စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
တစ်ဦးတစ်ယောက်က ကိုယ့်ကိုယ်ကိုသတ်သေလျှင် ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးသည် အသုဘဟောပြောချက်ပေးဖို့ သင့်လျော်ပါမည်လော။
ကိုယ့်ကိုယ်ကိုသတ်သေပုံရသော သူတစ်ဦး၏အသုဘကို ကြည်လင်သောသိစိတ်ဖြင့် ဦးဆောင်ပေးနိုင်၊ မပေးနိုင်ကြောင်း ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးစီအနေနှင့် ဆုံးဖြတ်ရပေမည်။ ဆုံးဖြတ်ချက်ချရာတွင် အောက်ပါမေးခွန်းများကို သူထည့်သွင်းသုံးသပ်အပ်သည်– ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ယေဟောဝါမည်သို့ ရှုမြင်သနည်း။ သေလွန်သူသည် အမှန်ပင် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့သလော။ စိတ်ရောဂါ သို့မဟုတ် စိတ်ဝေဒနာတစ်မျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကိုသတ်သေခဲ့ခြင်းလော။ ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ရပ်ကွက်က မည်သို့ရှုမြင်သနည်း။
ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုသတ်သေခြင်းအပေါ် ယေဟောဝါ၏ရှုမြင်ချက်ကို သိလိုကြသည်။ လူ့အသက်သည် ယေဟောဝါအတွက် တန်ဖိုးရှိပြီး မြင့်မြတ်၏။ (ကမ္ဘာဦး ၉:၅; ဆာလံ ၃၆:၉) တမင်ကြံစည်၍ မိမိကိုယ်ကိုသေစေခြင်းသည် ကိုယ့်ကိုယ်ကိုသတ်သေခြင်းဖြစ်ရာ ဘုရားသခင့်ရှေ့မှောက်တွင် မနှစ်မြို့ဖွယ်ရာဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၁၃; ၁ ယောဟန် ၃:၁၅) ယင်းကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသူအတွက် အသုဘဟောပြောချက်ပေးခြင်းကို တားမြစ်ပါသလော။
ဣသရေလရှင်ဘုရင်ရှောလု၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူသည် ဖိလိတ္တိလူတို့နှင့် သူ၏နောက်ဆုံးတိုက်ပွဲတွင် စစ်ရှုံးရတော့မည်ကိုသိသောအခါ ရန်သူ့လက်ထဲတွင် ရက်ရက်စက်စက်အသတ်ခံမည့်အစား “ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင် ဓားဖျားပေါ်မှာလှဲ၍သေ၏။” ဖိလိတ္တိလူတို့သည် သူ၏အလောင်းကိုတွေ့သောအခါ ဗက်ရှန်မြို့ရိုး၌ ထိုအလောင်းကို ချိတ်ဆွဲထားကြသည်။ ဖိလိတ္တိလူတို့ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများမြင်လျှင် အလောင်းကောင်ကိုယူပြီး မီးရှို့လိုက်ကြသည်။ ထို့နောက် ရှောလု၏အရိုးများကိုယူ၍ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြ၏။ ဣသရေလလူမျိုးတွင် ထုံးစံရှိသည့်အတိုင်း သူတို့သည် ခုနစ်ရက်ပတ်လုံး ငိုကြွေးမြည်တမ်း၍ အစာရှောင်ကြသည်။ (၁ ဓမ္မရာဇဝင် ၃၁:၄၊ ၈-၁၃; ကမ္ဘာဦး ၅၀:၁၀) ဂိလဒ်ပြည် ယာဗက်မြို့သားများ၏အပြုအမူကို ယေဟောဝါ၏ဘိသိက်ခံ ဒါဝိဒ်သိသောအခါ သူက “သင်တို့သည် သင်တို့အရှင်ရှောလု၌ [သနားကြင်နာ]ကျေးဇူးပြု၍ အလောင်းတော်ကို သင်္ဂြိုဟ်သောကြောင့် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရကြပါစေသော။ ထာဝရဘုရားသည် သင်တို့၌ [သနားကြင်နာ]ကျေးဇူး၊ သစ္စာကျေးဇူး ပြုတော်မူပါစေသော” ဟုမိန့်ဆိုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၂:၅၊ ၆) ဘုရင်ရှောလု၏ အသုဘအခမ်းအနား ပြုလုပ်ပေးသည့်အတွက် ဂိလဒ်ပြည် ယာဗက်မြို့သားများကို ပြစ်တင်ဝေဖန်ခဲ့သည်ဟု သမ္မာကျမ်းစာက မဖော်ပြချေ။ အပြစ်ပြုခြင်းကြောင့် သင်္ဂြိုဟ်မခံရသူများ၏ အဖြစ်အပျက်နှင့် ၎င်းကို နှိုင်းယှဉ်ကြည့်ပါ။ (ယေရမိ ၂၅:၃၂၊ ၃၃) ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးသည် ကိုယ့်ကိုယ်ကိုသတ်သေသူအတွက် အသုဘဟောပြောချက်ပေးနိုင်၊ မပေးနိုင် ဆုံးဖြတ်ရာတွင် ရှောလုနှင့်ပတ်သက်သည့်မှတ်တမ်းကို ဆင်ခြင်သုံးသပ်နိုင်ပေသည်။
ထိုအမှုဆောင်သည် အသုဘဟောပြောချက်၏ ရည်ရွယ်ချက်ကိုလည်း ထည့်စဉ်းစားလိုပေမည်။ စိုးလ်မသေနိုင်ဟု ယုံကြည်သူများနှင့်မတူဘဲ ယေဟောဝါသက်သေများသည် သေလွန်သူကို တခြားကမ္ဘာသို့ပို့ဆောင်သည့် အယူအဆမှားမျိုးဖြင့် အသုဘအခမ်းအနားများ လုပ်ဆောင်ပေးကြသည်မဟုတ်ချေ။ သေလွန်သူအတွက် ဟောပြောချက်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ သေလွန်သူကို အကျိုးပြုဖို့မဟုတ်ဘဲ ကျန်ရစ်သူများကို နှစ်သိမ့်ပေးရန်နှင့် တက်ရောက်လာသူများကို သေလွန်သူ၏အခြေအနေအကြောင်း သက်သေခံရန်ဖြစ်သည်။ (ဒေ. ၉:၅၊ ၁၀; ၂ ကောရိန္သု ၁:၃-၅) အသုဘဟောပြောချက်ပေးရခြင်း၏ အရေးကြီးသည့် နောက်ထပ်အကြောင်းတစ်ခုမှာ တက်ရောက်သူအားလုံးအား ခေတ္တခဏသာ အသက်ရှင်ရကြောင်းကို ဆင်ခြင်သုံးသပ်စေဖို့ဖြစ်၏။ (ဒေ. ၇:၂) ကိုယ့်ကိုယ်ကိုသတ်သေသူအတွက် အသုဘဟောပြောချက်ပေးခြင်းဖြင့် အဆိုပါရည်ရွယ်ချက်များ အထမြောက်မည်လော။
ထိုသူသည် ယေဟောဝါအားပြစ်မှားနေကြောင်း ကောင်းစွာသိလျက်နှင့် ကိုယ့်ကိုယ်ကိုတမင်တကာသတ်သေသည်ဟု အချို့ကရှုမြင်ကြပေမည်။ သို့သော် ဤရှုမြင်ချက် ဟုတ်မှန်ကြောင်း အထောက်အထားအခိုင်အလုံရှိသလော။ စိတ်ကူးပေါက်ရာလုပ်ဆောင်မိခဲ့ခြင်း ဖြစ်နိုင်မည်လော။ ကိုယ့်ကိုယ်ကိုသတ်သေရန် ကြိုးစားခဲ့သူအချို့သည် စိတ်ပြောင်းလဲပြီး ယင်းကိုမလုပ်ဆောင်တော့ပေ။ လူတစ်ဦးသည် သေပြီးနောက်မှ နောင်တမယူနိုင်ပါ။
အရေးကြီးသည့် နောက်အချက်တစ်ချက်မှာ ကိုယ့်ကိုယ်ကိုသတ်သေသူအများစုတွင် စိတ်ရောဂါ၊ စိတ်ဝေဒနာတို့နှင့် ပါဝင်ပတ်သက်နေ၏။ ဤသူတို့ကို အမှန်
အားဖြင့် ကိုယ့်ကိုယ်ကိုသတ်သေသူများဟု ခေါ်နိုင်သည်။ အချို့သောစာရင်းဇယားများအရ ကိုယ့်ကိုယ်ကိုသတ်သေသူ ၉၀ ရာခိုင်နှုန်းတွင် စိတ်ရောဂါတစ်မျိုးမျိုး သို့မဟုတ် ဆေးစွဲသည့်ပြဿနာတစ်ခုခုရှိသည်ဟုဆို၏။ ဤသို့သောစိတ်ပိုင်းအခြေအနေကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသူများကို ယေဟောဝါခွင့်လွှတ်ပါမည်လော။ သေလွန်သူသည် ယေဟောဝါရှေ့မှောက်တော်တွင် ခွင့်မလွှတ်နိုင်သော အပြစ်တစ်ခု ကျူးလွန်သည်၊ မကျူးလွန်သည်ဟု ကျွန်ုပ်တို့ စီရင်ပိုင်ခွင့်မရှိကြချေ။ ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးသည် ကိုယ့်ကိုယ်ကိုသတ်သေသူအတွက် အသုဘအခမ်းအနားပြုလုပ်ပေးသင့်၊ မပေးသင့်ကို စဉ်းစားသုံးသပ်သည့်အခါ သေလွန်သူ၏အခြေအနေနှင့် ဆေးရာဇဝင်တို့ကိုလည်း ထည့်စဉ်းစားသုံးသပ်ပေးလိုမည်။စဉ်းစားသုံးသပ်စရာ နောက်ထပ်တစ်ခုရှိသေးသည်– ရပ်ကွက်က ကိုယ့်ကိုယ်ကိုသတ်သေမှုနှင့် သေဆုံးသူအပေါ် မည်သို့ရှုမြင်ကြသနည်း။ ယင်းကိစ္စသည် ယေဟောဝါသက်သေများ၏ဒေသခံအသင်းတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုကြသော အကြီးအကဲများနှင့် အထူးသက်ဆိုင်သည်။ ဒေသတစ်ခုက ကိုယ့်ကိုယ်ကိုသတ်သေခြင်းအပေါ်၊ အထူးသဖြင့် ဖြစ်ပျက်ခဲ့သော ဤသတ်သေမှုနှင့်ပတ်သက်၍ အမြင်သဘောထား မည်သို့ရှိသည်ကိုထောက်ထားကာ အကြီးအကဲများသည် ထိုအသုဘကို လူသိရှင်ကြား ကမကထပြုခြင်း၊ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အသုဘဟောပြောချက်ပေးခြင်းကို ပြုလိုမည်မဟုတ်ပေ။
သို့တိုင် ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးအား အသုဘအစီအစဉ်ပြုလုပ်ခိုင်းလျှင် သူသည် ပုဂ္ဂိုလ်ရေးသဘောအရ ပြုလုပ်ပေးနိုင်၏ဟု ယူမှတ်ပေမည်။ ထိုသို့ပြုလုပ်ပေးရန် သူဆုံးဖြတ်မည်ဆိုပါက ရှင်ပြန်ထမြောက်လာနိုင်မည်၊ မထမြောက်လာနိုင်မည်ကို အခိုင်အမာပြောဆိုခြင်းမရှိစေရန် သတိပြုသင့်သည်။ သေလွန်သူ၏အနာဂတ်အလားအလာသည် ယေဟောဝါ၏လက်တော်တွင်ရှိ၍ သေလွန်သူသည် ထမြောက်လာမည်၊ မထမြောက်လာမည်ကို မည်သူမျှပြောပိုင်ခွင့်မရှိချေ။ ဟောပြောသူသည် သေခြင်းနှင့်ပတ်သက်သည့် ကျမ်းစာအမှန်တရားကို အာရုံစိုက်ဟောပြောပြီး ကျန်ရစ်သူများအား နှစ်သိမ့်ပေးလိုပေမည်။