မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကား မည်သူနည်း

ဘုရားသခင်ကား မည်သူနည်း

ဘုရားသခင်​ကား မည်သူ​နည်း

“စကြဝဠာ အမြင့်မြတ်ဆုံး​စွမ်းအား​၏ ရင်းမြစ်၊ ကိုးကွယ်​ဝတ်ပြု​ခံရ​ရှင်​အား ဘုရားသခင်​ဟူသော​အမည် ပေး​ထား​သည်” ဟု အမေရိကားနား စွယ်စုံ​ကျမ်း​က​ဆို​၏။ ဘုရားသခင်​ဟူ​သည့် စကားလုံး​၏​အဓိပ္ပာယ်​သည် အထွတ်အမြတ်​ဆုံး အမှန်တရား​ဖြစ်၏။ ထိုသို့​သော​စိုးရွံ့​ထိတ်လန့်ဖွယ် အမှန်တရား​၏ သဘာဝ​သွင်ပြင်​လက္ခဏာ​ကား အဘယ်နည်း။

ဘုရားသခင်​သည် သက်မဲ့​သဘာဝ​စွမ်းအား​တစ်မျိုး သို့​မဟုတ် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​လော။ ကိုယ်တော်၌ အမည်​နာမရှိ​သလော။ ကိုယ်တော်​သည် လူအများ ယုံကြည်​သကဲ့သို့ သုံးပါး​ပေါင်း​တစ်ဆူ​ဖြစ်သလော။ ဘုရားသခင်​ကို ကျွန်ုပ်​တို့​မည်သို့​သိရှိ​လာနိုင်​မည်​နည်း။ သမ္မာကျမ်းစာ​က ဤ​မေးခွန်းများ​အတွက် မှန်ကန်​ပြီး ကျေနပ်စရာ​ကောင်းသော​အဖြေ​များ​ကို ပေး​ထား​ပါ​သည်။ အမှန်​ဆို​ရ​လျှင် ဘုရားသခင်​ကို​ရှာဖွေ​ရန် ကျွန်ုပ်​တို့ကို ဤသို့​အားပေး​တိုက်တွန်း​သည်– “ဘုရားသခင်​သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည်မဟုတ်။”—တမန်​တော် ၁၇:၂၇

သက်မဲ့​သဘာဝ​စွမ်းအား​တစ်မျိုး သို့​မဟုတ် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​လော

ဘုရားသခင်​ကို​ယုံကြည်သူ များစွာတို့သည် ကိုယ်တော်​အား ပုဂ္ဂိုလ်​တစ်ပါး​အဖြစ်​မဟုတ်ဘဲ စွမ်းအား​တစ်မျိုး​အဖြစ် ယူမှတ်​ကြသည်။ ဥပမာ၊ အချို့​သော​ယဉ်ကျေးမှု​များ​တွင် နတ်​ဘုရား​များ​ကို သဘာဝ​စွမ်းအား​များနှင့် တစ်တန်း​တစ်စားတည်း သတ်မှတ်​ခဲ့​ကြသည်။ စကြဝဠာ​ဖွဲ့စည်း​တည်ဆောက်​ပုံ​နှင့် မြေကြီးပေါ်​မှ သဘာဝ​သက်ရှိ​တို့၏ သဘော​သ​ကန်​နှင့်​စပ်လျဉ်း၍ ပထမ​အကြောင်းတရား​တစ်ခု မုချ​ရှိ​ရမည်ဟု သိပ္ပံ​ပညာ​ဆိုင်ရာ စူးစမ်း​ရှာဖွေမှု​ဖြင့် စုဆောင်း​ရရှိ​ထား​သည့် အထောက်အထား​များ​ကို စစ်ဆေး​ကြည့်ရှု​သူတချို့​က ကောက်ချက်​ချ​ခဲ့​ကြသည်။ သို့သော် သူတို့သည် ဤ​ပထမ​အကြောင်းတရား​ကို ဥပဓိရုပ်​တစ်ခု​နှင့် တွဲဖက်​ပေး​ရန်မူ​ကား တွန့်ဆုတ်​ကြ​၏။

သို့​တိုင်၊ ပထမ​အကြောင်းတရား​၌ ကြီးမားသော​အသိဉာဏ်​ရှိ​ရမည်ဟု ဖန်ဆင်း​ခြင်း​၏​ရှုပ်ထွေး​ပွေလီ​မှု​က ဖော်ညွှန်း​သည် မဟုတ်ပေ​လော။ အသိဉာဏ်​ရှိ​ရန် အသိစိတ်​လိုအပ်​၏။ အရာခပ်သိမ်း​ဖန်ဆင်း​နိုင်သော မဟာ​အသိစိတ်​ကို ဘုရားသခင်​ပိုင်ဆိုင်​တော်​မူ​၏။ မှန်ပါသည်၊ ဘုရားသခင်​တွင် ကိုယ်ခန္ဓာ​ရှိ​တော်​မူ​၏၊ ၎င်း​သည် ကျွန်ုပ်​တို့၏​ရုပ်ခန္ဓာ​နှင့်​မတူဘဲ ဝိညာဉ်​ခန္ဓာ​ဖြစ်​တော်​မူ​၏။ ကျမ်းစာ​က ‘ရုပ်ခန္ဓာ​ရှိလျှင် ဝိညာဉ်​ခန္ဓာ​လည်း​ရှိ၏’ ဟု​ဆို​၏။ (၁ ကောရိန္သု ၁၅:၄၄သ​မ) ဘုရားသခင့်​ဇာတိတော်​ကို​ရှင်းပြ​ရာ​တွင် ကျမ်းစာ​က “ဘုရားသခင်​သည် . . . ဝိညာဉ်​ဖြစ်​တော်​မူ​၏” ဟု​ရှင်းလင်းစွာ​ဆို​သည်။ (ယောဟန် ၄:၂၄) . . . ဝိညာဉ်​၏​အသက်တာ​ပုံစံ​သည် ကျွန်ုပ်​တို့​နှင့်​အကြီးအကျယ်​ခြားနား​၏၊ ၎င်း​သည် လူ့​မျက်စိ​နှင့်​မြင်​၍​မရချေ။ (ယောဟန် ၁:၁၈) မျက်မြင်မရ​သော ဝိညာဉ်​သတ္တဝါများ​လည်း ရှိကြပါ​သည်။ သူတို့သည် “[စစ်မှန်သော]ဘုရားသခင်​၏ သား[များ]” ဖြစ်​ကြ​သည့် ကောင်းကင်တမန်​များ​ဖြစ်၏။—ယောဘ ၁:၆; ၂:၁

ဘုရားသခင်​သည် ဖန်ဆင်း​ခြင်း​မခံရ​သော ဝိညာဉ်​ခန္ဓာ​ရှိ ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​တော်​မူ​ရာ ဆင်ခြင်တုံ​တရား​အရ ကိုယ်တော်​သည် တစ်​နေရာ​ရာ​တွင် ကျိန်းဝပ်​တော်​မူ​၏။ နာမ်ဝိညာဉ်​ဘုံ​ကို​ရည်ညွှန်း​လျက် ကျမ်းစာ​က ကောင်းကင်​သည် ဘုရားသခင့် “ကျိန်းဝပ်​တော်​မူ​ရာ [နေရာ]” ဖြစ်​ကြောင်း ကျွန်ုပ်​တို့အား​ပြောပြ​၏။ (၃ ဓမ္မ​ရာဇဝင် ၈:၄၃) ထို့​အပြင်၊ ကျမ်း​ရေးသူ​ပေါလု​က ‘ခရစ်တော်​သည် . . . ငါ​တို့အတွက်​ကြောင့် . . . ဘုရားသခင်​၏​ရှေ့တော်၌ ကိုယ်ကို​ပြ​ခြင်း​ငှာ ကောင်းကင်​ကိုယ်ထဲ​သို့​ဝင်တော်မူ​ပြီ’ ဟု​ဆို​သည်။—ဟေဗြဲ ၉:၂၄

သမ္မာကျမ်းစာ​တွင် “ဝိညာဉ်” ဟူ​သည့်​စကားလုံး​ကို အခြား​သဘော​တစ်မျိုး​ဖြင့်​လည်း အသုံးပြု​ထား​သည်။ ဘုရားသခင်​အား ဆုတောင်းရာ​တွင်၊ ဆာလံဆရာ​က “ဝိညာဉ်​တော်​ကို​လွှတ်​၍ သူတို့ကို​ဖန်ဆင်း​တော်​မူ” ၏​ဟု​ဆို​ခဲ့​သည်။ (ဆာလံ ၁၀၄:၃၀) ဤ​ဝိညာဉ်​သည် ဘုရားသခင်​ကိုယ်တော်တိုင်​မဟုတ်ဘဲ ကိုယ်တော်​အလိုရှိရာကို ပြီးမြောက်​အောင်မြင်​စေရန် ဘုရားသခင်​စေလွှတ်​သည့် သို့​မဟုတ် အသုံးပြုသည့် စွမ်းအား​တစ်ခု​ဖြစ်သည်။ ဘုရားသခင်​သည် ၎င်း​စွမ်းအား​ဖြင့် ပကတိ​ကောင်းကင်၊ မြေကြီး​နှင့် သက်ရှိ​အပေါင်း​တို့ကို ဖန်ဆင်း​တော်​မူ​ခဲ့​၏။ (ကမ္ဘာဦး ၁:၂; ဆာလံ ၃၃:၆) ကိုယ်တော့်​ဝိညာဉ်​တော်​ကို သန့်ရှင်းသော​ဝိညာဉ်​တော်​ဟု ခေါ်ဆို​ကြသည်။ ကျမ်း​ရေးသူ​များ​ကို မှုတ်သွင်း​ပေး​ရန် ဘုရားသခင်​သည် မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို အသုံးပြု​တော်​မူ​ခဲ့​၏။ (၂ ပေတရု ၁:၂၀၊ ၂၁) ထို့​ကြောင့်၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် မိမိ၏​ရည်ရွယ်တော်မူချက်​များ​ကို ပြည့်စုံစေရန် ဘုရားသခင်​အသုံးပြု​တော်​မူ​သည့် မမြင်နိုင်​သော တက်ကြွ​လှုပ်ရှား​သည့်​စွမ်းအား​ဖြစ်၏။

ဘုရားသခင်​၌ ထူးခြားသော​နာမတော်​ရှိ

“အဘယ်သူ​သည် လေကို​မိမိ​လက်​နှင့်​ဆု​ပ်​ယူ​သနည်း။ အဘယ်သူ​သည် ရေ​ကို​အဝတ်​နှင့်​ထုပ်​ထား​သနည်း။ မြေကြီးစွန်း​ရှိသမျှ​တို့ကို အဘယ်သူ​တည်စေ​သနည်း။ ထိုသို့​ပြုသောသူ​၏​အမည်​နှင့် သူ၏​သား​အမည်​ကား အဘယ်​သို့​နည်း” ဟု ကျမ်း​ရေးသူ​အာဂုရ​က မေးမြန်းခဲ့​သည်။ (သု. ၃၀:၄) အမှန်​မှာ အာဂုရ​က ‘ဤ​အရာများ​ကို​ပြုလုပ်​ခဲ့​သူ တစ်ဦး​တစ်ယောက်​၏ မျိုးနွယ်တော် သို့​မဟုတ် အမည်​နာမကို သင်​သိပါသလော’ ဟု​မေးမြန်း​နေခြင်း​ဖြစ်သည်။ ဘုရားသခင်​တစ်ပါး​တည်း​သာ​လျှင် သဘာဝ​စွမ်းအား​များ​ကို ထိန်းချုပ်​နိုင်စွမ်း​ရှိ​တော်​မူ​၏။ ဘုရားသခင်​တည်ရှိ​ကြောင်း ဖန်ဆင်း​ရာ​များ​က ခိုင်လုံ​သည့် သက်သေ​အထောက်အထား​ပေး​သော်လည်း ဘုရားသခင့်​နာမတော်​နှင့်​ပတ်သက်​၍​မူ​ကား မဖော်​ပြ​ချေ။ အမှန်​မှာ ဘုရားသခင်​ကိုယ်တော်တိုင်​က ကျွန်ုပ်​တို့အား မဖော်​ပြပေး​လျှင် ကိုယ်တော့်​နာမတော်​ကို အဘယ်​နည်းဖြင့်​မျှ သိနိုင်​မည်​မဟုတ်​ချေ။ ထို​နာမတော်​ကို ဖန်ဆင်း​ရှင်​က ဤသို့​ဖော်ပြ​တော်​မူ​၏– “ငါသည် ထာဝရ​ဘုရား[သခင်] [“ယေဟောဝါ၊” က​ဘ] ဖြစ်၏။ ထို​နာမ​သည် ငါ့​နာမ​ဖြစ်၏။”—ဟေရှာယ ၄၂:၈

ဘုရားသခင်​၏​ထူးခြားသော​နာမတော်၊ ယေဟောဝါ​ကို ဟေဗြဲ​ကျမ်း​စာစောင်​များ​၌​သာ အကြိမ် ၇,၀၀၀ နီးပါး တွေ့ရှိ​ရသည်။ ယေရှု​ခရစ်​သည် ထို​နာမတော်​ကို အခြားသူများ​အား သိရှိ​စေ​ခဲ့​ပြီး သူတို့ရှေ့​တွင်​လည်း ယင်းကို​ချီးမြှောက်​ခဲ့​၏။ (ယောဟန် ၁၇:၆၊ ၂၆) “ဂျား​ကို​ချီးမွမ်း​လော့” ဟု​အဓိပ္ပာယ်​ရသည့် “ဟာ​လေ​လု​ယ” ဟူ​သည့်​အသုံးအနှုန်း​၏ အစိတ်အပိုင်း​တစ်ခု​အဖြစ် သမ္မာကျမ်းစာ​၏ နောက်ဆုံး​စာစောင်​တွင် ထို​နာမတော်​ကို တွေ့ရှိ​ရသည်။ “ယ” ဟူသည် “ယေဟောဝါ” ၏​အတိုကောက်​ပုံစံ​ဖြစ်သည်။ (ဗျာဒိတ် ၁၉:၁-၆) သို့​တိုင်၊ ခေတ်​သစ်​သမ္မာကျမ်းစာ​များစွာက ထို​နာမတော်​ကို အသုံးမပြု​ကြ​ချေ။ ဘာသာ​စကား​တချို့​တွင် “God” နှင့် “Lord” ဟူ​သည့် သာမန်​ဂုဏ်ပုဒ်​များနှင့် ကွဲပြား​ခြားနား​စေရန် “GOD” သို့​မဟုတ် “LORD” ဟူ၍ စာလုံး​တိုင်း​ကို စာလုံးကြီး​များ​ဖြင့် ရေးသား​ဖော်ပြ​ကြသည်။ ဘုရားသခင့်​နာမတော်​ကို ယာ​ဝေး​ဟု အသံထွက်​နိုင်​ကြောင်း ပညာရှင်​တချို့က အကြံပြု​ကြသည်။

စကြဝဠာ​တွင်​အကြီးမြတ်ဆုံး​ပုဂ္ဂိုလ်​၏ နာမတော်​နှင့်​ပတ်သက်​၍ ထိုသို့​သော​အမြင်​များ အဘယ်ကြောင့်​ကွဲပြား​ခြားနား​ရသနည်း။ အဆိုပါ​ပြဿနာ​မှာ ဂျူး​များသည် လွန်ခဲ့သော ရာစုနှစ်​ပေါင်း​များစွာက အယူသီး​စွာ ဘုရားသခင့်​နာမတော်​၏​အသံထွက်​ကို မ​ရွတ်ဆို​ကြ​တော့ဘဲ ကျမ်းစာ​ကို​ဖတ်ရွတ်​သည့်​အခါ ဘုရားသခင့်​နာမတော်​သို့​ရောက်​တိုင်း “အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်” ဟူ​သည့် ဟေဗြဲ​စကားလုံး​ကို အစားထိုး​အသုံးပြု​ခဲ့​ချိန်​က​စတင်​ခဲ့​သည်။ ဟေဗြဲ​ကျမ်းစာ​စောင်​ကို သ​ရ​သံ​များ​မပါဘဲ​ရေးသားခဲ့​သောကြောင့် ရှေး​အချိန်​က မောရှေ၊ ဒါဝိဒ်​နှင့်​အခြားသူ​တို့သည် ဘုရားသခင့်​နာမတော်​၏ စာလုံးပေါင်း​ကို မည်သို့​အသံထွက်​ခဲ့​ကြ​ကြောင်း တိတိကျကျ​မသိနိုင်​ကြ​ချေ။ သို့ရာတွင် ယေဟောဝါ​ဟူသော အသံထွက်​ကို နှစ်ချီ​အသုံးပြု​ခဲ့​ကြပြီ​ဖြစ်​ရာ ယနေ့​ဘာသာ​စကား​ပေါင်း​မြောက်မြားစွာ​တွင် ယင်း​နှင့်​တူညီ​သည့်​အသံထွက်​ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံ​အသုံးပြု​ခဲ့​ကြပြီ။—ထွက်မြောက်ရာ ၆:၃; ဟေရှာယ ၂၆:၄ဂျိမ်းစ်​ဘုရင်​ဘာသာပြန်​ကျမ်း။

ရှေး​ဟေဗြဲ​ဘာသာ​၌ ဘုရားသခင့်​နာမတော်​ကို အသံထွက်​ပုံ​နှင့်​ပတ်သက်​၍ ဒွိဟ​ဖြစ်နေ​သော်လည်း ၎င်း​၏​အဓိပ္ပာယ်​မှာ ခက်ခဲ​နက်နဲရာ လုံးလုံး​မဟုတ်​ချေ။ ကိုယ်တော်​၏​နာမတော်​သည် “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟု​အဓိပ္ပာယ်​ရှိ၏။ သို့ဖြင့် ယေဟောဝါ ဘုရားသခင်​ကိုယ်တော်တိုင်​သည် မဟာ​ရည်ရွယ်​တော်​မူ​ရှင်​ဖြစ်၏​ဟု ခွဲခြား​ဖော်ပြ​တော်​မူ​၏။ ကိုယ်တော်​သည် မိမိ၏​ရည်ရွယ်တော်မူချက်​နှင့် ကတိတော်​များ​ကို အမြဲ​ပင် အမှန်တကယ် ဖြစ်လာ​စေတော်မူ​၏။ ထိုသို့​လုပ်ဆောင်​နိုင်စွမ်း​ရှိသူ စစ်မှန်သော​ဘုရားသခင်​တစ်ပါး​တည်း​သာ ထို​နာမတော်​ကို ပိုင်ထိုက်တော်မူ​၏။—ဟေရှာယ ၅၅:၁၁

အတိုင်းအဆမဲ့ တန်ခိုးရှင်​ဘုရားသခင်​နှင့် ရှိရှိသမျှ အခြား​နတ်​ဘုရား​များ မတူ​နိုင်​သည်ကို ယေဟောဝါ​ဟူသော နာမတော်​က သံသယ​ကင်းရှင်း​စွာ ခွဲခြား​ဖော်ပြ​သည်။ ယင်းကြောင့် ထို​နာမတော်​ကို သမ္မာကျမ်းစာ​တွင် အကြိမ်ပေါင်း​များစွာ တွေ့မြင်​နေရ​ခြင်း​ဖြစ်၏။ ဘာသာပြန်​ကျမ်း​များစွာက ဘုရားသခင့်​နာမတော်​ကို အသုံးမပြု​သော်လည်း ဆာလံ ၈၃:၁၈ က ဤသို့​ရှင်းလင်းစွာ​ဆို​သည်– “ထာဝရ​ဘုရား[သခင်] [“ယေဟောဝါ၊” က​ဘ] ဟူ၍​နာမတော်​ရှိသော ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော​ဘုရား[သခင်]ဖြစ်​တော်​မူ” ၏။ ယေရှု​ခရစ်​သည် ဓမ္မ​အမှုဆောင်ချိန်​တွင် နောက်တော်လိုက်​များ​အား ဤသို့​သွန်သင်​တော်​မူ​ခဲ့​သည်– “ထို့​ကြောင့် သင်တို့​ဆုတောင်း​ရမည်​မှာ ‘ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။’” (မဿဲ ၆:၉) ထို့​ကြောင့် ကျွန်ုပ်​တို့​ဆုတောင်း​သည့်​အခါ ဘုရားသခင့်​နာမတော်​ကို အသုံးပြု၍ ကိုယ်တော့်​အကြောင်း ပြောဆို​သင့်​ပြီး အခြားသူများ​ရှေ့တွင် ကိုယ်တော့်​အား ချီးမွမ်း​သင့်​ပေ​သည်။

ယေရှုသည်​ဘုရားသခင်​လော

ယေဟောဝါ​ဘုရားသခင် ကိုယ်တော်တိုင်​က မိမိ​သားတော်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ခွဲခြား​ဖော်ပြ​တော်​မူ​၏။ ယေရှု​နှစ်ခြင်း​ခံ​ပြီး​နောက်၊ “ကောင်းကင်​မှ . . . ‘ဤ​သူ​ကား ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း’ ဟု အသံတော်​ဖြစ်​လေ​၏” ဟု မဿဲ​၏​ခရစ်ဝင်​ကျမ်း​မှတ်တမ်းက ပြောပြ​သည်။ (မဿဲ ၃:၁၆၊ ၁၇သမ္မာ) ယေရှု​ခရစ်​သည် ဘုရားသခင်​၏​သားတော်​ဖြစ်၏။

သို့​တိုင်၊ ဘာသာရေး​သ​မား​တချို့က ယေရှုသည် ဘုရားသခင်​ဖြစ်၏​ဟု ဆို​ကြသည်။ အခြားသူများ​က​မူ ဘုရားသခင်​သည် သုံးပါး​ပေါင်း​တစ်ဆူ​ဖြစ်၏​ဟု ဆို​ကြသည်။ ဤ​သွန်သင်ချက်​အရ “ခမည်းတော်​သည် ဘုရားသခင်၊ သားတော်​သည် ဘုရားသခင်၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင်​ဖြစ်၏။ သို့​တိုင် ၎င်းတို့သည် ဘုရားသခင်​သုံး​ဆူ​မဟုတ်ဘဲ တစ်ဆူ​ဖြစ်သည်။” ထို​သုံးဦးသည် “ထာဝစဉ်​အတူတကွ​ရှိ၍ တန်းတူ​ရည်​တူ​ဖြစ်​ကြသည်” ဟု​ယူဆကြ​၏။ (ကက်သလစ်​စွယ်စုံ​ကျမ်း) ထိုသို့​သော ယူဆချက်များ​သည် မှန်ကန်​ပါသလော။

ယေဟောဝါ​နှင့်​စပ်လျဉ်း၍ မှုတ်သွင်းခံကျမ်း​စာ​က​ဤသို့​ဆို​သည်– “ကိုယ်တော်​သည် ရှေး​ကမ္ဘာ​အဆက်ဆက်​မှ​စ၍ နောက်​ကမ္ဘာ​အဆက်ဆက်​တိုင်အောင် ဘုရားသခင်​ဖြစ်​တော်​မူ​၏။” (ဆာလံ ၉၀:၂) ကိုယ်တော်​သည် အဆုံး​အစ​မရှိသည့် “ထာဝရ​ဘုရင်” ဖြစ်​တော်​မူ​၏။ (၁ တိမောသေ ၁:၁၇) အခြား​တစ်ဖက်​တွင်​မူ၊ ယေရှုသည် “သတ္တဝါ​အပေါင်းတို့တွင် . . . သားဦး၊” “ဘုရားသခင်​၏ . . . သတ္တဝါ​တို့​အထွတ်” ဖြစ်​တော်​မူ​၏။ (ကောလောသဲ ၁:၁၃-၁၅; ဗျာဒိတ် ၃:၁၄) ဘုရားသခင်​ကို မိမိ၏​ခမည်းတော်​အဖြစ်​ရည်ညွှန်းရာ​တွင် ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ခမည်းတော်​သည် ငါ့​ထက်​သာ၍​ကြီးမြတ်​တော်​မူ​၏။” (ယောဟန် ၁၄:၂၈) မိမိ​မသိ၊ ကောင်းကင်တမန်​များ​မသိ၊ ဘုရားသခင်​တစ်ပါး​တည်း​သာ သိတော်မူ​သည့် အရာအချို့ ရှိကြောင်းကိုလည်း ယေရှု​ရှင်းပြ​တော်​မူ​ခဲ့​သည်။ (မာကု ၁၃:၃၂) ထို့​အပြင် ယေရှုသည် မိမိ​ခမည်းတော်​ထံ ဤသို့​ဆုတောင်း​တော်​မူ​ခဲ့​သည်– “အကျွန်ုပ်​အလို​ရှိသည်​အတိုင်း မဖြစ်ပါစေ​နှင့်။ ကိုယ်တော်​အလို​ရှိသည်​အတိုင်း ဖြစ်ပါစေ​သော်။” (လုကာ ၂၂:၄၂) မိမိ​ထက် ကြီးမြတ်သော​ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်လျှင် ကိုယ်တော်​ဆုတောင်း​ပါ​မည်​လော။ ထို့​အပြင် ယေရှုကို သေခြင်း​မှ ထမြောက်​ပေး​ခဲ့​သူ​မှာ ဘုရားသခင်​ဖြစ်သည်၊ ယေရှု​ကိုယ်တိုင်​မဟုတ်ပေ။—တမန်​တော် ၂:၃၂

ထို့​ကြောင့် ကျမ်းစာ​အရ ယေဟောဝါ​သည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​ဖြစ်​တော်​မူ​၏၊ ယေရှု​မူ​ကား ဘုရားသခင်​၏​သားတော် ဖြစ်၏။ ယေရှု​ကမ္ဘာ​မြေကြီးပေါ်​သို့ ကြွ​မလာ​မီ​ဖြစ်စေ၊ မြေကြီးပေါ်​တွင် သက်​တော်​ထင်ရှား​စဉ်​ဖြစ်စေ ကိုယ်တော်​တို့သည် တန်းတူ​မဖြစ်​ချေ; ကောင်းကင်​သို့​ထမြောက်​ပြီး နောက်ပိုင်း​တွင်​လည်း မိမိ​ခမည်းတော်​နှင့် တန်းတူညီတူ ဖြစ်​မသွား​ချေ။ (၁ ကောရိန္သု ၁၁:၃; ၁၅:၂၈) ကျွန်ုပ်​တို့​သိရှိ​ခဲ့​ကြ​ပြီး​ဖြစ်သည်​အတိုင်း သုံးပါး​ပေါင်း​တစ်ဆူ​၏ တတိယ​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သည့် သန့်ရှင်းသော​ဝိညာဉ်တော်သည် ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်​ချေ။ ၎င်း​အစား၊ ယင်းသည် ဘုရားသခင်​ဆန္ဒရှိ​ရာ​ကို အထမြောက်​စေရန် အသုံးပြု​တော်​မူ​သည့် စွမ်းအား​တစ်ခု​ဖြစ်၏။ သို့​ဖြစ်၍ သုံးပါး​ပေါင်း​တစ်ဆူ​သည် ကျမ်းစာ​ဆိုင်ရာ​သွန်သင်ချက်​တစ်ခု မဟုတ်ပေ။ * သမ္မာကျမ်းစာ​က “ငါ​တို့၏​ဘုရားသခင် ထာဝရ​ဘုရား[သခင်] [“ယေဟောဝါ၊” က​ဘ] သည် တစ်ဆူတည်း​သော​ထာဝရ​ဘုရား[သခင်] [“ယေဟောဝါ၊” က​ဘ] ဖြစ်​တော်​မူ​၏” ဟု​ဆို​သည်။—တရားဟောရာ ၆:၄

ဘုရားသခင်​ကို ပိုမို​သိကျွမ်း​လာ​ပါ​လေ

ကျွန်ုပ်​တို့သည် ဘုရားသခင်​အား ချစ်​မြတ်နိုး​ပြီး ကိုယ်တော်​ရထိုက်​သည့် အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုမှု​ကို ပြု​နိုင်​ရန် ကိုယ်တော်​သည် မည်သို့သော​ဘုရားသခင်​မျိုး အမှန်​ဖြစ်​ကြောင်း သိရှိဖို့​လို​သည်။ ဘုရားသခင်​ကို ကျွန်ုပ်​တို့ မည်သို့​ပိုမို​သိကျွမ်း​လာနိုင်​မည်​နည်း။ “ဖန်ဆင်း​တော်​မူ​သော​အရာများ​ကို​ထောက်ရှု​သဖြင့်၊ ထာဝရ​တန်ခိုးတော်​နှင့် ထာဝရ​အဖြစ်တော်​တည်း​ဟူသော မျက်မြင်မရ​သော​ဘုရားသခင်​၏​အရာ​တို့သည် ကမ္ဘာ​တည်​သည်​ကာလ​မှ​စ၍ ထင်ရှား​လျက်​ရှိကြ​၏” ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (ရောမ ၁:၂၀) ဘုရားသခင်​ကို ပိုမို​သိကျွမ်း​လာ​စေနိုင်​သည့် နည်း​တစ်နည်း​မှာ ကိုယ်တော်​ဖန်ဆင်း​ထား​ရာ​ကို ကျေးဇူး​တင်​လေးမြတ်​စွာ ကြည့်ရှု​လေ့လာခြင်း​နှင့် တွေးတော​ဆင်ခြင်ခြင်း​အားဖြင့်​ဖြစ်သည်။

သို့ရာတွင် ဖန်ဆင်း​ရာ​များ​က ဘုရားသခင်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​သိဖို့​လိုသမျှ​အားလုံး​ကို မပြောပြ​ချေ။ ဥပမာ၊ ကိုယ်တော်​သည် ထူးခြားသည့်​နာမတော်​နှင့် တကယ့်​ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ကြောင်း သိ​နားလည်​ရန် ကျမ်းစာ​၌ စေ့စေ့စပ်စပ်​စစ်ဆေး​ဖို့ လိုအပ်​သည်။ အမှန်​ဆို​ရ​လျှင် ဘုရားသခင်​ကို ပိုမို​သိကျွမ်း​လာရန် သမ္မာကျမ်းစာ​ကို​လေ့လာခြင်း​သည် အကောင်းဆုံးနည်းဖြစ်​၏။ ကျမ်းစာ​တွင် ယေဟောဝါ​သည် မိမိ​မည်သို့သော​ဘုရားသခင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့အား ပြောပြ​တော်​မူ​သည်။ ကိုယ်တော်​သည် မိမိ၏​ရည်ရွယ်တော်မူချက်​များ​ကိုလည်း ကျွန်ုပ်​တို့အား ဖော်ပြ​တော်​မူ​ပြီး ကိုယ်တော့်​နည်းလမ်းတော်​များ​အတိုင်း ကျွန်ုပ်​တို့အား​သွန်သင်​တော်​မူ​၏။ (အာမုတ် ၃:၇; ၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင်​သည် ကျွန်ုပ်​တို့အား “[အမှန်]တရား [“တိကျ​မှန်ကန်​သည့်​အသိပညာ၊” က​ဘ] ကို သိစေ” ရန်​အလိုတော်​ရှိရာ ကိုယ်တော်​၏​မေတ္တာပါ ပြင်ဆင်​ပေး​ချက်​များ​မှ ကျွန်ုပ်​တို့ အကျိုး​ခံစား နိုင်​ကြ​ပါ​သည်​တကား! (၁ တိမောသေ ၂:၄) သို့​ဖြစ်၍ ယေဟောဝါ​အကြောင်း ကျွန်ုပ်​တို့​သင်ယူ​နိုင်​သမျှ အစွမ်းကုန်​သင်ယူ​ကြ​ရန် ကြိုးစား​ကြပါစို့။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 19 ဤ​အကြောင်းအရာကို အသေးစိတ်​ဆွေးနွေး​သိရှိ​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သုံးပါး​ပေါင်း​တစ်ဆူ​ကို သင်​ယုံကြည်​သင့်​သလော​ဘရိုရှာ [လိပ်] ကို ကြည့်​ပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် ကမ္ဘာ​မြေကြီးကို ဖန်ဆင်း​ရန်​နှင့် သမ္မာကျမ်းစာ​ကို​ရေးသား​ရန် လူ​တို့ကို​မှုတ်သွင်း​ပေးဖို့ မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို အသုံးပြု​တော်​မူ​ခဲ့

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ကောင်းကင်​မှ​အသံတော်​က “ဤ​သူ​ကား . . . ငါ​၏ ချစ်​သား​ပေ​တည်း” ဟု​မိန့်ဆိုခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုသည် မိမိ​ထက်​ကြီးမြတ်​တော်​မူ​သည့် ဘုရားသခင်​ထံ ဆုတောင်း​တော်​မူ​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုသည် ဘုရားသခင့်​နာမတော်​ကို အခြားသူများ​အား သိရှိ​စေ​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို ပိုမို​သိကျွမ်း​လာနိုင်