မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေ့နောက်မညီဟန်ရှိသည့် တာတူလျန်

ရှေ့နောက်မညီဟန်ရှိသည့် တာတူလျန်

ရှေ့နောက်​မညီ​ဟန်​ရှိသည့် တာတူလျန်

‘ခရစ်ယာန်​တစ်ဦး​နှင့် အတွေးအခေါ်​ပညာရှင်​တစ်ဦး၊ အမှန်တရားကို မှောက်လှန်​ဖျက်ဆီး​သူနှင့် ၎င်းကို ပြန်​တည်မြဲ​တည်စေ​ပြီး သွန်သင်ပေး​သူ ၎င်း​တို့​စပ်ကြား တူညီမှု​အဘယ်​မှာ​ရှိ​သနည်း။ အဆင့်မြင့်​အထူး​ပညာ​သင်​ကျောင်း​နှင့် ချာ့ခ်ျ​စပ်ကြား ညီညွတ်မှု​အဘယ်​မှာ​ရှိ​သနည်း။’ ထို​ရဲတင်း​သော​မေးခွန်းများကို ဒုတိယ​နှင့် တတိယ​ရာစု​မှ စာရေး​ဆရာ တာတူလျန်​က မေးခဲ့သည်။ သူ့​အား “ချာ့ခ်ျ​သမိုင်း​နှင့် သူ့​ခေတ်​အခါ​တွင် သွန်သင်သော​အယူဝါဒ​များ​ကို နှံ့နှံ့စပ်စပ်​သိ​သူ” အဖြစ် လူသိ​များသည်။ သူ​မသိ​သည့် ဘာသာရေး​အခန်းကဏ္ဍ မရှိသလောက်​ပင်​ဖြစ်သည်။

“ဘုရားသခင်​သည် သေးငယ်သော​အခါ အထူးသဖြင့်​ကြီးမြတ်​တော်​မူ​၏။” “[ဘုရားသခင့်​သားတော်​သေဆုံး​ခြင်း] သည်​ယုတ္တိမရှိ​သောကြောင့် ယုံ​သာ​ယုံကြည်​လိုက်ပါ။” “ယေရှုသည် သင်္ဂြိုဟ်​ခံရ​ပြီး တစ်ဖန်​ထမြောက်​လာ​ခဲ့​သည်၊ အဆို​အ​ပါ​အချက်​သည်​မှန်ကန်​၏၊ အကြောင်း​ကား ဖြစ်​နိုင်​ခြေမ​ရှိသောကြောင့်​ပင်” အစ​ရှိသည့် ရှေ့နောက်​ညီ​ပုံ​မရ​သော တာတူလျန်​၏​အဆို​များ​ကြောင့် သူ့ကို လူသိ​အများဆုံး​ဖြစ်​ကောင်း​ဖြစ်​နိုင်​သည်။

တာတူလျန်​၏ အဆိုပြု​ချက်​များ​သာမက သူနှင့်​ပတ်သက်​၍ ရှေ့နောက်​မညီ​ဟန်​ရှိသည့် အခြား​အကြောင်း​များလည်း​ရှိသည်။ သူ၏​အရေးအသား​များသည် အမှန်တရားကို ခုခံ​ကာကွယ်​ပေးဖို့၊ ချာ့ခ်ျ​၏​တည်တံ့​ခိုင်မြဲ​မှု​နှင့် ၎င်း​၏​အယူဝါဒ​များ​ကို ထောက်ခံ​ပေးဖို့ သူ​ရည်ရွယ်​သော်လည်း အမှန်​မှာ သူသည် စစ်မှန်သော​သွန်သင်ချက်​များ​ကို မှောက်လှန်​ဖျက်ဆီး​ခဲ့​သည်။ နှောင်း​ခေတ်​စာရေး​ဆရာများ သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​ကို တည်ဆောက်​ရာ​တွင် အခြေခံ​အဖြစ် သူတို့​ယူ​နိုင်သော သီအိုရီ​တစ်ခု ဖြစ်ပေါ်​စေ​ခဲ့​ခြင်း​သည် ခရစ်ယာန်ဘောင်​အတွက် သူ၏​အဓိက​ပံ့ပိုး​မှု ဖြစ်လာ​သည်။ ယင်း​သို့ အဘယ်​နည်းဖြင့် ဖြစ်ပျက်​လာ​ခဲ့​ပုံ​ကို ထိုးထွင်း​သိမြင်​ရန် ရှေးဦး​စွာ တာတူလျန်​အကြောင်း အနည်းငယ် လေ့လာ​ကြည့်​ကြပါစို့။

“ငြီးငွေ့​ဖွယ် မကောင်း​သူ”

တာတူလျန်​၏​ဘဝ​အကြောင်းကို အနည်းငယ်​သာ​သိရှိ​ရ၏။ သူသည် စီ.အီး. ၁၆၀ ခန့်​က မြောက်​အာဖရိက၊ ကား​သေ့ခ်ျ​မြို့တွင် မွေးဖွား​ခဲ့​သည်​ဟု ပညာရှင်​အများ သဘောတူ​ကြသည်။ သူသည် ပညာတတ်​တစ်ဦး​ဖြစ်၍ သူ့​ခေတ်​ကာလ​က အဓိက​ဒဿနိက​ဗေဒ​ဂိုဏ်း​များနှင့် အကျွမ်းတဝင်​ရှိခဲ့​သည်​မှာ ထင်ရှား​ပါ​သည်။ ခရစ်ယာန်​ဘာသာ​တရားကို သူ​စိတ်ဝင်စား​သွားခြင်း​မှာ ခရစ်ယာန်​ဘာသာဝင်​များ​က သူတို့၏​ယုံကြည်ချက်​အတွက် အသေခံရန် တလိုတလား​ရှိ​ခြင်း​ပင်​ဖြစ်သည်။ ခရစ်ယာန်​ဘာသာ​အတွက် အသက်စွန့်​သူများ​နှင့်​စပ်လျဉ်း၍ သူ​ဤသို့​မေးမြန်းခဲ့​သည်– “၎င်းကို အလေးထား စဉ်းစား​သူ​အနေ​နှင့် ယင်း​၏​အကြောင်းရင်းကို သိ​လို​မည်​မဟုတ်ပေ​လော။ မေးမြန်း​စုံစမ်း​ပြီး​သည့်​နောက် ကျွန်ုပ်​တို့၏​အယူဝါဒ​များ​ကို မကိုင်စွဲ​ဘဲ​နေ​သူ မည်သူ​ရှိ​မည်​နည်း။”

တာတူလျန်​သည် အမည်ခံ​ခရစ်ယာန်​ဘာသာဝင်​တစ်ဦး ဖြစ်လာ​ပြီး​နောက် ကျစ်လျစ်​ပြည့်စုံ​ပြီး ဟာသ​ဉာဏ်​ပါ ဖော်ပြချက်များ​ရေးသား​သည့် ဉာဏ်​ရွှင်​သော စာရေး​ဆရာ​တစ်ဦး ဖြစ်လာ​လေ​သည်။ “ဓမ္မ​ပညာရှင်​တို့​တွင် [သူ] ပိုင်ဆိုင်​သော​စွမ်းရည်​မျိုး​ရှိသူ ရှား​သည်” ဟု​ချာ့ခ်ျ​ဖခင်​များ​စာအုပ်​က​ဆို​၏။ “သူသည် ငြီးငွေ့​ဖွယ်​မကောင်း​သူ​ဖြစ်သည်။” ပညာရှင်​တစ်ဦး​က ဤသို့​ဆို​ခဲ့​သည်– “တာတူလျန်[တွင်] ဝါကျ​များ​ထက် စကားလုံး​များ​သုံးနိုင်​သည့် အစွမ်းအစ​ရှိရာ သူ၏​အချေအတင်​စကား​များ​ကို သဘောပေါက်​နိုင်​သည်ထက် ဟာသ​ဉာဏ်​ဖြင့် ထိထိမိမိ​ဝေဖန်​သည့်​စကား​များ​ကို ပို​၍​နားလည်​ရလွယ်​ကူ​သည်။ ယင်းကြောင့် သူ၏​အရေးအသား​များ​ကို မကြာခဏ ကိုးကား​ကြသော်လည်း ရံဖန်ရံခါ​သာ အကျယ်တဝင့်​ကိုးကား​ကြ​ခြင်း ဖြစ်​ပေမည်။”

ခရစ်ယာန်​ဘာသာ​ကို ခုခံ​ချေပ​ပေးခြင်း

တာတူလျန်​၏ အကျော်ကြားဆုံး​လက်ရာ​မှာ ဝန်ချ​တောင်းပန်​ခြင်း ဖြစ်​ပြီး ၎င်းကို အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ချေပ​သော အထိရောက်ဆုံး​စာပေ​တစ်ခု​အဖြစ် သတ်မှတ်​ထား​သည်။ ၎င်းကို​ရေးသားချိန်​တွင် ခရစ်ယာန်​များသည် အယူသီး​သော​ရမ်းကား​သူများ​၏ ရန်မူခြင်း​ကို ခံ​ခဲ့​ရသည်။ တာတူလျန်​သည် ထို​ခရစ်ယာန်​များ​ဘက်​မှ ခုခံ​ကာကွယ်​ပေး​ခဲ့​ပြီး သူတို့​ခံ​နေရ​သော အဓိပ္ပာယ်မဲ့ ကျင့်ဆောင်​ပြုမူမှု​များ​ကို ကန့်ကွက်​ခဲ့​သည်။ သူက ဤသို့​ဆို​ခဲ့​သည်– “တိုင်းပြည်​တွင် ဘေး​ဆိုက်ရောက်​တိုင်း၊ လူတို့သည် ပြဿနာ​တစ်ခုခု​ပေါ်​တိုင်း အဆိုပါ​ခရစ်ယာန်များ​ကြောင့်​ဟု [အတိုက်အခံပြု​သူများ] က ယူမှတ်​ကြသည်။ . . . လယ်​ပြင်​များ​သို့ နိုင်းလ်မြစ်​ရေ​တက်​မလာ​လျှင်၊ ရာသီဥတု​မပြောင်းလဲ​လျှင်၊ မြေငလျင်၊ ငတ်မွတ်မှု၊ ကပ်ရောဂါ​တစ်မျိုး​မျိုး​ဖြစ်​လျှင် ချက်ချင်း​ပင် ‘ခရစ်ယာန်​များ​ကို ခြင်္သေ့​စာ​ကျွေး​ပစ်!’ ဟု အော်ဟစ်သံ ကြား​ရ​ကြလိမ့်မည်။”

ခရစ်ယာန်​များသည် နိုင်ငံတော်​အပေါ်​သစ္စာ​မရှိ​ဟု မကြာခဏ စွပ်စွဲ​ခံရ​ကြသော်လည်း အမှန်​မှာ သူတို့သည် နိုင်ငံ​အတွင်း​တွင် ယုံကြည်​စိတ်ချ​ရ​ဆုံး​နိုင်ငံသား​များ ဖြစ်​ကြ​ကြောင်း တာတူလျန်​က ကြိုးစား​ဖော်ပြ​ခဲ့​သည်။ ရောမ​အစိုးရ​ပြုတ်ကျ​သွားစေရန် ကြိုးပမ်းမှု​အတော်များများကို ထောက်ပြ​ပြီး​နောက် အဆိုပါ​ပူးပေါင်း​ကြံစည်​သူများ​သည် ခရစ်ယာန်​များ​မဟုတ်ဘဲ အယူ​လွဲ​သူများ​ဖြစ်​ကြ​ကြောင်း မိမိ​အား​အတိုက်အခံပြု​သူများကို သူ​သတိပေး​ခဲ့​သည်။ ခရစ်ယာန်​များ​ကို ကွပ်မျက်​သော် နိုင်ငံတော်​သာ အဓိက​ဆုံးရှုံး​ရ​ကြောင်း တာတူလျန်​ထောက်ပြ​ခဲ့​သည်။

တာတူလျန်​၏ အခြား​စာပေ​များသည် ခရစ်ယာန်​အသက်တာ​နှင့်​ဆိုင်​သည်။ ဥပမာ၊ ပြိုင်ပွဲ​များ​ဆီ​သို့​ဟူ​သည့် သူ၏​အသေးစိတ်​ရှင်းလင်း​ဖော်ပြချက်​တွင် တာတူလျန်​သည် အချို့​သော​ဖျော်ဖြေ​ရာ​နေရာများ၊ အယူမှား​သူများ​၏ ပြေးခုန်ပစ်​ပြိုင်ပွဲ​များနှင့် ဇာတ်​ပွဲ​များ​သို့ မသွား​သင့်​ကြောင်း အကြံပြု​ခဲ့​သည်။ ထို​အချိန်​က ကျမ်းစာ​သင်ယူ​ရန် အစည်းအဝေး​တက်ပြီး အယူမှား​သူများ​၏ အားကစားပွဲ​များ​သို့ သွားခြင်း​သည် မ​လျော်​ကန်​ဟူ၍ သဘော​မထား​သူ ဘာသာဝင်​လူသစ်များ ရှိနေ​ဟန်​တူ​သည်။ ဤသူတို့​၏​တွေးတော​ဆင်ခြင်​နိုင်စွမ်း​ကို ကြိုးစား​လှုံ့ဆော်ပေး​လို​၍ တာတူလျန် ဤသို့​ရေးသားခဲ့​သည်– “ဘုရားကျောင်း​မှ စာတန်​ထံ၊ ရွှေ​ဘုံ​စံ​ရာ​မှ နောက်​ချေး​ထဲ​ကျဆင်း​ခြင်း​သည် အော့နှလုံးနာ​စ​ရာ​ပင်။” သူက “မိမိ​မကျင့်​အပ်​ရာ​ကို စကား​ဖြင့်​ပင် မပြော​သင့်​ချေ” ဟု​ပြောဆို​ခဲ့​သည်။

အမှန်တရားကို​ခုခံ​ကာကွယ်​စဉ် ပျက်ပြား​သွား​စေ

တာတူလျန်​သည် ပ​ရက်စ်​ဇီး​ရပ်​စ်​ကို​ဆန့်ကျင်​ဟူ​သည့် စာတန်း​ငယ်​ကို ဤသို့​နိဒါန်း​ပျိုး​ခဲ့​သည်– “စာတန်​သည် အမှန်တရားကို နည်း​အမျိုးမျိုးဖြင့် ဘက်​ပြိုင်​အာခံ​ခဲ့ပြီ။ တစ်ခါတစ်ရံ အမှန်တရားကို ခုခံ​ကာကွယ်​ပေး​သ​ယောင်​ဖြင့် ဖျက်ဆီး​ပစ်​ဖို့ ရည်ရွယ်​၏။” ဤ​စာတမ်းငယ်​တွင်​ပါ​သော ပ​ရက်စ်​ဇီး​ရပ်​စ်​အမည်​ရှိသူ​ကို အတိအကျ​မသိ​ရ​သော်လည်း ထို​သူ​သွန်သင်​နေသော ဘုရားသခင်​နှင့် ခရစ်တော်​အကြောင်းကို တာတူလျန်​အလွန်​ခံပြင်း​ခဲ့​သည်။ တာတူလျန်​က ပ​ရက်စ်​ဇီး​ရပ်​စ်​ကို ခရစ်ယာန်​ဘာသာ​တရား​ပြိုကွဲ​စေရန် ခိုး​ကြောင်​ခိုးဝှက် ကြိုးစား​ပြုလုပ်​နေသည့် စာတန်​၏​လက်ကိုင်တုတ်​အဖြစ် ရှုမြင်ခဲ့​သည်။

ထို​အချိန်​က အမည်ခံ​ခရစ်ယာန်​များ ဆွေးနွေး​ငြင်းခုံ​နေကြ​သည့် အကြောင်း​တစ်ခု​မှာ ဘုရားသခင်​နှင့်​ခရစ်တော် ဆက်နွှယ်မှု​ဖြစ်သည်။ ၎င်း​တို့​အထဲ​မှ အထူးသဖြင့် ဂရိ​နောက်ခံ​ရှိကြ​သူတချို့​သည် ဘုရားသခင်​တစ်ပါး​ကို ယုံကြည်မှု​နှင့် ယေရှု၏ ကယ်တင်ရှင်၊ ရွေးနုတ်ရှင်​ကဏ္ဍ​တို့ကို ဆက်စပ်​၍​မရ ဖြစ်နေ​ကြသည်။ ယေရှုသည် ခမည်းတော်​၏ သီးခြား​အသွင်​တစ်ရပ်​သာ​ဖြစ်​ပြီး ခမည်းတော်​နှင့်​သားတော်​သည် အတူတူ​ဖြစ်​ကြောင်း သွန်သင်ခြင်း​အားဖြင့် ထို​သူတို့၏ အခက်အခဲ​ပြဿနာ​ကို ဖြေရှင်း​ပေးဖို့ ပ​ရက်စ်​ဇီး​ရပ်​စ်​ကြိုးစား​ခဲ့​သည်။ မော်​ဒ​လစ်​စ​မ်​ခေါ် ဤ​သီအိုရီ​က ဘုရားသခင်​သည် မိမိ​ကိုယ်တော်တိုင်​အား “ဖန်ဆင်း​ချိန်​တွင် ခမည်းတော်​အသွင်၊ ပညတ်တရား​ပေး​ချိန်​တွင် သားတော်​ယေရှု​ခရစ်​အသွင်၊ ခရစ်တော်​ကောင်းကင်​သို့ တက်ကြွ​သွားပြီး​နောက် သန့်ရှင်းသော​ဝိညာဉ်​တော်​အသွင်​ဖြင့်” ဖော်ပြ​ခဲ့​သည်​ဟု​ဆို​သည်။

တာတူလျန်​မူ​ကား ခမည်းတော်​နှင့်​သားတော်ကို သမ္မာကျမ်းစာ​က ပြတ်ပြတ်သားသား ခွဲခြား​ဖော်ပြ​ကြောင်း ပြညွှန်​ခဲ့​သည်။ ၁ ကောရိန္သု ၁၅:၂၇၊ ၂၈ ကို တာတူလျန်​ကိုးကား​ပြီး​နောက် သူက “(ခပ်သိမ်း​သော​အရာ​တို့) ကို ခြေ​အောက်​၌ ချပေး​သော​သူနှင့် ခပ်သိမ်း​သော​အရာ​တို့ကို လက်ခံရ​ရှိတော်မူသော​သူသည် တစ်ဦးစီ​ဖြစ်​ရမည်” ဟု​သူ​ဆင်ခြင်​ခဲ့​သည်။ “ခမည်းတော်​သည် ငါ့​ထက်​သာ၍​ကြီးမြတ်​တော်​မူ​၏” ဟု​ယေရှု​ကိုယ်တော်တိုင် ပြောဆို​ခဲ့​သည့်​စကား​များ​ကို တာတူလျန်​အာရုံစိုက်​စေ​ခဲ့​သည်။ (ယောဟန် ၁၄:၂၈) သူသည် ဆာလံ ၈:၅ ကဲ့သို့​သော ဟေဗြဲ​ကျမ်းစောင်​များ​မှ ကျမ်းပိုဒ်​တို့ကို ကိုးကား​၍ သားတော်​၏ “ဂုဏ်ရည်​နိမ့်ကျ​မှု” ကို သမ္မာကျမ်းစာ​ဖော်ပြ​ကြောင်း တင်ပြ​ခဲ့​သည်။ “သို့ဖြင့် ခမည်းတော်​သည် သားတော်​ထက် ကြီးမြတ်​တော်​မူ​သဖြင့်၊ ခမည်းတော်​သည် သားတော်​နှင့်​မတူ​ချေ” ဟု တာတူလျန်​က ကောက်ချက်​ချ​ခဲ့​သည်။ “ဖြစ်​ဖွား​သူ​ကား တစ်ဦး၊ ဖြစ်​ဖွား​ခံရ​သူ​မှာ အခြား​တစ်ဦး​ဖြစ်​သကဲ့သို့ စေလွှတ်​သူ​ကား တစ်ဦး၊ စေလွှတ်​ခံရ​သူလည်း အခြား​တစ်ဦး​ဖြစ်၏။ ပြုလုပ်​သူသည် တစ်ဦး၊ ပြုလုပ်​ရန် အသုံးခံ​ရသူ​သည်လည်း အခြား​တစ်ဦး​ဖြစ်​ပေ​သည်” ဟု​တာတူလျန်​က နိဂုံး​ချုပ်​ခဲ့​သည်။

သားတော်​သည် ခမည်းတော်​ထက် ရာထူး​နိမ့်​သူ​ဖြစ်၏​ဟု တာတူလျန်​ရှုမြင်ခဲ့​သည်။ သို့ရာတွင် မော်​ဒ​လစ်​စ​မ်​သီအိုရီ​ကို ကန့်ကွက်​ရန် သူ​ကြိုးစား​ရာ​တွင် “ကျမ်းစာ​ကို​လွန်​၍” ပြောဆို​ပြုမူ​ခဲ့​သည်။ (၁ ကောရိန္သု ၄:၆) တာတူလျန်​သည် အခြား​သီအိုရီ​တစ်ခု​ဖြင့် ယေရှု၏​ဘုရားသခင်​အဖြစ်တော်​ကို သက်သေ​ထောက်ပြ​ရန် မှားယွင်းစွာ​ကြိုးစား​ခဲ့​သည့်​အနေ​နှင့် “ပုဂ္ဂိုလ်​သုံးဦး အထည်​ကိုယ်​တစ်ခု” ဟူသော​ပုံသေနည်း​ကို ထွင်​ခဲ့​သည်။ ဤ​အယူအဆကို​အသုံးပြုလျက် ဘုရားသခင်၊ ကိုယ်တော်​၏​သားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့သည် ဘုရားသခင်​တစ်ဆူ​တွင်​ပါဝင်သော ပုဂ္ဂိုလ်​သုံးပါး​ဖြစ်​ကြ​ကြောင်း ဖော်ပြ​ရန် ကြိုးစား​ခဲ့​သည်။ သို့ဖြင့် တာတူလျန်​သည် “သုံးပါး​ပေါင်း​တစ်ဆူ” ဟူ​သည့်​လက်တင်​အသုံးအနှုန်း​ကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​တို့​နှင့် ဦးဆုံး​ဆက်စပ်​ပေး​သူ​ဖြစ်သွား​သည်။

လောက​အတွေးအခေါ်​ပညာ​ကို သတိပြု

တာတူလျန်​သည် “ပုဂ္ဂိုလ်​သုံးဦး အထည်​ကိုယ်​တစ်ခု” ဟူ​သည့်​သီအိုရီ​ကို မည်သို့​ဖန်တီး​နိုင်​ခဲ့​သနည်း။ ဤ​သူနှင့်​စပ်လျဉ်း၍ ဝေခွဲ​ရ​ခက်​သော နောက်​အကြောင်း​တစ်ခု—အတွေးအခေါ်​ပညာ​ကို သူ​ရှုမြင်ပုံ—တွင် အဖြေ​ပေါ်​သည်။ တာတူလျန်​က အတွေးအခေါ်​ပညာ​သည် “‘နတ်ဆိုး​အယူ’၊ ‘လူ့​အယူ’” ဟု​ဆို​ခဲ့​သည်။ ခရစ်ယာန်​အမှန်တရား​များ​ကို အားပြု​ထောက်ခံ​ရန် အတွေးအခေါ်​ပညာ အသုံးပြုခြင်း​အလေ့အကျင့်ကို သူ​ပွင့်ပွင့်လင်းလင်း ပြစ်တင်​ဝေဖန်​ခဲ့​သည်။ သူက “သ​တော​အိတ်၊ ပ​လေ​တို​နစ်၊ အပြန်အလှန်​ဆွေးနွေး​ဆင်ခြင်မှု​ဖြင့် ဖွဲ့စည်း​ပြီး ရောနှော​ထားသော ခရစ်ယာန်​ဘာသာ​ကို ဖြစ်ပေါ်​လာ​စေရန် ကြိုးစား​သမျှ​ကို ဖယ်ရှား​ကြ” ဟု​ဆို​ခဲ့​၏။ သို့​တိုင်၊ လောက​အတွေးအခေါ်​ပညာ​သည် မိမိ၏​အယူအဆ​များနှင့်​ကိုက်ညီ​သည့်​အခါ တာတူလျန်​ကိုယ်တိုင် အလျှံပယ်​အသုံးပြု​ခဲ့​သည်။—ကောလောသဲ ၂:၈

ကိုးကား​ဖော်ပြချက်​တစ်ခု​က “သုံးပါး​ပေါင်း​တစ်ဆူ ဓမ္မ​ပညာရပ် ဖွံ့ဖြိုး​တိုးတက်​လာ၍ ရုပ်လုံးပေါ်​လာစေဖို့​အတွက် ဟ​ယ်​လင်​န​စ္စ​တစ်​အယူအဆ​များနှင့် မူလ​သဘောတရား​များ ပါဝင်​ရန်လို​အပ်​သည်” ဟု ဆို​၏။ ထို့​အပြင် တာတူလျန်​၏​ဓမ္မ​ပညာ​စာအုပ်​က ဤသို့​မှတ်ချက်ချ​၏– “[၎င်း​သည်] တရား​ဥပဒေ​ဆိုင်ရာ၊ အတွေးအခေါ်​ပညာ​ပိုင်း​ဆိုင်ရာ အယူအဆ​များနှင့် အသုံးအနှုန်း​တို့ကို ထူးခြား​စွာ ရောနှော​ထား​ရာ တာတူလျန်​က သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​ကို ပုံစံ​တစ်မျိုး​ဖြင့် စီစဉ်​တင်ပြ​နိုင်​ခဲ့​၏။ ယင်း​၌ ကန့်သတ်ချက်​များနှင့် မပြည့်စုံမှု​များ​ရှိသော်လည်း နိုင်​စီ​ယာ​ကောင်စီ​တွင် နောက်ပိုင်း၌ တင်ဆက်​ခဲ့​သည့် ထို​အယူဝါဒ​အတွက် အခြေအမြစ်​ဖြစ်​ခဲ့​သည်။” ထို့​ကြောင့် ဘုရားသခင်​တစ်ဆူ​တွင်​ပါဝင်သော ပုဂ္ဂိုလ်​သုံးပါး​ဟူ​သည့် တာတူလျန်​၏​ပုံသေနည်း​သည် ခရစ်ယာန်ဘောင်​တွင် ဘာသာရေး​မှားယွင်းမှု ပျံ့နှံ့​သွားစေရန် အဓိက​ကဏ္ဍ​မှ ပါဝင်​ခဲ့​၏။

အမှန်တရားကို ခုခံ​ကာကွယ်​ဖို့​ကြိုးစား​ကြ​စဉ် ဖျက်ဆီး​ပစ်​နေကြ​သည်​ဟု အခြားသူများ​အား တာတူလျန်​စွပ်စွဲ​ခဲ့​သည်။ သို့သော် အလွန်​မအပ်စပ်​သည်​မှာ ဘုရားသခင့်​မှုတ်သွင်းခံ ကျမ်းစာ​အမှန်တရားကို လူ့​အတွေးအခေါ်​ပညာ​နှင့် သူကိုယ်တိုင်​ရောစပ်​လိုက်ခြင်း​ဖြင့် ကိုယ့်​အတတ်​ကိုယ်​စူး​တော့​သည်။ ထို့​ကြောင့် ‘လှည့်ဖြား​တတ်သော​စိတ်​ဝိညာဉ် . . . နှင့် နတ်​ဘုရား​တို့၏ သွန်သင်ချက်​များ​ကို သတိထား​ကြလော့’ ဟူသော ကျမ်းစာ​သတိပေး​ချက်​ကို ကျွန်ုပ်​တို့ နှလုံး​မှတ်ကျုံး​ကြပါစို့။—၁ တိမောသေ ၄:၂

[စာမျက်နှာ ၂၉၊ ၃၀ ပါ ရုပ်ပုံ]

တာတူလျန်​သည် အတွေးအခေါ်​ပညာ​ကို ပြစ်တင်​ဝေဖန်​ခဲ့​သော်လည်း မိမိ၏​အယူအဆ​များ​ကို တိုးမြှင့်​ရန် ယင်းကို​အသုံးပြု​ခဲ့

[Credit Line]

Pages 29 and 30: © Cliché Bibliothèque nationale de France, Paris

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

စစ်မှန်သော​ခရစ်ယာန်​များသည် ကျမ်းစာ​အမှန်တရားကို လူ့​အတွေးအခေါ်​ပညာ​နှင့် ပေါင်းစပ်​ခြင်း မပြု​လုပ်ကြ