မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အောက်သို့ဆင်းကြ၏”

“အောက်သို့ဆင်းကြ၏”

“အောက်​သို့​ဆင်း​ကြ​၏”

“နက်​စွာ​သော​အရပ်၌ လွှမ်းမိုး​လျက်​ရှိကြ​၏။ကျောက်​ကဲ့သို့​အောက်​သို့​ဆင်း​ကြ​၏။”

ဤသို့​သီဆို​ကြ​၍ မောရှေ​နှင့် ဣသရေလ​လူမျိုး​သည် ပင်လယ်နီ​မှ​လည်းကောင်း၊ သူတို့ကို​လိုက်လံ​ဖမ်းဆီး​နေသည့် အီဂျစ်​ရန်သူ—ဖာရော​နှင့် သူ၏​စစ်တပ်​၏—ချေမှုန်း​ခံရ​ခြင်း​မှ​လည်းကောင်း လွတ်မြောက်​ခဲ့​ခြင်း​ကို ဂုဏ်ပြု​ခဲ့​ကြသည်။—ထွက်မြောက်ရာ ၁၅:၄၊ ၅

ထို​အံ့မခန်းဖွယ်​အဖြစ်အပျက်​ကို တွေ့ မြင်​သူ​တိုင်း မယုံ​မှား​နိုင်အောင်​ထင်ရှားသော သင်ခန်းစာ​ရခဲ့​သည်။ ယေဟောဝါ​၏​အခွင့်အာဏာကို မည်သူမျှ အောင်မြင်စွာ အန်တု သို့​မဟုတ် ဖီဆန်​ပြီး အသက်မရှင်​နိုင်​ပါ။ သို့ရာတွင် လအနည်းငယ်​အကြာတွင် ဣသရေလ​လူမျိုး​၌ ထင်ပေါ်​ကျော်စော​သူ—ကောရ၊ ဒါသန်၊ အဘိရံ​နှင့် ထောက်ခံ​အားပေးသူ ၂၅၀—တို့သည် မောရှေ​နှင့် အာရုန်​တို့အား ဘုရားသခင်​ပေး​ထား​သည့်​အခွင့်အာဏာကို ထင်ထင်ပေါ်ပေါ် ဆိုင်ပြိုင်​အန်တု​ခဲ့​ကြသည်။—တောလည်ရာ ၁၆:၁-၃

ယေဟောဝါ​၏​ညွှန်ကြားမှု​အတိုင်း မောရှေ​သည် ပုန်ကန်​သူတို့၏​တဲ​များ​ကို​ရှောင်​၍​နေကြ​ဖို့ ဣသရေလလူ​များ​ကို သတိပေး​ခဲ့​သည်။ အိမ်သူအိမ်သား​များ​ခြံရံ​လျက် ဒါသန်​နှင့်​အဘိရံ​တို့သည် အာခံ​၍ နောက်​မဆုတ်​ခဲ့​ကြ​ချေ။ ထို​အခါ မောရှေ​က ယေဟောဝါ​သည် ကိုယ်တော့်​နည်း​ကိုယ်တော့်​ဟန်​ဖြင့် ထို​သူတို့သည် “ထာဝရ​ဘုရား​၌​ပြစ်မှား” ကြပြီ​ဖြစ်​ကြောင်း ထင်ရှားစေ​မည်​ဟု ကြေညာ​ခဲ့​သည်။ ထို​အချိန်တွင် သူတို့​နင်း​ထား​ရာ​မြေကြီးကို ယေဟောဝါ​ကွဲ​ပွင့်​စေ​ခဲ့​သည်။ “ထို​သူတို့သည် ကိုယ်တိုင်​မှ​စ၍ ဆိုင်​သမျှ​သော​သူတို့နှင့်​တကွ အသက်ရှင်​လျက် သေ​မင်း​နိုင်ငံ​သို့​ဆင်းသက်​၍ သူတို့​အပေါ်မှာ​မြေ​စေ့​ပြန်​သဖြင့် သူတို့သည် ပရိသတ်​မှ​ပယ်ရှင်း​ခြင်း​ကို​ခံရ​ကြ​၏။” ကောရ​နှင့် အခြားသူ​ပုန်​များ​ကော အသို့နည်း။ “နံ့သာပေါင်း​ကို​မီးရှို့​၍​ပူဇော်​သော​သူ နှစ်​ရာ​ငါးဆယ်​တို့ကို​လည်း ထာဝရ​ဘုရားထံ​တော်​က မီး​ထွက်၍​လောင်​လေ​၏။”—တောလည်ရာ ၁၆:၂၃-၃၅; ၂၆:၁၀

ဖာရော​နှင့် သူ၏​စစ်တပ်​အပြင် တောကန္တာရ​၌ ပုန်ကန်​ခဲ့​ကြ​သူတို့သည် ယေဟောဝါ​၏​အခွင့်အာဏာ​နှင့် လူမျိုးတော်​၏​ကိစ္စရပ်​များ​ကို ကိုယ်တော်​စိတ်ဝင်စား​ကြောင်း အသိအမှတ်​မပြု​ကြသော​ကြောင့် အားလုံး​ပျက်စီး​သွား​ကြ​လေ​သည်။ ထို့​ကြောင့် ဤ​ခဲယဉ်း​သော​နေ့ရက်​များ​အတွင်း ယေဟောဝါ​၏​ကာကွယ်​မှု​ကို တွေ့ မြင်ရ​ရှိ​လို​ကြ​သူအား​လုံး​သည် “အမြင့်ဆုံး​သော​ဘုရား[သခင်]” နှင့် “[အတိုင်းအဆမဲ့] တန်ခိုးရှင်” ဖြစ်​တော်​မူ​သော ယေဟောဝါ​အကြောင်း​သင်​ယူ၍ ကိုယ်တော်​၏​စကား​ကို​နာခံ​ရန် အရေးကြီး​ပါ​သည်။ ထိုသို့​ပြုခြင်း​ဖြင့် ယေဟောဝါ​၏ ယုံကြည်​စိတ်ချ​ရသော ဤ​စကား​များ​ကို သူတို့​နှလုံး​သွင်း​နိုင်​ကြသည်– “သင်၏​အနားမှာ​လူ​တစ်ထောင်၊ သင်၏​လက်ယာ​ဘက်မှာ​လူ​တစ်​သောင်း​လဲ​သော်လည်း သင့်ကို​မထိမခိုက်​ရ။ သင်သည် ကိုယ်​မျက်စိ​နှင့်​ကြည့်​၍ မတရားသော​သူတို့ ၌ ရောက်​ရသော​အပြစ်ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။ ‘ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] သည် ငါ​ခိုလှုံရာ​ဖြစ်​တော်​မူ​၏’ ဟု သင်သည်​ဆို​၍ အမြင့်ဆုံး​သော​ဘုရား[သခင်]၌​နေရာကျ​သောကြောင့်” တည်း။—ဆာလံ ၉၁:၁၊ ၇-၉