သေခြင်းကို သင်မည်သို့ ရှုမြင်သနည်း
သေခြင်းကို သင်မည်သို့ ရှုမြင်သနည်း
ကာယရေးအရ ကျွန်ုပ်တို့မည်မျှကျန်းမာ၊ ချမ်းသာပါစေ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်နေစဉ် ကျွန်ုပ်တို့အပေါ် သေခြင်း၏အရိပ်လွှမ်းမိုးထားသည်။ ကျွန်ုပ်တို့ လမ်းဖြတ်ကူးသောအခါ၌ဖြစ်စေ၊ အိပ်ရာထဲလဲနေသောအခါ၌ဖြစ်စေ သေသွားနိုင်သည်။ ၂၀၀၁၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် နယူးယောက်မြို့နှင့် ဝါရှင်တန် ဒီ.စီ. ၌ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့သော ဘေးဆိုးများက “နောက်ဆုံးသောရန်သူ” တည်းဟူသော သေခြင်းသည် အလွှာအသီးသီး၊ အသက်အရွယ်အသီးသီးမှလူတို့ကို မိမိ၏သားကောင်များအဖြစ် တစ်ခါတစ်ရံ မိနစ်အနည်းငယ်အတွင်း ထောင်နှင့်ချီသောသူတို့၏အသက်ကို ခြွေယူတတ်ကြောင်း ကျွန်ုပ်တို့အား သိရှိစေသည်။—၁ ကောရိန္သု ၁၅:၂၆။
ဤမျှတိုင်ဖြစ်သော်လည်း သေခြင်းကို လူတို့ စိတ်ဝင်စားကြပုံရှိသည်။ သေဆုံးသူများသတင်း၊ အထူးသဖြင့် ထိတ်လန့်ချောက်ချားဖွယ်နည်းဖြင့် လူပေါင်းများစွာ သေဆုံးသည့်သတင်းများပါသော သတင်းစာများ အလွန်ရောင်းကောင်း၏၊ သို့မဟုတ် ထိုသတင်းကြေညာသော ရုပ်မြင်သံကြားသတင်းကို လူကြည့်များဟန်ရှိသည်။ စစ်ကြောင့်ဖြစ်စေ၊ သဘာဝဘေးဒဏ်၊ ရာဇဝတ်မှု သို့မဟုတ် ရောဂါကြောင့်ဖြစ်စေ သေသောသတင်းမျိုးကို လူတို့ဖတ်မငြီးနိုင်ကြပေ။ အထင်ကရပုဂ္ဂိုလ်များနှင့် နာမည်ကျော်များ သေဆုံးမှုကြောင့် အကြီးအကျယ်ပေါက်ကွဲ ပွင့်အံထွက်လာသည့် စိတ်လှုပ်ရှားမှုများကို တွေ့ရသည့်အခါ သေခြင်းကိုအဘယ်ကြောင့် ဤမျှစိတ်ဝင်စားကြသည်ကို နားမလည်နိုင်ဆုံးဖြစ်ရသည်။
ဤသို့ဖြစ်ပျက်နေကြောင်း မငြင်းဆိုနိုင်ပါ။ သေခြင်းတရား—အခြားသူများသေဆုံးခြင်း—ကို လူတို့ အလွန်စိတ်ဝင်စားနေကြတုန်းပင်။ သို့သော် သူတို့ကိုယ်တိုင် သေခြင်းနှင့်ရင်ဆိုင်ရသောအခါ နောက်တွန့်သွားကြသည်။ မိမိကိုယ်တိုင်သေဆုံးရခြင်းအကြောင်းကို ကျွန်ုပ်တို့အများစု မစဉ်းစားလိုကြချေ။
သေခြင်းကို နားလည်ရခက်သလော
မိမိကိုယ်တိုင်သေဆုံးခြင်းကို တွေးပင်မတွေးလိုကြခြင်းသည် အစဉ်မနှစ်မြို့ဖွယ်ဖြစ်ပြီး ထိုသို့အစဉ်ဖြစ်သွားပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့၌ ထာဝစဉ်အသက်ရှင်လိုသောစိတ်ဆန္ဒ ထည့်သွင်းထားသောကြောင့်ပင်။ “လူစိတ်နှလုံးကိုလည်း [အဆုံးမဲ့] ကာလ၌စွဲလမ်းစေတော်မူပြီ” ဟု ဒေ. ၃:၁၁ ကဆိုသည်။ ထို့ကြောင့် ရှောင်လွှဲ၍မရနိုင်သော သေခြင်းသည် လူတို့၏စိတ်ထဲ ပဋိပက္ခဖြစ်စေပြီး အမြဲတစေ မညီညွတ်မှု ခံစားစေသည်။ ဤစိတ်တွင်းပဋိပက္ခဖြစ်မှုကို ပြန်လည်သင့်မြတ်စေရန်နှင့် ဆက်အသက်ရှင်လိုသည့် မွေးရာပါတောင့်တမှုကို ဖြည့်ဆည်းရန် စိုးလ်မသေနိုင်အယူဝါဒမှ ပြန်ဝင်စားခြင်းအထိ အယူဝါဒအမျိုးမျိုးကို လူတို့တီထွင်ခဲ့ကြပြီ။
မည်သို့ပင်ဖြစ်စေ သေခြင်းသည် သောကရောက်စေရာ၊ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သေခြင်းကိုကြောက်ရွံ့ခြင်းသည် ကမ္ဘာတစ်လွှားပျံ့နှံ့လျက်ရှိသည်။ ထို့ကြောင့် သေခြင်းကို လူအများထုက ထိတ်လန့်ဖွယ်ရှေ့ရေးတစ်ခုအဖြစ် ရှုမြင်ကြခြင်းကို ကျွန်ုပ်တို့မအံ့သြသင့်ပေ။ စည်းစိမ်ဥစ္စာနှင့် တန်ခိုးအာဏာရှိရန် ဘဝကိုမြှုပ်နှံထားခြင်းသည် အချည်းနှီးသက်သက်ဖြစ်ကြောင်း သေခြင်းကဖော်ပြသည်။
သေခြင်းကြောင့် ကွေကွင်းပြီလော
အတိတ်ကာလက၊ ရောဂါကျွမ်းနေသော သို့မဟုတ် သေလောက်သောဒဏ်ရာရသူတစ်ဦးအား သူ့နေအိမ်ဖြစ်သော သူနှင့်ရင်းနှီးကျွမ်းဝင်သည့် ဝန်းကျင်၌ သေဆုံးစေလေ့ရှိသည်။ ကျမ်းစာကမ္ဘာဦး ၄၉:၁၊ ၂၊ ၃၃) ဤသို့သောအခြေအနေမျိုးတွင် မိသားစုသည် စုရုံးလာပြီး ကလေးသူငယ်များပင် စကားစမြည်ပါဝင်ပြောဆိုကြသည်။ သို့ဖြင့် မိမိတစ်ဦးတည်း ဝမ်းနည်းပူဆွေးနေခြင်းမဟုတ်၊ တစ်အိမ်ထောင်လုံး အတူတကွဝမ်းနည်းပူဆွေး၍ တာဝန်ကိုဝေမျှထမ်းယူနေကြခြင်း၏ စိတ်သက်သာမှုကို ရရှိစေသည်။
ခေတ်၌ ထိုသို့အများအားဖြင့်ဖြစ်ခဲ့ပြီး အချို့သောယဉ်ကျေးမှုများတွင် ဤအတိုင်းဖြစ်နေဆဲပင်။ (ယင်းသည် သေခြင်းအကြောင်းဆွေးနွေးခြင်းကို တားမြစ်ပိတ်ပင်သော၊ စိတ်ညှိုးငယ်စရာဟု ထင်မှတ်ပြီး ကလေးများ “ခံယူနိုင်” မည်မထင်သဖြင့် သူတို့ကိုပထုတ်ထားတတ်သော အသိုင်းအဝိုင်းနှင့် အလွန်ခြားနားပါသည်။ ယခုခေတ်တွင် သေဆုံးခြင်းသည် နည်းအမျိုးမျိုးဖြင့် ယခင်နှင့်မတူချေ၊ အများအားဖြင့် အထီးကျန်ပိုဆန်သည်။ အများစုက ကိုယ့်အိမ်တွင် ကိုယ့်မိသားစု၏မေတ္တာပါသော ကြည့်ရှုပြုစုမှုကိုခံယူပြီး အေးဆေးငြိမ်သက်စွာ သေဆုံးလိုကြပေမည်၊ သို့သော် အများအားဖြင့် အထီးကျန်စွာ ဝေဒနာခံစားရင်း ထိတ်လန့်ဖွယ်ကောင်းသော အဆင့်မြင့်စက်ပစ္စည်းများတပ်ဆင်လျက် ဆေးရုံ၌သေဆုံးရခြင်းဟူသည့် ခံရခက်သောအဖြစ်မှန်ကို လူအများကြုံတွေ့ကြရသည်။ အခြားတစ်ဖက်တွင်မူ လူသန်းပေါင်းများစွာတို့သည် မျိုးဖြုတ်သတ်ဖြတ်မှု၊ အစာခေါင်းပါးမှု၊ အေအိုင်ဒီအက်စ်၊ ပြည်တွင်းစစ် သို့မဟုတ် အလွန်ဆင်းရဲနွမ်းပါးခြင်းတို့ဖြင့် အမည်မပေါ်သောသားကောင်များအဖြစ် လူမသိသူမသိဘဲ သေဆုံးသွားရကြသည်။
စေ့စေ့သုံးသပ်ရန်အကြောင်းအရာ
သမ္မာကျမ်းစာသည် သေခြင်းအကြောင်း ဆင်ခြင်သုံးသပ်ခြင်းကို မတားမြစ်ပါ။ အမှန်သော်၊ ဒေ. ၇:၂ ကကျွန်ုပ်တို့ကိုဤသို့ဆို၏– “မသာအိမ်သို့သွားခြင်းသည် ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား လူခပ်သိမ်းတို့သည် မသာအိမ်၌လမ်းဆုံးရကြ၏။” သေခြင်းအဖြစ်မှန်နှင့် ကျွန်ုပ်တို့ရင်ဆိုင်ရသောအခါ သမားရိုးကျ စိုးရိမ်ပူပန်မှုများ၊ လုပ်ငန်းဆောင်တာများကို ခေတ္တရပ်နားပြီး အသက်တိုတောင်းမှုအကြောင်း အာရုံလှည့်စဉ်းစားကြပေမည်။ ဤသို့ပြုခြင်းက ဘဝကို အချည်းနှီးကုန်လွန်သွားစေမည့်အစား သာ၍အဓိပ္ပာယ်ရှိရှိ အသက်ရှင်ရန် ကျွန်ုပ်တို့ကိုကူညီပေးပါလိမ့်မည်။
သေခြင်းကို သင် မည်သို့ရှုမြင်သနည်း။ သင့်ဘဝနိဂုံးချုပ်ခြင်းနှင့်ပတ်သက်၍ သင့်ခံစားချက်များ၊ ယုံကြည်ချက်များ၊ မျှော်လင့်ချက်များနှင့် စိုးရိမ်ကြောင့်ကြမှုများကို သင်ဆန်းစစ်ကြည့်ပြီးပြီလော။
လူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏သဘောသဘာဝကို ရှင်းလင်းပြတ်သားစွာ သဘောပေါက်နားလည်ရန် မတတ်စွမ်းနိုင်ကြချေ။ ဤအကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိကျွမ်းသူ တစ်ပါးတည်းမှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်တော်မူ၏။ ကိုယ်တော်ထံ၌ “အသက်စမ်းရေတွင်း” ရှိပြီး ကိုယ်တော်သည် “သေခြင်းမှထွက်မြောက်ရာလမ်းကို ပိုင်တော်မူ၏။” (ဆာလံ ၃၆:၉; ၆၈:၂၀၊ သမ္မာ) အံ့အားသင့်စရာဟုထင်ရမည်ဖြစ်သော်လည်း သေခြင်းနှင့်ပတ်သက်သော လူကြိုက်များသည့်အယူအဆအချို့ကို ဘုရားသခင့်သမ္မာကျမ်းစာအလင်း၌ ဆန်းစစ်ကြည့်ခြင်းက စိတ်သက်သာစေပြီး အားသစ်လောင်းပေးပါလိမ့်မည်။ ထိုသို့ဆန်းစစ်ကြည့်ရာတွင် သေခြင်းသည် အရာခပ်သိမ်း၏နိဂုံး လုံးဝမဟုတ်ကြောင်း သိရှိလာပါလိမ့်မည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သေဆုံးနိုင်ခြေက ကျွန်ုပ်တို့၏ဘဝကို သာ၍အဓိပ္ပာယ်ရှိရှိ အသက်ရှင်ရန် ထောက်ကူပေး