မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထူးခြားသောတိုးတက်မှုက တိုးချဲ့ဖို့အမြန်လိုအပ်လာ

ထူးခြားသောတိုးတက်မှုက တိုးချဲ့ဖို့အမြန်လိုအပ်လာ

“ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်”

ထူးခြားသော​တိုးတက်မှု​က တိုးချဲ့​ဖို့​အမြန်​လိုအပ်​လာ

ယေရှု​ခရစ်​က “ငါ့​ထံ​သို့​လာ​ကြလော့၊ ငါသည်​လန်းဆန်း​စေမည်” ဟု​မိန့်တော်မူ​ခဲ့​၏။ (မဿဲ ၁၁:၂၈က​ဘ) ခရစ်ယာန်​အသင်းတော်​၏​ဦးခေါင်း​ထံ​မှ နှလုံး​နွေးထွေး​ဖွယ် ဖိတ်ခေါ်ချက်​ပါ​တကား! (ဧဖက် ၅:၂၃) ထိုစကား​များ​ကို ကျွန်ုပ်​တို့​သေချာ​စွာ စဉ်းစား​သုံးသပ်​သည့်​အခါ အရေးပါသော လန်းဆန်းမှု​ပင်ရင်း​တစ်ခု​ဖြစ်သည့် ခရစ်ယာန်​အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး ညီအစ်ကို​ညီအစ်မ​များနှင့် ပေါင်းသင်း​ခြင်း​ကို တန်ဖိုး​မထား​ဘဲ မနေနိုင်​ကြ​ချေ။ “ညီအစ်ကို​တို့သည် သဘောတူ​လျက် ပေါင်းဖော်​ကြသည်​အရာ​မှာ အလွန်​ကောင်း​ပေ​၏။ အလွန်​တင့်တယ်​လျောက်ပတ်​ပေ​၏” ဟု​သီဆို​ခဲ့​သူ ဆာလံဆရာ​နှင့် ကျွန်ုပ်​တို့​အမှန်တကယ် သဘောတူ​ကြ​ပေမည်။—ဆာလံ ၁၃၃:၁

မှန်ပါသည်၊ ၎င်း​ဝတ်ပြုရာ​အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့​ပေါင်းသင်း​ရသူ​များသည် အကောင်းဆုံး​အပေါင်းအသင်း​များ​ဖြစ်​ပြီး ထို​တွင်​ရှိ ဝိညာဉ်​ရေး​အခြေအနေ​သည်လည်း လုံခြုံ​၍ နှစ်လိုဖွယ်​ဖြစ်သည်။ ထို့​ကြောင့် ငယ်ရွယ်သူ​ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​က အကြောင်း​ရှိ၍ ဤသို့​ဆို​၏– “တစ်​နေ​ကုန်​ကျောင်းတက်​ရတာ စိတ်​ပင်ပန်း ငြီးငွေ့​လိုက်တာ။ ဒါပေမဲ့ အစည်းအဝေးတွေ​က နောက်​နေ့ ကျောင်း​ပြန်​တက်​ဖို့ အားသစ်လောင်း​ပေး​တဲ့​နေရာ၊ သဲကန္တာရ​က အို​အေ​စစ်​တစ်ခု​လို​ပါ​ပဲ။” နိုင်ဂျီးရီးယား​သူငယ်မ​လေး​တစ်ဦး​က ဤသို့​မှတ်ချက်ချ​သည်– “ယေဟောဝါ​ကို ချစ်​မြတ်နိုးတဲ့​သူတွေနဲ့ နီးနီးကပ်ကပ်​ပေါင်းသင်း​ရတာ ကျွန်မ​ကို ကိုယ်တော်​နဲ့​နီးနီးကပ်ကပ်​ရှိစေတယ်။”

ယေဟောဝါသက်သေ​များ​၏ ဒေသခံ​နိုင်ငံတော်​ခန်းမ​သည် ရပ်ရွာ​ဒေသ​တွင် စစ်မှန်သော​ဝတ်ပြုရေး​အတွက် အချက်အချာ​ဖြစ်သည်။ နေရာ​ဒေသ​အများစု​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ အနည်းဆုံး တစ်ပတ်​နှစ်ကြိမ် စည်းဝေးများ​ကျင်းပ​ကြသည်၊ ထို​တွင် လန်းဆန်း​သော​ပေါင်းသင်းမှု​ရရှိရန် စည်းဝေး​တက်​ကြဖို့ ကျမ်းစာ​သင်သားများ​ကို အစ​ကတည်းက အားပေး​ကြသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

အရေးတကြီး​လိုအပ်ရာ

သို့ရာတွင်၊ သတိပြု​စ​ရာ​မှာ ယေဟောဝါသက်သေ​အားလုံး သင့်တော်​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​တွင် စည်းဝေး​တက်​ကြ​ရသည်​မဟုတ်။ ကမ္ဘာ​တစ်ဝန်း ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ အရေအတွက် အံ့မခန်းဖွယ် တိုးများ​လာ​ခြင်း​က အရေးတကြီး​လိုအပ်ရာ​တစ်ခု​ကို ဖြစ်ပေါ်​စေ​ခဲ့ပြီ။ အထူးသဖြင့် ဖွံ့ ဖြိုး​ဆဲ​နိုင်ငံ​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ထောင်သောင်း​ချီ လိုအပ်​နေဆဲ​ရှိသည်။—ဟေရှာယ ၅၄:၂; ၆၀:၂၂

ဥပမာ​အနေ​နှင့်၊ ကွန်ဂို​ဒီမိုကရက်တစ် ပြည်​သူ့​သမ္မတနိုင်ငံ​၏​မြို့တော်​တွင် အသင်းတော် ၂၉၀ အတွက် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆယ်ခု​သာ​ရှိသည်။ ထို​နိုင်ငံ​တွင် ခန်းမ​များစွာ အရေးတကြီး လိုအပ်​လျက်​ရှိသည်။ အင်ဂိုလာ​နိုင်ငံ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ အကန့်အသတ်​သာ​ရှိသောကြောင့် အသင်းတော်​အများစု​သည် ကွင်းပြင်​တွင် အစည်းအဝေး​ပြုလုပ်​နေကြ​ရသည်။ အခြား​နိုင်ငံ​များစွာ​တို့​တွင်​လည်း အလားတူ​လိုအပ်​လျက် ရှိနေကြ​သည်။

ထို့​ကြောင့် ၁၉၉၉ ခုနှစ်​ကတည်းက ငွေကြေး​အနည်း​အကျဉ်း​သာ​ရှိသည့် နိုင်ငံ​များ​တွင် ခန်းမ​များ ဆောက်လုပ်​ပေး​ရန် စနစ်တကျ ကြိုးစား​ဆောင်ရွက်​နေကြပြီ။ ထို​နိုင်ငံ​များ​တွင် ဆောက်လုပ်ရေး​စီမံကိန်း​များ​ကို ကူညီပေး​ရန် အတွေ့အကြုံ​ရှိ​သက်သေခံ​များ လုပ်အားပေး​နေကြ​သည်။ ထိုသို့​သော ကြိုးစား​မှုများ​ကို ဒေသခံ​စေတနာ့​ဝန်ထမ်း​များ​ရှိ​ခြင်း​နှင့် သူတို့၏ တလိုတလား​စိတ်ဓာတ် ပူးပေါင်း​လိုက်​သည့်​အခါ အကျိုး​ရလဒ်များ​မှာ အားရှိစရာ​ဖြစ်သည်။ တစ်ဖန် ဒေသခံ​သက်သေခံ​များ​က​လည်း သူတို့​ရရှိသော သွန်သင်လေ့​ကျင့်​မှု​မှ အကျိုးကျေးဇူးများ ခံစား​နေကြ​ရသည်။ ဤ​အရာအားလုံး​တို့သည် နိုင်ငံ​အသီးသီး​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​အတွက် လိုအပ်သော​အကူအညီ​များ ရရှိ​နေ​စေ​သည်။

ဒေသခံ​နည်း​စနစ်​များနှင့် ဆောက်လုပ်ရေး​ပစ္စည်း​များ​ကို ထည့်​အသုံးပြုခြင်း​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​အတွက် လက်တွေ့ကျ​အကူအညီ ရခဲ့​ကြပြီ။ ပန်းတိုင်​မှာ အရေးတကြီး​လိုအပ်​နေသော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ အလုံအလောက် ဆောက်လုပ်​ပေး​ရန်​သာမက ဒေသခံ​အခြေအနေ​များနှင့် လိုက်လျောညီထွေ​ဖြစ်သည့် ပြုပြင်​ထိန်းသိမ်းရေး​အစီအစဉ်ကို​လည်း ဆက်​ပြုလုပ်​ကြ​ရန်ဖြစ်​သည်။—၂ ကောရိန္သု ၈:၁၄၊ ၁၅

လန်းဆန်း​အားတက်စေ​သည့် ဖွံ့ဖြိုး​တိုးတက်မှု​များ

ဝတ်ပြုရာ​နေရာများ​ရှိစေရန် ဤ​ကြိုးစား​အားထုတ်မှု​များ​၏ အကျိုး​ရလဒ်​ကား​အဘယ်နည်း။ ၂၀၀၁ ခုနှစ်​အစောပိုင်းက မာလာဝီ​နိုင်ငံ​မှ မှတ်တမ်း​တစ်ခု ဤသို့​ဆို​သည်– “ဤ​နိုင်ငံ​တွင် ပြီးမြောက်​အောင်မြင်​ခဲ့​ရာ​သည် အထူး​စိတ်​စွဲမှတ်စရာ​ဖြစ်၏။ နောက်​နှစ်လ​အကြာတွင် နောက်ဆက်တွဲ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ပြီးစီး​မည်​ဖြစ်သည်။” (ရုပ်ပုံ ၁ နှင့် ၂) မကြာသေးမီ လအနည်းငယ်​က တို​ဂို​နိုင်ငံ​တွင် စေတနာ့​ဝန်ထမ်း​များသည် တော်​သင့်​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ကို ဆောက်လုပ်​နိုင်​ခဲ့​ကြသည်။ (ရုပ်ပုံ ၃) ထို့​အပြင် တလိုတလား စေတနာ့​ဝန်ထမ်း​ကြ​သူများ​၏ မွန်မြတ်သော​အလုပ်​ကြောင့် မက္ကဆီကို၊ ဘရာဇီး​နှင့် အခြား​နိုင်ငံ​များ​တွင်​လည်း သင့်တော်​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ကို စီမံ​ဆောက်လုပ်​ပေး​နိုင်​ခဲ့ပြီ။

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​ကို ဆောက်လုပ်​ကြ​သည့်​အခါ ယေဟောဝါသက်သေ​များသည် ထို​မြို့တွင် အမြဲ​ရှိနေကြ​မည်​ဟု ဒေသခံ​များ​က သဘောပေါက်​သွား​ကြ​ကြောင်း အသင်းတော်များ​က သတိပြုမိ​ကြသည်။ သင့်တော်​သော​ဝတ်ပြုရာ​နေရာ မရရှိ​မချင်း သက်သေခံ​များနှင့်​ပေါင်းသင်း​ရန် အများ​ကတွန့်ဆုတ်​ပုံ​ရှိခဲ့​ကြသည်။ မာလာဝီ​နိုင်ငံ​မှ နာ​ဖီ​ဆီ​အသင်းတော်က ဤသို့​သတင်းပို့​သည်– “ယခု ကျွန်ုပ်​တို့​၌ သင့်တော်​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု ရှိပြီ​ဖြစ်​ရာ ကောင်းသော​သက်သေခံချက် ဖြစ်နေ​သည်။ ထို့​ကြောင့် ယခု ကျမ်းစာ​သင်အံမှုများ​စတင်​ရန် လွယ်ကူ​လာပြီ။”

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အဟောင်း​သည် ချာ့ခ်ျ​တချို့​နှင့် နှိုင်းယှဉ်​ကြည့်​သော် အလွန်​ခေတ်​နောက်ကျ​သည့်​အတွက် ဘီနင်​နိုင်ငံ​မှ က​ရက်​ခါ​အသင်းတော်​သားများ​သည် အတော်​ကဲ့ရဲ့ ပြောင်လှောင်​ခံ​ခဲ့​ကြ​ရသည်။ (ရုပ်ပုံ ၄) ယခု​မူ ထို​အသင်းတော်​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​သည် စစ်မှန်သော​ဝတ်ပြုရေးကို ရိုးရိုးလေး​မ​က တစ်ကြိမ်​တည်း ခန့်ညား​စွာ​ကိုယ်စား​ပြု​နေပါ​သည်။ (ရုပ်ပုံ ၅) ဤ​အသင်းတော်တွင် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၃၄ ဦး​ရှိသော်လည်း တနင်္ဂနွေ​အစည်းအဝေး​များ​ကို ပျမ်းမျှ​တက်ရောက်သူ ၇၃ ဦး​ရှိပြီး နိုင်ငံတော်​ခန်းမ​အပ်နှံ​ပွဲ​ကို ၆၅၁ ဦး​တက်​ခဲ့​သည်။ အများစုမှာ ခန်းမ​တစ်ခု​ကို အချိန်​အနည်းငယ်​တွင် သက်သေခံ​များဆောက်လုပ်​နိုင်​ခဲ့​ကြသည်​ကို အထူး​စွဲမှတ်​သွား​ကြ​သည့် မြို့သူ​မြို့သား​များ​ဖြစ်သည်။ ယင်း​နှင့်​စပ်လျဉ်း၍ လွန်ခဲ့သော​အဖြစ်အပျက်​များ​ကို ပြန်လည်​သုံးသပ်ကြည့်​ကြ​ရာ ဇင်ဘာဘွေ​ဌာနခွဲ​က ဤသို့​စာရေး​အကြောင်းကြား​သည်– “ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​တစ်ခု ဆောက်လုပ်​ပြီး​၍ တစ်လ​အကြာတွင် တက်ရောက်သူ​ဦးရေ​မှာ နှစ်ဆ​တိုးများ​လေ့​ရှိသည်။”—ရုပ်ပုံ ၆ နှင့် ၇။

အဆိုပါ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ အသစ်များ​စွာ​တို့သည် ဆက်ကပ်​အပ်နှံ​ပြီး​သား ခရစ်ယာန်​များနှင့် စိတ်ဝင်စားသူ​များ​အတွက် ဝိညာဉ်​ရေး​လန်းဆန်းမှု​ပေး​သော​နေရာများ အမှန်တကယ်​ဖြစ်လာ​ပေ​သည်။ ယူကရိန်း​နိုင်ငံ​မှ ဒေသခံ​အသင်းတော်​တစ်ခု​သည် ၎င်းတို့၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​ကို စတင်​အသုံးပြု​ကြ​ပြီး​နောက် သက်သေခံ​တစ်ဦး​က “ကျွန်မ​တို့ အရမ်း​ဝမ်းသာ​တာ​ပဲ။ ယေဟောဝါ​ဟာ သူ့​လူမျိုး​ကို ဘယ်လောက်​ကူညီပေး​တယ်​ဆိုတာ​ကို ကျွန်​မတို့​ကိုယ်တိုင် တွေ့ မြင်ခဲ့​ကြရတယ်” ဟု​ဆို​ခဲ့​၏။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ရက်ရက်ရောရော​ထောက်ပံ့​ပေး​မှု​ကို တန်ဖိုး​ထား

ကမ္ဘာ​နှင့်​အ​ဝန်း ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်များ အရေးတကြီး​လိုအပ်​နေခြင်း​ကို ဖြည့်ဆည်း​ပေး​ရန် တစ်မုဟုတ်ချင်း ကြိုးစား​အားထုတ်​နေကြ​ခြင်း​က ယေဟောဝါသက်သေ​များ​အား အလွန်​စိတ်အားတက်​ကြွ​စေ​ခဲ့ပြီ။ နိုင်ငံ​အသီးသီး​တွင် ယေဟောဝါ​အား​ဝတ်ပြုသူ အရေအတွက် မှန်မှန်​တိုးများ​လာ​နေခြင်း​က အနာဂတ်​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ် များစွာ​ဆောက်လုပ်​ပေး​ရန် လိုအပ်​လာ​သည်။ စဉ်းစား​ကြည့်​ပါ​လေ၊ ၂၀၀၁ ခု လုပ်ငန်းတော်နှစ်​အတွင်း ပျမ်းမျှ​အားဖြင့် အသင်းတော်​အသစ် ၃၂ ခု ပတ်စဉ်​ဖွဲ့စည်း​ခဲ့​ကြ​ရသည်! ထို​အသင်းတော်များ​သည် ဝတ်ပြု​စည်းဝေး​စ​ရာ​နေရာများ လိုအပ်​လျက်​ရှိကြ​၏။

‘အထူးသဖြင့် ငွေကြေး​အနည်း​အကျဉ်း​သာ​ရှိကြ​သည့် ညီအစ်ကို​များနေ​ထိုင်​ရာ နိုင်ငံ​များ​၌ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်များ ဆောက်လုပ်​ရန်​စီမံကိန်း​များ​ကို ကျွန်ုပ်​တို့​မည်သို့​ထောက်ပံ့​ပေး​မည်​နည်း’ ဟု​မေးခွန်း ပေါ်ပေါက်​လာနိုင်​သည်။ အဖြေ​တွင် ဘုရားသခင့်​ထောက်မမှု​နှင့် လူသား​တို့၏​ရက်ရောမှု​တို့ ပါဝင်​၏။

ယေဟောဝါ​သည် မိမိ၏​ကတိတော်​နှင့်​အညီ သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို ကျေးကျွန်​များ​အပေါ် သွန်းလောင်း​ပေး​ကာ “သူတစ်ပါး​အား ကျေးဇူးပြု​ခြင်း၊ ကောင်းသော​အကျင့်​၌ ကြွယ်ဝ​ပြည့်စုံခြင်း၊ စွန့်ကြဲ​ချင်​သော​စေတနာ​စိတ်​ရှိ​ခြင်း” ဖြစ်ပေါ်​စေ​ခဲ့ပြီ။ (၁ တိမောသေ ၆:၁၈) ဘုရားသခင့်​ဝိညာဉ်တော်သည် ယေဟောဝါသက်သေ​များ​ကို နည်းလမ်း​အမျိုးမျိုး​ဖြစ်သော ၎င်းတို့၏​အချိန်၊ ခွန်အား၊ လုပ်အား​နှင့် ခရစ်ယာန်​လုပ်ငန်းဆောင်တာ​များ​အတွက် အခြား​ထောက်ပံ့မှု​များ​ဖြင့် နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ထောက်ပံ့​ကူညီ​ရန် လှုံ့ဆော်ပေး​သည်။

ရက်ရော​စွာ​ပေးကမ်း​သည့် စိတ်ဓာတ်​က သက်သေခံ​များနှင့် အခြား​သူတို့အား တိုးချဲ့​ဆောက်လုပ်ရေး​လုပ်ငန်း​ကို ငွေကြေး​ဖြင့် ကူညီပေးစေ​သည်။ ဒေသခံ​အသင်းတော်​၏ ပုံမှန်​အသုံးစရိတ်​ကို ခံသည့်​အပြင် ကမ္ဘာ့​အခြား​ဒေသ​များ​ရှိ ဆောက်လုပ်ရေး​လုပ်ငန်း​အတွက်​ပါ ထည့်ဝင်​လှူဒါန်း​ကြသည်။

အသင်းတော်​တိုင်း​တွင် “ကမ္ဘာချီ​လုပ်ငန်း​အတွက်​အလှူငွေ—မဿဲ ၂၄:၁၄” ဟု ရှင်းလင်းစွာ​ရေးသား ဖော်ပြ​ထား​သည့် အလှူငွေ​သေတ္တာ​များ​ရှိသည်။ လူတိုင်း ဆန္ဒရှိ​ပါ​က ထို​အလှူငွေ​သေတ္တာ​များ​ထဲ စေတနာအလျောက် အလှူငွေ​ထည့်ဝင်​နိုင်​ကြ​ပါ​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၂:၉) နည်း​သည်​ဖြစ်စေ၊ များသည်​ဖြစ်စေ အလှူငွေ​အားလုံး​ကို တန်ဖိုး​ထား​လေးမြတ်​ကြသည်။ (မာကု ၁၂:၄၂-၄၄) ဤ​အလှူငွေကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်​ခြင်း​အပါအဝင် နည်းလမ်း​အမျိုးမျိုးဖြင့် လိုအပ်​သရွေ့ အသုံးပြု​ကြသည်။ ဤ​အလှူငွေကို လခစား​အမှုဆောင်​များ​အား ပေး​ရန်​အသုံးမပြု​ပါ၊ အကြောင်း​မှာ ယေဟောဝါသက်သေ​များ​တွင် ထိုသို့​သော​သူများ​မရှိသော​ကြောင့် ဖြစ်သည်။

ကမ္ဘာချီ​လုပ်ငန်း​အတွက် ငွေကြေး​ထည့်ဝင်​မှု​သည် ရည်ရွယ်ချက်ကို အထမြောက်​အောင်မြင်​စေပါ​သလော။ အထမြောက်​စေပါ​သည်။ ပြည်တွင်းစစ်​ကြောင့် အကြီးအကျယ်​ပျက်စီး​နေသည့် လိုင်ဘေးရီးယား​နိုင်ငံ​မှ ဌာနခွဲရုံး​က ဒေသခံ​သက်သေခံ​အများစု​သည် အလုပ်​လက်မဲ့​ဖြစ်နေ​ကြ​ပြီး ငွေကြေး​အခက်အခဲ အကြီးအကျယ် ကြုံကြိုက်​ကြ​ရ​ကြောင်း သတင်းပို့​သည်။ ဤ​နိုင်ငံ​မှ ယေဟောဝါ​၏​လူမျိုးတော်သည် သင့်တော်​သော ဝတ်ပြုရာ​နေရာများ​ကို မည်သို့​ရရှိနိုင်​ကြ​မည်​နည်း။ “အခြား​နိုင်ငံ​များ​မှ ညီအစ်ကို​များ​၏ ရက်ရက်ရောရော လှူဒါန်း​ထား​သည့်​ငွေ​များ​ကို အသုံးပြု၍ လုပ်ငန်းတော်​ကို​ထောက်ပံ့​ကြ​မည်” ဟု​ဌာနခွဲရုံး​က​ဆို​သည်။ “အမှန်တကယ်​ပညာရှိ​ပြီး မေတ္တာပါ​သော အစီအစဉ်ပါ​တကား!”

ဒေသခံ​ညီအစ်ကို​များသည် ငွေကြေး​အခြေအနေ နည်းပါး​ကြ​လင့်​ကစား သူတို့လည်း ပါဝင်​လှူဒါန်း​ကြ​ပါ​သည်။ စီ​အဲ​ရာ​လေ​ယွန်​ဟု​ခေါ်​သည့် အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​က ဤသို့​သတင်းပို့​သည်– “ဒေသခံ​ညီအစ်ကို​များသည် သူတို့​လှူဒါန်း​နိုင်​သမျှ အလှူငွေ​နှင့် လုပ်အား​တို့ကို ပေးဆက်ခြင်း​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​ကို ထောက်မ​ကူညီပေး​ရန် ပျော်ရွှင်​ကြသည်။”

ဤ​ဆောက်လုပ်ရေး​လုပ်ငန်း​သည် အဆုံး​တွင် ယေဟောဝါ​ကို ချီးမွမ်း​ထောမနာပြု​သည်။ လိုင်ဘေးရီးယား​နိုင်ငံ​မှ ညီအစ်ကို​များ​က စိတ်​ထက်သန်​စွာ ဤသို့​ဆို​ကြသည်– “နိုင်ငံတစ်ဝန်း သင့်တော်​သော ဝတ်ပြုရာ​နေရာများ ဆောက်လုပ်​ခြင်း​သည် လိုင်ဘေးရီးယား​နိုင်ငံ​တွင် စစ်မှန်သော​ဝတ်ပြုရေး အမြဲ​တည်ရှိ​လိမ့်​မည်​ဟု သက်သေထူ​ပြီး ကျွန်ုပ်​တို့​ဘုရားသခင်​၏ ကြီးမြတ်သော​နာမတော်​ကို​ဂုဏ်တင်​ကာ အသရေ​တင့်တယ်​စေပါ​လိမ့်​မည်။”