မထင်မမှတ်သောနေရာတွင် အမှန်တရားကိုတွေ့ ရှိခြင်း
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
မထင်မမှတ်သောနေရာတွင် အမှန်တရားကိုတွေ့ ရှိခြင်း
ဘုရားသခင့်အလိုတော်ကား “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်]တရားကိုသိစေခြင်းငှာ” ဖြစ်၏။ (၁ တိမောသေ ၂:၃၊ ၄) ထိုသို့ ဖြစ်စေရန် ယေဟောဝါသက်သေများသည် ကျမ်းစာနှင့် ကျမ်းစာအထောက်အကူပြုစာပေများကို သန်းနှင့်ချီ၍ ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ တစ်ခါတစ်ရံ ဤစာပေများသည် လုံးဝမထင်မမှတ်သောနည်းများဖြင့် နှလုံးရိုးဖြောင့်သူများကို အမှန်တရားသိရှိစေခဲ့သည်။ ယင်းနှင့်ပတ်သက်၍ စီအဲရာလေယွန်၊ ဖရီးတောင်းမြို့မှ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများက အောက်ပါတွေ့ ကြုံမှုကို ဖော်ပြသည်။
အူစ်မာန်သည် ကလေးကိုးယောက်ရှိ မိသားစုတစ်စုမှ ဒုတိယမြောက်သားဖြစ်၏။ သူသည် ဘာသာတရားကိုင်းရှိုင်းသော အိမ်ထောင်စုတွင်ကြီးပြင်းလာခဲ့ရာ သူ၏ဖခင်နှင့်အတူ မှန်မှန်လိုက်သွားပြီး ဝတ်ပြုကိုးကွယ်ခဲ့သည်။ သို့သော် ငရဲနှင့်ပတ်သက်၍ အူစ်မာန်၏ဘာသာတရားက သွန်သင်ပေးရာကို သူလွန်စွာစိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ သနားကြင်နာတတ်သော ဘုရားသခင်တစ်ပါးသည် ဆိုးသွမ်းသူများကို မီးရှို့ ခြင်းဖြင့် မည်သို့ ညှဉ်းဆဲနိုင်မည်ကို သူနားမလည်နိုင်ခဲ့ချေ။ ငရဲမီးအယူဝါဒကို အူစ်မာန်နားလည်စေရန် ရှင်းပြချက်အားလုံးတို့က သူ့အတွက် စိတ်ကျေနပ်မှုမပေးခဲ့ချေ။
တစ်နေ့သောအခါ အူစ်မာန်သည် အသက် ၂၀ အရွယ်တွင် အမှိုက်ပုံးတစ်ခုထဲ၌ အပြာရောင်စာအုပ် တစ်ပိုင်းတစ်စကို တွေ့ ခဲ့သည်။ စာပေဝါသနာပါသူပီပီ သူသည် ၎င်းစာအုပ်ကို ကောက်ယူပြီး သန့်စင်လိုက်ရာ ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား * ဟူသည့်ခေါင်းစဉ်ကို သတိပြုမိခဲ့သည်။
‘ဘာအမှန်တရားလဲ’ ဟူ၍ အူစ်မာန်သိလိုခဲ့သည်။ အူစ်မာန်သည် ပိုမိုသိလိုလာကာ စာအုပ်ကို အိမ်သို့ယူသွား၍ တစ်ထိုင်တည်းနှင့် တစ်အုပ်လုံးကို ဖတ်ခဲ့သည်။ ဘုရားသခင်တွင် ကိုယ်ပိုင်နာမတော် ယေဟောဝါဟူသော အမည်ရှိသည်ကို သူသိရသည့်အခါ အလွန်ပျော်သွားသည်! (ဆာလံ ၈၃:၁၈) ဘုရားသခင်၏အထင်ရှားဆုံးဂုဏ်ရည်တော်မှာ မေတ္တာဖြစ်ကြောင်းနှင့် လူတို့ကို မီးထဲတွင်ညှဉ်းဆဲရန် အကြံအစည်ကိုပင် ကိုယ်တော်စက်ဆုပ်ရွံရှာကြောင်း အူစ်မာန်သိခဲ့ရ၏။ (ယေရမိ ၃၂:၃၅; ၁ ယောဟန် ၄:၈) နောက်ဆုံးတွင် ယေဟောဝါသည် လူတို့ ထာဝစဉ်အသက်ရှင်နေထိုင်နိုင်မည့် မြေကြီးပရဒိသုကို မကြာမီလုပ်ဆောင်ပေးတော့မည်ဟု အူစ်မာန်ဖတ်ရသည်။ (ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၁:၃၊ ၄) သနားကြင်နာပြီး မေတ္တာရှင်ဖြစ်သော ဘုရားသခင်ထံမှ တကယ်အံ့ချီးဖွယ်အမှန်တရားပါတကား! အူစ်မာန်သည် လုံးဝမထင်မမှတ်သည့်နေရာမှ အမှန်တရားကိုတွေ့ ရှိခွင့်ပြုသည့်အတွက် ယေဟောဝါအား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ခဲ့၏။
ရက်အနည်းငယ်အကြာတွင် မိတ်ဆွေအချို့၏အကူအညီဖြင့် အူစ်မာန်သည် ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမကို တွေ့ ရှိခဲ့ပြီး ပထမဦးဆုံးအကြိမ် အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့သည်။ ထိုတွင်ရှိစဉ် သူ့ကိုကျမ်းစာသင်ပေးရန် သက်သေခံတစ်ဦးအား တောင်းဆိုခဲ့၏။ မိသားစုက အကြီးအကျယ်အတိုက်အခံလုပ်သော်လည်း အူစ်မာန်သည် ဝိညာဉ်ရေးဘက်တွင် ဆက်လက်တိုးတက်လာပြီး နှစ်ခြင်းခံခဲ့လေသည်။ (မဿဲ ၁၀:၃၆) ယနေ့ သူသည် အသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းဆောင်လျက်ရှိ၏။ အမှိုက်ပုံးတစ်ခုထဲမှ ကျမ်းစာ,စာပေတွေ့ ရှိခြင်းကြောင့် ဤသို့ ဖြစ်ပျက်လာခြင်းသည် အမှန်တကယ်ပင် အံ့ဩစရာပါတကား!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ၁၉၆၈ ခုနှစ်တွင် ယေဟောဝါသက်သေများ ထုတ်ဝေခဲ့၏။