မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိုအပ်နေသူများကို ချစ်ခင်ကြင်နာမှုတင်ပြလော့

လိုအပ်နေသူများကို ချစ်ခင်ကြင်နာမှုတင်ပြလော့

လိုအပ်​နေ​သူများကို ချစ်ခင်​ကြင်နာ​မှု​တင်ပြ​လော့

“တစ်ယောက်​နှင့်​တစ်ယောက် ချစ်ခင်​ကြင်နာ​မှု ဆက်၍​ပြ​ကြလော့။”—ဇာခရိ ၇:၉၊ က​ဘ။

၁၊ ၂။ (က) ချစ်ခင်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​ပြ​သင့်​သနည်း။ (ခ) အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

ယေဟောဝါ​ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​က “ချစ်ခင်​ကြင်နာ​မှု” ကို​နှစ်သက်​ရန်​ကျွန်ုပ်​တို့ကို တိုက်တွန်း​ထား​သည်။ (မိက္ခာ ၆:၈က​ဘ၊ အောက်ခြေမှတ်ချက်။) ထိုသို့​အဘယ်ကြောင့်​ပြုသင့်​ကြောင်းကို​လည်း ဖော်ပြ​ထား​သည်။ တစ်​ကြောင်း​မှာ “ချစ်ခင်​ကြင်နာ​တတ်သော​သူသည် မိမိ​ကိုယ်နှိုက်​၏​စိုးလ်​၌ ကျေးဇူးပြု​၏။” (သု. ၁၁:၁၇က​ဘ) မှန်​လိုက်​လေ​ခြင်း! ချစ်ခင်​ကြင်နာ​မှု သို့​မဟုတ် တည်ကြည်သော​မေတ္တာကို​ပြ​ခြင်း​သည် အခြား​သူများ​နှင့် ရင်းနှီး​၍​ခိုင်မြဲ​သော​ဆက်ဆံ​ရေး​ကို ဖြစ်ပေါ်​စေ​သည်။ ရလဒ်​အနေ​နှင့် သစ္စာရှိ​မိတ်ဆွေများ​ကို ကျွန်ုပ်​တို့​ရရှိ​မည်​ဖြစ်​ပြီး ယင်းသည် အမှန်ပင်​အဖိုးထိုက်​သော ဆုကျေးဇူး​တစ်ခု​ပင်​တည်း!—သု. ၁၈:၂၄

ထို့​အပြင် “ဖြောင့်မတ်ခြင်း​တရား​နှင့် [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] ကို​ရှာ​သော​သူသည် အသက်ရှင်ခြင်း . . . ကို​တွေ့​တတ်၏” ဟု​ကျမ်းစာ​က​ဆို​သည်။ (သု. ၂၁:၂၁) မှန်ပါသည်၊ ချစ်ခင်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​ရှာ​ခြင်း​က ဘုရားသခင်​၏​ချစ်​မြတ်နိုးမှု​ကို ခံစားရ​စေမည်​ဖြစ်​ပြီး ထာဝရ​အသက်​အပါအဝင် အနာဂတ်​တွင်​ကောင်းချီး​များစွာ ခံစားရ​လိမ့်​မည်။ သို့သော် ချစ်ခင်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​မည်သို့​ပြ​နိုင်​သနည်း။ မည်သူ​တို့ကို ပြ​သင့်​သနည်း။ ချစ်ခင်​ကြင်နာ​မှု​သည် လူတစ်ဦး​ပြုသော​ကျေးဇူး သို့​မဟုတ် လူအများ​အပေါ်​ထားသော​စေတနာ​နှင့် ကွာခြား​သလော။

လူသားချင်း​ကြင်နာ​မှု​နှင့် ချစ်ခင်​ကြင်နာ​မှု

၃။ ချစ်ခင်​ကြင်နာ​မှု​သည် လူ​လူ​ချင်း​ကြင်နာ​မှု​နှင့် မည်သို့​ကွာခြား​သနည်း။

သာမန်​လူသားချင်း​ကြင်နာ​မှု​နှင့် ချစ်ခင်​ကြင်နာ​မှု​သည် နည်း​အမျိုးမျိုးဖြင့်​ကွာခြား​သည်။ ဥပမာ၊ လူသားချင်း​ကြင်နာ​မှု​ပြ​သူတို့သည် အများအားဖြင့် ကြင်နာ​မှု​အ​ပြ​ခံရ​သူနှင့် ရင်းနှီးမှု​မရှိ၊ နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​မရှိဘဲ ထိုသို့​ပြု​တတ်ကြ​၏။ သို့သော် လူတစ်ဦး​အား ကျွန်ုပ်​တို့​ချစ်ခင်​ကြင်နာ​မှု​ပြ​မည်​ဆိုလျှင် ထို​သူကို​ကျွန်ုပ်​တို့ ချစ်ခင်​တွယ်တာ​၏။ သမ္မာ​ကျမ်းစာ​ပါ အချင်းချင်းချစ်​ခင်​ကြင်နာ​မှု​ပြ​ခဲ့​သူများ​သည် ရှိ​နှင့်​ပြီး​သား​ဆက်ဆံ​ရေး​ကို အခြေပြု​၍ ထိုသို့​ပြု​ခဲ့​ခြင်း​ဖြစ်​ပေမည်။ (ကမ္ဘာဦး ၂၀:၁၃; ၂ ဓမ္မ​ရာဇဝင် ၃:၈; ၁၆:၁၇) သို့​မဟုတ် ချစ်ခင်​ကြင်နာ​မှု​အ​ပြ​ခံ​ခဲ့​ရသော​ကြောင့် ပေါ်လာ​သည့်​ဆက်ဆံ​ရေး​အပေါ် အခြေပြု​နိုင်​သည်။ (ယောရှု ၂:၁၊ ၁၂-၁၄; ၁ ဓမ္မ​ရာဇဝင် ၁၅:၆; ၂ ဓမ္မ​ရာဇဝင် ၁၀:၁၊ ၂) ဤ​ကွာခြားမှု​ကို​ဖော်ပြ​ရန် ကျမ်းစာ​ပုံ​နမူနာ​နှစ်ခု​ကို နှိုင်းယှဉ်​ကြည့်​ကြ​စို့၊ တစ်ခု​မှာ အချင်းချင်း​ကျေးဇူးပြု​ခြင်း​နှင့်​ဆိုင်​ပြီး နောက်တစ်ခု​မှာ ချစ်ခင်​ကြင်နာ​မှု​ပြ​ခြင်း​နှင့်​ဆိုင်​သည်။

၄၊ ၅။ ဤ​တွင်​ကိုးကား​ဖော်ပြ​ထားသော ကျမ်းစာ​ပုံ​နမူနာ​နှစ်ခု​က လူ​လူ​ချင်း​ကြင်နာ​မှု​နှင့် ချစ်ခင်​ကြင်နာ​မှု​သည် ခြားနား​ကြောင်း မည်သို့​ဖော်ပြ​သနည်း။

ကျေးဇူးပြု​ခြင်း​ကိစ္စ​တစ်ခု​မှာ တမန်​တော်​ပေါလု​အပါအဝင် သင်္ဘော​ပျက်​၍ အခက်အခဲ​ကြုံနေ​သည့်​လူစု​တစ်စု​နှင့် သက်ဆိုင်​သည်။ လှိုင်း​ပု​တ်၍ မေလိတေ​ကျွန်း​ပေါ်​သို့ သူတို့​ရောက်​ခဲ့​ကြသည်။ (တမန်​တော် ၂၇:၃၇–၂၈:၁) မေလိတေ​ကျွန်းသား​များသည် ကမ်း​ပေါ်​ရောက်ရှိ​လာသော ခရီးသည်​များ​ကို တာဝန်​ယူ​စ​ရာ​အကြောင်း​မရှိ၊ သူတို့နှင့်​အဆက်အသွယ်​မရှိခဲ့​ဖူး​သော်လည်း ကျွန်း​သူ​ကျွန်းသား​များသည် ထို​သူစိမ်း​များ​ကို “အထူး​ကြင်နာ​မှု” ပြ​ကာ ဧည့်ဝတ်ပြု​ခဲ့​ကြသည်။ (တမန်​တော် ၂၈:၂၊ ၇သတင်းကောင်း) သူတို့သည် ကြင်နာ​စွာ​ဧည့်ဝတ်ပြု​ခဲ့​ကြသည်​မှန်​သော်လည်း ယင်းကို အမှတ်မထင် သူစိမ်း​များ​အားပြု​ခြင်း​ဖြစ်သည်။ ထို့​ကြောင့် ယင်းသည် လူသားချင်း​ကြင်နာ​မှု​ဖြစ်၏။

နှိုင်းယှဉ်​ချက်​အနေ​နှင့် မိတ်ဆွေ​ယောနသန်​၏​သား မေဖိဗောရှက်​ကို ဘုရင်​ဒါဝိဒ်​ပြသ​ခဲ့​သော ဧည့်ဝတ်ပြုမှု​ကို သုံးသပ်ကြည့်​ပါ။ ဒါဝိဒ်က “သင်သည်​နေ့တိုင်း​အစဉ် ငါ့​စားပွဲ​၌​စား​ရမည်” ဟု​မေဖိဗောရှက်​ကို​ပြော​ခဲ့​သည်။ ဤသို့​အဘယ်ကြောင့်​စီစဉ်​ကြောင်းကို​ရှင်းပြ​ရန် သူ့​အား ဒါဝိဒ်​ဤသို့​မိန့်ဆိုခဲ့သည်– “သင်၏​အဘ​ယောနသန်​အတွက် ငါသည် သင်၌​ဆက်​ဆက်​ကျေးဇူး [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] ပြု​မည်။” (၂ ဓမ္မ​ရာဇဝင် ၉:၆၊ ၇၊ ၁၃) ဒါဝိဒ်​သည် ရှိ​နှင့်​ပြီး​သား​ဆက်ဆံ​ရေး​ကို​အခြေပြု​၍ သစ္စာရှိ​မှု​ကို​ပြ​ခြင်း​ကြောင့် သူ၏​ရေရှည်​တည်တံ့​သော ဧည့်ဝတ်ပြု​ခြင်း​ကို ကျေးဇူးပြု​ခြင်း​မျှ​မဟုတ်ဘဲ ချစ်ခင်​ကြင်နာ​မှု​တင်ပြခြင်း​ဟု အမှန်​ခေါ်ဆို​နိုင်​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၈:၃; ၂၀:၁၅၊ ၄၂) အလားတူ ယနေ့လည်း ဘုရားသခင့်​ကျေးကျွန်​များသည် လူအများစု​ကို ကျေးဇူးပြု​ကြသည်။ တစ်ကြိမ်​တည်း​တွင် မိမိတို့​နှင့်အတူ ဘုရားသခင့်​မျက်နှာသာ​ရ ဆက်ဆံ​ရေး​ခံစားရ​သူတို့အား ရေရှည်​တည်တံ့​သော​ချစ်ခင်​ကြင်နာ​မှု သို့​မဟုတ် တည်ကြည်သော​မေတ္တာကို တင်ပြ​ကြသည်။—မဿဲ ၅:၄၅; ဂလာတိ ၆:၁၀

၆။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် လူ​လူ​ချင်း​ပြ​သော ချစ်ခင်​ကြင်နာ​မှု​၏ အဘယ်​ထူးခြားချက်​များ ပါရှိ​သနည်း။

ချစ်ခင်​ကြင်နာ​မှု​၏ ထူးခြားသော​အရည်အသွေး​အချို့​ကို ခွဲခြား​သိမြင်​စေရန် ၎င်း​အရည်အသွေးကို အသားပေး​ဖော်ပြ​သော ကျမ်းစာ​မှတ်တမ်း​သုံးခု​ကို အကျဉ်းချုပ်​သုံးသပ်ကြည့်​ကြ​မည်။ လူ​တို့​ပြသ​သော ချစ်ခင်​ကြင်နာ​မှု​သည် (၁) တစ်စုံတစ်ရာ​သော​အပြု​အမူ​များ​အားဖြင့် တင်ပြ​ကြောင်း၊ (၂) တလိုတလား​တင်ပြ​ကြောင်း​နှင့် (၃) အထူးသဖြင့် လိုအပ်​နေ​သူများ​အား တင်ပြ​တတ်​ကြောင်း ၎င်း​မှတ်တမ်း​တို့​မှ ကျွန်ုပ်​တို့​သတိပြုမိ​လိမ့်​မည်။ ထို့​အပြင် ချစ်ခင်​ကြင်နာ​မှု​ကို ယနေ့ ကျွန်ုပ်​တို့​မည်သို့​တင်ပြ​နိုင်​ကြောင်း ဤ​မှတ်တမ်းများ​က ဖော်ပြ​ပေး​မည်။

ဖခင်​တစ်ဦး ချစ်ခင်​ကြင်နာ​မှု​ပြ

၇။ အာဗြဟံ​၏​ကျွန်​သည် ဗေသွေလ​နှင့် လာ​ဗန်​ကို​အဘယ်​စကားပြော​သနည်း၊ ကျွန်​သည် အဘယ်​ကိစ္စ​ကို ဖော်ပြ​သနည်း။

ရှေ့​ဆောင်းပါး​၌​ဖော်ပြ​ခဲ့​သော အာဗြဟံ​ကျွန်​၏ ကျန်​ဇာတ်လမ်း​ကို ကမ္ဘာဦး ၂၄:၂၈-၆၇ က​ဆက်​ဖော်ပြ​သည်။ ရေဗက္က​နှင့်​တွေ့ဆုံ​ပြီး​နောက် သူ၏​ဖခင် ဗေသွေလ​အိမ်​သို့ ကျွန်​သည်​ဖိတ်ခေါ်​ခံ​ခဲ့​ရ၏။ (အခန်းငယ် ၂၈-၃၂) ထို​တွင် ကျွန်​သည် အာဗြဟံ​၏​သား​အတွက် ဇနီး​တစ်ဦး​ရှာပုံတော်ဖွင့်​နေကြောင်း အသေးစိတ်​ပြန်​ပြောပြ​ခဲ့​သည်။ (အခန်းငယ် ၃၃-၄၇) ထို​အချိန်အထိ သူ​အောင်မြင်​ခဲ့​ခြင်း​မှာ “ကျွန်ုပ်​သခင်​ညီအစ်ကို​၏​သမီးကို သခင်၏​သား​ဖို့​ယူ​စေခြင်း​ငှာ၊ မှန်သော​လမ်းဖြင့်​ပို့ဆောင်​တော်​မူ​သော” ယေဟောဝါ​ထံ​တော်​မှ နိမိတ်​အမှတ်အသား​ဖြစ်၏​ဟု သူ​ယူမှတ်​ကြောင်း ပြောပြ​သည်။ (အခန်းငယ် ၄၈၊ က​ဘ) အဖြစ်အပျက်​အားလုံး​ကို ထိုသို့​လှိုက်လှိုက်လှဲလှဲ အသေးစိတ်​ပြန်​ပြောပြ​ခြင်း​အားဖြင့် ယေဟောဝါ​သည် သူ၏​ဆောင်ရွက်မှု​တွင်​ပါဝင်​ကြောင်းကို ဗေသွေလ​နှင့် သူ့​သား လာ​ဗန်​တို့ ယုံကြည်​ကြ​မည်​ဟု ကျွန်​ဖြစ်သူ​အမှန်​မျှော်လင့်​ခဲ့​သည်။ နောက်ဆုံး​တွင် ကျွန်​က​ဤသို့​ဆို​သည်– “ယခု​တွင် သင်တို့သည်၊ ကျွန်ုပ်​သခင်၌​သစ္စာ [“ချစ်ခင်​ကြင်နာ​မှု၊”က​ဘ] နှင့် ကျေးဇူးပြု​မည်၊ မပြု​မည်​ကို​ပြောပါ။ ကျွန်ုပ်​သည်လည်း၊ လက်ယာ​လမ်း​ဖြစ်စေ၊ လက်ဝဲ​လမ်း​ဖြစ်စေ၊ တစ်​လမ်း​လမ်း​သို့​လိုက်သွား​ပါ​မည်။”—အခန်းငယ် ၄၉။

၈။ ရေဗက္က​နှင့်​ပတ်သက်သော​ကိစ္စ​များ​ကို ဗေသွေလ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

အာဗြဟံ​ကို ယေဟောဝါ​ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​ပြီး​ဖြစ်သည်။ (ကမ္ဘာဦး ၂၄:၁၂၊ ၁၄၊ ၂၇) ဗေသွေလ​သည်လည်း ရေဗက္က​ကို အာဗြဟံ​၏​ကျွန်​နှင့်​လိုက်သွား​စေခြင်း​အားဖြင့် ချစ်ခင်​ကြင်နာ​မှု​ကို လိုလိုလားလား​ပြ​မည်​လော။ ရည်ရွယ်ချက်​လုံးလုံး​ပြည့်စုံ​ဖို့ ဘုရားသခင့်​ချစ်ခင်​ကြင်နာ​မှု​တွင် လူသား​တင်ပြသော ချစ်ခင်​ကြင်နာ​မှု​ကို ထပ်​ဖြည့်စွက်​ပေး​ရမည်​လော။ သို့​မဟုတ် အာဗြဟံ​ကျွန်​၏​ခရီးရှည်​သည် အချည်းနှီး​ဖြစ်သွား​မည်​လော။ လာ​ဗန်​နှင့် ဗေသွေလ​တို့​က “ဤ​အမှုသည် ထာဝရ​ဘုရား​စီရင်တော်မူ​သော​အမှု​ဖြစ်၏” ဟု​ဆို​ကြသည်​ကို အာဗြဟံ​၏​ကျွန်​ကြား​သည့်​အခါ အလွန်​နှစ်သိမ့်မှု​ရခဲ့​ပေမည်။ (အခန်းငယ် ၅၀) ဤ​အမှုကိစ္စ​တွင် ယေဟောဝါ​၏​လက်တော်​ပါ​ကြောင်း သူတို့​အသိအမှတ်ပြု​ခဲ့​ရာ သူ၏​ဆုံးဖြတ်ချက်​ကို ချက်ချင်း​လက်ခံ​ကြသည်။ ထို့နောက် ဗေသွေလ​က “ရေဗက္က​သည် သင့်​ရှေ့၌​ရှိပါ၏။ ယူသွား​ပါ​လော့။ ထာဝရ​ဘုရား[သခင်]မိန့်တော်မူသည်​အတိုင်း သင်၏​သခင်​သား​၏​မယား​ဖြစ်စေ” ဟု​ဆို​ခြင်း​ဖြင့် ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​သည်။ (အခန်းငယ် ၅၁) ရေဗက္က​သည် အာဗြဟံ​၏​ကျွန်​နှင့်အတူ တလိုတလား​လိုက်သွား​၍ မကြာမီ ဣဇာက်​၏​ချစ်​ဇနီး ဖြစ်လာ​လေ​သည်။—အခန်းငယ် ၄၉၊ ၅၂-၅၈၊ ၆၇။

သား​တစ်ဦး ချစ်ခင်​ကြင်နာ​မှု​ပြ

၉၊ ၁၀။ (က) မိမိ​အတွက်​အဘယ်အရာ​ပြုလုပ်​ပေး​ရန် သား​ယောသပ်​ကို ယာကုပ်​တောင်းဆို​ခဲ့​သနည်း။ (ခ) ယောသပ်​သည် ဖခင်​အား ချစ်ခင်​ကြင်နာ​မှု မည်သို့​ပြ​ခဲ့​သနည်း။

အာဗြဟံ​၏​မြေး ယာကုပ်​လည်း ချစ်ခင်​ကြင်နာ​မှု​အ​ပြ​ခံ​ခဲ့​ရသည်။ ကမ္ဘာဦး​အခန်းကြီး ၄၇ ဖော်ပြ​သည့်​အတိုင်း ယာကုပ်​သည် ထို​စဉ်​က အီဂျစ်​ပြည်​တွင်​နေထိုင်ပြီး “[သူ]သေရ​သော​အချိန်နီး” လာ​လေ​၏။ (အခန်းငယ် ၂၇-၂၉) အာဗြဟံ​ကို ဘုရားသခင်​ကတိ​ထားသော​ပြည်​၏​ပြင်ပ​၌ မိမိ​သေဆုံး​တော့​မည်​ကို သူ​စိုးရိမ်​ပူပန်​ခဲ့​သည်။ (ကမ္ဘာဦး ၁၅:၁၈; ၃၅:၁၀၊ ၁၂; ၄၉:၂၉-၃၂) သို့သော် ယာကုပ်​သည် အီဂျစ်​ပြည်​၌ သင်္ဂြိုဟ်​မခံလို​သောကြောင့် မိမိ၏​ရုပ်​အလောင်းကို ခါ​နာ​န်​ပြည်​သို့​ယူဆောင်​သွား​ရန် စီစဉ်​လေ​သည်။ သူ၏​ဆန္ဒ​ကို မပျက်​မ​ကွက်​ဖြစ်မြောက်​စေနိုင်​မည့်​သူသည် ဩဇာ​အာဏာ​ရှိသော​သား ယောသပ်​ပင်​ဖြစ်၏။

၁၀ မှတ်တမ်းက​ဤသို့​ဆို​၏– “[ယာကုပ်] သည် သေရ​သော​အချိန်နီး​သော်၊ သား​ယောသပ်​ကို​ခေါ်​၍၊ ‘ငါ့ကို​သနား​လျှင် . . . [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] သစ္စာ​နှင့်​အညီ ငါ​၌​ပြု​ပါ။ (အဲဂုတ္တု​ပြည်​၌ ငါ့ကို​မ​သင်္ဂြိုဟ်​ပါ​နှင့်။) ငါသည် ဘိုးဘေး​နှင့်အတူ​အိပ်ချင်​ပါ​၏။ အဲဂုတ္တု​ပြည်​မှ ငါ့ကို​ဆောင်​သွား​၍ သူတို့​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရမည်’ ဟု​ဆို​၏။” (ကမ္ဘာဦး ၄၇:၂၉၊ ၃၀) တောင်းဆို​သည်​အတိုင်း​ပြုလုပ်​ပါ​မည်​ဟု ယောသပ်​ကတိပြု​ပြီး မကြာမီ ယာကုပ်​သေ​လေ​၏။ ယောသပ်​နှင့် ယာကုပ်​၏​အခြား​သားများ​သည် သူ၏​ကိုယ်ခန္ဓာ​ကို​ယူပြီး “ခါ​နာ​န်​ပြည်​သို့​ဆောင်​သွား​၍ အာဗြဟံ . . . ဝယ်​သော . . . မပ္ပေလ​လယ်​ပြင်​တွင်ရှိသော မြေတွင်း​၌​သင်္ဂြိုဟ်​ကြ​၏။” (ကမ္ဘာဦး ၅၀:၅-၈၊ ၁၂-၁၄) သို့ဖြင့် ယောသပ်​သည် ဖခင်​အား ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​သည်။

ချွေး​မ​တစ်ဦးထံ​မှ ချစ်ခင်​ကြင်နာ​မှု

၁၁၊ ၁၂။ (က) ရုသ​သည် နောမိ​အား ချစ်ခင်​ကြင်နာ​မှု မည်သို့​ပြ​ခဲ့​သနည်း။ (ခ) ရုသ​၏ “နောက်​ပြုသော” ချစ်ခင်​ကြင်နာ​မှု​သည် “အရင်​ပြု” သော​အမှု​ထက် အဘယ်​နည်းဖြင့် သာ၍​ကောင်း​သနည်း။

၁၁ မုဆိုးမ​နောမိ​သည် မောဘ​အမျိုးသမီး​ဖြစ်သူ မုဆိုးမ ချွေး​မ​ရုသ​ထံ​မှ ချစ်ခင်​ကြင်နာ​မှု​ရရှိခဲ့​ပုံ​ကို ရုသ​ကျမ်း​က​ဖော်ပြ​သည်။ ယုဒပြည် ဗက်လင်မြို့​သို့​ပြန်​ရန် နောမိ​ဆုံးဖြတ်​သောအခါ ရုသ​သည် ချစ်ခင်​ကြင်နာ​မှု​ပြပြီး ဤသို့​ဆုံးဖြတ်​ခဲ့​သည်– “ကိုယ်တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်မ​လိုက်ပါမည်။ ကိုယ်တော်​အိပ်​လေ​ရာ​ရာ​၌ ကျွန်မ​အိပ်​ပါ​မည်။ ကိုယ်တော်​အမျိုး​သည် ကျွန်မ​အမျိုး၊ ကိုယ်တော်​ဘုရား[သခင်]သည် ကျွန်မ​ဘုရား[သခင်]ဖြစ်ပါစေ။” (ရုသ ၁:၁၆) နောက်ပိုင်း​တွင် နောမိ​၏​အသက်ကြီး​သော​ဆွေမျိုး ဗောဇ​ကို ရုသ​အိမ်ထောင်ပြု​ရန် အသင့်​ရှိကြောင်း​ဖော်ပြ​သောအခါ သူ၏​ချစ်ခင်​ကြင်နာ​မှု​ကို တင်ပြ​ခဲ့​သည်။ * (တရားဟောရာ ၂၅:၅၊ ၆; ရုသ ၃:၆-၉) ရုသ​ကို သူ​ဤသို့​ပြောဆို​ခဲ့​သည်– “သင်သည် ငွေ​ရ​တတ်သော​လူပျို၊ ဆင်းရဲသော​လူပျို တစ်စုံ​တစ်ယောက်ကို မ​မှီဝဲ​ဘဲ​နေ၍ အရင်​ပြုသော​ကျေးဇူး [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] ထက် နောက်​ပြုသော ကျေးဇူး [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] သာ၍​ကြီး​၏။”—ရုသ ၃:၁၀

၁၂ “အရင်​ပြုသော” ရုသ​၏​ချစ်ခင်​ကြင်နာ​မှု​မှာ မိမိ​လူမျိုး​ကို​စွန့်ပြီး နောမိ​၌​စွဲမြဲ​နေခြင်း​ကို​ဆိုလို​သည်။ (ရုသ ၁:၁၄; ၂:၁၁) ထို​အမှု​ထက်​ပင် ရုသ​၏ “နောက်​ပြုသော” ချစ်ခင်​ကြင်နာ​မှု​က သာလွန်​သည်၊ ထို​အမှုမှာ ဗောဇ​နှင့်​ထိမ်းမြား​ရန် အသင့်ရှိခြင်း​ဖြစ်သည်။ ယခု ရုသ​သည် သားသမီး​မွေးဖွား​သည့် အသက်အရွယ်ကို​လွန်​သော နောမိ​အတွက် အမွေခံ​တစ်ဦး​ကို​မွေးဖွား​ပေး​နိုင်​ပေမည်။ သူတို့​ထိမ်းမြား​ပြီး နောက်ပိုင်း ရုသ​ကလေး​မွေး​သောအခါ ဗက်လင်မြို့​အမျိုးသမီးများ​က “နောမိ​သည် သား​ယောက်ျား​ကို​ရပြီ” ဟု​ကြွေးကြော်​ခဲ့​ကြသည်။ (ရုသ ၄:၁၄၊ ၁၇) ရုသ​သည် အမှန်တကယ်​ပင် “ကောင်းမြတ်သော​မိန်းမ” ဖြစ်​ရာ ယေရှု​ခရစ်​၏​ဘေးမ​ဖြစ်​ရသည့်​အခွင့်ထူး​ဖြင့် သူ့ကို​ယေဟောဝါ​ဆုချ​ခဲ့​သည်။—ရုသ ၂:၁၂; ၃:၁၁သမ္မာ; ၄:၁၈-၂၂; မဿဲ ၁:၁၊ ၅၊ ၆

အပြု​အမူ​များ​အားဖြင့် တင်ပြခြင်း

၁၃။ ဗေသွေလ၊ ယောသပ်​နှင့် ရုသ​တို့သည် သူတို့၏​ချစ်ခင်​ကြင်နာ​မှု​ကို မည်သို့​တင်ပြ​ခဲ့​ကြ​သနည်း။

၁၃ ဗေသွေလ၊ ယောသပ်​နှင့် ရုသ​တို့သည် မိမိတို့၏​ချစ်ခင်​ကြင်နာ​မှု​ကို မည်သို့​တင်ပြ​ခဲ့​ကြောင်း သင်​သတိပြုမိ​သလော။ သူတို့သည် ကြင်နာ​သည့်​စကား​များ​ဖြင့်​သာမက တစ်စုံတစ်ရာ​သော​အပြု​အမူ​များ​အားဖြင့် တင်ပြ​ခဲ့​ကြသည်။ ဗေသွေလ​က “ရေဗက္က​သည် သင့်​ရှေ့၌​ရှိပါ၏” ဟု​ဆို​ရုံ​မ​က “ရေဗက္က . . . ကို” အမှန်တကယ် “လွှတ်လိုက်​ကြ​၏။” (ကမ္ဘာဦး ၂၄:၅၁၊ ၅၉) ယောသပ်​က “အဘ​ဆို​သည်​အတိုင်း အကျွန်ုပ်​ပြု​ပါ​မည်” ဟု​ဆို​ရုံ​မ​က သူနှင့် သူ့​ညီအစ်ကို​များသည် “အဘ​မှာ​ထား​သည်​အတိုင်း​ပြု​ကြ​၏။” (ကမ္ဘာဦး ၄၇:၃၀; ၅၀:၁၂၊ ၁၃) ရုသ​က “ကိုယ်တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်မ​လိုက်ပါမည်” ဟု​ဆို​ရုံ​မ​က မိမိ​လူမျိုး​ကို​စွန့်ခွာ​ပြီး နောမိ​နောက်လိုက်​သွား​ရာ “ထို​သူ​နှစ်ယောက်​တို့သည် ခရီး​သွား​၍ ဗက်လင်မြို့​သို့​ရောက်” လေ​၏။ (ရုသ ၁:၁၆၊ ၁၉) ယုဒပြည်​တွင် ရုသ​သည် “ယောက္ခမ​မှာ​ထား​သမျှ​အတိုင်း” လုပ်ဆောင်​ပြန်​သည်။ (ရုသ ၃:၆) မှန်​ပါ​၏၊ ရုသ​သည် အခြားသူများ​ကဲ့သို့ မိမိ၏​ချစ်ခင်​ကြင်နာ​မှု​ကို အပြု​အမူ​ဖြင့်​တင်ပြ​ခဲ့​သည်။

၁၄။ (က) ဘုရားသခင့် မျက်မှောက်ခေတ်​ကျေးကျွန်​များသည် ချစ်ခင်​ကြင်နာ​မှု​ကို အပြု​အမူ​များ​ဖြင့် မည်သို့​တင်ပြ​ကြ​သနည်း။ (ခ) သင့်​ဒေသ​ရှိ ခရစ်ယာန်​များ​၏ ချစ်ခင်​ကြင်နာ​မှု​ထင်ရှားသော အပြု​အမူ​အချို့​ကား အဘယ်နည်း။

၁၄ ဘုရားသခင်​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များသည် သူတို့၏​အပြု​အမူ​များ​အားဖြင့် ချစ်ခင်​ကြင်နာ​မှု​တင်ပြ​နေကြ​ပုံ​ကို တွေ့မြင်​ရခြင်း​သည် နှလုံး​နွေးထွေး​စ​ရာ​ပင်။ ဥပမာ၊ ယုံကြည်သူချင်း​များ​ဖြစ်သည့် အိုမင်းမစွမ်း​သူများ၊ စိတ်ဓာတ်ကျ​သူများ၊ ဝမ်းနည်း​ကြေကွဲ​နေ​သူများကို ရေရှည်​တည်တံ့​သော စိတ်ပိုင်း​ဆိုင်ရာ​ထောက်မမှု​ပေး​သူများကို သတိရပါ။ (သု. ၁၂:၂၅) သို့​မဟုတ် ပတ်စဉ်​အသင်းတော်​အစည်းအဝေး​များ​တက်​ရန် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ အသက်ကြီးသူ​များ​ကို မှန်မှန်​ကြို​ပို့ပေး​သူ ယေဟောဝါသက်သေ​များစွာ​တို့ကို သတိရပါ။ ရိုး​ဆက်​ရောင်ရမ်းနာ​ခံစား​နေရ​သော အသက် ၈၂ နှစ်အရွယ်​ရှိ အယ်နာ​က “အစည်းအဝေး​အားလုံး​ကို တက်​နိုင်​ဖို့ ကား​နဲ့​ကြို​ပို့​ခံရ​တာ ယေဟောဝါ​ကောင်းချီး​တစ်ခု​ပဲ။ ဒီလောက်​ချစ်စရာ​ကောင်း​တဲ့ ညီအစ်ကို၊ ညီအစ်မ​တွေ​ပေး​ထား​လို့ ကိုယ်တော်​ကို ကျွန်မ​ကျေးဇူး​တင်​မဆုံး​ဘူး” ဟု​ပြောဆိုခြင်း​သည် အခြားသူများ​စွာ​၏​စိတ်ထား​ကို ဖော်ထုတ်ခြင်း​ဖြစ်သည်။ သင့်​အသင်းတော်တွင် အလားတူ​အပြု​အမူ​များ​ကို သင်​ပြုလုပ်​နေပါသလော။ (၁ ယောဟန် ၃:၁၇၊ ၁၈) ထိုသို့​ပြုလုပ်​နေ​မည်​ဆိုလျှင် သင်၏​ချစ်ခင်​ကြင်နာ​မှု​ကို အလွန်​တန်ဖိုး​ထား​ကြ​ကြောင်း စိတ်ချ​ပါ။

တလိုတလား​တင်ပြခြင်း

၁၅။ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သော ကျမ်းစာ​မှတ်တမ်း​သုံးခု​က ချစ်ခင်​ကြင်နာ​မှု​၏ အခြား​အဘယ်​အရည်အသွေးကို ထပ်ဆင့်​ပေါ်လွင်​စေ​သနည်း။

၁၅ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သော ကျမ်းစာ​အတ္ထုပ္ပတ္တိ​များ​က ချစ်ခင်​ကြင်နာ​မှု​ကို အတင်းအကျပ်​ပြု​စေ​၍​မဟုတ်ဘဲ စိတ်​အလိုအလျောက် တင်ပြ​ခဲ့​ကြ​ကြောင်း ထင်ရှားစေ​သည်။ ဗေသွေလ​နှင့် ရေဗက္က​ပါ အာဗြဟံ​၏​ကျွန်​နှင့် စိတ်လို​ကိုယ်​လျောက် ပြုမူ​ဆောင်ရွက်​ခဲ့​သည်။ (ကမ္ဘာဦး ၂၄:၅၁၊ ၅၈) ယောသပ်​သည် တစ်ဦး​တစ်ယောက်​၏ လှုံ့ဆော်​အားပေးမှု​မပါဘဲ ချစ်ခင်​ကြင်နာ​မှု​တင်ပြ​ခဲ့​သည်။ (ကမ္ဘာဦး ၅၀:၄၊ ၅) ရုသ​သည် “[နောမိ​နှင့်] လိုက်ခြင်း​ငှာ ခိုင်ခံ့​သော​စိတ်​ရှိသည်။” (ရုသ ၁:၁၈) ဗောဇ​ကို​ချဉ်းကပ်​ရန် နောမိ​အကြံပြု​သောအခါ “မိခင်​မှာ​ထား​သမျှ​တို့ကို ပြု​ပါ​မည်” ဟု​ဆို​ရန် ချစ်ခင်​ကြင်နာ​မှု​က မောဘ​အမျိုးသမီးကို လှုံ့ဆော်ပေး​ခဲ့​သည်။—ရုသ ၃:၁-၅

၁၆၊ ၁၇။ ဗေသွေလ၊ ယောသပ်​နှင့် ရုသ​တို့၏​ချစ်ခင်​ကြင်နာ​မှု​ကို အဘယ်အရာက အထူး​အဓိပ္ပာယ်​ရှိစေ​သနည်း၊ ဤ​အရည်အသွေးကို​တင်ပြ​ဖို့ သူတို့အား အဘယ်အရာက​လှုံ့ဆော်ပေး​ခဲ့​သနည်း။

၁၆ အာဗြဟံ၊ ယာကုပ်နှင့် နောမိ​တို့သည် သူတစ်ပါးကို အတင်း​ဖိအားပေး တိုက်တွန်း​မည့်​သူများ မဟုတ်​ကြသော​ကြောင့် ဗေသွေလ၊ ယောသပ်​နှင့် ရုသ​တို့​တင်ပြ​ခဲ့​သော ချစ်ခင်​ကြင်နာ​မှု​သည် အထူး​အဓိပ္ပာယ်​ရှိသည်။ အမှန်​မှာ၊ ဗေသွေလ​သည် သမီး​နှင့် ခွဲခွာ​ရန် တာဝန်​ဝတ္တရား​မရှိခဲ့​ချေ။ ‘အလုပ်​ကြိုးစား​သော​သမီးကို အကျွန်ုပ်​အနီးအပါး​၌ ရှိစေ​လို​ပါ​သည်’ ဟု​အာဗြဟံ​၏​ကျွန်​အား ဗေသွေလ​အလွယ်တကူ ပြော​နိုင်၏။ (ကမ္ဘာဦး ၂၄:၁၈-၂၀) ထို​နည်းတူ ယောသပ်​သည် ဖခင်​တောင်းဆို​ခဲ့​သည့်​အတိုင်း ပြုလုပ်​လို​က ပြုလုပ်​နိုင်၏၊ မပြု​လိုလျှင်​လည်း​ဖြစ်၏၊ အကြောင်း​မှာ ယာကုပ်​ကွယ်လွန်​သွားပြီ​ဖြစ်​ရာ မိမိ​စကား​တည်​ဖို့ အတင်းအကျပ်​မလုပ်ဆောင်​စေနိုင်​တော့​ချေ။ ရုသ​သည် မောဘ​ပြည်​၌ နေရစ်​လို​ကနေ​နိုင်​ကြောင်း နောမိ​ကိုယ်တိုင်​မှာကြား​၏။ (ရုသ ၁:၈) အသက်ကြီးသူ​ဗောဇ​ကို​ယူ​မည့်​အစား “လူပျို” တစ်ဦး​ကို ရုသ​ထိမ်းမြား​လို​က ထိမ်းမြား​နိုင်​ခဲ့​သည်။

၁၇ ဗေသွေလ၊ ယောသပ်​နှင့် ရုသ​တို့သည် ချစ်ခင်​ကြင်နာ​မှု​ကို​ပြဖို့ အသင့်​ရှိခဲ့​ကြသည်; သူတို့၏​နှလုံး​ထဲ​မှ လှုံ့ဆော်​ခံ​ခဲ့​ရ​ကြသည်။ လူ့​ကျင့်ဝတ်​အရ သူတို့နှင့်​ဆက်ဆံမှု​ရှိခဲ့​သူတို့အား ဤ​အရည်အသွေးကို တင်ပြ​ရမည့်​တာဝန် သူတို့မှာ​ရှိသည်​ဟု သူတို့​ယူမှတ်ခဲ့​ကြသည်၊ နောက်ပိုင်း​တွင် မေဖိဗောရှက်​ကို စောင့်ရှောက်​ရန်​တာဝန်​ရှိသည်​ဟု ဘုရင်​ဒါဝိဒ် ယူမှတ်ခဲ့​သကဲ့သို့ပင်​ဖြစ်သည်။

၁၈။ (က) ခရစ်ယာန်​အကြီးအကဲ​များသည် အဘယ်​သဘောထား​နှင့် “သိုးတော်စု​ကို​ထိန်းကျောင်း” ကြ​သနည်း။ (ခ) ယုံကြည်သူချင်း​များ​ကို ကူညီ​ပေးခြင်း​နှင့်​ပတ်သက်​၍ မိမိ၏​ခံစားချက်​ကို အကြီးအကဲ​တစ်ဦး မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၈ ချစ်ခင်​ကြင်နာ​မှု​သည် ဘုရားသခင့်​သိုးတော်စု​ကို ထိန်းကျောင်း​သူများ​အပါအဝင် ဘုရားသခင့်​လူမျိုးတော်​၏ အမှတ်အသား​တစ်ခု​ဖြစ်​ဆဲ​ပင်။ (ဆာလံ ၁၁၀:၃; ၁ သက်သာလောနိတ် ၅:၁၂) ထိုသို့​သော​အကြီးအကဲ​များ သို့​မဟုတ် ကြီးကြပ်မှူး​များသည် မိမိတို့​အပ်နှင်း​ခံ​ထား​ရသော တာဝန်​နှင့်​အညီ အသက်ရှင်​နေထိုင်ဖို့​တာဝန်​ရှိသည်​ဟု ခံယူ​ကြသည်။ (တမန်​တော် ၂၀:၂၈) ထို့​ကြောင့် အသင်းတော်ကို​ထိန်းကျောင်း​သည့်​အခါ၊ အခြား​နည်းဖြင့် ချစ်ခင်​ကြင်နာ​မှု​ပြ​သည့်​အခါ ‘အနိုင်​ထိန်း​ခံရ​သောကြောင့်​မဟုတ် . . . ဘဲ အလိုလို​စေတနာ​စိတ်​ရှိ’ ၍ ပြုမူ​ကြသည်။ (၁ ပေတရု ၅:၂) အကြီးအကဲ​များသည် သူတို့၌ တာဝန်​ရော စိတ်ဆန္ဒ​ပါရှိ​ကြသော​ကြောင့် သိုးတော်စု​ကို ထိန်းကျောင်း​ကြ​၏။ သူတို့သည် ခရစ်တော်​၏​သိုးများ​ကို ချစ်ခင်​ကြင်နာ​မှု​ပြ​သင့်​သောကြောင့်​သာမက ထိုသို့​ပြု​လို​ကြသော​ကြောင့် ပြုလုပ်​ကြ​၏။ (ယောဟန် ၂၁:၁၅-၁၇) ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​က “ညီအစ်ကို​တွေ​ရဲ့​အိမ်ကို ကျွန်တော်​လည်ပတ်​သွားတာ၊ သူတို့ကို​ဖုန်း​နဲ့​ဆက်သွယ်​ရတာ ဘာကြောင့်​ပျော်​သလဲ​ဆိုရင် သူတို့ကို​သတိရ​နေတယ်​ဆိုတာ​ကို သိစေချင်​လို့​ပဲ” ဟု​ဆို​၏။ “ညီအစ်ကို​တွေ​ကို​ကူညီပေး​ရတာ ကျွန်တော့်​အတွက် တကယ့်​ပျော်ရွှင်မှု​နဲ့ ကျေနပ်မှု​ရဲ့​အရင်းအမြစ်​ပါ​ပဲ!” ဒေသ​အရပ်ရပ်​မှ စာနာ​ထောက်ထား​တတ်သော အကြီးအကဲ​များသည် ထပ်တူ​ပင် သဘောတူ​ကြ​ပေမည်။

လိုအပ်​နေသူတို့​ကို ချစ်ခင်​ကြင်နာ​မှု​တင်ပြ​လော့

၁၉။ ဤ​ဆောင်းပါး​တွင် ဆွေးနွေး​တင်ပြ​ခဲ့​သော ကျမ်းစာ​မှတ်တမ်းများတွင် ချစ်ခင်​ကြင်နာ​မှု​ဆိုင်ရာ အဘယ်​အကြောင်းကို အလေးပေး​ဖော်ပြ​သနည်း။

၁၉ ကျွန်ုပ်​တို့​ဆွေးနွေး​ခဲ့​သည့် ကျမ်းစာ​မှတ်တမ်းများ​က မိမိတို့​ဘာသာ မ​ဖြည့်ဆည်း​နိုင်သော လိုအပ်ချက်​ရှိသူ​များ​ကို ချစ်ခင်​ကြင်နာ​မှု တင်ပြ​ဖို့​လို​ကြောင်းကို​လည်း အလေးပေး​ဖော်ပြ​သည်။ အာဗြဟံ​သည် မိမိ၏​မျိုးရိုး​ကို​ဆက်​နိုင်​ရန် ဗေသွေလ​၏​အကူအညီ​လို​ခဲ့​သည်။ ခါ​နာ​န်​ပြည်​သို့ မိမိ၏​ရုပ်​အလောင်းကို ယူဆောင်​သွား​ရန် ယောသပ်​၏​အကူအညီကို ယာကုပ်​လိုအပ်​ခဲ့​သည်။ နောမိ​သည် အမွေ​ဆက်ခံသူ​တစ်ဦး​ရှိဖို့ ရုသ​၏​အကူအညီကို​လို​ခဲ့​သည်။ အာဗြဟံ၊ ယာကုပ်နှင့် နောမိ​တို့သည် အကူအညီ​မရရှိ​ဘဲ ဤ​လိုအပ်ချက်​များ​ကို မ​ဖြည့်ဆည်း​နိုင်​ခဲ့​ကြ​ချေ။ အလားတူ ယနေ့လည်း အကူအညီ​အထူးသဖြင့်​လိုအပ်သူ​များ​ကို ချစ်ခင်​ကြင်နာ​မှု​ပြ​သင့်​သည်။ (သု. ၁၉:၁၇) “ဆင်းရဲသော​သူ၊ အဘ​မရှိသော​သူ၊ ခိုကိုးရာ​မရ​သော​သူ” ကို​သာမက “ပျက်စီး​လု​သော​သူ” ကို​ပါ ဂရုစိုက်​ကြည့်ရှု​စောင်မ​ခဲ့​သူ ဘိုးဘေး​ယောဘ​ကို ကျွန်ုပ်​တို့​အတုယူ​သင့်​သည်။ ထို့​ပြင် ယောဘသည် “မုဆိုးမ​၏​စိတ်နှလုံး​ကို ရွှင်လန်း​စေ” ခဲ့​ပြီး ‘မျက်စိကန်း​သော​သူတို့အား မျက်စိ​ဖြစ်၍ ခြေဆွံ့​သော​သူတို့အား ခြေ’ ဖြစ်​ခဲ့​သည်။—ယောဘ ၂၉:၁၂-၁၅

၂၀၊ ၂၁။ မည်သူ​တို့သည် ကျွန်ုပ်​တို့​ချစ်ခင်​ကြင်နာ​မှု​လိုအပ်​သနည်း၊ ကျွန်ုပ်​တို့​တစ်ယောက်စီ အဘယ်အရာကို​ပြုလုပ်​ဖို့ စိတ်ပိုင်းဖြတ်​သင့်​သနည်း။

၂၀ အမှန်​မှာ ခရစ်ယာန်​အသင်းတော်​တိုင်း​တွင် ‘အကူအညီ​လို​၍ အော်ဟစ်​နေကြ​သော ဆင်းရဲသူ​များ’ စွာ​ရှိပါ​သည်။ ယင်း​သို့​ဖြစ်​ရခြင်း​မှာ အထီးကျန်​ခြင်း၊ စိတ်ဓာတ်ကျ​ဆင်း​ခြင်း၊ တန်ဖိုး​မရှိ​ဟု​ခံစား​ရခြင်း၊ အခြား​သူများကို စိတ်ပျက်ခြင်း၊ အကြီးအကျယ်​ဖျားနာခြင်း သို့​မဟုတ် ချစ်ရသူ​တစ်ဦး​သေဆုံး​ခြင်း​တို့​ကြောင့် ဖြစ်​ကောင်း​ဖြစ်​နိုင်​မည်။ မည်သည့်​အကြောင်းကြောင့်​ဖြစ်ပါစေ ဤ​ချစ်ရသူ​အားလုံး​သည် အကူအညီ​လိုအပ်​နေကြ​၍ ၎င်းတို့ကို ရေရှည်​အကျိုးရှိ​မည့် ချစ်ခင်​ကြင်နာ​မှု​လုပ်ရပ်များ​ဖြင့် တလိုတလား​ကူညီပေး​သင့်ပါသည်။—၁ သက်သာလောနိတ် ၅:၁၄

၂၁ သို့​ဖြစ်၍ ‘ချစ်ခင်​ကြင်နာ​မှု​နှင့် ကြွယ်ဝ​တော်​မူ’ သော ယေဟောဝါ​ဘုရားသခင်​ကို ဆက်လက်​တုပ​ကြပါစို့။ (ထွက်မြောက်ရာ ၃၄:၆; ဧဖက် ၅:၁) အထူးသဖြင့် လိုအပ်​နေ​သူများ​အကျိုးအတွက် တစ်စုံတစ်ရာ​ကို တလိုတလား​ပြုမူ​လုပ်ဆောင်ပေး​နိုင်​သည်။ ကျွန်ုပ်​တို့သည် “တစ်ယောက်​နှင့်​တစ်ယောက် ချစ်ခင်​ကြင်နာ​မှု ဆက်၍​ပြ” ကြ​စဉ် ယေဟောဝါ​အား​ဂုဏ်တင်​ကြ​ပြီး အမှန်တကယ် အကြီးအကျယ်​ပျော်ရွှင်​ကြလိမ့်မည်။—ဇာခရိ ၇:၉က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ဤ​တွင်​ဖော်ပြ​သော အိမ်ထောင်ပြုခြင်း​အကြောင်း အသေးစိတ်​သိ​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း [လိပ်] အတွဲ ၁၊ စာမျက်နှာ ၃၇၀၊ ကို​ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ချစ်ခင်​ကြင်နာ​မှု​သည် လူသားချင်း​ကြင်နာ​မှု​နှင့် မည်သို့​ကွာခြား​သနည်း။

• ဗေသွေလ၊ ယောသပ်​နှင့် ရုသ​တို့သည် အဘယ်​နည်းများဖြင့် ချစ်ခင်​ကြင်နာ​မှု​ပြ​ခဲ့​ကြ​သနည်း။

• အဘယ်​သဘောထားမျိုး​ဖြင့် ချစ်ခင်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​ပြ​သင့်​သနည်း။

• ချစ်ခင်​ကြင်နာ​မှု​အ​ပြ​ခံရ​ဖို့​လို​သူများ​ကား မည်သူ​တို့​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ချစ်ခင်​ကြင်နာ​မှု​ကို ဗေသွေလ မည်သို့​တင်ပြ​ခဲ့​သနည်း

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ရုသ​၏​တည်ကြည်သော​မေတ္တာသည် နောမိ​အတွက် ကောင်းချီး​မင်္ဂလာ​ဖြစ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လူသားချင်း ချစ်ခင်​ကြင်နာ​မှု​ကို တလိုတလား​တင်ပြ​၏၊ တစ်စုံတစ်ရာ​သော​အပြုအမူအားဖြင့် တင်ပြ​၏၊ လိုအပ်​နေ​သူများ​အား တင်ပြ​၏