သေခြင်းနှင့် ပတ်သက်သော ဒဏ္ဍာရီစကား အချို့ကို အနီးကပ်သုံးသပ်ခြင်း
သေခြင်းနှင့် ပတ်သက်သော ဒဏ္ဍာရီစကား အချို့ကို အနီးကပ်သုံးသပ်ခြင်း
သမိုင်းတစ်လျှောက် လူတို့သည် သေဖို့အလားအလာရှိခြင်း အမှောင်ရိပ်အောက် ဇဝေဇဝါဖြစ်၍ နားလည်ရခက်ခဲ့ကြသည်။ ထို့အပြင် ဗာဗုလုန်ဘာသာရေးအယူအဆများ၊ လူကြိုက်များသော ထုံးတမ်းစဉ်လာများနှင့် အမြစ်စွဲနေသော ကိုယ်ပိုင်ယူဆချက်များက သေခြင်းကို ပိုမိုကြောက်ရွံ့လာစေခဲ့ပြီ။ သေခြင်းကိုကြောက်သောစိတ်သည် လူတစ်ဦး၏ ဘဝကို ပျော်မွေ့မှုပျောက်ဆုံးစေပြီး ဘဝအဓိပ္ပာယ်ရှိကြောင်း ယုံကြည်စိတ်ချမှုကို လှိုက်စားသွားစေနိုင်သည်။
အဓိကကျသောဘာသာတရားသည် သေခြင်းနှင့်ပတ်သက်သော လူကြိုက်များသည့် ဒဏ္ဍာရီစကားများကို အားပေးအားမြှောက်ပြုခြင်းအတွက် အဓိကပြစ်တင်ရှုတ်ချခံထိုက်ပေသည်။ ဤဒဏ္ဍာရီစကားအချို့ကို ကျမ်းစာအမှန်တရားအကူအညီဖြင့် ဆန်းစစ်ကြည့်ပြီးနောက် သေခြင်းနှင့်ဆိုင်သော သင့်ကိုယ်ပိုင်ယူဆချက်များကို ရှင်းလင်းနိုင်၊ မနိုင်သတိပြုပါလေ။
ဒဏ္ဍာရီ ၁– သေခြင်းသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဘဝနိဂုံးဖြစ်၏။
သေခြင်း—ကြီးထွားမှု၏နောက်ဆုံးအဆင့်ဟူသောစာအုပ်က “သေခြင်းသည် . . . ကျွန်ုပ်တို့၏ဘဝ ပြီးပြည့်စုံလင်သွားစေရန် လိုအပ်သော အပိုင်းကဏ္ဍတစ်ခုဖြစ်သည်” ဟုဆို၏။ ယင်းသို့သောကောက်ချက်များက သေခြင်းသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း သက်ရှိအားလုံး၏ နိဂုံးဖြစ်သည်ဟူသောယူဆချက်ကို ရောင်ပြန်ဟပ်သည်။ တစ်ဖန် ယင်းသို့သောယူဆချက်က ဘုရားတရားမဲ့အတွေးအခေါ်နှင့် အခွင့်ကောင်းရှာယူသည့်အကျင့်ကို လူအများ၌ ပြုစုပျိုးထောင်ပေးခဲ့ပြီ။
သို့သော် သေခြင်းသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဘဝ၏နိဂုံးအမှန်ဖြစ်သလော။ သုတေသီအားလုံးက ထိုသို့ဖြစ်၏ဟု မယုံကြည်ကြချေ။ သာဓကအနေနှင့် လူ့သက်တမ်းကိုလေ့လာသော ဇီဝဗေဒပညာရှင် ကယ်လ်ဗင် ဟာဗေးက လူသားတို့သည် “သေဆုံးရန် ပုံစံပြုခံရသည်” ဟု မိမိ,မယုံကြည်ကြောင်း လူတွေ့မေးမြန်းခန်းတစ်ခု၌ ပြောဆိုခဲ့သည်။ ရောဂါပြီးပညာရှင် ဝီလျံ ကလာ့ခ်က ဤသို့ဆို၏– “သေခြင်းသည် ဘဝ၏အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ခွဲခြား၍မရနိုင်အောင် ဆက်စပ်သည့်အရာမဟုတ်ပါ။” ကယ်လီဖိုးနီးယား စက်မှုလက်မှုသိပ္ပံဌာနမှ စေမောမို ဘဲန်ဇာက “အိုမင်းခြင်းကို နာရီတစ်လုံးကဲ့သို့ဖော်ပြမည့်အစား ကျွန်ုပ်တို့ပြုပြင်ပြောင်းလဲနိုင်သော ဇာတ်ကွက်တစ်ခုအဖြစ် သင့်လျော်စွာဖော်ပြနိုင်သည်” ဟု စေ့စေ့စဉ်းစားဆင်ခြင်ပြီးဆို၏။
သိပ္ပံပညာရှင်များသည် လူသားပုံစံပြုခံရပုံကို လေ့လာကြသောအခါ ဦးနှောက်ခြောက်သွားကြသည်။ ကျွန်ုပ်တို့၏သက်တမ်းအနှစ် ၇၀ မှ ၈၀ အတွက် လိုအပ်သည်ထက်သာလွန်သော ကြံရည်ဖန်ရည်များနှင့် စွမ်းပကားများဖြင့် ပုံစံပြုခံထားရကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ ဥပမာ၊ လူ့ဦးနှောက်သည် မှတ်ဉာဏ်စွမ်းပကား အမြောက်အမြားရှိကြောင်း သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြသည်။ သုတေသီတစ်ဦးက ကျွန်ုပ်တို့၏ဦးနှောက်သည် “ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များရှိ စာအုပ်အတွဲပေါင်း သန်းနှစ်ဆယ်ခန့်ဆံ့မည့်” သတင်းအချက်အလက်များကို သိမ်းဆည်းထားနိုင်သည်ဟု ခန့်မှန်းခဲ့သည်။ နဗ်ကြောသိပ္ပံပညာရှင်အချို့က ပျမ်းမျှသက်တမ်းအတွင်း လူတစ်ဦးသည် သုံးစွဲဖို့အလားအလာရှိသော ဦးနှောက်စွမ်းပကား၏ ၁ ရာခိုင်နှုန်း၏ ၁/၁၀၀ (.၀၀၀၁) မျှကိုသာအသုံးပြုသည်ဟု ခန့်မှန်းကြသည်။ ‘သာမန်သက်တမ်းတစ်ခုအတွင်း အလွန်သေးငယ်သော အစိတ်အပိုင်းကလေးတစ်ခုကိုသာ အသုံးပြုလျှင် ဤမျှများပြားသည့် စွမ်းပကားရှိ ဦးနှောက်တစ်ခုကို ကျွန်ုပ်တို့အဘယ်ကြောင့် ပိုင်ဆိုင်ထားရသနည်း’ ဟုမေးမြန်းရန် သင့်လျော်ပေသည်။
သေခြင်းကို သဘာဝမကျစွာ လူသားတို့တုံ့ပြန်ပုံကိုလည်း သုံးသပ်ကြည့်ပါ! လူအများစုအတွက် ဇနီးဖြစ်စေ၊ လင်ယောက်ျားဖြစ်စေ၊ ကလေးတစ်ဦးဖြစ်စေ သေဆုံးသွားခြင်းသည် စိတ်သောကအရောက်ဆုံး ဘဝအတွေ့အကြုံတစ်ခုဖြစ်နိုင်သည်။ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးပြီးနောက် အချိန်အတန်ကြာ လူတို့၏စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ဖွဲ့စည်းပုံတစ်ခုလုံး တုန်လှုပ်ချောက်ချား ပျက်ပြားသွားလေ့ရှိသည်။
သေခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ပါဟု ဆိုကြသူများပင်လျှင် မိမိတို့ကိုယ်တိုင် သေဆုံးသည့်အခါ အရာခပ်သိမ်းနိဂုံးချုပ်မည်ဟူသောခံယူချက်ကို လက်ခံရန်ခက်ကြသည်။ “ဖြစ်နိုင်လျှင် လူတိုင်း အသက်ရှည်ရှည်နေလိုကြသည်ဟု ပညာရှင်တစ်ဦးက ယူဆကြောင်း” ဗြိတိသျှဆေးဂျာနယ်ကဆို၏။သေခြင်းကို အများအားဖြင့် လူတို့ တုံ့ပြန်ပုံ၊ သူ၏ မှတ်ဉာဏ်နှင့် သင်ယူနိုင်ခြင်း အံ့ဖွယ်စွမ်းရည်၊ ထာဝရကာလကို သူစိတ်စွဲလမ်းခြင်းတို့ကိုထောက်လျှင် သူသည် အသက်ရှင်ရန် ပုံစံပြုခံထားရကြောင်း မထင်ရှားပေလော။ အမှန်မှာ ဘုရားသခင်သည် သေခြင်းကို ဖြစ်ရိုးဖြစ်စဉ်အဖြစ်မသတ်မှတ်ဘဲ အချိန်အကန့်အသတ်မရှိ အသက်ရှင်ဖို့အလားအလာဖြင့် လူသားကို ဖန်ဆင်းတော်မူခဲ့သည်။ ကနဦးလူသားမောင်နှံ၏ အနာဂတ်အဖြစ် ဘုရားသခင်စီစဉ်ပြဋ္ဌာန်းခဲ့ရာကို သတိပြုပါ– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၈) မည်မျှအံ့ချီးဖွယ်တည်မြဲသောအနာဂတ်ပါတကား!
ဒဏ္ဍာရီ ၂– ဘုရားသခင်သည် လူတို့ကိုမိမိနှင့်အတူရှိစေဖို့ သေခြင်းအားဖြင့် ခေါ်တော်မူ၏။
သားသမီးသုံးယောက်ကိုထားရစ်ကာ သေဆုံးတော့မည့် အသက် ၂၇ နှစ်အရွယ် မိခင်တစ်ဦးက ကက်သလစ်သီလရှင်တစ်ဦးအား ဤသို့ပြောခဲ့သည်– “ဒါက ဘုရားသခင့်အလိုတော်ပဲဆိုပြီး ကျွန်မကိုလာမပြောပါနဲ့။ . . . ဒီလိုလာပြောတာကို ကျွန်မလုံးဝမကြိုက်ဘူး။” သို့တိုင် သေခြင်းဟူသည် လူတို့ကို ဘုရားသခင်ခေါ်ဆောင်၍ မိမိနှင့်အတူရှိစေခြင်းဖြစ်၏ဟု ဘာသာများစွာက သွန်သင်ကြသည်။
သေခြင်းသည် ကျွန်ုပ်တို့၏နှလုံးကို ကြေကွဲစေကြောင်းသိလျက်နှင့် ဖန်ဆင်းရှင်သည် အကြင်နာကင်းမဲ့စွာ ကျွန်ုပ်တို့အပေါ်သို့ သေခြင်းကျရောက်စေဖို့ ဤမျှအမှန်ရက်စက်ပါသလော။ သမ္မာကျမ်းစာတွင်ပါသော ဘုရားသခင်သည် ထိုသို့မဟုတ်ပါ။ ၁ ယောဟန် ၄:၈ အရ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိသည်၊ သို့မဟုတ် ဘုရားသခင်သည် ချစ်တတ်သည်ဟုမဆိုဘဲ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဟုဆိုထားကြောင်း သတိပြုပါ။ ဘုရားသခင့်မေတ္တာတော်သည် အလွန်ကြီးမားပြီး အလွန်ဖြူစင်၊ အလွန်ပြည့်ဝတော်မူသည့်ပြင် ကိုယ်တော်၏ဂုဏ်ရည်တော်နှင့် လုပ်ရပ်များတွင် ၎င်းတို့ ပေါ်လွင်ထင်ရှားလှသဖြင့် ကိုယ်တော်အား မေတ္တာ၏ပြယုဂ်အဖြစ် သင့်လျော်စွာဆိုနိုင်ပါသည်။ ဤသို့သောဘုရားသခင်သည် သေခြင်းအားဖြင့် လူတို့ကို ကိုယ်တော့်အနီးအပါးသို့ ခေါ်တော်မူသော ဘုရားသခင်မဟုတ်ပါ။
ဗာဗုလုန်ဘာသာတရားသည် လူသေတို့ရှိရာအရပ်၊ လူသေတို့၏အခြေအနေနှင့်ပတ်သက်၍လည်း များစွာရှုပ်ထွေးနေစေခဲ့ပြီ။ ကောင်းကင်၊ ငရဲ၊ ငရဲကလေး အပယ်ဘုံတို့နှင့် အခြားအရပ်အသီးသီးတွင်ရှိ၏ဟုဆိုခြင်းသည် နားလည်ရခက်ခြင်းမှ လုံးလုံးလျားလျားကြောက်လန့်စေခြင်းအထိ လူတို့ကိုရောက်စေခဲ့ပြီ။ အခြားတစ်ဖက်တွင်မူ သမ္မာကျမ်းစာက လူသေများသည် အဘယ်အရာကိုမျှမသိဟုဆို၏; သူတို့၏အခြေအနေမှာ အိပ်ပျော်နေသကဲ့သို့ဖြစ်သည်။ (ဒေ. ၉:၅၊ ၁၀; ယောဟန် ၁၁:၁၁-၁၄) ထို့ကြောင့် လူတစ်ဦး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုမြင်လျှင် ကျွန်ုပ်တို့စိတ်မပူသကဲ့သို့ ကျွန်ုပ်တို့သေပြီးနောက် အဘယ်သို့ဖြစ်သွားမည်ကို ပူပင်စရာမလိုပါ။ ယေရှုက “သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည်” မြေကြီးပရဒိသုအပေါ် တစ်ဖန်ပြန်အသက်ရှင်ရန် “ထွက်” လာကြရမည့်အချိန်အကြောင်း ပြောခဲ့ဖူးသည်။—ယောဟန် ၅:၂၈၊ ၂၉; လုကာ ၂၃:၄၃။
ဒဏ္ဍာရီ ၃– ကောင်းကင်တမန်များဖြစ်စေဖို့ ကလေးငယ်များကို ဘုရားသခင်ခေါ်တော်မူ၏။
နောက်ဆုံးအဆင့် လူနာများကိုလေ့လာသူ အဲလစ်စဗက်သ် ကူဗလာ ရော့စ်က ဘာသာရေးသမားများ၏ ယူဆချက်နောက်တစ်ခုကို ဖော်ပြခဲ့သည်။ တကယ့်အဖြစ်အပျက်တစ်ခုကိုတင်ပြကာ သူက “မောင်လေးသေဆုံးသွားတဲ့အတွက် ဘုရားသခင်က ယောက်ျားလေးတွေကို သိပ်ချစ်လို့ ဂျော်နီလေးကို ကောင်းကင်ခေါ်သွားတာလို့ ကလေးငယ်ကိုပြောတာ တကယ်ပညာမရှိဘူး” ဟုဆိုသည်။ ထိုသို့ပြောဆိုခြင်းက ဘုရားသခင်ကို အထင်မှားစေပြီး ကိုယ်တော်၏ဂုဏ်ရည်တော်၊ ကိုယ်တော်၏အပြုအမူတို့ကို ဖော်ပြခြင်းမဟုတ်ပေ။ ဒေါက်တာ ကူဗလာရော့စ်က ဤသို့ဆက်ပြောပြသည်– “ထိုကလေးမလေး အမျိုးသမီးကြီးတစ်ဦးဖြစ်လာသောခါ သူသည် ဘုရားသခင်အပေါ် တစ်ခါမျှအမျက်မပြေခဲ့ဘဲ အနှစ်သုံးဆယ်အကြာတွင် သူကိုယ်တိုင်၏ရင်သွေးလေး ဆုံးပါးသွားသောအခါ ပြင်းထန်သည့်စိတ်ကျဝေဒနာ ခံစားခဲ့ရရှာသည်။”
ဘုရားသခင်သည် ကောင်းကင်တမန်နောက်တစ်ပါး အလိုရှိရုံဖြင့် ကလေး၏မိဘများလိုအပ်သည်ထက် ပိုလိုအပ်သည့်အလား ကလေးတစ်ဦးကို အဘယ်ကြောင့်လုယူခေါ်ဆောင်သွားရမည်နည်း။ ကလေးငယ်များကို ဘုရားသခင်ခေါ်သွားသည်မှန်လျှင် ကိုယ်တော်အား မေတ္တာမရှိ၊ တစ်ကိုယ်ကောင်းဆန်သောဖန်ဆင်းရှင် ဖြစ်စေမည်မဟုတ်ပေလော။ ထိုအယူအဆနှင့်ဆန့်ကျင်လျက် သမ္မာကျမ်းစာက “ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏” ဟုဆိုသည်။ (၁ ယောဟန် ၄:၇) အသိစိတ်အနည်းအကျဉ်းမျှရှိသော လူသားများပင် သည်းမခံနိုင်သည့် ဆုံးပါးမှုကို မေတ္တာရှင်ဘုရားသခင် ပြုလုပ်ပါမည်လော။
ဒေ. ၉:၁၁ တွင် ကျမ်းစာ၏အဖြေအချို့တစ်ဝက်ကို ဤသို့မှတ်တမ်းတင် ဖော်ပြထားသည်– “ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်။” ထို့အပြင် ဆာလံ ၅၁:၅ ကကျွန်ုပ်တို့အားလုံးသည် အမိဝမ်းထဲ၌ရှိစဉ်အချိန်မှစ၍ မစုံလင်ကြ၊ အပြစ်ရှိကြကြောင်းဖော်ပြထားရာ ယခုအသက်ရှင်သောလူသားအားလုံး ဖြစ်နိုင်ဖွယ်ရှိသောအကြောင်းမှာ နည်းအမျိုးမျိုးဖြင့် သေဆုံးရခြင်းဖြစ်သည်။ တစ်ခါတစ်ရံ မမွေးဖွားမီ သေဆုံးကြရာ အသေမွေးလာကြရသည်။ ကိစ္စအချို့တွင်မူ ကြောက်မက်ဖွယ်အဖြစ်အပျက်များ သို့မဟုတ် မတော်တဆမှုများကြောင့် ကလေးများသေဆုံးကြရသည်။ ဤသို့ဖြစ်နိုင်ဖွယ်ရှိသော အခြေအနေများသည် ဘုရားသခင်ကြောင့်မဟုတ်ပါ။
သို့ဖြစ်လျှင် ကလေးငယ်များ အဘယ်ကြောင့်သေဆုံးကြရသနည်း။ဒဏ္ဍာရီ ၄– အချို့သူများသည် သေပြီးနောက် ညှဉ်းဆဲခံရကြ၏။
ဘာသာတရားများစွာက လူဆိုးများသည် မီးငရဲသို့ရောက်သွားပြီး ထာဝစဉ်ညှဉ်းဆဲခံရကြမည်ဟု သွန်သင်၏။ ဤသွန်သင်ချက်သည် ကျိုးကြောင်းဆီလျော်ပြီး ကျမ်းစာနှင့်ညီညွတ်ပါသလော။ လူ့သက်တမ်းမှာ ၇၀၊ ၈၀ အထိသာကန့်သတ်ခံရသည်။ လူတစ်ဦးသည် သူ့ဘဝတစ်လျှောက်လုံး အလွန်ဆိုးသွမ်းခဲ့လျှင်ပင် ထာဝစဉ်ညှဉ်းဆဲခံရခြင်းသည် တရားမျှတသော ပြစ်ဒဏ်စီရင်ချက်ဖြစ်ပါမည်လော။ ဖြစ်မည်မဟုတ်ပါ။ သက်တမ်းတိုလေးအတွင်း ကျူးလွန်မိခဲ့သောအပြစ်များအတွက် လူတစ်ဦးကို ထာဝရညှဉ်းဆဲခြင်းသည် လုံးလုံးတရားမျှတမည်မဟုတ်ပါ။
လူတို့သေဆုံးပြီးနောက် အဘယ်သို့ဖြစ်ပျက်ကြောင်းကို ဘုရားသခင်သာလျှင် ဖော်ပြနိုင်ပြီး ယင်းကို ရေးသားထားသောနှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာတွင် ကိုယ်တော်ဖော်ပြထားသည်။ ကျမ်းစာကဤသို့ဆို၏– “တစ်ဦး [တိရစ္ဆာန်] သေသကဲ့သို့ တစ်ဦး [လူသား] သေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ . . . အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏။” (ဒေ. ၃:၁၉၊ ၂၀) ဤတွင် မီးငရဲအကြောင်းမဖော်ပြပါ။ လူသားတို့သည် သေဆုံးသောအခါ မြေမှုန့်—မတည်ရှိတော့သည့်အဖြစ်—သို့ပြန်သွားကြသည်။
သတိမလစ်သူကိုသာ ညှဉ်းပန်းနှိပ်စက်နိုင်သည်။ လူသေများသည် သတိရှိနေကြပါသလော။ တစ်ဖန် ကျမ်းစာက ဤသို့အဖြေပေးသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။” (ဒေ. ၉:၅) “အဘယ်အရာကိုမျှမသိ” သော လူသေများသည် မည်သည့်နေရာတွင်မျှ ဝေဒနာကိုမခံစားရကြချေ။
ဒဏ္ဍာရီ ၅– သေခြင်းသည် တည်ရှိခြင်း၏ ထာဝရလမ်းဆုံးဖြစ်သည်။
ကျွန်ုပ်တို့သေဆုံးသောအခါ ကျွန်ုပ်တို့မတည်ရှိတော့ချေ၊ သို့သော် ယင်းက အရာခပ်သိမ်း လုံးဝပြီးဆုံးသွားပြီဟုမဆိုလိုပါ။ တည်ကြည်သူယောဘသည် မိမိသေဆုံးသောအခါ သင်္ချိုင်း၊ ရှီးအိုးလ်သို့သွားရမည်ဖြစ်ကြောင်း သိရှိခဲ့သည်။ သို့သော် ဘုရားသခင်ထံ သူဤသို့ဆုတောင်းခဲ့သည်– “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ဝှက်ထားတော်ယောဘ ၁၄:၁၃-၁၅။
မူပါစေ။ အမျက်တော်မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကိုအောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။ လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ . . . အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။”—သေသည့်တိုင် တည်ကြည်ပါက မိမိကိုဘုရားသခင်အောက်မေ့မည်ဖြစ်ပြီး အချိန်တန်လျှင် အသက်ပြန်ရှင်စေမည်ဟု ယောဘယုံကြည်ခဲ့သည်။ ဘုရားသခင့် ရှေးခေတ်ကျေးကျွန်အားလုံး ဤသို့ယုံကြည်ခဲ့သည်။ ယေရှုကိုယ်တော်တိုင် ဤမျှော်လင့်ချက်ကို ထောက်ခံပြောဆိုခဲ့ပြီး မိမိကိုအသုံးပြု၍ လူသေများကို ဘုရားသခင်ပြန်ရှင်စေမည်ဟု ဖော်ပြခဲ့သည်။ ခရစ်တော်ကိုယ်တော်တိုင်၏စကားများက ဤသို့အာမခံသည်– “သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် [ယေရှု၏] စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
များမကြာမီ ဘုရားသခင်သည် ဆိုးသွမ်းမှုဟူသ၍ကိုဖယ်ရှားပြီး ကောင်းကင်အုပ်ချုပ်မှုအောက်ရှိ ကမ္ဘာသစ်ကို တည်ထောင်တော်မူလိမ့်မည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၆:၁၄၊ ၁၆) ထိုအခါ မြေကြီးတစ်ပြင်လုံးတွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများနေထိုင်ကြသော ပရဒိသုရှိလာပါလိမ့်မည်။ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ကောင်းကင်မှကြီးသောအသံကား ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။’”—ဗျာဒိတ် ၂၁:၃၊ ၄။
ကြောက်ရွံ့ခြင်းမှ လွတ်မြောက်
ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်နှင့်အတူ ထိုပြင်ဆင်ပေးချက်၏ ရင်းမြစ်ကိုသိရခြင်းသည် သင့်ကိုစိတ်သက်သာစေနိုင်ပါသည်။ ယေရှုက ဤသို့ကတိပေးခဲ့သည်– “[အမှန်] တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။” (ယောဟန် ၈:၃၂) ထိုတွင် သေခြင်းကိုကြောက်ရွံ့ခြင်းမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေခြင်းပါဝင်သည်။ အိုမင်းခြင်းနှင့် သေခြင်းဖြစ်စဉ်ကို အမှန်ပြောင်းလဲနိုင်ပြီး ကျွန်ုပ်တို့ကို ထာဝရအသက်ပေးနိုင်သူ တစ်ပါးတည်းကား ယေဟောဝါဖြစ်တော်မူသည်။ ဘုရားသခင့်ကတိတော်များကို သင်ယုံကြည်စိတ်ချနိုင်ပါသလော။ ယုံကြည်စိတ်ချနိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် အစဉ်ဖြစ်ပျက်လာသောကြောင့်တည်း။ (ဟေရှာယ ၅၅:၁၁) လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်များအကြောင်းကို ပိုမိုသိရှိရန်သင်ယူဖို့ သင့်အားတိုက်တွန်းပါသည်။ ယေဟောဝါသက်သေများက သင့်ကို ကူညီပေးရန် အသင့်ရှိကြပါသည်။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
သေခြင်းကိုကြောက်သောစိတ်သည် လူတစ်ဦး၏ဘဝပျော်မွေ့မှု ပျောက်ဆုံးစေနိုင်
[စာမျက်နှာ ၆ ပါ ဇယား]
သေခြင်းနှင့်ပတ်သက်သော အများလက်ခံထားသည့် ဒဏ္ဍာရီစကားအချို့ သမ္မာကျမ်းစာက အဘယ်သို့ဆိုသနည်း
● သေခြင်းသည် ဖြစ်ရိုးဖြစ်စဉ် ဘဝနိဂုံးဖြစ်၏ ကမ္ဘာဦး ၁:၂၈; ၂:၁၇; ရောမ ၅:၁၂
● ဘုရားသခင်သည် လူတို့ကိုမိမိနှင့်အတူရှိစေဖို့ သေခြင်းအားဖြင့်ခေါ်တော်မူ၏ ယောဘ ၃၄:၁၅; ဆာလံ ၃၇:၁၁၊ ၂၉;၁၁၅:၁၆
● ကောင်းကင်တမန်များဖြစ်လာစေဖို့ ကလေးငယ်များကို ဘုရားသခင်ခေါ်တော်မူ၏ ဆာလံ ၅၁:၅; ၁၀၄:၁၊ ၄; ဟေဗြဲ ၁:၇၊ ၁၄
● အချို့သူများသည် သေပြီးနောက်ညှဉ်းဆဲခံရကြ၏ ဆာလံ ၁၄၆:၄; ဒေ. ၉:၅၊ ၁၀; ရောမ ၆:၂၃
● သေခြင်းသည် ကျွန်ုပ်တို့တည်ရှိခြင်း၏ ထာဝရလမ်းဆုံးဖြစ်သည် ယောဘ ၁၄:၁၄၊ ၁၅; ယောဟန် ၃:၁၆; ၁၇:၃; တမန်တော် ၂၄:၁၅
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သေခြင်းနှင့်ဆိုင်သော အမှန်တရားသိထားခြင်းက ကြောက်ရွံ့ခြင်းမှ ကျွန်ုပ်တို့ကိုလွတ်မြောက်စေ
[Picture Credit Line on page 5]
Barrators—Giampolo/The Doré Illustrations For Dante’s Divine Comedy/Dover Publications Inc.