မည်သူ့အပြစ်နည်း သင်လော၊ သင့်မျိုးရိုးဗီဇလော
မည်သူ့အပြစ်နည်း သင်လော၊ သင့်မျိုးရိုးဗီဇလော
အရက်သောက်ကြူးခြင်း၊ လိင်တူဆက်ဆံခြင်း၊ တွေ့ကရာလူနှင့်လိင်ဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း၊ အခြားမူမမှန်သောအပြုအမူများအပြင် သေရခြင်း၏ မျိုးရိုးဗီဇအကြောင်းရင်းများကို ရှာတွေ့ရန် သိပ္ပံပညာရှင်များ ကြိုးစားအားထုတ်နေကြ၏။ ကျွန်ုပ်တို့၏အပြုအမူများသည် ကျွန်ုပ်တို့ကြောင့်မဟုတ်ဘဲ ဇီဝဗေဒ၏သားကောင်များသာဖြစ်ကြောင်း သိရှိရခြင်းသည် စိတ်သက်သာစေမည်မဟုတ်ပေလော။ ကျွန်ုပ်တို့၏အမှားကိုဝန်မခံဘဲ အခြားသူတစ်ဦး သို့မဟုတ် အခြားအရာတစ်ခုခုကို အပြစ်ပုံချခြင်းသည် လူ့ဝသီပင်ဖြစ်၏။
မျိုးရိုးဗီဇကြောင့်ဖြစ်မည်ဆိုလျှင် မျိုးရိုးဗီဇအင်ဂျင်နီယာပညာအားဖြင့် မနှစ်မြို့ဖွယ်ဝသီများကို ပယ်ရှား၍ ပြောင်းလဲနိုင်မည်ဟု သိပ္ပံပညာရှင်များကဆိုသည်။ မကြာမီက လူ့ဂျီနုမ်းတစ်ခုလုံးကို မြေပုံရေးဆွဲနိုင်ခဲ့ရာ သူတို့၏ရည်မှန်းချက်များအတွက် စေ့ဆော်မှုအသစ်ရရှိခဲ့သည်။
သို့သော် ဤသို့ဖြစ်လာနိုင်ခြေရှိခြင်းသည် ကျွန်ုပ်တို့အမွေရထားသော မျိုးရိုးဗီဇကြောင့် အပြစ်များ၊ အမှားများပြုရခြင်းဖြစ်၏ဟူသည့် ယူဆချက်အပေါ် အခြေခံသည်။ သိပ္ပံဆိုင်ရာတွေ့ရှိချက်များတွင် ကျွန်ုပ်တို့၏မျိုးရိုးဗီဇကို အမှုလုပ်နိုင်သည့် သက်သေအထောက်အထား အလုံအလောက် ရရှိထားပြီလော။ ယင်း၏အဖြေသည် ကျွန်ုပ်တို့ကိုယ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏အနာဂတ်ကိုလည်းကောင်း အလွန်ထိခိုက်နိုင်သည်မှာ ထင်ရှားပါသည်။ သို့သော် သက်သေအထောက်အထားကို မဆန်းစစ်မီ လူ့ဇာစ်မြစ်ကို ဆန်းစစ်ကြည့်လျှင် ကောင်းပေလိမ့်မည်။
ယင်းတို့အားလုံး မည်သို့စတင်ခဲ့
လူအများသည် ဧဒင်ဥယျာဉ်တွင် ကနဦးလူသားမောင်နှံ အာဒံနှင့်ဧဝတို့ ကျဆုံးခဲ့ခြင်းအကြောင်းကို အကျွမ်းတဝင်ရှိမည်၊ အနည်းဆုံးတော့ ကြားဖူးနားဝရှိကြမည်။ သူတို့သည် စကားနားမထောင် အပြစ်ပြုစေရန်ပုံစံမျိုးဖြင့် အစကတည်းက ရှိရင်းစွဲချွတ်ယွင်းချက်ပါ မျိုးရိုးဗီဇများနှင့် ဖန်ဆင်းခံခဲ့ရပါသလော။
အရာခပ်သိမ်းကို ပြည့်ဝစုံလင်စွာဖန်ဆင်းခဲ့သော သူတို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်က ကိုယ်တော်၏အပြီးသတ်မြေကြီးဆိုင်ရာဖန်ဆင်းခြင်းကား “အလွန်ကောင်းသည်” ဟုကြေညာခဲ့၏။ (ကမ္ဘာဦး ၁:၃၁; တရားဟောရာ ၃၂:၄) ကိုယ်တော်သည် မိမိ၏ဖန်ဆင်းခြင်းကို ကျေနပ်ကြောင်း ထပ်ဆင့်သက်သေအထောက်အထားအဖြစ် ကနဦးဇနီးမောင်နှံကို ကောင်းချီးပေး၍ များပြားစွာမွေးဖွားရန်၊ လူသတ္တဝါများဖြင့် မြေကြီးကိုပြည့်စေရန်နှင့် ကိုယ်တော်၏မြေကြီးဆိုင်ရာဖန်ဆင်းခြင်းကို တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ရန် မိန့်မှာခဲ့၏၊ သို့ပြုခြင်းသည် မိမိ၏လက်ရာ ကောင်းမကောင်း မသေချာသူတစ်ဦး၏လုပ်ရပ် လုံးဝမဖြစ်နိုင်ချေ။—ကမ္ဘာဦး ၁:၂၈။
ကနဦးလူသားမောင်နှံ၏ ဖန်ဆင်းခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း” သည်ဟုဆို၏။ (ကမ္ဘာဦး ၁:၂၇) “ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်” သောကြောင့် လူသားများကို ဘုရားသခင်နှင့် ရုပ်ခန္ဓာတူအောင် ဖန်ဆင်းထားသည်ဟု မဆိုလိုနိုင်ပေ။ (ယောဟန် ၄:၂၄) ၎င်းအစား၊ လူသတ္တဝါများသည် ဘုရားသခင်၏အရည်အချင်းများနှင့် ကိုယ်ကျင့်တရား၊ သိစိတ်တို့ဖြင့်ဖန်ဆင်းခံရသည်ဟု ဆိုလိုခြင်းဖြစ်၏။ (ရောမ ၂:၁၄၊ ၁၅) သူတို့သည် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိကြပြီး ကိစ္စရပ်တစ်ခုကို ကောင်းစွာအကဲဖြတ်နိုင်၍ ကိုယ်တိုင်ဆုံးဖြတ်ပြုလုပ်နိုင်ကြသည်။
သို့သော် ကျွန်ုပ်တို့၏ကနဦးမိဘများကို လမ်းညွှန်ချက်မပေးဘဲမနေပါ။ ပြစ်မှားခြင်း၏ အကျိုးဆက်များကို သူတို့ကြိုတင်သတိပေးခံခဲ့ရသည်။ (ကမ္ဘာဦး ၂:၁၇) ထို့ကြောင့် အာဒံသည် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရသောအခါ ထိုအချိန်က သူ့အတွက် သင့်လျော်မည်ဟုအထင်ရှိရာကို လုပ်ဆောင်ရန် ရွေးချယ်ပြုလုပ်ခဲ့ကြောင်း သက်သေအထောက်အထားက ဖော်ပြသည်။ သူသည် ဖန်ဆင်းရှင်နှင့် သူ၏ဆက်ဆံရေး သို့မဟုတ် သူ့လုပ်ရပ်၏ရေရှည်အကျိုးဆက်များကို စဉ်းစားသုံးသပ်မည့်အစား သူ့ဇနီး၏အပြစ်ပြုခြင်းတွင် ပါဝင်ခဲ့၏။ ထို့နောက် သူက ကိုယ်တော်အပ်ပေးသောဇနီးသည် မိမိကိုလှည့်ဖြားပါသည်ဟုဆိုကာ ယေဟောဝါကိုအပြစ်ပုံချရန် ကြိုးစားခဲ့သည်။—ကမ္ဘာဦး ၃:၆၊ ၁၂; ၁ တိမောသေ ၂:၁၄။
အာဒံနှင့် ဧဝတို့၏အပြစ်ပြုမှုကို ဘုရားသခင်၏တုံ့ပြန်ပုံတွင် ထင်ရှားနေပါသည်။ ကိုယ်တော်သည် သူတို့၏မျိုးရိုးဗီဇတွင်ရှိသော ‘ချွတ်ယွင်းချက်’ တစ်ခုကို ပြုပြင်ပေးရန် မကြိုးစားခဲ့ချေ။ ယင်းအစား၊ သူတို့လုပ်ရပ်များ၏အကျိုးဆက်သည် အဘယ်အရာဖြစ်မည်ဟု ကိုယ်တော်မိန့်မှာခဲ့သည့်အတိုင်း လုပ်ဆောင်တော်မူခဲ့ရာ ထိုအကျိုးဆက်ကြောင့် နောက်ဆုံး သူတို့သေပွဲဝင်ခဲ့ရလေသည်။ (ကမ္ဘာဦး ၃:၁၇-၁၉) ဤအစောပိုင်းသမိုင်းသည် လူ့ပင်ကိုအမူအကျင့်နှင့်ပတ်သက်၍ ပိုမိုနားလည်စေသည်။ *
ဇီဝဗေဒအစွဲအလမ်းကို မထောက်ခံသောသာဓက
သိပ္ပံပညာရှင်များသည် လူ့ရောဂါဗေဒနှင့် အမူအကျင့်အတွက် မျိုးရိုးဗီဇအကြောင်းရင်းများနှင့် ပြုပြင်ပေးနည်းများ ရှာဖွေခြင်းလုပ်ငန်းကြီးကို ကြိုးစားလုပ်ဆောင်ခဲ့သည်မှာ ကြာခဲ့ပြီ။ သုတေသီအဖွဲ့ခြောက်ဖွဲ့က ဆယ်နှစ်ကြာသုတေသနပြုပြီးနောက် ဟန်တင်တန်ရောဂါနှင့် ဆက်နွှယ်သည့် မျိုးရိုးဗီဇကို တွေ့ရှိလာခဲ့ကြသော်လည်း ထိုမျိုးရိုးဗီဇသည် မည်သို့ရောဂါဖြစ်စေကြောင်း မသိကြသေးချေ။ သို့ရာတွင် ဤသုတေသနပြုချက်ကို အစီရင်ခံရာတွင် ဟားဗက်ဒ်ဇီဝပညာရှင် အီဗန် ဘာလာဘာန်က “အပြုအမူပိုင်းဆိုင်ရာ ဝေဒနာများနှင့်ဆိုင်သည့် မျိုးရိုးဗီဇကိုရှာဖွေတွေ့ရှိရန် လွန်စွာခက်ခဲပေမည်” ဟုဆိုခဲ့ကြောင်း အမေရိကန်သိပ္ပံပညာရပ်က ကိုးကားဖော်ပြခဲ့သည်။
အမှန်မှာ၊ လူ့အမူအကျင့်နှင့် မျိုးရိုးဗီဇ ဆက်စပ်မှုရှိသည်ကို ကြိုးစားသုတေသနပြုချက်သည် မအောင်မြင်ခဲ့ချေ။ ယနေ့ဆိုက်ကိုလိုဂျီစာစောင်တွင် စိတ်ဓာတ်ကျခြင်း၏ မျိုးရိုးဗီဇအကြောင်းရင်းများကို ကြိုးစားရှာဖွေရေး သတင်းတစ်ရပ်က ဤသို့ဆိုသည်– “အဓိကစိတ်ဝေဒနာများနှင့်စပ်လျဉ်းသော ကူးစက်ရောဂါဗေဒအချက်အလက်တို့အရ မျိုးရိုးဗီဇအကြောင်းရင်းသက်သက်ဖြင့် စိတ်ဝေဒနာဖြစ်ရ၏ဟုမဆိုနိုင်ကြောင်း ထင်ရှားသည်။” ထိုမှတ်တမ်းက ဤသို့ဥပမာပေး၏– “၁၉၀၅ ခုနှစ်မတိုင်မီက မွေးဖွားခဲ့သည့် အမေရိကန်များသည် အသက် ၇၅ နှစ်အရွယ်တွင် စိတ်ဓာတ်ကျသူ ၁ ရာခိုင်နှုန်းရှိသည်။ ရာစုနှစ်ဝက်နောက်ပိုင်းတွင် မွေးဖွားလာသည့် အမေရိကန်များမူ အသက် ၂၄ နှစ်အရွယ်တွင် စိတ်ကျဝေဒနာသည် ၆ ရာခိုင်နှုန်းရှိလာကြ၏!” သို့ဖြစ်၍ ဤအချိန်တိုအတွင်း ဤသို့သောထူးခြားသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းသည် ပြင်ပ သို့မဟုတ် လူမှုရေးပယောဂများကြောင့်သာဖြစ်ကြောင်း ကောက်ချက်ချရ၏။
၎င်းနှင့် အခြားလေ့လာသုံးသပ်ချက်များက ကျွန်ုပ်တို့ကို အဘယ်အရာပြောပြသနည်း။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ပင်ကိုစရိုက်ကို
ရုပ်လုံးဖော်ရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်မည်ဖြစ်သော်လည်း အခြားသြဇာလွှမ်းမိုးမှုများ ရှိသေးသည်မှာ ထင်ရှားပါသည်။ အဓိကအချက်တစ်ချက်မှာ မျက်မှောက်ခေတ်တွင် အကြီးအကျယ်ပြောင်းလဲလာသည့် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ပင်ဖြစ်သည်။ ဥပမာ၊ ခေတ်လူငယ်များ ရှုစားနေကြရသည့် ရေပန်းစားနေသော ဖျော်ဖြေမှုနှင့်ပတ်သက်၍ ကျားဆိုမှကျားစာအုပ်က ကလေးသူငယ်တို့သည် လူတို့ကို “တိုက်ခိုက်ခြင်း၊ သေနတ်နှင့်ပစ်ခြင်း၊ ဓားနှင့်ထိုးခြင်း၊ အူသိမ်အူမများကိုခွဲထုတ်ခြင်း၊ နုပ်နုပ်စဉ်းခြင်း၊ အရေခွံခွာခြင်း၊ အပိုင်းပိုင်းဖြတ်ခြင်း အစရှိသည့် ရုပ်မြင်သံကြားဇာတ်လမ်းများနှင့် ရုပ်ရှင်များကို နာရီပေါင်းထောင်နှင့်ချီ၍ ကြည့်ဖန်များလာသောအခါဖြစ်စေ၊ မုဒိမ်းကျင့်ခြင်း၊ ကိုယ့်ကိုယ်ကိုသတ်သေခြင်း၊ မူးယစ်ဆေးဝါး၊ အရက်သေစာနှင့် တစ်ယူသန်ခြင်းတို့ကို အမွှမ်းတင်သော တေးဂီတကို နားထောင်ဖန်များလာသောအခါဖြစ်စေ” လျော်ကန်သောကိုယ်ကျင့်တရားမူများကို ကျင့်သုံးကြမည်ဟု မမျှော်လင့်နိုင်တော့ကြောင်းဆို၏။“ဤလောကကိုအစိုးရသောမင်း” စာတန်သည် ယုတ်ညံ့သောလူ့လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနေသည့် ပတ်ဝန်းကျင်တစ်ခုကို ရုပ်လုံးပေါ်စေခဲ့ပြီ။ ဤသို့သောဝန်းကျင်သည် ကျွန်ုပ်တို့အားလုံးအပေါ် အကြီးအကျယ်သြဇာလွှမ်းမိုးနေသည်ကို မည်သူငြင်းဆိုမည်နည်း။—ယောဟန် ၁၂:၃၁; ဧဖက် ၆:၁၂; ဗျာဒိတ် ၁၂:၉၊ ၁၂။
လူသား၏ဆင်းရဲခြင်း ဇာစ်မြစ်
ကျွန်ုပ်တို့သိရှိခဲ့ပြီဖြစ်သည့်အတိုင်း လူသား၏အခက်အခဲများသည် ကနဦးလူသားမောင်နှံ အပြစ်ပြုလုပ်ချိန်ကတည်းက စတင်ခဲ့၏။ ရလဒ်ကားအဘယ်နည်း။ အာဒံပြုခဲ့သည့်အပြစ်အတွက် သူ၏သားစဉ်မျိုးဆက်က ပေးဆပ်ရန်တာဝန်မရှိသော်လည်း သူတို့အားလုံးသည် အပြစ်၊ မစုံလင်မှုနှင့် သေခြင်းတို့ကို အမွေခံလျက်မွေးဖွားလာခဲ့ကြသည်။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”—ရောမ ၅:၁၂။
လူ့မစုံလင်မှုက သူ့အား ဆိုးကျိုးများကိုသာ လုံးလုံးခံစားစေသည်။ သို့သော် ယင်းကြောင့် ကိုယ်ကျင့်တရားတာဝန်အားလုံးနှင့် သူလွတ်ကင်းသည်ဟုမဆိုလိုပါ။ အသက်ရရှိရေးအတွက် ယေဟောဝါ၏ပြင်ဆင်ပေးချက်ကို ယုံကြည်ပြီး ဘုရားသခင်၏စံများနှင့်အညီ အသက်ရှင်နေထိုင်သူများသည် ကိုယ်တော်၏မျက်နှာသာ ရရှိကြလိမ့်မည်ဟု ကျမ်းစာကဖော်ပြသည်။ ယေဟောဝါသည် ကိုယ်တော်၏ချစ်ခင်ကြင်နာမှုကြောင့် အာဒံဆုံးရှုံးခဲ့ရာကို ပြန်ဝယ်ယူသကဲ့သို့ လူသားများကို ရွေးနုတ်ရန် သနားကြင်နာစွာ ပြင်ဆင်ပြုလုပ်ပေးခဲ့၏။ ထိုပြင်ဆင်ပေးချက်မှာ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကို ချစ်တော်မူ၏” ဟုမိန့်ဆိုခဲ့သူ ဘုရားသခင်၏စုံလင်သော သားတော်ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ပင်ဖြစ်သည်။—ယောဟန် ၃:၁၆; ၁ ကောရိန္သု ၁၅:၂၁၊ ၂၂။
တမန်တော်ပေါလုသည် ဤပြင်ဆင်ပေးချက်အတွက် အလွန်ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခဲ့သည်။ သူက “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူကယ်လွှတ်မည်နည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏” ဟူ၍ ပြောဆိုခဲ့သည်။ (ရောမ ၇:၂၄၊ ၂၅) ပေါလုသည် အားနည်းချက်တစ်ခုခုကြောင့် အပြစ်ပြုမိခဲ့လျှင် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အခြေပြု၍ ဘုရားသခင်၏ခွင့်လွှတ်မှုကို တောင်းဆိုနိုင်သည်ဟု သိရှိခဲ့၏။ *
ပထမရာစုကကဲ့သို့ပင် မျက်မှောက်ခေတ်တွင် ယခင်က အလွန်ဆိုးရွားခဲ့သူများ သို့မဟုတ် မျှော်လင့်ချက်မဲ့ပုံရသည့် အခြေအနေမျိုးတွင်ရှိခဲ့သူများသည် ကျမ်းစာအမှန်တရား၏ တိကျမှန်ကန်သောအသိပညာကို ရရှိလာခဲ့ကြပြီး လိုအပ်သလိုပြုပြင်ပြောင်းလဲလာခဲ့ရာ ဘုရားသခင်၏ကောင်းချီးကို ခံစားခွင့်ရရှိနေကြသည်။ သူတို့ပြုလုပ်ခဲ့ရသည့် ပြောင်းလဲမှုများသည် မလွယ်ကူပေ၊ လူအများသည် ဘေးသင့်စေသောဝသီများကို တွန်းလှန်တိုက်ခိုက်နေကြရဆဲပင်။ သို့သော် ဘုရားသခင်၏အကူအညီဖြင့် သူတို့သည် တည်ကြည်ဖြောင့်မတ်မှုကို ထိန်းသိမ်းထားနိုင်ပြီး ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ခြင်း၌ ရွှင်လန်းအားရနေကြသည်။ (ဖိလိပ္ပိ ၄:၁၃) ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန် အကြီးအကျယ်ပြုပြင်ပြောင်းလဲလာခဲ့သူတစ်ဦး၏ ပုံနမူနာကို သုံးသပ်ကြည့်ပါ။
အားရှိစရာတွေ့ကြုံမှုတစ်ခု
“ကျွန်တော် လူငယ်ဘဝက ဘော်ဒါကျောင်းတက်နေတုန်းမှာ ကိုယ့်ကိုယ်ကို လိင်တူဆက်ဆံသူလို့ တစ်ခါမှမယူမှတ်ပေမဲ့ လိင်တူဆက်ဆံတဲ့အကျင့်တွေကျင့်ခဲ့တယ်။ ကျွန်တော့်မိဘတွေက ကွာရှင်းထားကြ
တော့ ကျွန်တော်မရခဲ့တဲ့ မိဘမေတ္တာကို တောင့်တခဲ့တယ်။ ကျောင်းပြီးသွားတော့ စစ်မှုမထမ်းမနေ ထမ်းခဲ့ရတယ်။ ကျွန်တော်နေတဲ့ စစ်တန်းလျားဘေးမှာ လိင်တူဆက်ဆံတဲ့ အုပ်စုတစ်စုရှိတယ်။ သူတို့ရဲ့ဘဝပုံစံကို ကျွန်တော်အားကျလာတာနဲ့ သူတို့နဲ့ပေါင်းသင်းတော့တာပဲ။ တစ်နှစ်အထိ သူတို့နဲ့ပေါင်းသင်းပြီးတဲ့နောက်မှာ လိင်တူဆက်ဆံသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်မှတ်ခဲ့တယ်။ ‘ဒါဟာ ငါ့ဗီဇပဲ၊ ပြောင်းလဲနိုင်မှာမဟုတ်ဘူး’ ဆိုပြီး ကျွန်တော်ဆင်ခြေတက်မိတယ်။“လိင်တူတွေရဲ့ ဗန်းစကားတွေ တတ်လာပြီး လိင်တူကလပ်တွေကိုသွားတယ်၊ အဲဒီမှာ မူးယစ်ဆေးဝါးနဲ့ အရက် ကြိုက်သလောက်ရနိုင်တယ်။ အပြင်ပန်းကကြည့်မယ်ဆိုရင် အရမ်းကိုစိတ်လှုပ်ရှားစရာဖြစ်ပြီး သဘောကျစရာကောင်းပုံပေါက်ပေမဲ့ အမှန်တကယ်တော့ ရွံစရာကောင်းတယ်။ ဒီလိုဆက်ဆံမှုမျိုးဟာ သဘာဝမကျဘူး၊ အနာဂတ်အတွက်လည်း ဘာအဓိပ္ပာယ်မှမရှိဘူးဆိုပြီး ကျွန်တော်ခံစားလာတယ်။
“မြို့လေးတစ်မြို့မှာ ယေဟောဝါသက်သေတွေ စည်းဝေးကျင်းပနေတုန်း သူတို့ရဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို အမှတ်မထင် ကျွန်တော်တွေ့လိုက်တယ်။ အထဲကိုဝင်ပြီး အနာဂတ်ပရဒိသုအခြေအနေနဲ့ပတ်သက်တဲ့ ဟောပြောချက်ကို နားထောင်ခဲ့တယ်။ အဲဒီနောက် သက်သေခံအချို့နဲ့ ကျွန်တော်တွေ့ဆုံပြီး သူတို့က စည်းဝေးကြီးတစ်ခုကို တက်ရောက်ဖို့ ကျွန်တော့်ကိုဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော် သွားတက်ခဲ့တယ်၊ အတူတကွဝတ်ပြုကိုးကွယ်နေကြတဲ့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေကြတာဟာ ကျွန်တော့်အတွက် တကယ့်ကိုအံ့သြစရာဖြစ်ခဲ့တယ်။ သက်သေခံတွေနဲ့ ကျွန်တော် ကျမ်းစာစလေ့လာခဲ့တယ်။
“ကျွန်တော်မနည်းကြိုးစားခဲ့ရပေမဲ့လည်း ကျမ်းစာကနေသိရှိလာတာတွေကို စပြီးလက်တွေ့ကျင့်သုံးခဲ့တယ်။ မစင်ကြယ်တဲ့အကျင့်အားလုံးကို ကျွန်တော်ဖြတ်နိုင်ခဲ့တယ်။ ၁၄ လ လေ့လာပြီးတဲ့နောက်မှာ ယေဟောဝါထံ ကျွန်တော့်ရဲ့အသက်တာကိုအပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော့်ဘဝမှာ ပထမဦးဆုံးအကြိမ် မိတ်ဆွေစစ်တွေရလာတယ်။ တခြားသူတွေကိုလည်း ကျမ်းစာအမှန်တရားသိရှိလာအောင် ကျွန်တော်ကူညီပေးနိုင်ခဲ့ပြီ၊ အခုဆိုရင် ခရစ်ယာန်အသင်းတော်မှာ ဓမ္မအမှုထမ်းအဖြစ် အမှုထမ်းဆောင်နေပါပြီ။ ကျွန်တော့်ကို ယေဟောဝါ အမှန်ပဲကောင်းချီးပေးခဲ့ပါတယ်။”
ကျွန်ုပ်တို့ တာဝန်ရှိ
ကျွန်ုပ်တို့၏အကျင့်ပျက်မှုသည် ကျွန်ုပ်တို့၏မျိုးရိုးဗီဇကြောင့်ဟု အပြစ်ပုံချရန် ကြိုးစားခြင်းသည် ဖြေရှင်းနည်းမဟုတ်ပေ။ ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် နိုင်နင်းရန် ကူညီပေးမည့်အစား ထိုသို့ပြုလုပ်ခြင်းသည် “ကျွန်ုပ်တို့ ပြဿနာများစွာ၏ ရင်းမြစ်တွင်တည်ရှိနေသည့် ခိုကိုးရာမဲ့မှုကို ကျွန်ုပ်တို့အား သင်ပြပေးနေခြင်းဖြစ်ပေမည်။ ဤပြဿနာများ ဖြစ်ပေါ်လာခြင်းကို လျော့နည်းသွားစေမည့်အစား ပိုမိုကြီးထွားလာစေဖို့ ယင်းက မီးထိုးပေးနေပုံရ၏” ဟု ယနေ့ဆိုက်ကိုလိုဂျီ စာစောင်က ဖော်ပြသည်။
ကျွန်ုပ်တို့၏အပြစ်ပြုလိုသောဝသီများနှင့် ဘုရားသခင်၏စကား နားမထောင်ရန် စာတန်၏ကြိုးစားအားထုတ်မှုများအပါအဝင် ဘေးသင့်စေမည့် အဓိကတွန်းအားများကို တွန်းလှန်ကြရမည်မှာမှန်၏။ (၁ ပေတရု ၅:၈) ကျွန်ုပ်တို့၏မျိုးရိုးဗီဇက တစ်နည်းနည်းဖြင့် လွှမ်းမိုးနိုင်သည်မှာလည်း မှန်ပေသည်။ သို့သော် ကျွန်ုပ်တို့သည် ခိုကိုးရာမဲ့နေသည်မဟုတ်။ စစ်မှန်သောခရစ်ယာန်များမှာ တန်ခိုးကြီးမားသော မဟာမိတ်များဖြစ်ကြသည့် ယေဟောဝါ၊ ယေရှုခရစ်၊ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်၊ ကိုယ်တော်၏သမ္မာကျမ်းစာနှင့် ခရစ်ယာန်အသင်းတော်တို့ရှိကြပါသည်။—၁ တိမောသေ ၆:၁၁၊ ၁၂; ၁ ယောဟန် ၂:၁။
ဣသရေလလူမျိုးသည် ကတိထားရာပြည်တော်ထဲမဝင်မီ မောရှေသည် ဘုရားသခင်ရှေ့ သူတို့၏တာဝန်မကင်းကြောင်းကို ပြန်သတိပေးရန် ဤသို့ပြောဆိုခဲ့သည်– ‘အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည်။ သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်ကာ ကိုယ်တော်ကို ဆည်းကပ်မှီဝဲပြီး အသက်တရားကို ရွေးယူလော့။’ (တရားဟောရာ ၃၀:၁၉၊ ၂၀) ထိုနည်းတူစွာ ယနေ့လည်း တာဝန်ရှိသူယောက်စီသည် ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်း၊ ကိုယ်တော်၏ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းတို့နှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ သင်ကိုယ်တိုင် ရွေးချယ်ပြုမူရမည်ဖြစ်၏။—ဂလာတိ ၆:၇၊ ၈။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 ၁၉၉၆၊ စက်တင်ဘာ ၂၂ ရက်နေ့ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၃-၈ ကိုရှု။
^ အပိုဒ်၊ 19 ယေဟောဝါသက်သေများ ထုတ်ဝေသည့် ထာဝရအသက်ရစေသော အသိပညာ စာအုပ်၏ စာမျက်နှာ ၆၂-၉ ကိုရှု။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အာဒံနှင့်ဧဝသည် သူတို့၏မျိုးရိုးဗီဇများတွင်ရှိ ချွတ်ယွင်းချက်အချို့ကြောင့် အပြစ်ပြုရန် အကျင့်ပါခဲ့ခြင်းဖြစ်သလော
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
လူတစ်ဦးစီသည် မိမိ၏ဆုံးဖြတ်ချက်များအတွက် တာဝန်ယူသင့်သလော
[Credit Line]
Drug user: Godo-Foto
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
လူသား၏အပြုအမူအတွက် မျိုးရိုးဗီဇအကြောင်းရင်းများကို ရှာဖွေရန် ကြိုးပမ်းခြင်းသည် မအောင်မြင်ခဲ့ချေ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ကျမ်းစာပြောသည်ကို ကျင့်သုံးခြင်းသည် စိတ်ရင်းမှန်သူတို့ကို ပြောင်းလဲစေနိုင်