မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

လူတစ်ဦး နှစ်ခြင်း​ခံ​လို​သော်လည်း ရေ​ထဲ​တွင် စုံး​စုံး​နစ်​မြုပ်​ရန်​မလွယ်​သည့် ကိုယ်​အင်္ဂါ​အကြီးအကျယ်​ချို့ယွင်း​နေ​မည် သို့​မဟုတ် ကျန်းမာ​ရေး​အလွန်​ချို့တဲ့​နေ​မည်​ဆိုလျှင် စုံး​စုံး​နစ်​မြုပ်​ဖို့ လိုအပ်​မည်​လော။

“နှစ်ခြင်း​ပေးခြင်း” ဟူသော စကားလုံး​သည် “နစ်​မြုပ်​ခြင်း” ဟု​အဓိပ္ပာယ်​ရသည့် ဂရိ​ကြိယာ ဘားပ်​တို မှ​ဆင်းသက်လာ​သည်။ (ယောဟန် ၁၃:၂၆) သမ္မာကျမ်းစာ​တွင် “နှစ်ခြင်း​ပေးခြင်း” သည် “နစ်​မြုပ်​ခြင်း” နှင့်အတူ​တူ​ဖြစ်၏။ အဲသယောပိ​အမတ်​ကို ဖိလိပ္ပု​နှစ်ခြင်း​ပေးခြင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “ဖိလိပ္ပုသည် ထို​အမတ်​နှင့်​တကွ ရေ​ထဲ​သို့​ဆင်း​၍ . . . [“နစ်​မြုပ်​ခဲ့၊” က​ဘ] ၏။” (တမန်​တော် ၈:၃၈) သို့ ဖြစ်၍ နှစ်ခြင်း​ခံ​မည့်​သူကို ရေ​ထဲ လုံးလုံး​နစ်​မြုပ်​ရမည်​ဖြစ်သည်။—မဿဲ ၃:၁၆; မာကု ၁:၁၀

ယေရှုသည် နောက်တော်လိုက်​များ​ကို ဤသို့ ညွှန်ကြား​ခဲ့​၏– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် . . . [“နှစ်ခြင်း၊” က​ဘ] ပေး​ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ယင်း​နှင့်​အညီ ယေဟောဝါသက်သေ​များသည် စုံး​စုံး​နစ်​မြုပ်​ဖို့ ရေအလုံ​အ​လောက်​ရှိသည့် ရေအိုင်​များ၊ ကန်​များ၊ မြစ်များ​နှင့် အခြား​နေရာများ​တွင် နှစ်ခြင်း​ပေး​ရန် စီစဉ်​ကြသည်။ စုံး​စုံး​နစ်​မြုပ်​ခြင်း​သည် ကျမ်းစာ​တောင်းဆိုချက်​ဖြစ်​ရာ နှစ်ခြင်း​ခံ​လို​သူ​တစ်ဦး​ကို တား​ပိုင်ခွင့်​မရှိ​ချေ။ သို့ ဖြင့် လူတစ်ဦး​တစ်ယောက်​၏​အခြေအနေ​ကြောင့် တစ်မူထူး​ခြား​သော​လုပ်ဆောင်မှုများ ပြုလုပ်​ပေး​ရဖို့ လိုအပ်​မည်​ဆိုလျှင်​ပင် သူ့ကို နှစ်ခြင်း​ပေး​သင့်​သည်။ ဥပမာ၊ ဧရာမ​ရေချိုးကန်​များ​တွင် နှစ်ခြင်း​ပေးခြင်း​သည် အသက်အရွယ်​ကြီးရင့်​သူများ သို့​မဟုတ် ကျန်းမာ​ရေး​အလွန်​ချို့တဲ့​သူများ​အတွက် အထောက်အကူ​ဖြစ်သည်။ ကန်​ရေ​ကို ပူနွေး​စေပြီး​နောက် နှစ်ခြင်း​ခံ​မည့်​သူအား ရေ​ထဲ​သို့ တဖြည်းဖြည်း​ဆင်း​စေပြီး သူ​ကျင့်​သား​ရသည့်​အခါ နှစ်ခြင်း​ပေး​လိုက်​နိုင်၏။

ကိုယ်​အင်္ဂါ​အကြီးအကျယ်​ချို့ယွင်း​သူများကို​ပင် နှစ်ခြင်း​ပေး​ခဲ့​ကြပြီ။ ဥပမာ၊ လေ​ပြွန်​ခွဲထား​သူများ​နှင့် လည်ချောင်း​တွင် အစဉ်​အပေါက်​ဖောက်​ထား​ရသူ​များ သို့​မဟုတ် အသက်ရှူ​ကိရိယာ​အသုံးပြုရန် လိုအပ်သူ​များ​ကို​ပင် ရေ​ထဲ​နှစ်မြှုပ်​ပေး​ခဲ့ပြီ။ သို့သော် နှစ်ခြင်း​ခံ​မည့် ဤ​သူအား​လုံး​အတွက် ကြိုတင်​ပြင်ဆင်မှု​များ အသေအချာ​ပြုလုပ်​ထား​ရန်လို​ပေမည်။ ဖြစ်​နိုင်​မည်​ဆိုလျှင် ကျွမ်းကျင်​သည့်​သူနာပြု သို့​မဟုတ် ဆရာဝန်​တစ်ဦး အဆင်သင့်​ရှိနေခြင်း​သည် ပညာရှိရာ​ကျ​မည်။ သို့သော် အထူး​အစီအစဉ်များ သို့​မဟုတ် ကြိုတင်​ကာကွယ်​မှုများ ပြုလုပ်​ထား​မည်​ဆိုလျှင် ကိစ္စရပ်​တိုင်း​လို​လို​တွင် နှစ်ခြင်း​ပေး​နိုင်​ပါ​သည်။ ထို့​ကြောင့် တစ်ဦး​တစ်ယောက်​သည် အရိုးခံ​စိတ်ဖြင့်​နှစ်ခြင်း​ခံ​လို​ပြီး ပတ်သက်​သည့်​အန္တရာယ်များ​ကို ခံယူ​ဖို့​အသင့်ရှိ​မည်​ဆိုလျှင် သူ့​အား ရေ​တွင်​နှစ်ခြင်း​ပေး​ရန် အတတ်နိုင်ဆုံး သင့်တော်​စွာ​လုပ်ဆောင်ပေး​သင့်​သည်။