မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ချစ်ခင်ကြင်နာမှုမှ အကျိုးခံစားရခြင်း

ယေဟောဝါ၏ချစ်ခင်ကြင်နာမှုမှ အကျိုးခံစားရခြင်း

ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​မှ အကျိုး​ခံစား​ရခြင်း

“အဘယ်သူ​သည် ပညာရှိ​သနည်း။ ထို​သူသည် . . . ယေဟောဝါ​၏ ချစ်ခင်​ကြင်နာ​မှု​လုပ်ရပ်များ​ကို အာရုံစိုက်​လိမ့်​မည်။”—ဆာလံ ၁၀၇:၄၃၊ က​ဘ။

၁။ ‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ဘာသာပြန်​ထားသော ဟေဗြဲ​စကားလုံး​ကို သမ္မာကျမ်းစာ​တွင် မည်သည့်​နေရာ၌ ဦးဆုံး​အသုံးပြု​ထား​သနည်း၊ ဤ​အရည်အသွေး​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

လွန်ခဲ့သော​အနှစ် ၄,၀၀၀ ခန့်​က အာဗြံ​ဟံ​၏​တူ​လောတ​သည် ယေဟောဝါ​နှင့်​ပတ်သက်​၍ ဤသို့​ဆို​ခဲ့​သည်– “အကျွန်ုပ်​၌​ပြု​တော်​မူ​သော . . . ကျေးဇူး [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] များပြား​လှ​ပါ​၏။” (ကမ္ဘာဦး ၁၉:၁၉) ဤ​အခန်းငယ်​တွင် ‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ဘာသာ​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​ကို သမ္မာကျမ်းစာ​တွင် ပထမ​အကြိမ်​တွေ့ရှိ​ရ၏။ ယေဟောဝါ​၏ ဤ​အရည်အသွေး​အကြောင်းကို ယာကုပ်၊ နောမိ၊ ဒါဝိဒ်​နှင့် ဘုရားသခင်​၏​အခြား​ကျေးကျွန်​များ​က​လည်း ဖော်ပြ​ခဲ့​ကြသည်။ (ကမ္ဘာဦး ၃၂:၁၀; ရုသ ၁:၈; ၂ ဓမ္မ​ရာဇဝင် ၂:၆) အမှန်​မှာ ၎င်း​ဟေဗြဲ​စကားလုံး​သည် ဟေဗြဲ​ကျမ်း​၏ မူရင်း​ကျမ်း​တွင် အကြိမ်ပေါင်း ၂၅၀ ခန့်​ပါရှိ​သည်။ သို့သော် ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ကား အဘယ်နည်း။ အတိတ်​က ၎င်းကို​မည်သူ​တို့အား​ပြသ​ခဲ့​သနည်း။ ယနေ့ ၎င်း​၏​အကျိုးကျေးဇူး​ကို ကျွန်ုပ်​တို့​မည်သို့​ခံစား​ကြ​ရသနည်း။

၂။ ‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ပြန်ဆို​ထားသော​ဟေဗြဲ​စကားလုံး​ကို အဓိပ္ပာယ်​ဖွင့်ဆို​ရန် အဘယ်ကြောင့်​ခဲယဉ်း​သနည်း၊ ၎င်း​၏​သင့်လျော်​သော အခြား​ပြန်ဆို​ပုံ​ကား အဘယ်နည်း။

သမ္မာကျမ်းစာ​တွင် ‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ဘာသာပြန်​ထား​သည့် ဟေဗြဲ​စကားလုံး​သည် အဓိပ္ပာယ်​ထိမိ​လွန်း​ရ​ကား ဘာသာ​စကား​အများစု​တွင် ၎င်း​စကားလုံး​၏​ဆိုလိုရင်း​အတိအကျ​ကို ဖော်ဆောင်​နိုင်​သည့် တစ်လုံးတည်း​သော​ဝေါဟာရ​မရှိ​ချေ။ ထို့​ကြောင့် “မေတ္တာ” “သက်ညှာမှု” နှင့် “တည်ကြည်​ခြင်း” စ​သည့်​ပြန်ဆိုချက်​များသည် ယင်း​၏​အဓိပ္ပာယ်​အပြည့်အစုံကို မ​ဖွင့်ဆို​ချေ။ သို့ရာတွင် အဓိပ္ပာယ်​ပို​၍​ကျယ်ဝန်း​သော ‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ပြန်ဆိုခြင်း​သည် “ထိုစကား​လုံး​၏​အဓိပ္ပာယ်​အပြည့်အစုံ​နှင့် နီးစပ်​သည်” ဟု​ဓမ္မ​ပညာရပ်​ဆိုင်ရာ ဓမ္မဟောင်း​ကျမ်း​၏​စကားလုံး​စာအုပ်​က​ဖော်ပြ​သည်။ သန့်ရှင်းသော​ကျမ်းစောင်​များ​၏ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း—အညွှန်းများဖြင့်​က ‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​ကို အခြား​တစ်နည်း​ဖြင့် ‘တည်ကြည်သော​မေတ္တာ’ ဟု​သင့်လျော်​စွာ​ပြန်ဆို​ထား​သည်။—ထွက်မြောက်ရာ ၁၅:၁၃; ဆာလံ ၅:၇က​ဘ၊ အောက်ခြေမှတ်ချက်။

ချစ်ခြင်း​မေတ္တာ၊ တည်ကြည်​ခြင်း​နှင့် ကွာခြား

၃။ ‘ချစ်ခင်​ကြင်နာ​မှု’ နှင့် ‘ချစ်ခြင်း​မေတ္တာ’ ဟု​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​တို့သည် မည်သို့​ကွာခြား​သနည်း။

ချစ်ခင်​ကြင်နာ​မှု သို့​မဟုတ် တည်ကြည်သော​မေတ္တာသည် ချစ်ခြင်း​မေတ္တာ၊ တည်ကြည်​ခြင်း အရည်အသွေးများနှင့် အလွန်​နီးစပ်​သည်။ တစ်ချိန်တည်း​တွင် အရေးပါသော​နည်းဖြင့်​လည်း ကွာခြား​သည်။ ချစ်ခင်​ကြင်နာ​မှု​နှင့် ချစ်ခြင်း​မေတ္တာ မည်သို့​ကွာခြား​ကြောင်း သုံးသပ်ကြည့်​ပါ။ အချို့​ဘာသာ​စကား​များ​တွင် မေတ္တာကို အရာဝတ္ထု​များ၊ အယူအဆ​များနှင့် ဆက်စပ်​အသုံးပြု ပြောဆို​တတ်ကြ​သည်။ သမ္မာကျမ်းစာ​တွင် “စပျစ်​ရည်​နှင့်​ဆီ​ကို​ကြိုက်” ၍ “ပညာ​တရားကို​နှစ်သက်” သည်​ဟု​ဆိုပါ​သည်။ (သု. ၂၁:၁၇; ၂၉:၃) သို့သော် ချစ်ခင်​ကြင်နာ​မှု​ကို​ကား အယူအဆ​များ သို့​မဟုတ် သက်မဲ့​အရာဝတ္ထု​များနှင့် တွဲ၍​အသုံးမပြု​ပါ၊ လူ​နှင့်​သာ ဆက်စပ်​အသုံးပြု​သည်။ ဥပမာ၊ ယေဟောဝါ​သည် “အမျိုး​အစဉ်အဆက် အထောင်အသောင်း​တိုင်အောင်၊ ချစ်ခင်​ကြင်နာ​မှု​ကို​ပြ​သည်​ဟု ထွက်မြောက်ရာ ၂၀:၆ (က​ဘ) က​ဆို​သောအခါ လူ​တို့​ပါဝင်​ပတ်သက်​သည်။

၄။ ‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ပြန်ဆို​ထားသော ဟေဗြဲ​ဝေါဟာရ​သည် တည်ကြည်​ခြင်း​နှင့် မည်သို့​ကွာခြား​သနည်း။

‘ချစ်ခင်​ကြင်နာ​မှု’ ဟု​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​သည် ‘တည်ကြည်​ခြင်း’ ဟူသော​စကားလုံး​ထက်​လည်း အဓိပ္ပာယ်​ပို​ကျယ်ဝန်း​သည်။ အချို့​ဘာသာ​စကား​များ​တွင် ‘တည်ကြည်​ခြင်း’ ကို အထက်​လူကြီး​တစ်ဦး​အား လက်အောက်ခံ​တစ်ဦး​က ပြသ​သင့်​သော​သဘော​နှင့်​ဆက်စပ် အသုံးပြုလေ့​ရှိသည်။ သို့သော် သုတေသီ​တစ်ဦး​ဖော်ပြ​သည်​မှာ ကျမ်းစာ​ရှုထောင့်​မှ​ဆိုလျှင် ချစ်ခင်​ကြင်နာ​မှု​သည် “များသောအားဖြင့် ၎င်းနှင့်​ဆန့်ကျင်​သော ဆက်ဆံ​ရေး​ကို ဖော်ညွှန်း​လေ့​ရှိသည်– တန်ခိုး​ရှိသူ​သည် ဆင်းရဲ​ချို့ငဲ့သူ သို့​မဟုတ် မှီခို​သူကို တည်ကြည်​ခြင်း​ဖြစ်သည်။ ထို့​ကြောင့် ဘုရင်​ဒါဝိဒ်က ယေဟောဝါ​အား ဤသို့​အသနားခံ​နိုင်​ခဲ့​သည်– “မျက်နှာတော်​၏​အလင်း​ကို ကိုယ်တော်၏​ကျွန်​အပေါ်​၌ ထွန်းလင်း​စေတော်မူ​ပါ။ ကိုယ်တော်​၏ ချစ်ခင်​ကြင်နာ​မှု​၌ အကျွန်ုပ်​ကို​ကယ်တင်​တော်​မူ​ပါ။” (ဆာလံ ၃၁:၁၆က​ဘ) တန်ခိုး​ကြီးမား​တော်​မူ​သော ယေဟောဝါ​သည် ချို့ငဲ့သူ​ဒါဝိဒ်​ကို ချစ်ခင်​ကြင်နာ​မှု သို့​မဟုတ် တည်ကြည်သော​မေတ္တာပြ​ပါ​ရန် ဒါဝိဒ်​အသနားခံ​ခဲ့​သည်။ တန်ခိုး​ရှိသူ​အပေါ် ချို့ငဲ့သူ​သည် အဘယ်​အာဏာ​မျှ မရှိသော​ကြောင့် ဤ​အခြေအနေ​မျိုး​တွင် ချစ်ခင်​ကြင်နာ​မှု​ကို မပြ​မနေ​ပြ​ရခြင်း​မဟုတ်ဘဲ တလိုတလား​ပြ​ခဲ့​ခြင်း​ဖြစ်သည်။

၅။ (က) ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​မှု​ဆိုင်ရာ အဘယ်​ထူးခြားချက်​များ​ကို သမ္မာကျမ်းစာ​တွင်​တွေ့ရှိ​ရသနည်း။ (ခ) ယေဟောဝါ ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​သော အဘယ်​အကြောင်း​များ​ကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

“အဘယ်သူ​သည် ပညာရှိ​သနည်း” ဟု​ဆာလံဆရာ​မေးခဲ့သည်။ “ထို​သူသည် . . . ယေဟောဝါ​၏ ချစ်ခင်​ကြင်နာ​မှု​လုပ်ရပ်များ​ကို အာရုံစိုက်​လိမ့်​မည်။” (ဆာလံ ၁၀၇:၄၃က​ဘ) ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​သည် ကယ်လွှတ်​၍ ကာကွယ်​စောင့်ရှောက်မှု​ပေး​နိုင်​သည်။ (ဆာလံ ၆:၄; ၁၁၉:၈၈၊ ၁၅၉) ၎င်း​သည် အကာအကွယ်​ပေး​ပြီး အခက်အခဲ​များ​ကြား​မှ စိတ်သက်သာ​မှု​ရစေ​သည့် အခြေခံ​အကြောင်း​တစ်ခု​ဖြစ်သည်။ (ဆာလံ ၃၁:၁၆၊ ၂၁; ၄၀:၁၁; ၁၄၃:၁၂) ဤ​အရည်အချင်း​ကြောင့် ပြစ်မှား​မိ​ပြီး ပြန်​နာလန်ထူ​နိုင်​သည်။ (ဆာလံ ၂၅:၇) ကျမ်းစာ​ဇာတ်လမ်း​အချို့​ကို ပြန်ပြောင်း​ဆင်ခြင်​ပြီး အခြား​ကျမ်းချက်​များ​ကို ဂရုပြု​သည့်​အခါ ယေဟောဝါ​သည် ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​ကို (၁) တစ်စုံတစ်ရာ​သော​အပြု​အမူ​ဖြင့် ဖော်ပြ​ကြောင်း​နှင့် (၂) ကိုယ်တော်​၏​တည်ကြည်သော​ကျေးကျွန်​များ ခံစားရ​ကြောင်း ကျွန်ုပ်​တို့​တွေ့ရှိ​လိမ့်​မည်။

ကယ်လွှတ်​ခြင်း—ချစ်ခင်​ကြင်နာ​မှု တင်ပြ​နည်း​တစ်ခု

၆၊ ၇။ (က) ယေဟောဝါ​သည် လောတ​၏​ကိစ္စ​တွင် မိမိ၏​ချစ်ခင်​ကြင်နာ​မှု​ကို မည်သို့​ဖော်ပြ​ခဲ့​သနည်း။ (ခ) ယေဟောဝါ​သည် ချစ်ခင်​ကြင်နာ​မှု​ရှိကြောင်း အဘယ်​အချိန်တွင် လောတ​ဖော်ပြ​ခဲ့​သနည်း။

ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​အတိုင်းအတာကို စိစစ်​ရန် အကောင်းဆုံးနည်း​မှာ ထို​အရည်အချင်း​နှင့်​ဆိုင်သော ကျမ်းစာ​မှတ်တမ်းများ​ကို ဆန်းစစ်​ကြည့်​ခြင်း​ဖြစ်သည်။ အာဗြံ​ဟံ​၏​တူ လောတသည် ရန်သူ​စစ်တပ်​၏​သိမ်းယူ​ခြင်း​ကို​ခံရ​ကြောင်း ကမ္ဘာဦး ၁၄:၁-၁၆ ၌ ကျွန်ုပ်​တို့​ဖတ်​ရသည်။ သို့သော် လောတ​ကို အာဗြံဟံက​ယ်​ဆယ်​ခဲ့​သည်။ လောတ​နှင့် သူ့​မိသားစု​နေထိုင်​သော ဆိုးသွမ်း​သည့်​သောဒုံ​မြို့ကို ဖျက်ဆီး​ပစ်​ဖို့ ယေဟောဝါ​ဆုံးဖြတ်​ချိန်​တွင် လောတ​သည် အသက်​အန္တရာယ်​တွေ့ကြုံ​ခဲ့​ရ​ပြန်​သည်။—ကမ္ဘာဦး ၁၈:၂၀-၂၂; ၁၉:၁၂၊ ၁၃

သောဒုံ​မြို့ကို​မဖျက်ဆီး​မီ​ကလေး​တွင် ယေဟောဝါ​၏​ကောင်းကင်တမန်​များသည် လောတ​နှင့် သူ၏​မိသားစုကို မြို့ပြင်​သို့​ပို့ပေး​ခဲ့​သည်။ ထို​အ​ခိုက် လောတ​ဤသို့​ပြောဆို​ခဲ့​သည်– “ယခု​မှာ ကိုယ်တော်​ကျွန်​သည် ရှေ့တော်၌​မျက်နှာ​ရ​ပါ​ပြီ။ အကျွန်ုပ်​အသက်ချမ်းသာ​စေ​သဖြင့်၊ အကျွန်ုပ်​၌​ပြု​တော်​မူ​သော ချစ်ခင်​ကြင်နာ​မှုများ​ပြား​လှ​ပါ​၏။” (ကမ္ဘာဦး ၁၉:၁၆၊ ၁၉က​ဘ) ယေဟောဝါ​သည် မိမိကို​လွတ်မြောက်​စေခြင်း​အားဖြင့် အထူး​ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​ကြောင်း ထိုသို့​လောတ​အသိအမှတ်ပြု​ခဲ့​သည်။ ဤ​အဖြစ်အပျက်​တွင် ဘုရားသခင်​သည် ကယ်လွှတ်​၍ ကာကွယ်​စောင့်ရှောက်​ပေးခြင်း​အားဖြင့် ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​သည်။—၂ ပေတရု ၂:၇

ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​နှင့် ကိုယ်တော့်​လမ်းညွှန်မှု

၈၊ ၉။ (က) အာဗြံဟံကျွန်​၏​တာဝန်​ကား အဘယ်နည်း။ (ခ) ထို​ကျွန်​သည် ဘုရားသခင့်​ချစ်ခင်​ကြင်နာ​မှု​ခံစား​ရဖို့ အဘယ်ကြောင့်​တောင်းလျှောက်​ခဲ့​သနည်း၊ သူ​ဆုတောင်း​နေစဉ် အဘယ်​သို့​ဖြစ်ပျက်​ခဲ့​သနည်း။

ချစ်ခင်​ကြင်နာ​မှု သို့​မဟုတ် သစ္စာစောင့်သိ​သော​မေတ္တာကို နောက်​တစ်ကြိမ် ဘုရားသခင်​ပြ​ခဲ့​ကြောင်း ကမ္ဘာဦး​အခန်းကြီး ၂၄ တွင် ကျွန်ုပ်​တို့​ဖတ်​ရသည်။ အာဗြံ​ဟံ​သည် မိမိ​ဆွေမျိုး​များနေ​ထိုင်​ရာ​တိုင်းပြည်​သို့​သွား​၍ သား​ဣဇာက်​အတွက် ဇနီး​ရှာပေး​ရန် မိမိ​ကျွန်​အား တာဝန်​ပေး​ခဲ့​ကြောင်း ထို​မှတ်တမ်းက​ပြောပြ​သည်။ (အခန်းငယ် ၂-၄) ထို​တာဝန်​သည် ခက်ခဲ​သော်လည်း မိမိကို ယေဟောဝါ​၏​ကောင်းကင်တမန် လမ်းညွှန်​ပေး​မည်​ဟု ကျွန်​က​စိတ်ချ​ခဲ့​သည်။ (အခန်းငယ် ၇) နောက်ဆုံး​တွင် ၎င်း​ကျွန်​သည် (ခါရန် သို့​မဟုတ် အနီးတစ်ဝိုက်​ရှိ) “နာ​ခေါ်​မြို့” ပြင်​ရှိ ရေတွင်း​သို့ အမျိုးသမီးများ​ရေခပ်​ဆင်း​ချိန်​တွင် ရောက်သွား​ခဲ့​သည်။ (အခန်းငယ် ၁၀၊ ၁၁) အမျိုးသမီးများ​နီး​လာ​သည်ကို သူ​တွေ့သော​အခါ အရေးကြီးသော​အချိန် ရောက်လာ​ပြီ​ဖြစ်​ကြောင်း သူသိ​ရှိခဲ့​သည်။ သို့သော် တော်မှန်​သည့်​အမျိုးသမီးကို သူ​မည်သို့​သိနိုင်​မည်​နည်း။

ဘုရားသခင့်​လမ်းညွှန်မှုကို မိမိ​လိုအပ်ကြောင်း​သိရှိပြီး အာဗြံ​ဟံ​၏​ကျွန်​သည် ဤသို့​ဆုတောင်း​ခဲ့​သည်– “အကျွန်ုပ်၏​သခင်၊ အာဗြံ​ဟံ​၏​ဘုရားသခင်​ထာဝရ​ဘုရား ယနေ့​အကျွန်ုပ်​အကြံ​ကို ထမြောက်​စေ​၍၊ အကျွန်ုပ်၏​သခင်​အာဗြံ​ဟံ​၌ ကျေးဇူးပြု [“ချစ်ခင်​ကြင်နာ​မှု​ပြ၊” က​ဘ] တော်​မူ​ပါ​ဟု အကျွန်ုပ်​ဆုတောင်း​ပါ​၏။” (အခန်းငယ် ၁၂) ယေဟောဝါ​သည် မိမိ၏​ချစ်ခင်​ကြင်နာ​မှု​ကို မည်သို့​တင်ပြ​မည်​နည်း။ ဘုရားသခင်​ရွေးချယ်သော မိန်းမငယ်​ကို မိမိ​သိနိုင်​ရန် အမှတ်အသား​တစ်ခုခု​ပေး​ပါ​ဟု ကျွန်​က​တောင်းဆို​ခဲ့​သည်။ (အခန်းငယ် ၁၃၊ ၁၄) ယေဟောဝါ​အား သူ​တောင်းဆို​သည့်​အတိုင်း အမျိုးသမီး​တစ်ဦး အတိအကျ​ပြုလုပ်​ခဲ့​သည်။ သူ၏​ဆုတောင်းချက်​ကို ထို​အမျိုးသမီး​ကြား​သွား​သည့်​အလား​ပင်! (အခန်းငယ် ၁၅-၂၀) အာဗြံ​ဟံ​၏​ကျွန်​သည် အလွန်​အံ့အားသင့်​ပြီး “ထို​မိန်းမကို​အံ့ဩ​၍ [“စေ့စေ့​ကြည့်​လျက်၊” က​ဘ] နေ​လေ​၏။” သို့​တိုင် အရေးကြီးသော​အချက်​အချို့​ကို သိဖို့​လို​နေ​၏။ ဤ​ချောမော​လှပသော​အမျိုးသမီး​သည် အာဗြံ​ဟံ​၏​ဆွေမျိုး​တစ်ဦး​လော။ အိမ်ထောင်​မကျ​သေး​သူ​လော။ ထို့​ကြောင့် ကျွန်​ဖြစ်သူ​သည် “မိမိ​ရောက်လာ​သော​အမှုကို ထာဝရ​ဘုရား[သခင်]ပြုစု​တော်​မူ​သည်၊ မ​မူ​သည်ကို​သိ​လို​၍၊ တိတ်ဆိတ်​စွာ​နေ​လေ​၏။”—အခန်းငယ် ၁၆၊ ၂၁။

၁၀။ ယေဟောဝါ​သည် မိမိ၏​သခင်​ကို ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့ပြီ​ဟု အာဗြံ​ဟံ​၏​ကျွန် အဘယ်ကြောင့်​ကောက်ချက်​ချ​ခဲ့​သနည်း။

၁၀ ထိုသို့​ဖြစ်​ပြီး​မကြာမီ ၎င်း​မိန်းမပျို​က မိမိသည် “နာ​ခေါ် [အာဗြံ​ဟံ​၏​ညီ] ၏​မယား မိ​လ​ခါ​ဖွားမြင်​သော၊ ဗေသွေလ​၏​သမီး​ဖြစ်” ကြောင်း​ဖော်ပြ​ခဲ့​သည်။ (ကမ္ဘာဦး ၁၁:၂၆; ၂၄:၂၄) ထို​အ​ခိုက် မိမိ၏​ဆုတောင်းချက်​ကို ယေဟောဝါ​ဖြေဆို​ပေး​ခဲ့​ကြောင်း ကျွန်​ဖြစ်သူ​သိရှိ​ခဲ့​သည်။ သူသည် အံ့အားသင့်​သွားပြီး ဦးညွှတ်​လျက်​ဤသို့​ဆို​ခဲ့​သည်– “အကျွန်ုပ်​သခင်​မှ ချစ်ခင်​ကြင်နာ​မှု​နှင့် ယုံကြည်​စိတ်ချမှု​ကို ရုပ်သိမ်း​တော်​မ​မူ​သော၊ အကျွန်ုပ်​သခင်​အာဗြံ​ဟံ​၏​ဘုရားသခင် ယေဟောဝါ​သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။ လမ်းမှာ​သွား​လျက်​ရှိသော အကျွန်ုပ်​ကို ထာဝရ​ဘုရား​သည် အကျွန်ုပ်​သခင်၏​ညီအစ်ကို​အိမ်​သို့ ပို့ဆောင်​တော်​မူ​ပါ​သည်​တကား။” (အခန်းငယ် ၂၇၊ က​ဘ) ဘုရားသခင်​သည် လမ်းညွှန်​ပေးခြင်း​ဖြင့် ထို​ကျွန်​၏​သခင် အာဗြံ​ဟံ​ကို ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​သည်။

ဘုရားသခင့်​ချစ်ခင်​ကြင်နာ​မှု​က သက်သာရာ​ရစေ​ပြီး အကာအကွယ်​ပေး

၁၁၊ ၁၂။ (က) ယောသပ်​သည် အဘယ်​စမ်းသပ်မှု​များ ခံ​နေရ​စဉ် ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ကို ခံစား​ခဲ့​ရသနည်း။ (ခ) ဘုရားသခင်​သည် ယောသပ်​၏​အဖြစ်အပျက်​တွင် ချစ်ခင်​ကြင်နာ​မှု​ကို မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၁ ကမ္ဘာဦး​အခန်းကြီး ၃၉ ကို​ဆက်၍​သုံးသပ်ကြည့်​ကြ​စို့။ ၎င်း​သည် အာဗြံ​ဟံ​၏​မြစ်၊ အီဂျစ်​ပြည်​သို့ ကျွန်​အဖြစ်​ရောင်းချ​ခံ​ခဲ့​ရသူယောသပ်​အကြောင်းကို အဓိက​ထား​သည်။ သို့သော် “ထာဝရ​ဘုရား​သည် ယောသပ်​ဘက်မှာ​ရှိ​တော်​မူ . . . ၏။” (အခန်းငယ် ၁၊ ၂) အမှန်​မှာ၊ ယောသပ်​၏​အီဂျစ်​သခင် ပေါတိဖာ​ပင်​လျှင် ယောသပ်​ဘက်၌ ယေဟောဝါ​ရှိ​တော်​မူ​သည်​ဟု ကောက်ချက်​ချ​ခဲ့​သည်။ (အခန်းငယ် ၃) သို့သော် ယောသပ်​သည် အလွန်​အရေးပါသော​စမ်းသပ်မှု​တစ်ခု​ကို ရင်ဆိုင်ခဲ့​ရသည်။ သူသည် ပေါတိဖာ​၏​ဇနီး​ကို လိင်ဆိုင်ရာ​ကျူးလွန်​မှု​ပြု​သည်​ဟု မတရား​စွပ်စွဲ​ခံရ​ပြီး ထောင်ချ​ခံ​ခဲ့​ရသည်။ (အခန်းငယ် ၇-၂၀) “ထောင်​ထဲမှာ” “သူ့ကို​ခြေချင်း​ခတ်​၍ သံ​နှင့်​ညှဉ်းဆဲ​ကြ​၏။”—ကမ္ဘာဦး ၄၀:၁၅; ဆာလံ ၁၀၅:၁၈

၁၂ အထူး​ခံရ​ခက်​သော ထို​အဖြစ်ဆိုး ကြုံတွေ့​နေရ​စဉ် အဘယ်​သို့​ဖြစ်ပျက်​ခဲ့​သနည်း။ “ထာဝရ​ဘုရား​သည် သူ့​ဘက်၌​ရှိ၍ ကယ်မ​သနား [“ချစ်ခင်​ကြင်နာ​မှု​ပြ၊” က​ဘ] တော်​မူ . . . ၏။” (အခန်းငယ် ၂၁က) ချစ်ခင်​ကြင်နာ​မှု​လုပ်ရပ်​တစ်ခု​က ယောသပ်​ခံ​နေရ​သော​အခက်အခဲ​များ​ကို တဖြည်းဖြည်း​ရပ်စဲ​သွား​စေသည့် ဆက်တိုက်​အဖြစ်အပျက်​များ​ကို စတင်​စေ​ခဲ့​၏။ ယေဟောဝါ​သည် ယောသပ်​အား “ထောင်မှူး​ထံ​မျက်နှာ​ရစေ” ခဲ့​သည်။ (အခန်းငယ် ၂၁ခ) သို့​ဖြစ်၍ ထောင်မှူး​သည် ယောသပ်​ကို တာဝန်ခံ​တစ်ဦး​အဖြစ်​ခန့်အပ်​ခဲ့​သည်။ (အခန်းငယ် ၂၂) ထို့နောက် အီဂျစ်​ရှင်ဘုရင်​ဖာရော​ရှေ့​ရောက်​စေ​ခဲ့​သူနှင့် ယောသပ်​တွေ့ဆုံ​ခဲ့​သည်။ (ကမ္ဘာဦး ၄၀:၁-၄၊ ၉-၁၅; ၄၁:၉-၁၄) တစ်ဖန် ရှင်ဘုရင်​သည် ယောသပ်​ကို အီဂျစ်​ပြည်​၏​ဒုတိယ​အုပ်စိုးရှင်​အဖြစ် ခန့်အပ်​လိုက်​လေ​သည်၊ ယင်းကြောင့် အီဂျစ်​ပြည်​၌ အစာ​ခေါင်းပါး​သောအခါ အသက်ကယ်​ဆယ်​ရေး​လုပ်ငန်း​ကို သူ​ထမ်းဆောင်​ခဲ့​သည်။ (ကမ္ဘာဦး ၄၁:၃၇-၅၅) ယောသပ်​သည် အသက် ၁၇ နှစ်အရွယ်​မှ​စ၍ ဆင်းရဲခြင်း​များ​ကို ခံစား​ခဲ့​ရာ တစ်ဆယ့်​နှစ်နှစ်​ကျော် ခံ​ခဲ့​ရသည်! (ကမ္ဘာဦး ၃၇:၂၊ ၄; ၄၁:၄၆) သို့သော် ဆင်းရဲခြင်း​အမျိုးမျိုး​ခံ​နေရ​သည့် ထို​နှစ်များ​တစ်လျှောက် ယေဟောဝါ​ဘုရားသခင်​သည် ယောသပ်​ကို ဘေးအန္တရာယ်​အတိ​မ​ရောက်​စေ​ဘဲ ဘုရားသခင့်​ရည်ရွယ်ချက်တွင် ထူးခြားသော​အခန်းကဏ္ဍ​မှ အမှုဆောင်ရန်သူ့ကို​ကာကွယ်​စောင့်ရှောက်ခြင်း​အားဖြင့် မိမိ၏​ချစ်ခင်​ကြင်နာ​မှု​ကို ပြ​ခဲ့​သည်။

ဘုရားသခင့်​ချစ်ခင်​ကြင်နာ​မှု ဘယ်​သောအခါ​မျှ မကုန်ခန်း

၁၃။ (က) ဆာလံ ၁၃၆ တွင် ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ဆိုင်ရာ အဘယ်​ဖော်ပြချက်များ​ကို တွေ့ရှိ​ရသနည်း။ (ခ) ချစ်ခင်​ကြင်နာ​မှု​၏ သဘောသဘာဝ​ကား အဘယ်နည်း။

၁၃ ယေဟောဝါ​သည် ဣသရေလလူ​မျိုး​အပေါ် ချစ်ခင်​ကြင်နာ​မှု​ကို ကြိမ်ဖန်​များစွာ​တင်ပြ​ခဲ့​သည်။ ဘုရားသခင်​သည် ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​ကြောင့် သူတို့ကို​ကယ်လွှတ်​ခဲ့​ကြောင်း (အခန်းငယ် ၁၀-၁၅)၊ လမ်းညွှန်​ခဲ့​ကြောင်း (အခန်းငယ် ၁၆)၊ ကာကွယ်​ပေး​ခဲ့​ကြောင်း (အခန်းငယ် ၁၇-၂၀) ဆာလံ ၁၃၆ တွင်​ဖော်ပြ​ခဲ့​သည်။ ဘုရားသခင်​သည် တစ်ဦးချင်း​စီ​ကိုလည်း ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​ပါ​သည်။ လူလူချင်းကို ချစ်ခင်​ကြင်နာ​မှု​ပြ​သူ​တစ်ဦး​သည် အရေးတကြီး​လိုအပ်​သည့်​အကူအညီကို စိတ်ပါ​ကိုယ်​လျောက်​ပေးခြင်း​အားဖြင့် တင်ပြ​လေ့​ရှိသည်။ ချစ်ခင်​ကြင်နာ​မှု​နှင့်​ပတ်သက်​၍ ကျမ်းစာ​ဆိုင်ရာ​အကိုးအကား​စာအုပ်​တစ်အုပ်​က ဤသို့​ဖော်ပြ​သည်– “၎င်း​သည် ဘဝကို​ဆက်​စေသည့် သို့​မဟုတ် တိုးတက်စေ​သည့် အပြု​အမူ​ဖြစ်သည်။ အကြောင်း​မလှ​သည့် သို့​မဟုတ် စိတ်​ဆင်းရဲ​နေသည့် သူ​တစ်ဦး​ကို ကြားဝင်​အကျိုးဆောင်​ရွက်​ပေးခြင်း​ဖြစ်သည်။” ကျမ်း​ပညာရှင်​တစ်ဦး​က ၎င်း​သည် “လက်တွေ့​အကောင်အထည်ဖော်​သော ချစ်ခြင်း​မေတ္တာ” ဟု​ရှင်းပြသည်။

၁၄၊ ၁၅။ လောတ​သည် ဘုရားသခင့်​မျက်နှာသာ​ရ ကျေးကျွန်​တစ်ဦး​ဖြစ်​ကြောင်း အဘယ်ကြောင့်​သေချာ​နိုင်​သနည်း။

၁၄ ယေဟောဝါ​သည် မိမိ​အား​ချစ်​မြတ်နိုး​သူများကို ဘယ်​သောအခါ​မျှ ချစ်ခင်​ကြင်နာ​မှု​မပြ​ဘဲ​မနေ​ကြောင်း ကျွန်ုပ်​တို့​စိစစ်​ခဲ့​သော ကမ္ဘာဦးကျမ်း​မှတ်တမ်းများ​က ဖော်ပြ​ပါ​သည်။ လောတ၊ အာဗြံ​ဟံ​နှင့် ယောသပ်တို့သည် အခြေအနေ​တစ်မျိုးစီ ကြုံတွေ့​ခဲ့​ကြ​ရပြီး တစ်မျိုးစီ​စမ်းသပ်ခံ​ခဲ့​ကြ​ရသည်။ သူတို့သည် မစုံလင်သူ​များ​ဖြစ်​ကြသော်လည်း ယေဟောဝါ​၏​ကျေးကျွန်​များ​ဖြစ်​ပြီး ကိုယ်တော်​၏​အကူအညီကို လိုအပ်​ခဲ့​ကြသည်။ ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​သည် ထိုသို့​သော​သူများ​အပေါ် ချစ်ခင်​ကြင်နာ​မှု​တင်ပြ​သည့်​အတွက်​ကြောင့် ကျွန်ုပ်​တို့​နှစ်သိမ့်မှု​ရနိုင်​ကြ​ပါ​သည်။

၁၅ လောတ​သည် ပညာ​မဲ့​သော ဆုံးဖြတ်ချက်​ကြောင့် အခက်အခဲ​များ​ကြုံတွေ့​ခဲ့​ရသည်။ (ကမ္ဘာဦး ၁၃:၁၂၊ ၁၃; ၁၄:၁၁၊ ၁၂) သို့​တိုင် ချီးမွမ်းဖွယ်​အရည်အသွေးများ​ကိုလည်း သူ​တင်ပြ​ခဲ့​ပါ​သည်။ သောဒုံ​မြို့​သို့ ဘုရားသခင့်​ကောင်းကင်တမန်​နှစ်ပါး ရောက်လာသော​အခါ သူတို့ကို လောတ​ဧည့်ဝတ်ပြု​ခဲ့​သည်။ (ကမ္ဘာဦး ၁၉:၁-၃) သောဒုံ​မြို့​ဖျက်ဆီး​ခံရ​တော့​မည့်​အကြောင်း ယုံကြည်​သဖြင့် သမက်​များ​ကို သူ​သတိပေး​ခဲ့​သည်။ (ကမ္ဘာဦး ၁၉:၁၄) လောတ​အား ဘုရားသခင်​ရှုမြင်ပုံကို ၂ ပေတရု ၂:၇-၉ တွင်​ဤသို့​ဖော်ပြ​ထား​သည်– “မတရားသော​သူတို့၏ ညစ်ညူး​သော​အကျင့်​အားဖြင့် နှောင့်ယှက်ခြင်း​ကို​ခံရ​သော​သူ၊ ဖြောင့်မတ်​သော​လောတ​ကို [ယေဟောဝါ] ကယ်နုတ်​တော်​မူ​၏။ ထို​ဖြောင့်မတ်​သော​သူသည် မတရားသော​သူတို့တွင်​နေစဉ်​အခါ၊ သူတို့၏​မတရားသော​အမှု​များ​ကို နေ့တိုင်း​မပြတ်​မျက်စိ​မြင်​လျက်၊ နား​ကြား​လျက်​ရှိသဖြင့်၊ မိမိ​ဖြောင့်မတ်​သော​စိတ်နှလုံး​ကို ပြင်းစွာ​ညှဉ်းဆဲ​ရ၏။ ဘုရား[သခင်]ဝတ်၌​မွေ့လျော်​သော​သူတို့ကို စုံစမ်း​နှောင့်ယှက်ခြင်း​အထဲ​က ကယ်နုတ်ခြင်း​ငှာ . . . ထာဝရ​ဘုရား​သည် တတ်နိုင်​တော်​မူ​၏။” မှန်ပါသည်၊ လောတ​သည် ဖြောင့်မတ်​သော​သူ​တစ်ဦး​ဖြစ်​ပြီး ဤ​ကျမ်းချက်​ပါ​စကား​အရ သူသည် ဘုရားသခင်​ဝတ်၌ မွေ့လျော်သူ​တစ်ဦး​လည်း​ဖြစ်၏။ သူ့​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည် “သန့်ရှင်းသော​အကျင့်ကို​ကျင့် [၍] ဘုရား[သခင်]ဝတ်၌​မွေ့လျော်” နေကြ​စဉ် ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​မှု​ကို ခံစားရ​ကြသည်။—၂ ပေတရု ၃:၁၁၊ ၁၂

၁၆။ အာဗြံ​ဟံ၊ ယောသပ်တို့​အကြောင်းကို သမ္မာကျမ်းစာ​က အဘယ်​နှစ်လိုဖွယ်​အသုံးအနှုန်း​များ​ဖြင့် ဖော်ပြ​ပြောဆို​သနည်း။

၁၆ အာဗြံ​ဟံ​သည် ယေဟောဝါ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိကြောင်း ကမ္ဘာဦး ၂၄ က​အတိအလင်း​ဖော်ပြ​သည်။ “ထာဝရ​ဘုရား​သည် အရာရာ၌ သူ့ကို​ကောင်းချီး​ပေး​တော်​မူ” ကြောင်း​ပထမ​အခန်းငယ်​က​ဖော်ပြ​သည်။ အာဗြံ​ဟံ​၏​ကျွန်​က ယေဟောဝါ​အား “အကျွန်ုပ်၏​သခင် အာဗြံ​ဟံ​၏​ဘုရားသခင်” ဟု​ခေါ်ဆို​ခဲ့​သည်။ (အခန်းငယ် ၁၂၊ ၂၇) အာဗြံ​ဟံ​သည် ‘ဖြောင့်မတ်​သည်​ဟု​ကြေညာ​ခံရ’ ပြီး “‘ဘုရားသခင်​၏​အဆွေ’ ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ” သည်​ဟု တပည့်တော်​ယာကုပ်​က​ဆို​၏။ (ယာကုပ် ၂:၂၁-၂၃) ယောသပ်​နှင့်​ပတ်သက်​၍​လည်း ထို​နည်းတူ​ပင်။ ယေဟောဝါ​နှင့် ယောသပ်​၏​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ကမ္ဘာဦး​အခန်းကြီး ၃၉ တစ်လျှောက်​လုံး​တွင် အလေးပေး​ဖော်ပြ​ထား​သည်။ (အခန်းငယ် ၂၊ ၃၊ ၂၁၊ ၂၃) ထို့​အပြင် တပည့်တော်​သတေဖန်​က “ဘုရားသခင်​သည် သူနှင့်​အတူ​ရှိ​တော်​မူ” ၏​ဟု ယောသပ်​နှင့်​စပ်လျဉ်း၍​ဆို​၏။—တမန်​တော် ၇:၉သမ္မာ။

၁၇။ လောတ၊ အာဗြံ​ဟံ​နှင့် ယောသပ်တို့​၏​ပုံ​နမူနာ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၇ ယခု​ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သော ဘုရားသခင့်​ချစ်ခင်​ကြင်နာ​မှု​ခံစား​ခဲ့​ရသူ​များသည် ယေဟောဝါ​ဘုရားသခင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိပြီး ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို နည်း​အမျိုးမျိုးဖြင့် ထမ်းဆောင်​ခဲ့​ကြ​၏။ သူတို့​ဘာသာ​သူတို့ မ​ကျော်လွှား​နိုင်​ခဲ့​သော အကျပ်အတည်း​များ​ကို ရင်ဆိုင်ခဲ့​ကြ​ရသည်။ လောတ​အသက်ချမ်းသာ​ရ​ရေး၊ အာဗြံ​ဟံ​မျိုးရိုး ဆက်​တည်တံ့ရေး​နှင့် ယောသပ်​၏​အခန်းကဏ္ဍကို စောင့်ရှောက်ရေး​တို့သည် အန္တရာယ်​ကြုံ​ခဲ့​ရသည်။ ဘုရားသခင်​ဝတ်၌​မွေ့လျော်​သော ဤ​အမျိုးသားများ လိုအပ်သော​အကူအညီကို ယေဟောဝါ​သာ​လျှင် ပေး​နိုင်​ပြီး ကိုယ်တော်​သည် ချစ်ခင်​ကြင်နာ​မှု​လုပ်ရပ်များ​ဖြင့် ကူညီပေး​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​မှု​ကို ထာဝစဉ်​ခံစား​လို​ပါ​က ကိုယ်တော်​နှင့်​ရင်းနှီးသော နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိ​ရမည်၊ ကိုယ်တော်​၏​အလိုတော်ကို ဆက်​ဆောင်ရွက်​ရမည်။—ဧဇရ ၇:၂၈; ဆာလံ ၁၈:၅၀

ဘုရားသခင့်​ကျေးကျွန်​များ မျက်နှာသာ​ရ

၁၈။ ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​နှင့် စပ်လျဉ်း၍ ကျမ်းချက်​အသီးသီး​က အဘယ်​သို့​ဖော်ပြ​သနည်း။

၁၈ “မြေကြီး​သည်” ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​နှင့် “ပြည့်ဝ” နေသည်​ဖြစ်​ရာ ဘုရားသခင်​၏ ဤ​အရည်အသွေးကို ကျွန်ုပ်​တို့​တကယ်​ကျေးဇူး​တင်စရာ​ပင်! (ဆာလံ ၁၁၉:၆၄) ဆာလံဆရာ​၏ ဤ​ထပ်ကျော့​စကား​များ​ကို ကျွန်ုပ်​တို့​လှိုက်လှိုက်လှဲလှဲ ရွတ်ဆို​ကြ​ပါ​သည်– “လူသား​တို့​၌​ပြု​တော်​မူ​သော ချစ်ခင်​ကြင်နာ​မှု​နှင့် အံ့ဖွယ်သော​အမှုတော်​တို့ကို​ထောက်၍ ထာဝရ​ဘုရား​၏​ဂုဏ်​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​စေ။” (ဆာလံ ၁၀၇:၈၊ ၁၅၊ ၂၁၊ ၃၁က​ဘ) ယေဟောဝါ​သည် ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​ကို တစ်ဦးချင်း​စီ​အပေါ်​ဖြစ်စေ၊ အုပ်စု​လိုက်​အပေါ်​ဖြစ်စေ ကိုယ်တော်​၏​မျက်နှာသာ​ရ ကျေးကျွန်​များ​အား ပေးသနား​တော်​မူ​သည့်​အတွက် ကျွန်ုပ်​တို့​ဝမ်းမြောက်​ကြ​ပါ​သည်။ ပရောဖက်​ဒံယေလ​သည် ဆုတောင်းချိန်​တွင် ယေဟောဝါ​ကား “ကိုယ်တော်​ကို​ချစ်၍ ပညတ်တော်​တို့ကို​စောင့်​သော​သူတို့အား သစ္စာတော်​မပျက် ချစ်ခင်​ကြင်နာ​မှု​ကို​စောင့်​တော်​မူ​ထ​သော၊ အလွန်​ကြီးမြတ်​၍ ကြောက်ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော ဘုရားသခင်” ဖြစ်၏​ဟု ဆို​ခဲ့​သည်။ (ဒံယေလ ၉:၄က​ဘ) ဘုရင်​ဒါဝိဒ်က “ကိုယ်တော်​ကို​သိ​သော​သူတို့အား ချစ်ခင်​ကြင်နာ​မှု​ကို ဆက်၍​ပြတော်မူ​ပါ” ဟု​ဆုတောင်း​ခဲ့​သည်။ (ဆာလံ ၃၆:၁၀က​ဘ) ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​အပေါ် ချစ်ခင်​ကြင်နာ​မှု​ပြ​သည့်​အတွက် အမှန်တကယ်​ကျေးဇူး​တင်စရာ​ပင်!—၃ ဓမ္မ​ရာဇဝင် ၈:၂၃; ၁ ရာဇဝင်ချုပ် ၁၇:၁၃

၁၉။ နောက်​ဆောင်းပါး​တွင် အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

၁၉ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​လူမျိုးတော်​ဖြစ်ခွင့်​ရ​သဖြင့် အမှန်တကယ်​မျက်နှာသာ​ရထား​ကြပြီ! လူအများစု​ကို ဘုရားသခင်​ပြတော်မူ​သော မေတ္တာတော်​အကျိုးကို ကျွန်ုပ်​တို့​ခံစားရ​သည့်​အပြင် ကောင်းကင်​ခမည်းတော်​၏ ချစ်ခင်​ကြင်နာ​မှု သို့​မဟုတ် တည်ကြည်သော​မေတ္တာတော်​မှ အထူး​ကောင်းချီး​များ​ကိုလည်း ခံစား​ကြ​ရသည်။ (ယောဟန် ၃:၁၆) အထူးသဖြင့် အကူအညီ​လို​သည့်​အခါ ယေဟောဝါ​၏ ဤ​အဖိုးတန်​အရည်အသွေး​၏​အကျိုးကို ကျွန်ုပ်​တို့​ခံစား​ကြ​ရသည်။ (ဆာလံ ၃၆:၇) သို့သော် ယေဟောဝါ​ဘုရားသခင်​၏ ချစ်ခင်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​မည်သို့​တုပ​နိုင်​ကြ​သနည်း။ ဤ​ထူးခြားသော​အရည်အသွေးကို ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ တင်ပြ​နေကြပါ​သလော။ ဤ​မေးခွန်းများ​နှင့် သက်ဆိုင်ရာ အခြား​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​ပါ​မည်။

သင်​မှတ်မိ​သလော

• ‘ချစ်ခင်​ကြင်နာ​မှု’ ၏​ကျမ်းစာ​ပြန်ဆို​နည်း အခြား​တစ်နည်း​ကား​အဘယ်နည်း။

• ချစ်ခင်​ကြင်နာ​မှု​သည် ချစ်ခြင်း​မေတ္တာ​နှင့်​ဖြစ်စေ၊ တည်ကြည်​ခြင်း​နှင့်​ဖြစ်စေ မည်သို့​ကွာခြား​သနည်း။

• ယေဟောဝါ​သည် လောတ၊ အာဗြံ​ဟံ​နှင့် ယောသပ်တို့​ကို အဘယ်​နည်းများဖြင့် ချစ်ခင်​ကြင်နာ​မှု​ပြသ​ခဲ့​သနည်း။

• လွန်​လေ​ပြီး​သော​အချိန်​က ယေဟောဝါ​ချစ်ခင်​ကြင်နာ​မှု​ပြသ​ခဲ့​ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​အာမခံချက်​ရရှိနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် လောတ​ကို ချစ်ခင်​ကြင်နာ​မှု မည်သို့ ပြသ​ခဲ့​ကြောင်း သင်​သိပါသလော

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ချစ်ခင်​ကြင်နာ​စွာ​ဖြင့် ယေဟောဝါ​သည် အာဗြံ​ဟံ​၏​ကျွန်​ကို လမ်းညွှန်​ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ယောသပ်​ကို​ကာကွယ်​ပေးခြင်း​ဖြင့် ချစ်ခင်​ကြင်နာ​မှု တင်ပြ​ခဲ့