ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဖြင့် အကျိုးကျေးဇူးခံစားရ
ဘဝအတ္ထုပ္ပတ္တိ
ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဖြင့် အကျိုးကျေးဇူးခံစားရ
ဝီလျံ အိုင်ဟင်အောရီယာ ပြောပြသည်
မကြာခဏ အဖေ့ညည်းသံကြောင့် သန်းခေါင်အချိန်မှာ ကျွန်တော် အိပ်ရာနိုးလာတယ်။ အဖေက ဗိုက်ကိုနှိပ်ထားရင်း ကြမ်းပြင်ပေါ် လူးလိမ့်နေတယ်။ အမေရယ်၊ အစ်မကြီးရယ်၊ ကျွန်တော်ရယ် အဖေ့အနားမှာ ရှိနေကြတယ်။ နည်းနည်းသက်သာပုံရတဲ့အခါ အဖေထထိုင်ပြီး ညည်းရင်းနဲ့ “ဒီကမ္ဘာပေါ်မှာ ယေဟောဝါသက်သေတွေပဲ အေးဆေးငြိမ်သက်ကြတယ်” လို့ပြောခဲ့တယ်။ ယေဟောဝါသက်သေတွေအကြောင်း ကျွန်တော်တစ်ခါမှမကြားဖူးလို့ အဖေပြောတဲ့စကားက စဉ်းစားရခက်စရာဖြစ်ခဲ့ပေမဲ့ ကျွန်တော့်စိတ်ထဲ စွဲကျန်ရစ်ခဲ့တယ်။ အဖေဘာကိုဆိုလိုနေတာလဲဆိုတာ ကျွန်တော်သိချင်ခဲ့တယ်။
အဲဒီအဖြစ်အပျက်က ကျွန်တော့်အသက် ခြောက်နှစ်အရွယ် ၁၉၅၃ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာပါ။ ကျွန်တော်ဟာ နိုင်ဂျီးရီးယားနိုင်ငံ အနောက်အလယ်ပိုင်းမှာရှိတဲ့ စိုက်ပျိုးရေးရွာ အီဝိုဆာက မယားပြိုင်ယူထားတဲ့အိမ်ထောင်စုတစ်စုထဲက တစ်ယောက်ပါ။ ကျွန်တော်ဟာ ဒုတိယကလေးဖြစ်ပေမဲ့ အဖေ့ရဲ့ဇနီး ၃ ယောက်နဲ့ ကလေး ၁၃ ယောက် တဖြည်းဖြည်းဖြစ်လာတဲ့ မိသားစုထဲမှာ သားကြီးဖြစ်တယ်။ သက်ကယ်အမိုး,မိုးထားပြီး အခန်းလေးခန်းရှိတဲ့ အဘိုးရဲ့ရွှံ့အိမ်မှာ ကျွန်တော်တို့နေထိုင်ကြတယ်။ အိမ်သားတွေထဲမှာ အဘွားနဲ့ အဖေ့ရဲ့အစ်ကိုသုံးယောက်ရယ်၊ သူတို့ရဲ့မိသားစုတွေလည်းပါတယ်။
ကျွန်တော့်ငယ်စဉ်ဘဝက စိတ်ဆင်းရဲစရာကောင်းခဲ့တယ်။ အထူးသဖြင့် အဖေ့ရဲ့ကျန်းမာရေးမကောင်းလို့။ အဖေမဆုံးခင် နောက်နှစ်အနည်းငယ်အထိ အဖေအကြီးအကျယ်ဗိုက်အောင့်ခဲ့တာ။ လူသိနည်းတဲ့ အဖေ့ရဲ့ရောဂါကို အာဖရိကန်ကျေးလက်မိသားစုတစ်စု တတ်နိုင်တဲ့—ပရဆေးနဲ့ ရိုးရာ—ဆေးကုသနည်းနဲ့ ပျောက်အောင်မကုပေးနိုင်ခဲ့ဘူး။ နောက်နေ့မနက် ကြက်ဦးတွန်ချိန်အထိ ကြမ်းပြင်ပေါ်မှာ အဖေလူးလိမ့်နေတဲ့ ညအတော်များများ အဖေ့ဘေးနားမှာ ကျွန်တော်တို့ထိုင်ငိုခဲ့ရတယ်။ အဖေ့ရောဂါကုသဖို့ မကြာခဏ အမေနဲ့အတူ အဖေခရီးထွက်ပြီး ကျွန်တော်နဲ့ ကျွန်တော့်မောင်နှမတွေကို အဘွားနဲ့ထားခဲ့တယ်။
မျောက်ဥ၊ ပီလောပီနံနဲ့ ကိုလာသီးတွေစိုက်ပျိုး၊ ရောင်းချပြီး ကျွန်တော်တို့မိသားစု အသက်ဆက်ခဲ့ရတာ။ ကျွန်တော်တို့ရဲ့ မလောက်မငဝင်ငွေ များလာဖို့ ရော်ဘာစေးကိုလည်း ခြစ်ခဲ့ကြသေးတယ်။ ကျွန်တော်တို့ရဲ့ အဓိကအစာကတော့ မျောက်ဥပါ။ မနက်မှာ မျောက်ဥစားကြပြီး နေ့လယ်စာအတွက် မျောက်ဥထောင်းစားတယ်၊ ညကျတော့လည်း မျောက်ဥပဲပြန်စားတယ်။ တစ်ခါတလေ ငှက်ပျောသီးကို မီးဖုတ်စားတဲ့အခါ အပြောင်းအလဲနည်းနည်းပါးပါးဖြစ်တာပေါ့။
ကျွန်တော်တို့ဘဝမှာ အရေးကြီးတဲ့အပိုင်းတစ်ခုကတော့ ဘိုးဘေးကိုးကွယ်မှုပါပဲ။ မိသားစုတစ်စုလုံးက တောက်ပတဲ့ခရုခွံတွေ တွဲလဲဆွဲချည်ထားတဲ့ တုတ်ချောင်းတွေရှေ့မှာ အစားအသောက်တွေပူဇော်ကြတယ်။ နတ်ဆိုးတွေနဲ့ စုန်းကဝေတွေရဲ့ ရန်ကိုတားဆီးဖို့ ရုပ်ပုံတစ်ခုကိုလည်း အဖေကိုးကွယ်တယ်။
ကျွန်တော်အသက်ငါးနှစ်အရွယ်မှာ ကျွန်တော်တို့ရွာကနေ ခုနစ်မိုင်လောက်ဝေးတဲ့ စိုက်ပျိုးရေးခြံတစ်ခုကို ခဏပြောင်းခဲ့ကြတယ်။ အဲဒီမှာ အဖေ့ရဲ့ဗိုက်ရောဂါအပြင် ဂီနီသန်ရောဂါရပြန်ရော။ ဒါနဲ့ပဲ နေ့ခင်းမှာ အဖေအလုပ်မလုပ်နိုင်တော့ဘူး၊ ညကျရင်လည်း ဗိုက်အောင့်လို့ လူးလိမ့်နေရရှာတယ်။ ကျွန်တော်လည်း ငန်းဖျားရောဂါလိုမျိုး ဂျီဂါလို့ခေါ်တဲ့ သဲလှေးရောဂါရခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆွေမျိုးသားချင်းတွေ ပေးကမ်းတာလေးတွေနဲ့ပဲ အသက်ရှင်ခဲ့ရတယ်။ ညစ်ပတ်ဆင်းရဲမွဲတေပြီး သေကြမယ့်အစား အီဝိုဆာရွာကိုပဲ ကျွန်တော်တို့ပြန်ပြောင်းသွားကြတယ်။ သားဦးဖြစ်တဲ့ကျွန်တော့်ကို အဖေက တစ်နိုင်စိုက်ပျိုးရေးသမားအဆင့်လောက်ပဲ မဖြစ်စေချင်ဘူး။ ကျွန်တော်ပညာကောင်းကောင်းတတ်ရင် မိသားစုရဲ့ စားဝတ်နေရေးအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပြီး မောင်နှမတွေကိုလည်း ကျွေးမွေးပြုစုပေးနိုင်လိမ့်မယ်လို့ အဖေထင်ခဲ့တယ်။
ဘာသာတရားအမျိုးမျိုးနှင့် ထိတွေ့လာခြင်း
ရွာကိုပြန်ရောက်တော့ ကျွန်တော် ကျောင်းစတက်နိုင်ခဲ့တယ်။ အဲဒါကြောင့် ခရစ်ယာန်ဘောင်ဘာသာရေးနဲ့ ထိတွေ့မှုရှိလာခဲ့တယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ကိုလိုနီအာဏာပိုင်တွေရဲ့ ဘာသာတရားနဲ့ အနောက်တိုင်းပညာရေးစနစ်ကို ခွဲခြားလို့မရဘူး။ ကက်သလစ်မူလတန်းကျောင်းကို တက်ခဲ့ရလို့ ကျွန်တော် ရိုမန်ကက်သလစ်ဖြစ်ခဲ့ရတယ်။
ကျွန်တော့်အသက် ၁၉ နှစ်ရောက်တဲ့ ၁၉၆၆ ခုနှစ်မှာ အီဝိုဆာရွာကနေ ၅ မိုင်လောက်ဝေးတဲ့ အီဝိုဟီန်မီမြို့က ပီလ်ဂရင်း နှစ်ခြင်းအလယ်တန်းကျောင်းကို တက်ခွင့်ရခဲ့တယ်။ အဲဒီမှာ ကျွန်တော့်ရဲ့ဘာသာတရားပညာရေးက ပြောင်းလဲသွားတယ်။ အခု ပရိုတက်စတင့်ကျောင်းကို ကျွန်တော်တက်နေတာမို့ ကက်သလစ်ဘုန်းကြီးတွေက ကျွန်တော့်ကို ဆန်းဒေးမားစ်ပွဲ တက်ခွင့်မပေးတော့ဘူး။
ဒီနှစ်ခြင်းကျောင်းကို ကျွန်တော်တက်တော့မှ သမ္မာကျမ်းစာကို ဦးဆုံးတွေ့ဖူးတာ။ ကက်သလစ်ချာ့ခ်ျကို ကျွန်တော်ဆက်တက်နေပေမဲ့ တနင်္ဂနွေနေ့တိုင်း ကက်သလစ်ချာ့ခ်ျမှာ ဆုတောင်းဝတ်ပြုပြီးတဲ့အခါ ကျွန်တော်ဘာသာ ကျမ်းစာဖတ်တယ်။ ယေရှုခရစ်ရဲ့သွန်သင်ချက်တွေကို ကျွန်တော်အရမ်းသဘောကျပြီး အဓိပ္ပာယ်ရှိရှိ အသက်ရှင်နေထိုင်ချင်စိတ် ဖြစ်ပေါ်လာတယ်။ ကျမ်းစာကိုဖတ်လေ ဘာသာရေးခေါင်းဆောင်အချို့ရဲ့ အရေခြုံမှုနဲ့ လူဝတ်ကြောင်အများရဲ့ အကျင့်ပျက်ဘဝပုံစံကို ပိုပြီးစက်ဆုပ်ရွံရှာလာလေပဲ။ ခရစ်ယာန်ဖြစ်ပါတယ်လို့ ပြောကြတဲ့သူတွေဟာ ယေရှုနဲ့ ကိုယ်တော့်နောက်လိုက်တွေရဲ့ သွန်သင်ချက်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ တခြားစီပဲဆိုတာ ကျွန်တော်တွေ့လာတယ်။
အထူးသဖြင့် အဖြစ်အပျက်တချို့က ကျွန်တော့်ကို ထိတ်လန့်စေခဲ့တယ်။ တစ်ခါတုန်းက . . . ခရစ်ယာန်ဆရာရဲ့ ကုန်စုံဆိုင်ကိုသွားတဲ့အခါ တံခါးတိုင်မှာ ဂျူးဂျူးအဆောင်လက်ဖွဲ့တစ်ခု ချိတ်ထားတာကို တွေ့လိုက်တယ်။ နောက်တစ်ခါကျတော့ နှစ်ခြင်းကျောင်းအုပ်ဆရာကြီးက ကျွန်တော်နဲ့မေထုန်ပြုဖို့ ကြိုးစားခဲ့တယ်။ သူဟာ လိင်တူဆက်ဆံသူဖြစ်ပြီး တခြားသူတွေကိုလည်း အဲဒီလိုပဲ စော်ကားခဲ့တာကို နောက်မှ ကျွန်တော်သိလိုက်ရတယ်။ ဒါတွေကြောင့် ကျွန်တော်က ‘ဒီလိုကြီးလေးတဲ့အပြစ်တွေအတွက် စာရင်းရှင်းရမယ့် အဖွဲ့သားတွေနဲ့ ခေါင်းဆောင်တွေရှိတဲ့ ဘာသာတရားကို ဘုရားသခင်ကြိုက်ပါ့မလား’ လို့စဉ်းစားမိတယ်။
ဘာသာပြောင်းခြင်း
ဒါပေမဲ့လည်း ကျမ်းစာဖတ်ရတာပျော်လို့ အမြဲဖတ်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ အရင် ၁၅ နှစ်လောက်က အဖေပြောခဲ့တဲ့ “ဒီကမ္ဘာပေါ်မှာ ယေဟောဝါသက်သေတွေပဲ အေးဆေးငြိမ်သက်ကြတယ်” ဆိုတဲ့စကားကို ကျွန်တော်ပြန်စဉ်းစားတယ်။ ဒါပေမဲ့ ကျွန်တော့်ကျောင်းက သက်သေခံလူငယ်တွေဟာ ကဲ့ရဲ့ပြောင်လှောင်ခံရပြီး ကျွန်တော်တို့ရဲ့နံနက်ဝတ်ပြုမှုမှာမပါဝင်လို့ တစ်ခါတလေ ဒဏ်ပေးခံရတာ ကျွန်တော်တွေ့လို့ စိုးရိမ်ခဲ့တယ်။ သူတို့ရဲ့ယုံကြည်ချက်တချို့ကလည်း ထူးဆန်းသလိုပဲ။ ဥပမာပြောရရင် ကောင်းကင်ကို ၁၄၄,၀၀၀ ပဲသွားရမယ်ဆိုတာကို ယုံရခက်တယ်။ (ဗျာဒိတ် ၁၄:၃) ကောင်းကင်ကို ကျွန်တော်သွားချင်တာမို့ ကျွန်တော်မမွေးခင်ကတည်းက အဲဒီအရေအတွက်ပြည့်သွားပြီလားလို့ စဉ်းစားမိသေးတယ်။
သက်သေခံတွေရဲ့ အကျင့်နဲ့စိတ်ထားတွေက ထူးခြားတယ်ဆိုတာတော့ပေါ်လွင်တယ်။ ကျောင်းမှာရှိတဲ့ တခြားလူငယ်တွေရဲ့ အကျင့်ပျက်၊ အကြမ်းဖက်လုပ်ရပ်တွေမှာ သူတို့မပါဘူး။ ဘာသာတရားစစ်ကို လိုက်လျှောက်တဲ့သူတွေဟာ ဒီလောကနဲ့သီးခြားနေသင့်တယ်လို့ ကျမ်းစာထဲမှာ ကျွန်တော်ဖတ်ရတဲ့အတိုင်းပဲ သူတို့တွေဟာ တကယ်ကိုပဲသီးခြားနေကြတယ်ဆိုတာကို ကျွန်တော်တွေ့တယ်။—ယောဟန် ၁၇:၁၄-၁၆; ယာကုပ် ၁:၂၇။
နောက်ထပ်စူးစမ်းလေ့လာဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ၁၉၆၉၊ စက်တင်ဘာလမှာ “ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား” စာအုပ်ကို ကျွန်တော်ရခဲ့တယ်။ နောက်တစ်လမှာ ယေဟောဝါသက်သေတွေရဲ့ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်အမှုဆောင်တစ်ယောက်က ကျွန်တော့်ကိုကျမ်းစာသင်ပေးတယ်။ ပထမသင်အံမှုမှာ အားတက်သွားတာနဲ့ သမ္မာတရားစာအုပ်ကို စနေနေ့ညကစဖတ်လိုက်တာ နောက်နေ့,နေ့လယ်ပိုင်းမှာ ပြီးသွားတယ်။ ကျွန်တော့်ရဲ့ကျောင်းနေဖက်တွေကို ကျွန်တော်ဖတ်လိုက်ရတဲ့ တကယ်ကိုကောင်းတဲ့အကြောင်းတွေ ချက်ချင်းပဲပြောပြတော့တာပဲ။ ကျွန်တော်တွေ့ရှိခါစယုံကြည်ချက်အသစ်က ကျွန်တော့်ကိုရူးသွပ်သွားစေပြီလို့ ကျောင်းနေဖက်တွေနဲ့ ဆရာတွေက ထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်မရူးဘူးဆိုတာ ကျွန်တော်သိတယ်။—တမန်တော် ၂၆:၂၄။
ဘာသာအသစ်တစ်ခုအကြောင်း ကျွန်တော်ဟောပြောနေတယ်ဆိုတဲ့သတင်းက မိဘတွေဆီရောက်သွားတယ်။ ကျွန်တော်ဘာတွေဖြစ်နေသလဲဆိုတာ သူတို့သိချင်လို့ အိမ်ကို ချက်ချင်းပြန်လာခိုင်းတယ်။ အီလက်ရှာမြို့မှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးကို သက်သေခံတွေအားလုံး သွားနေကြလို့ ကျွန်တော်အကြံဉာဏ်တောင်းဖို့ ဘယ်သူမှမရှိကြဘူး။ အိမ်ပြန်ရောက်တဲ့အခါ အမေနဲ့ တခြားဆွေမျိုးတွေက ကျွန်တော့်ကို မေးခွန်းတွေတရစပ်မေးပြီး အပြစ်တင်ခဲ့ကြတယ်။၁ ပေတရု ၃:၁၅။
ကျမ်းစာကနေသိခဲ့တာတွေကို ခုခံပြောဆိုဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။—ယေဟောဝါသက်သေတွေဟာ အယူမှားဆရာသမားတွေပဲလို့ သက်သေပြတာ မအောင်မြင်တဲ့အခါ ကျွန်တော့်ဦးလေးက နောက်တစ်နည်း ကြိုးစားပြန်ရော။ “ပညာရဖို့ မင်းကျောင်းသွားတက်တယ်ဆိုတာ သတိရဦး။ ကျောင်းထွက်ပြီး လိုက်ဟောပြောနေမယ်ဆိုရင် မင်းရဲ့ပညာရေးက ဘယ်တော့မှပြီးမှာမဟုတ်ဘူး။ ဒီဘာသာတရားအသစ်ထဲ မဝင်ခင် ကျောင်းပြီးအောင် မစောင့်နိုင်တော့ဘူးလား” ဆိုပြီး ဦးလေးက ကျွန်တော့်ကို မေတ္တာရပ်ခံခဲ့တယ်။ အဲဒီအချိန်တုန်းက သူပြောတာ အကျိုးသင့်အကြောင်းသင့်ရှိပုံရလို့ သက်သေခံတွေနဲ့ ဆက်မလေ့လာတော့ဘူး။
၁၉၇၀၊ ဒီဇင်ဘာလမှာ ကျွန်တော်ကျောင်းဆင်းတာနဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမကို တန်းသွားခဲ့တယ်၊ အဲဒီကတည်းက ယေဟောဝါသက်သေတွေရဲ့စည်းဝေးတွေကို ကျွန်တော်တက်နေတာ အခုထိပဲ။ ၁၉၇၁၊ ဩဂုတ် ၃၀ ရက်နေ့မှာ ဘုရားသခင်ကို အပ်နှံပြီးကြောင်းပြဖို့ နှစ်ခြင်းခံခဲ့တယ်။ အဲဒီလိုနှစ်ခြင်းခံလိုက်လို့ ကျွန်တော့်မိဘတွေရော၊ ရပ်ရွာတစ်ခုလုံးကပါ ထိတ်လန့်ဗြောင်းဆန်သွားကြတယ်။ အီဝိုဆာဒေသတစ်ဝိုက်မှာ အစိုးရပညာသင်စရိတ်ကို ကျွန်တော်ဦးဆုံးရတာမို့ ကျွန်တော်က သူတို့ကို စိတ်ထိခိုက်အောင် လုပ်တယ်လို့ ပြောကြတယ်။ သူတို့အတော်များများက ကျွန်တော့်ကို အကြီးအကျယ်မျှော်လင့်ထားကြတာ။ ကျွန်တော့်ရဲ့ပညာရေးနဲ့ ရပ်ကွက်တိုးတက်ရေးအတွက် အကျိုးဆောင်မယ်လို့ သူတို့မျှော်လင့်ထားကြတာကိုး။
ကျွန်တော့်ပြောင်းလဲမှု၏ အကျိုးဆက်များ
ကျွန်တော့်မိသားစုနဲ့ ရပ်ကွက်လူကြီးတွေက လူလွှတ်ပြီး ကျွန်တော့်ရဲ့ယုံကြည်ချက်ကိုစွန့်ဖို့ ကြိုးစားဖျောင်းဖျခဲ့ကြတယ်။ သူတို့ရဲ့ကြိုးစားဖျောင်းဖျမှုတွေထဲမှာ ကျိန်စာလည်းပါတယ်။ “ဒီဘာသာတရားကနေ မင်းမထွက်ဘူးဆိုရင် မင်းရဲ့အနာဂတ်က ပျက်စီးမယ့်ကိန်းရှိတယ်။ အလုပ်ရမှာမဟုတ်ဘူး။ မင်းကိုယ်ပိုင်အိမ်လည်း ဆောက်နိုင်မှာမဟုတ်ဘူး။ မင်းအိမ်ထောင်ပြုပြီး မိသားစုတစ်စုကို ပျိုးထောင်နိုင်မှာလည်းမဟုတ်ဘူး” ဆိုပြီး သူတို့ပြောကြတယ်။
ကျောင်းပြီးသွားတဲ့ ဆယ်လအတွင်းမှာပဲ ကျောင်းဆရာအလုပ်ရခဲ့တဲ့အတွက် သူတို့ပြောတာနဲ့တခြားစီပဲ။ ၁၉၇၂၊ အောက်တိုဘာလမှာ ကျွန်တော့်ရဲ့ချစ်ဇနီး ဗရော့နီကာနဲ့ လက်ထပ်ခဲ့တယ်။ အဲဒီနောက် စိုက်ပျိုးရေးတိုးချဲ့ကိုယ်စားလှယ်တစ်ဦးအဖြစ် ကျွန်တော့်ကို အစိုးရကလေ့ကျင့်ပေးခဲ့တယ်။ ကားဝယ်ပြီးနောက် အိမ်ကိုစဆောက်ခဲ့တယ်။ ၁၉၇၃၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျွန်တော်တို့ရဲ့သမီးကြီး ဗစ်တရီမွေးပြီး နောက်ပိုင်းမှာ လီဒီယာ၊ ဝေလ်ဖရက်နဲ့ ဂျိုအဲန်းတို့ မွေးလာတယ်။ ၁၉၈၆ ခုနှစ်မှာ ကျွန်တော်တို့ရဲ့သားထွေးလေး မိုက်ခါကိုမွေးတယ်။ သူတို့အားလုံးဟာ အဖိုးထိုက်တဲ့ကလေးတွေဖြစ်တယ်ဆိုတာရယ်၊ ယေဟောဝါပေးတဲ့အမွေဆိုတာကိုပါ ထင်ရှားပါတယ်။—ဆာလံ ၁၂၇:၃။
နောက်ကြောင်းကိုပြန်ကြည့်တဲ့အခါ ကျွန်တော့်ရပ်ရွာရဲ့ မလိုတမာစိတ်ထားတွေဟာ ကောင်းချီးတွေဖြစ်သွားမှန်း ထင်ရှားတယ်။ ဒါကြောင့် ကျွန်တော့်သမီးကြီးကို ဗစ်တရီလို့ နာမည်မှည့်ခဲ့တာပေါ့။ မကြာသေးခင်က ကျွန်တော့်ဆီကို ရပ်ရွာကနေ ဒီစာရောက်လာတယ်– “မင်းကို ဘုရားသခင် ကောင်းချီးပေးနေတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ငါတို့ဆီပြန်လာပြီး ငါတို့ရပ်ရွာတိုးတက်ရေးမှာ ပါဝင်စေချင်တယ်။”
ဘုရားသခင့်လမ်းစဉ်၌ ကလေးများကိုပြုစုပျိုးထောင်ခြင်း
စည်းစိမ်ဥစ္စာရှာရင်း ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ ဘုရားသခင်ပေးတာဝန်ကို ထမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ဇနီးမောင်နှံသိတယ်။ ဒါကြောင့် ရိုးရှင်းတဲ့အသက်တာနဲ့ ကျွန်တော်တို့ကျေနပ်ရောင့်ရဲတတ်လာတယ်။ တခြားဘဝပုံစံကိုရွေးချယ်ရင် ဖြစ်ပေါ်လာနိုင်မယ့်အကျိုးဆက်တွေကို ရင်ဆိုင်မယ့်အစား ဒီလိုပဲနေထိုင်တာကို ကျွန်တော်တို့ပိုကြိုက်တယ်။
ကျွန်တော်တို့ဒေသမှာ တခြားမိသားစုတွေနဲ့အတူ တိုက်တစ်လုံးထဲမှာနေပြီး ရေချိုးခန်းတစ်ခု၊ မီးဖိုဆောင်တစ်ခုပေါင်းသုံးတဲ့အကျင့်ရှိတယ်။ ကျွန်တော်တို့ကျတော့ အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ ပြောင်းခဲ့ရတဲ့ ဘယ်မြို့မှာမဆို သီးသန့်အခန်းငှားနေနိုင်တာ စိတ်ချမ်းသာစရာပါပဲ။ ဟုတ်ပါတယ်၊ ဒီလိုအခန်းမျိုးတွေဟာ ပိုဈေးကြီးပေမဲ့ ဒီလိုနေရလို့ ကျွန်တော်တို့ကလေးတွေဟာ မကောင်းတဲ့သြဇာတွေနဲ့ ထိတွေ့မှုမရှိဘူး။ နှစ်တွေတစ်လျှောက်လုံးမှာ ကလေးတွေကို ဝိညာဉ်ရေးကောင်းမွန်တဲ့ဝန်းကျင်မှာ ပြုစုပျိုးထောင်ပေးနိုင်လို့ ယေဟောဝါကို ကျွန်တော်ကျေးဇူးတင်ပါတယ်။
ဒီပြင် ကျွန်တော့်ဇနီးဟာ ကလေးတွေနဲ့အတူ အိမ်မှာနေပြီး သူတို့ကို ကြည့်ရှုပြုစုနိုင်ခဲ့တယ်။ ကျွန်တော်အလုပ်ဆင်းတဲ့အခါ မိသားစုလိုက် အတူတကွပြုလုပ်ကြဖို့ကြိုးစားတယ်။ ဘာပဲလုပ်လုပ် မိသားစုလိုက်လုပ်ဆောင်ကြတယ်။ အဲဒီထဲမှာ မိသားစုကျမ်းစာသင်အံမှု၊ အသင်းတော်အစည်းအဝေးတွေအတွက် ပြင်ဆင်တာ၊ တက်ရောက်တာ၊ ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်တာ၊ လူမှုရေးကိစ္စတွေမှာလည်း အတူတကွလုပ်ဆောင်ကြတယ်။
ကလေးတွေကို အိမ်မှာလောက်ပဲမဟုတ်ဘဲ အခွင့်အရေးကြုံတိုင်း သွန်သင်ပေးဖို့ မိဘတွေကိုတိုက်တွန်းထားတဲ့ တရားဟောရာ ၆:၆၊ ၇ ကအကြံဉာဏ်ကို ကျွန်တော်တို့ ကြိုးစားလိုက်လျှောက်ခဲ့ကြတယ်။ အဲဒါကြောင့် ကလေးတွေဟာ အပြင်မှာအပေါင်းအသင်း ရှာမယ့်အစား အတွင်းမှာပဲရှာကြတယ်။ ဗရော့နီကာနဲ့ကျွန်တော်ဟာ ယုံကြည်ခြင်းမတူတဲ့သူတွေနဲ့ များများမပေါင်းသင်းတဲ့အတွက် ကလေးတွေလည်း သူတို့ရဲ့ပေါင်းသင်းမှုကို စိစစ်တတ်လာကြတယ်။—သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃။
ကျွန်တော်တို့ရဲ့လမ်းညွှန်မှုနဲ့ သွန်သင်မှုတွေလောက်ပဲ ကလေးတွေရဲ့ဘဝကို အပြုသဘော အကျိုးသက်ရောက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့အိမ်ကို ဇွဲရှိကြတဲ့ ခရစ်ယာန်တွေ၊ သူတို့အထဲမှာ အများစုဟာ ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်အမှုဆောင်တွေ အမြဲလာလည်ကြတယ်၊ အခုလည်းလာကြတယ်။ ရင့်ကျက်တဲ့ ဒီခရစ်ယာန်တွေနဲ့ ကျွန်တော်တို့မိသားစု ပေါင်းသင်းရတဲ့အချိန်ကြောင့် သူတို့ရဲ့ကိုယ်ကျိုးစွန့်ဘဝလမ်းစဉ်ကို ကလေးတွေ လေ့လာဆန်းစစ် သင်ယူခွင့်ရစေခဲ့တယ်။ အဲဒါက ကျွန်တော်တို့ရဲ့သွန်သင်ချက်ကို ပိုခိုင်မာစေခဲ့ပြီး သမ္မာကျမ်းစာအမှန်တရားကို ကလေးတွေရဲ့ကိုယ်ပိုင်ဖြစ်စေခဲ့တယ်။
ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းအကျိုးခံစားရ
အခု ကျွန်တော်တို့ကလေး လေးယောက်နဲ့အတူ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ အချိန်ပြည့်အမှုဆောင်နေကြတယ်။ ၁၉၇၃ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ကျွန်တော်ရှေ့ဆောင်ခဲ့တယ်။ နှစ်တွေတစ်လျှောက်မှာ စီးပွားရေးအခြေအနေကြောင့် တစ်ခါတလေ အချိန်ပြည့်ဓမ္မအမှုကို ရပ်ခဲ့ရတယ်။ ယေဟောဝါသက်သေတွေရဲ့ ခရစ်ယာန်ကြီးကြပ်မှူးတွေကို လေ့ကျင့်ပေးတဲ့ ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုကျောင်းမှာ သွန်သင်ပေးခွင့်လည်း ကျွန်တော်မကြာခဏရခဲ့တယ်။ လောလောဆယ်မှာ ဆေးရုံဆက်သွယ်ရေးကော်မတီမှာ အမှုဆောင်ခွင့်ရတဲ့အပြင် အူဟော့န်မော့ရာမှာ မြို့တော်ကြီးကြပ်မှူးအဖြစ်လည်း အမှုဆောင်ခွင့်ရတယ်။
သမီးကြီးနှစ်ယောက် ဗစ်တရီနဲ့ လီဒီယာတို့ဟာ ခရစ်ယာန်အကြီးအကဲကောင်းတွေနဲ့ အိမ်ထောင်ကျနေကြပြီ။ သူတို့ရဲ့ခင်ပွန်းတွေနဲ့အတူ နိုင်ဂျီးရီးယားနိုင်ငံ၊ အီဂါဒူမာမြို့က ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်နေကြတယ်။ သားကြီးဝေလ်ဖရက်က ခရစ်ယာန်ဓမ္မအမှုထမ်းအဖြစ် အမှုဆောင်နေပြီး သားထွေးလေးကတော့ အခါအားလျော်စွာ အရန်ရှေ့ဆောင်ခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ ဂျိုအဲန်းက အလယ်တန်းကျောင်းပြီးတာနဲ့ မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာ စပါဝင်ခဲ့တယ်။
ကျွန်တော့်ဘဝရဲ့ အကျိုးအရှိဆုံးအတွေ့အကြုံတွေထဲမှာ တခြားသူတွေကို ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ထမ်းဆောင်ဖို့ ကူညီပေးရတာဟာ အကောင်းဆုံးပဲ။ အဲဒီသူတွေထဲမှာ ကျွန်တော့်ရဲ့ ဆွေမျိုးသားချင်းတွေတချို့တလေပါဝင်တယ်။ ကျွန်တော့်အဖေက ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ကြိုးစားခဲ့ပေမဲ့ မယားအများယူထားတဲ့ဓလေ့က အဖေ့ရဲ့တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ကျွန်တော်ငယ်ငယ်ကတည်းက လူတွေကိုချစ်တယ်။ တခြားသူတွေရဲ့အခက်အခဲကို ကျွန်တော်တွေ့တဲ့အခါ ကျွန်တော့်ရဲ့အခက်အခဲတွေဟာ ဘာမှမဟုတ်သလိုဖြစ်သွားတယ်။ စိတ်ရင်းမှန်နဲ့ ကျွန်တော်ကူညီပေးချင်တဲ့ဆန္ဒကို သူတို့မြင်လို့ ထင်ပါတယ်၊ ကျွန်တော်နဲ့ သူတို့ရင်ဖွင့်စကားပြောဖို့ လွယ်ကူတယ်။
ဘုရားသခင့်ရည်ရွယ်ချက်ကိုသိရှိအောင် ကျွန်တော်ကူညီပေးခဲ့တဲ့သူတွေထဲမှာ တစ်ယောက်ကတော့ အိပ်ရာပေါ်ကမထနိုင်တဲ့ လူငယ်တစ်ယောက်ပါ။ သူက လျှပ်စစ်ကုမ္ပဏီအလုပ်သမားဖြစ်ခဲ့ပြီး အလုပ်ထဲမှာ အကြီးအကျယ် ဓာတ်လိုက်ခံရပြီးနောက်မှာ အောက်ပိုင်းသေသွားတယ်။ ကျမ်းစာသင်အံမှုကို သူလက်ခံလိုက်ပြီး သူတတ်သိလာတာတွေကို တဖြည်းဖြည်းလက်တွေ့အသုံးချခဲ့တယ်။ ၁၉၉၅၊ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကျွန်တော်တို့အိမ်နားက ချောင်းလေးမှာ သူနှစ်ခြင်းခံခဲ့တဲ့အချိန်ဟာ ၁၅ နှစ်အတွင်းမှာ သူအိပ်ရာပေါ်ကနေထတာ ဒါဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ အဲဒီနေ့ဟာ သူ့အသက်တာမှာ အပျော်ရွှင်ဆုံးနေ့ဆိုပြီး သူပြောခဲ့တယ်။ အခုဆိုရင် အသင်းတော်မှာ ခရစ်ယာန်ဓမ္မအမှုထမ်းတစ်ယောက်ဖြစ်နေပါပြီ။
စည်းလုံးပြီး အပ်နှံထားတဲ့ ယေဟောဝါရဲ့လူမျိုးတော်နဲ့ ကိုယ်တော့်အမှုကို ထမ်းဆောင်ဖို့ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်ဝမ်းမနည်းခဲ့ဘူးဆိုတာ တပ်အပ်ပြောနိုင်ပါတယ်။ သူတို့ထဲမှာ မေတ္တာစစ်ထင်ရှားတဲ့အလုပ်တွေကို ကျွန်တော်တွေ့ခဲ့ပါပြီ။ ယေဟောဝါရဲ့တည်ကြည်တဲ့ ကျေးကျွန်တွေကို ထာဝရအသက်ဆုပေးမယ်ဆိုတဲ့ မျှော်လင့်ချက်မပါရင်တောင် ဘုရားသခင်ဝတ်မှာမွေ့လျော်တဲ့ အသက်တာကိုပဲ ကျွန်တော်လိုချင်တယ်။ (၁ တိမောသေ ၆:၆; ဟေဗြဲ ၁၁:၆) ဘုရားသခင်ဝတ်မှာဒီလိုမွေ့လျော်ခဲ့လို့ ကျွန်တော့်ဘဝဟာ တိုးတက်ပြီး တည်ငြိမ်ခဲ့တဲ့အပြင် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို ရွှင်လန်းစေတာ၊ ကျေနပ်ရောင့်ရဲစေတာ အမှန်ပါပဲ။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၉၀ ပြည့်နှစ်တွင် ကျွန်တော့်ဇနီး၊ သားသမီးများနှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီး၊ သားသမီးများ၊ သမက်နှစ်ယောက်နှင့်အတူ