မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်ကိုယ်ကျင့်တရားကို သင်ယူပြီး သွန်သင်လော့

ခရစ်ယာန်ကိုယ်ကျင့်တရားကို သင်ယူပြီး သွန်သင်လော့

ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို သင်ယူပြီး သွန်သင်​လော့

“သူတစ်ပါးကို​ဆုံးမ​လျက်​ပင် ကိုယ်ကို​မဆုံးမ​သလော။”—ရောမ ၂:၂၁

၁၊ ၂။ သမ္မာကျမ်းစာ​ကို လေ့လာ​လို​စိတ်​ရှိ​ရန် အဘယ်​အကြောင်းရင်း​များ​ရှိ​သနည်း။

သင်သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို​လေ့လာ​ရန် အကြောင်း​များစွာ​ရှိ၏။ ၎င်း​တွင်​ပါ​သော လူများ၊ အဖြစ်အပျက်​များ၊ နေရာ​ဒေသ​များနှင့် အခြား​အရာများ​အကြောင်း သင်​သိ​လို​ပေမည်။ သုံးပါး​ပေါင်း​တစ်ဆူ သို့​မဟုတ် မီးငရဲ​ကဲ့သို့​သော ဘာသာ​တရား​အမှား​များ​အစား အယူဝါဒ​အမှန်​ကို သင်​သိ​လို​ပေမည်။ (ယောဟန် ၈:၃၂) ထို့​အပြင် ယေဟောဝါ​နှင့်​ပို​၍​တူ​ရန်​အ​လို့​ငှာ​နှင့် ကိုယ်တော့်​ရှေ့တွင် ဖြောင့်မတ်​တည်ကြည်​စွာ​လျှောက်လှမ်း​နိုင်​ဖို့ ကိုယ်တော့်​ကို သင်​ပိုမို​သိကျွမ်း​လို​စိတ်​ရှိ​သင့်​သည်။—၃ ဓမ္မ​ရာဇဝင် ၁၅:၄၊ ၅

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ရသည့် ဆက်နွှယ်​အရေးပါသော အကြောင်းရင်း​တစ်ခု​မှာ အခြားသူများ​ဖြစ်သည့် သင်​ချစ်​မြတ်နိုးသူ​များ၊ အသိ​မိတ်ဆွေများ​နှင့် သူစိမ်း​များ​ကို​ပင် သွန်သင်​ပေးဖို့ မိမိကိုယ်ကို​အသင့်ပြင်​ဆင်​ရန်ဖြစ်​သည်။ ဤ​အမှုကို ခရစ်ယာန်စစ်​များ မပြု​မနေ​ပြု​ရ​ပေမည်။ ယေရှု​က “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် . . . ငါသည် သင်တို့အား ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ [သွန်သင်] ပေး​ကြလော့” ဟု မိမိ၏​နောက်တော်လိုက်​များ​အား မိန့်ဆို​တော်​မူ​ခဲ့​၏။—မဿဲ ၂၈:၁၉၊ ၂၀

၃၊ ၄။ ယေရှု​မိန့်မှာ​ခဲ့​သည့်​အတိုင်း သွန်သင်​ပေးခြင်း​သည် အဘယ်ကြောင့်​ဂုဏ်​ရှိ​သနည်း။

အခြား​သူများကို သွန်သင်ပေး​လို​သည့်​စိတ်ဖြင့် သမ္မာကျမ်းစာ​လေ့လာခြင်း​သည် ဂုဏ်​သ​ရေ​ရှိပြီး ကျေနပ်မှု​အမြဲ​ရှိစေသည့် အကြောင်းရင်း​တစ်ခု​ဖြစ်သည်။ သွန်သင်​ပေးခြင်း​သည် ဂုဏ်​သ​ရေ​ရှိ​လုပ်ငန်း​တစ်ရပ်​ဖြစ်​ခဲ့​သည်​ကား ကြာမြင့်​ပေ​ပြီ။ အင်​ကာ​တာ​စွယ်စုံ​ကျမ်း​က​ဤသို့​ဆို​သည်– “ဂျူး​အသိုင်းအဝိုင်း​တွင် အရွယ်ရောက်​သူများစွာ​တို့သည် သွန်သင်​သူများ​အား ကယ်တင်ခြင်း​သို့ လမ်းညွှန်​ပေး​သူများ​ဟု ယူမှတ်​ကြ​ပြီး မိဘများ​ထက်​ပင် သွန်သင်သူ​များ​ကို ပို​၍​ဂုဏ်တင်​ကြဖို့ သားသမီး​များ​ကို အားပေး​တိုက်တွန်း​ခဲ့​ကြသည်။” သမ္မာကျမ်းစာ​လေ့လာခြင်း​အားဖြင့် မိမိတို့​ကိုယ်ကို​သွန်သင်​ကြ​ပြီး အခြား​သူများကို တစ်ဆင့်​သွန်သင်​ပေးခြင်း​သည် ခရစ်ယာန်​များ​အတွက် အထူးသဖြင့် ဂုဏ်​ရှိသည်။

“အခြား​မည်သည့်​လုပ်ငန်း​ထက်​မဆို သွန်သင်​ပေးခြင်း​လုပ်ငန်း​ကို လုပ်ကိုင်သူ​ပို​များသည်။ ကမ္ဘာ​တစ်ဝန်း​ရှိ အမျိုးသား​အမျိုးသမီး ၄၈ သန်း​ခန့်​မှာ ဆရာများ​ဖြစ်​ကြသည်။” (ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း) လူငယ်များ​ကို သွန်သင်ပေး​ရန် ကျောင်း​ဆရာ​တစ်ဦး​အား တာဝန်​အပ်​ထားပြီး သူတို့​အပေါ် နှစ်ချီ ဩဇာ​သက်ရောက်​နိုင်​သည်။ အခြား​သူများကို သွန်သင်​ပေး​ပါ​ဟူသော ယေရှု၏​အမိန့်​ကို သင်​လိုက်နာမည်​ဆိုလျှင် ထို​ထက်မက​ပင် သက်ရောက်မှု​ရှိသည်၊ သင်သည် ထာဝရ​ကို​ရည်​မျှော်​လျက် သူတို့​အပေါ် ဩဇာ​သက်ရောက်​နိုင်​ပေ​သည်။ တမန်​တော်​ပေါလု​က တိမောသေ​အား “ကိုယ်ကို​လည်းကောင်း၊ ကိုယ်​ဆုံးမ [သွန်သင်ခြင်း] ကိုလည်း​ကောင်း သတိပြု​၍ အမြဲ​တည်​နေလော့။ ထို​သို့ပြုလျှင်၊ ကိုယ်ကို​လည်းကောင်း၊ နားထောင်​သော​သူတို့ကိုလည်း​ကောင်း ကယ်တင်​လိမ့်​မည်” ဟု​တိုက်တွန်း​နှိုးဆော်​ခဲ့​သည့်​အခါ ယင်းကို ပေါ်လွင်​ထင်ရှားစေ​ခဲ့​သည်။ (၁ တိမောသေ ၄:၁၆) မှန်ပါသည်၊ သင်၏​သွန်သင်မှု​သည် ကယ်တင်ခြင်း​နှင့်​ဆက်နွှယ်​နေ​၏။

၅။ ခရစ်ယာန်​သွန်သင်ခြင်း​သည် အဘယ်ကြောင့် အမြင့်ဆုံး​ဖြစ်သနည်း။

မိမိကိုယ်ကို​ရော အခြား​သူများကို​ပါ သွန်သင်​ပေးခြင်း​သည် စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်၊ အမြင့်မြတ်ဆုံး​သခင်၏ ညွှန်ကြားချက်​ဖြစ်​ပြီး ထိုသို့​ပြု​ရန် အခွင့်အာဏာ​ပေးအပ်​ထား​သည်။ ၎င်းကို​ယ်နှိုက်​က ဤ​သွန်သင်​ပေးခြင်း​ကို အခြေခံ​အကြောင်းအရာများ၊ အလုပ်အကိုင်​စွမ်းရည်​များ၊ သို့​မဟုတ် ဆေး​ဘက်​ဆိုင်ရာ​အထူးပြု​ပညာရပ်​များ​ကို​ပင် သွန်သင်​ပေးခြင်း​ဖြစ်သည့် လောက​ရေးရာ​သွန်သင်ခြင်း​နယ်ပယ်​မှ အဘယ်​သွန်သင်မှု​ထက်​မဆို ပို​၍​အရေးပါ​စေ​သည်။ ခရစ်ယာန်​သွန်သင်မှု​တွင် သင်သား​သည် ဘုရားသခင့်​သားတော်၊ ခရစ်တော်​ယေရှုကို အတုယူ​ရန် ကိုယ်တိုင်​သင်ယူပြီး အခြားသူများ​ကိုလည်း အလားတူ​ပြုလုပ်​ရန် သွန်သင်​ပေးခြင်း​ပါဝင်​သည်။—ယောဟန် ၁၅:၁၀

သင့်ကိုယ်ကို သွန်သင်​ရသည့်​အကြောင်း

၆၊ ၇။ (က) အလျင်​ဦးဆုံး မိမိတို့​ကိုယ်ကို အဘယ်ကြောင့် သွန်သင်​ရမည်​နည်း။ (ခ) ပထမ​ရာစု​ဂျူး​များသည် အဘယ်​သဘော​မျိုး​ဖြင့် သွန်သင်​သူများ​အဖြစ် တာဝန်​မ​ကျေ​ကြ​သနည်း။

ကျွန်ုပ်​တို့သည် မိမိတို့​ကိုယ်ကို ဦးဆုံး သွန်သင်​ရမည်ဟု အဘယ်ကြောင့်​ဆို​ရသနည်း။ မိမိတို့​ကိုယ်ကို အလျင်​ဦးဆုံး မသွန်သင်​လျှင် အခြား​သူများကို ကျွန်ုပ်​တို့​ကောင်းမွန်​စွာ သွန်သင်ပေး​နိုင်​မည် မဟုတ်​ချေ။ ပေါလု​သည် ဤ​အချက်​ကို သူ၏​ခေတ်​က​ဂျူး​များ​အတွက် အရေးတကြီး စဉ်းစားစရာ​ဖြစ်စေ​သည့် ကျမ်းပိုဒ်​တစ်ခု​တွင် အလေးထား​ဖော်ပြ​ပြောဆို​ခဲ့​သည်။ ၎င်း​သည် ယခု​ခေတ် ခရစ်ယာန်​များ​အတွက်​လည်း အရေးကြီး​၏။ ပေါလု ဤသို့​မေးမြန်းခဲ့​သည်– “သူတစ်ပါးကို​ဆုံးမ​လျက်​ပင် ကိုယ်ကို​မဆုံးမ​သလော။ ‘သူ့​ဥစ္စာ​ကို​မခိုး​နှင့်’ ဟု တရားဟော​လျက်​ပင် ကိုယ်တိုင်​ခိုး​သလော။ ‘သူ့​မယား​ကို​မ​ပြစ်မှား​နှင့်’ ဟု​ဆို​လျက်​ပင် ကိုယ်တိုင်​ပြစ်မှား​သလော။ ရုပ်[ပုံ]ကို​စက်ဆုပ်​ရွံရှာ​လျက်​ပင် [ဝတ်ပြုရာ​အိမ်]တော်​ကို လုယူ​ဖျက်ဆီး​သလော။ ပညတ်တရား​တော်​ကို​အမှီပြု၍ ဝါကြွား​လျက်​ပင် ထို​တရားကို​လွန်ကျူး​၍ ဘုရားသခင်​၏​ဂုဏ်​အသရေတော်​ကို ရှုတ်ချ​သလော။”—ရောမ ၂:၂၁-၂၃

ပေါလု​သည် သူ့​ဥစ္စာ​ကို​မခိုး​နှင့်၊ သူ့​မယား​ကို​မ​ပြစ်မှား​နှင့်​ဟူသော ပညတ်တော်​ဆယ်ပါး​တွင် တိုက်ရိုက်​ရည်ညွှန်း​ဖော်ပြ​ထား​သည့် မကောင်းမှု​နှစ်ခု​ကိုကိုး​ကား​၍ အဖြေ​မ​တောင်း​ဘဲ မေးမြန်းခဲ့​သည်။ (ထွက်မြောက်ရာ ၂၀:၁၄၊ ၁၅) ပေါလု​ခေတ်​က ဂျူး​အချို့​သည် ၎င်း​တို့​တွင် ဘုရားသခင့်​ပညတ်တော်​ရှိသောကြောင့် ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​ကြ​၏။ သူတို့သည် “ပညတ်တရား​တော်​၌ သွန်သင်ခြင်း​ခံရ[သော်လည်း] . . . လူ​ကန်း​တို့အား လမ်းပြ​သော​သူ၊ မှောင်မိုက်​၌​နေသော​သူတို့ကို လင်း​စေသော​သူ၊ . . . သူငယ်​တို့ကို နည်း​ပေး​သော​သူ[များ] . . . ဖြစ်သည်။” (ရောမ ၂:၁၇-၂၀သမ္မာ) သို့သော် အချို့​မှာ ခိုးမှု​နှင့် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​ကို တိတ်တဆိတ် ကျူးလွန်​နေကြ​ရာ အရေခြုံ​များ​ဖြစ်​ကြသည်။ ထိုသို့​ပြုခြင်း​က ကောင်းကင်ဘုံ​ရှိ ပညတ်တော်​၏​အာဘော်ရှင်​နှင့် ပညတ်တော်​ကို​ပါ ဂုဏ်ပျက်​စေ​ပေမည်။ သူတို့သည် အခြား​သူများကို သွန်သင်ပေး​ရန် အရည်အချင်း​မပြည့်မီ​ကြ​ကြောင်း ထင်ရှား​သည်; သူတို့သည် သူတို့​ကိုယ်ကို​ပင် မသွန်သင်​ကြ​ပေ။

၈။ ပေါလု​ခေတ်​က ဂျူး​အချို့​သည် ‘ဝတ်ပြုရာ​အိမ်တော်​များ​ကို မည်သို့​လုယက်’ ခဲ့​ကြ​မည်​နည်း။

ဝတ်ပြုရာ​အိမ်တော်ကို လုယက်​ခြင်း​အကြောင်း ပေါလု​ဖော်ပြ​ခဲ့​သည်။ ဂျူး​အချို့​သည် စာသား​အတိုင်း ထိုသို့​ပြု​ခဲ့​ကြ​သလော။ အဘယ်အရာကို ပေါလု​ဆိုလို​သနည်း။ အမှန်အတိုင်း​ပြော​ရ​လျှင် ဤ​ကျမ်းပိုဒ်​တွင် အချက်အလက်​အနည်းငယ်​သာ​ပါ​သည့်​အတွက် ဂျူး​အချို့​သည် ‘ဝတ်ပြုရာ​အိမ်တော်ကို မည်သို့​လုယက်​ခဲ့’ ကြောင်း ကျွန်ုပ်​တို့​အသေအချာ​မပြော​နိုင်​ပါ။ ဧဖက်​မြို့​၏​မြို့​စာရေး​က ပေါလု​၏​အပေါင်းပါများ​သည် ‘ဝတ်ပြုရာ​အိမ်တော် လုယက်​သူများ’ မဟုတ်​ဟု အစောပိုင်းက​ကြေညာ​ခဲ့​သည်၊ ယင်းကြောင့် အနည်းဆုံး​လူ​အချို့​က ဂျူး​တို့ကို ထိုသို့​စွပ်စွဲ​တတ်ကြ​ကြောင်း ယူမှတ်​စေ​သည်။ (တမန်​တော် ၁၉:၂၉-၃၇) ထို​သူတို့သည် အယူမှား​သော​ဝတ်ပြုရာ​အိမ်များ​မှ စစ်​အောင်နိုင်သူ​များ သို့​မဟုတ် ဘာသာရေး​အစွန်းရောက်သူ​များ တိုက်ခိုက်​လုယူ​လာ​ခဲ့​သည့် တန်ဖိုး​ရှိ​ပစ္စည်း​များ​ကို ကိုယ်ကျိုး​အတွက် အသုံးပြု​နေပါသလော၊ သို့​မဟုတ် ၎င်း​တို့​နှင့် ရောင်းဝယ်​ဖောက်​ကား​နေကြပါ​သလော။ ဘုရားသခင့်​ပညတ်တော်​အရ၊ ရုပ်[ပုံ]များ​၌​ပါ​သော​ရွှေငွေ​ကို ကိုယ်ရေးကိုယ်တာ​အတွက်​အသုံးမပြု​ဘဲ ဖျက်ဆီး​ပစ်​ရမည်​ဖြစ်သည်။ (တရားဟောရာ ၇:၂၅) * ထို့​ကြောင့်​ပေါလု​သည် ဘုရားသခင့်​မိန့်မှာချက်ကို လျစ်လျူရှု​၍ အယူမှား​ဝတ်ပြုရာ​အိမ်များ​မှ​ရလာ​သည့် ပစ္စည်း​များ​ကို အမြတ်​ထုတ်​အသုံးပြု​ခဲ့​ကြ​သည့် ဂျူး​များ​ကို ရည်​စောင်​နေခြင်း​ဖြစ်​နိုင်​သည်။

၉။ ယေရုရှလင်​ဝတ်ပြုရာ​အိမ်တော်တွင် ပြုလုပ်​နေကြ​သည့် အဘယ်​မှားယွင်းသော​အပြု​အမူ​များ​က ထို​ဝတ်ပြုရာ​အိမ်တော်ကို လုယက်​ခြင်း​နှင့်​တူ​သနည်း။

အခြား​တစ်ဖက်​တွင်​မူ ဂျိုစီဖတ်စ်​သည် ခေါင်းဆောင်​မှာ ပညတ်တရား​သွန်သင်သူ​ဖြစ်သည့် ဂျူး​လေးဦး​ကြောင့် ရောမမြို့​တွင် ပျံ့နှံ့​ခဲ့​သော မကောင်း​သတင်း​တစ်ခု​ကို ပြောပြ​သည်။ ထို​သူ​လေးဦး​သည် ဂျူး​ဘာသာ​သို့​ပြောင်း​ဝင်လာ​သူ ရောမ​အမျိုးသမီး​တစ်ဦး​အား ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်ကို ရွှေငွေ​နှင့်​အခြား​အဖိုးတန်အရာ​များ လှူဒါန်း​ရန် အယုံသွင်း​ခဲ့​ကြသည်။ ၎င်း​အလှူ​ကို ရရှိခဲ့ကြ​သောအခါ သူတို့​အတွက် အသုံးပြု​ခဲ့​ကြသည်၊ တစ်နည်း​အားဖြင့် ဝတ်ပြုရာ​အိမ်တော်ကို သူတို့​လုယူ​ကြ​၏။ * အခြားသူများ​မူ​ကား အပြစ်​အနာအဆာ​ရှိ ယဇ်ကောင်​များ ပူဇော်​ခြင်း၊ ဝတ်ပြုရာ​အိမ်တော်​ရင်ပြင်​တွင် တပ်မက်​ခြင်း​ကြီးစွာ ကုန်သွယ်​ခြင်း​ကို မြှင့်တင်​ပေးခြင်း​ဖြင့် ဝတ်ပြုရာ​အိမ်တော်ကို “ဓားပြ​တွင်း” ဖြစ်စေ​လျက် ၎င်းကို လုယူ​နေကြ​သည်။—မဿဲ ၂၁:၁၂၊ ၁၃; မာလခိ ၁:၁၂-၁၄; ၃:၈၊ ၉

ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို သွန်သင်​လော့

၁၀။ ရောမ ၂:၂၁-၂၃ တွင် မှတ်တမ်း​တင်ထား​သည့် ပေါလု​စကား​များ​၏ အဘယ်​ဆိုလိုရင်း​ကို ကျွန်ုပ်​တို့ လက်မလွတ်​သင့်​သနည်း။

၁၀ ပထမ​ရာစု​တွင်​ပြု​နေသော ခိုးမှု၊ သူ့​သား​အိမ်ရာ​ပြစ်မှားမှု၊ ဝတ်ပြုရာ​အိမ်တော်​လုယူ​မှု အစ​ရှိသည့် အဘယ်​အမှုကို​မဆို ပေါလု​ရည်ညွှန်း​နေပါ​စေ သူ၏​ဆိုလိုရင်း​ကို ကျွန်ုပ်​တို့ လက်မလွတ်​သွား​စေပါ​နှင့်။ သူက “သူတစ်ပါးကို​ဆုံးမ​လျက်​ပင် ကိုယ်ကို​မဆုံးမ​သလော” ဟု​မေးမြန်းခဲ့​သည်။ ပေါလု​တင်ပြ​ခဲ့​သည့်​ပုံ​နမူနာ​များသည် ကိုယ်ကျင့်တရား​နှင့်​ဆက်စပ်​နေသည်​ကို မှတ်သားထိုက်​ပေ​သည်။ ဤ​တွင် တမန်​တော်​သည် သမ္မာကျမ်းစာ​အယူဝါဒ သို့​မဟုတ် သမိုင်း​အပေါ်​အာရုံမစိုက်​ခဲ့​ချေ။ ပေါလု​ရည်ညွှန်းခဲ့​သည့် ကိုယ်ကို​လည်းကောင်း၊ အခြားသူများ​ကိုလည်း​ကောင်း သွန်သင်ခြင်း​သည် ခရစ်ယာန်​ကိုယ်ကျင့်တရား​နှင့်​ဆိုင်​၏။

၁၁။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သင်​လေ့လာ​ရာ​တွင် ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို အဘယ်ကြောင့် အာရုံစိုက်​သင့်​သနည်း။

၁၁ ရောမ ၂:၂၁-၂၃ ပါ​သင်ခန်းစာ​ကို ကျွန်ုပ်​တို့​ကျင့်သုံး​ဖို့​အတွက် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို တတ်သိ​ရန်လို​သည်၊ သိရှိ​လာ​သည့်​အရာ​နှင့်​အညီ လုပ်ဆောင်ရန်​လို​သည်၊ ထို့နောက် အခြားသူများ​ကိုလည်း အလားတူ​လုပ်ဆောင်ရန် သင်ကြား​ပေးဖို့​လို​သည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​ကို​သင်​လေ့လာ​သည့်​အခါ စစ်မှန်သော​ခရစ်ယာန် ကိုယ်ကျင့်တရား​၏​ရင်းမြစ်​ဖြစ်သည့် ယေဟောဝါ​စံနှုန်း​များ​၏ ညွှန်ပြ​ချက်​များ​ကို​သတိပြုပါ။ သမ္မာကျမ်းစာ​တွင် သင်​တွေ့ရှိ​ရသည့်​သွန်သင်ချက်​နှင့် သင်ခန်းစာများ​ကို တွေးတော​ဆင်ခြင်​ပါ။ ထို့နောက် သင်​တတ်သိလာ​သည့်​အရာ​ကို ရဲရဲဝံ့ဝံ့​လက်တွေ့​ကျင့်သုံး​ပါ။ ထိုသို့​ပြုလုပ်​ရန် သတ္တိ​ရှိဖို့​နှင့်​စိတ်ဓာတ်​ကြံ့ခိုင်​ဖို့​လို​သည်။ မစုံလင်​သည့်​လူသားများ​အနေ​နှင့် အခြေအနေ​ကခရစ်ယာန်​ကိုယ်ကျင့်တရား​ကို လျစ်လျူရှု​ရန်​ခွင့်ပြု​ကြောင်း သို့​မဟုတ် လျစ်လျူရှု​ရန်​ပင် အဘယ်ကြောင့်​လိုအပ်ကြောင်း ဆင်ခြေ​ဆင်​လက်​များ​ပေးဖို့၊ အကြောင်းပြ​ဖို့​လွယ်ကူ​ပါ​သည်။ ပေါလု​ရည်ညွှန်းခဲ့​သည့် ဂျူး​များသည် ရှာကြံ​အကြောင်းပြ​ရန်၊ သို့​မဟုတ် အခြား​သူများကို လှည့်ဖြား​ရန် ဤသို့​ပါးနပ်​လိမ္မာ​စွာ ကျိုးကြောင်း​ဆင်ခြင်မှု​တွင် အတွေ့အကြုံ​များ​သူများ​ဖြစ်​ပေမည်။ သို့သော် ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို အသေးအဖွဲ​ဖြစ်စေ​ရန် လျှော့ပေါ့​ပြော​ခြင်း၊ သို့​မဟုတ် ကိုယ့်​သဘော​နှင့်​ကိုယ် လျစ်လျူရှု​ခြင်း​မပြုရ​ကြောင်း ပေါလု​၏​စကား​များ​က ဖော်ပြ​သည်။

၁၂။ အမူအကျင့်ကောင်း သို့​မဟုတ် အကျင့်ပျက်​ပြား​မှု​က ယေဟောဝါ​ဘုရားသခင်​ကို မည်သို့​ဖြစ်စေ​ပြီး ဤ​အချက်​ကို စွဲမှတ်​ထားခြင်း​က အဘယ်ကြောင့် အထောက်အကူ​ပြု​သနည်း။

၁၂ တမန်​တော်​သည် သမ္မာကျမ်းစာ​တွင်​ပါရှိ​သည့် ကိုယ်ကျင့်တရား​ကို သင်ယူ​လေ့လာ​ပြီး လက်တွေ့​ကျင့်သုံး​ခြင်း​၏ အဓိက​အကြောင်းရင်းကို ပေါ်လွင်​ထင်ရှားစေ​ခဲ့​သည်။ ဂျူး​များ​၏ အကျင့်ပျက်​ပြား​မှု​က ယေဟောဝါ​၏​ဂုဏ်​သိက္ခာ​ကို ထိခိုက်​သည်– “ပညတ်တရား​တော်​ကို​အမှီပြု၍ ဝါကြွား​လျက်​ပင် ထို​တရားကို​လွန်ကျူး​၍ ဘုရားသခင်​၏​ဂုဏ်​အသရေတော်​ကို ရှုတ်ချ​သလော။ အကြောင်း​မူ​ကား . . . ‘တစ်ပါး​အမျိုးသား​တို့သည် သင်တို့​အကျင့်ကို​ထောက်၍ ဘုရားသခင်​၏​နာမတော်​ကို ကဲ့ရဲ့​တတ်ကြ​၏။’” (ရောမ ၂:၂၃၊ ၂၄) ယနေ့လည်း ကျွန်ုပ်​တို့သည် ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို လျစ်လျူရှု​မည်​ဆိုလျှင် ၎င်း​၏​ရင်းမြစ်ကို အလားတူ​ပင် ဂုဏ်ဖျက်​ရာ​ကျ​သည်။ သို့သော် ဘုရားသခင့်​စံနှုန်း​များ​ကို ကျွန်ုပ်​တို့​စွဲစွဲမြဲမြဲ ဆုပ်ကိုင်​ထား​မည်​ဆိုလျှင် ကိုယ်တော့်​ကို​ဂုဏ်တင်ရာ​ရောက်​သည်။ (ဟေရှာယ ၅၂:၅; ယေဇကျေလ ၃၆:၂၀) ယင်းကို သင်​သိရှိ​ထား​လျှင် ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို လျစ်လျူရှု​ခြင်း​သည် အလွယ်​ကူ​ဆုံး၊ သို့​မဟုတ် အဆင်ပြေ​ဆုံး​ဖြစ်ပုံရ​သည့် သွေးဆောင်မှုများ သို့​မဟုတ် အခြေအနေ​များနှင့် သင်ရင်​ဆိုင်​ရသည့်​အခါ သင်၏​ဆုံးဖြတ်ချက်​ကို ခိုင်ခံ့​စေနိုင်​ပါ​လိမ့်​မည်။ ထို့​ပြင် ပေါလု​၏​စကား​များ​က အခြား​တစ်ခု​ကိုလည်း သွန်သင်ပေး​သည်။ သင့်​အပြု​အမူ​သည် ဘုရားသခင်​ကို​ဂုဏ်တင်​နိုင်​ကြောင်း ကိုယ်တိုင်​သိ​ရုံ​မ​က အခြားသူများ​အား သွန်သင်ပေး​ရာ​တွင် သူတို့​သိရှိ​လာ​သည့် ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို လက်တွေ့​ကျင့်သုံး​ကြ​ခြင်း​သည်လည်း ယေဟောဝါ​ကို​ဂုဏ်တင်​နိုင်​ကြောင်း သဘောပေါက်​စေပါ။ ခရစ်ယာန်​ကိုယ်ကျင့်တရား​သည် ကျေနပ်​အားရ​စေ​၍ လူတစ်ဦး​အား ကျန်းမာ​စေ​သည်​သာမက ထို​ကိုယ်ကျင့်တရား​ကို စီမံ​ချမှတ်​ပေး​တော်​မူ​ပြီး အကျင့်​သိက္ခာ​ရှိ​ရန်​အားပေး​သည့်​အရှင်ကို ဂုဏ်တင်​နိုင်​သည်။—ဆာလံ ၇၄:၁၀; ယာကုပ် ၃:၁၇

၁၃။ (က) ကိုယ်ကျင့်တရား​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို မည်သို့​ကူညီပေး​သနည်း။ (ခ) ၁ သက်သာလောနိတ် ၄:၃-၇ ပါ သွန်သင်ချက်​၏​လို​ရင်း​ကို ဖော်ပြ​ပါ။

၁၃ ကိုယ်ကျင့်တရား​သည် အခြားသူ​တို့​အပေါ်လည်း သက်ရောက်မှု​ရှိသည်။ ဘုရားသခင်​၏​ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​၏​တန်ဖိုး​နှင့် ၎င်းတို့ကို လျစ်လျူရှု​ခြင်း​၏ ရလဒ်များ​ကို ဖော်ပြ​သည့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ ပုံ​နမူနာ​များ​က သင့်​အား​သဘောပေါက်​စေ​သည်။ (ကမ္ဘာဦး ၃၉:၁-၉၊ ၂၁; ယောရှု ၇:၁-၂၅) ထို့​အပြင် ကိုယ်ကျင့်တရား​နှင့်​စပ်​လျ​ဉ်း​သည့် ဤ​ကဲ့သို့​သော​ဆုံးမ​စကား​ကို ကျမ်းစာ​တွင်​တွေ့ရှိ​နိုင်၏– “ဘုရားသခင်​၏​အလိုတော်​ဟူ​မူ​ကား၊ သင်တို့သည် မတရားသော​မေထုန်​ကို​ကြ​ဉ်​ရှောင်​၍ သန့်ရှင်း​စေခြင်း​ငှာ​လည်းကောင်း၊ ဘုရားသခင်​ကို​မသိသော သာသနာ​ပ​လူတို့သည် ကိ​လေ​သာ​တပ်မက်​ခြင်း​ရှိသကဲ့သို့​မရှိ၊ သင်တို့​အပေါင်း​သည် သန့်ရှင်းခြင်း၊ အသရေ​တင့်တယ်ခြင်း​နှင့် မိမိကိုယ်ကို​မိမိ ထိန်း​တတ်​စေခြင်း​ငှာ​လည်းကောင်း၊ ဤ​အမှုအရာ​၌​လွန်ကျူး​၍ ညီအစ်ကို​ကို ပရိယာယ်​အားဖြင့် မ​ပြစ်မှား​စေခြင်း​ငှာ​လည်းကောင်း အလိုတော်​ရှိ၏။ . . . ဘုရားသခင်​သည် ညစ်ညူး​စေခြင်း​ငှာ ငါ​တို့ကို​ခေါ်တော်မူ​သည်မဟုတ်၊ သန့်ရှင်း​စေခြင်း​ငှာ ခေါ်တော်မူ​၏။”—၁ သက်သာလောနိတ် ၄:၃-၇

၁၄။ ၁ သက်သာလောနိတ် ၄:၃-၇ ပါ သွန်သင်ချက်​နှင့်​ပတ်သက်​၍ မိမိကိုယ်ကို အဘယ်​သို့​မေးမြန်း​နိုင်​သနည်း။

၁၄ လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းခြင်း​သည် ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို ချိုးဖောက်​ကြောင်း မည်သူ​မဆို ဤ​ကျမ်းပိုဒ်​မှ နားလည်​နိုင်​သည်။ သို့​တိုင် ဤ​ကျမ်းပိုဒ်​မှ ထို​ထက်မက သိ​နားလည်​နိုင်​သည်။ ကျမ်းချက်​အချို့​ကို အတော်အတန်​ဖတ်ရှု​လေ့လာ၊ ဆင်ခြင်​သုံးသပ်​လိုက်​လျှင် ထိုးထွင်း​သိမြင်မှု ပို​ရရှိစေ​သည်။ ဥပမာ၊ မတရားမေထုန်​ကျူးလွန်​ခြင်း​ဖြင့် ‘ညီအစ်ကို​ကို ပရိယာယ်​အားဖြင့်​ပြစ်မှား (“အခွင့်အရေး​များ​ကို ကျူးကျော်၊” က​ဘ)’ သည်​ဟု ပေါလု​ပြောဆို​ရာ​၌ သူ​အဘယ်အရာကို​ဆိုလို​ကြောင်း အလေးအနက် စဉ်းစား​ဆင်ခြင်​နိုင်​ပေ​သည်။ အဘယ်​အခွင့်အရေး​များ​ပါဝင်​ပြီး ၎င်းကို​ကောင်းစွာ​သိရှိ​ထားခြင်း​က ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို ထိန်းသိမ်း​ရန် လှုံ့ဆော်မှု​ကို မည်သို့​ထပ်​ရရှိနိုင်​မည်​နည်း။ ဤသို့​စူးစမ်း​ရှာဖွေ​လေ့လာခြင်း​မှ​ရသော အသိပညာက အခြား​သူများကို သွန်သင်ပေး​ရန်​နှင့် ဘုရားသခင်​အား သူတို့​ဂုဏ်တင်​စေရန် သင့်​အား မည်သို့​အသင့်ရှိ​စေနိုင်​မည်​နည်း။

သွန်သင်​ရန် လေ့လာ​လော့

၁၅။ ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​အားဖြင့် သင့်ကိုယ်​သင်​သွန်သင်​ရန် အဘယ်​ကိရိယာ​များ အသုံးပြုနိုင်​သနည်း။

၁၅ ယေဟောဝါသက်သေ​များသည် မိမိတို့​ကိုယ်ကို သို့​မဟုတ် အခြား​သူများကို သွန်သင်​စဉ် ပေါ်ပေါက်​လာ​တတ်​သည့် မေးခွန်းများ သို့​မဟုတ် အရေးကိစ္စ​များ​ကို စူးစမ်း​လေ့လာ​ရန် အသုံးပြု​စ​ရာ ကိရိယာ​များ​ရှိကြသည်။ ဘာသာ​စကား​များစွာ​ဖြင့် ရရှိနိုင်​သည့်​ကိရိယာ​တစ်ခု​မှာ ကင်းမျှော်စင်​စာပေ​များ​အညွှန်း​ဖြစ်၏။ ယင်းကို သင်​အသုံးပြုခွင့်​ရှိပါက ယေဟောဝါသက်သေ​များ​၏ သမ္မာကျမ်းစာ​အခြေပြု​စာပေ​များ​ရှိ သတင်း​အချက်အလက်​ကို ရှာဖွေ​ဆည်းပူး​ရန် ၎င်းကို​အသုံးပြုနိုင်​သည်။ အကြောင်းအရာ​အစဉ်လိုက် သို့​မဟုတ် ကျမ်းပိုဒ်​အလိုက် ဖော်ပြထားသော​စာရင်း​တွင် သင်​ရှာဖွေ​ဆည်းပူး​နိုင်​ပါ​သည်။ ယေဟောဝါသက်သေ​များ ရရှိနိုင်​သည့် အဓိက​ဘာသာ​စကား​များစွာ​ဖြင့် အခြား​ကိရိယာ​တစ်ခု​မှာ ကင်းမျှော်စင်​စာကြည့်တိုက်​ဖြစ်၏။ ဤ​စီဒီရွမ် ကွန်ပျူတာ​ပရိုဂရမ်​တွင် အီလက်ထရွန်နစ်​ပုံစံ​ဖြင့် စုစည်း​ထား​သည့် စာပေ​အစုအဝေး​ကြီး​တစ်ခု​ပါရှိ​သည်။ ဤ​ပရိုဂရမ်​ဖြင့် ကျမ်းစာ​ဆိုင်ရာ ဆွေးနွေးချက်​များ၊ အကြောင်းအရာများ​ကို ရှာဖွေ​လေ့လာ​နိုင်​စေ​သည်။ သင့်​မှာ ဤ​ကိရိယာ​တစ်မျိုး​မဟုတ်​တစ်မျိုး သို့​မဟုတ် နှစ်မျိုး​စ​လုံး​ရှိလျှင် အခြား​သူများကို သွန်သင်​ပေးဖို့​အတွက် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သင်​လေ့လာ​ရာ​တွင် ယင်း​တို့ကို မှန်မှန်​အသုံးပြုပါ။

၁၆၊ ၁၇။ (က) ၁ သက်သာလောနိတ် ၄:၆ တွင်​ဖော်ပြ​ထား​သည့် အခွင့်အရေး​များနှင့်​ပတ်သက်​၍ ဉာဏ်​အလင်း​ပေး​သော မှတ်ချက်များ​ကို အဘယ်​နေရာတွင် သင်​ရှာတွေ့နိုင်​သနည်း။ (ခ) မတရားမေထုန်​ပြုခြင်း​သည် အဘယ်​နည်းများဖြင့် အခြား​သူတို့၏​အခွင့်အရေး​များ​ကို ထိပါး​သနည်း။

၁၆ အထက်တွင် ကိုးကား​ဖော်ပြ​ထား​သည့် ၁ သက်သာလောနိတ် ၄:၃-၇ ကို နမူနာ​ယူ​ကြ​စို့။ အခွင့်အရေး​များနှင့်​ပတ်သက်​၍ မေးခွန်း​ပေါ်ပေါက်​လာ​သည်။ မည်သူ​၏ အခွင့်အရေး​နည်း။ ထို​အခွင့်အရေး​ကို မည်သို့​လွန်ကျူး​ပြစ်မှား​နိုင်​သနည်း။ ဤ​ကျမ်းချက်​များ​မ​က ပေါလု​ရည်ညွှန်း​ထား​သည့် အခွင့်အရေး​နှင့်​ပတ်သက်​၍ ဉာဏ်​အလင်း​ပေး​သည့် အကြောင်းအရာ​အတော်များများကို အထက်တွင်​ဖော်ပြ​ထား​သည့် လေ့လာမှု​ကိရိယာ​များ​မှ သင်​ရရှိနိုင်​ပေမည်။ သင့်​အား​ဉာဏ်​အလင်း​ပေး​မည့် အကြောင်းအရာများ​ကို ကျမ်း​စာစောင်​များ​အပေါ်​ထိုးထွင်း​သိမြင်ခြင်း အတွဲ ၁၊ စာမျက်နှာ ၈၆၃-၄; စစ်မှန်သော​ငြိမ်းချမ်းမှု​နှင့် လုံခြုံရေး—ယင်းကို သင်​မည်သို့​ရှာဖွေ​နိုင်​သနည်း၊ စာမျက်နှာ ၁၄၅[လိပ်]; ကင်းမျှော်စင်၊ နိုဝင်ဘာ ၁၅၊ ၁၉၈၉၊ စာမျက်နှာ ၃၁[လိပ်]တို့​တွင် သင်​တွေ့ရှိ​နိုင်​ပေ​သည်။

၁၇ ဆက်​လေ့လာ​ရာ​တွင် ပေါလု​၏​စကား မည်မျှ​မှန်ကန်ကြောင်း ထို​စာပေ​များ​က ဖော်ပြ​သည်ကို သင်​တွေ့ရှိ​ပေမည်။ မတရားမေထုန်​ပြုသူ​တစ်ဦး​သည် ဘုရားသခင်​ကို ပြစ်မှား​ပြီး မိမိ​ကိုယ်တိုင်​ကိုလည်း ရောဂါ​များ​ရရှိစေ​သည်။ (၁ ကောရိန္သု ၆:၁၈၊ ၁၉; ဟေဗြဲ ၁၃:၄) မတရားမေထုန်​ပြုသူ​သည် သူ​ပြစ်မှား​သည့် အမျိုးသမီး​၏​အခွင့်အရေး​အသီးသီး​ကို ထိပါး​သည်။ သူ၏ ကိုယ်ကျင့်တရား​စင်ကြယ်သော​အနေအထား​နှင့် ကောင်းသော​သိစိတ်​တို့ကို ဆုံးရှုံး​စေ​သည်။ ထို​အမျိုးသမီး​သည် အပျို​ဖြစ်ပါ​က အပျိုစင်​တစ်ဦး​အဖြစ် သူ၏​အိမ်ထောင်ပြု​ခွင့်​နှင့် သူ့​အား အပျိုစင်​ဖြစ်စေ​လို​သော ခင်ပွန်း​လောင်း​၏​အခွင့်အရေး​ကိုလည်း ထိပါး​လိုက်​သည်။ ထို​အမျိုးသမီး​၏​မိဘများနှင့် သူသည် အိမ်ထောင်သည်​ဖြစ်ပါ​က သူ၏​ခင်ပွန်း​တို့ကို စိတ်ထိခိုက်​စေ​သည်။ အကျင့်​ယိုယွင်းသော ထို​အမျိုးသား​သည် မိမိ,မိသားစု​၏ စင်ကြယ်သော​ကိုယ်ကျင့်တရား​မှတ်တမ်း​ကို ပျက်စီး​ယိုယွင်း​သွား​စေ​သည်။ သူသည် ခရစ်ယာန်​အသင်းတော်​သား​တစ်ဦး​ဖြစ်ပါ​က ၎င်း​အသင်းတော်​၏​နာမည်​ကောင်း​ကို ပျက်စီး​စေ​သည်။—၁ ကောရိန္သု ၅:၁

၁၈။ ခရစ်ယာန်​ကိုယ်ကျင့်တရား​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​လေ့လာမှု​မှ သင်​မည်သို့​အကျိုး​ရရှိ​သနည်း။

၁၈ အခွင့်အရေး​များနှင့်​ပတ်သက်​သည့် ထို​မှတ်ချက်များ​က ထို​အခန်းငယ်​၏​အဓိပ္ပာယ်​ကို ပို​သိ​နားလည်စေ​သည်မဟုတ်​လော။ ထိုသို့​လေ့လာခြင်း​သည် အမှန်တကယ်​ပင် အကျိုး​ကြီး​လှ​ပေ​၏။ သင်သည် ဆက်လက်​လေ့လာ​ရာ​တွင် သင့်ကိုယ်​သင် သွန်သင်​နေ​လေ​သည်။ ဘုရားသခင့်​သတင်းတရား​၏ မှန်ကန်မှု​နှင့် အကျိုး​သက်ရောက်မှု​လည်း တိုးပွား​လာ​သည်။ အဘယ်​သွေးဆောင်မှု​မျိုးကို သင်ရင်​ဆိုင်​ရ​ပါစေ ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို ဆုပ်ကိုင်​ထား​ရန် သင်၏​ဆုံးဖြတ်ချက်​ကို ခိုင်ခံ့​မြဲမြံ​စေ​သည်။ ထို့​ပြင် သင်သည် သွန်သင်သူ​တစ်ဦး​အဖြစ် မည်မျှ​ထိထိရောက်ရောက် သွန်သင်​နိုင်​မည်​ကို စဉ်းစား​ကြည့်​ပါ! ဥပမာ၊ အခြား​သူများကို သမ္မာကျမ်းစာ​အမှန်တရား သွန်သင်ပေး​စဉ် ၁ သက်သာလောနိတ် ၄:၃-၇ ကို ထိုးထွင်း​သိမြင်​စေနိုင်​သည်၊ သို့ဖြင့် ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို ပိုမို​နားလည်စေ​၍ တန်ဖိုး​ထား​လေးမြတ်မှု​ပို​ရှိစေ​မည်။ သို့​နည်းဖြင့် သင်၏​လေ့လာမှု​သည် သင်​နှင့်​အခြား​သူတို့ကို ဘုရားသခင်​အား​ဂုဏ်တင်​စေနိုင်​သည်။ ဤ​တွင် သက်သာလောနိတ်​မြို့သား​များ​ထံ ပေါလု​ရေးပို့​သည့်​စာ​မှ ပုံ​နမူနာ​တစ်ခု​ကို​သာ ကျွန်ုပ်​တို့​ဖော်ပြ​ပေး​ရ​သေး​သည်။ ခရစ်ယာန်​ကိုယ်ကျင့်တရား​နှင့်​ပတ်သက်​သည့် အခြား​အခန်းကဏ္ဍ​များစွာ​ရှိပါ​သည်၊ ထို့​အတူ သင်​လေ့လာ​နိုင်၊ လက်တွေ့​ကျင့်သုံး​နိုင်၊ သွန်သင်​နိုင်​သည့် သမ္မာကျမ်းစာ​ပုံ​နမူနာ​မြောက်မြားစွာ​နှင့် သွန်သင်ချက်​များစွာ​ရှိပါ​သည်။

၁၉။ ခရစ်ယာန်​ကိုယ်ကျင့်တရား​ကို လိုက်နာ​စောင့်ထိန်းခြင်း​က အဘယ်ကြောင့်​အရေးကြီးရ​သနည်း။

၁၉ ထိုသို့​ပြုလုပ်ခြင်း​သည် ဉာဏ်ပညာ​ရှိကြောင်း ယုံမှားဖွယ်​မရှိ​ချေ။ ယေဟောဝါ​ဘုရားသခင်​ထံ​တော်​မှ​ဖြစ်သော “အထက်​မှ​သက်ရောက်​သော [ဉာဏ်]ပညာ” သည် “ရှေ့​ဦးစွာ စင်ကြယ်” သည်​ဟု ယာကုပ် ၃:၁၇ က​ဆို​၏။ ၎င်း​က ဘုရားသခင်​၏​ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို လိုက်နာ​ရမည်ဟု အတိအလင်း​ဖော်ပြ​သည်။ အမှန်​မှာ၊ သမ္မာကျမ်းစာ​ကို သွန်သင်​ပေးခြင်း​ဖြင့် ယေဟောဝါ​အား ကိုယ်စား​ပြုသူ​တို့ကိုယ်တိုင်​သည် “စင်ကြယ်​ခြင်း​အရာ​မှာ” ပုံသက်သေ​ကောင်း​များ​ဖြစ်​ကြ​ရ​ပေမည်။ (၁ တိမောသေ ၄:၁၂) ပေါလု​နှင့်​တိမောသေ​တို့​ကဲ့သို့​သော အစောပိုင်း​အချိန်​က နောက်တော်လိုက်​များ​၏ ဘဝ​ပုံစံ​များသည် စင်ကြယ်​ခြင်း​ကို ထောက်ခံကြ​သည်; သူတို့သည် အကျင့်​ယိုယွင်းခြင်း​ကို ရှောင်ကြဉ်​ခဲ့​ကြ​၏၊ ပေါလု​ဤသို့​ပင်​ရေးသားခဲ့​သည်– “မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ အမျိုးမျိုးသော​ကိ​လေ​သာ​ညစ်ညူး​ခြင်း၊ လောဘ​လွန်ကျူးခြင်း​အမှု​များ​ကို သန့်ရှင်းသူ​တို့သည် ရှောင်သင့်​သည်​အတိုင်း၊ စကား​ဖြင့်​မျှ​မဆက်ဆံ​ကြ​နှင့်။ မတော်မလျော်​သော​စကား၊ ညစ်ညူး​ပြ​က်​ပြ​ယ် ပြက်ရယ်​သော​စကား​များ​ကိုလည်း ပယ်[ရှား​လော့]။”—ဧဖက် ၅:၃၊ ၄

၂၀၊ ၂၁။ ၁ ယောဟန် ၅:၃ တွင်​မှတ်တမ်း​တင်ထား​သည့် တမန်​တော်​ယောဟန် ရေးသား​ထား​သည့်​စကား​ကို သင်​အဘယ်ကြောင့်​သဘောတူ​ရသနည်း။

၂၀ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် ဖော်ပြ​ထား​သည့် ကိုယ်ကျင့်တရား​စံနှုန်း​များသည် ရှင်းလင်း​ပြတ်သား၊ တိကျ​သည်​မှန်​သော်လည်း ၎င်းတို့သည် ဖိနှိပ်​သော​ဝန်ထုပ်ဝန်ပိုး​တစ်ခု မဟုတ်​ချေ။ ၎င်းကို အသက်​အရှည်ဆုံး​တမန်​တော် ယောဟန်​ရှင်းရှင်း​သဘောပေါက်ခဲ့​သည်။ ဆယ်စုနှစ်​ကျော် သူ၏​တွေ့ကြုံမှု​အရ ခရစ်ယာန်​ကိုယ်ကျင့်တရား​သည် ဆိုးကျိုး​မပေး​ကြောင်း သူသိ​ရှိခဲ့​သည်။ ထိုသို့​ဖြစ်​မည့်​အစား ၎င်း​သည် မွန်မြတ်​၏၊ အကျိုး​ဖြစ်ထွန်း​၏၊ ကောင်းချီး​တစ်ရပ်​လည်း​ဖြစ်၏။ ယင်းကို ယောဟန်​က ဤသို့​အလေးအနက်​ဖော်ပြ​သည်– “ထာဝရ​ဘုရား​ကို ချစ်ခြင်း​သည် ကိုယ်တော်​၏ ပညတ်တော်​တို့ကို စောင့်ထိန်းခြင်း​ပင်​ဖြစ်သည်။ ကိုယ်တော်​၏ ပညတ်တော်​တို့ကို စောင့်ထိန်း​ရန် ငါ​တို့အတွက် ဝန်မလေး​ပေ။”—၁ ယောဟန် ၅:၃သတင်းကောင်း။

၂၁ ခရစ်ယာန်​ကိုယ်ကျင့်တရား​ရှိ​ခြင်း​အားဖြင့် ဘုရားသခင်​ကို​နာခံခြင်း​သည် ပြဿနာ​နည်းစေ​သောကြောင့်​သာ သို့​မဟုတ် မနာခံခြင်း​၏​ဆိုးကျိုး​မှ ကာကွယ်​ပေး​သောကြောင့်​သာ ၎င်း​သည် အကောင်းဆုံး​လမ်းစဉ်​ဖြစ်သည်ဟု ယောဟန်​မဆို​ကြောင်း​သတိပြုပါ။ ထိုသို့​ပြုခြင်း​သည် ယေဟောဝါ​ကို​ကျွန်ုပ်​တို့​ချစ်​ကြောင်း ဖော်ပြချက်​တစ်ရပ်၊ ကိုယ်တော်​ကို​ချစ်​ကြောင်း​ပြသ​ရန် အခွင့်ထူး​တစ်ရပ်​ဖြစ်​ကြောင်း ဦးဆုံး​အသိအမှတ်​ပြုခြင်း​အားဖြင့် မှန်ကန်​သည့်​ရှုမြင်ပုံကို သူ​ဖော်ပြ​ခဲ့​သည်။ မှန်ပါသည်၊ ဘုရားသခင်​အား​ချစ်​မြတ်နိုး​ရန် မိမိကိုယ်ကို​နှင့် အခြား​သူများကို သွန်သင်ခြင်း​က ကိုယ်တော်​၏​မြင့်မြတ်​သော​စံနှုန်း​များ​ကို လက်ခံ​ကျင့်သုံး​ရန်လို​သည်။ မိမိကိုယ်ကို​လည်းကောင်း၊ အခြားသူများ​ကိုလည်း​ကောင်း ခရစ်ယာန်​ကိုယ်ကျင့်တရား သွန်သင်​ပေးခြင်း​မည်​၏။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 ဂျိုစီဖတ်စ်​က ဂျူး​များသည် မလေးမခန့်​ပြု​နေ​သူများ​မဟုတ်​ဟု ရေးသား​ဖော်ပြ​သော်လည်း ဘုရားသခင့်​ပညတ်တော်​ကို ဤသို့​ထပ်ဆင့်​ထွက်ဆို​သည်– “အခြား​မြို့များ ကြည်ညို​လေးစား​သည့် နတ်​ဘုရား​များ​ကို မည်သူမျှ မ​ရှုတ်ချ​စေ​နှင့်၊ တိုင်းတစ်ပါး​ဗိမာန်များ​ကို မ​လုယက်​ရ၊ နတ်​ဘုရား​တစ်ပါးပါး​အမည်​ဖြင့် ဆက်သ​ထား​သည့်​ဘဏ္ဍာ​ကို မယူ​ရ။” (ကျွန်ုပ်​တို့ စာလုံးစောင်း​ထား။)—ဂျူး​တို့၏ ရှေးဟောင်း​နှောင်း​ဖြစ်​များ၊ စာအုပ် ၄၊ အခန်းကြီး ၈၊ စာပိုဒ် ၁၀။

^ အပိုဒ်၊ 9 ဂျူး​တို့၏ ရှေးဟောင်း​နှောင်း​ဖြစ်​များ၊ စာအုပ် ၁၈၊ အခန်း ၃၊ စာပိုဒ် ၅။

[လေ့လာ​ရန်​မေးခွန်းများ]

သင်​မှတ်မိ​သလော

• အခြား​သူများကို မသွန်သင်​မီ မိမိကိုယ်ကို သွန်သင်​ရန် အဘယ်ကြောင့်​လေ့လာ​ရမည်​နည်း။

• ကျွန်ုပ်​တို့၏​အပြုအမူက ယေဟောဝါ​ကို မည်သို့​ရောင်ပြန်ဟပ်​နိုင်​သနည်း။

• မတရားမေထုန်​ပြုသူ​သည် မည်သူ​တို့၏​အခွင့်အရေး​များ​ကို ထိပါး​နိုင်​သနည်း။

• ခရစ်ယာန်​ကိုယ်ကျင့်တရား​နှင့်​စပ်လျဉ်း၍ သင်၏​စိတ်​ဆုံးဖြတ်ချက်​ကား အဘယ်နည်း။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“ကိုယ်တော်​၏ ပညတ်တော်​တို့ကို စောင့်ထိန်း​ရန် ကျွန်ုပ်​တို့အတွက် ဝန်မလေး​ပေ”