မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိဖို့လို

ဘုရားသခင် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိဖို့လို

ဘုရားသခင် မည်သူ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိရှိဖို့​လို

သင်သည် တိမ်​ကင်းစင်​သည့်​ည​တစ်ည​တွင် ကြယ်အတိ​ပြီး​သော​ကောင်းကင်​ကို မြင်​သောအခါ ရင်​လှိုက်​သည်း​ဖို မဖြစ်​မိ​ပေ​လော။ ရောင်စုံ​ပန်း​များ​၏ မွှေး​ကြို​င်​သော​ရနံ့​သည် ကြည်နူး​ဖွယ်​မကောင်း​ပေ​လော။ ငှက်​များ​တေးဆိုသံ​နှင့် လေပြေ​လေညင်း​တွင် သစ်​ရွက်​များ​၏​လှုပ်ရှား​သံ​တို့သည် နာ​ပျော်​ဖွယ် မဖြစ်​ပေ​လော။ ပင်လယ်​သမုဒ္ဒရာ​၌​ကျက်စား​သော ခွန်အား​ကြီး​သည့် ဝေလငါး​များနှင့် အခြား​သတ္တဝါများ​ကော အလွန်​စိတ်ဝင်စားဖွယ် ကောင်း​လိုက်​လေ​ခြင်း! ထို့​ပြင် မွေးရာပါ​သိစိတ်​နှင့် အံ့ဖွယ် ဆန်းကြယ်​ရှုပ်ထွေး​သော ဦးနှောက်​ပိုင်ဆိုင်သူ လူသားများ​ကော။ ကျွန်ုပ်​တို့​ပတ်ပတ်လည်​တွင် တည်ရှိ​နေသည့် အံ့ဩစရာ​ကောင်းသော​အရာအားလုံးကို မည်သို့​ရှင်းပြ​မည်​နည်း။

တချို့က ထို​အရာအလုံးစုံ​တို့သည် အလိုအလျောက်​ဖြစ်ပေါ်​လာ​သည်​ဟု ယူဆကြ​၏။ သို့သော် ထိုသို့​ဆိုပါ​က ဘုရားသခင်​ကို လူ​တို့​အဘယ်ကြောင့် ယုံကြည်​ကြ​ရသနည်း။ ဓာတု​ပစ္စည်း​အမျိုးမျိုး အမှတ်မထင် ပေါင်းစပ်​ဖွဲ့စည်း​လာ​ခြင်း​က ဝိညာဉ်​ရေး​လိုအပ်​လျက်​ရှိသော သတ္တဝါများ​ကို အဘယ်ကြောင့်​ဖြစ်ပေါ်​စေနိုင်​မည်​နည်း။

“ဘာသာ​တရားသည် လူ့​သဘော​တွင် အရိုးစွဲ​နေရာ ၎င်းကို စီးပွားရေး​နှင့် ပညာရေး​အဆင့်အတန်း​အသီးသီး​မှ လူ​တို့​တွင် တွေ့ရှိ​ရ၏။” ဤ​ဖော်ပြချက်​က လူ့​ဝိညာဉ်​ရေး​သဘောတရား​စာအုပ်​တွင် ပါမောက္ခ အယ်​လ​စ္စ​တာ ဟာ​ဒီ တင်သွင်း​ထား​သည့် သုတေသန​ပြုချက်​ကို အကျဉ်း​ချုံး​ဖော်ပြ​သည်။ မကြာသေးမီ​က လူ့​ဦးနှောက်ကို​အမျိုးမျိုး စမ်းသပ်​ခဲ့​ရာ လူသည် ဘာသာရေး​လိုက်စား​နိုင်​သည့်​အစွမ်း​ဖြင့် “စွဲမြဲ​စွာ ဖွဲ့စည်း” ခံရ​ပုံ​ရှိသည်​ဟု နဗ်ကြော​ဆိုင်ရာ​သိပ္ပံ​ပညာရှင်​တချို့က အဆိုပြု​ခဲ့​ကြသည်။ ဘုရားသခင်​သည်​သာ အမှန်​ဖြစ်​ခြင်း​လော​စာအုပ်​က “ဘာသာ​တရား​ဖြင့် ဘဝ​အဓိပ္ပာယ်​ရှာပုံတော်ဖွင့်​ခြင်း​ကို . . . လူသား​ပေါ်ထွန်း​ချိန်​မှ​စ၍ ခေတ်​ကာလ​တစ်လျှောက် ယဉ်ကျေးမှု​တိုင်း​တွင် တွေ့ရှိ​ရသည်” ဟု​ဆို​၏။

လွန်ခဲ့သော အနှစ် ၂,၀၀၀ ခန့်​က ပညာတတ်​တစ်ဦး မည်သို့​သဘော​ရခဲ့​သည်ကို သုံးသပ်ကြည့်​ပါ။ သူက “အိမ်​မည်​သည်​ကား တစ်စုံ​တစ်ယောက်​သော​သူ ဆောက်​သောကြောင့်​ဖြစ်၏။ အလုံးစုံ​တို့ကို တည်ဆောက်​သော​သူ​ကား ဘုရားသခင်​ပေ​တည်း” ဟု​ရေးသားခဲ့​၏။ (ဟေဗြဲ ၃:၄) အမှန်​မှာ၊ သမ္မာကျမ်းစာ​၏ ပထမဦးဆုံး​ကျမ်းပိုဒ်​က “အစအဦး​၌ ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီးကို ဖန်ဆင်း​တော်​မူ​၏” ဟု​ဆို​သည်။—ကမ္ဘာဦး ၁:၁

သို့သော် ဘုရားသခင်​ကား မည်သူ​နည်း။ ဤ​မေးခွန်း​နှင့်​ပတ်သက်​၍ လူသား​တို့သည် သဘောထား​ကွဲလွဲ​နေကြ၏။ ဘုရားသခင်​ကား မည်သူ​နည်း​ဟု မေးမြန်း​ခံရသော​အခါ ဂျပန်​ဆယ်ကျော်သက်​တစ်ဦး​ဖြစ်သူ ယို​ရှီ​က “သေချာ​မသိ​ဘူး။ ကျွန်တော်​က . . . တစ်ယောက်​ဖြစ်​တော့ ဘုရားသခင်​ဘယ်သူ​ဘယ်ဝါ​ဆိုတာ​ကို သိဖို့ ကျွန်တော့်​အတွက် သိပ်​အရေး​မကြီး​ဘူး။” သို့သော် လူအများ​က . . . ကို ဘုရားသခင်​အဖြစ် ကိုးကွယ်​နေကြ​ကြောင်း ယို​ရှီ​ဝန်ခံ​သည်။ အသက် ၆၀ ကျော်​ရှိ စီးပွားရေး​သ​မား​တစ်ဦး​ဖြစ်သူ နစ်​ခ်​သည် ဘုရားသခင်​ကို​ယုံကြည်​၏၊ ၎င်း​သည် အမြင့်​မား​ဆုံး​စွမ်းအား​ဖြစ်၏​ဟု ယူဆ​သည်။ ဘုရားသခင်​နှင့်​ပတ်သက်ပြီး သူသိ​ရှိ​ထား​ရာ​ကို ရှင်းပြ​ပေး​ရန် နစ်​ခ်​အား တောင်းဆို​သည့်​အခါ အတန်ကြာ​နှုတ်ဆိတ်​နေပြီး​နောက် သူ​ဤသို့​ဖြေဆို​သည်– “အဲဒါ​အတော်​ခက်​တဲ့​မေးခွန်း​ပဲ သူငယ်ချင်း။ ကျွန်တော်​ပြော​နိုင်တာ​က​တော့ ဘုရားသခင်​ဆိုတာ​ရှိတယ်။”

လူ​တချို့က “ဖန်ဆင်း​တော်​မူ​သော​အရှင်​အစား အ​ဖန်ဆင်း​ခံအရာ​ကို ကိုးကွယ်​ဝတ်ပြု​ကြ​၏။” (ရောမ ၁:၂၅သတင်းကောင်း) လူ​သန်းပေါင်း​များစွာတို့သည် ဘုရားသခင်​ထံ​ချဉ်းကပ်​ရန် အလှမ်းဝေး​လွန်း​လှ​သည်​ဟု ယုံကြည်​ကြ​ကာ ကွယ်လွန်​သွားသော ဘိုးဘေး​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြသည်။ . . . ဘာသာ​တွင် နတ်​ဘုရား​များနှင့် နတ်​ဘုရားမ​ပေါင်း​များစွာ​ရှိသည်။ ယေရှု​ခရစ်​၏​တမန်​တော်​များ​လက်ထက်​၌ ဇုသ​နှင့် ဟေ​ရ​မေ​ကဲ့သို့​သော နတ်​ဘုရား​အသီးသီး​ကို ကိုးကွယ်​ခဲ့​ကြသည်။ (တမန်​တော် ၁၄:၁၁၊ ၁၂) ခရစ်ယာန်ဘောင် ချာ့ခ်ျ​များစွာ​တို့​က​လည်း ဘုရားသခင်​သည် ခမည်းတော်​ဘုရားသခင်၊ သားတော်​ဘုရားသခင်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​ဘုရားသခင်​ပေါင်းစပ်​ထား​သည့် သုံးပါး​ပေါင်း​တစ်ဆူ​ဖြစ်သည်ဟု သွန်သင်​ကြသည်။

အမှန်​မှာ “‘ဘုရား[သခင်]များ’၊ ‘အရှင်​များ’” ရှိကြသည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ သို့ရာတွင် ကျမ်းစာ​က ဤသို့​ထပ်​ဖြည့်စွက်​သည်– “အ​ကြင်​ဘုရားသခင်​အထဲ​က ခပ်သိမ်း​သော​အရာ​ဖြစ်၍၊ . . . ထို​ခမည်းတော်​ဘုရားသခင်​တစ်ပါး​တည်း​သာ ငါ​တို့​၌​ရှိ​တော်​မူ​၏။” (၁ ကောရိန္သု ၈:၅၊ ၆) မှန်ပါသည်၊ စစ်မှန်သော​ဘုရားသခင် တစ်ဆူတည်း​သာ​ရှိ​တော်​မူ​၏။ သို့သော် ကိုယ်တော်​ကား မည်သူ​နည်း။ ကိုယ်တော်​သည် မည်သည့်​အရာ​နှင့်​တူ​တော်​မူ​သနည်း။ ဤ​မေးခွန်းများ​၏​အဖြေ​များ​ကို ကျွန်ုပ်​တို့​သိရှိ​ရန် အရေးကြီး​သည်။ ယေရှု​ကိုယ်တော်တိုင်​က ၎င်း​အရှင်​ထံ ဤသို့​ဆုတောင်း​ခဲ့​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ကျွန်ုပ်​တို့၏​ထာဝရ​အကျိုး​သည် ဘုရားသခင်​နှင့်​ပတ်သက်​သည့် အမှန်တရားကို​သိကျွမ်းခြင်း​အပေါ် မူတည်​နေကြောင်း ယုံကြည်​စ​ရာ​အကြောင်း​ရှိပါ​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

၎င်း​တို့​တည်ရှိခြင်း​ကို မည်သို့​ရှင်းပြ​မည်​နည်း

[Credit Line]

Whale: Courtesy of Tourism Queensland

[Picture Credit Line on page 2]

COVER: Index Stock Photography © 2002