လွတ်မြောက်သွားသည်။ မတရားသောသူသည် တန်ခိုးကြီးဟန်ရှိသော်လည်း ထိုသို့သောလွတ်မြောက်ခြင်းကို သူတို့ရရှိမည်မဟုတ်ချေ။
“တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏”
ရိုးဖြောင့်သူ၏တည်ကြည်ဖြောင့်မတ်ခြင်းနှင့် ဆိုးသွမ်းသူများ၏မတရားမှုတို့သည်လည်း အခြားသူများအပေါ် အကျိုးသက်ရောက်၏။ ဣသရေလရှင်ဘုရင်က “အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား ပညာအတတ်အားဖြင့် အမှုလွတ်တတ်၏” ဟုဆိုသည်။ (သု. ၁၁:၉) သွားပုပ်လေလွင့်ပြောဆိုခြင်း၊ အကျိုးယုတ်စေသောအတင်းအဖျင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းနှင့် ထွေရာလေးပါးပြောဆိုခြင်းတို့သည် သူတစ်ပါးကိုထိခိုက်စေကြောင်း အဘယ်သူငြင်းဆိုမည်နည်း။ အခြားတစ်ဖက်တွင်မူ ရိုးဖြောင့်သူ၏စကားသည် သန့်ရှင်းစင်ကြယ်ပြီး ကောင်းစွာစဉ်းစား၍ သတိနှင့်ပြောဆို၏။ သူသည် အသိပညာအားဖြင် ကယ်တင်ခံရ၏၊ အကြောင်းမှာ သူ၏တည်ကြည်ဖြောင့်မတ်ခြင်းက သူ့အားစွပ်စွဲသူများသည် မုသားသုံးကြကြောင်း ထင်ရှားစေရန် ထောက်ပြချက်များကိုသိရှိစေ၏။
“တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား ကြွေးကြော်ခြင်းရှိ၏” ဟုရှင်ဘုရင်က ဆက်ပြောသည်။ (သု. ၁၁:၁၀) ရိုးဖြောင့်သူတို့ကို လူအများချစ်ခင်ကြ၍ သူတို့၏အိမ်နီးချင်းများသည် သူတို့ကြောင့်ရွှင်လန်းအားရကြ၏။ “မတရားသောသူ” ကိုမူ မည်သူမျှမနှစ်သက်ပါ။ မတရားသောသူ သေဆုံးသော အခါ သူတို့အတွက် လူအများက ဝမ်းနည်းပူဆွေးကြမည်မဟုတ်ချေ။ ယေဟောဝါသည် ‘မတရားသောသူတို့ကို ပြည်တော်မှပယ်ရှင်းပြီး လွန်ကျူးသောသူတို့ကို နုတ်ပစ်’ သောအခါ ဝမ်းနည်းခြင်းရှိကြလိမ့်မည်မဟုတ်ပေ။ (သု. ၂:၂၁၊ ၂၂) သူတို့ကို ဖယ်ရှင်းလိုက်သောကြောင့် ဝမ်းနည်းကြမည့်အစား ဝမ်းမြောက်ကြလိမ့်မည်။ သို့သော် ကျွန်ုပ်တို့ကောအသို့နည်း။ ကျွန်ုပ်တို့ပြုမူဆောင်ရွက်ပုံသည် အခြားသူကို ရွှင်လန်းအားရစေသလောဟု ဆင်ခြင်သုံးသပ်ကြည့်လျှင် ကောင်းမည်။
“မြို့သည် ချီးမြှောက်ခြင်းသို့ . . . ရောက်တတ်၏”
မြို့ရွာတစ်ခုအပေါ် ရိုးဖြောင့်သူနှင့် မတရားသောသူ အကျိုးသက်ရောက်ပုံကို ဆက်လက်နှိုင်းယှဉ်ကြည့်ရာ ရှောလမုန်က ဤသို့ဆိုသည်– “တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့လည်းကောင်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့လည်းကောင်း ရောက်တတ်၏။”—သု. ၁၁:၁၁။
ရိုးဖြောင့်သူ၏လမ်းစဉ်ကို လိုက်လျှောက်ကြသော မြို့သားများသည် အေးချမ်းသာယာမှုနှင့် ကောင်းကျိုးချမ်းသာတိုးပွားစေ၍ ရပ်ရွာကို ဖွံ့ဖြိုးစေ၏။ သို့ဖြင့် မြို့သည် ချီးမြှောက်ခြင်းခံရပြီး တိုးတက်ကြီးပွား၏။ အသရေရှုတ်ချသော၊ ထိခိုက်နာကြည်းစေသော၊ မှားယွင်းသော စကားများကိုပြောဆိုသူများသည် စိတ်မငြိမ်မသက်၊ ပျော်ရွှင်မှုမရှိ၊ စည်းလုံးမှုမရှိ၊ ပူပင်သောကရောက်တတ်ကြ၏။ အထူးသဖြင့် ဩဇာရှိသူများ ထိုသို့ဖြစ်တတ်ကြ၏။ ဤသို့သောမြို့သည် မငြိမ်မသက်ဖြစ်ပြီး အဂတိလိုက်စားသည့်အပြင် ကိုယ်ကျင့်တရားပျက်ပြား၍ စီးပွားရေး ကျဆင်းလေ့ရှိသည်။
နယပုံပြင် ၁၁:၁၁ ပါမူသည် မြို့နှင့်အလားသဏ္ဌာန်တူသည့် အသင်းတော်များတွင် အချင်းချင်းပေါင်းသင်းကြသော ယေဟောဝါ၏လူမျိုးတော်နှင့်လည်း ထပ်တူသက်ဆိုင်သည်။ တည်ကြည်ဖြောင့်မတ်ခြင်း၏ဦးဆောင်လမ်းပြမှုကိုခံယူသော ရိုးဖြောင့်သူများဖြစ်သော ဝိညာဉ်ရေးလူများသြဇာလွှမ်းသည့် အသင်းတော်တစ်ခုသည် ပျော်ရွှင်၊ တက်ကြွပြီး အကူအညီပေးတတ်ကြသူများနှင့်ဖွဲ့စည်းထားသော ဘုရားသခင်ကို ဂုဏ်တင်သည့် လူစုလူဝေးဖြစ်သည်။ ယေဟောဝါသည် ထိုအသင်းတော်ကို ကောင်းချီးပေးသဖြင့် ဝိညာဉ်ရေးအရ ကြွယ်ဝချမ်းသာ၏။ ရံဖန်ရံခါ ပြုမူလုပ်ကိုင်ပုံများကို စိတ်တိုင်းမကျ၊ မကျေမနပ်ဖြစ်၍ အပြစ်မြင်ကြပြီး ခါးခါးသီးသီးပြောဆိုတတ်သူ လူနည်းစုသည် အဆိပ်ရှိ “ခါးစွာသောပင်မြစ်” နှင့်တူ၏၊ သူတို့၏စိတ်ထားသည် အစပိုင်းတွင် ဂယက်ရိုက်မခံရသေးသူများထံ ကူးစက်သွားနိုင်ပေသည်။ (ဟေဗြဲ ၁၂:၁၅) ဤသူတို့သည် အခွင့်အာဏာပိုရလိုပြီး ထင်ပေါ်လိုကြ၏။ သူတို့က အသင်းတော်တွင် သို့မဟုတ် အကြီးအကဲများအဖွဲ့တွင် မျှတမှုမရှိ၊ လူမျိုးရေးစိတ်စွန်းကွက်မှုရှိ၏ဟု မဟုတ်မမှန်ပြောဆိုကြသည်။ သူတို့လျှာဖြင့် အသင်းတော်ကို စိတ်ဝမ်းကွဲပြားစေနိုင်၏။ ကျွန်ုပ်တို့သည် သူတို့စကားကိုနားမထောင်ဘဲ အသင်းတော်၏စည်းလုံးငြိမ်သက်မှုကိုတိုးပွားစေသည့် ဝိညာဉ်ရေးလူများ ကြိုးစားဖြစ်သင့်သည်မဟုတ်ပေလော။
ရှောလမုန်က ဤသို့ဆက်လက်ပြောဆိုသည်– “ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား တိတ်ဆိတ်စွာနေတတ်၏။ လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ [တည်ကြည်]သောသူမူကား ဝှက်ထားတတ်၏။”—သု. ၁၁:၁၂၊ ၁၃။
ကောင်းစွာချင့်ချိန်နိုင်စွမ်းမရှိသူ သို့မဟုတ် “ပညာမဲ့သောသူ” ကြောင့် အကြီးအကျယ်အကျိုးပျက်နိုင်သည်တကား! သူသည် စကားကိုမချုပ်မတည်းပြောဆိုသည့်အတွက် သွားပုပ်လေလွင့်ပြောဆိုခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းအထိ ပြောဆိုမိလေသည်။ ခန့်အပ်ခံအကြီးအကဲများက စိတ်ဝမ်းကွဲပြားစေသည့် ဤသြဇာလွှမ်းမိုးမှုကို ချက်ချင်းရပ်စဲသွားစေသင့်သည်။ ထိုးထွင်းသိမြင်သူသည် “ပညာမဲ့သောသူ” နှင့်မတူဘဲ နှုတ်ဆိတ်ရမည့်အချိန်ကိုသိ၏။ အတွင်းရေးကိစ္စကို ဖော်ထုတ်မည့်အစား ဖုံးကွယ်ထားတတ်၏။ နှုတ်မလုံခြင်းသည် အလွန်ထိခိုက်နိုင်ကြောင်း သိထားရာ ထိုးထွင်းသိမြင်သူသည် ‘တည်ကြည်’ ၏။ သူသည် ယုံကြည်သူချင်းများအပေါ် တည်ကြည်ပြီး ထိခိုက်မည့် အတွင်းရေးကိစ္စများကို မဖော်ထုတ်ချေ။ ဤသို့သောတည်ကြည်ဖြောင့်မတ်ခြင်းရှိသူများသည် အသင်းတော်အတွက်ကောင်းချီးတစ်ရပ်ပါတကား!
အပြစ်မဲ့သူများ၏လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ရန် ယေဟောဝါသည် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ၏ညွှန်ကြားမှုအောက် ပြင်ဆင်ထားသော ဝိညာဉ်ရေးရာအစာများကို အလျှံပယ်တည်ခင်းကျွေးမွေးပါသည်။ (မဿဲ ၂၄:၄၅) မြို့နှင့်အလား သဏ္ဌာန်တူသည့် ကျွန်ုပ်တို့အသင်းတော်များရှိ ခရစ်ယာန်အကြီးအကဲများမှတစ်ဆင့်လည်း အကူအညီများစွာရရှိကြ၏။ (ဧဖက် ၄:၁၁-၁၃) ယင်းအတွက် ကျွန်ုပ်တို့အမှန်တကယ်ပင်ကျေးဇူးတင်ကြ၏၊ အကြောင်းမှာ “အကြံပေးနိုင်သောဉာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူအများရှိလျှင်မူကား ဘေးလွတ်တတ်” သောကြောင့်ဖြစ်သည်။ (သု. ၁၁:၁၄) မည်သို့ပင်ဖြစ်ပါလေစေ၊ ‘တည်ကြည်ဖြောင့်မတ်ခြင်းလမ်းသို့လိုက်’ ကြရန် အခိုင်အမာသန္နိဋ္ဌာန်ချထားကြပါစို့။—သု. ၂၆:၁။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယောဘ၏ တည်ကြည်ဖြောင့်မတ်ခြင်းက သူ့ကိုလမ်းပြပေးခဲ့ရာ ယေဟောဝါ၏ကောင်းချီးကို သူခံစားခဲ့ရ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဩဇသည် သူ၏ရောင့်တက်မှုကြောင့် သေဆုံးခဲ့
[စာမျက်နှာ ၂၆ပါ ရုပ်ပုံ]
စည်းစိမ်ဥစ္စာရှိဖို့အတွက် အစေခံကာ သီအိုကရက်တစ်လုပ်ဆောင်မှုများအတွက် အချိန်မပေးခြင်းသည် မိုက်မဲလိုက်လေခြင်း!