ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေးလုပ်ဆောင်နေ!
ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေးလုပ်ဆောင်နေ!
‘ဘယ်လိုငတ်မွတ်ခေါင်းပါးမှုမျိုးလဲ’ ဟုသင်မေးပေမည်။ ဝိညာဉ်အစာနှင့်ဆိုင်သော ငတ်မွတ်ခေါင်းပါးမှုဘေးဖြစ်၏! ဤငတ်မွတ်ခေါင်းပါးမှုဘေးအကြောင်း ရှေးခေတ်ဟေဗြဲပရောဖက်တစ်ပါးက တင်ကြိုဟောခဲ့သည်– “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငတ်မွတ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသော ကာလရောက်လိမ့်မည်။ အစာခေါင်းပါး၍ ငတ်မွတ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏အမိန့်တော်ကို မကြားရသော ငတ်မွတ်ခြင်းဘေး ဖြစ်လိမ့်မည်။’” (အာမုတ် ၈:၁၁၊ သမ္မာ) ဝိညာဉ်ရေးငတ်မွတ်ခြင်းဘေးမှ ကယ်ဆယ်ရန် နယူးယောက်၊ ပက်တာစင်တွင် တည်ရှိသော ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းမှ ၁၁၂ ကြိမ်မြောက် သင်တန်းသား ၄၈ ဦးသည် တိုက်ကြီး ၅ တိုက်မှ နိုင်ငံဒေသ ၁၉ ခုနှင့် အဏ္ဏဝါကျွန်းများဆီသို့ သွားနေကြပြီဖြစ်သည်။
သူတို့သည် ပကတိအစားအစာနှင့် ကောက်ပဲသီးနှံတို့ ယူဆောင်ပြီး သွားကြခြင်းမဟုတ်ဘဲ အသိပညာ၊ အတွေ့အကြုံနှင့် လေ့ကျင့်မှုတို့ကိုယူဆောင်လျက် သွားရောက်ကြခြင်းဖြစ်သည်။ အားသွန်ခွန်စိုက် သမ္မာကျမ်းစာလေ့လာမှုပြုခဲ့ကြသည့် ငါးလတာကာလသည် နိုင်ငံခြားလယ်ကွင်းများရှိ ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် သူတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ၂၀၀၂၊ မတ် ၉ ရက်တွင် သင်တန်းဆင်းပွဲအစီအစဉ်ကို တက်ရောက်သူ ၅,၅၅၄ ယောက်တို့သည် ပျော်ရွှင်ကြည်နူးလျက် နားထောင်ခဲ့ကြသည်။
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် အမှုထမ်းနေသော စတီဗင် လက်တ်သည် စိတ်အားထက်သန်စွာ အစီအစဉ်ကို စဖွင့်ပေးခဲ့သည်။ သူသည် ကမ္ဘာ့ဒေသအသီးသီးမှ လာရောက်ကြသည့် ဧည့်သည်များစွာကို လှိုက်လှဲစွာကြိုဆိုခဲ့သည်။ ထို့နောက် သူသည် ခရစ်ယာန်သာသနာပြုလောင်းများ၏ လုပ်ငန်းကို “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏” ဟူသည့် ယေရှု၏စကားများနှင့် ဆက်စပ်ပြခဲ့သည်။ (မဿဲ ၅:၁၄) သူက ဤသို့ရှင်းပြခဲ့သည်– ‘သင်တို့ဟာ သင်တို့တာဝန်ကျတဲ့နေရာတွေမှာ စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေ ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေရဲ့ တင့်တယ်လှပမှုကို သိမြင်နိုင်အောင် ယေဟောဝါရဲ့ အံ့ဖွယ်လုပ်ရပ်အသွင်အမျိုးမျိုးကို “ထွန်းလင်း” ပေးကြရမှာဖြစ်တယ်။’ ညီအစ်ကိုလက်တ်က မှားယွင်းသောအယူဝါဒတို့၏အမှောင်ကို လှစ်ဟဖော်ထုတ်ပြီး အမှန်တရားရှာဖွေသူတို့အား လမ်းညွှန်ပေးရန် ဘုရားသခင့်နှုတ်မြွက်တော်အလင်းကို အသုံးပြုကြဖို့ အားပေးခဲ့သည်။
သဘောထားမှန်သည် အောင်မြင်မှုရရေးအတွက် အရေးပါ
သဘာပတိ၏အဖွင့်မှတ်ချက်များပြီးနောက် အောင်မြင်သောခရစ်ယာန်သာသနာပြုများဖြစ်ရန် သင်တန်းဆင်းများအတွက် အကူအညီဖြစ်စေမည့် အခန်းဆက်ဟောပြောချက်တစ်ခု၏ပထမပိုင်းကို ယူနိုက်တက်စတိတ်မှ ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်သူ ဘော်လ်တဆာ ပါလာက ဟောပြောခဲ့သည်။ သူသည် “အားယူ၍ ရဲရင့်သောစိတ်နှင့်လုပ်ဆောင်လော့” ဟူသည့်အဓိကအချက်ကို အကျယ်တဝင့်ဟောပြောခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၈:၂၀) ရှေးဣသရေလနိုင်ငံ၏ဘုရင် ရှောလမုန်သည် တစ်ခါမျှမလုပ်ဆောင်ခဲ့ဖူးသည့် ခက်ခဲသည့်လုပ်ငန်းတစ်ခုဖြစ်သောတာဝန်ကို ရရှိခဲ့သည်—ယေရုရှလင်မြို့၌ ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ခြင်းဖြစ်သည်။ ရှောလမုန်သည် ယေဟောဝါ၏အကူအညီဖြင့် ဝတ်ပြုရာအိမ်တော်ကို အပြီးတည်ဆောက်နိုင်ခဲ့သည်။ အတန်းသားများအတွက် သင်ခန်းစာကို ညီအစ်ကိုပါလာက ဤသို့ဆက်စပ်တင်ပြခဲ့သည်– ‘သင်တို့ဟာ ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်လာမယ့် တာဝန်သစ်တစ်ခုကို ရရှိထားကြပြီ၊ ဒါကြောင့် အားယူပြီး ရဲရင့်တဲ့စိတ် ရှိကြဖို့လိုတယ်။’ သင်တန်းသားများသည် ကိုယ်တော်နှင့် သူတို့နီးနီးကပ်ကပ်ရှိနေသ၍ သူတို့အား ယေဟောဝါစွန့်ပစ်လိမ့်မည်မဟုတ်ဟူသည့် အာမခံချက်မှ အမှန်ပင် နှစ်သိမ့်မှုရရှိခဲ့ကြပါသည်။ ညီအစ်ကိုပါလာက ဤကိုယ်တိုင်၏သတိပြုတွေ့ရှိချက်နှင့် နိဂုံးချုပ်ကာ ပရိသတ်ကို လှုံ့ဆော်ခဲ့သည်– ‘သင်တို့ဟာ ခရစ်ယာန်သာသနာပြုတွေအဖြစ် အများကြီး ပြီးမြောက်အောင်မြင်နိုင်ပါတယ်။ ကျွန်တော့်မိသား စုနဲ့ ကျွန်တော်ဟာ ခရစ်ယာန်သာသနာပြုတွေထံက အမှန်တရားရရှိခဲ့တာပါ!’
“အောင်မြင်ရေးအတွက် ယေဟောဝါကို မျှော်ကိုးလော့” သည်အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်မြူအယ်လ် ဟာ့ဒ်ပေးသော ဟောပြောချက်၏ အဓိကအကြောင်းဖြစ်ခဲ့သည်။ သင်တန်းသားများသည် ခရစ်ယာန်သာသနာပြုလုပ်ငန်းကို သက်မွေးလုပ်ငန်းတစ်ခုအဖြစ် စတင်ကြတော့မည်ဖြစ်ရာ ၎င်းတို့အောင်မြင်ရေးသည် ယေဟောဝါနှင့် ၎င်းတို့၏ဆက်ဆံရေးအပေါ် များစွာမူတည်၏။ ညီအစ်ကိုဟာ့ဒ်က သူတို့ကို ဤသို့သွန်သင်ပေးခဲ့သည်– “သင်တို့ဟာ ဂိလဒ်မှာ သင်ယူလေ့လာခဲ့တာတွေကြောင့် သမ္မာကျမ်းစာအသိပညာ အများကြီးပိုင်ဆိုင်ထားကြပြီ။ ရွှင်လန်းစွာနဲ့ သင်တို့လက်ခံယူခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ တကယ့်အောင်မြင်မှုရဖို့အတွက် သင်တို့သိရှိထားတာတွေကို စပြီးပေးကမ်းရတော့မယ်။’ (တမန်တော် ၂၀:၃၅) ခရစ်ယာန်သာသနာပြုများသည် သူတစ်ပါးအကျိုးအလို့ငှာ ‘၎င်းတို့ကိုယ်ကိုသွန်းလောင်း’ ကြသည်နှင့်အမျှ ယင်းသို့ပေးကမ်းဖို့ အခွင့်အလမ်းများစွာ ရရှိလာပါလိမ့်မည်။—ဖိလိပ္ပိ ၂:၁၇။
ပို့ချသူများသည် သင်တန်းသားများအတွက် အဘယ်နှုတ်ခွန်းဆက်သွန်သင်ချက်များ ပေးခဲ့ကြသနည်း။ မာ့ခ် နူမဲရ်သည် သူ၏အဓိကအကြောင်းကို “ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကို မသိမီတိုင်အောင် ထိုင်နေတော့” ဟူသည့် ရုသ ၃:၁၈ ကိုအခြေခံခဲ့သည်။ နောမိနှင့် ရုသ၏ပုံနမူနာကို ထုတ်နုတ်တင်ပြကာ ဟောပြောသူသည် ဘုရားသခင့်မြေကြီးဆိုင်ရာအဖွဲ့အစည်းက စီမံပေးထားသည့် အစီအစဉ်များကို အပြည့်အဝယုံကြည်စိတ်ချရန်နှင့် သီအိုကရက်တစ်အခွင့်အာဏာကို လေးစားရန် သင်တန်းဆင်းများကို အားပေးခဲ့သည်။ သင်တန်းသားများ၏နှလုံးကို ထိမိစေရန် ညီအစ်ကိုနူမဲရ်က ဤသို့ဆိုခဲ့သည်– ‘သင့်ကို ထိခိုက်စေတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဘာကြောင့်ချလိုက် တာလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်တဲ့အချိန်၊ တစ်စုံတစ်ခုကို တခြားနည်းနဲ့ လုပ်သင့်တယ်လို့ သင်တို့ အခိုင်အမာယူဆတဲ့အချိန်တွေ ရှိကောင်းရှိလာမယ်။ အဲ့ဒီအခါ သင်တို့ ဘာလုပ်ကြမလဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထလုပ်လိုက်မလား၊ ဒါမှမဟုတ် ဘုရားသခင့်လမ်းညွှန်မှုကို ကိုးစားပြီး အချိန်တန်ရင် ကိုယ်တော် ရလဒ်ကောင်းကို ထွက်ပေါ်စေမှာပါဆိုပြီး “ထိုင်နေ” မလား။’ (ရောမ ၈:၂၈) ‘ဘုရားသခင့် နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးကို အာရုံစိုက်ကြဖို့၊ လူများလုပ်နေတဲ့အရာမဟုတ်ဘဲ ယေဟောဝါဘုရားသခင်ရဲ့အဖွဲ့အစည်း လုပ်ဆောင်နေတာတွေကို ဆက်စောင့်ကြည့်နေကြဖို့’ အကြံပြုချက်သည် ခရစ်ယာန်သာသနာပြုလောင်းများ၏ နိုင်ငံခြားလယ်ကွင်းအတွက် အဖိုးတန်မည်မှာ သေချာသည်။
ကိုယ်တိုင်ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ ဂိလဒ်သင်တန်းပို့ချသူတစ်ဦးအဖြစ် အမှုထမ်းနေသော ဝေါလ်လေးစ် လစ်ဗာရန်စ်သည် အဖွင့်အခန်းဆက်ဟောပြောချက်မှ နောက်ဆုံးဟောပြောချက်ကို တင်ဆက်ခဲ့သည်။ သူ့ဟောပြောချက်၏ အဓိကအကြောင်းမှာ “အာရုံစုစည်းထားလော့၊ ဘုရားသခင့်လုပ်ငန်းတော်၌ အာရုံစိုက်နေလော့” ဖြစ်သည်။ ပရောဖက်ဒံယေလသည် ဗာဗုလုန်ကျဆုံးခြင်းနှင့် ယေရမိ၏တင်ကြိုဟောကြားချက်တို့ကြောင့် ဣသရေလလူတို့ ကျွန်ဘဝမှလွတ်မြောက်ခြင်းမှာ နီးနေပြီဖြစ်ကြောင်းကို သိမြင်ခဲ့သည်ဟု သူကဖော်ပြခဲ့သည်။ (ယေရမိ ၂၅:၁၁; ဒံယေလ ၉:၂) ဒံယေလသည် ယေဟောဝါ၏အချိန်ဇယားကို သိရှိခဲ့ရာ ယင်းက ဘုရားသခင့် ရည်ရွယ်ချက် ပီပြင်ထင်ရှားလာမှုကို ဆက်အာရုံစိုက်ရန် အကူအညီဖြစ်ခဲ့သည်။ တစ်ဖက်တွင် ပရောဖက်ဟဂ္ဂဲလက်ထက်ရှိ ဣသရေလလူမျိုးများကမူ ဤသို့ဆိုခဲ့ကြသည်– “အချိန်မရောက်သေး။” (ဟဂ္ဂဲ ၁:၂) သူတို့သည် အဘယ်အချိန်ကာလတွင် အသက်ရှင်နေကြသည်ကို မျက်ခြည်ပြတ်သွားရာ ချမ်းသာကြွယ်ဝရေးနှင့် လိုဘပြည့်ရေးတို့ကို အဓိကထားလာကြပြီး ဗာဗုလုန်မှကယ်လွှတ်ခံရချိန်တွင် လုပ်ဆောင်ရမည့်အလုပ်ဖြစ်သော ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ရေးကို ပစ်ထားကြလေသည်။ ညီအစ်ကိုလစ်ဗာရန်စ်က ဤသို့နိဂုံးချုပ်ခဲ့သည်– “ဒါကြောင့် ယေဟောဝါရဲ့ရည်ရွယ်ချက်ကို စိတ်ထဲမှာတစ်ချိန်လုံးစွဲမှတ်ထားပြီး ဆက်အာရုံစုစည်းထားကြပါ။”
ဂိလဒ်သင်တန်းပို့ချသူ လောရဲန့်စ် ဘိုဝင်န်က “အသက်ရှင်သောနှုတ်မြွက်တော်ကို အသုံးပြုသူတို့အား ယေဟောဝါကောင်းချီးပေး” အဓိကအကြောင်းမှ အပိုင်းတစ်ပိုင်း၏ သဘာပတိအဖြစ် တာဝန်ယူပေးခဲ့သည်။ (ဟေဗြဲ ၄:၁၂) ဤအပိုင်းသည် ဟောပြောသွန်သင်သောအခါ သမ္မာကျမ်းစာအသုံးပြုသူတို့အား ယေဟောဝါကောင်းချီးပေးပုံကို ပေါ်လွင်စေသည့် သင်တန်းသားများ၏ လယ်ကွင်းအတွေ့အကြုံများနှင့် ပတ်သက်သည်။ ယေရှုခရစ်သည် ဘုရားသခင့်အမှုဆောင်အားလုံးအတွက် ပုံသက်သေကောင်းချမှတ်ခဲ့ကြောင်း သဘာပတိဖြစ်သူက ဤသို့ဖော်ပြခဲ့သည်– ‘ယေရှုဟာ မိမိအလိုအလျောက် သွန်သင်တာမဟုတ်ဘဲ ဘုရားသခင့်နှုတ်မြွတ်တော်ကို ဟောပြောနေတာဖြစ်တယ်လို့ မှန်ကန်စွာ ပြောနိုင်ခဲ့ပါတယ်။’ စိတ်နှလုံးရိုးဖြောင့်သူများသည် အမှန်တရားကို အသိအမှတ်ပြုကြပြီး အပြုသဘောတုံ့ပြန်ခဲ့ကြသည်။ (ယောဟန် ၇:၁၆၊ ၁၇) ယနေ့လည်း အလားတူဖြစ်ပါသည်။
ဂိလဒ်သင်တန်းသည် ကောင်းသောအလုပ်တိုင်းအတွက် အသင့်ပြင်ဆင်ပေး
ထို့နောက် နှစ်ကြာဗေသလမိသားစုဝင်များဖြစ်ကြသော ရစ်ချာ့ဒ် အေဘရာဟမ်ဆန်နှင့် ပက်ထရစ် လာဖရင့်ကာတို့က အထူးအချိန်ပြည့်လုပ်ငန်း အသွင်အမျိုးမျိုးတွင် ယခုအမှုဆောင်နေကြသော ဂိလဒ်ကျောင်းဆင်း ခြောက်ဦးကို လူတွေ့မေးမြန်းခဲ့ကြသည်။ ထိုသူခြောက်ဦးတို့ လက်ရှိမည်သည့်တာဝန်ကိုပင် ရထားပါစေ နှစ်များကြာပြီးသည့်ယခုအချိန်အထိ သမ္မာကျမ်းစာ၊ သုတေသနစီမံချက်များ၊ လူတို့နှင့်အသင့်အတင့်နေခြင်းတို့နှင့်စပ်လျဉ်း၍ ဂိလဒ်ကျောင်းမှရရှိခဲ့ကြသော လေ့ကျင့်မှုကိုဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း ကြားနာရသည့်အတွက် ၁၁၂ ကြိမ်မြောက်ကျောင်းဆင်းများ အားတက်ခဲ့ကြသည်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သီအိုဒေါရ် ဂျဲရက်စ်သည် အစီအစဉ်၏အဓိကဟောပြောချက်ဖြစ်သည့် “စာတန့်မုန်းတီးမှုကိုခံရပ်ခြင်းဖြင့် ပြီးမြောက်သောအရာ” အကြောင်းကို ဟောပြောခဲ့သည်။ လွန်ခဲ့သောငါးလအတွင်း သင်တန်းသားများသည် မေတ္တာပြည့်ဝသော၊ သီအိုကရက်တစ်ကျသော ဝန်းကျင်အခြေအနေတွင် အတူတကွနေထိုင်ခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့၏သင်တန်းလေ့လာမှုတွင် ဖော်ပြထားသကဲ့သို့ ရန်သူ့လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ ယေဟောဝါ၏လူတို့သည် လောက၏တိုက်ခိုက်မှုခံနေကြရသည်။ (မဿဲ ၂၄:၉) သမ္မာကျမ်းစာမှတ်တမ်းအတော်များများကိုအသုံးပြုကာ ညီအစ်ကိုဂျဲရက်စ်က ‘ကျွန်တော်တို့ဟာ [စာတန်] ရဲ့အထူးပစ်မှတ်ဖြစ်နေပါတယ်။ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ခိုင်ခံ့စေပြီး စမ်းသပ်မှုတွေကို ရင်ဆိုင်ဖို့ အားမွေးထားရမယ်’ ဟုထောက်ပြခဲ့သည်။ (ယောဘ ၁:၈; ဒံယေလ ၆:၄; ယောဟန် ၁၅:၂၀; ဗျာဒိတ် ၁၂:၁၂၊ ၁၇) ညီအစ်ကိုဂျဲရက်စ်က ဘုရားသခင့်လူမျိုးကို မုန်းတီးမှုဆက်ရှိနေလင့်ကစား ‘ဟေရှာယ ၅၄:၁၇ မှာဖော်ပြထားသလို ကျွန်တော်တို့ရဲ့တစ်ဖက်မှာလုပ်တဲ့ ဘယ်လက်နက်မှ အထမြောက်မှာမဟုတ်ဘူး။ ယေဟောဝါကိုယ်တိုင်ကြီးကြပ်ပြီးတော့ ကျွန်တော်တို့ကို ကိုယ်တော်ရဲ့အချိန်နဲ့ နည်းလမ်းအတိုင်း ကယ်တင်ပေးပါလိမ့်မယ်’ ဟုနိဂုံးချုပ်ခဲ့သည်။
‘အပြည့်အဝအသင့်ပြင်ပေးထားခံရသော’ ၁၁၂ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းများသည် သူတို့အမှုဆောင်ကြမည့် ဒေသများတွင် ဝိညာဉ်အစာငတ်မွတ်ဘေးမှကယ်ဆယ်ရန် များစွာလုပ်ဆောင်နိုင်မည်မှာ သေချာသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ယင်းဒေသများရှိလူတို့ထံ အားရှိစေသောသတင်းတရားကို အိမ်တိုင်ရာရောက် ပို့ပေးပုံမှတ်တမ်းကို ကြားရဖို့ ကျွန်ုပ်တို့စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပါသည်။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြုနိုင်ငံအရေအတွက်– ၆
တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၁၉
ကျောင်းသား/သူအရေအတွက်– ၄၈
ပျမ်းမျှအသက်– ၃၃.၂
ပျမ်းမျှအမှန်တရားသက်တမ်း– ၁၅.၇
ပျမ်းမျှအချိန်ပြည့်အမှုဆောင် သက်တမ်း– ၁၂.၂
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်ကျောင်း၏ ၁၁၂ ကြိမ်မြောက် ဂိလဒ်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။
(1) Parotte, M.; Hooker, E.; Anaya, R.; Reynolds, J.; Gesualdi, K.; Gonzalez, J. (2) Robinson, C.; Phillips, B.; Maidment, K.; Moore, I.; Noakes, J.; Barnett, S. (3) Stires, T.; Palmer, B.; Yang, C.; Groothuis, S.; Groppe, T.; Bach, C. (4) Anaya, R.; Soukoreff, E.; Stewart, K.; Simozrag, N.; Simottel, C.; Bach, E. (5) Stewart, R.; Yang, H.; Gilfeather, A.; Harris, R.; Barnett, D.; Parotte, S. (6) Maidment, A.; Moore, J.; Groothuis, C.; Gilfeather, C.; Noakes, S.; Stires, T. (7) Gesualdi, D.; Groppe, T.; Soukoreff, B.; Palmer, G.; Phillips, N.; Simottel, J. (8) Harris, S.; Hooker, P.; Gonzalez, J.; Simozrag, D.; Reynolds, D.; Robinson, M.